အခန်း ၉။ စားစရာ ကြက်သားရှိတယ်
ချိန်ဟွမ်းဘုရားကျောင်းမှာ ပင့်ကူအိမ်များ ဖုန်များဖြင့် ဖုံးအုပ်နေသည်။ မူလက ၎င်းမှာ များစွာ ကျော်ကြားသည့် ဘုရားကျောင်းမဟုတ်ရာ ယခုတွင် လက်ရှိကြမ်းတမ်းသော ခေတ်ကြောင့် ပို၍ပင် ဆိုးနေ၏။ လင်းယွမ်က စားပွဲကို အဝတ်စုတ်တစ်ခုဖြင့် သုတ်လိုက်ပြီးနောက် ပူဇော်သက္ကာများကို နေရာချထားလိုက်သည်။ ပူဇော်သက္ကာများအား စစ်ညန်က လုပ်ပေးထားကာ၊ ပေါက်စီဖြူဖြူအချို့နှင့် ဂေါ်ဖီထုပ်တစ်ပန်းကန်သာပါပြီး အခြားမပါပေ။ ပုံမှန်အားဖြင့် ကြက်ကင်ပါမည်ဖြစ်သော်လည်း လင်းယွမ်က ၎င်းကို မိမိကိုယ်တိုင်အတွက်သာ သုံးချင်ရာ ပူဇော်သက္ကာအတွက်ကို ပြောဖို့မလိုချေ။
"အိုင်း" အစ်ကို တောက်က သက်ပြင်းတစ်ချက် ချလိုက်သည်၊ "အရင်တုန်းက ချိန်ဟွမ်းဘုရားကျောင်းက ဒီလို စုတ်စုတ်ပြတ်ပြတ် မဟုတ်ဘူး"
ကျန်းကွေသည် ပင့်ကူမျှင်များကို ဖယ်ရှားရန်အတွက် သစ်သားတုတ်ကို အသုံးပြုနေရင်း အစ်ကို
တောက်၏ ရယ်နေသံကို ကြားလိုက်ရသည်။ "တကယ်တော့ အဲဒါက အတူတူပါပဲ၊ အစ်ကို အရင်နှစ်တွေက မလာလို့ပါ"
ထိုသို့ပြောပြီးနောက် ကျန်းကွေသည် အရှင်ချိန်ဟွမ်း(TN: ရှင်းဝမ်တရုတ်ဒဏ္ဍာရီနတ်ဘုရား) ၏ ဘေးတွင် ချိတ်ဆွဲထားသည့် ပန်းချီတစ်ချပ်ကို ယူလိုက်သည်။
လင်းယွမ်သည် ၎င်းကို အချိန်အတော်ကြာ စစ်ဆေးခဲ့သော်လည်း ပန်းချီကားထဲမှ စိတ်ကူးပုံသဏ္ဍာန်ရှိသူကို မမှတ်မိနိုင်သေးပေ။
ကျန်းကွေ : "မင်း ဘယ်လိုမှ မမှတ်မိနိုင်ဘူး၊ ဒါက ဒုတိယသခင် ဒုတိယအရှင် ကွမ်းယွီပဲ"
(TN: စစ်ဘုရင် လျူပေ၏အောက်က စစ်သူကြီး)
လင်းယွမ်က ခေါင်းညိတ်ပြပြီး သူ့နားလည်မှုကို ဖော်ပြလိုက်သည်။
လင်းယွမ်မှာ အရာအားလုံး အဆင်သင့်ဖြစ်နေပြီဟု
ထင်လိုက်သည်နှင့် အပြင်ဘက်မှ အစ်ကို တောက်၏ လူများအနက် တစ်ဦး၏ အသံကထွက်လာသည်၊ “အစ်ကို တောက်! ကျွန်တော် ကြက်တစ်ကောင် ဖမ်းမိလာတယ်!”
အစ်ကို တောက်က အပြင်ထွက်ပြီး အတောင်ပံမှကိုင်လျက် ကြက်ကို ယူလာခဲ့သည်။
ကျန်းကွေက သက်ပြင်းချရင်း "ခေတ်က မကောင်းတာ နှမျောစရာပဲ၊ မဟုတ်ရင် စန်းရှန်းကို ပြင်ထားလို့ရမှာ” (စန်းရှန်း = ယဇ်အပူဇော်ခံ တိရစ္ဆာန်သုံးကောင်)"
လင်းယွမ်က မေးလိုက်၏၊ "စန်းရှန်းဆိုတာ ဘာလဲ" သူဟာ သမိုင်းဝတ္ထုတွေကို ဖတ်ရတာ နှစ်သက်သော်လည်း ညီအစ်ကို အဖြစ် ကတိကဝတ်ပြုခြင်းနှင့် ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း သိပ်မရှိလှပါချေ။
ကျန်းကွေ: "ဝက်သား၊ ငါးနဲ့ ဥတွေက စန်းရှန်းပဲ"
လင်းယွမ်: “……”
ညီအစ်ကိုအဖြစ် ကတိကဝတ်ပြုလျှင် ဤပူဇော်သက္ကာများစွာကို လိုအပ်မည်ဆိုပါက မေ့လိုက်ပါ... မည်သို့ဖြစ်ဖြစ် ရှေးကာလ၌ ပူဇော်သက္ကာတို့ကို ပြန်မယူရသလို မစားဘဲ နေရပြီး အေးသွားသည့်နောက်တွင် ထိုအတိုင်းရှိနေသည်မှာ ပုပ်သိုးပျက်စီးသည်အထိဖြစ်ပြီး နောက်မှ စွန့်ပစ်ခြင်း ပြုကြသည်။
၎င်းတို့မှာ အချိန်တစ်ခုလောက်အထိ အလုပ်ရှုပ်နေကြ၏။ အစ်ကို တောက်သည် ပန်းကန်လုံးထဲသို့ ဝိုင်ကိုလောင်းထည့်ပြီး ကြက်လည်ပင်းကို လှီးဖြတ်ကာ သွေးကို စပျစ်ရည်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူအမြဲဆောင်ထားသော ဓားကိုထုတ်ကာ လက်ညှိုးကို လှီးလိုက်ပြီး ဝိုင်ပန်းကန်ထဲသို့ သွေးစက်များ ချလိုက်သည်။
"ဒီမှာ။" သူက ဓားကို ကျန်းကွေကို လှမ်းပေးလိုက်၏။
ကျန်းကွေသည် အကြိမ်ပေါင်းများစွာ ကြိုးစားရင်း အကျိုးဆက်ကို အနည်းငယ် ကြောက်ရွံ့နေပုံရပြီး နောက်မှ လှီးလိုက်ရာ ပန်းကန်လုံးထဲသို့ သူ့သွေးများ စီးကျလာသည်ကို ရင်နာနာနှင့် ကြည့်နေလိုက်သည်။
ကိုယ့်ကိုကိုယ် ဓားနဲ့လှီးတာကသတ္တိရှိဖို့ လိုအပ်တယ်။
လင်းယွမ် ငယ်ငယ်တုန်းက စမ်းကြည့်ဖူး၏၊ သတ္တုအပိုင်းအစတစ်ခုကိုတောင် သတိမထားမိပါလျှင် လက်ချောင်းတွေကို ရှသွားနိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ပါက ဦးနှောက်က ကိုယ့်ကိုယ်ကိုမထိခိုက်စေဖို့ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်းကြောင့် ပို၍ခက်ခဲပါ၏။
ထို့ကြောင့် လင်းယွမ်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်၊ "အစ်ကို ကျန်း၊ ကျွန်တော် အရင်က ဓားကို တစ်ခါမှ မသုံးဖူးဘူး၊ ကျွန်တော့်ကို ကူညီပါ"
ထိုသို့ပြောရင်း သူဟာ လက်ညှိုးကို ရှေ့ဆန့်လိုက်၏။
ကျန်းကွေက “ဘယ်လိုဖြစ်နိုင်မှာလဲ” ဟု ပြောနေရင်း လင်းယွမ်၏ လက်ညှိုးကို မဆိုင်းမတွ လှီးလိုက်သည်။
လင်းယွမ် : "……" ကျန်းကွေရဲ့ မျက်နှာမှာ တခြားသူရဲ့ ကံမကောင်းမှုအတွက် ဝမ်းသာတဲ့ အမူအရာကို ငါ ဘာလို့ မြင်နေရတာလဲ။
ထို့နောက် ၎င်းတို့သုံးဦးသည် ဝိုင်ပန်းကန်လုံးနှင့် သွေးဖျော်ရည်ကို ပန်းကန်လုံးသုံးလုံးခွဲ၍ ပန်းကန်လုံးတစ်လုံးကိုကိုင်ကာ တစ်ယောက်က အရှင်ကွမ်း၏ပန်းချီကားရှေ့တွင် ဒူးထောက်လိုက်သည်။
အစ်ကို တောက်က လေးနက်သောအမူအရာဖြင့် ကြေငြာလိုက်၏၊ “ငါတို့ စလိုက်ကြရအောင်”
"အထက်ကောင်းကင်ယံက နတ်မင်းများ ကျုပ် လီ
စန်းရုန်၊ ကျန်းကွေနဲ့ လင်းယွမ်တို့ဟာ ယနေ့ကစပြီး ညီအကိုတွေလို ခင်မင်ရင်းနှီးလာပါလိမ့်မယ်။"
"အထက်ကောင်းကင်ယံက နတ်မင်းများ ကျုပ် ကျန်းကွေ၊ လီစန်းရုန်နဲ့ လင်းယွမ်တို့ဟာ ယနေ့ကစပြီး ညီအကိုတွေလို ခင်မင်ရင်းနှီးလာပါလိမ့်မယ်။"
အခုမှ လင်းယွမ်ဟာ အစ်ကို တောက်၏ နာမည်အမှန်ကို သိရသည်။
ထို့ကြောင့် သူဟာ ခဏရပ်ပြီးမှ ပြောလိုက်သည်၊ "အထက်ကောင်းကင်ယံမှ နတ်မင်းများ ကျုပ် လင်းယွမ်၊ ကျန်းကွေနဲ့ လီစန်းရုန်တို့ဟာ ယနေ့ကစပြီး ညီအကိုတွေလို ခင်မင်ရင်းနှီးလာပါလိမ့်မယ်။"
“ယခုမှစ၍ ကျွန်ုပ်တို့သည် တူညီသောကောင်းချီးများကို ခံစားကြရမည်ဖြစ်ပြီး တူညီသောအခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်သည်။ တစ်နှစ်၊ တစ်လ၊ တစ်ရက်တည်း မွေးဖွားဖို့ မတောင်းဆိုသော်လည်း တစ်နှစ်၊ တစ်လ၊ တစ်ရက်တည်းမှာပဲ သေဖို့ မေတ္တာရပ်ခံပါတယ်။ ကျုပ်သည် ဤသစ္စာကို
ဖောက်ဖျက်ပါလျှင် ကောင်းကင်ဘုံက ကျုပ်အပေါ်သို့ မိုးကြိုးပစ်ပါစေ”
ထိုသို့ပြောရင်း ၎င်းတို့သုံးယောက်က ဝိုင်နှင့်သွေးကို တစ်ကျိုက်တည်း သောက်လိုက်ကြ၏။
သောက်နေစဉ်အချိန်အတွင်း လင်းယွမ်က သွေးသောက်ခြင်းမှာ သန့်ရှင်းမှု မရှိဟု စဉ်းစားမိသည်၊ တစ်ယောက်ယောက်မှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ? ဒါဆိုရင် သုံးယောက်အတွက် ကံဆိုးတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား!
"တတိယညီလေး စတုတ္ထညီလေး" အစ်ကို တောက်သည် ခံစားချက်ကောင်းနေပြီး လင်းယွမ်၏ လက်နှင့် ကျန်းကွေ၏လက်များကို ဆုပ်ကိုင်ထားသည်။
လင်းယွမ်က ခပ်တိုးတိုး အသံဖြင့် မေးသည် “ဒုတိယညီကရော”
ခင်ဗျားရဲ့ အစီစဉ်က တတိယကနေ စတင်တာလား။
အစ်ကို တောက်သည် လင်းယွမ်၏ ပုခုံးကို တရင်းတနှီးပုတ်လိုက်သည်၊ "ယန်ဇီအန်းကလည်း ငါ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ညီလေးပဲ"
လင်းယွမ်က စိတ်ရင်းဖြင့်ပြောလိုက်၏၊ “အကိုကြီး၊ အစ်ကို့မှာ ညီအစ်ကိုအတော်ရှိတာပဲ”
အစ်ကို တောက်က ကျယ်လောင်စွာ ရယ်သည်၊ “ငါ့ကို မျက်နှာသာ ပေးရုံပါ (TN- လေးစား/ အလေးထားခြင်း)။ အဲဒီဒုတိယညီလေးကလည်း ပွင့်လင်းတဲ့လူဖြစ်ပြီး ငါတို့နဲ့လည်း အလုပ်တွဲလုပ်နေတာလေ၊ မင်းတို့က သူ့ကို ဒုတိယအစ်ကိုလို့ ခေါ်တာကလည်း အရှုံးရှိမှာမဟုတ်ဘူး။”
လင်းယွမ်/ ကျန်းကွေ: "……"
"ငါတို့ အတူတူ သောက်ဖို့ တစ်ရက် ရှာသင့်တယ်" အစ်ကို တောက်က ပြုံး၍ပြောသည်။ ဒီခေတ်မှာ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ညီအကိုတွေက သွေးရင်း
ညီအစ်ကိုတွေထက်တောင် ပိုနီးစပ်သေးတယ်"
“အစ်ကိုကြီး။” လင်းယွမ်က အစ်ကို တောက်ကို ပြော၏၊ "ဒုတိယအစ်ကို ယန်က ကျွန်တော့် လယ်မြေပေါ်မှာ ရှိနေတုန်းပဲ"
အစ်ကို တောက်က သူ့နှာခေါင်းကို ပွတ်လိုက်ကာ၊ “ဒါဆို သူပြန်လာတဲ့အထိ စောင့်နိုင်ပါတယ်”
ယန်ဇီအန်းသည် ရိုးရိုးသားသား လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်။ သူသည် သူ့လူများကို လုံးဝမြေအသစ်ဖြစ်သည့် လင်းယွမ်၏မြေသို့ ခေါ်သွားသည်။ လယ်သမားမိသားစုများထံတွင် မြေသြဇာအလုံအလောက်မရှိသောကြောင့် ထွန်ယက်ပါများလေ လယ်မြေပိုပါးလာလေဖြစ်သဖြင့် ပြန်လည် ပျိုးကြဲရသည်။
တစ်နှစ်ပတ်လုံး ပျိုးကြဲပြီးနောက် မြေကြီးပြန်ကောင်းလာစေရန် နှစ်ဝက်ခန့် ထားရသည်။
တစ်ရက်မှ နှစ်ရက်အတွင်း အခြောက်ခံနိုင်သော နံရံ
များကို အားဖြည့်ရန်အတွက် ရွှံ့နှင့် မြက်ခြောက်များကို အသုံးပြုကာ မြက်တဲများ ဆောက်ရန် မြေပြန့်တစ်ကွက်ကို တွေ့ရှိခဲ့သည်။ ညဘက်တွင် လူ ၄၀ သည် မြက်ခြောက်ပေါ်တွင် အိပ်ကြသည်။ ဤနည်းဖြင့် အအေးဒဏ်ကို ခံစားရမည်မဟုတ်ပေ။
လင်းယွမ်က အစားအသောက်များကို ပြင်ဆင်ပြီး သူ့မြေဆီသို့ ထွက်ခွာသွားသည့်အခါ သူနှင့်အတူ သယ်သွားခဲ့၏။
ဆန်ကြမ်းများနှင့် ဆန်ချောများ ရှိသော်လည်း ၎င်းတို့က ဆန်ကြမ်းများကို စားလေ့ရှိသည်။ ဆန်ချောများကိုမူ သုံးရက်တစ်ကြိမ် စား၏။ ဗိုက်ဆာနေသေးပါလျှင် ဆန်ကြမ်းများနှင့် ပေါင်းလိုက်သည်။
"အရင်ကနဲ့ ယှဉ်ရင် ပိုကောင်းလာတယ်။" လူတစ်ဦးသည် ဂျုံယာဂုပန်းကန်ကို ကိုင်ထားသည် ၎င်းက နည်းသော်လည်း အနည်းဆုံး ထမင်းဖြူ ရှိနေသည်။ သူဟာ သေသေချာချာ သောက်လိုက်ပြီး ကျေနပ်စွာ သက်ပြင်းချလိုက်၏၊ "အရင်ယာဂု အဖြူမစားရဘူး ဖွဲနုပဲ"
သူ့ဘေးကလူက ပေါက်စီစားနေ၏၊ "မြန်မြန်သောက်၊ ငါ့ပန်းကန်ကပြီးသွားပြီ"
ထိုလူသည် သူ့ကိုလျစ်လျူရှုကာ မြေကြီးကို ပုတ်လိုက်သည်၊ “မနက်ဖြန်သည် စိုက်ပျိုးခြင်းရဲ့အစပဲ။ သူဌေးလေးက ရိတ်သိမ်းမှု ၅၀% လို့ တကယ်ပြောခဲ့တာလား"
ယန်ဇီအန်းသည် မြက်တဲထဲမှ ထွက်လာပြီး သူ၏ လက်ဖဝါးထဲသို့ လေပူများ မှုတ်ထုတ်လိုက်သည်၊ " သူဌေးက ပြောထားပါတယ်၊ သူလည်း ငါတို့ကို မလိမ်ဝံ့ဘူးလို့ ငါထင်တယ် "
ထိုလူက ခေါင်းညိတ်သည်၊ "ဟုတ်တယ်၊ ငါတို့မှာ လူအများကြီးရှိတယ်၊ သူက လိမ်ခဲ့ရင်တောင် သူပြန်စဉ်းစားရမှာပေါ့။"
အနီးနားတွင် ဂျုံယာဂုနှင့် ပေါက်စီစားနေသော ချာတိတ်တစ်ယောက်လည်း မျှော်လင့်ချက်ဖြင့် ပြောသည် ။ “ဒီလောက် ဆန်တွေ အများကြီးရဖို့
အတွက် ကျွန်တော့်မှာ မျှော်လင့်ချက်အများကြီး မထားပါဘူး၊ နေ့တိုင်း ဗိုက်ပြည့်အောင်စားဖို့ပဲ စောင့်နေတယ်။ ပင်ပန်းတာက ဘာမှမဖြစ်ဘူး၊ အရင်တုန်းက အိမ်ဟောင်းမှာ သူဌေးက ကျွန်တော်တို့ကို ၂၀% ပဲပေးပြီး၊ ဗိုက်ထဲမှာ အဆာမရှိဘဲ လယ်လုပ်ရသေးတယ်။"
“ကျွန်တော့်အမေက ကျွန်တော်နဲ့ ကျွန်တော့်ညီတွေအတွက် သူမရဲ့ဝေစုကို သိမ်းထားပြီးတော့ ငတ်သေသွားတယ်။”
“အမေသေပြီးတဲ့ နောက်မှာ အဖေက တောင်ပေါ်မှာ လဲကျပြီး ခြေထောက်ကျိုးလို့ ဆေးဝယ်ဖို့ ပိုက်ဆံမရှိတာနဲ့ သေသွားခဲ့တာ။”
ထိုလူက သက်ပြင်းချလိုက်သည်၊ “ဘယ်သူကများ တူညီတဲ့ အတိတ်မရှိမှာလဲ။”
လူတိုင်းမှာ နာကျင်စရာအတိတ်တွေရှိခဲ့ဖူးရာ ထုတ်ပြောရင်းဖြင့် ဘယ်သူက ပိုသနားစရာကောင်းလဲ ပြိုင်ဆိုင်နေကြမည်လား?
ချာတိတ်က ထိုယောက်ျားကို ပြုံးပြလိုက်သည်၊ “နေ့တိုင်း စားနိုင်သလောက် အပြည့်စားနိုင်ရင် ရပြီ”။
ယန်ဇီအန်းသည် ပေါက်ပြားကိုယူကာ သူ့လူများနှင့်အတူ လယ်လုပ်သည်။ သူသည် မြေယာလုပ်ငန်း လုပ်ကိုင်သော မိသားစုတွင် မွေးဖွားခဲ့ပြီး ပညာရပ်ဆိုင်ရာ သင်ကြားမှုများလည်း ပြုလုပ်ခဲ့သဖြင့် အချို့သော စကားလုံးများကို နားလည်ကာ လယ်ယာလုပ်ငန်းကိုလည်း နားလည်ခဲ့သည်။ သူဟာ သူ့အတိတ်ကို ဘယ်သူ့ကိုမှ မပြောဖူးချေ။
ဇာတိမြို့ဟောင်းရှိ သူ့မိသားစုမှာ ချမ်းသာသောမိသားစုဖြစ်သော်လည်း အငှားလယ်သမားမရှိပေ။ ထိုမြေကို သူ့မိသားစု၏ အစေခံများက အစား စိုက်ပျိုးခဲ့သည်။
နောက်တော့ ဓားပြအုပ်စုက ဖြတ်သွား၏။ ထိုအချိန်တွင် ယန်ဇီအန်းသည် အနီးနားမြို့လေးရှိ သူ့သူငယ်ချင်း၏ နေရာတွင် ရှိနေခဲ့သည်။ သူပြန်လာသောအခါတွင် သူ့ကိုယ်သူ မိဘမဲ့ဖြစ်နေပြီ
ဖြစ်ကြောင်း သတိလိုက်ရပြီး သူ့အိမ်လည်း ပျက်စီးသွားသည် ။
သူ့မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီး သူ၏ နှစ်,နှစ်သားအရွယ် ညီလေးတောင် မလွတ်မြောက်ခဲ့ပေ။
ယခုပင် သူလက်စားချေလိုသော်လည်း လက်စားချေရန် အဘယ်အရာကိုသုံးနိုင်မည်နည်း။ ဒီကောင်တွေက အဲဒီဓားပြတွေနဲ့ သူတို့ဘဝကိုရင်းပြီး တိုက်ခိုက်ကြမှာတဲ့လား။
သူဟာ သူ့ဘဝနှင့် သေခြင်းကို လျစ်လျူရှုနိုင်သော်ခည်း သူ့မိတ်ဆွေများလို လူများအား တောင်းဆိုဖို့ သူ့ထံ၌ ဘာအခွင့်အရေးရှိပါမည်နည်း?
အချိန်ကြာလာသည်နှင့်အမျှ လက်စားချေရန် စိတ်ကူးသည် သူ့နှလုံးသားထဲတွင် နစ်မြုပ်သွားခဲ့သည်။ သူဟာ ဘာမှ ထုတ်မပြောဖူးသလို ယူလည်းမလာပေ။
မနက်စာစား ပြီးသည်နှင့် အလုပ်စဖို့ ပြင်ဆင်ရင်း သူတို့ ဦးတည်ရာဆီ လာနေသည့် လူတစ်စုကို တွေ့လိုက်ရသည်။
ယန်ဇီအန်း: "စိတ်မပူနဲ့! မင်းတို့ပေါက်ပြားတွေကိုယူ။ လေးလံတဲ့အရာတွေကို ယူ!"
၎င်းတို့သာ ဓားပြများဖြစ်လျှင် တိုက်ပွဲဝင်ရန် အသင့်ပြင်ထားရမည်၊ အနည်းဆုံး လက်နက်များ လက်ထဲတွင် ရှိနေသင့်သည်။
လူအုပ်ကြီးသည် ပို၍နီးကပ်လာသည်။ ထိုမှသာလျှင် ယန်ဇီအန်းသည် လီစန်းရုန်မှာ လူအုပ်ကြီးအား ဦးဆောင်လာသည်အား တွေ့ရှိခဲ့ရသည်။
"မင်းတို့အားလုံး လက်နက်ချလိုက်တော့ အစ်ကို တောက်ပဲ" ယန်ဇီအန်း အော်ပြောလိုက်သည် ။
၎င်းကိုကြားသော် သူ့ဘေးကလူတွေက လက်နက်အဖြစ်သုံးဖို့ ကြံစည်ထားသည့် လေးလံသောပစ္စည်းများကို ချလိုက်သည်။
အစ်ကို တောက်က အရင်ရောက်လာပြီး သူ့နောက်ကနေ အင်္ကျီလက်ကြပ်များနှင့် လက်မှုပညာသည်တစ်စု လိုက်လာသည်။ လက်မှုပညာသည်များ၏ နောက်တွင် အဝတ်အစုတ်များနှင့်သာ ဖုံးလွှမ်းထားသော ဒုက္ခသည်များ ပါလာကြကာ ၎င်းတို့အားလုံး အာဟာရချို့တဲ့ပြီး အအေးဒဏ်ကြောင့် တုန်လှုပ်နေကြသည်။ ၎င်းတို့၏ မျက်နှာများသည် မသေချာမရေရာမှုများနှင့် ပြည့်လျက် ဘာလုပ်ရမည်ကို လမ်းပျောက်နေကြောင်း ပြသနေသည်။
ယမန်နေ့မနက်က အရပ်ရှည်ရှည် လူတစ်ယောက် ရောက်လာပြီး ၎င်းတို့အတွက် အလုပ်ရှိကာ တစ်ရက်စာအတွက် တစ်နပ်စာစားရမည်ဟု ပြောလာခဲ့သည်။ ထိုစကားကိုကြားတော့ ဆုံးရှုံးစရာဘာမှမရှိသဖြင့် သူတို့လည်း လိုက်လာသည်။ အများဆုံးတော့ ချမ်းသာသောမိသားစုများက သူတို့ကို ကျွန်စာချုပ်ဖြင့် မိသားစုကျေးကျွန်များဖြစ်အောင် လှည့်စားခြင်းဖြစ်မည်ဟု ထင်ကြသည်။ သို့သော် ကျွန်ဖြစ်ရတာက သူတို့လက်ရှိနေထိုင်ခဲ့တဲ့ နေ့ရက်တွေထက် ပိုကောင်းပါ၏။
မငတ်သေးသရွေ့ ဘာမဆိုလုပ်ရ အဆင်ပြေပါ၏။
"ဒီလူတွေက အိမ်ဆောက်ဖို့လာတာ။" အစ်ကို တောက်က ပြောသည်၊ “လယ်ယာစိုက်တာနဲ့ အဆောက်အဦ ဆောက်တာက နှစ်ဘက်စလုံးကို ထိခိုက်မှာ မဟုတ်ဘူး။”
ယန်ဇီအန်းက ဒုက္ခသည်တွေကို ကြည့်လိုက်သည်၊ "ဒါနဲ့ အစ်ကိုက သူတို့ကို ကြီးကြပ်ဖို့ ဒီမှာ ရောက်နေတာလား"
အစ်ကို တောက်က ပြုံးလိုက်ရာ ဖြူဖွေးသော သွားများကို ပြသလာသည်၊ “သူတို့ကို ဒီတိုင်း ထားလို့မရဘူး။ သူတို့မှာ ခွန်အားမရှိရင် နားထောင်လိမ့်မယ်၊ ခွန်အားနဲ့ စားစရာရှိရင်တော့ ဘယ်သူသိမှာလဲ။”
ယန်ဇီအန်း: "ဒါအမှန်တရားပဲ"
အစ်ကို တောက်သည် ရုတ်တရက် အနားသို့ တိုးလာပြီး ခပ်တိုးတိုးဆိုသည်၊ “ငါ ကြက်ကင်နဲ့ ဝိုင်တချို့
ယူလာပေးတယ်။ ငါတို့နောက်မှ တစ်ခွက် တစ်ဖလားချကြတာပေါ့"
ယန်ဇီအန်းသည် ကြက်ကင်ဟု ပြောသံကို ကြားလိုက်ကာ မျိုသိပ်မရတော့ပေ။ သူစားချင်နေပြီဖြစ်သည်၊ ကြက်ကင်မြည်းခဲ့သည်မှာ ဘယ်တုန်းက နောက်ဆုံးအကြိမ်မှန်းပင် မမှတ်မိတော့ပေ။
ဤနှစ်များတွင် အသားကိုပင် မပြောနှင့် လက်ထဲရှိသမျှ သစ်ပင်အခေါက်နှင့် မြက်ပင်များကိုပင် စားရသည်။
ထွက်ပြေးလာသည့်အခါ လူတော်တော်များများဟာ အစာမှားစားပြီး သူတို့ရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းနှင့် နေထိုင်မကောင်းဖြစ်လာကြသည်။ သူ ယခုအချိန်အထိ အသက်ရှင်နေထိုင်ခဲ့ သည်မှာ ကံကောင်းခြင်းပင်ဖြစ်သည်။
လောလောဆယ်တွင်၊ လက်မှုပညာသည်များသည် ယန်ဇီအန်း၏ လူများဆောက်ပြီးသော တဲများဘေးတွင် ဒုက္ခသည်များကို ပထမဆုံး မြက်တဲများ
ဆောက်ခိုင်းထားသည်။ လက်မှုပညာသည် အဆင့်အတန်းမြင့်မားခြင်းမရှိသော်လည်း စစ်မှန်သောအရည်အချင်းရှိခြင်းကြောင့် လေးစားခံရဆဲဖြစ်သည်။ သူတို့ဆောက်ထားသည့် မြက်ခင်းတဲတွေကတောင် ယန်ဇီအန်းနှင့် သူ့လူတွေဆောက်ထားသည့် တဲတွေထက် ပိုကောင်း၏။
ယန်ဇီအန်းကို ကြက်ကင်စားရန် အစ်ကို တောက်ကခေါ်ထုတ်သွားသည်။
ဝိုင်တစ်ခွက်နှင့် ကြက်ခြေထောက်တစ်ဖက်ဖြင့် အစ်ကိုတောက်က ကျယ်လောင်သော အပြုံးဖြင့် ပြောလာသည်။ "ကောကောက မင်းအတွက် မင်း ညီငယ်နှစ်ယောက်ကို ရှာတွေ့ခဲ့တယ်"
ယန်ဇီအန်း: "...."
ယခင်တုန်းက သူဟာ အစ်ကို တောက်နှင့် ညီအစ်ကိုအဖြစ် သစ္စာဆိုဖို့ လှည့်စားခံခဲ့ရသည်။ ထိုကံမကောင်းသော အပေါင်းအဖော် နှစ်ယောက်သည် သူကဲ့သို့ အလားတူ အတွေ့အကြုံမျိုး ရှိသည်ဟု သူ
ထင်သည်။
အစ်ကို တောက်၊ “မင်းသူတို့ကို သိပါတယ်၊ တစ်ယောက်က ကျန်းကွေ၊ နောက်တစ်ယောက်က လင်းယွမ်။ နောက်ကျတွေ့ရင် သူတို့ကို တတိယညီနဲ့ စတုတ္ထညီလို့ ခေါ်ရမယ်ဆိုတာ မမေ့ပါနဲ့။”
ယန်ဇီအန်းက မိမိဘာသာတွေးပြီး ကြက်ခြေထောက်ကိုကိုက်လိုက်သည်၊ လီစန်းရုန်၏ ဝါသနာကို အခြေခံရလျှင် မကြာမီ သူ့တွင် ပဉ္စမမြောက်ညီ၊ ဆဋ္ဌမညီ၊ သတ္တမမြောက်ညီ၊ အဌမမြောက် ညီများ ရှိလာဦးမည်ဟု ခန့်မှန်းမိသည်။ ရှစ်ဆယ်ယောက်မြောက် အစ်ကိုတောင် ရှိလာနိုင်၏။
ထားလိုက်ပါ၊ ကြက်ကင်စားဖို့ ရှိတာပဲ၊ စိုးရိမ်စရာ အတွေးတွေ မတွေးတာ ပိုကောင်းပါတယ်။
အစ်ကို တောက်က ညီအစ်ကိုအဖြစ် သစ္စာဆိုတိုင်း ကြက်သားစားဖို့ ရှိနေရင် ဒီလုပ်ငန်းက လက်ခံလို့ ရနေတုန်းပဲ။
စာရေးသူ၏ မှတ်ချက်။
“ဒီလူက နေရာတိုင်းမှာ ညီအစ်ကိုအဖြစ် သစ္စာဆိုရတာ ကြိုက်ရုံပဲ၊ ငါ ယန်ဇီအန်းက ငါ့မှာ ညီလေးတွေ အရေအတွက် Nလောက်ရှိတယ်လို့ ဝန်ခံရမှာထက် သေတဲ့အထိ အဆာငတ်ခံလိုက်မယ်၊ ဒါမှမဟုတ် သေကြောင်းကြံလိုက်မယ်။
လီစန်းရုန်: "လာ၊ ကြက်သားတစ်တုံးလောက်လာစား"
ယန်ဇီအန်း: "ကျန်းရှန်း" (တကယ်ကိုမွှေးနေရော)
* ကျန်းရှန်းဆိုတာ ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်တာ ဒါမှမဟုတ် ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းတာမျိုးကို ဖော်ပြချင်တဲ့အခါမှာ အသုံးများတဲ့ တရုတ် အင်တာနက် ဗန်းစကားဖြစ်ပါတယ်။ အဲဒီ့ စကားလုံးရဲ့ဇစ်မြစ်ကတော့ MCက ကျေးလက်ဘက်ကို သွားနေပေမယ့် တစ်ချိန်လုံး မြို့ကိုပဲ ပြန်ချင်နေပြီး သူ့အနေနဲ့ အဲ့နေရာမှာ အစားစားမယ့်အစား ခုန်ချပြီး သေလိုက်မယ်လို့ ညည်းညူတတ်ပေမယ့် နာရီနည်းနည်းကြာတာနဲ့ အစားပြန်စားပြီး "ကျန်းရှန်း"လို့ ပြောတတ်တဲ့ ဇာတ်ကားကနေ လာတာပါ။