no

Font
Theme

အခန်း (၅)

အန်းချန်းချင်း၏ ဒဏ်ရာကို ဆေးထည့်ပေးပြီးနောက် ရှောင်းကျစ်ကဲသည် စာကြည့်ခန်းကို ရှင်းလင်းရန် အမိန့်ပေးလိုက်၏။ အန်းချန်းချင်း ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်လိုက်သော ခေါက်ဆွဲပန်းကန်မှာ ထိုနေရာ၌ပင် ရှိနေသေးပေသည်။

ဝင်လာသော အစေခံမှာ စောစောက အခြေအတင်ဖြစ်သံကို ကြားထားပြီးဖြစ်ရာ ခေါင်းမော့ကြည့်ရန်ပင် မရဲသကဲ့သို့ အသက်ပြင်းပြင်းပင် မရှူဝံ့ချေ။ ကွဲအက်နေသော ခေါက်ဆွဲပန်းကန်ကို မြင်သောအခါ သူသည် အန်းချန်းချင်းအတွက်သာ စိတ်မကောင်း ဖြစ်မိပေသည်။ မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့မှာတင် မင်းသားကို စိတ်ဆိုးအောင် လုပ်မိလေပြီ။ အန်းချန်းချင်း၏ ရှေ့ရေးမှာ ပို၍ပင် ဆိုးရွားလာတော့မည်ဟု သူ ထင်မြင်မိ၏။

ရှောင်းကျစ်ကဲမှာမူ သူ့ကို အဆောင်မကြီးဆီသို့ ပြန်လည်ခေါ်ဆောင်သွားသော ကြင်ယာတော်ကြောင့် မသိလိုက်ဘဲ အပြစ်တင်စရာ လူဆိုးကြီး ဖြစ်သွားခဲ့ရပေသည်။

အဆောင်မကြီးမှာ မင်္ဂလာဦးညကအတိုင်း မပြောင်းမလဲ ရှိနေသေး၏။ စားပွဲပေါ်တွင် မင်္ဂလာဖယောင်းတိုင်နီများ ရှိနေဆဲဖြစ်ပြီး ကုတင်ပေါ်တွင်လည်း ရွှေရောင်နဂါးပတ်ပုံစံ မွေ့ရာကို ခင်းကျင်းထားဆဲ ဖြစ်ပေသည်။ ပြတင်းပေါက်တွင်လည်း "နှစ်ဆသော ပျော်ရွှင်ခြင်း" စာလုံးကို ကပ်ထားဆဲဖြစ်ရာ ထောင့်တိုင်းတွင် မင်္ဂလာပွဲ မပြီးဆုံးသေးသည့် အငွေ့အသက်များ လွှမ်းမိုးနေ၏။

အခန်းတွင်းရှိ အပူပေးစနစ်မှာလည်း လောင်ကျွမ်းနေဆဲဖြစ်ပြီး သင်းပျံ့သော ရနံ့တစ်ခုမှာ လေထုထဲတွင် ပျံ့နှံ့နေပေသည်။

ရှောင်းကျစ်ကဲ၏ မျက်လုံးများမှာ နက်မှောင်သွားပြီး အရှေ့တွင် လျှောက်နေသော အန်းချန်းချင်း၏ ကျောပြင်ဆီသို့ အမှတ်မထင် စိုက်ကြည့်နေမိ၏။ အန်းချန်းချင်းသည် အခန်းထဲသို့ ရောက်သောအခါ လေးလံသော ဝတ်ရုံကြီးကို ချွတ်လိုက်သဖြင့် ယခုအခါ ငွေရောင်ခါးစည်း ပတ်ထားသော အပြာနုရောင် ဝတ်ရုံပါးလေးကိုသာ ဝတ်ဆင်ထားချေသည်။ သူ၏ ခါးတွင် ပန်းပွင့်ပုံစံ အနုစိတ်ထုံးထားသော ရွှေရောင်ကြိုးလေးဖြင့် ငါးအမွှာကျောက်စိမ်းဆွဲသီးလေးကို ချိတ်ဆွဲထား၏။ သူ လျှောက်လှမ်းလိုက်တိုင်း ထွက်ပေါ်လာသော အသံလေးမှာ ရှောင်းကျစ်ကဲ၏ နားထဲမှတစ်ဆင့် နှလုံးသားအထိ ယားကျိကျိ ဖြစ်စေပေသည်။

ရှောင်းကျစ်ကဲသည် မနေနိုင်ဘဲ လက်လှမ်းလိုက်ရာ အန်းချန်းချင်း၏ ခါးမှာ သူ၏ လက်တစ်ဖက်စာအတွင်း၌ပင် အံဝင်ခွင်ကျ ရှိနေသည်ကို တွေ့လိုက်ရ၏။ မိုးမခပင်လေးကဲ့သို့ပင် အလွန် နုနယ်လွန်းလှသဖြင့် အားအနည်းငယ် ပိုထည့်လိုက်ရုံဖြင့် နာကျင်သွားမည်လားဟု စိုးရိမ်မိပေသည်။

ဤမျှ နုနယ်သော လူသားလေးကို သူ အထူးတလည် ဂရုစိုက်ကာ ကာကွယ်ပေးရမည်ဟု သူ စိတ်ထဲမှ ဆုံးဖြတ်လိုက်မိ၏။

...

သူတို့ စာကြည့်ခန်းမှ ထွက်လာသောအခါ ညနက်နေပြီ ဖြစ်ပေသည်။ အန်းချန်းချင်းသည် အရင်ဆုံး ရေချိုးပြီးနောက် လရောင်ကဲ့သို့ ဖြူလွှသော အိပ်ရာဝင်ဝတ်စုံကို လဲလှယ်ကာ ရှောင်းကျစ်ကဲနှင့်အတူ အိပ်ရန် စောင့်နေ၏။ သူသည် ရေချိုးနေစဉ်အတွင်း အချိန်အတော်ကြာ စဉ်းစားခဲ့ပေသည်။ ရှောင်းကျစ်ကဲသည် ဘာကြောင့် သူ့အပေါ် ချစ်တင်းနှောရန် ငြင်းဆန်နေသည်ကို နားမလည်နိုင်သေးသော်လည်း အဆောင်မကြီးသို့ ပြန်လာအိပ်သည်မှာပင် လုံလောက်လှပြီ ဖြစ်၏။ ဤကဲ့သို့သော ကိစ္စရပ်များကို အတင်းအကျပ် မပြုလုပ်နိုင်သဖြင့် ကံတရားအတိုင်းသာ လွှတ်ထားရန် ဆုံးဖြတ်လိုက်ပေသည်။

ထို့ကြောင့် ရှောင်းကျစ်ကဲ ရေချိုးပြီး ပြန်လာသောအခါ သူ မြင်တွေ့လိုက်ရသည်မှာ ဆံပင်များကို ဖားလျားချထားပြီး ချိုသာစွာ ပြုံးပြနေသော ကြင်ယာတော်ကို ဖြစ်၏။ အန်းချန်းချင်းက ဂုဏ်ယူနေသော အသံလေးဖြင့် "ကျွန်တော် အိပ်ရာပြင်ထားပြီးပြီ"ဆိုသည်။

ရှောင်းကျစ်ကဲမှာ ခြေလှမ်းတစ်ချက် တန့်သွားသော်လည်း မျက်နှာကို တည်ကြည်အောင် ထိန်းကာ ကုတင်ဘေးသို့ အေးဆေးစွာ လျှောက်သွားလိုက်၏။ "စောစော အိပ်ကြစို့"

အန်းချန်းချင်းသည် သူ၏ ထူးဆန်းသော အမူအရာကို သတိမထားမိချေ။ သူသည် ကုတင်ပေါ်သို့ တက်ကာ အတွင်းဘက်တွင် လဲလျောင်းလိုက်၏။ ထို့နောက် သူ၏ ဘေးနားရှိ နေရာလွတ်ကို ပုတ်ပြရင်း "မွေ့ရာက နည်းနည်း အေးနေတယ်"တိုးတိုးလေး ခေါ်လိုက်ပေသည်။

ရှောင်းကျစ်ကဲ ကုတင်ကို ထိကြည့်လိုက်ရာ တကယ်ပင် အေးစက်နေ၏။ ကုတင်ပေါ်တွင် လဲလျောင်းနေသော လူသားလေး၏ လက်များပင် အေးနေချေပြီ။ သူသည် အသက်ကို ပြင်းပြင်းရှူကာ လဲလျောင်းလိုက်ပြီး အန်းချန်းချင်းကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။ "အနားကို တိုးလာခဲ့၊ ငါ နွေးအောင် လုပ်ပေးမယ်"

အန်းချန်းချင်းမှာ ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သဘောကျသွားကာ သူ၏ အေးစက်နေသော လက်များကို နွေးထွေးစေရန် ရှောင်းကျစ်ကဲ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်လေသည်။

ဤလူသည် တစ်နှစ်ပတ်လုံး ကိုယ်ခံပညာ လေ့ကျင့်နေသူဖြစ်ရာ သန်စွမ်းသော ကိုယ်ခန္ဓာမှ အပူရှိန်များ ထွက်ပေါ်နေပေသည်။ သူ၏ ဘေးတွင် လဲလျောင်းနေရသည်မှာ မီးဖိုကြီးတစ်ခုဘေးတွင် ရှိနေရသကဲ့သို့ပင် ဖြစ်၏။ အန်းချန်းချင်းသည် ငယ်စဉ်က ရေကန်ထဲသို့ ပြုတ်ကျဖူးသဖြင့် သူ၏ ခြေလက်များမှာ အမြဲတမ်း အေးစက်နေတတ်ပြီး ဆောင်းရာသီတွင် ပိုမိုဆိုးရွားလှပေသည်။ အမှန်စင်စစ် အန်းချန်းချင်းသည် ဤလူ့မီးဖိုကြီးကို အစကတည်းက အလိုရှိနေခဲ့သော်လည်း သူ၏ အရေပြားမှာ ထိုသူ့အပေါ် အတင်းတိုးဝှေ့ရန်အထိ မထူသေးခြင်းသာ ဖြစ်၏။

ယခုမူ ထိုသူက ကိုယ်တိုင် ကမ်းလှမ်းလာသဖြင့် အန်းချန်းချင်းသည် ဘာမျှ စဉ်းစားမနေတော့ဘဲ လက်ခံလိုက်ပေသည်။

စာကြည့်ခန်းအတွင်း ရှောင်းကျစ်ကဲ၏ ဂရုစိုက်မှုကြောင့် အန်းချန်းချင်း၏ စိတ်ထဲရှိ စိမ်းကားမှုများမှာ များစွာ ပျောက်ကွယ်သွားခဲ့ရ၏။ ထို့ကြောင့် သူ၏ အေးစက်နေသော ခြေထောက်များကို ထိုသူ၏ ခြေထောက်ပေါ်သို့ တင်လိုက်ခြင်းမှာပင် ရိုင်းစိုင်းသည်ဟု မခံစားရတော့ချေ။

ရှောင်းကျစ်ကဲမှာမူ သူ့ကို တင်းကျပ်စွာ မဖက်ရဲသော်လည်း အန်းချန်းချင်းမှာ မိစ္ဆာငယ်လေးတစ်ကောင်ကဲ့သို့ တလှုပ်လှုပ်တရွရွဖြင့် သူ့အပေါ် ပွတ်သပ်နေသဖြင့် သူသည် ကြည်နူးမှုနှင့်အတူ သည်းမခံနိုင်သော ခံစားချက်ကိုပါ ခံစားနေရ၏။ နောက်ဆုံးတွင် သူသည် အန်းချန်းချင်းကို ဖိထားလိုက်ပြီး "အိပ်တော့"ခပ်ပြတ်ပြတ် ပြောလိုက်ရပေသည်။

နွေးထွေးမှုကို ခံစားနေရသော အန်းချန်းချင်းသည် "ဟုတ်ကဲ့"မလိုလားသလို ပြန်ပြောကာ ငြိမ်သွားလေတော့သည်။

ရှောင်းကျစ်ကဲ သက်ပြင်းချလိုက်စဉ်မှာပင် ထိုလူသားလေးက ခေါင်းပြန်မော့လာသည်ကို တွေ့လိုက်ရ၏။ ခဏအကြာတွင် အန်းချန်းချင်းက "မနက်ဖြန် မင်းသား အားလားဟင်"မေးလာပြန်သည်။

"..." ရှောင်းကျစ်ကဲသည် အန်းချန်းချင်းက သူ၏ ထိန်းချုပ်မှုကို ပျက်ပြားစေမည့် တောင်းဆိုမှုမျိုး ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်သဖြင့် စိတ်ကို တင်းထားလိုက်၏။ "မနက်ဖြန် စစ်စခန်းမှာ သိုင်းပညာ ပြိုင်ပွဲရှိတယ်၊ ငါ အဲ့ဒီမှာ ရှိနေရမယ်။ ဘာဖြစ်လို့လဲ"

အန်းချန်းချင်းသည် ထိုစကားကို ကြားသောအခါ စိတ်ပျက်သွားပြီး "မနက်ဖြန်က ကျွန်တော့်ရဲ့ သုံးရက်မြောက် အိမ်ပြန်ခရီးနေ့လေ။ မင်းသား အလုပ်များနေတယ်ဆိုရင်လည်း ကျွန်တော် တစ်ယောက်တည်းပဲ ပြန်ပါ့မယ်၊ ကိစ္စမရှိပါဘူး"ညှိုးငယ်သော လေသံဖြင့် ပြောလိုက်၏။

ရှောင်းကျစ်ကဲမှာ ဆွံ့အသွားရပေသည်။ သုံးရက်မြောက် အိမ်ပြန်ရမည့် ဓလေ့ကို သူ ယခုမှ သတိရလိုက်ခြင်း ဖြစ်၏။

အန်းချန်းချင်းသည် ယောက်ျားလေးတစ်ဦးဖြစ်သကဲ့သို့ ရှောင်းကျစ်ကဲသည်လည်း စစ်စခန်းတွင်သာ အနေများပြီး ရိုးရာဓလေ့များကို ဂရုမစိုက်တတ်သူဖြစ်ရာ ဤကိစ္စကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်ပေသည်။ ထို့ပြင် စီစဉ်ပေးရမည့် အိမ်တော်ထိန်းမှာလည်း ရှောင်းကျစ်ကဲက အန်းချန်းချင်းကို မနှစ်သက်ဟု ယူဆကာ ဤကိစ္စကို လျစ်လျူရှုထားခဲ့ခြင်း ဖြစ်၏။

"ငါ တောင်းပန်ပါတယ်။ ငါ ပေါ့ဆသွားမိတယ်" အန်းအိမ်တော်တွင် အန်းချန်းချင်း ကြုံတွေ့ခဲ့ရမည့် အခြေအနေကို စဉ်းစားမိကာ ရှောင်းကျစ်ကဲ နောင်တရသွား၏။ သူ ခေတ္တစဉ်းစားပြီးနောက် "မနက်ဖြန် မနက်ပိုင်းမှာ ငါ မင်းကို လိုက်ပို့ပေးမယ်။ ပြိုင်ပွဲပြီးတာနဲ့ နေ့လယ်ပိုင်းမှာ မင်းဆီကို ငါ ပြန်လာခဲ့မယ်၊ အဆင်ပြေရဲ့လား"ဆိုသည်။

အန်းချန်းချင်းသည် တောင်းပန်စကားကို ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ၏ စိတ်မကောင်းဖြစ်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ပြန်လည်ပျော်ရွှင်သွားကာ "ဟုတ်ကဲ့"ပြန်ဖြေလိုက်၏။

ထို့နောက်တွင်မူ သူတို့နှစ်ဦးစလုံးသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြလေတော့သည်။

နောက်တစ်နေ့ မိုးသောက်ချိန်တွင် ရှောင်းကျစ်ကဲ နိုးလာ၏။ အန်းချန်းချင်းမှာ သူ၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး အိပ်မောကျနေဆဲ ဖြစ်ပေသည်။ သူ၏ ပါးပြင်လေးများမှာ ပန်းရောင်သန်းနေပြီး နှုတ်ခမ်းလေးမှာလည်း အနည်းငယ် ပွင့်ဟနေသည်မှာ နိုးနေချိန်က မိစ္ဆာငယ်လေးနှင့် လုံးဝမတူဘဲ အပြစ်ကင်းစင်လှ၏။ ရှောင်းကျစ်ကဲသည် သူ့ကို အချိန်အတော်ကြာ မြတ်နိုးစွာ ကြည့်နေပြီးမှ အသံမထွက်အောင် ကုတင်ပေါ်မှ ဆင်းလိုက်၏။ ထို့နောက် အန်းချန်းချင်းကို စောင်သေချာခြုံပေးခဲ့ပြီး အိမ်တော်ထိန်းဝမ်ကို စာကြည့်ခန်းသို့ ခေါ်လိုက်လေသည်။

"ကြင်ယာတော်ရဲ့ အိမ်ပြန်ခရီးအတွက် မင်း ဘာတွေ ပြင်ဆင်ထားသလဲ" ရှောင်းကျစ်ကဲက သခင်နေရာတွင် ထိုင်ကာ ခန့်မှန်းရခက်သော လေသံဖြင့် မေးလိုက်၏။

သို့သော် သူ့အား နှစ်ပေါင်းများစွာ ခစားလာခဲ့သော အိမ်တော်ထိန်းဝမ်မှာ သူ၏ ဆိုလိုရင်းကို ချက်ချင်း သိလိုက်ပေသည်။ သူသည် ဒူးထောက်လိုက်ပြီး "ဒါက ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုပါခင်ဗျာ။ မင်းသား... ကျွန်တော့်ရဲ့ ပေါ့ဆမှုကို ခွင့်လွှတ်ပေးပါ။ အခုချက်ချင်း သွားပြီး ပြင်ဆင်လိုက်ပါ့မယ်"တောင်းပန်လေသည်။

ရှောင်းကျစ်ကဲ၏ မျက်လုံးများမှာ ဓားတစ်စင်းကဲ့သို့ သူ့ကို စိုက်ကြည့်နေ၏။ ထို့နောက် သူက အိမ်တော်ထိန်းဝမ်အား ပြင်းထန်စွာ သတိပေးလိုက်သည်မှာ "မင်းကိုယ်မင်း သင့်တော်တဲ့ အပြစ်ဒဏ် ပေးလိုက်ပါ။ လက်ဆောင်တွေကို အတွင်းဘဏ္ဍာတိုက်ကနေ ရွေးချယ်ပါ။ ကြင်ယာတော်ရဲ့ မိခင်နဲ့ ညီမငယ်အတွက်လည်း အခမ်းနားဆုံး ပြင်ဆင်ပေးရမယ်။ ဒါမျိုး နောက်တစ်ခါ ထပ်မဖြစ်စေနဲ့"

"ဟုတ်ကဲ့ပါ၊ ကျွန်တော် မှားသွားတာ သိပါပြီ" အိမ်တော်ထိန်းဝမ်သည် တုန်ရင်နေသော ခြေထောက်များဖြင့် ထရပ်လိုက်၏။ သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ကာ "လက်ဆောင်တွေကို အမြန်ဆုံး ပြင်ဆင်လိုက်ပါ့မယ်။ ပြီးရင်တော့ အပြစ်ဒဏ်ခံယူဖို့ သွားပါ့မယ်"ပြောလိုက်သည်။

ရှောင်းကျစ်ကဲက လက်ကာပြလိုက်ပြီး "သွားတော့။ ပြီးရင် လက်ဆောင်စာရင်းကို ကြင်ယာတော်ဆီမှာ အရင်ပြလိုက်ဦး"မိန့်လိုက်၏။

အန်းချန်းချင်း နိုးလာသောအခါ ရှောင်းကျစ်ကဲမှာ လှံရေးလေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ငွေရောင်ကြိုးများဖြင့် ခြယ်သထားသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ ဆံပင်နက်များကို သေသပ်စွာ စည်းထားသဖြင့် သူ၏ သန်စွမ်းသော ကျောပြင်ကို မြင်တွေ့နေရပေသည်။ သူသည် ရွှေရောင်နှင့် အနက်ရောင်စပ်ထားသော လှံကို လွယ်ကူစွာ ကိုင်တွယ်လှုပ်ရှားနေသည်မှာ လေထုထဲတွင် လေလှိုင်းများပင် ဖြစ်ပေါ်နေသကဲ့သို့ ရှိချေ၏။ အန်းချန်းချင်းသည် ပြတင်းပေါက်တွင် မှီကာ ထိုမြင်ကွင်းကို ငေးကြည့်နေမိပေသည်။

သူ့ကို ထိုက်စွေ့နတ်မင်း၏ ဝိညာဉ် စီးနင်းထားသည်ဟူသော ကောလာဟလများမှာ မမှားနိုင်ချေ။ လက်နက်ကို ကိုင်ဆောင်ထားစဉ် သူ၏ မျက်ဝန်းများမှာ လွှမ်းမိုးမှုရှိပြီး အေးစက်လှပေသည်။ မနေ့ညက သူ ခံစားခဲ့ရသော နွေးထွေးမှုသာ မရှိခဲ့လျှင် ဤမျှ ကြမ်းတမ်းသော စစ်သူကြီးသည် ဤမျှအထိ ဂရုစိုက်တတ်ကာ နူးညံ့သူဖြစ်မည်ဟု အန်းချန်းချင်း ယုံကြည်နိုင်မည် မဟုတ်ချေ။

အန်းချန်းချင်း၏ မျက်ဝန်းများမှာ နူးညံ့သွားပြီး သူ့ကို မနေနိုင်ဘဲ လှမ်းခေါ်လိုက်မိ၏။

ရှောင်းကျစ်ကဲသည် ထိုအသံကို ကြားသည်နှင့် လှံကို ချက်ချင်း သိမ်းလိုက်ကာ သူ၏ အနားသို့ လျှောက်လာခဲ့သည်။ သူ၏ ရုပ်သွင်မှာ ခက်ထန်နေသေးသော်လည်း မျက်ဝန်းထဲမှ အလင်းမှာမူ တည်ငြိမ်လျက် ရှိ၏။ "နိုးပြီလား။ မနက်စာ စားဖို့ လူခေါ်လိုက်ရမလား။ ပြီးရင် ငါ မင်းကို အန်းအိမ်တော်ကို လိုက်ပို့ပေးမယ်"

"အင်း" သူ၏ နဖူးမှ ချွေးများကို မြင်သောအခါ အန်းချန်းချင်းသည် လက်ကိုင်ပုဝါလေးကို ထုတ်၍ သုတ်ပေးလိုက်၏။

ရှောင်းကျစ်ကဲမှာ အလိုအလျောက် တောင့်တင်းသွားသော်လည်း နူးညံ့သော အရေပြားလေးမှာ သူ၏ ပါးပြင်ကို အသာအယာ ထိတွေ့သွားသောအခါ သူသည် တဖြည်းဖြည်း ပြေလျော့သွားပြီး သူ၏ မျက်လုံးများထဲတွင်လည်း အရောင်များ တောက်လာပေသည်။

အန်းချန်းချင်းမှာမူ ဤအရာကို သတိမထားမိချေ။ သူသည် ချွေးများကို သုတ်ပေးပြီးနောက် ရှောင်းကျစ်ကဲနှင့်အတူ မနက်စာ သွားစားလိုက်၏။

မနက်စာ စားပြီးချိန်တွင် အိမ်တော်ထိန်းဝမ်သည် လက်ဆောင်စာရင်းကို ပြုစုပြီးစီးသွားပြီ ဖြစ်ပေသည်။ သူသည် အန်းချန်းချင်းအား ရိုသေစွာ ကမ်းပေးကာ သူ၏ သဘောထားကို မေးမြန်း၏။

သူ၏ မိခင်အတွက် အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းများနှင့် ညီမငယ်အတွက် လက်ဝတ်ရတနာများ ပါဝင်နေသည်ကို မြင်သောအခါ အန်းချန်းချင်းမှာ စိတ်လှုပ်ရှားသွားရ၏။ မနေ့က အိမ်တော်ထိန်းဝမ်၏ သဘောထားအရ ဤသည်မှာ သူကိုယ်တိုင် စီစဉ်ခဲ့ခြင်း မဟုတ်ကြောင်း အန်းချန်းချင်း သေချာပေါက် သိပေသည်။ မည်သူက စီစဉ်ပေးခဲ့သည် ဆိုသည်မှာလည်း မေးနေရန်ပင် မလိုတော့ချေ။

သူသည် သူ၏ ဘေးတွင် ထိုင်နေသော လူကြီးကို ကြည့်ကာ ပြုံးလိုက်ပြီး "ကျွန်တော့်ရဲ့ မိခင်နဲ့ ညီမလေးကိုယ်စား မင်းသားကို ကျေးဇူးတင်ပါတယ်"ပြောလိုက်၏။

ရှောင်းကျစ်ကဲက "ကျေးဇူးတင်စရာ မလိုပါဘူး"လေးနက်စွာ ပြန်ပြောသည်။

ထို့နောက်တွင်မူ သူတို့နှစ်ဦးသည် အန်းအိမ်တော်သို့ ထွက်ခွာခဲ့ကြ၏။ အန်းချန်းချင်းသည် မြင်းမစီးတတ်သဖြင့် ရထားလုံးထဲတွင် ထိုင်နေပြီး ရှောင်းကျစ်ကဲမှာမူ မြင်းပေါ်မှနေ၍ ဘေးမှ လိုက်ပါလာခဲ့သည်။ အန်းအိမ်တော်မှာ နန်းတော်နှင့် နီးသော စစ်ရှီးလမ်းတွင် တည်ရှိပြီး ဟူထုံလမ်းရှိ ဝမ်အိမ်တော်နှင့် ၁၅ မိနစ်ခန့်သာ ဝေးပေသည်။ သို့သော် ရထားလုံးဖြင့် သွားရသဖြင့် အချိန်ပိုပေးခဲ့ရပြီး နံနက် ၈ နာရီခန့်တွင်မှ အန်းအိမ်တော်သို့ ရောက်ရှိခဲ့ကြ၏။

မြောက်ပိုင်းစစ်ဘုရင်၏ ရထားလုံး သူတို့အိမ်ရှေ့သို့ ရောက်လာကြောင်း ကြားသောအခါ အန်းကျစ်ခဲ့ရော သူ၏ ဇနီး လီသခင်မပါ ပျော်ရွှင်ခြင်း မရှိကြချေ။ အန်းကျစ်ခဲ့က မျက်မှောင်ကြုတ်ကာ "သူ လက်ထပ်ပြီးတာ မကြာသေးဘူး၊ ဘာလို့ ပြန်လာတာလဲ"မေးလိုက်၏။

လီသခင်မသည် အန်းကျစ်ခဲ့က ဤသားကို မနှစ်သက်ကြောင်း သိပေသည်။ သူမက မီးလောင်ရာ လေပင့်ရန် ကြံရွယ်နေစဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွား၏။ "ဒီနေ့က သူ့ရဲ့ အိမ်ပြန်ခရီးနေ့ မဟုတ်လား"

ထိုအခါမှသာ အန်းအိမ်တော်ရှိ လူများမှာ အလုပ်ရှုပ်သွားကြလေတော့သည်။

အန်းကျစ်ခဲ့က အန်းချန်းချင်းကို မည်မျှပင် မနှစ်သက်ပါစေ၊ သို့မဟုတ် ရှောင်းကျစ်ကဲအား ဧကရာဇ်က မျက်နှာသာမပေးပါစေ၊ သူတို့၏ အဆင့်အတန်းမှာမူ ပြောင်းလဲခြင်း မရှိချေ။ တစ်ဦးမှာ ထူးခြားသော စွမ်းဆောင်ရည်ရှိသည့် စစ်သူကြီး မင်းသားဖြစ်ပြီး အခြားတစ်ဦးမှာ သူ၏ ကြင်ယာတော် ဖြစ်ပေသည်။ စိတ်ထဲတွင် မည်မျှပင် မလိုလားပါစေ၊ အပြင်ပန်းတွင်မူ ယဉ်ကျေးပျူငှာသော အမူအရာကို ပြသရမည်သာ ဖြစ်၏။ တော်ဝင်မိသားစုအား မရိုသေခြင်းမှာ ခွင့်မလွှတ်နိုင်သော ပြစ်မှုတစ်ခု ဖြစ်ပေသည်။

လီသခင်မသည် အစေခံများအား တံခါးမကြီးကို ဖွင့်ခိုင်းလိုက်ပြီး ကျန်ရှိသော မိသားစုဝင်များအား သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ပြင်ဆင်ကြရန် စကားပါးလိုက်၏။ အမျိုးသားများမှာ အရာရှိဝတ်စုံများ လဲလှယ်ကြရပြီး အမျိုးသမီးများမှာလည်း ခြယ်သပြင်ဆင်ကြရပေသည်။ အရာအားလုံး အဆင်သင့်ဖြစ်သောအခါ သခင်မကြီးနှင့် အန်းကျစ်ခဲ့တို့သည် ရှောင်းကျစ်ကဲနှင့် အန်းချန်းချင်းအား ကြိုဆိုရန် တံခါးမကြီးသို့ ထွက်လာခဲ့ကြ၏။

ဝမ်အိမ်တော်၏ ရထားလုံး တံခါးဝသို့ ရပ်လိုက်သောအခါ အန်းကျစ်ခဲ့၏ မျက်နှာတွင် အားလုံးကို ကြိုတင်ပြင်ဆင်ထားသကဲ့သို့ ပြည့်စုံသော အပြုံးတစ်ခု ရှိနေ၏။ "မင်းသား၊ ကြင်ယာတော်... ကျေးဇူးပြုပြီး အထဲကို ကြွပါ။ ကျွန်တော်တို့ အားလုံး စောင့်နေကြတာပါ"

ရှောင်းကျစ်ကဲမှာမူ မြင်းပေါ်မှ မဆင်းဘဲ အန်းကျစ်ခဲ့အား ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်၏။ သူတို့ကြားတွင် ခမည်းခမက်များကဲ့သို့ ရင်းနှီးမှုမျိုး လုံးဝမရှိချေ။ သူသည် သူစိမ်းတစ်ဦးကို ဆက်ဆံသကဲ့သို့ပင် အန်းကျစ်ခဲ့အား ပြောလိုက်သည်မှာ "နယ် စားမင်းအန်း... ကျွန်တော့်မှာ မြို့ပြင်မှာ လုပ်စရာ အလုပ်တွေ ရှိပါသေးတယ်။ ချန်းချင်းကို ပို့ပြီးရင်တော့ ကျွန်တော် ပြန်ပါရစေဦးမယ်"

ထို့နောက် သူသည် အန်းချန်းချင်းဘက်သို့ လှည့်ကာ သူ အမြန်ဆုံး ပြန်လာခဲ့မည်ဖြစ်ကြောင်း ပြောလိုက်၏။ ထို့နောက်တွင်မူ အခြားသူများကို ဂရုမစိုက်တော့ဘဲ မြင်းစီး၍ ထွက်ခွာသွားလေတော့သည်။

အန်းကျစ်ခဲ့မှာ အလွန်ပင် မကျေမနပ် ဖြစ်သွားသော်လည်း မြောက်ပိုင်းစစ်ဘုရင်၏ နာမည်ကျော် ဒေါသနှင့် အန်းချန်းချင်းအား သူ မနှစ်သက်ဟူသော ကောလာဟလများကို စဉ်းစားမိသောအခါ ဤအပြုအမူမှာ ထူးဆန်းသည်ဟု မဆိုနိုင်တော့ချေ။ ရှောင်းကျစ်ကဲ မရှိတော့သောအခါ အန်းကျစ်ခဲ့၏ မျက်နှာပေါ်မှ အပြုံးများမှာ ပျောက်ကွယ်သွား၏။ ထို့နောက် လူအုပ်ကြီးသည် အန်းချန်းချင်းအား အိမ်တော်အတွင်းသို့ ခေါ်ဆောင်သွားကြလေသည်။

အန်းချန်းချင်းနှင့် သူ၏ မိခင်မှာ အန်းကျစ်ခဲ့၏ ချစ်ခြင်းကို မရရှိခဲ့ကြချေ။ သူတို့သည် အန်းအိမ်တော်တွင် စကားပြောပိုင်ခွင့်မရှိဘဲ အစေခံများပင်လျှင် သူတို့အား နှိပ်စက်နိုင်ကြ၏။ ယခုအခါ အန်းချန်းချင်းသည် ရှောင်းကျစ်ကဲနှင့် လက်ထပ်လိုက်ရသဖြင့် သူ၏ အဆင့်အတန်းမှာ တစ်ညအတွင်း ပြောင်းလဲသွားခဲ့ပေသည်။

အန်းချန်းချင်းမှာ အစက အတင်းအကျပ် လက်ထပ်ခဲ့ရခြင်း ဖြစ်သော်လည်း ယခုအခါ တင့်တယ်သော အဝတ်အစားများဖြင့် အထက်နေရာတွင် ထိုင်နေသည်ကို မြင်ရပြီး သူတို့ကပါ ရိုသေစွာ ဆက်ဆံနေရသဖြင့် အန်းမိသားစုဝင်များမှာ များစွာ မကျေမနပ် ဖြစ်နေကြ၏။

အန်းမိသားစုတွင် အန်းကျစ်ခဲ့မှာ အကြီးဆုံးဖြစ်ပြီး ညီအစ်ကို လေးဦး ရှိပေသည်။ သခင်မကြီး သက်ရှိထင်ရှား ရှိနေသေးသဖြင့် အိမ်ခွဲခြင်း မပြုရသေးချေ။ ဤမိသားစု လေးစုမှာ ခြံဝင်းကြီးတစ်ခုတည်းတွင် အတူတကွ နေထိုင်ကြခြင်း ဖြစ်သည်။ အန်းချန်းချင်းအပြင် အခြားသော သားနှစ်ဦးနှင့် သမီးသုံးဦးလည်း ရှိသေး၏။ အကြီးဆုံးသားနှင့် သမီးဖြစ်သော အန်းချန်းယွီနှင့် အန်းရှန်းရှီးတို့မှာ အန်းကျစ်ခဲ့၏ တရားဝင်ဇနီး လီသခင်မမှ မွေးဖွားသူများ ဖြစ်ကြသည်။ ဒုတိယသား အန်းချန်းတွမ့်နှင့် တတိယသမီး အန်းရှန်းကဲတို့မှာ လျူသခင်မဖြစ်၏။ အန်းချန်းချင်းနှင့် သူ၏ ညီမလေးမှာမူ အန်းကျစ်ခဲ့၏ မောင်းမငယ် ယွီသခင်မမှ မွေးဖွားသော သားသမီးများ ဖြစ်ကြပေသည်။

ယွီသခင်မမှာ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် အန်းကျစ်ခဲ့၏ အမျက်တော်ရှခြင်းကို ခံခဲ့ရပြီး သူမမှာ ပြည့်တန်ဆာနန်းတော်မှ လာသူဖြစ်သဖြင့် သူမ၏ သားသမီးနှစ်ဦးမှာလည်း နှိပ်စက်ညှဉ်းပန်းမှုများမှ မလွတ်ကင်းခဲ့ကြချေ။ အစပိုင်းတွင် လူတိုင်းက သူမသည် အန်းကျစ်ခဲ့၏ မျက်နှာသာပေးမှုကို ပြန်လည်ရရှိမည်ကို စိုးရိမ်သဖြင့် အလွန်အကျွံ မပြုမူရဲခဲ့ကြပေ။ သို့သော် အန်းချန်းချင်း အကြိမ်ကြိမ် နှိပ်စက်ခံရသော်လည်း အန်းကျစ်ခဲ့က မည်သို့မျှ ဝင်ရောက်မပြောဆိုသည်ကို မြင်သောအခါ သူတို့မှာ ပိုမိုရဲတင်းလာခဲ့ကြခြင်း ဖြစ်ပေသည်။

သူ၏ ဖခင်ဖြစ်သူက သူ မတရားမှုကို ရင်ဆိုင်နေရချိန်တွင် ဘေးမှ ရပ်ကြည့်နေသည်ကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးနောက် အန်းချန်းချင်းမှာလည်း သူ၏ ဖခင်ထံမှ မည်သည့်အရာကိုမျှ မမျှော်လင့်တော့ချေ။ ပြန်လည်တုံ့ပြန်ခြင်းမှာ နှိပ်စက်မှုများကို ပိုမိုဆိုးရွားစေမည်ကို သိသဖြင့် သူသည် တဖြည်းဖြည်းနှင့် သည်းခံရန် သင်ယူခဲ့ရ၏။ သူ လက်မထပ်မီ နှစ်နှစ်ခန့်အတွင်း သခင်လေးများနှင့် သခင်မလေးများမှာ စိတ်ကျေနပ်သွားကြဟန်ရှိပြီး သူ့အား ပြဿနာလာရှာခြင်း မပြုတော့ဘဲ မြင်တွေ့ရလျှင် ဆဲဆိုလှောင်ပြောင်ရုံမျှသာ ပြုလုပ်ကြတော့ပေသည်။

"ကိုယ့်ကိုယ်ကိုယ် ဥဒေါင်းလို့ ထင်နေတဲ့ တောကြက်မလေး" အောက်တွင် ထိုင်နေသော အန်းရှန်းကဲက လူတိုင်း ကြားနိုင်လောက်သည့် အသံဖြင့် ညည်းညူလိုက်၏။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေချိန်ဖြစ်သဖြင့် သူမ၏ အသံမှာ အလွန်ပင် ထင်ရှားနေပေသည်။ ချက်ချင်းပင် ရှိနေသူအားလုံး၏ မျက်လုံးများမှာ သူမဆီသို့ ရောက်ရှိသွားကြ၏။

အန်းကျစ်ခဲ့က မျက်မှောင်အနည်းငယ် ကြုတ်ကာ လေသံကို မမြှင့်ဘဲ "ကဲအာ"သူမအား ဟန့်တားလိုက်၏။

"တတိယသခင်မလေးက ငယ်သေးလို့ မသိနားမလည်တာပါ ကြင်ယာတော်၊ ကျေးဇူးပြုပြီး သူနဲ့အပြိုင် မလုပ်ပါနဲ့ဦး" လျူသခင်မက ကြားဝင်ပြန်ဖြေပေးကာ အန်းချန်းချင်း၏ လက်ကို ပုတ်ပေးလိုက်၏။ ထို့နောက် သူမသည် အန်းရှန်းကဲဘက်သို့ လှည့်ကာ ညင်သာစွာဖြင့် "ကြင်ယာတော်ကို အမြန် တောင်းပန်လိုက်စမ်း"ဆိုလေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment