no

Font
Theme



မာရှယ်၏အိမ်တော်။

မာရှယ်၏မိခင် ဒိုရစ်၏ မျက်လုံးများသည် နီရဲ‌ကာ ယောင်ကိုင်းနေပြီး  အိပ်ယာပေါ်တွင် လှဲလျောင်းနေသော အသက်ကြီးကြီး Orc ကို လှမ်းပြောလိုက်သည်။ "ရိန်း ၊ ဒီ ဆိုင်ရယ် လို့ခေါ်တဲ့ အမျိုးသမီးOrc ကိစ္စကအမှန် လို့ ထင်လား"

ရိန်း ဟုခေါ်သည့် အသက်ကြီးOrc မှာ မာရှယ်၏ဖခင်ပင်ဖြစ်၏။ အမှန်မှာတော့ ရိန်း သည် အသက်ငယ်ငယ်ပဲရှိသေးပြီး အသက်ကိုးဆယ်ကျော်သာ ရှိသေးသည်။ Orc များ၏ ပျမ်းမျှသက်တမ်းမှာ နှစ်ရာကျော်ရှိသည်။ ရိန်း က အမှန်တကယ်တွင်တော့ အရွယ်ကောင်း၌ ရှိနေတုန်းပင် ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သော အနှစ် နှစ်ဆယ်လောက်က သူ(ရိန်း) အဆင့်၈ သို့ ရောက်ရှိပြီးနောက်တွင် မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့စွမ်းအင်များ ဆုံးရှုံးသွားခဲ့ကာ ဘာမှမလုပ်နိုင်သည့်သူတစ်ယောက် ဖြစ်သွားခဲ့ရသည်။

သားရဲပုံစံနှင့်ဆိုလျှင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်‌သော်ငြား လူသားပုံစံနှင့်ဆိုလျှင်တော့ အိပ်ယာပေါ်တွင် လှဲလျောင်းနေရုံသာ တတ်နိုင်သည်။

ရိန်းသည် မတော်တဆမှုမဖြစ်ခင်က အရာရှိကြီးတစ်ယောက်ဖြစ်ပြီး ငယ်ရွယ်ချိန်တုန်းကလည်း စိတ်ဓာတ်ကြံ့ခိုင်သည့်သူ ဖြစ်ခဲ့သည်။ စွမ်းအင် အရင်းအမြစ် ပျက်စီးသွားပြီး နောက်ပိုင်း၌သာ သူသည် တဖြည်းဖြည်းနှင့် သာမန် Orc များထက် အိုမင်းလာခဲ့၏။

ရိန်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "ရေမွန်က ဒီ ဆိုင်ရယ် လို့ခေါ်တဲ့ အမျိုးသမီးအကြောင်း ဘယ်တုန်းကမှ ပြောပြဖူးတာမဟုတ်ဘူး။ အိမ်ထောင်ပြုဖို့ကိစ္စလည်း မပြောဖူးဘူး"

သူတို့၏ သားအကြောင်းကို သိထားသလောက်ဆိုလျှင် ရေမွန်မှာ ချစ်ရသည့်သူရှိလျှင်တောင် သူ့မိသားစုအား မပြောပြဘဲ ကလေးယူဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါပေ။

"တကယ်လို့ အဲ့ဒါက အမှန်ဆိုရင်ရော”

တစ်ဦးတည်း‌သောသား၏ ရုတ်တရက် မတော်တဆမှုကြောင့် ဒိုရစ်မှာ အလွန်စိတ်ထိခိုက်ခဲ့ရသည်။

ယခုတော့ ရုတ်တရက် သား၏ ချစ်သူဆိုသည့်သူ ပေါ်လာပြီး ထိုသူ့ဗိုက်ထဲတွင်လည်း သားဖြစ်သူ၏ကလေး ရှိနေသေး၏။ အနှီအမျိုးသမီးအကြောင်းကို သူတို့ ဘယ်တုန်းကမှ မသိခဲ့သော်ငြား ဒိုရစ်ကတော့ ထိုအရာအား အမှန်ပဲဖြစ်စေချင်မိပါသည်။

"အဲ့ဒီ ဆိုင်ရယ် လို့ခေါ်တဲ့သူကို စုံစမ်းကြည့်ရအောင်။ ကြယ်စင်စုဗျူရိုက မျိုးရိုးဗီဇစစ်ဆေးမှုရှိခဲ့ရင် အမှန်ပဲလို့ ဆိုလိုတာပဲပေါ့" ဟု ရိန်းက ပြောလိုက်သည်။

ရိန်း စကားပြော၍မဆုံးသေးခင် ဒိုရစ်က စာတစ်စောင် ပို့ပေးလိုက်သည်။

ရေပြာကြယ်ရှိ ဗျူရိုမှ အတွင်းစည်းဝန်ထမ်းဆိုသူတစ်ယောက်က လွန်ခဲ့သည့် နှစ်လကျော်က မာရှယ်ရေမွန်တစ်ယောက် ဗျူရိုကို အမျိုးသမီးတစ်ယောက်နှင့်အတူ ကိုယ်တိုင်လာရောက်ပြီး စစ်ဆေးခဲ့သည် ဟု ပြောဆိုထား‌လေသည်။ ထို့အပြင် ကလေးအတွက် မှတ်တမ်းတင်ခဲ့သည် ဟုလည်း ဆိုထား၏။

အပြာရောင်ကြယ်က ဗျူရို၏ဝန်ထမ်း" က ဓာတ်ပုံတစ်ပုံနှင့် မျိုးရိုးဗီဇ ကိုက်ညီမှု ၉၉.၉၉% ရှိသည့် မျိုးရိုးဗီဇ အတည်ပြုစာရွက်ကိုပါ ပို့ပေးလာသည်။

ဓာတ်ပုံထဲ၌ ရေမွန်က ဆိုင်ရယ် ဟုခေါ်သည့် အမျိုးသမီးနှင့်အတူ ရေပြာကြယ်ဗျူရို၏ စစ်ဆေးရေးခန်းမှာ ရှိနေခဲ့သည်။

ရေမွန်က စစ်ဆေးရေးကိရိယာကို စိုက်ကြည့်နေပြီး ထိုကလေးအား အလွန်အလေးထားပုံပေါ်နေသည်။

ဓာတ်ပုံသည် တကယ့် မူရင်းဓာတ်ပုံဖြစ်ပြီး လိမ်လည် ပြင်ဆင်ထားခြင်းမျိုး လုံးဝမရှိပါ‌ချေ။ မျိုးရိုးဗီဇ အတည်ပြုစာရွက်ကလည်း ရေမွန်၏ ကလေးဖြစ်ကြောင်း အတည်ပြုထားပြန်သည်။

ဤသို့ဖြင့် ကြယ်တာယာကွန်ယက်တွင် ဆိုင်ရယ့်အား မေးခွန်းထုတ်ခဲ့သည့် အင်တာနက်သုံးစွဲသူများ အားလုံးက တောင်းပန်စကားများ ပြောဆိုလာကြတော့သည်။

ဒိုရစ်က လက်နှစ်ဖက်ကို ယှက်ပြီး ဝမ်းသာမျက်ရည်များဖြင့် "ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်မိလေသည်။

ထို့နောက် သူမ၏ မျက်ရည်များကို သုတ်ကာ "ဒါဆို ဆိုင်ရယ် ဆိုတဲ့တစ်ယောက်ကို ဒီကို ခေါ်လာဖို့ စီစဉ်ရမယ်။ သူ(မ)က ကလေးမွေးတော့မှာ‌လေ။ အပြင်မှာနေရတာ ဘယ်အဆင်ပြေပါ့မလဲ၊ ဆရာဝန်အဖွဲ့‌ရော ရှိတောင်ရှိပါ့မလား မသိဘူး" ဟု ပြောလာသည်။

ရိန်းက ခေါင်းညိတ်ပြလိုက်သော်လည်း မျက်နှာကတော့ တည်တည်ကြီးဖြစ်နေ၏။



ကျင်းဝူတစ်ယောက် ကိုယ်ဝန်ရှိနေပြီဆိုတာကို သိသော်လည်း ကြယ်တာယာကွန်ယက်မှာ သူ့ပြိုင်ဘက်တစ်ယောက် ပေါ်လာပြီဆိုတာ မသိသေးပေ။

ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွင် ဝေးလံသောနေရာများသို့သွားလာရန် မလွယ်ကူသည့်အတွက် ကျင်းဝူအား ဤနေရာမှာသာ အရင်ထားခဲ့ဖို့ နရှီဇါဝါ က အကြံပြုလာသည်။

ကိုယ်ဝန်ဆောင်ခင်ပွန်းတစ်ယောက်က ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် လိုအပ်သော်လည်း ယခုချိန်တွင်တော့ ကျင်းဝူသည် သာမန်အရာများကိုပင် နားမလည်နိုင်သေးသည့်အတွက် နရှီဇါဝါ ကလည်း အခြားအလုပ်များကို နားထားပြီး ကျင်းဝူကို ဂရုစိုက်ပေးရန်သာ ဦးစားပေးကာ ကျင်းဝူအနားတွင် ရှိနေပေးသည်။

နေထိုင်စရာနေရာကိုတော့ ဗိုလ်မှူးကြီးကော်ရေးထံ လွှဲထားလိုက်လေပြီ။ ကော်ရေး၏ လုပ်ဆောင်ချက်များက မဆိုးဘူး ဟုဆိုရမည်။ ညရောက်သည့်အခါ အိမ်သစ်သို့ ချက်ချင်းပြောင်းရွှေ့နိုင်ခဲ့ကြ၏။

ညစာစားပြီးနောက် နရှီဇါဝါ က စက်ရုပ်အား လတ်လတ်ဆတ်ဆတ်အသီးအနှံများကို ယူလာခိုင်းလိုက်သည်။

ညဘက်ဆို ကျင်းဝူသည် အစားအသောက်ကို နည်းနည်းသာ စားလေ့ရှိပြီး အသားကို သိပ်မကြိုက်သည့်အတွက် ထမင်းစားပွဲ၌ အသားဟင်းများ ကျန်နေသည်ကို တွေ့ရလေသည်။

ယခုချိန်၌ တောက်ပသည့် အနီရောင်မျက်လုံး‌လေးများနှင့် စလင်ဒါပုံစက်ရုပ်လေးက သူ့ရှေ့သို့ လှီးပြီးသားအသီးများ ထည့်ထားသည့်ပန်းကန်ကို လာချပေး‌သောအခါတွင် သူက အသီးစားဖို့ မလောပဲ စက်ရုပ်ကိုသာ စိုက်ကြည့်နေမိသည်။

ကမ္ဘာမြေပေါ်၌ စက်ရုပ်များရှိသော်လည်း အိမ်သုံးအဖြစ် အသုံးပြုနိုင်လောက်သည့် အနေအထားမျိုး မရှိသေးပေ။

ဤကဲ့သို့ ကျင်းဝူတစ်ယောက် စက်ရုပ်‌လေးကို စိုက်ကြည့်နေသည်အား အခြေခံစက်ရုပ်လေးကို သဘောမကျသောကြောင့် ထိုကဲ့သို့ လုပ်‌နေသည် ဟု နရှီဇါဝါ က ထင်ကာ "ဒီမှာဆယ်ရက်လောက်ပဲနေရမှာပါ။ ဒီဂြိုဟ်က နည်းပညာအားနည်းတဲ့ ဂြိုဟ်ဖြစ်လို့ အိမ်အကူစက်ရုပ်ကို အလွယ်တကူ ဝယ်လို့မရဘူးလေ။ စိတ်ကြိုက်အော်ဒါတင်ပြီး မှာယူမှ ရမှာမို့ အခုတော့ ဒီစက်ရုပ်လေးကိုပဲ ခဏသုံးလိုက်ပါဦး" ဟု ရှင်းပြလာသည်။

ကျင်းဝူ က ပြုံးပြီး လက်ခါပြလိုက်သော်လည်း အနှီစကားလုံးများက အတော်ကို ရှည်လျားလှသည့်အတွက် အားလုံးကို နားမလည်နိုင်ပေ။ သို့သော် အဓိပ္ပါယ်ကိုတော့ နားလည်နိုင်လိုက်သည်။

နရှီဇါဝါ က ကျင်းဝူအား တာမင်နယ်တစ်ခု ထုတ်ပေးလိုက်ပြီး တာမင်နယ်ကို ဖွင့်ပေးလိုက်ကာ "ဒီတာမင်နယ်ကို အရင်သုံးလိုက်ပါဦး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် လက်စွဲစာအုပ်တွေ ထည့်ပေးထားတယ်။ အားတဲ့အခါ ဖတ်ကြည့်လို့ရတယ်" ဟု ပြောလိုက်သည်။

"ဆရာ နရှီဇါဝါ!" ဗိုလ်မှူးကြီးကော်‌ရေး၏ လက်ထောက် ဂျက်ကာ က အလောတကြီးဝင်လာကာ "ကြယ်တာရာကွန်ယက်ပေါ်မှာ အမျိုးသမီးတစ်ယောက် ပေါ်လာပြီး မာရှယ်ရဲ့ စေ့စပ်ထားတဲ့သူလို့ ပြော‌နေတယ်။ ပြီးတော့ မာရှယ်ရဲ့ ကလေးကို ကိုယ်ဝန်လွယ်ထားရတယ်လို့လည်း ပြောနေပါတယ်!"

"ဘာ!"

"လာကြည့်ပါဦးဗျာ။  ဗိုလ်မှူးကြီးကော်ရေး အရမ်းဒေါသထွက်နေပြီ" ဟု ဂျက်ကာ က ပြောပြန်သည်။

ကျင်းဝူတစ်ယောက် ဂျက်ကာကို သံသယမျက်လုံးများဖြင့် ကြည့်နေမိသည်။ အနှီ ဂျက်ကာသည် စကားပြောအရမ်းမြန်သည့်အတွက် သူဘာပြောနေသလဲဆိုသည်ကို သိပ်နားမလည်သော်ငြား နရှီဇါဝါ ၏ မျက်နှာကို ကြည့်လိုက်သည်နှင့် တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ ကျင်းဝူ သိလိုက်ရသည်။

နရှီဇါဝါ က ချက်ချင်းထရပ်လိုက်ပြီး ကျင်းဝူကို "မင်း အရင်ဆုံး အနားယူနေလိုက်ပါ။ ကျွန်တော် သွားကြည့်လိုက်ဦးမယ်။ ဒီကိစ္စအတွက် စိတ်မဖိစီးပါနဲ့။ အတုတွေဖြစ်နိုင်တယ်" ဟု ပြောလိုက်လေသည်။

ကျင်းဝူက ကိုယ်ဝန်ရှိခါစသာ ရှိသေးသည့်အတွက် ဤကဲ့သို့ကိစ္စမျိုးများကို မသိတာ အကောင်းဆုံးပါပင်။

ကျင်းဝူက ထရပ်လိုက်ပြီး "ရပါတယ်။ ကျွန်တော် မပင်ပန်းပါဘူး။ ခင်ဗျားနဲ့ လိုက်ခဲ့ပါ့မယ်" ဟု ပြောလိုက်‌လေသည်။

နရှီဇါဝါ က သူ့ကို စိုးရိမ်သည့် မျက်လုံးများနှင့် ကြည့်လိုက်သော်လည်း ကျင်းဝူက လိုက်မည်ဟု ဆုံးဖြတ်ပြီးသား ဖြစ်‌သည့်အတွက် ဆက်မတားတော့ပေ။

သူတို့နှစ်ယောက်သား ဂျက်ကာ့ နောက်မှနေ လိုက်သွားပြီး ကော်ရေး၏ အခန်းထဲသို့ ရောက်သွား‌သောအခါတွင် မျှော်လင့်ထားသည့်အတိုင်း ကော်ရေး၏ ဆဲဆိုနေသံကို ကြားလိုက်ရသည်။

"ဒီမိန်းမက ဘယ်လိုလူမျိုးလဲ။ မာရှယ်ရဲ့ စေ့စပ်ထားတဲ့သူလို့တောင် ဟန်ဆောင်ရဲတယ်‌ပေါ့လေ။ ပြီးတော့ မာရှယ်ရဲ့ ကလေးကို ကိုယ်ဝန်လွယ်ထားတယ်လို့တောင် ပြောရဲ‌သေးတယ်!"

"အဲဒီ မျိုးရိုးဗီဇစစ်ဆေးချက်က အတုကြီးကို။ ဒီလူတွေက ကန်းနေကြလို့ အတုဆိုတာ မပြောနိုင်ကြတာလား!"

နရှီဇါဝါ နှင့် ကျင်းဝူတို့ ကော်ရေး၏အခန်းထဲသို့ ရောက်သည့်အချိန်၌ အခန်း၏ အလယ်ရှိ ကြီးမားသော အလင်းမျက်နှာပြင်ပေါ်တွင် မာရှယ်ရေမွန်၏ စေ့စပ်ထားသူက အကြိမ်များစွာငိုယိုပြီး မေ့လဲသွားသော သတင်း အား တွေ့လိုက်ရသည်။

 

သူတို့ဝင်လာသည်ကို တွေ့တော့ ကော်ရေးက ဗွီဒီယိုထဲရှိ ဆိုင်ရယ်၏ လှပသော မျက်နှာလေးကို ဒေါသတကြီး လက်ညှိုးထိုးကာ "ဒီမိန်းမက တစ်နေရာရာများ လွတ်နေတာလား!" ဟု ပြောလိုက်သည်။

"မာရှယ်နဲ့ ကျွန်တော်က လွန်ခဲ့တဲ့ နှစ်လကျော်တုန်းက အပြာရောင်ဂြိုလ်မှာရှိတဲ့ စစ်ရေးစခန်းတစ်ခုကို ဇာဂ့်တွေနဲ့ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေလုပ်မလို့ သွားခဲ့ကြတာ။  လမ်းမှာ ဒီမိန်းမ ငိုယိုနေတာနဲ့ တွေ့လိုက်တယ်။ အဲ့မှာ သူ(မ)က ဗဟိုကြယ်စုက တော်ဝင်အမျိုးသားတစ်ဦးရဲ့ လိမ်လည်တာခံရတဲ့အကြောင်း၊ နောက်တော့ ကလေးရှိလာတဲ့အကြောင်း ပြောပြတယ်။ အဲ့ဒါနဲ့ မာရှယ် နဲ့ ကျွန်တော်က သူ့ကို  ကြယ်စင်စု ဗျူရို ကို ပို့ပေးလိုက်တာလေ။"

Orc အင်ပါယာ၌  ကိုယ်ဝန်ဆောင်အမျိုးသမီးများ သို့မဟုတ် ကိုယ်ဝန်ဆောင်ထားသည့် တခြားမျိုးကွဲများကို အထူးဂရုစိုက်ပေးလေ့ရှိပြီး အခြား‌သော Orc များကလည်း သူတို့ကူညီပေးနိုင်သည့် အတိုင်းအတာအတွင်းမှနေ အတတ်နိုင်ဆုံး အကူအညီပေးလေ့ရှိကြသည်။

"မမျှော်လင့်ဘဲ မာရှယ်ရဲ့ ကြင်နာမှုကို ဒီမိန်းမက အခွင့်ကောင်းယူပြီး လိမ်လည်ဖို့ ကြိုးစားတယ်။ တော်တော်ဆိုးဝါးတဲ့ မိန်းမပဲ!"

ကော်ရေးက ပိုပိုပြီး ဒေါသထွက်လာကာ အင်္ကျီလက်များကို လိပ်တင်လိုက်ပြီး အင်တာနက်ပေါ်တွင် ရှင်းလင်းဖို့ ပြင်လိုက်သည်။

သို့သော်လည်း သူ၏ "ရှင်းလင်းချက်" ဟာ ကွန်ယက်သုံးစွဲသူများ၏ ပင်လယ်ကြီးထဲတွင် ချက်ချင်းဆိုသလို နစ်မြုပ်သွားခဲ့ပြီး ရေပွက်လေးတစ်ပွက်တောင် မထလိုက်ခဲ့‌ပေ။ သူ့ကို "အသရေဖျက်မှု"၊ "စာနာမှုမရှိခြင်း" နှင့် "တစ်သက်လုံး မိန်းမ မရနိုင်တော့ဘူး" ဆိုသည့် စွပ်စွဲချက်တွေနှင့်သာ တံဆိပ် ကပ်ခံလိုက်ရသည်။

ကော်ရေးတစ်ယောက် ဒေါသထွက်လွန်းသဖြင့် ခေါင်းမှ မီးခိုးများပင် ထွက်လာတော့မည်။

နရှီဇါဝါ က ဗွီဒီယိုကို နှိပ်ကြည့်လိုက်ပြီး ဆိုင်ရယ် ဟုခေါ်သော အမျိုးသမီး၏ ငိုနေ‌သည့်ပုံကို မျက်မှောင်ကြုတ်ပြီး ကြည့်နေမိသည်။

ဆိုင်ရယ် ပြောသည်များက လိမ်နေခြင်းသာ ဖြစ်ရမည်။ သူ့နဖူးပေါ်ရှိ မြွေပုံစံ အမှတ်အသားမှာ အင်အားကြီးသည့်ပံုပေါ်သော်လည်း မာရှယ်ရေမွန်၏ မြွေပုံစံ မဟုတ်သည် သေချာပါသည်။

အနှီအမှတ်အသားပုံစံက ကျင်းဝူ၏ နဖူးပေါ်ရှိ မြွေပုံစံ အမှတ်အသားနှင့် မတူ‌ပေ။

တူညီသည့် Orc တစ်ကောင်တည်းထံမှ အမှတ်အသားပေးခံထားရသော အမျိုးသမီး သို့မဟုတ် မျိုးကွဲများမှာ သူတို့၏ နဖူးပေါ်ရှိ သားရဲအမှတ်အသားပုံစံက တစ်ပုံစံတည်း ဖြစ်ပြီး နောက်ဆုံးအကြိမ် အမှတ်အသားပေးခဲ့သည့် Orc ၏ သားရဲအမှတ်အသားပုံစံကိုသာ ပြသလေ့ရှိသည်။

ကျင်းဝူ၏ နဖူးပေါ်ရှိ မြွေပုံစံ အမှတ်အသားက ကြည့်ရသည်မှာ အနည်းငယ်တော့.... သိပ်ပြီး အစွမ်းထက်မည့်ပုံ မပေါ်ပေ... ထို့အပြင် ခရုခွံပုံစံနှင့်တောင် အနည်းငယ်ဆင်‌သေး၏။

သို့သော်လည်း ကျင်းဝူထံတွင် ရေမွန်၏အနံ့ ပြင်းပြင်းရှိနေပြီး ထိုအချိန်က ပတ်ဝန်းကျင်တွင် ရေမွန်မှလွဲ၍ တခြားမည်သည့် Orc မှ မရှိပေ။

ထို့အပြင် Orc အင်ပါယာ၌ ခရုခွံပုံစံ Orc မျိုးနွယ်ဝင်များ  မရှိ‌ချေ။

နရှီဇါဝါ က "ဒီ ဆိုင်ရယ် ရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေရမယ်။ မဟုတ်ရင် သာမန်အမျိုးသမီးတစ်ယောက်က ရေမွန့် ကို ဘယ်လိုလုပ်ပြီး လိမ်ရဲရမှာလဲ။ ပြီးတော့ အပြာရောင်ဂြိုလ်  ကြယ်စင်စုဗျူရို ရဲ့ ဝန်ထမ်းတွေကိုလည်း ငွေနဲ့ ဝယ် ပြီးအတုလုပ်ထားတာ ဖြစ်ရမယ်" ဟု ပြောလိုက်၏။

ဂျက်ကာ ကလည်း "ဟုတ်တယ်၊ ကျွန်တော်တို့နဲ့ အတူရှိနေတာကမှ မာရှယ်ရေမွန် ရဲ့ သားပေါက်လေးပဲ။ ပြီးတော့ မျိုးရိုးဗီဇက မာရှယ်ရဲ့မျိုးရိုးဗီဇနဲ့ ထပ်တူညီနေတယ်။ ဆိုင်ရယ်ရဲ့ မျိုးရိုးဗီဇစစ်ဆေးချက်မှာ ၉၉.၉၉% တူညီတယ်လို့ ပြောထားတယ်။အဲ့ဒါက အတုပဲ ဖြစ်ရမယ်!" ဟု ပြောလိုက်‌လေသည်။

ကော်ရေးက ခါးသီးစွာဖြင့် "ဒီနေ့  ကြယ်စင်စု ဗျူရို မှာ စစ်ဆေးထားတဲ့ အဖြေကို ပြပြီး ဘယ်သူက မာရှယ်ရဲ့ တကယ့်လက်တွဲဖော်နဲ့ သားလဲဆိုတာ ပြလိုက်ရမလား!" ဟု ပြောလာသည်။

"မလုပ်နဲ့!" နရှီဇါဝါ က ကန့်ကွက်လိုက်ပြီး "အဲ့လိုလုပ်ရင် အမှန်မသိတဲ့သူတွေက မာရှယ်ရေမွန် က အမျိုးသမီး နှစ်ယောက်ကို တစ်ပြိုင်တည်း ချစ်နေတယ်လို့ ထင်ကုန်ကြလိမ့်မယ်။ ဒါ့အပြင် မာရှယ်ရဲ့  တကယ့်တွဲဖက်နဲ့ သားကို ဖော်ထုတ်လိုက်ရင် ပိုပြီး ပြဿနာတက်ပြီး အန္တရာယ်များလာနိုင်တယ်။"

"ဒါဆို ဘာလုပ်ရမှာလဲ?"

"အရေးကြီးဆုံး ကိစ္စက ဗဟိုကြယ်စုကို အမြန်ဆုံး ပြန်သွားရမယ်။ ပြီးရင် ဆိုင်ရယ် လို့ခေါ်တဲ့ ဒီအမျိုးသမီးကို ရှာပြီး သူမရဲ့ ကလေးကို မျိုးရိုးဗီဇစစ်ဆေးမှု လုပ်ခိုင်းရမယ်။"

ဤလူများ၏ စကားပြောနှုန်းမှာ ပုံမှန်ထက် နည်းနည်းမြန်သည်။ ကျင်းဝူတစ်ယောကင် အစပိုင်းတွင် နားမလည်သော်လည်း တဖြည်းဖြည်းနှင့် အဓိပ္ပာယ်ကို ခန့်မှန်းမိလာသည်။

ဗွီဒီယိုထဲရှိ မျက်ရည်များနှင့် အမျိုးသမီးကို ကြည့်ပြီး သူ့ဘာသာ တွေးနေမိသည်။ ဒီအမျိုးသမီးက တော်တော် ရက်စက်တာပဲ။ သူ့(ကျင်းဝူ)ဘက်ကတော့ "ကိုယ်ဝန်ရှိတယ်" ဆိုတာကိုတောင် တိတ်တိတ်လေး လုပ်နေရပြီး ဟိုဘက်(ဆိုင်ရယ်)ကျတော့ ကလေးတောင် မွေးတော့မယ်။

"မာရှယ်ရေမွန်" က တကယ့်ကို ချမ်းသာတဲ့ပုံပဲ။ ဒီအမျိုးသမီးက ပစ္စည်းဥစ္စာတွေကို လိုချင်နေတာများလား။

သူ့(ကျင်းဝူ)ထက်တောင် ပိုရက်စက်နေသေးတာပဲ။ သူကတော့နေစရာ နေရာလေးတစ်ခု ရချင်ရုံပါ‌။

နရှီဇါဝါ က ရုတ်တရက် လှည့်ကြည့်ပြီး ကျင်းဝူအားပြောလိုက်ရှာသည် "စိတ်မပူပါနဲ့။ ဒီအမျိုးသမီးက ကလေးမွေးတော့မယ် ဆိုရင်တောင် ဥဥပြီးရင်  ကြယ်စင်စု ဗျူရို ကို သွားပြီး စစ်ဆေးချက် ခံယူရလိမ့်မယ်။ အစစ်က အတု မဖြစ်နိုင်သလို အတုကလည်း အစစ် မဖြစ်နိုင်ဘူး"

ကျင်းဝူ : "..."

နောက်ဆုံးစကားလုံးကိုတော့ဖြင့် ချက်ချင်း နားလည်လိုက်သည်။



သူ့အခန်းထဲ ပြန်ရောက်တော့ ကျင်းဝူတစ်ယောက် ဒီနေ့ ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးနေမိသည်။

သူ့ ကိုယ်ဝန်က အတုအယောင်ဆိုတာကို ခဏတာ ဖုံးကွယ်ထား၍ ရနိုင်‌သော်လည်း တစ်သက်လုံးတော့ ဖုံးကွယ်လို့မရ‌နိုင်ပေ။

နောက်လ အနည်းငယ်အတွင်းမှာပင် "ကလေးမွေးရ" တော့မည်။

'ကလေးလည်း မရှိဘဲ ဘယ်လို မွေးရမှာလဲ? အခုပဲ ထွက်ပြေးလိုက်ရမလား?မဖြစ်သေးဘူး။'

ဤသို့ ရောက်ခါစတုန်းကပင် ဘာမျှ မသိသေးချေ။ ဘာသာစကားကိုပင် သိပ်မကျွမ်းကျင်သေး။ ယခု ထွက်ပြေးသွားလျှင် လူ့အဖွဲ့အစည်းထဲ၌ ရှင်သန်ဖို့ ခက်ခဲသွားလိမ့်မည်။

ဒီမှာ နေပြီး ပတ်ဝန်းကျင်နှင့် လူနေမှုပုံစံများကို အရင်နားလည်အောင် လေ့လာရမည်။  နောက် သုံးလအတွင်း ထွက်ပြေးဖို့ အစီအစဉ်တစ်ခုလည်း  စဉ်းစားရမည်။

ကျင်းဝူက နရှီဇါဝါ ပေးလိုက်သည့် တာမင်နယ် အား လေ့လာလိုက်နေလိုက်သည်။ ဤ တာမင်နယ်ကို နှိပ်လိုက်သည်နှင့် သူ့ရှေ့တွင် အလင်းရောင် မျက်နှာပြင်တစ်ခု ပေါ်လာပြီး စာများ ၊ ရုပ်ပုံများနှင့် ပြည့်နေ‌တော့သည်။

စာများကို သူ နားမလည်သော်လည်း ကျင်းဝူတစ်ယောက် အနည်းငယ် လေ့လာကြည့်လိုက်သောအခါ နောက်ဆုံးတွင် အသံနားထောင်ရန် ခလုတ်ကို ရှာတွေ့သွားသည်။

ထိုအရာမှာ ပိုပြီး အဆင်ပြေသောကြောင့် ကုတင်ပေါ်တွင် လှဲကာ အသံကိုသေချာ နားထောင်နေလိုက်သည်။

သူသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် သင်ခန်းစာများကို သင်ယူချင်၍ မဟုတ်ပါ‌ပေ။

ဤလောကကြီးအား အမြန်ဆုံး နားလည်ချင်လျှင် ဤ‌လောကတွင်ရှိသည့် ဘာသာစကားကို အရင်ဆုံး ကျွမ်းကျင်အောင် လုပ်ရမည်ဖြစ်၏။

ကျင်းဝူသည် ကုတင်ပေါ်သို့ လှဲလိုက်ပြီးနောက် အိပ်ပျော်တော့မလိုပင် ဖြစ်သွားရသည်။

ဤနေရာရှိ လူများ၏ ဘဝမှာ တကယ်ကို ပျော်စရာကောင်းလှသည်။ ကုတင်ကပင် သူ့ အခွံထက် ပိုအိပ်လို့ကောင်းသေး၏။

သူ့ အခွံအကြောင်း စဉ်းစားမိသည့်အခါ၌ ကျင်းဝူတစ်ယောက် သူ့၏ ညီလေး သာ့ဟေးကို သတိရသွားတော့သည်။

သာ့ဟေးသည် နေ့လည်တုန်းက အလွန်ပင် လှုပ်လှုပ် ရွရွ လုပ်နေပေသော်ငြား သူ သာ့ဟေးကို ဆူပြီး သတိပေးလိုက်သည့်အခါ အများကြီး ငြိမ်သွားတော့သည်။

ကျင်းဝူက အနှီနာခံတတ်သည့် ညီလေးအား အတော်ပင် ကျေနပ်နေခဲ့‌လေသည်။

အခုဘေးမှာ ဘယ်သူမှ မရှိဘူးဆိုတော့ သာ့ဟေး ကို ခေါ်ထုတ်ပြီး လောကကြီးကို ပြဖို့ အချိန်ကျပြီပဲ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment