ရေမွန်က သူဟာ ဇီဝကမ္မသင်ခန်းစာကို သင်ယူခဲ့ရုံသာမက စိတ်ပါလက်ပါနှင့် ကြိုးကြိုးစားစား သင်ယူခဲ့ပြီး အဆင့် တွေလည်း ကောင်းခဲ့သည် ဆိုသည်အား တကယ်တမ်းမှာ ပြောချင်ခဲ့သည်။
ဒါပေမဲ့ အခုတော့ ဘာမှရှင်းပြလို့ မရတော့ပါဘူး။
ကျင်းဝူရဲ့ ပျက်သွားတဲ့ကိုယ်ဝန် ဟာ တကယ်တော့ သူပဲ ….. ဆိုသည်အား သိသွားမည် ထက်စာလျှင် လူတွေကို သူဟာ ဇီဝကမ္မဗေဒကို လုံးဝမသင်ဖူးပေ ဟု ထင်နေသည်က ပိုကောင်းပါသည်။ ထိုအရာက ပိုပြီး လက်ခံရ လွယ်ကူသည်။
ဒါကြောင့် ရေမွန်က ဘာမှဆက်မပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။
နရှီဇါဝါက ရင်ဘတ်ကို နှစ်ချက်လောက် ပွတ်လိုက်ပြီး "မာရှယ်ရေမွန်၊ ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်တော် ထပ်ပြီးသတိပေးချင်တာက ဒီနေ့ကစပြီး သုံးလအတွင်း မင်းရဲ့လက်တွဲဖော်ကို ထိတွေ့လို့ မရဘူးဆိုတာပါပဲ။ သားရဲမျိုးစိတ်တွေ ကိုယ်ဝန်ဆောင်တာက ပထမအကြိမ်မှာ အရမ်းခက်ခဲ ကြတယ်။ ဒါကြောင့် သူ နေပြန်ကောင်းလာတဲ့အထိ စောင့်ရပါလိမ့်မယ်" ဟု ပြောလိုက်လေသည်။
ရေမွန် : "…..."
နရှီဇါဝါကလည်း အများကြီး မပြောနိုင်ပါပေ။ ရေမွန်၏ ရာထူးဂုဏ်ဒြပ်ကလည်း ရှိနေသာ့်အတွက် သာမန် စစ်ဘက်ဆရာဝန်တစ်ယောက်က သွားပြီး ဆုံးမလို့ မရချေ။ ဤမျှလောက်နှင့်သာ ရပ်လိုက်တာ ကောင်းမည်။
ရေမွန် ခေါင်းကို ငုံ့ထားပြီး စကားတစ်ခွန်းမှ မဆိုတော့ဘဲ မျက်နှာတင်းမာစွာဖြင့် ထိုင်နေသောပုံစံကို ကြည့်ရင်း နရှီဇါဝါက ရေမွန် သူ့ကိုယ်သူ တိတ်တဆိတ် အပြစ်တင်နေသည်ဟု ထင်သွားသည်။
နရှီဇါဝါလည်း စိတ်ကို အနည်းငယ်လျှော့ချလိုက်ပြီး သူ၏ ပုံမှန်အေးဆေးတည်ငြိမ်သော အသံဖြင့် "ကျင်းဝူက အသက် အရမ်းကြီးတဲ့ပုံမပေါ်ဘူး။ အခုမှ အရွယ်ရောက်တာလား" ဟု မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ရေမွန် စိတ်လှုပ်ရှားသွားသည်။ သက်တူရွယ်တူ Orc များနှင့် ယှဉ်လျှင် မျိုးစိတ်ခွဲများက ပိုပြီး နုနယ်သော်လည်း ကျင်းဝူ၏ မျက်နှာလေးမှာဖြင့် ပို၍ပင်ငယ်ရွယ်ပုံ ပေါက်နေသည်။
တကယ်ပဲ အရွယ်မရောက်သေးတာတော့ မဟုတ်လောက်ပါဘူးနော်။
ရေမွန်က ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ သူ အခုမှ အရွယ်ရောက်တာ" ဟု အသံနှိမ့်ပြီး ပြောလိုက်သည်။
နရှီဇါဝါ စိတ်သက်သာရာ ရသွားသည်။ အခြေအနေက သိပ်မဆိုးပါဘူး။
အင်ပါယာမှာ အသက် ၃၀ ဆို အရွယ်ရောက်ပြီ ဟုသတ်မှတ်ရသည်။ ကျင်းဝူ၏ ပုံစံလေးမှာ အသက် ၂၄ နှစ်၊ ၂၅ နှစ်လောက်သာ ရှိသေးသည့် ပုံစံလေး ဖြစ်နေသည်။
တော်သေးတာပေါ့။ ကျင်းဝူက အရွယ်ရောက်ပြီးသား ဖြစ်နေလို့။ မဟုတ်ရင် မာရှယ်ရေမွန်က အရမ်းကို လူမဆန်တဲ့ သားရဲကောင်ကြီး ဖြစ်သွားလိမ့်မယ်။
နရှီဇါဝါက "အခုမှ အရွယ်ရောက်တာကိုး။ ဒါကြောင့် သူ့ရဲ့ အပြုအမူတွေက ချစ်စရာကောင်းပြီး ရိုးရှင်းနေတာပေါ့။ အခန်းထဲမှာ ကျွန်တော် မေးတော့လည်း သူ ဘာမှ ပြန်မပြောဘူး" ဟုပြောလိုက်သည်။
ရေမွန် : "..."
နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော ကျင်းဝူသည် မတုံးအပါပေ။ ထိုလူအုပ်စုတစ်စုလုံးကို လှည့်စားနိုင်သည်အထိ လိမ္မာပါးနပ် လေသည်။
နရှီဇါဝါက ဆက်ပြောလိုက်သည်။ "သူ ဘာမှ မပြောပေမယ့် ကျွန်တော်သိတယ်။ သူ အရမ်းကို မသက်မသာ ဖြစ်နေမှာ။ ဒါပေမယ့် သူက ကျွန်တော့်ကို ပြန်ပြီးတောင် အားပေးနေသေးတယ်။ တကယ့်ကို စိတ်ထိခိုက်စရာပဲ"
ရေမွန် : "..."
နရှီဇါဝါက သက်ပြင်းချလိုက်ပြီး လေးနက်သောလေသံဖြင့် "မာရှယ်၊ မျိုးစိတ်ခွဲတွေက အရမ်းကို ပျက်စီးလွယ်ပါတယ်။ သူတို့ရဲ့ ရုပ်ခန္ဓာတင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အရလည်း အားနည်းကြတယ်။ အထူးသဖြင့် ကလေးမွေးထားတဲ့သူတွေပေါ့။ အချိန်ရရင် ခင်ဗျားရဲ့လက်တွဲဖော်ကို အဖော်ပြုပေးလိုက်ပါ။ သူ့ကို အားလဲ ပေးလိုက်ပါ။ ခင်ဗျားက သူ့အနားမှာ အဖော်ပြု နေပေးတာက သူ့အတွက် အကြီးမားဆုံး စိတ်ဓာတ်ခွန်အားပါပဲ" ဟု ပြောလိုက်လေသည်။
နရှီဇါဝါကလည်း မျိုးစိတ်ခွဲဖြစ်သည့်အပြင် ဆရာဝန်တစ်ယောက်လဲဖြစ်သည့်အတွက် သာမန်သားရဲများထက် မျိုးစိတ်ခွဲ များအကြောင်းကို ပိုမိုနားလည်ပါသည်။
ရေမွန် : "..."
ရေမွန့်အနေဖြင့် ခေါင်းညိတ်ပြရန်မှလွဲ၍ သူ့တွင် ဘာမှ ပြောစရာမရှိတော့ပါချေ။
ရေမွန် အစည်းအဝေးခန်းထဲက ထွက်လာချိန်တွင် ကျင်းဝူ၏ ပိန်ပါးလှသော ခန္ဓာကိုယ်လေးကို သတိရသွားပြီး မီးဖိုချောင်ထဲသို့ တန်းဝင်သွားသည်။
မီးဖိုချောင်ထဲတွင် စက်ရုပ်များ ချက်ပြုတ်ထားသည့် အစားအစာများ ရှိသော်လည်း သူတို့ ယာယီနေထိုင်သည့် ဤနေရာရှိ စက်ရုပ်များကလည်း ယာယီတပ်ဆင်ထားသော ရိုးရိုးမြင်တွေ့နေကျ သာမန် စက်ရုပ်များသာဖြစ်သည်။
ထိုစက်ရုပ်များတွင် ပါရှိသည့် ချက်ပြုတ်နည်းများကလည်း အခြေခံ ချက်ပြုတ်နည်းများသာဖြစ်ပြီး ရိုးရိုးရှင်းရှင်းသာ ချက်ပြုတ်နိုင်ကြသည်။ ဟင်းသီးဟင်းရွက်များနှင့် အရသာမှုန့်များကို အိုးထဲကို ထည့်၊ ရေထည့်ပြီး တည်ထားလိုက်တာပဲ ဖြစ်ကာ ဟင်းများ၏ အရသာကလည်း တစ်ပုံစံတည်း တူညီနေတတ်သည်။
ရေမွန်က သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ဟင်းသီးဟင်းရွက်များကို လျင်မြန်စွာ လှီးဖြတ်၊ ပြင်ဆင်ပြီး အိုးထဲ ထည့်လိုက်သည်။
ကော်ရေးက ရေမွန် ချက်ပြုတ်နေသည့် အနံ့ရ၍ တံခါးဝမှာ လှည့်ပတ်နေပြီး နောက်ဆုံး၌ မနေနိုင်တော့ဘဲ အထဲကို ဝင်လာပြီး "မာရှယ်၊ ဒီနေ့ အထူးဟင်းလျာ ချက်နေတာလား" ဟု မေးလိုက်လေသည်။
သူတို့က တစ်နှစ်ပတ်လုံး စစ်စခန်းများမှာသာ နေထိုင်ရပြီး အစားအသောက်များကလည်း စက်ရုပ်များ ချက်ပြုတ်ထားသည့် ဟင်းများသာဖြစ်သည်။
ကော်ရေးက မာရှယ်ရေမွန်၏နောက်သို့ လိုက်ခဲ့ပြီး မာရှယ်၏ညာလက်ရုံး ဖြစ်လာကတည်းက "မိထွေးရဲ့ သားအရင်း” ကဲ့သို့ ဘဝကို ကောင်းမွန်စွာနေထိုင်ခဲ့ရပြီး မာရှယ်နှင့်အတူ အထူးဟင်းလျာများကို မကြာမကြာ စားသောက်ခွင့် ရခဲ့သည်။
ရေမွန်က သူ့ကို မျက်လုံးပင် လှန်မကြည့်ဘဲ ဟင်းပွဲတွင်သာ အာရုံစိုက်ကာ ချက်ပြုတ်နေပြီး “ မဟုတ်ဘူး " ဟုသာ ပြောလိုက်သည်။
ကော်ရေးက "ဒါဆို ဘာလုပ်နေတာလဲ" ဟု မေးလိုက်ပြန်သည်။
ရေမွန်က ဘာမှ ပြန်မဖြေဘဲ ကြော်ထားသည့် ဟင်းများကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။
နရှီဇါဝါက ဘယ်ကနေ ပေါ်လာမှန်းမသိဘဲ ကော်ရေး၏ အင်္ကျီလက်ကို ဆွဲကာ ကော်ရေးကို မီးဖိုချောင်ထဲမှ အမြန်ဆွဲထုတ် သွားလိုက်သည်။
"ဘာလို့ ငါ့ကို ဆွဲနေတာလဲ" ဟု ကော်ရေးက မကျေမနပ်နှင့် ပြောလာ၏။
သူသည် နှစ်လကျော်ကျော်လောက် မာရှယ်ကို လိုက်လံ ရှာဖွေခဲ့ရသည်။ နေရာအနှံ့မှာ မာရှယ်ကို ရှာဖွေရင်း သူ ကောင်းကောင်းမွန်မွန် ထမင်းတစ်နပ်တောင် မစားခဲ့ရတာ ကြာလှပြီ ဖြစ်သည်။ အာဟာရဖြည့် အစားအစာများနှင့် အသင့်စား အစားအစာများကလွဲလို့ ဘာမှ မစားခဲ့ရချေ။ ငှက်ဥများကိုတောင် သူ့ပါးစပ်က စားနိုင်နေပြီဖြစ်သည်။
နရှီဇါဝါက တိုးတိုးလေး "မာရှယ်က သူ့ရဲ့လက်တွဲဖော်အတွက် ချက်ပြုတ်နေတာ ဖြစ်မယ်" ဟုပြောလိုက်သည်။
"မာရှယ်ရဲ့ဇနီးဆီက အစားအစာတွေကို လုယူချင်လို့လား"
စကားပြောနေတုန်းမှာပင် ရေမွန်လည်း ပန်းကန်နှစ်ချပ်ကိုင်ပြီး မီးဖိုခန်းထဲမှ ထွက်လာသည်။
ရေမွန်သည် သူ၏ပုံမှန်အမူအရာဖြစ်သော ဘာခံစားချက်မှမရှိသည့် မျက်နှာသေဖြင့် နရှီဇါဝါ နှင့် ကော်ရေး တို့ကို တစ်ချက်ကြည့်ပြီး ကျင်းဝူရှိရာ အခန်းဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။
နရှီဇါဝါက မာရှယ်ရေမွန်၏ကျောပြင်ကိုကြည့်ပြီး အနည်းငယ်ကျေနပ်သွားသည်။
မိမိ၏အမှားကို သိလျှင် ပြင်ဆင်နိုင်ရမည်။ မာရှယ်က ကျင်းဝူကို သူ့အမှားအတွက် ပြန်ပြီး ဂရုစိုက်သင့်သည်။
ကော်ရေးက မာရှယ်နှင့်ဟင်းပွဲများ သူတို့နှင့် ဝေးသထက် ဝေးသွားတာကို ကြည့်နေမိပြီး နားနားကပ် ပြောနေသော နရှီဇါဝါ၏စကားကို ကြားလိုက်ရသည်။ “မာရှယ်ရဲ့လက်တွဲဖော်က ကိုယ်ဝန်ပျက်ကျသွားပြီ။ မာရှယ်က သူ့ကို ဂရုစိုက်ပေးသင့်တယ်။”
"ဘာ!"
ကော်ရေး ခေါင်းကို ရုတ်တရက် လှည့်ကာ နရှီဇါဝါ ကြည့်လိုက်သည်။ သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေသည်။
ချက်ချင်းဆိုသလိုပင် ကျင်းဝူနှင့်မာရှယ်တို့၏အိပ်ခန်းထဲရှိ ကျိုးကျေနေသောစကျင်ကျောက်စားပွဲခုံကို သူသတိရသွားသည်။
သူအမြဲတမ်းလေးစားခဲ့ရတဲ့ မာရှယ်က ဒီလို မဆင်မခြင်လုပ်တတ်တဲ့သူတစ်ယောက် ဖြစ်နေခဲ့တာလား... သူ့ချစ်သူကို လွမ်းနေရင်တောင် ဒီလောက်ထိတော့ မကြမ်းတမ်းသင့်ဘူးလေ!
ကြင်နာသနားတတ်ပြီး စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှု လိုအပ်နေသော ကျင်းဝူလေးသည် အခန်းထဲ၌ အဝတ်အစားများကို စမ်းဝတ်နေခဲ့သည်။
ဤကမ္ဘာကြီးရှိ အဝတ်အစားပုံစံများသည် ဟိုဘက်ကမ္ဘာပေါ်ရှိပုံစံများနှင့် ဆင်တူသည်။ နရှီဇါဝါ၏ ရွေးချယ်မှုက ကောင်းမွန်ပြီး သူဝယ်လာသော အဝတ်အစားများသည် ကျင်းဝူ၏အသွင်အပြင်နှင့် အလွန်ပင် လိုက်ဖက်ညီထွေမှု ရှိသည်။
သူသည် အဖြူရောင်ဝတ်စုံတစ်စုံကို ရွေးချယ် လိုက်သည်။ ဤဝတ်စုံသည် ချည်သားဖြင့် ပြုလုပ်ထားပြီး အပြင်အဆင်သည် အလွန်သေသပ် လှပသည်။ သူ့အတွက် အထူး ပြုလုပ်ထားသကဲ့သို့ပင်။
သူ ထိုဝတ်စုံကို ဝတ်ဆင်လိုက်သောအခါ သူ့ပုံစံသည် တည်ကြည်ခန့်ညားပြီး ရုပ်ရည်သွင်ပြင်ကိုလည်း ပြောင်းလဲ သွားစေသည်။
ကျင်းဝူသည် မှန်ထဲရှိ မိမိကိုယ်ကို ကြည့်ပြီး ကျေနပ်စွာဖြင့် ချီးကျူးလိုက်မိသည်။
တံခါးဖွင့်သံကြားသောအခါ ကျင်းဝူသည် တံခါးဝကို လှည့်ကြည့်လိုက်သည်။
ရေမွန်သည် လင်ဗန်းတစ်ချပ်ကို သယ်ပြီး ဝင်လာသည်။ သူ့မျက်လုံးများက မှန်ရှေ့တွင်ရပ်နေသော ကျင်းဝူထံသို့ ရောက်သွား၏။
ကျင်းဝူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ကျစ်ကျစ်လစ်လစ် ရှိသည်။ ခန္ဓာကိုယ်သည် ပိန်ပါးသော်လည်း သူ့ပုံစံနှင့်သူ အချိုးအစားကျနပြီး ကျင်းဝူ၏ ချောမောလှပသော မျက်နှာလေးဖြင့် ပေါင်းစပ်လိုက်လျှင် တစ်ကိုယ်လုံးက တောက်ပလင်းလက်နေသည်။
ရေမွန်သည် ကျင်းဝူကို တစ်ချက်သာ ကြည့်လိုက်ပြီး သူ့ရင်ဘတ်ထဲတွင် "တဒုတ်ဒုတ်" ခုန်နေသည်ကို ခံစားလိုက်ရသည်။
သူသည် လင်ဗန်းကို ကိုင်ပြီး အထဲသို့ဝင်လာ၏။ ကျိုးနေသော စကျင်ကျောက်စားပွဲခုံကို စက်ရုပ်က ရှင်းလင်းပြီး သစ်သားစားပွဲငယ်လေးနှင့် အစားထိုးထားပြီ ဖြစ်သည်။
ရေမွန်သည် လင်ဗန်းကို စားပွဲငယ်ပေါ်တွင် တင်လိုက်ကာ "ညစာစားလို့ရပြီ" ဟု သူပြောလိုက်သည်။
ကျင်းဝူသည် သူ့ဘဝတွင် ပထမဆုံးအကြိမ် ဤမျှလှပသောအဝတ်အစားများကို ဝတ်ဆင်ဖူးသောကြောင့် သူ့စိတ်ထဲတွင် ကြွားဝါချင်စိတ် အနည်းငယ်ရှိနေသည်။
သို့သော် အချိန်အတော်ကြာ စောင့်နေသော်လည်း ရေမွန်ထံမှ မည်သည့် တုံ့ပြန်ချက် တစ်စုံတစ်ရာမျှ မရရှိခဲ့ပေ။
ထို့ကြောင့် ကျင်းဝူသည် စိတ်မပါလက်မပါ ပုံစံဖြင့် လက်ကလေးနှစ်ဖက်ကို ကျောပြင်နောက်တွင် ယှက်ထားရင်း ရေမွန်ရှေ့သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
ရေမွန်သည် အောက်သို့ ကြည့်နေဆဲဖြစ်ပြီး လင်ဗန်းပေါ်ရှိ အစားအစာများကို သပ်ရပ်စွာ ပြင်ဆင်နေသည်။
ကျင်းဝူသည် လက်ဖျားလေးဖြင့် စားပွဲခုံကို ခေါက်လိုက်သည်။
ထိုအခါမှ ရေမွန်သည် ခေါင်းမော့ကြည့်လိုက်ပြီး ကျင်းဝူကို ကြည့်လိုက်သော်လည်း သူ့မျက်နှာတွင် ဘာအမူအရာမှ မရှိပေ။
ကျင်းဝူသည် မျက်ခုံးများ မြှင့်တင်လိုက်ပြီး ရေမွန်၏အဝတ်အစားများကို အပေါ်အောက်ကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်သည်။ "ဒီယူနီဖောင်းကို ဝတ်ထားတာလား"
"...ဒါက စစ်တပ်က သတ်မှတ် ပေးထားတဲ့ စစ်ဝတ်စုံပါ" ဟု ရေမွန်က အနည်းငယ်တောင့်တင်းစွာ ပြန်ဖြေသည်။
ကျင်းဝူခေါင်းညိတ်ပြီး
"အင်း... မင်းက အရပ်ရှည်တယ်။ ပုခုံးကျယ်ပြီး ခြေတံလဲရှည်တယ်။ ဒီစစ်ဝတ်စုံနဲ့ဆို တော်တော်လေး ကြည့်ကောင်းပြီး မိမိုက် ပုံပေါက်တယ်။ တကယ် မဆိုးဘူး"
ရေမွန်သည် သူ့မျက်နှာပေါ်သို့ သွေးတွေ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
သူသည် ခေါင်းငုံ့ပြီး အစားအစာများကို ဆက်လက်ပြင်ဆင်ရင်း "စားကြစို့" ဟု တိုးတိုးလေးပြောလိုက်၏။
ကျင်းဝူ : "..."
ဒီလူက ဘယ်လိုလူလဲ!
သူဒီလောက်ချီးကျူးနေတာတောင် ဒီလူက ဘယ်လိုပြန်ပြောရမှန်းမသိဘူး။ ဘာကို ထပ်ပြီး ချီးကျူး နေရဦးမှာလဲ။
ကျင်းဝူသည် အနည်းငယ်စိတ်ဆိုးစွာဖြင့်ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိအစားအစာများကို ကြည့်ကာ မေးလိုက်သည်။ "ဘာလို့ အသားဟင်းတွေချည်းပဲလဲ။ ငါအသားမကြိုက်ဘူး"
သူသည် အသားဟင်းများကို စိတ်မဝင်စားပါ။ သူသည် ခရုတစ်ကောင်ဖြစ်ပြီး အပင်စားသည့် ခရုတစ်ကောင်ဖြစ်သည်။
လူသားအဖြစ်သို့ပြောင်းလဲသွားပြီးနောက် အသားစားသတ္တဝါ ဖြစ်လာသော်လည်း ကျင်းဝူသည် အပင်များ၊ အသီးအနှံ ချိုချိုများနှင့် ချိုသောအရည်များကိုသာ နှစ်သက်သည်။
ရေမွန်က "မင်းကိုယ်ဝန်ပျက်ကျသွားတယ်လေ။ အားပြန် ဖြည့်ရမယ်"
ကျင်းဝူ "..."
ဘာ!
ရေမွန် : "..." တကယ်တော့ ဒါက သူပြောချင်တဲ့စကားမဟုတ်ပါဘူး။