အခန်း ၁၂။ ဒုက္ခသည်များ
၎င်းတို့မှာ လမ်းတလျှောက် ခုန်ပေါက် ယိမ်းထိုးရင်း စိုက်ပျိုးမွေးမြူရေးခြံကို သွားခဲ့ရသည်။ လင်းယွမ်က နှစ်ကြိမ်လောက် အန်ခဲ့သည်။ နောက်ဆုံး၌ တတိယအကြိမ် မအန်မိခင်၌ ရောက်လာခဲ့၏။ ယခင်က မစိုက်ပျိုးရသေးသော မြေအား ရှင်းလင်းကာ မျိုးစေ့များ ပျိုးကြဲထားပြီးဖြစ်သည်။ လင်းယွမ်မှာ ဘာ အစေ့မျိုးမှန်းမသိပါချေ-- ကောလိပ်က သူ့သူငယ်ချင်းများ၏ အပြောအရ သူဟာ *ကောက်ပဲသီးနှံ ငါးမျိုးကိုပင် တစ်မျိုးနှင့် တစ်မျိုးမခွဲခြားနိုင်သော မြို့သားတစ်ယောက်ဖြစ်ရာ လယ်ကွင်းထဲ၌ ထားခဲ့ပါလျှင် မည်သည်က စပါး၊ မည်သည်က ဂျုံ ဖြစ်မည်ကိုပင် မသိပေ။
*(ကောက်ပဲသီးနှံ ငါးမျိုး = နှံစားပြောင်း၊ ပဲပိစပ်၊ နှမ်း၊ ဘာလီ၊ ဆန် သို့မဟုတ် အခြားအမျိုးအစားများလည်း ပါဝင်နိုင်သည်)
ဤသည်မှာ အနည်းငယ် ချဲ့ကားရာကျသော်လည်း မည်သို့ဖြစ်ဖြစ် လင်းယွမ်မှာ စပါးနှင့် ဂျုံအကြား ကွာခြားချက်ကို ပြောနိုင်မည့်ဟု ခံစားရသော်လည်း
သူ့သူငယ်ချင်း၏ စကားများအား ရှင်းလင်းသည့် ဖော်ပြချက်ဟု ယူဆနိုင်သည်။
"သူဌေးလေး" လှည်းမောင်းသူက ခုန်ဆင်းလာပြီး လင်းယွမ်အတွက် ခွေးခြေခုံအမြင့်တစ်ခု ချပေးလာသည်။ လင်းယွမ်က ခုံကိုသုံး၍ ဆင်းကာ သူပိုင်သည့် မြေပေါ်၌ ရပ်လိုက်သည်-- ယခုအချိန်မှ စ၍ သူ့အား အငယ်စား မြေပိုင်ရှင်ဟု ယူဆနိုင်ပြီဖြစ်သည်။
အနာဂတ်၌ သူ့ထံတွင် သားတစ်ယောက်ရှိလာပါလျှင် သူဟာ သူ့သားကို ပြော၍ရသည်၊ "သား ကြည့်လိုက် ဒါက အဖေ အုပ်စိုးတဲ့ အင်ပါယာပဲ"
၎င်းမှာ သိသာစွာပင် မဖြစ်နိုင်ပေ။
ကောင်းကင်မှာ ယခုတွင် မှောင်နေပြီဖြစ်ပြီး လရောင်ကြောင့်သာ မနီးမဝေးမှ မြက်ခြောက်တဲများကို မြင်နိုင်ခြင်း ဖြစ်သည်။ မြက်ခြောက်တဲများ တည်ရှိရာ အပြင်ဘက်၌ မီးဖိုတစ်ခုရှိသည်။ ဤနေရာ၌ ထင်းများစွာရှိပြီး တောင်တန်းနံဘေး၌လည်း ဖြစ်၏။ ဤ
အချိန်၌ အများစုက အိပ်ပျော်နေကြပြီပင်။ လူများက နေထွက်ချိန်၌ နိုးထကြပြီး နေဝင်ချိန်၌ အိပ်ပျော်ကြသည်။ ဆာလောင်နေသည့်သောကမရှိသော ဘဝမှာ များစွာပိုမို ရိုးရှင်းပုံပေါ်၏။
လင်းယွမ်မှာ ၎င်းတို့အား ၎င်းတို့ အနားယူနေကြချိန်၌ သူဌေးရောက်လာခြင်းအား သတင်းပေးလိုရုံနှင့် မနှိုးချင်ပေ။ ထို့ကြောင့် ၎င်းတို့ အုပ်စုလေးမှာ လင်းယွမ်နေရမည့် နေရာသို့ တိတ်တဆိတ်သာ ရောက်လာကြသည်။
အိမ်မှာ ရှုပ်ထွေးသော ဒီဇိုင်းမဟုတ်သော်လည်း အင်မတန် ကြီးမားကာ လူအတော်များများနေဖို့ ဆန့်သည်။
ဤသည်မှာ မြေပိုင်ရှင်တစ်ဦးအတွက် ဇိမ်ကျမှု အနည်းဆုံးအိမ်မျိုးနှင့်တူသော်လည်း လက်တွေ့ဆန်ပါ၏။ လင်းယွမ် အင်မတန် စိတ်တိုင်းကျပါသည်။
စစ်ညန်နှင့် ကျန်လူများက စတင်၍ အထုပ်များဖြည်နေကြသော်လည်း အချိန်က အကန့်အသတ်ရှိ
သောကြောင့် အိပ်ခန်းများကိုသာ ရှင်းလင်း၍ အိပ်ရာများပြင်လိုက်ကြသည်။
"ဒီအိပ်ရာကို ကောင်းကောင်းဆောက်ထားတာပဲ" စစ်ညန်က သစ်သားကို ထိလိုက်သည်။ သူမဟာ လက်မှုပညာသည်မဟုတ်သော်လည်း ဘဝက သူမကို အတွေ့အကြုံပေးခဲ့သည်။
လင်းယွမ်မှာ ၎င်းက ကောင်းသလား ဆိုးသလားကို မပြောနိုင်သဖြင့် ခေါင်းငြိမ့်ကာသာ ဟန်ဆောင်လိုက်သည်။
လျှောက်လာခဲ့စဉ်က သူဟာ ရေတွင်းကို မတွေ့ခဲ့ပေ၊ ရှေ့ဘက်၌ မြစ်တစ်စင်းရှိသော်လည်း မြစ်ရေက ညစ်ပတ်သည်။ မြစ်ရေကိုသုံးရန် သဲများ အနည်ထိုင်သည်ကို စောင့်ပြီးမှာ ကျိုချက်ရမည်ဖြစ်သည်။ ၎င်းမှာ အင်မတန် ကရိကထများသဖြင့် ထိုညက လင်းယွမ်မှာ မျက်နှာသစ်၍ သွားတိုက်ရန်ကို လက်လျှော့လိုက်သည်။ ခြေထောက်ကို မဆေးတော့ဘဲ သူဟာ အိပ်ဖို့ အိပ်ရာပေါ်တက်လိုက်၏။
အခြားလူများကလည်း တူညီသည့် အခြေနေ၌ ရှိနေသည်။
မြင်းလှည်းထဲ၌ တစ်ရက်တာ စီးလာပြီးနောက် သူ၏ တစ်ကိုယ်လုံးက ကိုက်ခဲနေတော့သည်။ လင်းယွမ်မှာ အိပ်ရာထက် လှဲလျောင်းရင်း အာ့လျန်ကို မေးလိုက်၏၊ "အာ့လျန်၊ အရင်က အိမ်မှာ ခြေထောက်မဆေးဘဲ အိပ်လိုက်တဲ့ အချိန်မျိုး ရှိခဲ့ဖူးလား?"
အာ့လျန်က တိုးတိုးတိတ်တိတ်ပြောလာ၏၊ "ရှိပါတယ် သခင်လေး ပင်ပန်းလို့ ဖိနပ်ချွတ်ပြီး ကုတင်ပေါ် တွားတက်သွားတာပဲ"
လင်းယွမ် လေထဲမှ အနံ့ခံကြည့်လိုက်သည်၊ "ငါ့ခြေထောက် မနံတာ တော်သေးတယ်"
အာ့လျန်: "ဒါပေါ့ သခင်လေးက လယ်လုပ်စရာမလိုတော့ ခြေထောက်က ချွေးမထွက်ဘူးလေ။ သေချာပေါက် အနံ့ရှိမှာ မဟုတ်ဘူး"
လင်းယွန်က သူ့အား အထင်အမြင်သေးစွာ ကြည့်လိုက်သည်၊ "မင်းကျတော့ လယ်လုပ်တာ ကျနေတာပဲ"
အာ့လျန်က ပြောကာ မိမိကိုယ်ကို ကျေနပ်နေသည်၊ "အဖေက ပြောတာတော့ သခင်လေးရဲ့ တာဝန်ကို ထမ်းဆောင်နိုင်တာက ကျွန်တော့် အရင်ဘဝမှာ စုဆောင်းခဲ့တဲ့ ကံကောင်းမှုကြောင့်တဲ့"
"မြန်မြန် အိပ်တော့" လင်းယွမ်က အာ့လျန်ကို မီးမှုတ်ခိုင်းလိုက်၏။
နောက်နေ့မနက်၌ လင်းယွမ်မှာ အာ့လျန် နံဘေး၌ နိုးလာသည်။ သူဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ညလယ်ခေါင်၌ မိုးစရွာသည်ကိုပင် သတိမပြုခဲ့မိပေ။ မနက်ခင်း၌ နိုးထလာသည်၌ အတော်ကို အေးစိမ့်နေ၏။ သူဟာ လက်မောင်းများကို ပွတ်၍ အာ့လျန်ကို ဝါဂွမ်းခြုံထည် ထုတ်ခိုင်းကာ ဝတ်လိုက်သည်။
အာ့လျန်: "အစောတုန်းက ကျွန်တော် လီတာ့ယဲနဲ့ ယန်အာ့ယဲကို သွားရှာခဲ့တယ်။ သူတို့ အပြင်မှာ စောင့်
နေကြတယ်။"
(TN: ‘ယဲ’ဆိုတဲ့ စကားလုံးကို အသက်ပိုကြီးတဲ့လူတွေကို တလေးတစားခေါ်တဲ့နေရာမှာ ထည့်သုံးပါတယ်၊ အာ့လျန်က သူတို့ကို သွေးသောက်ညီအစ်ကို အစဉ်အတိုင်း ခေါ်လိုက်တာပါ–– လီတာ့ယဲက လီစန်းရုံဖြစ်ပြီး ယန်အာ့ယဲက ယန်ဇီအန်းဖြစ်ပါတယ်။)
လင်းယွမ်မှာ ခြေအိတ်ဝတ်ရင်း ‘ဘယ်သူက မင်းရဲ့တာ့ယဲလဲ’ဟု တွေးလိုက်မိသည်။ မူလပိုင်ရှင်၏ တာ့ယဲ ရောက်လာတာလား? ဤသို့ ခရီးရှည်ကြီးနှင့် ၎င်းတို့ထက် ခြေတစ်လှမ်းသာ နောက်ကျပြီးမှ ရောက်လာခြင်းဆိုလျှင် ထိုလူမှာ သူက ဤနေရာ၌ စိုက်ပျိုးမွေးမြူရေးခြံတစ်ခုတည်ဆောက်မည်ကို တွက်ချက်နိုင်သည့် ကံကြမ္မာဟောသူတစ်ဦးဖြစ်နေသည်လား?
(TN: တာ့ယဲကို ဦးကြီးကို ဖော်ပြတဲ့နေရာမှာ သုံးသလို နေ့စဉ်သုံးစကားအရလည်း အဆဲစကားအနေနဲ့ပါ သုံးပါတယ်)
"မင်းရဲ့ တာ့ယဲ၊ ယန်တာယဲ့ဆိုတာ ဘယ်သူကို ပြောတာလဲ" လင်းယွမ်၊ "သူတို့ နာမည်ကိုပြော"
အာ့လျန်: "အိုင်း အဲဒါ့ အစ်ကိုတောက်နဲ့ ယန်ဇီအန်းလေ"
လင်းယွမ်: "... ဒါဆိုရင် သူတို့ကို ငါ့လိုပဲ အစ်ကိုလီနဲ့ ဒုတိယအစ်ကို ယန်လို့ပဲခေါ်လေ။ တာ့ယဲတွေ အာ့ယဲတွေ လုပ်မနေနဲ့၊ ထူးဆန်းနေတယ်"
အာ့လျန်က နောက်စေ့ကို ပွတ်လိုက်ပြီး မည်သည်က ထူးဆန်းနေမှန်း မစဉ်းစားတတ်တော့ပေ။
လင်းယွမ်က အခန်းထဲမှ ထွက်လာပြီး အစ်ကိုတောက်နှင့် ယန်ဇီအန်းက ခုံပေါ်၌ ထိုင်နေသည်ကို မြင်လိုက်ရသည်။ ထိုနှစ်ယောက်က ယခင်ကထက် ရာသီဥတုဒဏ်ကို ခံစားထားရပုံရသည်၊ မည်သို့ဆိုစေ ၎င်းတို့မှာ နေ့တိုင်း လယ်ကွင်းထဲသို့ ကြီးကြပ်ရန် နေ့တိုင်းသွားရသည်ပင်။ လင်းယွမ်မှာ ပထမဆုံး နှုတ်ဆက်ဟန်ဖြင့် လက်ကို အုပ်ကိုင်လိုက်ပြီးနောက် ပြောသည်၊ "အစ်ကို ၃ကပြောတယ်၊ မြောက်ပိုင်းကလူတွေက ဘယ်နေရာကိုမဆို ပြေးလာနေကြပြီမို့ ကျွန်တော်တို့ စောစောပြင်ဆင်ထားသင့်တယ်
တဲ့"
အစ်ကိုတောက်၊ "အဲ့လောက်မြန်တယ်လား?"
ယန်ဇီအန်း: "ဘာမှ ကြောက်စရာမလိုပါဘူး၊ ဒီမှာ ငါတို့ကို တောင်တွေက ကာပေးထားတယ်။ တကယ်ပဲ ဝင်လာနေတဲ့ ဒုက္ခသည်တွေရှိမယ်ဆို ငါတို့ဘက်ကို ပြေးလာကြမှာ မဟုတ်ဘူး"
အစ်ကိုတောက်က သိသိသာသာပင် ထပ်တူ မခံစားရသဖြင့် မေးကိုသပ်၍ ပြောသည်၊ "ငါတို့ စိတ်ချနေလို့မရဘူး၊ ဒုက္ခသည်တွေက ဒီနေရာကို မလာပေမယ့် တောင်ပေါ် ဓားပြတွေကျတော့ရော?"
တောင်ပေါ် ဓားပြများမှာ နာမည်အတိုင်းပင် တောင်တန်းများ၌ ကျင်လည်ကျက်စားနေကြသည့် ဓားပြများဖြစ်၏။ အများစုမှာ အရပ်မမြင့်မားသလို လူကောင်မကြီးသည့် သွက်လက်သော လူငယ်များ သို့မဟုတ် သတ်လက်ပိုင်းလူကြီးများဖြင့် ဖွဲ့စည်းထားသဖြင့် တောအုပ်ကို အလွယ်လေးဖြတ်လာနိုင်သည်။
ထိုဓားပြများမှာ ဤနားတဝိုက် မြေရှင်များအတွက် ပြဿနာရင်းမြစ်ဖြစ်နေသည်မှာ ကြာပြီပင်။
မည်သူကမှ အလုယက်မခံလိုကြချေ။ ၎င်းတို့ကို စားနပ်ရိက္ခာပေးခြင်းက ငြိမ်းချမ်းမှုရစေနိုင်သော်လည်း ၎င်းတို့အစားအသောက်ကို ပေးခြင်းက ၎င်းတို့ နှလုံးသားကို နာကျင်စေလိမ့်မည်။
"ကျွန်တော်တို့က ဒီမှာ" ယန်ဇီအန်းက ကြမ်းပြင်၌ ထိုင်ချလိုက်၏။ သူ၏လက်ချောင်းအား ရေထဲနှစ်၍ ၎င်းတို့၏ တည်နေရာကိုပြသော မြေပုံကို သာမန်ကာလျှံကာဆွဲလိုက်သည်၊ "ဒီဘက်မှာက အဓိကလမ်းမကြီး။ လမ်းကြောင်းလေးတစ်ခုကပဲ ဒီနေရာကို ဦးတည်နေပြီး ကုန်သည်လမ်းလည်း မရှိနေဘူး"
"တောင်ပေါ်ဓားပြတွေက ဖြတ်သွားဖြတ်လာ ကုန်သည်တွေနဲ့ သူကြွယ်မြေပိုင်ရှင်တွေကို လုယက်ပေမယ့် တစ်နေရာတည်းမှာပဲ အကြာကြီး မနေကြဘူး။ ငါတို့ တည်နေရာက တောင်ကြားတစ်ခုနဲ့ ဆင်
တဲ့အပြင်ကို ဘာအဓိကလမ်းမှ မရှိသလို နာမည်ကျော် သူကြွယ်မြေပိုင်ရှင်တွေလည်း အနီးအနားမှာ မရှိဘူးလေ။ တောင်ပေါ်ဓားပြတွေအနေနဲ့ ပိုကောင်းတာ လုပ်စရာဘာမှ မရှိရင်တောင် ဒီကိုတော့ လာမှာမဟုတ်ဘူး။"
"ဒုက္ခသည်တွေကလည်း တောင်တန်းတွေဆီ ပြေးလာမှာ မဟုတ်ဘူး။ သူတို့အနေနဲ့ လူတွေရှိတဲ့ မြို့တော်လိုနေရာမျိုးတွေကို ဦးတည်ကြမှာ။ ဒုက္ခသည်တွေသာ တကယ်ပဲ ဒီကိုလာမယ်ဆို ဒီအဓိပ္ပာယ်က ဝူမြို့တော်...."
ယန်ဇီအန်းက သက်ပြင်းချသည်၊ "သူတို့ကို ဝင်ခိုင်းလိုက်ပြီး ဝူမြို့တော် အဆုံးသတ်သွားလိမ့်မယ်၊ အဝင်မခံရင်လည်း ဝူမြို့တော် အဆုံးသတ်သွားမှာ။"
သူ၏ ဆိုလိုရင်းကို လင်းယွမ်နှင့် အစ်ကိုတောက် နှစ်ဦးစလုံး နားလည်ပါ၏။
ဒုက္ခသည်များကို လက်ခံခြင်းဖြင့် ဝူမြို့တော်၏ စားနပ်ရိက္ခာက လူဦးရေတိုးလာခြင်းကို ထောက်ပံ့ဖို့
လုံလောက်မည်မဟုတ်ပေ။ မြို့၏ ဒေသခံများမှာ ကိုယ်တိုင်အတွက်ပင် စားစရာအလုံအလောက်မရှိရာ အပြင်လူများကို မျှဝေရန် ပြောနေဖို့ပင် မလိုချေ။ အချိန်ကျလာလျှင် ဝူမြို့တော်၌ ပဋိပက္ခက ပြင်းထန်လာလိမ့်မည်။ ၎င်းတို့အနေဖြင့် ဝူမြို့တော်မှာ ဤသို့သော ပဋိပက္ခမျိုးတွင် အမိန့်ကို ထိန်းသိမ်းနိုင်ဆဲဖြစ်မည်ဟု မယုံပေ။
သို့သော် မြို့က ဒုက္ခသည်များကို လက်မခံပါလျှင် နောက်ဆုံး၌ ဒုက္ခသည်အရေအတွက် အုပ်လိုက် တိုးလာသည်နှင့် ရှင်သန်ရန်အလို့ငှာ ရက်စက်သည့် နည်းလမ်းများ ကျူးလွန်ဖို့ သတ္တိရှိလာလိမ့်မည်။
ဒုက္ခသည်များ ရောက်လာသည်နှင့် ဝူမြို့တော်က ဘာလုပ်လုပ် အမြဲမှားနေလိမ့်မည်။
လင်းယွမ် သက်ပြင်းချလိုက်ပါ၏၊ "ကျွန်တော် လှည်းမောင်းသူကို ဝူမြို့တော်ကို ၃ရက်အတွင်းသွားခိုင်းပြီး အစ်ကို ၃ဆီ ဒုက္ခသည်တွေကို တွေ့တာနဲ့ ချက်ချင်းလာဖို့ သတင်းပို့ခိုင်းလိုက်မယ်"
ယန်ဇီအန်းက ခေါင်းငြိမ့်၏၊ "ကောင်းပြီ"
အစ်ကိုတောက်က ဘေး၌ထိုင်ပြီး ဘာမှ မပြောပေ။ သူဟာ ပြတင်းပေါက် အပြင်ကိုကြည့်၍ သက်ပြင်းအသာချ၏။ သူ့ထံ၌ သူရဲကောင်းစိတ်ဓာတ်နှင့် တရားမျှတစိတ်တို့ ရှိသော်လည်း ဤသို့သော အခြေအနေမျိုးမှာ ၎င်းတို့အနေဖြင့် သူရဲကောင်းဝင်လုပ်နိုင်သော အခြေအနေမဟုတ်ပေ။
အငတ်ဘေးနှင့် နာကျင်ခံစားမှုကို ရင်ဆိုင်ရခြင်းတွင် ခုခံဖို့ခက်ခဲပြီး လူတိုင်း လမ်းကြောင်းအတိုင်းလိုက်ပါနိုင်ရုံသာ ရှိသည်။
"ပြီးတော့ အစ်ကို ၃ကို ကောလဟာလပါ ဖြန့်ခိုင်းလိုက်မယ်၊ ဒါဆို တခြားလူတွေလည်း ပိုပြီး သတိထားနိုင်မယ်" လင်းယွမ်က ပြောသည်၊ "ပြီးတော့ ဆီစက်ရုံက လူတွေကို လက်နက်နဲ့အတူ လာကြဖို့ ခေါ်လိုက်မယ်"
ဒုက္ခသည်များ တောင်ပိုင်းသို့ ရောက်လာသည်နှင့် ၎င်းတို့အနေဖြင့် မိမိဘာသာ ပုန်းကွယ်၍ ကိုယ်ပိုင်
လောက်ငှရုံသာရှိသည့် အချိန်ကာလကို ကျော်ဖြတ်ရပေမည်။
ဒုက္ခသည်များ နေရာအနှံ့သို့ မပြန့်ခင်တွင်ဖြစ်သည်၊ မဟုတ်ပါက....