🩺 Chapter 18
"ကိုယ်တို့ ဒါကို အိမ်ရောက်မှ ပြောကြမယ်။"
"ကွာရှင်းကြရအောင်။"
ကျိုးဇီကျုံးနှင့် ဟဲရန်ကျယ်တို့ တချိန်တည်းမှာပင် ပြောလိုက်ကြသည်။
သူတို့ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသည့် Damocles ၏ဓားသည် နောက်ဆုံးတွင် ကျဆင်းလာခဲ့ပြီ။ ကျိုးဇီကျုံးသည် သူတွေးထားခဲ့သည်ထက်ပင် ပိုလို့ထိတ်လန့်သွားခဲ့သည်။
ကျိုးဇီကျုံးသည် ဟွာအန်းစွေ့အား အချိန်အကြာကြီးသဘော ကျခဲ့သည်။
သူမ၏ မေဂျာကိုသဘောကျသည်။ သူမ၏ ပွင့်လင်းသည့် မိဘများကိုသဘောကျသည်။ ပျော်ရွှင်သောမိသားစုတွင် ကြီးပြင်းလာခဲ့သည့် သူမ၏တည်ငြိမ်အေးဆေးမှုကိုသဘော ကျသည်။
ဤအရာများသည် ကျိုးဇီကျုံး ငတ်မွတ်နေခဲ့သည့်အရာများဖြစ်သည်။
သူသည် ဟွာအန်းစွေ့ ကို ဤမျှသဘောကျခဲ့ခြင်းမဟုတ်ပေ။ သူမ ပေးသော ခံစားချက်ကို ပိုမိုသဘောကျခဲ့ခြင်းဖြစ်သည်။
ချမ်းသာသောမိသားစုတွင် မွေးဖွားလာသူဖြစ်ပြီး အလွန်အ မင်း ထိန်းချုပ်တတ်သည့် စရိုက်ရှိပြီး သူ၏ခြေလှမ်းတိုင်းကို ဆုံးဖြတ်ပေးသည့် ဖခင်နှင့် ကြီးပြင်းခဲ့ရသည်။
ကျိုးဇီကျုံးသည် ဤဘဝနှင့် သူ၏ဖခင်ကို ရွံမုန်းခဲ့သည်။
သူ့ဖခင်မှ ဟွာအန်းစွေ့ကို အတင်းဖယ်ရှားပစ်ကာ သူမမိသားစုအား ခြိမ်းခြောက်ပြီး သူ့အား ဟဲရန်ကျယ် လက်ထပ်ခိုင်သည့် အချိန်တွင် သူ့ဖခင်နှင့် ဆက်ဆံရေးအား အပြီးအပိုင်ဖြတ်တောက်ပစ်ခဲ့သည်။
ထိုအခိုက်တွင် သူသည် ကမ္ဘာကြီးကို သာမက သူ့ဖခင်အပေါ်မှာပါ မျှော်လင့်ချက် အားလုံးကို ဆုံးရှုံးခဲ့ရသည်။
သူတို့လက်ထပ်ပြီးနောက် သူသည် အမျိုးမျိုးသော ပျက်စီးရာများကို ရှာခဲ့ကာ တဖြည်းဖြည်း ပုပ်သိုးလာခဲ့သည်။
လေးနှစ်မြောက်တွင် အမျိုးသမီးတစ်ဦးသည့် သူ၏သားကို ကိုယ်ဝန်လွယ်ထားရသည်ဟု ကြေညာခဲ့ပြီး ကြီးမားသော အပုတ်အအဲ့ကို ဖြစ်ပွားစေခဲ့သည်။ သို့သော် ထိုနေ့တွင်လည်း ကျိုးဇီကျုံး အိမ်ပြန်ခဲ့သည်။
ဟဲရန်ကျယ်သည် တစ်နေရာတွင် ပုန်းနေပြီး သူ့အား ဓားနှင့် ထိုးလာနိုင်သည်ဟု သူတွေးခဲ့ကာ လပေါင်းများစွာ ဆေးရုံတက်ရန်ပင် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
သို့သော် သူမ ထိုသို့မလုပ်ခဲ့ပေ။ ကလေးသည် သူ့ကလေး ဟုတ်မဟုတ်ကိုသာ မေးမြန်းခဲ့သည်။
ဟဲရန်ကျယ်မှ သူ့အား ကြည့်လာသည့်အကြည့်သည် မည်မျှဝမ်းနည်းနေသည်ကိုပင် သူ မပြောနိုင်တော့ပေ။
ကျိုးဇီကျုံးသည် သူ့ မျက်လုံးများကို ရင်မဆိုင်ရဲခဲ့ပေ။ သူအိမ်ထဲတွင်လည်း မနေနိုင်ခဲ့ပေ။ သူမ အိမ်တွင် ထိုင်ကာ သူ့အား မည်သို့ စောင့်နေခဲ့သည်ကိုလည်း သူတွေးမကြည့်ရဲတော့ပေ။
ဟဲရန်ကျယ်သည် သူ့အာ ပြင်းပြင်းထန်ထန် ရိုက်နှက်လာရန် မျှော်လင့်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နာကျင်မှုသည်သာ သူ၏အပြစ်ရှိစိတ်သည် လျော့ပါးသွားစေနိုင်သောကြောင့်ပင်။
သူသည် ပုပ်သိုးသွားရမည့်လူဖြစ်သည်။
သူ့ကိုယ်သူ ဖျက်ဆီးနေသည်ကို သူ့ဖခင်အားမြင်စေလိုသည်။ သူမျှော်လင့်ချက်များ အားလုံးကို စိတ်ပျက်မှုအဖြစ်ပြောင်းလဲပစ်လိုသည်။
သို့သော် ဟဲရန်ကျယ်သည် သူ့အား ထိုမျက်လုံးများဖြင့် အမြဲကြည့်နေခဲ့ကာ ဤကမ္ဘာကြီးနှင့် သူ့ကို ဆက်သွယ်ပေးခဲ့ကာ လက်မလွှတ်ခဲ့ပေ။
အဆုံးတွင် မူလက သူဖြေရန် ကြံထားသည့် အဖြေကို မျိုချကာ ကလေးသည် သူကလေး မဟုတ်ဟုသာဖြေခဲ့သည်။
ဟဲရန်ကျယ်သည် သူ့စကားကို ယုံကြည်ခဲ့သည် ထိုနေ့မှစ၍ သူ နောက်ကျသည်ထိ အပြင်မှာမနေတော့ပေ။
သူတို့သည် ခဏတာမျှ အေးချမ်းကာ သဟဇာတဖြစ်သည့် ဘဝတွင် နေထိုင်ခဲ့ကြသည်။
သို့သော် ဟဲရန်ကျယ်သည် အလွန်ပျော်ရွှင်နေခြင်းမရှိခဲ့ပေ။ သူမသည် အမြဲလိုလိုပင် နေမကောင်းကာ အားမရှိပုံပေါ်နေခဲ့သည်။
တစ်ချိန်က စွမ်းအားပြည့်ဝခဲ့သည့် နှင်းဆီနီတစ်ပွင့်သည် သူတို့၏ အိမ်ထောင်သက် လေးနှစ်ကြာတွင်တဖြည်းဖြည်းညှိုး နွမ်းလာခဲ့သည်။
ထို့ကြောင့် ပြန်ပေးဆွဲသူများမှ ဟဲရန်ကျယ်နှင့် ဟွာအန်းစွေ့ကြား ရွေးချယ်ခိုင်းခဲ့သောအချိန်က သူသည် ဟွာအန်းစွေ့ကို ရွေးချယ်ခဲ့သည်။
SWAT တပ်ဖွဲ့ဝင်များသည် ပျက်စီးနေသော စက်ရုံအတွင်းသို့ ဝင်ရောက်နေလာပြီဖြစ်သောကြောင့် ကျိုးဇီကျုံးသည် အချိန် နည်းနည်း ဆွဲပေးရန်သာ လိုအပ်ခဲ့သည်။
ဟဲရန်ကျယ်အား ထည့်ထားသည့် သေတ္တာကို ကြည့်ရင်း သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ဟွာအန်းစွေ့ ပြောခဲ့သည့် စကားများကို သတိရသွားမိသည်။ သူ့ဖခင်အပေါ် သူ၏အငြိုးအား လွှတ်ချလိုက်ကာ ဟဲရန်ကျယ်ကိုလည်းလက် လွတ်ပေးလိုက်ရန် ပြောခဲ့သည်။
သူမသည် သူနှင့်အတူ ပျော်ရွှင်စရာမကောင်းသည့် လေးနှစ်တာကို ခံစားခဲ့ရသည်။
ကျိုးဇီကျုံးသည် ဟွာအန်းစွေ့၏အကြံဉာဏ်ကို နားထောင်ပြီး ဟဲရန်ကျယ် သူ့အပေါ် ယုံကြည်မှု လုံးဝကင်းမဲ့သွားစေရန် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ပြန်ပေးဆွဲသူများသည် သူ၏ကံကောင်းမှုနှင့် သူ၏ ရက်စက်မှုတို့အား လှောင်ပြောင်နေကြချိန်တွင် ကျိုးဇီကျုံးသည် ဤအခွင့်အရေးကို အသုံးချကာ သူတို့ထဲမှ တစ်ဦးကို လက်သီးဖြင့် ထိုးလိုက်ကာ သတိလစ်သွားစေခဲ့သည်။
SWAT တပ်ဖွဲ့ဝင်များသည်လည်း အမြန် ဝင်ရောက်လာပြီး ပြန်ပေးဆွဲသူများကို ဖမ်းဆီးသွားခဲ့သည်။
ကျိုးဇီကျုံးသည် အမြန်ပြေးကာ ဟဲရန်ကျယ်၏သေတ္တာကို ဖွင့်လိုက်ချိန်တွင် သူမသည် သတိလစ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျိုးဇီကျုံးသည် ထူးဆန်းစွာဖြင့် စိတ်အေးသွားခဲ့သည်။
သူမသည် သူ၏စကားများကိုကြားသွားဟန်မတူပေ။ ကံကြမ္မာသည် သူတို့နှစ်ဦးကို အတူရှိချင်စေသည်နှင့်တူသည်။
ဒါဆိုလည်း ဒီအတိုင်းပင် ထားလိုက်တော့မည်။
ကျိုးဇီကျုံးသည် ဟဲရန်ကျယ်ကို သယ်ထုတ်နေရင်း အခြေအ နေကို တည်ငြိမ်စွာဖြင့် လက်ခံလိုက်သည်။ သူမသည် အမြဲပင် သူ့ဘဝ အစိတ်အပိုင်းနှင့် သူ၏အိမ်ထောင်ဘက်အဖြစ် ဖြစ်နေမည်ကို လက်ခံလိုက်သည်။
ဟဲရန်ကျယ်သည် အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားခဲ့သည်။ ကျိုးဇီကျုံး သူမကို သယ်ထုတ်လိုက်ချိန်တွင် သူလက်များတွင် စိုစွတ်နေသည်ကို ခံစားမိလိုက်သည်။
သူ့လက်ကို မြှောက်ကြည့်လိုက်ချိန်တွင် သွေးများကို သူတွေ့လိုက်ရသည်။
ထိုနေ့တွင် ကျိုးဇီကျုံးသည် ခွဲစိတ်ခန်းအပြင်ဘက်ရှိ ကော်ရစ်ဒါတွင် စောင့်ဆိုင်းနေရင်း သတင်းဆိုး တစ်ခုပြီး တစ်ခုလက်ခံ ရရှိခဲ့သည်။
ဟဲရန်ကျယ်ထံ ကိုယ်ဝန်ရှိနေခဲ့သည်။ သူမသည် ကလေးအား ဆုံးရှုံးလိုက်ရသည်။ နောက်ထပ် ကလေးရနိုင်တော့မည် မဟုတ်ချေ။
သူသည် သူတို့အိမ်ထောင်ရေးကို အဆုံးသတ်ရန် တွေးနေခဲ့စဉ်က သူ့ဇနီးသည် ထိုသေတ္တာထဲတွင် ကလေးကိုဆုံးရှုံးခဲ့ရသည်။
နှစ်အနည်းငယ်ကြာပြီးနောက်တွင် သူ့ဖခင်သည် နာမကျန်းဖြစ်ပြီး သေဆုံးခဲ့သည်။ သူ မသေဆုံးမီ နောက်ဆုံးအချိန်တွင် သူ့အမှားများကို ဝန်ခံသွားခဲ့သည်။
သူသည် သူ့ဖခင်၏မျှော်လင့်ချက်အတိုင်း ဘာခံစားချက်မှ မပြသည့် ဒုတိယမစ္စတာကျိုးဖြစ်လာခဲ့သည်။
သူဘဝ၏ပထမ နှစ်ဆယ့်ရှစ်နှစ်အား သူ့ဖခင်ဆီမှ တောင်းပန်စကားကို မျှော်လင့်ရင်း အချိန်ဖြုန်းခဲ့သည်။ ယခု သူ “ငါတောင်းပန်ပါတယ်။” ဆိုသည့်မှ စကားကို လက်ခံရချိန် ဘာအဓိပ္ပာယ်မှမရှိမှန်း သဘောပေါက်သွားရသည်။
ထိုတောင်းပန်မှုသည် သူ့ ၂၈ နှစ်အား ပြန်မပေးနိုင်ခဲ့ပါချေ။
ထိုနှစ်များတွင် သူ၏တစ်ဦးတည်းသောသားကိုသတ်ဖြတ်ခဲ့ကာ သူချစ်ရသော မိန်းကလေး၏စိတ်ဝိဉာဥ်ကိုလည်း သတ် ဖြတ်ခဲ့သည်။
သူနှစ်ပေါင်းမျာစွာကြောက်ရွံ့ခဲရသည့်နေ့သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
ကျိုးဇီကျုံးသည် မထိန်းနိုင်ဘဲ တုန်ယင်နေခဲ့ကာ ဟဲရန်ကျယ်အား တောင်းပန်နေသည့် အကြည့်ဖြင့် ကြည့်ကာ "အရင်ဆုံး အိမ်ပြန်ကြရအောင်လေ၊ ကိုယ်တို့ အိမ်မှာစကားပြောကြမယ်"
ဟဲရန်ကျယ် ခေါင်းရမ်းလိုက်သည်။
“ငါပင်ပန်းနေပြီ။ ကွာရှင်းဖို့ကိစ္စကို ရှေ့နေကိုင်တွယ်လိမ့်မယ်”
ကျိုးဇီကျုံး၏ နှုတ်ခမ်းများသည် အနည်းငယ်ဟသွားခဲ့သော် လည်း ချွန်ထက်သည့် အရာတစ်ခုမှာ သူ့လည်ချောင်းထဲ ထိုးဖောက်ဝင်ရောက်နေသကဲ့ပင် စကားတစ်လုံးမျှပင် မထွက်နိုင်ခဲ့ပေ။ သူသည် ဟဲရန်ကျယ် ထွက်ခွာသွားသည်ကိုသာကြည့်နေနိုင်ခဲ့သည်။
နောက်ဆုံးတွင် သူသည် သူ၏ဖခင်၏ ပုံစံအတိုင်း ဖြစ်သွားခဲ့ပြီ။ လူတိုင်းသည် သူ့အား စွန့်ခွာသွားခဲ့ကြသည်။
---
ကျိုးဇီထန်းသည် ဟဲရန်ကျယ်၏ နောက်မှ ကပ်လိုက်လာခဲ့ကာ သူ၏မျက်လုံးများသည်လည်း ကျိုးဇီကျုံးနီးပါးထိတ်လန့်နေခဲ့သည်။
ရှန်းထင်းကျိုး၏ဘေးမှ ဖြတ်သွားချိန်တွင် သူ့အား လိမ်းဆေးပေးလိုက်သည်။
ရှန်းထင်းကျိုးသည် ဒဏ်ရာရထားသော သူ့လက်ကို ညွှန်ပြကာ ပြောလိုက်သည်။
"တစ်နေ့သုံးကြိမ်လိမ်း၊ ရေမထိအောင် တတ်နိုင်သမျှ ဂရုစိုက်"
ဟဲရန်ကျယ် သူ့ကို ကြည့်လိုက်ပြီး သိမ်မွေ့စွာပြောလာခဲ့သည်။
"ငါဒီနေ့ ရှောင်ထန်းနဲ့အတူ လိုက်သွားမှာ၊ ဒေါက်တာရှန်း ငါ့တို့ အိမ်ကို ကားမောင်းပြီး လိုက်ပို့ပေးနိုင်မလား?”
ရှန်းထင်းကျိုးသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်ဆဲပင်။
"ရပါတယ်"
ဟဲရန်ကျယ်မှာ ဒီည သူနှင့်အတူနေမည်ဟု ပြောသည်ကို ကြားသောအခါ ကျိုးဇီထန်း၏တင်းမာနေခဲ့သည့် အာရုံကြောများ သည် အနည်းငယ်ပြေလျော့သွားခဲ့သည်။
ကျိုးဇီထန်း၏အိပ်ခန်းသုံးခန်းပါသည့် တိုက်ခန်းသည် မြို့လယ်ခေါင်တွင် ရှိသည်။ နေထိုင်နိုင်သည့် မာစတာအိမ်ခန်းတစ်ခန်းသာရှိပြီး အခြားခန်းများအား ဂိမ်းကစားသည့် အခန်းအဖြစ် ပြောင်းလဲထားခဲ့သည်။
အိမ်တွင်း အလှဆင်မှုပုံစံသည်လည်း ကျိုးဇီထန်း၏ အကြိုက်အတိုင်းပင်။
ဟဲရန်ကျယ် သဘောမကျမည်ကို စိုးရိမ်သောကြောင့် ကျိုးဇီထန်းသည် သူမအား မာစတာအိပ်ခန်းထဲသို့ အမြန်ပို့ဆောင်ပေးခဲ့သည်။
သူတို့ကို လုံခြုံစွာ အိမ်အရောက် ပို့ဆောင်ပြီးနောက် ရှန်းထင်းကျိုးသည် ထွက်ခွာရန် ပြင်ခဲ့သော်လည်း ကျိုးဇီထန်း သူ့ကို တားလိုက်သည်။
ရှန်းထင်းကျိုး လှမ်းကြည့်လိုက်သည်။
ကျိုးဇီထန်းသည် ကို့ယို့ကားယားနှင့် ပြောလာခဲ့သည်။
“ဒေါက်တာရှန်း၊ ခဏလောက်ထိုင်လို့ရမလား ?”
ရှန်းထင်းကျိုးသည် ထူးဆန်းသည့် ပုံစံရှိသော ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
အချိန်အတော်ကြာပြီးနောက်မှ ကျိုးဇီထန်းသည် စကားစပြောလာခဲ့သည်။
"သူက ကျွန်တော့်ကို ဘာအခေါ်အဝေါ်မှ ခေါ်ခွင့်မပြုခဲ့ဘူး။"
ရှန်းထင်းကျိုး : ဘယ်သူလဲ ?
ကျိုးဇီထန်းသည် ရှန်းထင်းကျိုး နားလည်လား မလည်ဘူးလား ဆိုတာကိုလည်း ဂရုမစိုက်ပေ။ သူ ပြောချင်သည်များကိုသာ ထုတ်ပြောနေခဲ့သည်။
"ကျွန်တော်တို့ စကားတောင် သိပ်မပြောဖြစ်ခဲ့ကြဘူး။ ကျွန် တော် သူ့ကိုကြောက်ခဲ့သည်။ ဒါပေမယ့် သူက ကျွန်တော့်ကို ဂရုမစိုက်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်ကို ပိုက်ဆံပေးတယ်။ သူ့ရဲ့လက်ထောက်ကနေတစ်ဆင့် အမြဲတမ်း သတ်မှတ်ထားတဲ့ပမာဏအတိုင်း တစ်လတစ်ကြိမ်ပို့ပေးတယ်။ သူ အဲဒီ့အကြောင်းကိုတောင်မေ့နေလောက်ပြီ။ သူ ကျွန်တော့်ကို တကယ့်ကို ဂရုမစိုက်ဘူး၊ ဒီနှစ်မျာ ကျွန်တော် အသက်ဘယ်နှနှစ်လောက်ရှိပြီလဲဆိုတာတောင် မသိလောက်ဘူး။"
"ကျွန်တော်က တကယ်ရော သူ့သားဟုတ်ရဲ့လားဆိုတာကို အရင်တကည်း သံသယဝင်နေခဲ့တာ။"
နောက်ဆုံး စာကြောင်းကိုကြားချိန်မှသာ ကျိုးဇီထန်းသည် ကျိုးဇီကျုံးအကြောင်းကို ပြောနေမှန်း ရှန်းထင်းကျိုးသည် နားလည်သွားသည်။
ကျိုးဇီထန်းသည် အလွန်အမင်း စိတ်ပူနေဟန်ပေါ်ကာ သူ့လက် သည်းများကို အဆက်မပြတ်ကိုက်နေခဲ့သည်။
သူ ရှန်းထင်းကျိုးအား ကြည့်ကာ တုန်ယီနေသည့် အသံဖြင့် "ဒေါက်တာရှန်း၊ ကျွန်တော့်ကို ကူပြီး တစ်ခုကြည့်ပေးလို့ရမလား။”
ရှန်းထင်းကျိုး၏ အဖြေကိုပင်မစောင့်ပေ။ သူမတ်တပ်ရပ်ကာ ထိုအရာကို သွားယူသည်။
ထိုအရာသည် စာရွက်အစွန်းများပင် ဝါနေသည့် ဖိုင်တွဲဟောင်းတစ်ခုဖြစ်ပြီး အပေါ်တွင် ရေးထားသည့်စာလုံးများမှာ ရှင်းရှင်း လင်းလင်းမြင်နိုင်သည် - မျိုးရိုးဗီဇစစ်ဆေးရေးစင်တာ။
ကျိုးဇီထန်းသည် သူ့လက်ကိုကိုက်ပြီး သူမျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ကျွန်တော် ဒါကို မကြည့်ရဲလို့၊ တစ်ခါမှ မကြည့်ခဲ့ဖူးဘူး။ ကျွန်တော့်က သူ့သား ဟုတ်၊ မဟုတ် ကြည့်ပေးနိုင်မလား။”
ရှန်းထင်းကျိုး အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း ယူလိုက်သည်။
ဖိုင်တွဲပေါ်ရှိ ကြိုးကိုဖြေလိုက်ကာ အတွင်းရှိစာရွက်များကို ထုတ်ကာ အမြန် ကြည့်လိုက်သည်။
ဖတ်ပြီးချိန်တွင် အပြစ်လုပ်ထားသည့် ကလေးတစ်ယောက်သည် သူ့မိဘထံမှ အပြစ်ဒဏ်ကို စိုးရိမ်စွာစောင့်နေသည်အတိုင်း ဆိုဖာပေါ်တွင် ထိုင်နေသည့် ကျိုးဇီထန်းအား ရှန်းထင်းကျိုး ကြည့်လိုက်သည်။
ရှန်းထင်းကျိုး ပြောလိုက်သည်။
"ဒီမှာပါတဲ့အချက်အရ မင်းနဲ မစ္စစ်ဟဲရန်ကျယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာတော်စပ်မှုတန်ဖိုးက ၁၀၀% ရှိတယ်။ မိခင်နဲ့သား တော် စပ်တယ်လို့ဖော်ပြထားတယ်။”
ကျိုးဇီထန်း မျက်လုံးပြူးသွားကာ မျက်ရည်များဖြင့်ပြည့်လာပြီး ကျဆင်းလာတော့မတတ်ပင်။
သူ့တွင် မိသားစုမရှိတော့ပေ။
သူခြောက်နှစ်မပြည့်မီက သူမိခင်၏ မကျေနပ်ချက်များ၊ နှိပ် စက်မှုများကို သူခံစားခဲ့ရသည်။ ခြောက်နှစ်ပြည့်ပြီးနောက် သူမသည် သူ့အား ကျိုးမိသားစုတွင် စွန့်ပစ်သွားခဲ့ပြီး ယနေ့ထိတိုင် ဘာသတင်းမှ မကြားရတော့ပေ။
ကျိုးမိသားစုတွင်လည်း ကျိုးဇီကျုံးသည် သူ့အား တစ်ခါမှ ဂရုမစိုက်ခဲ့ပါချေ။
သူ့အား ဂရုစိုက်ခဲ့သည့် တစ်ဦးတည်းသောသူမှာ သူ့အား ခေါ်လာခဲ့သည့် ဟဲရန်ကျယ်သာဖြစ်သည်။
သို့သော် သူတိုတွင် သွေးသားတော်စပ်မှုလည်း မရှိခဲ့သလို သူသည် သူမ ခင်ပွန်း၏ တရားမဝင်ကလေးလည်း ဖြစ်နေသေးသည်။
လွန်ခဲ့သည့် နှစ်တွေကတည်းက ကျိုးဇီထန်း လျှို့ဝှက်စွာဖြင့် မျိုးရိုးဗီဇစစ်ဆေးမှုပြုလုပ်ခဲ့သော်လည်း ရလဒ်ကိုတော့ မကြည့်ရဲခဲ့ပေ။ သူသည် ကျိုးဇီကျုံး၏ တရားမဝင်ကလေးဖြစ်သည်ကိုသာ အတည်ပြုလိုက်လျှင် သူသည် ကျိုးဇီကျုံးမှ ဟဲရန်ကျယ်အား သစ္စာဖောက်ခဲ့သည့် သက်သေဖြစ်သွားပေလိမ့်မည်။
အကယ်၍ သူသည် ကျိုးဇီကျုံး၏သား မဟုတ်ပါက ကျိုးမိသားစုမှ အထုတ်ခံရမည်ကိုလည်း ကြောက်ရွံ့ခဲ့သည်။
တစ်ချိန်က မောက်မာပြီးရက်စက်သည့် ခွေးကြီးသည် နောက် ဆုံးတွင် ပြိုလဲသွားခဲ့သည်။
"ဒေါက်တာရှန်း ကျွန်တော့်ကို ဘယ်သူမှ မလိုချင်ကြဘူး။"
သူ့မိခင်သည် သူ့အားစွန့်ပစ်ခဲ့သည်။ ဤနာမည်ခံ ဖခင်ဆိုသူကလည်း သူ့ကို ဘယ်အချိန်မှာမဆိုစွန့်ပစ်နိုင်သည်။ ဟဲရန်ထင်းသည်လည်း ကျန်းကျီကြောင့် သူ့ကိုမကြိုက်ခဲ့ပေ။
ဟဲရန်ကျယ်မှာ ကျိုးဇီကျုံးနှင့် ကွာရှင်းတော့မည်ဖြစ်သည်။ သူမ သူကိုလည်း ထားခဲ့မည်ကိုကျိုးဇီထန်းကြောက်ရွံ့မိသည်။
ဤကမ္ဘာပေါ်တွင် မည်သူမှ သူ့အားမလိုချင်ကြပေ။
ရှန်းထင်းကျိုး မတ်တပ်ရပ်ပြီး သူ့ကိုလှမ်းခေါ်လိုက်သည်။
"ဒီကိုလာခဲ့။"
ကျိုးဇီထန်းသည် ရှန်းထင်းကျိုးအား မျက်ရည်များဖြင့် ကြည့်နေခဲ့ပြီး မလှုပ်ခဲ့ပေ။
ရှန်းထင်းကျိုး သူ့ကို ဆွဲခေါ်ကာ မာစတာအိပ်ခန်းသို့ ခေါ်ဆောင်သွားလိုက်သည်။
ကျိုးဇီထန်းသည် ရှန်းထင်းကျိုးနောက်သို့ နာနာခံခံ လိုက်ခဲ့သော်လည်း တံခါးခေါက်ခိုင်းချိန်မှာတော့ တစ်စုံတစ်ရာကို ကြောက်ရွံ့သွားသကဲသို့ နောက်သို့တွန့်သွားခဲ့သည်။
ရှန်းထင်းကျိုးကိုယ်တိုင်သာ လက်မြှောက်ပြီးတံခါးခေါက်ရတော့သည်။
အတွင်းမှ အသံတစ်သံထွက်လာခဲ့သည်။
"ဝင်လာခဲ့။"
အခန်းတွင်းတွင် နံရံကပ် မီးအိမ်ငယ်များသာ ထွန်းထားပြီး နူးညံသည့် အလင်းတန်းမျာသည် ဟဲရန်ကျယ်၏မျက်နှာပေါ်သို့ ကျရောက်နေကာ ပုံမှန်အားဖြင့် နွေးထွေးလှပသော သူမ၏ မျက်နှာအား ပိုမိုသန့်ရှင်းစင်ကြယ်သွားစေသည်။
ဟဲရန်ကျယ် ချက်ချင်းပင် ရှန်းထင်းကျိုး၏နောက်တွင် ပုန်းနေသည့် ကျိုးဇီထန်းအား မြင်လိုက်ရသည်။ သူ၏မျက်လုံးများမှာနီရဲနေပြီး သနားစရာလေးဖြစ်နေသည်။
ဟဲရန်ကျယ်ဘဝတွင် အရေးကြီးသည့် အမှားကြီးသုံးခုပြုလုပ်ခဲ့ဖူးသည်။
ပထမအမှားမှာ ကျိုးဇီကျုံး မလိုချင်သည်ကို သိသိရက်နှင့် သူနှင့်လက်ထပ်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအမှားမှာ သူတို့ အိမ်ထောင်သက် လေးနှစ်မြောက်ဟွာအန်းစွေ့ပြန်လာချိန်တွင် လက်လွှတ်ရန်ငြင်းဆန်ခဲ့ခြင်းဖြစ် သည်။
ထိုအချိန်က သူမနှင့် ကျိုးဇီကျုံးတို့၏ဆက်ဆံရေးသည် စတင်တိုးတက်လာနေပြီ။ ကလေးမှာ သူ့ကလေးမဟုတ်ကြောင်း သူရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့ကာ ကိစ္စကို ချက် ချင်း ပြတ်ပြတ်သားသားဖြေရှင်းခဲ့သည်။ နောက်ထပ် အကျင့်ပျက်မှုများကိုလည်း ရှောင်ကြဉ်လာခဲ့သည်။
ထိုအချိန်မှာ သူမ ကိုယ်ဝန်ရှိလာခဲ့သည်။
ဟဲရန်ကျယ် ကိုယ်ဝန်ကြောင့်အလွန်ပျော်ရွှင်ခဲ့သည်။ သို့သော် မကြာခင်မှာပင် ဟွာအန်းစွေ့သည် ပြန်လာခဲ့သည်။
ထိုအချိန်မှာ နှစ်ဘက်မိဘများသည်လည်း သူတို့၏အိမ်ထောင် ရေးအပေါ် ယုံကြည်မှုကင်းမဲ့လာနေပြီဖြစ်သည်။ ကျိုးဇီကျုံးနှင့် ဟွာအန်းစွေ့တို့ အကြားတွင် အဓိကအတားအဆီးမှာ မရှိတော့ပေ။
ဟဲရန်ကျယ်သည် အလွန်စိုးရိမ်ခဲ့သည်။ ကျိုးဇီကျုံးသည် ဟွာအန်းစွေ့အား သဘောကျကြောင်း သူမသိသည်။
ထို့ကြောင့် သူမသည် သူ့ကိုယ်ပိုင်ရက်အကန့်အသတ်အား သတ်မှတ်ခဲ့သည်။ အကယ်၍ ကျိုးဇီကျုံးသာ ကိုယ်ဝန်ဆောင် ပထမသုံးလအတွင်း ကွာရှင်းခွင့်တောင်းဆိုလာပါက သူမသဘောတူမည်။ သို့သော် ထိုသုံးလကျော်သွားပါက ကျိုးဇီကျုံး မည်သို့ပင်တွေးပါစေ အရာအားလုံးကိုဖော်ထုတ်လိုက် ကာ ကလေးအတွက် သူ့အားနေခိုင်းခဲ့မည်။
သုံးလကုန်ဆုံးလုနီးပါးရှိနေပြီဖြစ်သည်။ နည်းနည်းလေးသာ ကျန်တော့သည်။
နောက်ပိုင်းတွင် ဟဲရန်ကျယ်သည် သူမ၏အတ္တကြောင့်များ ဤသို့သော အပြစ်ဒဏ်အားခံခဲ့ရသလားဟု မကြာခဏတွေးခဲ့သည်။
ထိုအချိန်မှစ၍ သူမသည် သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် စည်းကမ်းတင်းကြပ်ကာ အခြားသူများကို သည်းခံခဲ့ကာ အတိတ်က သူမ၏ အပြုအမူများအတွက် အပြစ်ဖြေခဲ့ခြင်းဖြစ်သည်။
ကျိုးဇီထန်းသည် ဟဲရန်ကျယ် စိတ်ထားအကောင်းဆုံး ကာလတွင် ပေါ်လာခဲ့ခြင်းသည်။
ထိုသရုပ်ဆောင်မင်းသမီးသည် ကလေးအားမွေးဖွားခဲ့သည်။ နောက်ဆုံးတွင် ဤကလေးသည် ကျိုးမိသားစုထံရောက်ရှိလာခဲ့သည်။
ဟဲရန်ကျယ် မှတ်မိပါသေးသည်။ ထိုနေ့သည် မိုးရွာနေသည့် နေ့တစ်နေ့ ဖြစ်သည်။ ပိန်လှီနေသည့် ကလေးလေးတစ်ဦးသည် ထောင့်တစ်နေရာတွင်ကွေးကာ သူ့မိခင်အား စောင့်နေ သည်ကို သူ ပြတင်းပေါက်မှတစ်ဆင့်ကြည့်နေခဲ့သည်။
ဟဲရန်ကျယ်သည် အချိန်အတန်ကြာအောင်ကြည့်ပြီးနောက် ထီးတစ်လက်ကိုကိုင်ကာ သူ့အပေါ်အုပ်မိုးပေးရင်း သူ့ကို အိမ်ခေါ်လာခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ထိုကလေးသည် ကြီးပြင်းလာခဲ့ပြီ။ ထိုအချိန်ကကဲ့သို့ သနားစရာကောင်းသည့် ပုံစံလေးဖြင့် ရှိနေခဲ့သည်။
ဟဲရန်ကျယ်သည် သူအား အမြဲခေါ်ခဲ့သလိုပင်ခေါ်လိုက်သည်။
"ရှောင်ထန်း”
ဟဲရန်ကျယ်၏ အသံကို ကြားလိုက်သည်နှင့် ကျိုးဇီထန်းသည် ချက်ချင်းပင် ပြေးလာကာ သူမ ရင်ခွင်ထဲသို့ဝင်ရောက်လာခဲ့သည်။
"မား"
ကျိုးဇီထန်းသည် ဟဲရန်ကျယ်အား ဖက်ထားရင်း တုန်ရီနေကာ မျက်ရည်များအား ထိန်းရင်း “ကျွန်တော် မားကိုအမြဲချစ်မှာ၊ အမြဲတမ်း မားရဲ့သားဖြစ်ချင်တယ်။ ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့။”
ဟဲရန်ကျယ် သူ့ခေါင်းကို နူးညံ့စွာ ပွတ်ပေးရင်း “မားက မင်းကို ဘယ်လိုလုပ်စွန့်ပစ်နိုင်မှာလဲကွယ်။”
ကလေးမရှိသည့် မိခင်တစ်ဦး၊ မိခင်မရှိသည့် ကလေးတစ်ဦး သူတို့အချင်းချင်း စတွေ့ခဲ့သည့် အချိန်ကတည်းကပင် တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ကဖြည့်စည်းပေးခဲ့ပြီဖြစ် သည်။
ဟဲရန်ကျယ်သည် သူ့ကလေးကို မည်သို့စွန့်ပစ်နိုင်မည်နည်း ?
ရှန်းထင်းကျိုးသည် နံရံကပ်မီးအိမ်များ၏အလင်းထဲတွင် တွေ့မြင်ရသည် နွေးထွေးမှုအား ကြည့်လိုက်ပြီးနောက် တိတ်ဆိတ် စွာ တံခါးကိုပြန်ပိတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဟဲရန်ကျယ်သည်လှမ်းကြည့်လာခဲ့ပြီး နှုတ်ခမ်းလှုပ်ခါပြောလာခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ ဒေါက်တာရှန်း။"
ရှန်းထင်းကျိုး ခေါင်းညိမ့်ပြလိုက်ပြီး တံခါးကို ပိတ်ပေးလိုက်သည်။