🩺 Chapter 15
ရှုရွှင်း၏ ချောမော၊တည်ငြိမ်သည့် မျက်နှာအား ကြည့်ကာ ရုတ်တရက် ရှန်းထင်းကျိုး တစ်ခု တွေးမိလိုက်သည် −
ကောကော၊ ကျွန်တော် အချိန်မှားပြီး ရောက်လာခဲ့မိတာလား?
ဒါက ဘယ်လို အဓိပ္ပါယ်မရှိတဲ့ အတွေးကြီးလဲ?
ရှန်းထင်းကျိုး ချက်ချင်းခေါင်းယမ်းကာ ဤထူးဆန်းသည့် အသံကို ခေါင်းထဲက ထုတ်ပစ်လိုက်သည်။
သူ ရှုရွှင်းအား ပြုံးပြလိုက်ကာ " အနှောင့်အယှက်မဖြစ်ပါဘူး၊ သူ အခုပဲ ထွက်သွားတော့မှာ။”
ကျိုးဇီထန်းမှာ စိတ်အခြေအနေမကောင်းသည့်အတွက် ရှုရွှင်းကိုပင် မသတိထားမိဘဲ တိတ်ဆိတ်စွာထွက်သွားသည်။
ကျိုးဇီထန်းသည် မျက်မှောင်ကြုပ်လျှက် ဓာတ်လှေကားမစီးဘဲ လှေကားမှ ဆင်းသွားသည်။
သူတို့က ၂၄ ထပ်မှာ ဖြစ်ပြီး ဒီလိုသာ လမ်းလျှောက်ဆင်းသွားရင် သူ့ဒူးကို မညှာတာရာရောက်သည့်ဟု ရှန်းထင်ကျိုးသတိ ပေးချင်ခဲ့သည်။
သို့သော်ငြား ရှုရွှင်းသည် ရှေ့တိုးလာပြီး ရှန်းထင်းကျိုး၏ မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။
ရှန်းထင်းကျိုး အံ့အားသင့်သွားပြီး တစ်ခုခုပြောမည်ကြံချိန်တွင် ရှုရွှင်း သူ့လက်ထဲရှိ ကြောင်အိမ်ကိုမြှောက်ပြလိုက်သည်။
"ဒီမှာ ကြောင်တစ်ကောင်ရှိတယ်"
ရှန်းထင်းကျိုး ချက်ချင်းမျက်လုံးပြူးသွားပြီး အသဲပုံများပင် ထွက်လာတော့သည်။
ရှုရွှင်း ကြောင်အိမ်ကို ကိုင်လျှက် ရှန်းထင်းကျိုး၏ အိမ်ထဲသို့ တုံ့ဆိုင်းခြင်းမရှိဝင်လာခဲ့သည်။
ရှန်းထင်းကျိုး၏ အာရုံ အလုံးစုံကို နှင်းလို ဖြူစွတ်နေသည့် ကြောင်မွေးလေးနှင့် ငွေနှင့် မီးခိုးရောင် အမွှေးဖျားလေးတွေရှိသည့် ကြောင်လေးမှ ဆွဲဆောင်သွားသည်။
ရှုရွှင်း ဆိုဖာပေါ် ထိုင်ကာ ကြောင်အိမ်ကို သူ့ပေါင်ပေါ် တင်လိုက်သည်။
ရှန်းထင်းကျိုး အနည်းငယ် တည်ငြိမ်သွားကာ မေးလိုက်၏။
"ဒီငွေရောင် tabby ကြောင်လေးက ဘယ်ကလဲ။”
ရှုရွှင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ငါရှာတွေ့လာတာ။”
ရှန်းထင်းကျိုး တံတွေးမျိုးလိုက်မိကာ ဘယ်မှာ ဒီလိုချစ်စရာကောင်းတဲ့ ကြောင်လေးကို တွေ့နိုင်မလဲဟု တွေးနေမိသည်။
သူ မမေးနိုင်ခင်မှာပင် ရှုရွှင်းမှ သူ့အား အံအားသင့်သွားစေသည်။ “မင်းမှာ ကလေးရှိတာလား”
ရှန်းထင်းကျိုး တံတွေးသီးသွားသည်။ "ဘာ...ဘာကြီး?"
ကလေးလား ?
ကလေးကို အသာထားဦး သူမှာ သူ့ကိုယ်ပိုင်ကြောင်တောင် မရှိသေးဘူး။
ရှုရွှင်း သူ့အား အမှတ်ဖော်လိုက်သည်။ "စုယွီ၊ ကလေး”
ရှန်းထင်းကျိုး ရယ်လည်း ရယ်ချင် ဒေါသလည်းထွက်စွာ ရှင်းပြလိုက်သည်။
"အဲဒါ ဘယ်လိုလုပ် ငါ့ကလေးဖြစ်ရမှာလဲ? နောက်ကျရင်တော့ ခေါင်းကိုင် အဖေဖြစ်ချင်ဖြစ်မှာပေါ့။”
ရှုရွှင်း ထို့နောက် မေးလာသည်။ "ဒါဆို မင်းဘာလိုချင်လဲ - ကြောင်လား၊ ကလေးလား ?"
သူဤသို့ ပြောနေရင်း သူ့ပေါင်ပေါ်ရှိ ကြောင်အိမ်ကိုကိုင်ထားကာ ရှန်းထင်းကျိုးအား ကြည့်နေသည့်အကြည့်မှာ တည်ငြိမ်ပုံပေါ်သော်လည်း အမှန်မှာ အလွန်လေးနက်နေသည်။ ချင်ရှန်းလျန်မှ သူ့သားကိုခေါ် မြို့ပေါ်တက်ပြီး ချန်ရှစ်မင်နှင့် ထိပ် တိုက်ရင်ဆိုင်နေသည့် မြင်ကွင်းအတိုင်းပင်။
ချန်ရှစ်မင် မဟုတ် ရှန်းထင်းကျိုးသည် အံ့အားသင့်သွားသည်။
ဘယ်လိုလုပ် ကြောင်နဲ့ကလေးကို နှိုင်းယှဉ်လို့ရမှာလဲ?
ဒါပေမယ့် သူတကယ်ကို ရွေးရတော့မယ်ဆိုရင်...
ရှန်းထင်းကျိုး အိမ်ထောင်ပြုပြီး ကလေးယူမည့်အကြောင်းကို တွေးမကြည့်ဘူးပေ။ သူ့အိမ်မက်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှာ အငြိမ်းစားယူပြီးလျှင် အိမ်တွင်ကြောင်နည်းနည်းမွေးမည်သာ။
ယခုချိန် ကြောင်မမွေးခြင်းမှာ အစာပြေငါးမုန့်တွေ၊ကြောင်စည်သွပ်ဘူးတွေ အများကြီးဝယ်မပေးနိုင်လို့မဟုတ်ဘဲ၊
အကြောင်းရင်းမှာ သူအလုပ်ရှုပ်လွန်းကာ သူတို့နှင့် အချိန်မဖြုန်းနိုင်သောကြောင့်ပင်။
ရှုရွှင်း ရှန်းထင်းကျိုးအား တည်ငြိမ်၊လေးနက်စွာကြည့်နေပြီး ယနေ့ အဖြေရမှဖြစ်မည်ဆိုသည့် သဘောမျိုးရှိနေသည်။
ဘာရွေးရမလဲ - ကြောင်ကိုလား၊ ကလေးကိုလား ?
အချိန်အကြာကြီး စဉ်းစားပြီးနောက်တွင် ရှန်းထင်းကျိုး နူးညံစွာ ဖြေလိုက်သည်။
"ဒါဆို... ငါကြောင်ကို ရွေးလိုက်မယ်။”
ကလေးများသည် သံသယမရှိ ချစ်ဖို့ကောင်းသည်။ သို့သော် ကြောင်များသည်တော့ ပိုချစ်ဖို့ကောင်းသည်။
ရှုရွှင်း ရှန်းထင်းကျိုး၏အဖြေကို ကျေနပ်သွားပုံပေါ်သည်။ ငွေရောင်ကြောင်လေးကို ကြောင်အိမ်ထဲမှ ထုတ်ကာ ရှန်းထင်းကျိုး လက်မောင်းထဲထည့်ပေးလိုက်ပြီး ရက်ရောစွာပြောလိုက်သည်။
"ပွတ်ပေးလိုက်ပါဦး။"
ဤငွေရောင်ကြောင်လေးသည်လည်း စကားများသည့် ကြောင်လေးပင်။ ရှန်းထင်းကျိုးကို မော့ကြည့်ကာ တမြောင်မြောင်နှင့် အော်နေတော့သည်။
ရှန်းထင်းကျိုး၏နှလုံးသားမှာ အရည်ပျော်သွားပြီး ချက်ချင်း ကြောင်အစာပြေမုန့်ကို ကျွေးလိုက်သည်။
ကြောင်လေးသည် အရွယ်မရောက်သေးသောကြောင့် ရှန်းထင်းကျိုး အများကြီး မကျွေးရဲသေးပေ။ နည်းနည်းပဲ ကျွေးပြီး ပြန်သိမ်းထားလိုက်သည်။
ကြောင်လေးမှာ မုန့်အရသာကို သိသွားပြီးနောက် ရှန်းထင်းကျိုးအား ကပ်ချွဲပြီး မုန့်ကိုင်ထားသည့် လက်ချောင်းများကို လျှာလေးနှင့် လျက်နေသည်။
ရှန်းထင်းကျိုး ကြောင်ကို ပွေ့ထားကာ သူ့၏လက်ချောင်းရှည်များမှာ ကြောင်၏ နူးညံသည့် ဗိုက်လေးအား ငြင်သာစွာ ကုတ်ပေးနေပြီး ကြောင်လေး၏နားကို သူ့မေးစေ့နှင့် ပွတ်နေပုံတို့ကို ရှုရွှင်း တိတ်ဆိတ်စွာ ထိုင်ကြည့်နေခဲ့သည်။
သူသည် မျက်လွှာချထားပြီး သူ့နှုတ်ခမ်းများမှာ အနည်းငယ်ကွေးညွတ်နေကာ သူ့၏မျက်နှာမှာအလင်းတွင် သဟဇာတ ဖြစ်နေပြီး သန့်ရှင်း၊ နူးညံ့သွားစေသည်။
ဒီလောက် မွှေးပျံ့ပြီး နူးညံ့တဲ့ ကြောင်လေး!
ရုတ်တရက် ရှုရွှင်း ကြောင်လေးကိုပြန်ယူကာ ကြောင်အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ယခု လက်ဗလာဖြစ်သွားသည့် ရှန်းထင်းကျိုးမှာ ရှုပ်ထွေးစွာ မော့ကြည့်လိုက်မိသည်။
ဘာလို့ သူ ဆက်ပွတ်လို့ မရတော့တာလဲလို့ ?
ရှုရွှင်း အေးစက်စွာပင် ကြောင်အိမ်ကိုကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး "မှောင်နေပြီ။ ငါတို့ သွားအိပ်တော့မယ်။”
ရှန်းထင်းကျိုးမှာ သူ့ကလေးအား ထိန်းသိမ်းစောင့်ရှောက်ခွင့် ဆုံးရှုံးလိုက်ရပြီး အေးစက်သည့် ပါတနာဟောင်းမှကလေးအားခေါ်သွားသည်ကို အကူအညီမဲ့စွာ ကြည့်နေရသည့် မိဘတစ်ယောက်လိုခံစားလိုက်ရသည်။
"ဒီကလေး..."
ရှန်းထင်းကျိုး လည်ပင်းမှာ ‘တစ်’သွားပြီး "ဒီကြောင်လေးက အရမ်း ငယ်သေးတယ်။"
ရှုရွှင်း "ငါ သူ့ကို ဂရုစိုက်မယ်။ မင်း သူ့ကို တကယ်ဂရုစိုက်တယ်ဆိုရင် သူနဲ့အချိန်ပိုဖြုန်းပေးလေ။ တစ်ခြားသူရဲ့ ကလေးကိုအာရုံစိုက်နေတာထက်တော့ ပိုကောင်းတာပေါ့။”
ရှန်းထင်းကျိုး : ...
မိသားစုဒရမ်မာထဲရောက်နေသလို ခံစားချက်ကြီးက တကယ်ကြီး စစ်မှန်လာသလိုပဲဟ။
"အဲ့လို မဟုတ်ပါဘူး..."
ရှန်းထင်းကျိုး၏ အသံမှာ အားပျော့သွားသည်။
"ငါပြောချင်တာက ကြောင်တွေက သူတို့ နယ်နိမိတ်ကို ပိုင်ဆိုင်လိုစိတ် ပြင်းပြကြတယ်လေ။ ငွေရောင်ကြောင်လေးက ငယ်သေးတယ်။ သူ့ထက်ပိုကြီးတဲ့ မင်းတို့အိမ်က ကြောင်လေးက အနိုင်ကျင့်မှာ စိုးရိမ်လို့ပါ။”
ဤသည်မှာ "ဒုတိယကလေး" ရှိလာသည့် မိသားစုတိုင်းရင် ဆိုင်ရမည့် ပြဿနာပင်။
ရှုရွှင်း မျက်မှောင်ကြုပ်သွားသည် "သူတို့ကလည်း ရန်ဖြစ်ကြသေးတာလား။"
ရှန်းထင်းကျိုး တည်ငြိမ်စွာ မျက်လုံးမှိတ်လိုက်သည်။
"အရင်ထိုင်ဦး။ ဒီ…..ကြောင်နှစ်ကောင်ကို တည့်အောင် ဘယ် လိုထားကြမယ်ဆိုတာ ပြောကြရအောင်။”
အဲဒါက ကြောင်! ကြောင်တွေပဲ!!! ကြောင်တွေပဲ!!!
ရှန်းထင်းကျိုး စိတ်ထဲကနေ ရေရွတ်နေရသည်။
---
ရှန်းထင်းကျိုး နှင့် ရှုရွှင်း၏ ဆွေးနွေးမှု နောက်ဆုံးရလဒ်အရ ငွေရောင်ကြောင်လေးသည် အခုလောလောဆယ်တွင် ရှန်းထင်းကျိုးဆီမှာ နေလိမ့်မည်။
နောက်နေ့တွင် ရှန်းထင်းကျိုးမှ ကြောင်လေးအား ခေါ်လာပြီး သူတိုအား အချင်းချင်းမိတ်ဆက်ပေးမည်။
ကြောင်ကြီး၏တုံ့ပြန်မှု မပြင်းထန်လျှင် ငွေရောင်ကြောင်လေးသည် မိသားစုထဲတွင် တိုက်ရိုက်ထားခဲ့လို့ရသည်။ မဟုတ်လျှင်တော့ ရှန်းထင်းကျိုးမှ ပြန်ခေါ်သွားပြီး အချင်းချင်းရင်း နှီးသွားစေရန် အချိန်ပိုပေးရလိမ့်မည်။
ငွေရောင်ကြောင်လေးအား ဒီည ဒီမှာအိပ်ခိုင်းရန်ဆုံးဖြတ်လိုက်ပြီးနောက် ရှန်းထင်းကျိုး ရှုရွှင်းအားနွေးထွေးသည့် အပြုံးလေး ပြုံးပြလိုက်သည်။
ရှုရွှင်း ထရပ်ချိန်တွင် ရှန်းထင်းကျိုးလက်အား သတိထားမိလိုက်သည်။ သူ့ညာဘက်လက်တွင် အနာဖေးနှစ်ခုရှိနေပြီး သူချက်ချင်းမေးလိုက်သည်။ “မင်းလက် ဘာဖြစ်ထားတာလဲ?”
ရှန်းထင်းကျိုး အံ့အားသင့်သွားပြီးနောက် လက်ကို မြှောက်လိုက်ကာာ "အာ၊ ဒါလား ? ငါအမှတ်မထင် ခိုက်မိသွားတာပါ။”
ရှုရွှင်း သူ့လက်အား ဆက်ကြည့်နေပြီး "ဘယ်မှာ ခိုက်မိခဲ့တာလဲ ?”
ရှန်းထင်းကျိုး ရှုရွှင်း ဆက်မေးမည်ဟု မထင်သောကြောင် လွှတ်ခနဲ အမှန်အတိုင်းပြောလိုက်မိသည်။
"နေ့လည်ခင်းတုန်းက နှာဗူးတစ်ယောက်နဲ့ တွေ့ခဲ့တာ။”
ရှုရွှင်း မျက်လုံးများ နက်မှောင်သွားပြီး "မင်းရဲ့ အဲ့ဒီအတန်းဖော်လား?"
ရှန်းထင်းကျိုး ပဟေဠိဖြစ်သွားပုံပေါ်ကာ "ဘယ်အတန်းဖော်လဲ? အတန်းဖော် မဟုတ်ပါဘူး။ နေ့လည်ခင်းလောက်က မစ်စတာစုနဲ့အပြင်ထွက်တုန်းက ကုန်တိုက်ထဲမှာ မိန်းကလေးတွေရဲ့ ဓာတ်ပုံကို ရိုက်နေတဲ့ နှာဗူးတစ်ကောင်နဲ့တွေ့ခဲ့တာ။”
ရှုရွှင်း အသံနက်ကြီးနှင့် မေးလိုက်သည်။
“ဘယ်ကုန်တိုက်လဲ?”
ရှန်းထင်းကျိုး ပြန်ဖြေသည်။ “စစ်ရှန့်ကုန်တိုက်မှာ”
ရှုရွှင်း ကုန်တိုက်၏ဘယ်အထပ်နှင့် ရန်ဖြစ်ခဲ့သည့် အချိန်အတိအကျကို မေးလာသည်။
ရှန်းထင်းကျိုး ရှုရွှင်းဘာကြောင့် ဤသို့ မေးနေသည်ကို မသိသော်လည်း အမှန်အတိုင်းဖြေပေးလိုက်သည်။
ထိုနှာဗူးနှင့် ရန်ဖြစ်ခဲ့သည့် အချိန်ကို အတိအကျ မမှတ်မိသော် လည်း စုယွီနှင့် ယွီမင်ယန်တို့ ပြောပုံအရဆို သုံးနာရီလောက်ဖြစ်မည်ထင်။
ဤသို့ပြောပြီးနောက် စုယွီ ယွီမင်ယန်အား အချိန်ကို ပြောခြင်းမှာ ယွီမင်ယန် CCTVကို ကြည့်နိုင်ဖို့ ပြောခြင်းဖြစ်နိုင်သည်ဟု ရှန်းထင်းကျိုး နားလည်သွားသည်။
ရှုရွှင်းလည်း ထိုသို့ ပြုလုပ်ရန် စဥ်စားနေခြင်း ဖြစ်နိုင်သည်။
ရှုရွှင်း၏ စိုးရိမ်နေသည်ကို မြင်သော် ရှန်းထင်းကျိုးပြောလိုက်သည်။
"စိတ်မပူပါနဲ့။ မစ်စတာစုက ရဲတပ်ဖွဲက သူ့သူငယ်ချင်းကို စစ်ဆေးခိုင်းဖို့ အကူအညီတောင်းပြီးပြီ။”
ရှုရွှင်း နှုတ်ခမ်းမှာ အနည်းငယ်တွန့်သွားပြီး သူရှန်းထင်းကျိုးအား ကြည့်လိုက်သည်။
"မစ်စတာစုက မင်း လက်ကိုကျ ဆေးထည့်မပေးဘူးလား?"
ရှုရွှင်း မစ်စတာစုအကြောင်းပြောသည့် အသံမှာ အနည်းငယ် ထူးဆန်းနေသလိုပင် ထေ့ငေါ့နေသလိုတောင် ဖြစ်တော့မည်ဟု ရှန်းထင်းကျိုး ခံစားလိုက်မိသည်။
သို့သော် ရှုရွှင်း မျက်နှာတွင် မည်သည့်ခံစားချက်မှ မရှိကာ သူစုယွီအား ရန်လိုနေစရာ အကြောင်းလည်း မရှိလောက် တွေးလိုက်ကာ ရှန်းထင်းကျိုး အေးဆေးပင် ရှင်းပြလိုက်သည်။
"ဒီဒဏ်ရာက ဆေးထည့်စရာ မလိုဘူးလေ။"
ရှုရွှင်း ‘ဟွန်း’လို့ ပြောလိုက်ပုံပေါ်သည်။ သို့မဟုတ် သူ မပြောလိုက်သည်လည်း ဖြစ်နိုင်သည်။
ကော်ဖီစားပွဲပေါ်တွင် ကျိုးဇီထန်းအား လိမ်းပေးခဲ့သည့် ဆေးဘူးတစ်ဗူးရှိသည်။ ရှုရွှင်း အဲဒါကို ကောက်ကိုင်လိုက်သည်။
"ငါ မင်းကို ဆေးထည့်ပေးမယ်။"
ရှန်းထင်းကျိုး - ... ဒါ အနာသေးသေးလေးပါ။
အဲ့ဒီဆေးက အရမ်းစျေးကြီးတာနော် မဖြုန်းတီးနဲ့။
ရှုရွှင်း ဆေးကိုဖွင့်လိုက်ကာ ရှန်းထင်းကျိုးကို ထိုင်ခိုင်းသည်။
ရှန်းထင်းကျိုး ရွေးချယ်စရာမရှိတော့ဘဲ ထိုင်လိုက်ရသည်။
ရှုရွှင်း ဂွမ်းစကို ဆေးထဲနှစ်လိုက်ကာ ရှန်းထင်းကျိုး၏လက်ကို ကိုင်ပြီး အနာပေါ် လိမ်းပေးလိုက်သည်။
ရိုးရိုးသားသားပြောရရင် မင်းသာ သေချာမကြည့်ဘူးဆိုလျှင် ဤအနာဖေးလေးများကိုမှည့်တွေလို့သာ ထင်မိမှာဖြစ်သည်။
ရှုရွှင်းမှာ အလွန်လေးနက်နေပြီး မျက်မှောင်ကြုပ်နေကာတည်တင်းနေသော်လည်း အပြုအမူများမှာမူ ညင်သာလှသည်။
ရှုရွှင်း၏အလွန်တရာ ချောမောသည့် မျက်နှာအားကြည့်ရင် အတိတ်မှတ်ဉာဏ်တစ်ခုကို ရှန်းထင်းကျိုး အမှတ်ရမိသွားသည်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့သော ထိုညတွင် ရှုရွှင်းသည် သူစိတ်အားငယ်မှု အရိပ်အမြွတ်အနည်းငယ်ကို ပြခဲ့သော်လည်း နောက်တွင် သူထိုသို့ မပြုမူတော့ပေ။
ရာသီဥတု့ပြန်ကောင်းသွားသည်နှင့် တစ်ပြိုင်နက် ရှုရွှင်းသည် သူ၏မူလ ပုံစံဖြစ်သည့် လျှာစောင်းထက်ကာ ကြမ်းတမ်းသူတစ်ယောက်ပြန်ဖြစ်သွားခဲ့သည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်သည်လည်း ချောချောမွေ့မွေ့မရှိခဲ့ပေ။ ရှုရွှင်းသည် သူခြေထောက်များကို လုံးဝ အသုံးမပြုနိုင်ခဲ့ဘဲ မတ်တပ်ရပ်ကိရိယာမှလည်း အကြိမ်ကြိမ်လဲကျကာ တံတောင်ဆစ်တွင် ဒဏ်ရာအကြီးကြီးတစ်ခုပင် ရခဲ့သေးသည်။
ရှန်းထင်းကျိုး ရောက်လာချိန်တွင် ရှုရွှင်းသည် နံရံဘေးတွင် ထိုင်နေပြီး သွေးများ တစက်စက်ကျနေခဲ့သည်။ သူ၏မျက်မှောင်ကြုံ့နေခဲ့ပြီး သူ့ အမူအရာမှာအကဲခတ်ရခက်သော် လည်း သူ့ပုံရိပ်မှာတော အေးစက်မာကြောနေခဲ့သည်။
ကြမ်းပြင်ပေါ်ရှိ သွေးအိုင်ကို မြင်ချိန်တွင် ရှန်းထင်းကျိုး၏ နှလုံးခုန်သံ စည်းချက်လွဲသွားခဲ့သည်။
သူ အမြန်ပင် ရှုရွှင်းထံ သွားကာ ဒဏ်ရာကို ကုသရန် ရှေးဦး သူနာပြုဆေးအိတ်အား ဖွင့်လိုက်သည်။
ရှုရွှင်းမှာ သိသိသာသာပင် စိတ်အခြေအနေကောင်းဟန် မတူပေ။ သူ့အား မုန်တိုင်းထန်သည့် ညတွင် ကြိုးနှင့် တုပ်ခဲ့သည်ကို ပြန်သတိရသွားသည့် ရှန်းထင်းကျိုးမှာ ဒဏ်ရာကို အထူးသတိထားကာ သန့်ရှင်းပေးလိုက်ပြီး သူအား ဒေါသထွက်နေမည်ကို စိုးရိမ်နေခဲ့သည်။
သူအသေးစိတ်လုပ်နေသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွား၍ထင် ရှုရွှင်းသည် သူကို ကြည့်ကာ အသံတုံးတိဖြင့် ပြောလာသည်။
"မင်း ဒီနေ့ နေ့လည်စာ မစားခဲ့ဘူးလား။”
ရှန်းထင်းကျိုး ခဏတာတန့်သွားကာ စိတ်ထဲကတွေးလိုက်မိသည်။ 'သောက်ကလေး၊ နာချင်နေတယ် ထင်တယ်။'
သို့သော် သူ၏ ဆေးပညာ ကျင့်ဝတ်မှာ ရှန်းထင်းကျိုးအား ထိုသို့ လုပ်ဆောင်ခွင့်မပြုပေ။ သူပုံမှန်အတိုင်းသာ ပိုးသတ်ခြင်း၊ ဆေးထည့်ခြင်းနှင့် ဒဏ်ရာကို ပတ်တီးစည်းခြင်းတို့ကို ထိရောက်စွာ လုပ်ဆောင်လိုက်သည်။
အားလုံးလုပ်ပြီးသွားချိန်တွင် ရှန်းထင်းကျိုး ထရပ်ကာ ရှုရွှင်းအား သူ၏အေးစက်သည့် နောက်စေ့အား ပြလိုက်သည်။
သို့သော် ဤသို့ အေးတိအေးသက် ဆက်ဆံမှုမှာ ကြာရှည်မခံခဲ့ပေ။ ရှန်းထင်းကျိုး၏ခြေထောက်သည် မတ်တပ်ရပ်ကိရိယာ ၏သိုင်းကြိုးနှင့် ချိတ်မိသွာခဲ့သည်။
ထိုအချိန် အာဟာရပညာရှင်မှာ နေ့လည်စာနှင့်အတူ ရောက်ရှိလာပြီး ရှန်းထင်းကျိုးသည် ခလုတ်တိုက်သွားကာ ပန်းကန်ထဲသို့ မျက်နှာစိုက်ကျသွားခဲ့သည်။
ရှန်းထင်းကျိုး : ...
အာဟာရပညာရှင် : ...
ကံကောင်းထောက်မစွာ အာဟာရပညာရှင်မှာ အရပ် ၁၈၅ စင်တီမီတာရှိသော ကပြားတစ်ယောက်ဖြစ်သောကြောင့် ရှန်းထင်းကျိုး ရုတ်တရက် သူ့ဆီသို့ လဲကျသွားသော်လည်း ပန်းကန်ကိုင်ထားသည့် လက်များမှာ တည်ငြိမ်နေခဲ့သည်။
ပန်းကန်မှာ မှောက်မသွားသောလည်း စားသုံးရန်ဖြစ်ကာ ရှုရွှင်းမှာလည်း အလွန်ဂျီးများသူဖြစ်သည်။
ရှန်းထင်းကျိုးသည် ရှက်ရွံ့သွားကာ ကို့ယို့ကားယားနှင့် ရှုရွှင်းအား ချောင်းကြည့်လိုက်သည်။
သူထင်သလို ရှုရွှင်းမှာ စိတ်ဆိုးမသွားပဲ အနည်းငယ်ပင် ရယ်ချင်နေသည့်ပုံပင်။
"ကြည့်ပါ့လား၊ မင်း တကယ်ကို မစားရသေးဘူးထင်တယ်"
ရှန်းထင်းကျိုး : ...
ထိုအချိန်က ရှုရွှင်းသည် အလွန် ဒေါသထွက်ချင်စရာကောင်းသည့် လူတစ်ယောက်ဖြစ်ပြီး ယခုလိုဖော်ရွေပျူငှာသောလူမျိုး မဟုတ်ခဲ့ပေ။
ဆေးထည့်ပြီးနောက် ရှုရွှင်းသည် အတင်းပင် ရှန်းထင်းကျိုးအား ပလာစတာကပ်ပေးရန်လုပ်ခဲ့သည်။
ရှန်းထင်းကျိုး သူ့ကို ဆွဲကာ "ငါ့ကို ယုံစမ်းပါ၊ ဒါက တကယ် မလိုပါဘူးဆို…”
ရှုရွှင်း ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်သည်။
---
သူတို့အိမ်သို့ ကြောင်ရောက်လာသည်မှာ ရှားပါးပြီး ရှန်းထင်းကျိုးသည် ကြောင်လေးအား အဖိုးတန်ရတနာတစ်ခုကဲ့သို့ ဆက်ဆံခဲ့သည်။
ညဥ့်နက်သည်အထိ ကြောင်လေးကို ပွတ်သပ်ခဲ့ကာ နောက် ဆုံး ပင်ပန်းလွန်းသွားချိန်မှသာ လဲလျောင်းခဲ့သည်။
သူအိပ်ပျော်ခါနီးတွင် ရုတ်တရက် သံသယများ မြင့်တက်လာခဲ့သည် − ရှုရွှင်း ဘာဖြစ်လို့ ဒီည လာတာပါလိမ့် ?
မကြာမီပင် သူ့ဘေးနားတွင် အမွှေးလုံးလေးအား ခံစားမိလိုက်သောကြောင့် ရှန်းထင်းကျိုး ဤမေးခွန်းအားစဉ်းစားရန် အချိန်မရှိတော့ပေ။
ကြောင်လေးရေ~~~
ရှန်းထင်းကျိုးသည် ကြောင်လေးအား ပျော်ရွှင်စွာဖြင့် နောက်နာရီဝက်ကြာ ထပ်ပွတ်သပ်ပြီးနောက်တွင် ကြောင်လေးမှာ စိတ်မရှည်တော့ပဲ သူ့အား လက်ဖဝါးလေးများနှင့် ရိုက်လာသည်။ ထိုအချိန်မှပဲ သူ သူ့အား လွှတ်ပေးလိုက်သည်။
နောက်နေ့မနက် နံနက်စာစားပြီးချိန်တွင် ရှန်းထင်းကျိုးကြောင် လေးကို ခေါ်ကာ ရှုရွှင်းအိမ်သို့သွားခဲ့သည်။
သေချာပေါက်ပင် ကြောင်ကြီးမှာ ကြောင်ကလေးကို ရန်မူနေပြီး သူ့ကို အဆက်မပြတ် တရှူးရှူးအော်ဟစ်နေသည်။
ဤကြောင်ကလေးသည်လည်း အညံ့မခံဘဲ တက်တက်ကြွကြွပင် ကြောင်ကြီးကိုကုတ်ဖဲ့ကာ ဆူပူနေခဲ့သည်။
ဘာလို့ ဒီချစ်စရာလေး သတ္တဝါလေးတွေများ လိပ်ပြာလေးတွေ လိုက်ဖမ်းရင်း အတူတူမကစားနိုင်ကြတာလဲကွာ?
သက်ပြင်းချကာ ရှန်းထင်းကျိုးသည် ၎င်းတို့ကို ခွဲထားလိုက်ရသည်။
ငွေရောင်ကြောင်လေးကို သူ့ကြောင်အိမ်ထဲ ပြန်ထည့်ကာ ကြောင်ကြီးအား အစာပြေမုန့် ကျွေးလိုက်သည်။
သူ မုန့်ကျွေးနေရင်း ရှုရွှင်းအား ပြောပြနေသည်။၊
"ဒီလိုအခြေအနေမျိုးမှာဆိုရင် မင်း နဂိုရှိနေတဲ့သူကို အရင် စိတ်ချအောင်လုပ်ပေးရမယ်။”
ရှုရွှင်း တိတ်ဆိတ်နေဆဲပင်။
ရှန်းထင်းကျိုး ဆက်ပြောလိုက်သည်။
"အခုလို ကြောင်အသစ်ရောက်လာရင်တောင် သူတို့ကပဲ အချစ်ခံရဆုံးဆိုတာကို မူလနေထိုင်တဲ့သူ သိအောင်လုပ်ပေးရမယ်။ ဒီလိုဆို ကြောင်ပေါက်လေးအပေါ် သူတို့ သိပ်ရန်မလိုကြတော့ဘူး။”
"တကယ်လို့ အရွယ်ရောက်နေတဲ့ကြောင်က ကြောင်ပေါက်လေးကို အနိုင်ကျင့်ရင် ကြောင်ပေါက်လေးကို ကြောင်အိမ်ထဲထည့် ပြီးရင် အရွယ်ရောက်နေတဲ့ ကြောင်က သူ့ရဲ့အနံ့ကို ကျင့်သားရသွားသည်ထိ စောင့်ရမယ်။”
ရှုရွှင်း တိတ်ဆိတ်နေသောကြောင့် ရှန်းထင်းကျိုး လှည့်ကြည့်လိုက်သည်။
ရှုရွှင်း၏မျက်နှာ ချောချောလေးမှာ စူပုတ်နေပြီး သူ့အား မကျေမနပ်နှင့် ကြည့်နေသည်။
ရှန်းထင်းကျိုး : ?
မင်း ဘာလို့ မနာလိုတဲ့ရုပ်ကြီး ဖြစ်နေရပြန်တာတုန်း?
ထိုအချိန် အိမ်တော်ထိန်းက "ဒေါက်တာရှန်း၊ မသိလောက်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ သခင်လေးက ဒီအိမ်ရဲ့မူလနေထိုင်တဲ့သူလေ။”
ရှန်းထင်းကျိုး : ဒါဆို... ငါ ရှုရွှင်းကိုလည်း ကြောင်စာကျွေးသင့်လား ?
စာရေးသူမှတ်ချက်:
အိမ်တော်ထိန်း (ပြုံးနေလျှက်): ဒီနေ့လည်း သခင်လေးကမနာ လိုဖြစ်နေပြန်ပြီ။
*ဒါက ပီကင်း အော်ပရာမှာကကြတဲ့ တရုတ် ပုံပြင်တစ်ပုဒ် ချန်ရှစ်မင်က စာမေးပွဲမှာ အဆင့်၁နဲ့ အောင်သွားပြီး ဘုရင့်သမီးတော်နဲ့လက်ထပ်ရမှာ၊ ဒါပေမယ့် သူက ချင်ရှန်းလျန်နဲ့ လက် ထပ်ထားပြီး သားတစ်ယောက်တောင်ရှိပြီးသား။ ချင်ရှန်းလျန်က သူ့သားကို ခေါ်ပြီး မြို့တက်ခဲ့တယ်။ ဒါမယ့် သူက သူတို့ကို အသိအမှတ်မပြုဘူး။ အဲဒါအပြင် ချင်ရှစ်မင်က သူ့ ဂုဏ် ဒြပ်အတွက် သူ့ဇနီးနဲ့သားကိုသတ်ဖို့ သူ့ကိုယ်ရံတော်ကိုတောင် ခိုင်းခဲ့သေးတာ။ ဒါက ကိုယ်စိတ်ဝင်စားလို့ ရှာကြည့်ထားတာပါ။ တကယ်လို့ ထပ်သိချင်ကြသေးရင် Chen Shimei and Qin Xianglian or “Justice Bao” ဆိုတဲ့ ထိုင်ဝမ်စီးရီးလည်း ရှိပါတယ်။*