အခန်း ၇။ အသွေးအသားမှ ပြာမှုန်ဘဝသို့
အစ်ကို တောက်သည် သစ္စာစောင့်သိမှုနှင့် ညီအစ်ကိုရင်းနှီးမှုကို အလေးအနက်ထားသူတစ်ဦးဖြစ်သည်။ ဝူမြို့မှာရှိသည့် ကုန်သွယ်သူအားလုံးက သူ့ကို ပေါင်းသင်းဖို့ ဆန္ဒရှိကြ၏။ သူသည်လည်း ဆင်းဆင်းရဲရဲ ဇာတိမှ လာသဖြင့် သူ့အိမ်နီးနားချင်းများနှင့် တခြားသာမန်လူများကို နှိပ်စက်ညှဉ်းပန်းတာမျိုး မလုပ်ခဲ့ပေ။ လူများကို အကြွေးတွေ စုဆောင်းရာမှာ ကူညီသည့်အပြင် တစ်စည်းလျှင် ဒင်္ဂါးတစ်ပြားသာ ရနိုင်သည့် ထင်းခွေဖို့ သူ့လူများအား တောင်ပေါ်တက်ရာ၌ ခေါ်သွားရသည်။ ထိုစဉ်တုန်းကတောင်မှ လူများများစားစား မဝယ်ကြပေ။ ချမ်းသာသည့် မိသားစုတချို့ကလွဲလျှင် သာမန်မိသားစုများက ၎င်းတို့ကိုယ်တိုင် ထင်းတွေစုတတ်ကြသည်။
ယနေ့ခေတ်တွင် လူ့အဖွဲ့အစည်းကြီး ပြိုကွဲသွားကာ လောင်းကစားရုံများပင်လျှင် ချမ်းသာသူအချို့သာ ဆော့ကစားနေသဖြင့် ယခင်ကကဲ့သို့ ခမ်းနားကြီးကျယ်မှု မရှိတော့ပေ။ အတိုးများသော ချေးငွေ
ထုတ်ရန် လိုအပ်သည့် လောင်းကစား စွဲလမ်းသူများ အနေဖြင့်လည်း သိသိသာသာ လျော့နည်းသွားသည်။
"ငါတို့ ရောက်ပြီ" အစ်ကိုတောက်က လင်းယွမ်အား မြို့တော်၏ အရှေ့ဘက်အပိုင်းသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
မြို့တော်၏ မြောက်ဘက်အပိုင်းနှင့်ယှဉ်လျှင် အရှေ့ဘက်အပိုင်းအား ဒုက္ခသည်စခန်းဟု သတ်မှတ်၍ရနိုင်သည်။ မည်သည့်အလုပ်မှ ပုံမှန်မရှိသူများသာ ဤနေရာ၌နေ၍ ကာယလုပ်သားအလုပ် သို့မဟုတ် စားဝတ်နေရေးကို ထိမ်းသိမ်းရန် နည်းလမ်းတစ်ခုအဖြစ် လက်ဝတ်လက်စားအချို့ကို ရောင်းချကြသည်။
လျှောက်သွားနေရင်းဖြင့် လင်းယွမ်မှာ ကလေးတစ်စုက ပဲမလိုင်ကိတ်မုန့်ခြောက်တစ်ခုအတွက် ရန်ဖြစ်နေကြသည်ကို မျက်မြင်တွေ့လိုက်ရသည်။ ဤသို့သော စားစရာမျိုးက ဈေးပေါကာ အစာအိမ်ကို ဖြည့်နိုင်သော်လည်း စားဖို့ အင်မတန်ကိုပင် ခက်ခဲပြီး နည်း
နည်းစားရုံနှင့်တင် လည်ချောင်းက နေရမသက်မသာဖြစ်နေလိမ့်မည်။ ခေတ်ပိုကောင်းစဉ်ကာလက ၎င်းမှာ သက်စောင့်ရိက္ခာဖြစ်ခဲ့သည်။
လင်းယွမ်က ထပ်မကြည့်ချင်တော့သဖြင့် ခေါင်းလှည့်လိုက်သည်။
ထိုမြင်ကွင်းက သူ၏ အသိစိတ်ထဲ၌စွဲထင်နေသော်လည်း ကူညီဖို့အတွက်တော့ သူလည်း မတတ်နိုင်သေးပေ။
အစ်ကိုတောက်ကမူ အမူအရာမဲ့ရှိနေဆဲပင်။ သူ ဝူမြို့တော်သို့ ပထမဆုံးအကြိမ်လာရောက်စဉ်က သူလည်း အရှေ့ပိုင်း၌ နေခဲ့ရသဖြင့် မြို့၏ ဤအပိုင်းရှိ အခြေအနေများနှင့် အင်မတန်ရင်းနှီးပါ၏။
"ကျုပ် မတိုင်ခင်က ပြောခဲ့တဲ့ ညီအစ်ကိုရဲ့ မျိုးရိုးနာမည်က ယန်ပဲ၊ အတော်လေးကို သိက္ခာရှိပုံရပြီး အနိုင်မခံအရှုံးမပေးတဲ့ စိတ်မျိုးရှိတယ်။ သူက ဆင်းရဲပေမယ့်လည်း သူ့ကို အထင်သေးရင် ဉာဏ်နည်းရာကျတယ်။" အစ်ကိုတောက်က လင်း
ယွမ်ကိုပြောသည်။
လင်းယွမ်မှာ လက်များကို အုပ်ကိုင်လျက်ဖြင့် စိတ်ရင်းဖြင့် ဖြေလိုက်၏၊ "မလုပ်ဝံ့ပါဘူးဗျာ"
ဤကာလမျိုး၌ မွေးဖွားလာခြင်းမှာ အစားအစာအတွက် တိရိစ္ဆာန်များနှင့် တိုက်ခိုက်ရသည့်ဘဝ၌ နေထိုင်ရခြင်းအပြင် ကိုယ့်ဘဝကို ထိန်းသိမ်းရန်အတွက်လည်း တာဝန်ရှိသေးသည်။ လင်းယွမ်က မိဘမဲ့ဖြစ်သော်လည်း သူ၏ မိဘမဲ့ဂေဟာ၌ အစားအစာများ၊ အဝတ်အစားများ ပြတ်လပ်မနေခဲ့ပေ။ သူ ရင်ဆိုင်ခဲ့ရသည့် အကြီးမားဆုံး ပူဆွေးစရာမှာ သူ့အနေနှင့် အခြားကလေးများနှင့် သွားရည်စာများနှင့် သကြားလုံးများအတွက် တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခြင်းဖြစ်သည်။
၎င်းကို စဉ်းစားရင်း လင်းယွမ်မှာ သူ့ကိုယ်သူလည်း ကံကောင်းသူများအနက် တစ်ဦးဟု ယူဆနိုင်သည်ဟု ခံစားရ၏။
အစ်ကိုတောက်က ၎င်းတို့ရပ်လိုက်သည့် အပြင်ဘက်
နေရာမှနေ၍ နှုတ်ဆက်စကားကို အော်ပြောလိုက်သည်၊ "ညီလေးယန်၊ မင်းဆီကို လူတစ်ယောက် အလည်ခေါ်လာခဲ့တယ်။"
အကြောင်းတိုက်ဆိုင်စွာ ညီလေးယန်ကလည်း ထိုနေ့က အိမ်၌ ရှိနေသည်။ လင်းယွမ်မှာ ခြေသံများနှင့် တံခါးဖွင့်လိုက်သံကို ကြားလိုက်ရ၏။
ထိုလူမှာ လက်ကြပ်အင်္ကျီကို ဝတ်ထားသော်လည်း အစ်ကိုတောက်နှင့်ယှဉ်လိုက်လျှင် ပိုကျစ်လျစ်သည့် ခန္ဓာကိုယ်ရှိသည်။ လက်တစ်ဘက်က ထင်းတစ်စည်းကို သယ်ထားပြီး တစ်နေရာကို ပို့မည့်ပုံရ၏။ သူဟာ အတွင်းထောင့်များက အောက်ဘက်ကို ကွေးနေသော မျက်ရစ်တစ်ထပ်ပါသည့် မျက်ဝန်းများကို လှန်၍ ကြည့်လိုက်ရာ အတော်ကို မာနကြီးပုံ ပေါ်သွားစေပြီး ဤနေရာနှင့် မအပ်စပ်ပုံပင် ပေါ်လာသည်။
"ဘယ်သူများလဲ?" ယန်ဇီအန်းက ထင်းစည်းကို ချကာ ၎င်းတို့ကို ဝင်ခိုင်း၍ တံခါးပိတ်လိုက်သည်။
အစ်ကိုတောက်က ချက်ချင်း ပြန်ဖြေလိုက်သည်၊ "ဒါက ငါ့ရဲ့ အသိညီလေးအသစ်လေ၊ မျိုးရိုးကတော့ လင်း၊ နာမည်ကတော့ ယွမ်။ သူ့မှာ အလုပ်ကိစ္စတောင်းဆိုစရာရှိတာ ညီလေးယန်က ဆန္ဒရှိရဲ့လား?"
ယန်ဇီအန်းက နှုတ်ခမ်းများကို ခါးသီးစွာကွေးညွှတ်ရင်း ပြုံးလိုက်၏၊ "အစ်ကိုတောက် ကျွန်တော့်ကို ကြည့်ဦး၊ အခုရက်ပိုင်း ဘာထင်းမှ မရောင်းရဘူးဖြစ်နေတော့ ကျွန်တော်လည်း ချေး(ဂျီး)များစရာ အကြောင်းအရင်းမရှိဘူးလေ။"
သူ စကားပြောသည့်ဟန်က လူသတ်၍ မီးရှို့သူတစ်ဦးလိုဖြစ်နေပါလျှင်တောင် ပါဝင်ဖို့ ဆန္ဒရှိနေဆဲဖြစ်သည်။
အစ်ကိုတောက်က သက်ပြင်းချလိုက်၏၊ "ငါ့အခြေအနေကလည်း မကြာခင်ကမှ ပိုဆိုးသွားခဲ့တယ်လေ။ အစားအစာ ဈေးနှုန်းတွေကလည်း တက်လာတော့ ဗိုက်ဆာရင်တောင် ငါတို့ထဲက ဘယ်သူမှ မစားသောက်ရဲကြဘဲ အဆာခံဖို့ ပဲကိတ်ခြောက်နည်း
နည်းလောက် ဝါးနေကြရတာ"
လင်းယွမ်မှာ သူ့အနေဖြင့် တစ်ခုခုကိုအမြန်မပြောပါက ဤနှစ်ယောက်မှာ မည်သူက ပိုသနားဖွယ်ကောင်းကြောင်း ဆက်ယှဉ်ပြိုင်နေမည့်ပုံရသည်ကို သိလိုက်ရသဖြင့် အမြန်ပင် အလုပ်သမားခန့်အပ်လိုသည့်အကြောင်းကို ရှင်းပြလိုက်သည်။
ယန်ဇီအန်းက အံ့ဩသွားပုံရ၏၊ "အယောက် ၂၀လား?"
လင်းယွမ်က ခေါင်းငြိမ့်သည်၊ "လုပ်ငန်းက မတည်ငြိမ်သေးတော့ အောင်မြင်ရင် ပိုခန့်ဖို့ စီစဉ်ထားတယ်။"
ပဲပိစပ်ဆီမှာ သူ့အနေနှင့် အချိန်ရှည်ကြာစွာ လုပ်နိုင်သည့် လုပ်ငန်းတော့ မဟုတ်ပေ။ အရေးကြီးဆုံးမှာ ငွေရှာပြီးနောက် မြေနည်းနည်းထပ်ဝယ်ကာ ကျီများ၌ ရိက္ခာဖြည့်ထားရန်ဖြစ်သည်။ သူဝယ်ထားသည့်မြေကလည်း အနီးအနား၌ မည်သည့်လူမှမရှိသလို အရေးကြီးစစ်ပွဲနေရာများနှင့်လည်း အတော်
ကို ဝေးလံလှရာ လာမည့်စစ်ပွဲနှင့် ဆူပူအုံကြွမှုများမှ ဝေးဝေးနေရန် အင်မတန်ကိုမှ သင့်တော်သည်။
"နွေဦးအစောပိုင်းကျရင် လယ်စိုက်ဖို့အတွက် မြေရှင်းဖို့ လူတချို့ကို ရှာရဦးမှာ။" ပြောလိုက်ရင်း ယန်ဇီအန်းမှာ ၎င်းတို့အား အထဲ၌ ထိုင်ရန် ဦးဆောင်ကာ ခေါ်သွားသည်။ ဤသည်မှာ နံရံလေးခုရှိသည့် အင်မတန်ရိုးရှင်းသော အိမ်တစ်အိမ်ပင်။ အရှေ့ပိုင်းရှိ အိမ်များကို ၎င်းတို့၏ နေထိုင်သူများကိုယ်တိုင် တည်ဆောက်ထားကြပြီး မူလက မြက်ခြောက်တဲလေးများဖြစ်ကြသည်။ သို့သော် ရာသီဥတုက တဖြည်းဖြည်းနှင့် အေးလာရာ တစ်ခုတည်းသော ရွေးချယ်စရာက ၎င်းကို ပို၍ ခိုင်မာအောင်လုပ်မည့် နည်းလမ်းရှာရန်ဖြစ်သည်။
နံရံအား ရွံ့နှင့် မြက်ခြောက်ကို သုံး၍ ပြုလုပ်ထားကာ ခေါင်မိုးကတော့ ပိုထူသည့် ကိုင်းမြက်များကို သုံးထား၏။ ဤသို့သော နေအိမ်မျိုးက နေနိုင်ရုံမျှဖြစ်ပြီး ခိုလှုံဖို့အတွက် လုံလောက်ရုံသာရှိသည်။ ၎င်းမှာ ဆောင်းတွင်း၌ အအေး သို့မဟုတ် နွေရာသီ၌ အပူကို များများစားစား မကာကွယ်နိုင်ပေ။
အမှန်မှာ ၎င်းက နေထိုင်ရန် နေရာကောင်းမဟုတ်သော်လည်း အခြားရွေးချယ်စရာမရှိချေ။
လင်းယွမ်: "ကျွန်တော်လည်း အငှားလယ်သမားတွေ ရှာဖို့လိုသေးတယ်။" သူ့ထံ၌ ဤနေရာတွင် မည်သည့် အဆက်အသွယ်မှ မရှိသဖြင့် အငှားလယ်သမားများကို ရှာဖွေရန်က လွယ်ကူသော မလုပ်မဟုတ်ပေ၊ သူသာ ကလိမ်ကကျစ် ပြဿနာသမားများကို ကြုံရလျှင် ခေါင်းကိုက်စရာဖြစ်ပေမည်။
ယန်ဇီအန်းက လယ်ကွင်းအကြောင်းကြားရာ မျက်လုံးများ တောက်ပသွားသည်။ ကာယလုပ်သားများအတွက် အဆင်ပြေဆုံးအလုပ်မှာ လယ်အလုပ်ဖြစ်ပြီး ကျန်အလုပ်များက ဒီတိုင်းအပြောသက်သက်သာဖြစ်သည်။
"အငှားခက ဘယ်လောက်များလဲ?" ယန်ဇီအန်းလည်း မေးလိုက်၏။
လင်းယွမ်: "ရိတ်သိမ်းမှုရဲ့ ၅၀%"
ယန်ဇီအန်းမှာ တံတွေးမြိုချလိုက်မိသည်။
သူဟာ ဘယ်တုန်းကမှ ဤသို့သော ရက်ရောသည့် မြေရှင်မျိုးကို မတွေ့ဖူးချေ။ ဤရက်များတွင် အကြင်နာတတ်ဆုံး မြေရှင်များကပင် အငှားလယ်သမားများအတွက် ၄၀%သာ ချန်ပေးကြလိမ့်မည်။ အကြင်အနာမဲ့သူများက ၂၀%နှုန်းပေးခြင်းမှာ လက်တွေ့ဖြစ်၏။ ဂျုံစပါး ၂၀%က အငှားလယ်သမားများအတွက် ခြစ်ကုတ်သိမ်းထားပါလျှင် စားဝတ်နေရေးကို ထိန်းထားနိုင်ရုံသာဖြစ်သည်။
"လုပ်ကြတာပေါ့" ယန်ဇီအန်းက ပြောသည်၊ "ကျုပ်ဆီမှာ လူ ၆၀ရှိတယ်၊ အယောက် ၂၀ကတော့ ဆီထုတ်ဖို့၊ ၄၀ကတော့ လယ်စိုက်ဖို့ပေါ့"
လင်းယွမ်၏ မျက်လုံးများက ပြူးကျယ်သွား၏၊ "နွေဦးတောင် မရောက်သေးတော့ မြေက မာနေသေးတယ်၊ ဖွင့်တောင် ဖွင့်နိုင်ပါဦးမလား?"
ယန်ဇီအန်းက လက်ယမ်းလိုက်သည်၊ "ကျုပ်တို့က
မူလကတည်းက နေထိုင်ဖို့ လယ်မြေကို အားကိုးရတဲ့ လယ်သမားတွေလေ။ မကြာသေးခင်က ရာသီဥတု နည်းနည်းနွေးလာလို့ မြေကြီးက အဲ့လောက် မမာတော့ဘူးဆိုတော့ ပျိုးမကြဲခင်မှာ မြေကို အသင့်လုပ်ထားလို့ရတာပေါ့။"
လင်းယွမ်မှာ လယ်စိုက်ခြင်းနှင့် ပတ်သက်၍ ဘာမှမသိသော်လည်း ယန်ဇီအန်းဘက်မှ လူများအားလုံးမှာ မူလကတည်းက လယ်သမားဖြစ်ကြရာ ထွန်ယက် စိုက်ပျိုးခြင်းနှင့် ပတ်သက်လာလျှင် ၎င်းတို့ထက်ပို၍ ကျွမ်းကျင်သူ ရှိနိုင်မည်မဟုတ်ပေ။
"အစ်ကိုယန်က ဒီလိုပြောလာမှတော့ ဒီလိုပဲ လုပ်ကြတာပေါ့ဗျာ" လင်းယွမ်က အမြန်ပြောလိုက်၏၊ "ကျွန်တော် လူတချို့ကို အိမ်ဆောက်ခိုင်းဖို့လည်း လိုသေးတယ်။"
သူဟာ အငှားလယ်သမားများအတွက် တိုက်ခန်းများလိုမျိုး အများပိုင် အဆောက်အဦတစ်ခု ဆောက်ဖို့ ပြင်ထား၏။ ဤခေတ်တွင် သေခြင်းတရားက ကိစ္စများစွာကြောင့်ဖြစ်သော်လည်း အများဆုံးက ဖျားနာ
ခြင်းကြောင့်ပင်။ အအေးမိခြင်းကပင် သေခြင်းကိုဖြစ်စေနိုင်ရာ ကျန်သည့် ပြင်းထန်သော ဖျားနာမှုမျိုးအား ထည့်ပြောနေရန်ပင် မလိုတော့။ သူ့အနေဖြင့် သူ၏ အငှားလယ်သမားများကို တစ်ခါပြီး တစ်ခါ အစားထိုးရန်လိုအပ်မည့် တစ်ခါသုံးပစ္စည်းများဖြစ်လာစေရန် ဆန္ဒမရှိပေ။
သူ မတတ်နိုင်သည့်အရာများရှိပါသော်လည်း နေထိုင်မှုအခြေအနေကို တိုးမြှင့်ပေးခြင်းကိုတော့ လုပ်နိုင်ပါ၏။
ဘာမှ ထူးထူးခြားခြားလုပ်စရာမလိုဘဲ သုံးထပ်မြင့်လျှင်ရပြီပင်။ ခြွင်းချက်မှာ ယခုကာလတွင် ကွန်ကရစ်မရှိခြင်းဖြစ်သည်။ သူ့အနေဖြင့် ဘိလပ်မြေနှင့် အုတ်များအစားထိုးရန် ရှာတော့ ရှာနိုင်ပါ၏။ ဈေးကြီးလျှင်လည်း လင်းယွမ်မှာ ကုန်ကျစရိတ်ကို ထောက်ပံ့ပေးနိုင်ဆဲဖြစ်သည်။
အတိုချုံးဆိုရသော် ပိုက်ဆံရှိသရွေ့ လင်းယွမ်မှာ ဤခေတ်ကာလ၏ လက်မှုပညာသည်များနှင့် ပန်းပဲဆရာများအား အထပ်သုံးထပ်ပါ
အဆောက်အဦတစ်ခု ဆောက်ခိုင်းနိုင်ရန် သေချာပါ၏။
လင်းယွမ်မှာ ရှေးခေတ်ကာလ၏ အလုပ်ကြမ်းသမားများကို ဘယ်တုန်းကမှ အထင်မသေးပါချေ။
အရာအားလုံးကို ဆွေးနွေးကာ သဘောတူပြီးသည်နှင့် လင်းယွမ်လည်း လူ အယောက် ၂၀ကို ယာယီ ဆီလုပ်ငန်းအတွက် ငှားရမ်းထားသော မြေကွက်ထံ ဦးဆောင်သွားလိုက်သည်။ ယန်ဇီအန်းကလည်း မြေရှင်းရန် လူများ ခေါ်သွားဖို့ ပြင်ဆင်ထား၏။ ၎င်းတို့အနေဖြင့် လစာကို မဆွေးနွေးရသေးသော်လည်း မြေရှင်းပြီးသည်နှင့် ၎င်းတို့ကပဲ လင်းယွမ်၏ အငှားလယ်သမားများဖြစ်လာလိမ့်မည်ကို သဘောတူထားသည်။ နောက်တစ်မျိုးဆိုရသော် လင်းယွမ်မှာ နေထိုင်ရေးအတွက် ပိုက်ဆံပေးခြင်း ထောက်ပံ့ခြင်းများ လုပ်ဆောင်ဖို့ မလိုဘဲ အစားအစာရှိသည်ကိုသာ အာမခံထားလျှင်ရပြီဖြစ်၏။
ယန်ဇီအန်းက ပြောခဲ့သေး၏၊ "ကျုပ်တို့ ညဘက်ကျ နေပြီး အိပ်ဖို့ တင်းကုပ်တစ်ခုဆောက်လို့ရပါတယ်။
ဘယ်သူမှ အရင်က အအေးဒဏ်ကြောင့် မသေခဲ့ကြပါဘူး။"
လင်းယွမ်: "....ကောင်းပြီလေ"
အစ်ကိုတောက်ကလည်း သူ့လူများကို ခေါ်ဖို့ ပြန်သွားသည်။ အရွယ်ရောက်လူကြီး စုစုပေါင်း အယောက် ၄၀က လင်းယွမ်ရှေ့၌ ရပ်နေသော်လည်း သူဟာ မနေနိုင်အောင် သက်ပြင်းချမိသည်။ အစ်ကိုတောက်လို တောင့်တင်းသည့် ခန္ဓာကိုယ်နှင့်လူများက အရမ်းနည်းရာ အစ်ကိုတောက်က အတိတ်က နေ့ရက်ကောင်းလေးများ ပိုင်ဆိုင်ခဲ့ရသည်ဟုသာ သူပြောနိုင်ပါ၏။
ပျမ်းမျှလူတစ်ယောက်မှာ မည်သည့် အလုပ်ကြမ်းကိုလုပ်သည်ဖြစ်စေ ၎င်းတို့၏ စားသောက်ပုံကလည်း မကောင်းပါလျှင် မည်သည့်ကြွက်သားမှ ထွက်လာမည်မဟုတ်ဘဲ အာဟာရချို့တဲ့ပုံသာ ပေါက်နေလိမ့်မည်။ အနည်းဆုံးတော့ ၎င်းတို့မှာ အရမ်းမအိုသေးဘဲ ခွန်အားတော့ ရှိနေဆဲပါပင်။
သို့သော် ၎င်းတို့ အသက်ရလာသည်နှင့် နာကျင်မှုများ၊ ဖျားနာမှုများကို ခံစားလာရလိမ့်မည်။
အစ်ကိုတောက်၏ လူများထံ၌ မည်သည့်မှီခိုသူမှ မရှိပေ။ ၎င်းတို့အားလုံး ရောက်လာခဲ့သည့်အချိန်ကတည်းက နေရာအနှံ့ပျံ့နှံ့နေပြီးမှ တစ်ရွာတည်းတွင် လာစုနေကြခြင်းဖြစ်သည်။ အစ်ကိုတောက်နောက်ကို လိုက်နေသူများမှာ ၎င်းတို့၏ ကိုယ်ပိုင်မိသားစုများနှင့် အဆက်အသွယ်မရှိကြတော့ပေ။ ယခုတွင် ၎င်းတို့ကိုယ်တိုင်အတွက်သာ တာဝန်ယူထားကြရုံဖြစ်၏။ ဆုံးရှုံးသွားသော မိသားစုများကို ရှာဖို့ကတော့ ၎င်းတို့အနေဖြင့် စဉ်းစားပင် မစဉ်းစားဝံ့ကြချေ။
ရှေးခေတ်ကာလတွင် လောကကြီးက ဤမျှကျယ်ပြန့်ရာ အဆက်အသွယ်မရတော့သည်နှင့် ပြန်ဆုံရန်ခဲယဉ်းလိမ့်မည်။
ယန်ဇီအန်း၏ လူများထံတွင်သာ မှီခိုသူများရှိပါက ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးမှာ ပို၍ပင် ကြီးမားလိမ့်မည်။ အလုပ်ရှိသည်ကိုကြားသော် အားလုံး
ရယ်မောကာ ပြုံးပျော်နေကြ၏။ ၎င်းတို့ ဆာလောင်မှုကို မခံစားဘဲ မနေရသည်မှာ ကြာလှပြီဖြစ်၏။
လူတစ်စုမှာ ဆီလုပ်ငန်းအတွက် ကျန်ခဲ့ကြရသည်။ ပုံမှန်အားဖြင့် ဤသို့သော် လူအုပ်ကြီးအား မြင်ရလေ့မရှိသဖြင့် လမ်းမှ ဖြတ်သွားဖြတ်လာများမှာ ၎င်းတို့ကို သိလိုစွာ ကြည့်လာကြသည်။
သခွားမွှေးစွပ်ပြုတ် သောက်နေသည့် ကလေးတစ်ဦးက မေးလာ၏၊ "မေမေ သူတို့က ဘာလုပ်နေကြတာလဲဟင်?"
အမျိုးသမီးကလည်း မသိပါချေ၊ "မေမေလည်း မသိဘူး"
စူးစမ်းနေကြသည့် ဖြတ်သွားဖြတ်လာများ: "ဒီလောက်လူများတာ လက်နက်တွေ ဘာတွေလည်း မကိုင်ထားတော့ ဘာများ လုပ်နေကြတာပါလိမ့်?"
"ကျုပ်ကိုမေးတာလား? ကျုပ်လည်း သိနေတာ မဟုတ်ဘူး"
မွေးမြူရေးခြံက အင်မတန်ကြီးမားသော်လည်း အတွင်းတွင် မီးဖိုအချို့နှင့် သတ္တုအိုးများ၊ သစ်သား ခွေးခြေခုံများမှလွဲ ကျန်တာမရှိပေ။ အနောက်ဘက်ခြံဝန်း၌ ရေတွင်းတစ်တွင်းရှိသဖြင့် အနည်းဆုံးတော့ ရေရဖို့အဆင်ပြေပါ၏။
လင်းယွမ်က ဆီမည်သို့ ထုတ်ရမည်အား အသေးစိတ် ရှင်းပြလိုက်သည်။ မတိုင်ခင်ရက်တွင် ၎င်းတို့မှာ ပဲပိစပ်များကို အရင် အချဉ်ဖောက်ရမည်ဖြစ်သည်။ ထို့နောက် ဒုတိယနေ့တွင် လုပ်ငန်းစဉ်ကို စတင်နိုင်သည်။
ခေတ်သစ်များကလို ဓာတုပစ္စည်းများအထူးတလည် မရှိသဖြင့် ဆီထုတ်လုပ်ခြင်းက ခေတ်သစ်ကနှင့် မယှဉ်နိုင်ပေ။ သို့သော် အသီးအရွက်များမှ ဆီထုတ်ခြင်းနှင့်ယှဉ်လျှင် အခြေအနေက များစွာ ပိုကောင်းပါ၏။
အရွယ်ရောက်လူတစ်စုက ဆီအိုးရှိ ကွာဟချက်ကို စိုက်ကြည့်ရင်း မျက်လုံးများက မယုံနိုင်ဖြစ်နေကြ
သည်။
"ဒီတော့ ဒါက ဆီပေါ့?"
"အိုး မိုးနတ်မင်းကြီးရေ၊ ဆီကို တကယ်ပဲ ထုတ်လို့်မရဘူးဆို"
အချို့က လင်းယွမ်ကိုမေးလိုက်၏၊ "သူဌေး၊ ဆီက ဘယ်လောက်ကျမှာလဲ?"
လင်းယွမ်: "တစ်ပေါင်ကို ရွှေဒင်္ဂါး ၁၀ပြား"
"အဲ့လောက်ဈေးပေါတယ်ပေါ့!" အမျိုးသားများက အချင်းချင်း ဆွေးနွေးပြီး ထည့်ဝင်ကာ ၎င်းတို့မိသားစုများ သုံးကြည့်နိုင်ရန် ဆီ တစ်ပေါင်လောက်ဝယ်သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။ ဆောင်းဝင်လာပြီးနောက် ၎င်းတို့အနေဖြင့် မည်သည့်ဆီမှ မဝယ်ဝံ့ခဲ့ကြရာ ၎င်းတို့၏ ပုံမှန်စားသောက်ပုံက တစ်နေ့လျှင် *မြန့်ဝေါ်အနည်းငယ်မျှသာရှိသည်။
(မြန့်ဝေါ် = တရုတ်ဒိုးနပ်)
အဆင့်များကို လေ့လာပြီးနောက် လက်တိုလက်တောင်းအလုပ်များကို မရှာတွေ့နိုင်တော့သလို ထင်းများလည်း အလုံအလောက်မရောင်းနိုင်တော့ကတည်းက ၎င်းတို့မှာ အလုပ်စလုပ်လိုက်ကြပြီး အခွင့်အရေးကို အရယူလိုက်ကြသည်။ ပိုက်ဆံမရှိပါလျှင် ၎င်းတို့မှာအဆာငတ်ခံနေရလိမ့်မည်။
လူတစ်ယောက်မှာ အချိန်ကြာ အဆာငတ်ခံနေရလျှင် ဝမ်းပျက်လာမည်ဖြစ်ပြီး သေခြင်းကလည်း မလိုက်လာဘဲ မနေပါချေ။
အစ်ကိုတောက်က တစ်ဘက်၌ ကြီးကြပ်ပေးနေ၏။ အတန်ကြာ စောင့်ကြည့်နေပြီးနောက် သူဟာ မနေနိုင်တော့ဘဲ စိတ်တိုလာမိသည်။ ရေများက ဆီဖြစ်လာသည်ကိုကြည့်ခြင်းမှာ ရေက ပိုက်ဆံဖြစ်လာသည်ကို မြင်နေရသလိုပင်။
ကောင်းကင်က တဖြည်းဖြည်းမှောင်လာပြီး နောက်ဆုံး လိမ္မော်ရောင်အလင်းက နေဝင်ခြင်းနှင့်အတူ ကွယ်ပျောက်သွားသည်။ မွေးမြူရေးခြံက
ဆီမီးအိမ်များဖြင့် လင်းထိန်နေ၏။
လင်းယွမ်က ၎င်းတို့အား ယနေ့အတွက် အနားယူဖို့ ဖြောင်းဖျလိုက်သော်လည်း ဤလူစုကမူ ဆန္ဒမရှိပေ။ ၎င်းတို့မှာ အံ့ဩမှုကြောင့် စိတ်လှုပ်ရှားနေကြဆဲပင်။ ဆီအိုးများ ပိုရလာလေ ၎င်းတို့၏ အောင်မြင်ခြင်းခံစားချက်က လယ်စိုက်ပြီးနောက် ကောက်ပဲသီးနှံများစွာရလာသည့်ခံစားချက်ထက် မလျှော့ပေ။
ထို့အပြင် ဤသည်က ကောက်ရိတ်ခြင်းနှင့် ယှဉ်လျှင် များစွာ ပိုသက်သာသည့်အလုပ်ဖြစ်၏။
"ကောင်းပြီ ဒါဆို ကျွန်တော် အရင်ပြန်တော့မယ်၊ ခင်ဗျားတို့အားလုံး အနားယူဖို့ လုပ်ထားကြပါဦး" လင်းယွမ်က အသိပေးလိုက်၏။
အစ်ကိုတောက်ကလည်း မပြန်ချင်သည်ကို တွေ့ပြီးနောက် သူဟာ အရင်ဆုံးမိမိဘာသာ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။
အစ်ကိုတောက်မှာ သူ့အား အိမ်ပြန်လိုက်ပို့ရန် လူနှစ်ယောက် ထည့်ပေးလိုက်သည်။ လင်းယွမ်လည်း မငြင်းပေ။ သူ့ထံ၌ ရွေးစရာမရှိပါ၊ လက်ရှိတွင် သူဟာ အသက်ငယ်ရွယ်ခြင်းကြောင့် အတော်အားနည်းပြီး လေ့ကျင့်ခန်းလည်း မလုပ်ထားပေ။ သူသာ ဓားပြတစ်ယောက်နှင့်တွေ့ပါက အိမ်အပြန်၌ အရာအားလုံးအချွတ်ခံရခြင်းနှင့် အဆုံးသတ်သွားနိုင်၏။
သူ့ကို အိမ်ပြန်လိုက်ပို့သော လူနှစ်ယောက်က သူ့ထက် သိပ်မကြီးလှဘဲ အသက် ၁၇-၁၈မျှသာ ရှိသည်။ ပထမတွင် ၎င်းတို့က လင်းယွမ်ကို သူဌေးလိုဆက်ဆံသော်လည်း မကြာခင်တွင် ရင်းနှီးလာကြပြီး စကားစပြောလာကြ၏။
"ငါ့ဘဝမှာ ဒီလောက်များတဲ့ ဆီတွေကို မမြင်ဖူးဘူး!"
"ဒီလောက်ဆီတွေနဲ့ဆို ရေတောင် ချိုးလို့ရတယ်!"
၎င်းတို့က လင်းယွမ်ကို စိတ်လှုပ်တရှားမေးလာ၏၊ "သူဌေးလေး၊ ဘယ်လိုလုပ် ဒီနည်းနဲ့ ဆီထုတ်လို့ရတယ်ဆိုတာ သိတာလဲ?"
လင်းယွမ်က အဖြူရောင်မုသားလေး သုံးလိုက်၏၊ "မြောင်ပိုင်းမှာ အလည်ရောက်လာတဲ့ ကုန်သည်တစ်ယောက်က အိမ်တစ်အိမ်ဝယ်ဖို့ ဒီအချက်ကိုသုံးခဲ့တာလေ။"
"သူဌေးလေး၊ သူက သူဌေးလေးကို လိမ်မှာ မကြောက်ဘူးလား?"
"ကုန်သည်တွေက အကြင်နာမဲ့နိုင်တယ်!"
လင်းယွမ်မှာ ၎င်းတို့၏ ဖြူစင်ရိုးသားသော မျက်နှာလေးများကိုကြည့်၍ အသံမထွက်ဘဲ သက်ပြင်းချလိုက်သည်။ သမိုင်းစာအုပ်များက သာမန်လူများကို မှတ်တမ်းမတင်ထားပေ။ ရှင်သန်သူ၏ အသားနှင့်အသွေးတို့က မကြာခင်တွင် လေထဲမှ ပြာမှုန့်များအဖြစ်သို့သာ ပြောင်းလဲသွားပေလိမ့်မည်။