အခန်း(၁)
ယွမ်ရှီး သုံးနှစ်မြောက်၏ ဆောင်းဦးကာလတွင် ရဲ့ကျင်းမြို့၌ ပထမဆုံးနှင်းများ စတင်ကျဆင်းလာလေသည်။ မြေပြင်ပေါ်သို့ ဝဲပျံကျလာသော နှင်းစဖွေးဖွေးတို့သည် ငှက်မွှေးနုတို့နှင့်အလားသဏ္ဌာန်တူလှပြီး သွေးစက်များကို ဖုံးလွှမ်းသွားကြ၏။ လမ်းမထက်ဝယ် ရထားလုံးတစ်စီးသည် အရှိန်ပြင်းစွာ မောင်းနှင်လာပြီး ငြိမ်သက်နေသောနှင်းတို့ကို အနှောင့်အယှက်ပေးနေတော့သည်။
တိတ်ဆိတ်နေသော လမ်းမပေါ်တွင် လူတစ်ယောက်၏ ဟိန်းဟောက်သံက အိပ်မောကျနေသော မြို့ကလေးကို နိုးထစေခဲ့သည်။
“မြန်မြန်! မြန်မြန်ပိုမောင်းစမ်း!”
ရှောင်းကျစ်ကဲ၏ မျက်ဝန်းတို့သည် နီမြန်းနေပြီး သူ၏ရင်ခွင်ထဲ၌ အားအင်ချည့်နဲ့နေသော လူတစ်ယောက်ကို ပွေ့ပိုက်ထားလေသည်။ သူသည် အသံကို တတ်နိုင်သမျှ ထိန်းသိမ်းကာ “မကြောက်နဲ့နော်... ကိုယ် မင်းကို နန်းတော်ဆီ ခေါ်သွားနေပြီ၊ အားလုံး အဆင်ပြေသွားမှာပါ...”တိုးညင်းစွာ ပြောရှာသည်။ သူ၏ရင်ခွင်ထဲမှ လူကို လန့်ဖျန့်သွားမည်စိုးသဖြင့် သူ၏အသံမှာ လေသံမျှသာ ထွက်ပေါ်လာတော့သည်။
သူ၏ ရင်ခွင်ထဲရှိ လူသားမှာ ရွှေရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ဆံနွယ်ထက်ဝယ် ကျောက်စိမ်းဖြူသရဖူကို ဆောင်းနှင်းထားသော ချောမောလှပသည့် အမျိုးသားတစ်ဦး ဖြစ်၏။ ထိုသူ၌ ရှည်လျားသော မျက်ခုံးတန်းများနှင့် ဖီးနစ်မျက်ဝန်းများ ရှိလေသည်။ နှာတံမှာ တောင်တန်းတစ်ခုကဲ့သို့ မြင့်မားဖြောင့်စင်းနေပြီး နှုတ်ခမ်းလွှာတို့မှာမူ ပန်းရောင်သန်းကာ စိုပြည်နေပေသည်။ ဘယ်ဘက်မျက်လုံးအောက်ရှိ မျက်ရည်မှဲ့လေးက သပ္ပါယ်လှသော ထိုမျက်နှာကို ပိုမိုနူးညံ့စေသယောင် ရှိ၏။ အကယ်၍ ထိုသူသည် အားအင်ကုန်ခမ်းကာ ပါးစပ်မှ သွေးများ ယိုစီးမနေခဲ့ပါက လူအများ၏ ရင်ကို တုန်လှုပ်စေမည့် အလှတရားမျိုး ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
“အရှင်...”
အန်းချန်းချင်းသည် လေးလံနေသော မျက်တောင်ရှည်များကို အားယူဖွင့်ကာ စကားပြောရန် နှုတ်ခမ်းလွှာကို ခက်ခဲစွာ ဟလိုက်သည်။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ ရှောင်းကျစ်ကဲ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာရိပ်ပင် ဖြစ်၏။
သူသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ သူတို့ လက်ထပ်ခဲ့သည်မှာ ဆယ်နှစ်ရှိပြီ ဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှု မရှိခဲ့ကြပေ။ ထိုစဉ်က ရှောင်းကျစ်ကဲသည် သူ၏ သဘောတူညီချက်ကို မမေးမြန်းဘဲသခင်မကြီးထံတွင် လက်ထပ်ခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အန်းချန်းချင်းသည် ရှောင်းကျစ်ကဲအပေါ် ကြောက်ရွံ့ခြင်း၊ ငြင်းဆန်လိုခြင်းတို့နှင့် ပြည့်နှက်နေခဲ့ပြီး သူတို့နှစ်ဦးကြားတွင် အမြဲတစေ စိမ်းကားခဲ့ကြပေသည်။
ရှောင်းကျစ်ကဲသည်လည်း အန်းချန်းချင်း၏ ငြင်းဆန်မှုကို သိမြင်သဖြင့် အတင်းအကျပ် မပြုခဲ့ပေ။ သူတို့နှစ်ဦးသည် ဝမ်စံအိမ်တော်တွင် နှစ်ပေါင်းများစွာ ကိုယ့်ဘဝနှင့်ကိုယ် သီးခြားစီ နေထိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ရှောင်းကျစ်ကဲ နန်းတက်သောအခါ နေထိုင်ရာ နေရာပြောင်းလဲသွားသော်လည်း သူတို့၏ သီးခြားနေထိုင်မှုမှာမူ ပြောင်းလဲခြင်း မရှိခဲ့ချေ။
ယခုကဲ့သို့ နီးနီးကပ်ကပ် ရှိနေခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့နှစ်ဦး မရင်းနှီးကြသော်လည်း ရှောင်းကျစ်ကဲ၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုတို့မှာ စစ်မှန်ကြောင်း အန်းချန်းချင်း ခံစားမိနေ၏။ ပြင်ပမှ ကောလာဟလအားလုံးသည် မမှန်နိုင်ကြောင်းကိုလည်း သူ တွေးတောနေမိတော့သည်။
“ချန်ချင်း...” ရှောင်းကျစ်ကဲက သူ၏မျက်ဝန်းများကို စိုက်ကြည့်ရင်း တုန်ရီသောအသံဖြင့် “နာနေသလားဟင်”မေးရှာသည်။
အန်းချန်းချင်းသည် ခေါင်းခါပြချင်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ တစ်စုံတစ်ယောက်က ဓားဖြင့် မွှေနှောက်နေသကဲ့သို့ စူးအောင့်သော ဝေဒနာကို ရုတ်တရက် ခံစားလိုက်ရသည်။
“နာတယ်...” အန်းချန်းချင်းသည် ဝေဒနာကြောင့် လူးလွန့်နေမိ၏။ သူသည် သွားကို တင်းတင်းစိထားသော်လည်း သွေးများမှာမူ ပါးစပ်မှ အဆက်မပြတ် စီးကျနေဆဲပင် ဖြစ်သည်။
ရှောင်းကျစ်ကဲသည် သူ့ကို ပိုမိုတင်းကြပ်စွာ ပွေ့ပိုက်ထားလိုက်သည်။ သူ ကူညီပေးချင်သော်လည်း လုပ်ဆောင်နိုင်စွမ်း မရှိချေ။ သူသည် အန်းချန်းချင်း၏ ဆံနွယ်များကို သာသာယာယာ ပွတ်သပ်ပေးရင်း “ရောက်တော့မှာပါ... မကြာခင် ရောက်တော့မှာပါ...”ထပ်ခါတလဲလဲ ချော့မြူနေရှာသည်။
ဒုန်းစိုင်းနှင်လာသော မြင်းခွာသံများသည် နန်းတော်တံခါးကို ဖြတ်ကျော်ကာ ချီဝူနန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေတော့သည်။
နန်းတွင်းသမားတော် ဆယ်ဦးကျော်တို့သည် နန်းဆောင်အပြင်ဘက်တွင် ဒူးထောက်လျက် ရှိကြ၏။ ရှောင်းကျစ်ကဲသည် သူ၏ရင်ခွင်ထဲမှ လူသားကို အထဲသို့ ပွေ့ချီသွားပြီး ခုတင်ပေါ်တွင် ဂရုတစိုက် သိပ်ထားလိုက်သည်။ သမားတော်များသည် စကားတစ်လုံးမျှ မဟရဲဘဲ အလှည့်ကျ သွေးခုန်နှုန်း စမ်းသပ်ကြတော့သည်။
အန်းချန်းချင်းသည် မျက်လုံးများကို မှိတ်ထားမိ၏။ သူ၏ နဖူးထက်တွင် ချွေးစက်များ စီးကျနေပြီး ပါးစပ်မှ ထွက်လာသော သွေးများကို လက်ကိုင်ပုဝါ တစ်ထည်တည်းနှင့် သုတ်၍ မကုန်နိုင်တော့ဘဲ သူ၏ ဝတ်စုံထက်တွင် အနီရောင်များ စွန်းထင်ကုန်ချေပြီ။
သမားတော်များသည် စမ်းသပ်မှုအပြီးတွင် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နောက်ဆုံး၌ သူတို့အားလုံး ဒူးထောက်လိုက်ကြပြီး ဆံပင်ဖြူဖြူနှင့် သမားတော်ကြီးတစ်ဦးက တုန်ရီသော အသံဖြင့် “အရှင်... ကျွန်တော်မျိုးတို့၏ အရည်အချင်း မပြည့်မီမှုကို ခွင့်လွှတ်ပေးပါ!”လျှောက်တင်လေသည်။
ထိုစကားတစ်ခွန်းကပင် သူ၏ အဆုံးသတ်ကို ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်ပေတော့သည်။
“ဒီလို အသုံးမကျတဲ့ အကောင်တွေကို ဆက်ထားနေလို့ ဘာထူးမှာလဲ!” ရှောင်းကျစ်ကဲသည် သမားတော်ကြီး၏ ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။ သူ၏ ဒေါသမှာ အမြဲတစေ ပြင်းထန်လေ့ရှိ၏။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ခွန်အားကြောင့် ထိုကန်ချက်သည် သမားတော်ကြီးကို ပေအနည်းငယ်ခန့် လွင့်စင်သွားစေသည်။ သမားတော်ကြီးသည် ပါးစပ်မှ သွေးတစ်လုတ် ထွက်လာသော်လည်း သုတ်သင်ရန် အချိန်မဆိုင်းဘဲ ပြန်လည် ဒူးထောက်ကာ “အရှင်... သနားညှာတာတော်မူပါ!”အသနားခံရှာသည်။
“အရှင်... ကျွန်တော်မျိုးတို့ အသက်ကို ချမ်းသာပေးတော်မူပါ!” ကျန်ရှိသော သမားတော်များကလည်း ဦးညွှတ်ကာ အတူတကွ အသနားခံကြလေသည်။
ရှောင်းကျစ်ကဲသည် သူ၏ဦးနှောက်အတွင်း တစ်စုံတစ်ခု ပြတ်တောက်သွားတော့မည့်အလား ပြင်းထန်စွာ အသက်ရှူနေမိ၏။ သူသည် ဒေါသကို ခက်ခဲစွာ ထိန်းချုပ်လိုက်ပြီး သမားတော်များအုပ်စုကို ရက်စက်သော အကြည့်ဖြင့် ဝေ့ကြည့်ကာ “ဆေးရှာစမ်း! မင်းတို့ ဆေးမကုနိုင်ရင် အားလုံး မိဖုရားနောက်ကို လိုက်သွားကြရမယ်!”အမိန့်ပေးလိုက်တော့သည်။
အန်းချန်းချင်းသည် အော်ဟစ်ငိုယိုသံများကြောင့် သတိပြန်လည်လာခဲ့သည်။ သူသည် ဝေဝေဝါးဝါးနှင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ့ကို နှိပ်စက်ခဲ့သော နာကျင်မှုများ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် ဝဲပျံနိုင်တော့မည့်အလား ပေါ့ပါးနေပေသည်။
ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်သည် မြင့်တက်သွားပြီး တံခါးဝဆီသို့ လွင့်မျောသွားတော့သည်။ လှေကားခြေရင်းတွင် ချီဝူနန်းဆောင်မှ မိန်းမစိုးများနှင့် အစေခံများအားလုံး ဒူးထောက်ကာ အော်ဟစ်ငိုကြွေးနေကြ၏။ သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုတို့ အထင်အရှား ရှိနေပေသည်။
ရှောင်းကျစ်ကဲသည် တောက်ပသော ရွှေရောင်နဂါးဝတ်ရုံကို ဆင်မြန်းထားပြီး ခေါင်းတွင်လည်း နဂါးသရဖူကို ဆောင်းထား၏။ သူသည် လှေကားထိပ်တွင် တစ်ဦးတည်း ရပ်နေပြီး သူ၏မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ရှိနေပေသည်။ ဆန်းကြယ်သည်မှာ အန်းချန်းချင်းသည် သူ့ကို အမြဲကြောက်ရွံ့ကာ ရှောင်ဖယ်နေခဲ့သော်လည်း ယခုအခါတွင်မူ ထိုလူ၏ ကြမ်းကြုတ်သော ပုံစံနောက်ကွယ်တွင် သူ နားမလည်နိုင်သေးသော ခံစားချက်များစွာ ကိန်းအောင်းနေသည်ကို မြင်တွေ့နေရခြင်း ဖြစ်၏။
အန်းမိသားစု ရောက်ရှိလာကြောင်း ကြေညာသည့်တိုင်အောင် အန်းချန်းချင်းသည် သူ့ကို ခေတ္တမျှ စောင့်ကြည့်နေမိသည်။ သူတို့ကို ရှေ့သို့ ခေါ်ဆောင်လာသည်ကို မြင်သောအခါ ရှောင်းကျစ်ကဲ၏ ရည်ရွယ်ချက်ကို အန်းချန်းချင်း ခန့်မှန်းမိလိုက်ပေပြီ။
မနေ့က သူ၏ဖခင် ဖြစ်သူ တာယဲ့အင်ပါယာ၏ အမတ်ချုပ် အန်းကျစ်ခဲ့၏ ၆၅ နှစ်မြောက် မွေးနေ့ဖြစ်လေသည်။ ခမ်းနားသော တည်ခင်းဧည့်ခံပွဲ ကျင်းပခဲ့ပြီး ရှောင်းကျစ်ကဲနှင့် သူလည်း တက်ရောက်ခဲ့ကြ၏။ မမျှော်လင့်ဘဲ ထိုပွဲမှာ သူ၏ဖခင်နှင့် အိမ်ရှေ့စံဟောင်းတို့ ပူးပေါင်းကာ သူတို့နှစ်ဦးကို သတ်ရန် ကြံစည်ထားသော ထောင်ချောက် ဖြစ်နေခဲ့သည်။
ရှောင်းကျစ်ကဲမှာမူ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း အန်းချန်းချင်းမှာမူ အဆိပ်ခတ်ထားသော ဝိုင်ကို တိုက်ကျွေးခြင်း ခံလိုက်ရပေသည်။ ပုန်ကန်မှုကို မနှိမ်နင်းနိုင်မီမှာပင် အဆိပ်က စတင် အာနိသင်ပြခဲ့၏။ အန်းချန်းချင်းသည် သူ၏ ဖောက်ထွင်းမြင်နေရသော လက်များကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး အန်းမိသားစုအပေါ် မည်သည့် သံယောဇဉ်မျှ မရှိတော့ချေ။
ထိုနေ့တွင် ချီဝူနန်းဆောင် ရှေ့မှောက်၌ သွေးများမှာ မြစ်တစ်စင်းကဲ့သို့ စီးဆင်းခဲ့လေသည်။ အန်းမိသားစုမှ လူပေါင်းငါးဆယ်ကျော်ကို ကျွမ်းကျင်သော ကွပ်မျက်သူ ဆယ်ဦးတို့က ခေါင်းဖြတ် သတ်ပစ်လိုက်ကြ၏။ သူ၏ သွေးများသည် မြေပြင်ပေါ်တွင် အိုင်ထွန်းသွားပြီး လေထုထဲတွင် ညှီစို့စို့ အနံ့များ ပျံ့လွင့်နေတော့သည်။ ဒူးထောက်နေသော နန်းတွင်းသူ နန်းတွင်းသားများသည် သူတို့၏ ဒူးများ သွေးထဲတွင် နှစ်ဝင်နေသော်လည်း တစ်ကိုယ်လုံး မလှုပ်ရဲကြချေ။
လက်ရှိ ဧကရာဇ် ရှောင်းကျစ်ကဲသည် ငယ်စဉ်ကပင် ပေတီစစ်သည် ခြောက်သောင်းကျော်ကို သတ်ဖြတ်ခဲ့သည့် အချိန်မှစ၍ သူ၏ ရက်စက်မှုကြောင့် နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။ သုံးနှစ်အကြာ တာယဲ့အင်ပါယာ၏ ထီးနန်းကို ဆက်ခံသောအခါတွင်လည်း စစ်ပွဲများကို ဆက်တိုက် ဆင်နွှဲခဲ့ပြီး အလောင်းများကို တောင်ပုံရာပုံ ဖြစ်စေကာ လူထုအကြား မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေခဲ့၏။ ယနေ့ ဖြစ်ရပ်နှင့် ပေါင်းလိုက်ပါက သူ၏ နာမည်ဆိုးမှာ ပိုမိုဆိုးရွားသွားပေတော့မည်။
သို့သော် ဤအရာအားလုံးကို ရှောင်းကျစ်ကဲက ဂရုမစိုက်ခဲ့ပေ။
သူသည် အန်းမိသားစု၏ အလောင်းများကို အမည်မသိ သင်္ချိုင်းဟောင်းတစ်ခုတွင် စွန့်ပစ်ရန် အမိန့်ပေးလိုက်ပြီး ချီဝူနန်းဆောင်သို့ တစ်ဦးတည်း ပြန်လာခဲ့သည်။
ချီဝူနန်းဆောင်မှာ ယခုအခါ သန့်ရှင်းပြီးသား ဖြစ်နေ၏။ အခန်းကို နွေးထွေးစေရန် အခန်းထောင့်တွင် ကြေးမီးဖိုတစ်ခုကို ထားရှိထားသည်။ ခန်းမအလယ်တွင် ရွှေရောင် ကုလားကာများ ချထားသော စန္ဒကူးသား ခုတင်အကြီးစား တစ်ခု ရှိပြီး ထိုအပေါ်တွင် လူတစ်ယောက် ငြိမ်သက်စွာ လဲလျောင်းနေပေသည်။
ရှောင်းကျစ်ကဲသည် ခုတင်နားသို့ လျှောက်သွားကာ ကုလားကာကို မလိုက်သောအခါ သူ၏ မျက်နှာမှာ မသိမသာ နူးညံ့သွားရှာသည်။
အန်းချန်းချင်း၏ မျက်နှာပေါ်မှ သွေးစွန်းကွက်များကို သုတ်သင်ပြီးဖြစ်ကာ သူ၏ ရှည်လျားသော ဆံနွယ်နက်များကိုလည်း ကျောက်စိမ်းပြာ သရဖူဖြင့် စည်းနှောင်ထား၏။ သူ၏ မျက်နှာထက်တွင် အေးချမ်းမှုတို့သာ ကျန်ရှိတော့သည်။
ရှောင်းကျစ်ကဲသည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေမိ၏။ သူသည် အန်းချန်းချင်း၏ မျက်နှာကို ထိတွေ့ရန် လက်လှမ်းလိုက်သော်လည်း လမ်းတစ်ဝက်တွင်ပင် ပြန်ရုပ်သိမ်းလိုက်သည်။ ထိုလူ၏ နှုတ်ခမ်းထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး “ထားလိုက်ပါတော့... မင်း ငါ့ကို တစ်ခါမှ မနှစ်သက်ခဲ့တာပဲ၊ ငါ မင်းကို ထပ်ပြီး စိတ်မညစ်စေချင်တော့ဘူး”ရေရွတ်လိုက်၏။
အနားတွင် လွင့်မျောနေသော အန်းချန်းချင်းသည် ‘မဟုတ်ပါဘူး’ပြောချင်နေမိသည်။ သူက ရှောင်းကျစ်ကဲကို မနှစ်သက်ခဲ့ခြင်း မဟုတ်ဘဲ နားလည်အောင် မကြိုးစားခဲ့ခြင်းသာ ဖြစ်ပေသည်။ ထိုခက်ထန်သော မျက်ခုံးတန်းများကို မြင်တိုင်းနှင့် ကြောက်စရာကောင်းသော ကောလာဟလများကို တွေးမိတိုင်း သူ့အတွင်းစိတ်တွင် ကြောက်ရွံ့မှုများ အလိုလို ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်လည်း သူသည် ရှောင်းကျစ်ကဲနှင့် နီးစပ်အောင် ဘယ်သောအခါမှ ဦးဆောင်ပြီး မကြိုးစားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ယခုအခါတွင်မူ သူ ဘာပဲပြောချင်နေပါစေ အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်၏။
ရှောင်းကျစ်ကဲသည် သူနှင့်အတူ ခေတ္တမျှ နေထိုင်ပြီးနောက် အန်းချန်းချင်း၏ ရုပ်အလောင်းကို ဘုရင့်သင်္ချိုင်းတော်သို့ ပို့ဆောင်ရန် နန်းတွင်းသူ နန်းတွင်းသားများကို ခေါ်ယူလိုက်တော့သည်။
အန်းချန်းချင်း၏ ရုပ်အလောင်းကို သယ်ထုတ်သွားချိန်တွင် ရှောင်းကျစ်ကဲ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပေသည်။
အန်းချန်းချင်းသည် သူ၏ ကျောပြင်ကို ကြည့်ရင်း တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော ဘုရင်တစ်ပါးသည် နေဝင်ချိန်အောက်တွင် နွမ်းလျနေသည်ဟုသာ ခံစားလိုက်ရတော့သည်။
“သခင်လေး... တစ်ခုခု စားချင်ပါသလား ခင်ဗျာ”
ရင်းနှီးနေသော အသံတစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။ အန်းချန်းချင်းသည် ဝေဝေဝါးဝါးနှင့် မျက်လုံးပွင့်လာရာ အန်းဖူ၏ ဝမ်းသာအားရ ဖြစ်နေသော မျက်နှာကို မြင်လိုက်ရ၏။ အန်းချန်းချင်းမှာ ငိုင်နေဆဲ ဖြစ်သည်ကို မြင်သောအခါ အန်းဖူက “သခင်လေး?”ထပ်မံ ခေါ်လိုက်ပြန်သည်။
အန်းချန်းချင်းသည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားသော်လည်း ဂွမ်းလုံးလေးတစ်ခုကဲ့သို့ အားအင်ချည့်နဲ့နေသည်ကိုသာ ခံစားလိုက်ရပေသည်။ သူ၏ လှုပ်ရှားမှုများမှာ မိမိခန္ဓာကိုယ် မဟုတ်သည့်အလား ထုံထိုင်းလေးလံနေ၏။
ဟုတ်ပေသည်။ ဤအရာသည် သူ၏ ခန္ဓာကိုယ် မဖြစ်သင့်ပေ။ သူသည် လွန်ခဲ့သော အချိန်များစွာကပင် သေဆုံးခဲ့ပြီး သူ၏ ဝိညာဉ်မှာလည်း နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့သည် မဟုတ်ပါလော။
အန်းဖူသည် သူ့ကို ကြည့်ရင်း စိုးရိမ်လာသဖြင့် တစ်စုံတစ်ယောက်ကို အမြန်သွားခေါ်ချင်နေ၏။ “ဆေးတွေများ မှားနေတာလား မသိဘူး၊ သခင်လေး ဒီမှာ ခဏစောင့်နေပါဦး၊ ကျွန်တော် အခုပဲ သမားတော် သွားခေါ်လိုက်ပါ့မယ်!”
ထိုသို့ပြောပြီး အန်းဖူသည် အလျင်အမြန် ပြေးထွက်သွားရာ လမ်း၌ လူတစ်စုနှင့် တိုက်မိသွားလေသည်။
“ငါတို့ မကြာခင် ထွက်တော့မှာကို မင်း ဘယ်တွေ ပြေးလွှားနေတာလဲ”
စကားပြောလိုက်သူမှာ မျက်နှာထား တည်ကြည်ပြီး အန်းချန်းချင်းကဲ့သို့ပင် ဖီးနစ်မျက်ဝန်းများ ရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူကား အန်းချန်းချင်း၏ ဖခင်၊ လက်ရှိ ကျိန်းအန်းနယ်စား အန်းကျစ်ခဲ့ ပင် ဖြစ်၏။ သူ၏ ဘေးတွင် မိသားစု၏ ကတော် လီသခင်မနှင့် အစေခံမလေးတို့ ရပ်နေကြပြီး သူတို့နောက်တွင် သန်မာသော အစေခံအချို့လည်း ပါရှိလာကြသည်။
အန်းဖူသည် ချက်ချင်း ဒူးထောက်ကာ “သခင်လေး နေမကောင်းလို့ပါ၊ မနေ့က ဆေးတွေ အသောက်များသွားလို့ ထင်ပါတယ်...”ပြန်လည် ဖြေကြားလိုက်၏။
အန်းချန်းချင်းသည် ဤလက်ထပ်မှုကို အစကတည်းက သဘောမတူခဲ့ပေ။ တာယဲ့အင်ပါယာတွင် တားမြစ်ထားခြင်း မရှိသော်လည်း တော်ဝင်မိသားစုတွင် အမျိုးသား မိဖုရား ထားရှိခြင်းမှာ မရှိခဲ့ဖူးသော အစဉ်အလာ ဖြစ်ပေသည်။ ထို့အပြင် မြောက်ပိုင်းစစ်ဘုရင် ရှောင်းကျစ်ကဲ၏ နာမည်ဆိုးမှာလည်း မြို့တော် ရဲ့ကျင်းတွင် အလွန်ကျော်ကြားလှ၏။ သူသည် စိတ်မြန်လက်မြန်ရှိပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာတတ်သည်ဟု ကောလာဟလများ ထွက်နေခဲ့သည်။ လစဉ်လတိုင်း နှိပ်စက်ခံထားရသော အစေခံများ၏ အလောင်းများကို အပြင်သို့ စွန့်ပစ်လေ့ရှိသည် ဟုလည်း ဆိုကြ၏။ အန်းချန်းချင်းသည် လျစ်လျူရှုခံထားရသော မယားငယ်၏ သားဖြစ်သော်လည်း ယခုကဲ့သို့ အန္တရာယ်များသော ပတ်ဝန်းကျင်တွင် မင်းသားကတော် အဖြစ် နေထိုင်ရမည်ကို အလွန် ငြင်းဆန်လိုခဲ့ပေသည်။
သူ အလိုရှိခဲ့သည်မှာ အရာရှိတစ်ဦး ဖြစ်လာပြီး သူ၏ မိခင်နှင့် နှမကို ကာကွယ်ပေးရန်သာ ဖြစ်၏။
မြောက်ပိုင်းစစ်ဘုရင်နှင့် လက်ထပ်ရခြင်းက သူ စီစဉ်ထားသမျှ အားလုံးကို ဖျက်ဆီးပစ်လိုက်ချေပြီ။
သူသည် ခုခံရန် ကြိုးစားခဲ့သော်လည်း ကိုယ်လက်အင်္ဂါများကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ပေးသည့် ဆေးတစ်မျိုးကို တိုက်ကျွေးခြင်း ခံလိုက်ရပေသည်။ ထို့ကြောင့် သူသည် အစေခံများက သူ့ကို ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ အနီရောင် ဝတ်စုံများ ဆင်ယင်ပေးနေသည်ကို ငြိမ်သက်စွာ ထိုင်ကြည့်နေခဲ့ရရုံသာ ရှိတော့သည်။
“အဲဒါတွေကို ထားလိုက်စမ်း၊ ဝမ်စံအိမ်တော်က လူတွေ ရောက်နေပြီ” အန်းကျစ်ခဲ့က လက်ဝေ့ယမ်းလိုက်ပြီး အန်းချန်းချင်းကို ကြည့်ကာ “တတိယသခင်လေးကို တွဲခေါ်ခဲ့ကြ”အမိန့်ပေးလိုက်သည်။
ဝေဝေဝါးဝါး ဖြစ်နေဆဲ အန်းချန်းချင်းသည် ခေါင်းမြှီးခြုံ အနီရောင်ကို ခြုံနှင်းခံလိုက်ရပြီး အစေခံနှစ်ဦး၏ တွဲကူမှုဖြင့် အပြင်သို့ ပါသွားတော့သည်။
အန်းချန်းချင်းတွင် အားအင် မရှိသော်လည်း သူ၏ လက်မောင်းကို ကိုင်ထားသော အစေခံနှစ်ဦး၏ လက်များကြောင့် နာကျင်မှုကိုမူ ခံစားနေရ၏။ ဤအရာသည် အိပ်မက်တစ်ခုနှင့် လုံးဝ မတူချေ။
သူသည် ဝေါယာဉ်ပေါ်သို့ ရောက်သောအခါ ဝန်းရံလာသော စစ်သည်များက ခရာများကို စတင် မှုတ်ကြတော့သည်။ ရထားလုံးသည် ရဲ့ကျင်းမြို့၏ လမ်းမများတစ်လျှောက် လှည့်လည်ပြီးနောက် မြောက်ပိုင်းစစ်ဘုရင်၏ စံအိမ်တော်သို့ ရောက်ရှိသွားလေသည်။
ဝမ်စံအိမ်တော်တွင် ဧည့်သည်တော်များဖြင့် ပြည့်နှက်နေ၏။ သူတို့သည် ပွဲကောင်းတစ်ပွဲကို ကြည့်ရတော့မည့်အလား တစ်ဦးနှင့်တစ်ဦး ရယ်မောကာ စကားပြောနေကြပေသည်။
မြောက်ပိုင်းစစ်ဘုရင်၏ မိခင်မှာ သူ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့ခြင်း ဖြစ်၏။ သူ ဆယ်နှစ်သား အရွယ်တွင် ဗေဒင်ဆရာတစ်ဦးက သူသည် မင်္ဂလာမရှိသော အငွေ့အသက်များ ရှိပြီး မကောင်းဆိုးဝါးများကို ဆွဲဆောင်တတ်သူ ဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့သဖြင့် ဧကရာဇ် အန်းချင်၏ ချစ်ခြင်းမေတ္တာကို ဆုံးရှုံးခဲ့ရရှာသည်။ သူသည် အသက်တစ်ဆယ့်နှစ်နှစ် မပြည့်မီမှာပင် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့၏။ ရှစ်နှစ်အတွင်းမှာပင် ရှောင်းကျစ်ကဲသည် သာမန်လူတစ်ယောက်ဘဝမှ တာယဲ့အင်ပါယာ၏ စစ်သေနာပတိ တစ်ဦး ဖြစ်လာခဲ့ပြီး ယန်ကျိုးနယ်၏ စစ်အာဏာကို ချုပ်ကိုင်နိုင်ခဲ့သည်။ ဤရာထူးကို ပေတီလူမျိုးများ၏ အလောင်းများနှင့် သွေးချောင်းစီးသော တိုက်ပွဲများကြားမှ ရယူခဲ့ခြင်း ဖြစ်၏။ မြောက်ပိုင်းစစ်ဘုရင် ရှောင်းကျစ်ကဲ ဟူသော အမည်သည် ပေတီလူမျိုးများသာမက သူ၏ လူမျိုးများကိုပါ ကြောက်လန့်စေခဲ့သည်။
ကလေးသူငယ်များပင် သူ၏ အမည်ကို အသုံးပြုကာ သီချင်းဆိုကြ၏။ ‘ကောင်းကင်ဘုံ၌ နတ်ဘုရားသတ်သူ ရှိ၏၊ မြေပြင်၌ ထိုက်စွေ့နတ်မင်း ရှိ၏၊ ငရဲ၌ အသူရာ နတ်မင်း ရှိ၏၊ ရှောင်းကျစ်ကဲ၏ ကိုယ်ထဲ၌ ထိုသုံးပါးစလုံး ကိန်းအောင်းနေ၏’ ဟူ၍ ဖြစ်ပေသည်။
ရှောင်းကျစ်ကဲ၏ ကျော်ကြားမှု ကြီးမားလာလေလေ ဧကရာဇ် အန်းချင်က သူ့ကို ပိုမိုမနှစ်သက်လေလေ ဖြစ်၏။ သို့သော် ယန်ကျိုးနယ်တွင် ပေတီလူမျိုးများကို ခုခံကာကွယ်နိုင်သော သူ၏ စွမ်းရည်ကြောင့် ဧကရာဇ်သည် သည်းခံနေခဲ့ရခြင်း ဖြစ်ပေသည်။ အစပိုင်းတွင် ရှောင်းကျစ်ကဲသည် မတန်တဆ ရည်မှန်းချက်များ ရှိလာမည်ကို ဧကရာဇ် စိုးရိမ်ခဲ့သော်လည်း သူသည် အမျိုးသားများကိုသာ နှစ်သက်ကြောင်းနှင့် နယ်စားမင်း၏ တတိယသားကို လက်ထပ်လိုကြောင်း လျှောက်တင်လာသောအခါ ဧကရာဇ်သည် ရယ်စရာကောင်းသည်ဟု ထင်သော်လည်း တစ်ဖက်တွင်မူ စိတ်အေးသွားရပေသည်။
ဧကရာဇ် အန်းချင်သည် အလွန်ဝမ်းမြောက်သွားပြီး ဝမ်စံအိမ်တော်ရှိ မင်္ဂလာပွဲကို ခမ်းနားစွာ ပြင်ဆင်ရန် အမိန့်ပေးခဲ့၏။ ထို့ကြောင့် ဧည့်သည်တော် အများအပြား ရောက်ရှိလာကြပြီး အိမ်ရှေ့စံ၏ မင်္ဂလာပွဲထက်ပင် ပိုမိုစည်ကားနေတော့သည်။ သို့သော် ထိုဧည့်သည်များသည် မြောက်ပိုင်းစစ်ဘုရင်၏ ရယ်စရာကိစ္စကို ကြည့်ရန် လာကြခြင်းလား သို့မဟုတ် ဂုဏ်ပြုရန် လာကြခြင်းလား ဆိုသည်မှာမူ သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။
ဧည့်ခံပွဲအတွင်း လူအများက နယ်စားစံအိမ်မှ တတိယသခင်လေးကို သနားနေကြ၏။ လှပသော လူငယ်လေးတစ်ဦးမှာ ရက်စက်လှသော မြောက်ပိုင်းစစ်ဘုရင်၏ လက်ထဲသို့ အတင်းအကျပ် အထည့်ခံလိုက်ရပြီ မဟုတ်ပါလော။ သူ ဘာဖြစ်သွားရှာမလဲ၊ မင်္ဂလာဦးညကိုရော ကျော်ဖြတ်နိုင်ပါ့မလား စသည်ဖြင့် တွေးပူနေကြပေသည်။
တတိယသခင်လေးသည်လည်း ရဲ့ကျင်းမြို့တွင် နာမည်ကျော် တစ်ဦး ဖြစ်ကြောင်း ဆိုရပေမည်။ သူ၏ မိခင်မှာ နယ်စားအန်း၏ မယားငယ် ဖြစ်ပြီး ရဲ့ကျင်းမြို့၏ အထင်ရှားဆုံး ပြည့်တန်ဆာရုံမှ ထင်ရှားသော မိန်းမပျိုတစ်ဦး ဖြစ်ခဲ့ဖူး၏။ သူမသည် အလွန်လှပကာ ကဗျာဆန်ပြီး ကခြင်းခုန်ခြင်း အနုပညာ၌ ထူးချွန်သဖြင့် ထိုစဉ်က ရဲ့ကျင်း၏ ပထမဆုံး အလှမယ်ဟုပင် တင်စားခံခဲ့ရဖူးသည်။ အန်းချန်းချင်းသည် မိခင်၏ အလှကို အမွေရထားသူ ဖြစ်၏။ သူသည် ငယ်စဉ်ကပင် ချစ်စရာကောင်းပြီး အရွယ်ရောက်လာသောအခါ၌လည်း ဆွဲဆောင်မှုရှိသော အလှကို ပိုင်ဆိုင်ထားပေသည်။ သို့သော် အလှတရားသည် အပေါ်ယံသာ ဖြစ်၏။ သူသည် တစ်ခါက သူ၏ဖခင်ကို စိတ်ဆိုးအောင် ပြုလုပ်ခဲ့သဖြင့် အန်းမိသားစု၏ ဆွေစဉ်မျိုးဆက် စာရင်းမှ ပယ်ထုတ်ခြင်း ခံခဲ့ရသည်ဟုလည်း ဆိုကြပေသေးသည်။
ဧည့်သည်များသည် ပါးစပ်မှ အန်းချန်းချင်းအတွက် နှမြောတသ ဖြစ်နေကြသော်လည်း သူ ဝေါယာဉ်ပေါ်မှ ဆင်းလာသည်ကိုမူ စပ်စုလိုသော မျက်နှာများဖြင့် ကြည့်နေကြ၏။
အန်းချန်းချင်းသည် မျက်နှာကို ဖုံးအုပ်ထားသဖြင့် သူ၏ ခြေထောက်ကိုသာ ကြည့်နေရပေသည်။ မူးဝေမှုများ သက်သာသွားပြီး စိတ်မှာလည်း အနည်းငယ် ကြည်လင်လာခဲ့ပြီ ဖြစ်၏။ ကိုယ်လက် မလှုပ်ရှားနိုင်သည့် အာနိသင်မှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူသည် သံသယများဖြင့် ပြည့်နှက်နေပေသည်။ သူသည် မဆင်မခြင် မလုပ်ရဲဘဲ အစေခံအဘွားအို၏ အကူအညီဖြင့်သာ ဆင်းလာခဲ့ရ၏။
သူ မြေပြင်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်လိုက်သောအခါ ကြမ်းတမ်းပြီး အသားမာများ တက်နေသည့် လက်တစ်ဖက်က သူ့ထံသို့ ကမ်းလာလေသည်။ လက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်သူ၏ လက်ဖြစ်ကြောင်း ပထမဆုံး အကြည့်ဖြင့်ပင် သိနိုင်ပေသည်။ မော့ကြည့်လိုက်သောအခါ မင်္ဂလာဝတ်ရုံ၏ လက်ရှည်များကို မြင်ရပြီး ထိုထက်ပို၍မူ အန်းချန်းချင်း၏ အမြင်တွင် ကွယ်နေပေသည်။
... ဤအရာသည် ရှောင်းကျစ်ကဲ၏ လက်ပင် ဖြစ်၏။
အန်းချန်းချင်း၏ ရင်ခုန်သံများ မြန်ဆန်လာသည်။ သူ မှတ်မိသွားပြီ ဖြစ်၏။ ထိုစဉ်က သူတို့ လက်ထပ်ကြစဉ်ကလည်း ဤလက်သည်ပင် သူ့ထံသို့ ကမ်းလင့်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်က သူသည် ငြင်းဆန်လိုစိတ်များ ပြင်းထန်နေခဲ့သဖြင့် ရှောင်းကျစ်ကဲအပေါ် ကြောက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် ထိုလက်ကို တိတ်ဆိတ်စွာ ငြင်းပယ်ခဲ့မိ၏။
မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်ခဲ့သည့် ထိုလက်ကို သူ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။
အန်းချန်းချင်းသည် နှုတ်ခမ်းလွှာကို အသာအယာ စေ့လိုက်ရင်း သူ သေဆုံးပြီးနောက် ချီဝူနန်းဆောင်၌ အထီးကျန်စွာ ဝိုင်သောက်နေခဲ့သော ဧကရာဇ်၏ မျက်ဝန်းများကို ပြန်လည် မြင်ယောင်လာခဲ့သည်။
လွန်ခဲ့သော နေ့ရက်များသည် ပြီးဆုံးခဲ့လေပြီ။ ထိုစဉ်က သူသည် အခက်ခဲဆုံး လမ်းကို ရွေးချယ်ခဲ့သဖြင့် မိမိကိုယ်တိုင်ရော အခြားတစ်ဦးကိုပါ နာကျင်စေခဲ့သည်။ အဘယ်ကြောင့် ယခုကဲ့သို့ ဤနေ့ရက်ဆီသို့ ပြန်ရောက်လာသည်ကို မသိသော်လည်း အန်းချန်းချင်းသည် အခြားလမ်းတစ်ခုကို ကြိုးစားလျှောက်လှမ်းလိုပေတော့သည်။
ထိုလက် ပြန်ရုပ်သိမ်းမသွားမီ အန်းချန်းချင်းသည် ထိုလက်ကို ဖြည်းညင်းစွာ လှမ်းကိုင်လိုက်ပြီး မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်ပေသည်။
ရှောင်းကျစ်ကဲ၏ လက်မှာ မြင်ရသည့်အတိုင်းပင် ကြမ်းတမ်းလှ၏။ အသားမာများက သူ၏ နုနယ်သော အရေပြားကို ထိတွေ့မိသောအခါ ယားကျိကျိ ဖြစ်သော်လည်း တစ်ဖက်တွင်မူ ယုံကြည်အားကိုးရသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
ရှောင်းကျစ်ကဲသည် သူ၏ လက်ဖဝါးထဲမှ နူးညံ့မှုကို ခံစားလိုက်ရသောအခါ သူ၏ နက်မှောင်သော မျက်ဝန်းများထဲတွင် ဆန်းကြယ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူ၏ မျက်မှောင်ကြုတ်ထားမှုများ ပြေလျော့သွားပြီး တင်းမာနေသော နှုတ်ခမ်းလွှာတို့သည်လည်း မသိမသာ ပြုံးယောင်သန်းသွားလေတော့သည်။
သူတို့နှစ်ဦးသည် တစ်ဦး၏လက်ကို တစ်ဦးက ဆုပ်ကိုင်ကာ ခန်းမဆောင်ကြီးဆီသို့ အတူတကွ လျှောက်လှမ်းသွားကြပြီးနောက် မင်္ဂလာပိုးစည်ပိုင်း၏ အစွန်းတစ်ဖက်စီကို ကိုင်ထားလိုက်ကြပေသည်။
မင်္ဂလာအခမ်းအနားမှူး မိန်းမစိုးက စူးရှသော အသံဖြင့် ကြေညာလိုက်၏။ “နတ်မင်းကြီးနှင့် မြေမင်းကြီးကို ပထမဦးဆုံး ဂါရဝပြုကြပါ...”
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ အနီရောင် ပိုးစည်ပိုင်းလေးက သူတို့ကို ဆက်သွယ်ပေးထားပြီး အခမ်းအနား အစီအစဉ်အတိုင်း ဖြည်းညင်းစွာ အတူတကွ ဦးညွှတ် ဂါရဝပြုလိုက်ကြပေတော့သည်။