အခန်း(၃)
ရှောင်းကျစ်ကဲမှာ နောက်သို့လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်ကို ကြည့်ရင်း အန်းချန်းချင်း၏ စိတ်ထဲတွင် စိတ်ပျက်ဝမ်းနည်းမှုနှင့်အတူ နာကျည်းမှုကိုပါ ခံစားလိုက်ရ၏။ ထို့ပြင် စိုးရိမ်စိတ်အချို့လည်း ဝင်ရောက်လာသည်။
သူသည် သိက္ခာကိုပင် ဂရုမစိုက်ဘဲ ထိုသူကို ရင်းနှီးပွင့်လင်းစွာ နမ်းရှိုက်ခဲ့သော်လည်း ရလဒ်မှာမူ ယခင်ဘဝကအတိုင်းပင် ဖြစ်ခဲ့ရ၏။ သူတို့၏ အိမ်ထောင်ရေးမှာ အရာမထင်ခဲ့ဘဲ ရှောင်းကျစ်ကဲမှာ စာကြည့်ခန်းသို့သာ သွားရောက်အိပ်စက်ခဲ့ပေသည်။
ဤသို့သာ ဆက်ဖြစ်နေပါက မနက်ဖြန်တွင် ဤသတင်းမှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး နယ်စားမင်း၏ တတိယသခင်လေးမှာ မင်္ဂလာဦးည၌ပင် မြောက်ပိုင်းစစ်ဘုရင်၏ ငြင်းပယ်ခြင်းကို ခံရသော အဆောင်အယောင်မျှသာဖြစ်သည်ဟု လူတိုင်းက ကောက်ချက်ချကြပေလိမ့်မည်။ ဝမ်အိမ်တော်၏ အစေခံများပင်လျှင် သူ့ကို အလေးမထားတော့ဘဲ သူ၏ရှေ့မှောက်၌ပင် ပေါ်ပေါ်ထင်ထင် ကဲ့ရဲ့လှောင်ပြောင်ကြပေတော့မည်။
ယခင်ကဆိုလျှင် အန်းချန်းချင်းသည် ဤအရာများကို ဂရုမစိုက်ခဲ့သော်လည်း ယခုအခါ ရှောင်းကျစ်ကဲက သူ့ကိုလှည့်မကြည့်ဘဲ ထွက်သွားသည်ကို စဉ်းစားမိရုံဖြင့် ရင်ထဲတွင် မခံမရပ်နိုင်အောင် ဖြစ်ရ၏။ ရှောင်းကျစ်ကဲက သူ့ကို လုံးဝနှစ်သက်ခြင်းမရှိဘဲ သူကိုယ်တိုင်ကသာ တစ်ဖက်သတ် စိတ်ကူးယဉ်နေမိခြင်း ဖြစ်မည်လားဟု သူ တွေးတောနေမိသည်။ ထိုအတွေးများမှာ တဖြည်းဖြည်း ကြီးထွားလာပြီး ယခင်ဘဝက ရှောင်းကျစ်ကဲအပေါ် မှားယွင်းခဲ့သဖြင့် ကောင်းကင်ဘုံက သူ့ကို အပြစ်ပေးနေခြင်းလားဟုလည်း တွေးမိပြန်၏။ ရှောင်းကျစ်ကဲက သူ့အပေါ် မည်မျှပင် အလိုလိုက်ခဲ့ပါစေ သူကမူ လျစ်လျူရှုခဲ့ဖူးသည်။ ယခု သူ အမှန်တရားကို သိမြင်လာချိန်တွင် ရှောင်းကျစ်ကဲက သူ့ကို မချစ်တော့ချေ။
ဒုတိယအကြိမ် အခွင့်အရေး ရရှိခဲ့ပါသော်လည်း သူတို့၏ အဆုံးသတ်ကို မပြင်ဆင်နိုင်ဘဲ သူသည် အဆိပ်မိ၍ သေဆုံးရဦးမည်လား၊ ရှောင်းကျစ်ကဲမှာလည်း ရက်စက်သော မင်းဆိုးမင်းညစ်တစ်ဦး ဖြစ်လာပြီး ချီဝူနန်းဆောင်တွင် ကျောက်စိမ်းဆွဲသီးလေးကို ကိုင်ကာ တစ်ဦးတည်း သေဆုံးရဦးမည်လားဟု သူ အလွန်ပင် ကြောက်ရွံ့နေမိပေသည်။
ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေရင်း အန်းချန်းချင်းသည် သန်းခေါင်ကျော်မှသာ ခဏမျှ မှေးခနဲ အိပ်ပျော်သွား၏။ သို့သော် အိပ်မက်ထဲတွင်လည်း ယခင်ဘဝက အဖြစ်အပျက်များမှာ ထပ်ခါတလဲလဲ ပေါ်ပေါက်နေခဲ့သည်။ သူ သေဆုံးခါနီးအချိန်သို့ ပြန်ရောက်သွားပြီး သူ၏ ဝမ်းဗိုက်အတွင်း တစ်စုံတစ်ခုက မွှေနှောက်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသဖြင့် သေချာပေါက် သေချင်စိတ် ပေါက်နေမိ၏။
မနက်စောစောတွင် အန်းဖူက သူ့ကို လာရောက်နှိုးသောအခါ အန်းချန်းချင်းမှာ ရေထဲမှ ဆယ်ယူထားသော ငါးတစ်ကောင်ကဲ့သို့ ချွေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး မျက်လုံးများမှာလည်း နီမြန်းလျက် မျက်ကွင်းများ ညိုနေသဖြင့် လုံးဝပင် နွမ်းနယ်နေချေ၏။
"သခင်လေး?" အန်းဖူသည် မနေ့ညက အဖြစ်အပျက်ကို သိရှိပြီးဖြစ်ရာ စိုးရိမ်တကြီးဖြင့် "မင်းသားက လူလွှတ်ပြီး စကားပါးလိုက်ပါတယ်၊ သခင်လေး ဒီနေ့ နန်းတော်ကို သွားစရာမလိုဘူးတဲ့ခင်ဗျာ"ပြောလိုက်သည်။
အန်းချန်းချင်းက သူ့ကို စိတ်အေးစေရန် ပြုံးပြလိုက်ပြီး သူ၏ နားထင်များကို နှိပ်နယ်ရင်း "ရေပြင်ပေးပါ၊ ငါ ရေချိုးလိုက်ဦးမယ်"ခိုင်းလိုက်၏။
အန်းဖူသည် အမိန့်ကို လက်ခံကာ ချက်ချင်းပင် သွားရောက်ဆောင်ရွက်လေသည်။ အန်းချန်းချင်းသည် ခဏမျှ ထိုင်နေပြီးနောက် ရေချိုးခန်းထဲသို့ ဝင်ခဲ့၏။ ရေနွေးမှာ အဆင်သင့်ရှိနေပြီး အစေခံမိန်းကလေးနှစ်ဦးမှာလည်း အဝတ်အစားများဖြင့် အနားတွင် စောင့်နေကြသည်။ အန်းချန်းချင်းသည် အစေခံခြင်းကို မကျင့်သုံးသဖြင့် သူတို့ကို အပြင်သို့ ထွက်ခွာခိုင်းလိုက်၏။
မည်သူမျှ မရှိတော့သောအခါမှ သူသည် အဝတ်အစားများကို ချွတ်၍ ရေထဲသို့ ဆင်းလိုက်လေသည်။
နွေးထွေးသော ရေထဲတွင် စိမ်နေရသဖြင့် သူ၏ ဦးခေါင်းအတွင်းမှ နာကျင်မှုများမှာ များစွာ သက်သာသွားခဲ့၏။ ထို့နောက် အန်းချန်းချင်းသည် အဝတ်အစားသစ်များ လဲလှယ်ကာ အဆောင်မကြီးသို့ ပြန်လာခဲ့သည်။ အစေခံမလေးတစ်ဦးက သူ၏ ဆံပင်များကို အခြောက်ခံပေးပြီးနောက် ကျောက်သံပတ္တမြားများ စီခြယ်ထားသော အနီရောင်ဆံရစ်လေးဖြင့် ဆံပင်ရှည်များကို စုစည်းပေးလိုက်၏။ အန်းချန်းချင်းသည် မှန်ထဲမှ မိမိကိုယ်ကိုယ် ကြည့်နေမိသည်။ ယခင်ထက် ပိုမိုသက်ဝင်လှုပ်ရှားနေသော်လည်း ပင်ပန်းနွမ်းနယ်နေသော အငွေ့အသက်များမှာမူ ကျန်ရှိနေသေးပေသည်။
အဝတ်အစားများကို ပြင်ဆင်ပြီးနောက် သူသည် ရှောင်းကျစ်ကဲအား ရှာဖွေရန် အန်းဖူကိုခေါ်၍ စာကြည့်ခန်းသို့ သွားခဲ့သော်လည်း အခန်းထဲတွင် အိမ်တော်ထိန်းကြီး ဝမ်ဖူကွေ တစ်ဦးတည်းသာ ရှိနေသည်ကို တွေ့ရ၏။ ရှောင်းကျစ်ကဲကိုမူ မတွေ့ရချေ။
"မင်းသား မရှိဘူးလား"
ဝမ်ဖူကွေက ရိုသေစွာ ဦးညွှတ်ကာ "မင်းသားက မနက်စောစောကတည်းက မြို့ပြင်က စစ်စခန်းကို သွားပါတယ်ခင်ဗျာ"ပြန်လည်ဖြေကြားသည်။
အန်းချန်းချင်း စိတ်မကောင်းဖြစ်သွားရ၏။ ရှောင်းကျစ်ကဲမှာ သိသိသာသာပင် တမင်တကာ ရှောင်သွားခြင်း ဖြစ်ပေသည်။ မည်သူကများ မင်္ဂလာဆောင်ပြီးပြီးချင်း စစ်စခန်းသို့ ထွက်သွားပါမည်နည်း။
"မင်းသားက ဘယ်တော့ပြန်လာမယ်လို့ ပြောသွားသေးလဲ"
ဝမ်ဖူကွေ: "မပြောသွားပါဘူးခင်ဗျာ"
အိမ်တော်ထိန်း၏ အမူအရာမှာ ခပ်တန်းတန်းဖြစ်နေသဖြင့် အန်းချန်းချင်းသည် မည်သည့်သတင်းအချက်အလက်မျှ ထပ်မံမရရှိနိုင်တော့ချေ။ သူသည် စိတ်ပျက်စွာဖြင့် ပြန်လှည့်လာခဲ့ရ၏။
သူ အန်းဖူနှင့်အတူ ထွက်လာစဉ် အနီးအနားမှ စူးရှသော အသံတစ်ခုကို ကြားလိုက်ရသည်မှာ "မင်း ကြားပြီးပြီလား၊ မင်းသားက ဒီနေ့ မနက်စောစောကြီး စစ်စခန်းကို ထွက်သွားတယ်တဲ့"
အခြားအသံတစ်ခုကလည်း "ကြားတာပေါ့၊ မင်းသားက မနေ့ညက စာကြည့်ခန်းမှာပဲ အိပ်တယ်ဆိုပဲ။ ဒီနေ့မနက် ကြင်ယာတော်ရဲ့ မျက်နှာကို မြင်လိုက်လား၊ အရမ်းကြောက်စရာကောင်းနေတာ၊ ငါတို့ စကားတောင် မပြောရဲဘူး"ဝင်ပြောလိုက်၏။
"ဘာကြောက်စရာရှိလဲ" ယခင်အသံက ထပ်မံပြောဆိုပြန်သည်မှာ "မင်းသားက ကြင်ယာတော်ကို မနှစ်သက်တာ သိသာနေတာပဲ၊ အမည်ခံသက်သက်ပါပဲ။ နောက်ပြီး သူက ယောက်ျားလေးလေ၊ ကလေးတောင် မမွေးပေးနိုင်ဘူး..."
"သူက ငါတို့လို အစေခံမတွေနဲ့တောင် မနှိုင်းယှဉ်နိုင်ပါဘူး။ ငါတို့က မင်းသားကို နေ့တိုင်း ပြုစုခွင့်ရတာလေ။ ဘယ်သူသိမှာလဲ၊ တစ်နေ့နေ့မှာ မင်းသားက ငါတို့ကို သတိထားမိပြီး ကလေးမွေးပေးနိုင်ရင် ငါတို့ဘဝက ကောင်းသွားမှာပေါ့..."
စကားအဆုံးတွင် ရယ်မောသံများ ထွက်ပေါ်လာချေသည်။
အန်းချန်းချင်း၏ မျက်နှာမှာ မည်သို့မျှ ပြောင်းလဲခြင်းမရှိသော်လည်း အန်းဖူမှာမူ ဒေါသကို မထိန်းနိုင်တော့ဘဲ အသံကိုမြှင့်ကာ "ရဲတင်းလှချေလား! မင်းတို့က ဘယ်သူမို့လို့ သခင်တွေရဲ့ ကိစ္စကို ပြောဆိုနေကြတာလဲ"ငေါက်လိုက်၏။
ရယ်မောနေကြသော အစေခံမလေးများမှာ လန့်သွားကြပြီး အန်းချန်းချင်းကို ကြောက်လန့်တကြား ကြည့်ကာ ဒူးထောက်လိုက်ကြလေသည်။
အန်းချန်းချင်းသည် သူတို့အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အစေခံများအား တစ်ချက်ကြည့်ကာ အေးစက်သော အသံဖြင့် "ခေါင်းမော့လိုက်စမ်း"မိန့်လိုက်၏။
အစေခံမလေးများမှာ သူတို့၏ မျက်နှာများကို မော့လိုက်ကြသည်။ သူတို့အားလုံးမှာ ငယ်ရွယ်ချောမောပြီး ကိုယ်လုံးကိုယ်ပေါက် လှပကြသူများ ဖြစ်ပေသည်။ အထူးသဖြင့် သူတို့အထဲမှ အစိမ်းရောင်စကတ်နှင့် အနီရောင်ခါးစည်းကို ဝတ်ဆင်ထားသော မိန်းကလေးမှာ မည်သူ့နှလုံးသားကိုမဆို နူးညံ့သွားစေနိုင်သည့် တောက်ပသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထား၏။
အန်းချန်းချင်းက ပြုံးလိုက်သည်။ ဤမိန်းကလေးမှာ စကားကို စတင်ခဲ့သူဖြစ်ကြောင်း သူ သိပေသည်။ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ ယခင်ဘဝက သေးငယ်သော ကိစ္စရပ်များကို သူ မမှတ်မိတော့သော်လည်း ငှက်ကလေးတစ်ကောင်ကဲ့သို့ ချိုသာသော ဤအသံကို ကြားလိုက်ရသောအခါ လူတစ်ဦးကို သတိရသွားခဲ့သည်မှာရှောင်းကျစ်ကဲ၏ အဓိကအစေခံမလေး 'ယန်ဟုန်' ပင် ဖြစ်၏။
ယခင်ဘဝကလည်း သူနှင့် ရှောင်းကျစ်ကဲ အဆင်မပြေကြောင်း ကောလာဟလများကို ပထမဆုံး စတင်ဖြန့်ဝေခဲ့သူမှာ သူမပင် ဖြစ်သည်။ သူသည် မျက်နှာသာပေးမခံရသူဟု မှတ်ယူကာ သူ့အပေါ် ရိုင်းစိုင်းစွာ ပြုမူခဲ့ဖူးပေသည်။ ထိုစဉ်က သူသည် ရှောင်းကျစ်ကဲနှင့် အလှမ်းဝေးနေခဲ့သဖြင့် ဝမ်အိမ်တော်တွင် မတရားပြုကျင့်ခံရသော်လည်း အသံတိတ်သာ သည်းခံခဲ့ရ၏။ နောက်ပိုင်းတွင် ယန်ဟုန်သည် ရှောင်းကျစ်ကဲ၏ အိပ်ရာပေါ်သို့ မရောက်နိုင်ခဲ့သော်လည်း အိမ်တော်ထိန်းကြီး၏ မွေးစားသားနှင့် လက်ထပ်ခဲ့ရပြီး ရေမြေကောင်းသော ငါးတစ်ကောင်ကဲ့သို့ အဆင်ပြေခဲ့ပေသည်။ ရှောင်းကျစ်ကဲနှင့် အိမ်ရှေ့မင်းသားတို့ ပြည်တွင်းစစ်ဖြစ်ပွားသောအခါ သူမသည် လာဘ်ငွေအမြောက်အမြားကို လက်ခံကာ ဝမ်အိမ်တော်၏ လျှို့ဝှက်ချက်များစွာကို ရန်သူထံ ရောင်းချခဲ့ဖူးသူ ဖြစ်ချေသည်။
အန်းချန်းချင်းသည် သူမအား တိတ်ဆိတ်စွာ စောင့်ကြည့်နေမိ၏။
ယန်ဟုန်မှာ သူ၏ အကြည့်အောက်တွင် အနည်းငယ် လန့်နေသော်လည်း သူသည် မျက်နှာသာပေးမခံရသူဖြစ်ကြောင်းနှင့် သူမမှာ မင်းသား၏ လူဖြစ်ကြောင်း သတိရလိုက်၏။ သူမကို မည်သို့ပင် ပြုမူချင်ပါစေ မင်းသားကို အရင်ကျော်ဖြတ်ရမည်ဟု တွေးမိကာ သတ္တိဝင်လာလေသည်။
ထိုအတွေးကြောင့် သူမသည် အန်းချန်းချင်းအား ဝမ်းနည်းသော အမူအရာဖြင့် "ကျွန်မတို့ ဘာအမှားလုပ်မိလို့လဲဆိုတာ မေးပါရစေရှင်"မေးလိုက်၏။
ယန်ဟုန်၏ မျက်ရည်များမှာ စတင်ကျဆင်းနေပြီဖြစ်သည်ကို အန်းချန်းချင်း မြင်တွေ့လိုက်ရသည်။ သူမ၏ အမူအရာမှာ အစေခံတစ်ဦးနှင့် မတူဘဲ အလှပြိုင်နေသော မောင်းမတစ်ဦးနှင့်သာ တူနေပေသည်။ သူမမှာ ရှောင်းကျစ်ကဲ၏ အစေခံဖြစ်သဖြင့် သူ ဘာမျှမလုပ်နိုင်ဟု ထင်မှတ်နေကြောင်း အန်းချန်းချင်း သိလိုက်၏။
အန်းချန်းချင်းသည် ပြုံးလိုက်ပြီး သူမကို ဂရုမစိုက်တော့ဘဲ အန်းဖူအား "အိမ်တော်ထိန်း ဝမ်ကို သွားခေါ်လိုက်"ခိုင်းလိုက်သည်။
အန်းဖူသည် သူ၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း ချက်ချင်းပင် သွားရောက်ခေါ်ယူခဲ့၏။ ခဏအကြာတွင် သူသည် အိမ်တော်ထိန်း ဝမ်နှင့်အတူ ပြန်ရောက်လာခဲ့သည်။
အိမ်တော်ထိန်း ဝမ်၏ နာမည်အပြည့်အစုံမှာ ဝမ်ဖူကွေဖြစ်ပြီး အသက် ၅၀ ကျော် အရွယ်၊ ပါးလျသော မျက်နှာနှင့် ပိန်လှီသော ကိုယ်လုံးရှိသူ ဖြစ်၏။ သူသည် အမြဲတမ်း လက်နှစ်ဖက်ကို စုစည်းထားပြီး ပုံမှန်ခြေလှမ်းဖြင့် လျှောက်လှမ်းတတ်သည်မှာ ယခင်ဘဝကအတိုင်းပင် ဖြစ်ချေသည်။ သူသည် ရှောင်းကျစ်ကဲ၏ အနီးကပ်ဆုံးလူဖြစ်ပြီး ဝမ်အိမ်တော်၏ အတွင်းရေးကိစ္စများကို တာဝန်ယူရသူ ဖြစ်၏။ သူသည် ရှောင်းကျစ်ကဲအပေါ် အကြွင်းမဲ့ သစ္စာရှိသော်လည်း လူတိုင်းတွင် ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြပေသည်။ သူသည်လည်း ရှောင်းကျစ်ကဲက ဤကြင်ယာတော်အား တန်ဖိုးမထားဟု ယူဆကာ သူ့အပေါ် စိတ်မပါ့တပါ ဆက်ဆံခဲ့ခြင်း ဖြစ်ပေသည်။
အထူးသဖြင့် ယန်ဟုန်ကဲ့သို့သော အရေးပါသည့် အစေခံမလေးက ကြင်ယာတော်အား စော်ကားလျှင်ပင် ကိစ္စမကြီးထွားသရွေ့ သူသည် မျက်ကွယ်ပြုထားလေ့ရှိ၏။
သို့သော် အချိန်များ ပြောင်းလဲသွားသကဲ့သို့ အန်းချန်းချင်းသည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခုအခါ ရှောင်းကျစ်ကဲ၏ နှလုံးသားထဲတွင် သူ၏ နေရာမှာ မည်သို့ရှိသည်ကို သူ သိရှိပြီးဖြစ်ရာ သူနှင့်အတူ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းရန် ဆုံးဖြတ်ထား၏။ ထို့ကြောင့် သူသည် အိမ်တော်အတွင်းရော အပြင်မှာပါ ရှောင်းကျစ်ကဲအား အရှက်ရစေမည့် လှောင်ပြောင်စရာ လူတစ်ဦးအဖြစ် ခံယူမည် မဟုတ်တော့ချေ။
"ကြင်ယာတော်က ဒီအစေခံအိုကြီးကို ဘာကိစ္စကြောင့် ခေါ်ခိုင်းတာလဲခင်ဗျာ" အိမ်တော်ထိန်း ဝမ်က ဦးညွှတ်ကာ မေးလိုက်၏။ အပေါ်ယံတွင် ဘာမျှမမှားယွင်းသော်လည်း အမူအရာတိုင်းမှာ အလွန်ပင် ပေါ့ဆနေပေသည်။
အန်းချန်းချင်းသည် စိတ်မဆိုးဘဲ အန်းဖူယူလာပေးသော ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ကာ အေးစက်စွာ ပြောလိုက်၏။ "ဝမ်အိမ်တော်မှာ သခင်တွေအပေါ် ကောလာဟလ ဖြန့်ဝေတဲ့သူတွေကို ဘယ်လိုအပြစ်ပေးလေ့ရှိသလဲ"
အိမ်တော်ထိန်း ဝမ်မှာ အံ့အားသင့်သွားရ၏။ သူသည် ယန်ဟုန်ကို တစ်ချက်ကြည့်ကာ "ကြင်ယာတော်... ဒါက..."တုံ့ဆိုင်းနေလေသည်။
"မင်းတို့မှာ စည်းကမ်းမရှိသေးဘူးဆိုရင် ငါကပဲ စည်းကမ်းထုတ်ပေးမယ်" အန်းချန်းချင်းက သူ၏ ဖီးနစ်မျက်ဝန်းများဖြင့် သူ့ကို စေ့စေ့ကြည့်ကာ ကြားဖြတ်ပြောလိုက်၏။ "အခုကစပြီး သခင်တွေရဲ့ ကိစ္စကို ပြောဆိုရဲတဲ့ အစေခံတွေကို ပါးအချက် ၃၀ရိုက်ပြီး အပြစ်ပေးရမယ်။ နောက်တစ်ကြိမ် ထပ်ကျူးလွန်ရင် အိမ်တော်ကနေ နှင်ထုတ်ရမယ်။ ဒီတစ်ကြိမ်မှာတော့ ဘေးကနေ ပါဝင်ပတ်သက်သူတွေကို အလုပ်ပိုခိုင်းရုံနဲ့ တော်ပြီ၊ ဒါပေမဲ့ ဒီကိစ္စကို စတင်ခဲ့တဲ့သူကိုတော့ အိမ်တော်ထိန်း ဝမ်... မင်း သူ့ကို အိမ်တော်ကနေ တိုက်ရိုက်နှင်ထုတ်လိုက်ပါ"
အိမ်တော်ထိန်း ဝမ်၏ မျက်နှာမှာ တင်းမာသွား၏။ သူက သတိထားကာ "ဒါက... မင်းသား ပြန်လာတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်ရင် မကောင်းဘူးလားခင်ဗျာ..."ပြောလိုက်သည်။
"အိမ်တော်ထိန်း ဝမ်က မင်းသား မရှိတဲ့အချိန်မှာ ငါက အစေခံမတစ်ယောက်ကိုတောင် နှင်ထုတ်ပိုင်ခွင့်မရှိဘူးလို့ ထင်နေတာလား" အန်းချန်းချင်း၏ လေသံမှာ ပြတ်သားသွားပြီး သူ့ကို စိုက်ကြည့်လိုက်၏။
"မရဲပါဘူးခင်ဗျာ" အိမ်တော်ထိန်း ဝမ်သည် ချက်ချင်းပင် ဒူးထောက်ကာ ရှင်းပြလေသည်။ "ဒါပေမဲ့ ဒီအစေခံမလေးတွေက မင်းသားကို ပြုစုနေကျမို့လို့ သူတို့မရှိရင် မင်းသား စိတ်ဆိုးမှာကို စိုးရိမ်လို့ပါ..."
"သူ့ကို နှင်ထုတ်လိုက်ရုံပဲ။ မင်းသားကို ငါကိုယ်တိုင် ရှင်းပြမယ်" အန်းချန်းချင်းသည် အငြင်းပွားရန် အခွင့်အရေးမပေးတော့ချေ။ သူ ပြောစရာရှိသည်ကို ပြောပြီးနောက် ချက်ချင်းပင် ထရပ်ကာ အန်းဖူနှင့်အတူ ထွက်ခွာသွားလေတော့သည်။
အိမ်တော်ထိန်း ဝမ်သည် သူ ထွက်သွားသည်ကို ကြည့်ကာ မလိုလားသော်လည်း "ဟုတ်ကဲ့ပါ" ဟုသာ ပြောလိုက်ရ၏။
မည်သူမျှ မရှိတော့သောအခါ ယန်ဟုန်သည် သူ့အနားသို့ အပြေးလာကာ "အဖေ... ကျွန်မကို မနှင်ထုတ်ပါနဲ့ဦး..."ငိုယိုကာ ပြောလေသည်။
အိမ်တော်ထိန်း ဝမ်သည် လက်များကို ပွတ်သပ်ကာ သူမကို ကြည့်ပြီး "အခုကစပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း နေစမ်းပါ။ မင်းသား ပြန်လာရင်တော့ ငါ မင်းအတွက် ကူညီပြောပေးပါ့မယ်"ဆိုသည်။
ရှောင်းကျစ်ကဲသည် မနက်စောစောတွင် ဝမ်အိမ်တော်မှ ထွက်ခွာကာ မြို့ပြင်ရှိ စစ်စခန်းသို့ သွားခဲ့၏။ မနေ့ညက သူ အိပ်မပျော်ခဲ့သဖြင့် မိုးမလင်းမီကတည်းက မြင်းစီး၍ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ကိုယ်ခန္ဓာမှာ ဝမ်အိမ်တော်မှ ထွက်ခွာလာခဲ့သော်လည်း သူ၏ နှလုံးသားမှာမူ ထိုနေရာ၌သာ ကျန်ရစ်နေခဲ့၏။ စစ်ရေးလေ့ကျင့်နေစဉ်အတွင်း၌ပင် သူ၏ စိတ်မှာ လွင့်ပျံနေခဲ့ပေသည်။
သူသည် နေမွန်းတည့်ချိန်အထိ စစ်စခန်းတွင် နေထိုင်ခဲ့ပြီးနောက် ညစာစားချိန်နီးမှ အိမ်ပြန်ရန် ပြင်ဆင်လေသည်။ ရှောင်းကျစ်ကဲသည် သူ၏ သံချပ်ကာဝတ်စုံကို လဲလှယ်ကာ ပြန်ရန် ပြင်ဆင်လိုက်၏။
သူ ထွက်ခွာတော့မည့်အချိန်တွင် စစ်သူကြီး ကျောက်ယွဲ့သည် စခန်းထဲသို့ ဝင်လာသည်။ ကျောက်ယွဲ့သည် သူ့ကို မြင်သည်နှင့် ပြုံးရွှင်စွာဖြင့် "မင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့ပဲ ရှိသေးတာ၊ ဘာလို့ ကြင်ယာတော်နဲ့ အချိန်ပိုမကုန်ဆုံးတာလဲ"နှုတ်ဆက်လိုက်၏။
ရှောင်းကျစ်ကဲသည် မျက်မှောင်ကြုတ်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။ သူသည် မြင်းဇက်ကြိုးကို ဆွဲကာ အပြင်သို့ ဦးဆောင်ထွက်ခဲ့၏။
ကျောက်ယွဲ့မှာမူ လက်မလျှော့ဘဲ ထပ်မံ၍ "ကြင်ယာတော်က မင်းသားကို စိတ်မချမ်းသာအောင် လုပ်လိုက်လို့လား။ အတော်ပဲ၊ ကျွန်တော် မြို့ထဲမှာ အလှပန်းလေးတွေ အသစ်တွေ့ထားတယ်၊ မနက်ဖြန် မင်းသားအိမ်ကို လွှတ်ပေးရမလား"စနောက်လိုက်သည်။
စစ်သူကြီး ၁၂ ဦးထဲမှ တစ်ဦးဖြစ်သော ကျောက်ယွဲ့နှင့် ရှောင်းကျစ်ကဲတို့မှာ တစ်ဦးကိုတစ်ဦး လုံးဝမနှစ်သက်ကြချေ။
တာယဲ့အင်ပါယာကို မြို့တော်နှင့် နယ်မြေ ၁၂ ခုအဖြစ် ခွဲခြားထား၏။ ကျောက်၊ ချူ၊ ရွှယ်၊ ရှီ၊ ရှဟောက် နှင့် ရှန်ထု ဟူသော စစ်သူကြီးကြီး ၆ ဦးက နယ်မြေနှစ်ခုစီကို တာဝန်ယူရပြီး သူတို့၏အောက်တွင် နယ်မြေတစ်ခုစီအတွက် စစ်သူကြီး ၁၂ ဦး ရှိလေသည်။
ကျောက်ယွဲ့၏ အဘိုးဖြစ်သူ ကျောက်ရှင်းချုံမှာ စစ်သူကြီးကြီး ၆ ဦးအနက် တစ်ဦးဖြစ်၏။
ကျောက်မိသားစုမှာ မယ်တော်ကြီး၏ ဆွေမျိုးသားချင်းများဖြစ်ပြီး လက်ရှိ ဧကရီမှာလည်း သူမ၏ အမျိုးတော်စပ်သူ ဖြစ်ပေသည်။ ထို့ကြောင့် ကျောက်မိသားစုသည် အမြဲတမ်း အိမ်ရှေ့မင်းသား ရှောင်းချီအန်း ဘက်တွင် ရှိနေကြ၏။ ရှောင်းကျစ်ကဲနှင့် ရှောင်းချီအန်းတို့မှာ မသင့်မြတ်ကြသကဲ့သို့ ရှောင်းကျစ်ကဲ၏ ထူးခြားသော စွမ်းဆောင်ရည်များကြောင့်လည်း ကျောက်ယွဲ့က သူ့ကို အမြဲတမ်း မျက်မှန်းတည့်နေခဲ့ခြင်း ဖြစ်သည်။ သူသည် အခွင့်အရေးရတိုင်း ရှောင်းကျစ်ကဲအား လှောင်ပြောင်ကဲ့ရဲ့လေ့ ရှိပေသည်။
အခြားနေ့များတွင်ဆိုလျှင် ရှောင်းကျစ်ကဲသည် သူ့ကို ဂရုစိုက်နေမည်မဟုတ်သော်လည်း ယနေ့တွင်မူ သူသည် အထူးပင် စိတ်အနှောင့်အယှက် ဖြစ်နေရ၏။ သူ၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများမှာ ကျုံ့သွားပြီး ကျောက်ယွဲ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ကျောက်ယွဲ့က အောင်နိုင်သူကဲ့သို့ ရယ်မောလိုက်ကာ "အော်... ဒါမှမဟုတ် မင်းသားက မိန်းမလှလေးတွေကို မကြိုက်ဘဲ ယောက်ျားဆန်တဲ့သူကိုပဲ ပိုနှစ်သက်တာလား။ ငါ ကြားတာတော့ ကြင်ယာတော်က အရမ်းကို ထူးခြား..."
ကျောက်ယွဲ့ စကားမဆုံးမီမှာပင် ရွှေရောင်နှင့် အနက်ရောင် စပ်ထားသော လှံသွား တစ်ခုမှာ သူ၏ ခြေရင်းရှိ မြေပြင်ပေါ်သို့ စိုက်ဝင်သွားသဖြင့် တုန်ခါသံများ ထွက်ပေါ်လာ၏။
ရှောင်းကျစ်ကဲသည် မြင်းစီးလာပြီး မြေပြင်ထဲသို့ သုံးလက်မခန့် စိုက်ဝင်နေသော လှံကို ဆွဲနှုတ်လိုက်သည်။ သူက "လက်နက်တွေမှာ မျက်စိမပါဘူး၊ စစ်သူကြီးကျောက် သတိထားသင့်တယ်"သတိပေးလိုက်၏။
ရှောင်းကျစ်ကဲသည် မြင်းကို စီးထွက်သွားရာ မြင်းခြေရာမှ ထွက်လာသော ဖုန်မှုန့်များမှာ ကျောက်ယွဲ့၏ မျက်နှာပေါ်သို့ လွင့်စင်သွားလေတော့သည်။
စစ်စခန်းမှ ထွက်လာပြီးနောက် မြင်းမှာ မြို့တော်ဘက်သို့ ဦးတည်ပြေးလွှားနေ၏။ ယန်ကျိုးမြို့၏ အရှေ့ဘက်တံခါးမှာ ချန်လဲ့လမ်းမကြီးနှင့် ဆက်သွယ်ထားသည်။ ချန်လဲ့လမ်းမကြီး၏ ထိပ်နှစ်ဖက်တွင် ဆိုင်ခန်းများနှင့် စားသောက်ဆိုင်များဖြင့် ပြည့်နှက်နေ၏။ အရှေ့ဘက်တွင် ဈေးနှင့် အဝတ်အထည်ဆိုင်များ ရှိပြီး အနောက်ဘက်တွင်မူ ကချေသည်ဆောင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အရက်ဆိုင်များ ရှိလေသည်။
ယန်ကျိုးမြို့တွင် ညမထွက်ရအမိန့် မရှိသဖြင့် မိုးမချုပ်မီကတည်းက ထိုနေရာမှာ လူများဖြင့် စည်ကားနေပြီ။
သို့သော် ရှောင်းကျစ်ကဲ မြင်းစီးသွားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြ၏။ သူ ဝေးရာသို့ ရောက်သွားမှသာ ပြန်လည်စည်ကားလာပြန်သည်။ ဤအခြေအနေမှာ ရှောင်းကျစ်ကဲအတွက် အသားကျနေပြီ ဖြစ်၏။ သူသည် မုန့်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားစဉ် တုံ့ဆိုင်းသွားပြီး မြင်းကို ရပ်လိုက်သည်။ ထိုဆိုင်မှာ ယန်ကျိုးမြို့ရှိ ထူးခြားသော မုန့်မျိုးစုံကို ရောင်းချသည့် တစ်ခုတည်းသော ဆိုင်ဖြစ်သော 'စန်းဝေကျဲ' ပင် ဖြစ်၏။ နေ့စဉ်နေ့တိုင်း အရာရှိကြီးများနှင့် တော်ဝင်မိသားစုများမှ စေလွှတ်လိုက်သော အစေခံများအပါအဝင် လူအများအပြားမှာ တန်းစီ၍ ဝယ်ယူကြရပေသည်။
ခေတ္တစဉ်းစားပြီးနောက် ရှောင်းကျစ်ကဲသည် ဆိုင်ထဲသို့ ဝင်ခဲ့၏။ တန်းစီနေသော လူများက သူ့ကို မြင်သောအခါ လမ်းဖယ်ပေးကြသည်။ ရှောင်းကျစ်ကဲမှာမူ ဂရုမစိုက်ဘဲ ဆိုင်ရှင်အား "ဇီးပန်းမုန့် တစ်သေတ္တာ ပေးပါ"မှာလိုက်၏။ သူ၏ ဒုတိယစစ်သူကြီး ပြောဖူးသည်မှာ စန်းဝေကျဲမှ ဇီးပန်းမုန့်မှာ အကောင်းဆုံး ဖြစ်သည်ဟု ဆို၏။ သူ၏ ဇနီးသည်မှာ ထိုမုန့်ကို အလွန်ကြိုက်နှစ်သက်ပြီး သူမ စိတ်ဆိုးနေချိန်တွင် ထိုမုန့်တစ်သေတ္တာ ဝယ်ပေးလိုက်ရုံဖြင့် အဆင်ပြေသွားတတ်သည်ဟု ဆိုပေသည်။
ဆိုင်ရှင်မှာ တုန်ရင်နေသော လက်များဖြင့် မုန့်များကို ထုပ်ပိုးပေးလိုက်၏။ သူသည် ပိုက်ဆံပင် မတောင်းရဲဘဲ အတင်းပြုံးကာ "မင်းသား တခြားဘာများ လိုဦးမလဲခင်ဗျာ"မေးလိုက်သည်။
ရှောင်းကျစ်ကဲက ငွေစတစ်ခုကို ပစ်ပေးကာ ထွက်ခွာသွားလေသည်။
အိမ်တော်သို့ ပြန်ရောက်သောအခါ အိမ်တော်ထိန်း ဝမ်က သူ့ကို လာရောက်ကြိုဆိုရာ ရှောင်းကျစ်ကဲက မုန့်သေတ္တာကို ကမ်းပေးလိုက်၏။ "ဒါကို ကြင်ယာတော်ဆီ ပို့ပေးလိုက်ပါ"
အိမ်တော်ထိန်း ဝမ်မှာ အံ့အားသင့်သွားရ၏။ သူသည် ရှောင်းကျစ်ကဲကို သေချာစွာ စူးစမ်းကြည့်သည်။ ရှောင်းကျစ်ကဲသည် သူ၏ ခံစားချက်ကို ပြသလေ့မရှိသဖြင့် သူ ဘာကို နှစ်သက်သည်၊ မနှစ်သက်သည်ကို ခန့်မှန်းရန် ခက်ခဲလှပေသည်။ အိမ်တော်ထိန်း ဝမ်မှာ သူ ပြောချင်သည်ကို ပြောင်းလဲ၍ "ချက်ချင်းပဲ လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်။ ဒီနေ့မနက်က ကြင်ယာတော်က စာကြည့်ခန်းကိုလာပြီး မင်းသားကို ရှာသွားပါတယ်"တင်ပြလိုက်၏။
ရှောင်းကျစ်ကဲ၏ မျက်လုံးများထဲတွင် မသိမသာ အရောင်တောက်သွားပြီး "ကြင်ယာတော်... ဘာလုပ်နေလဲ"မေးလိုက်သည်။
အိမ်တော်ထိန်း ဝမ်က ခေါင်းငုံ့ကာ "ဒီနေ့ ယန်ဟုန်တို့က ပေါ့ဆလို့ ကြင်ယာတော်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်၊ ကြင်ယာတော်က သူတို့ကို နှင်ထုတ်ချင်နေတယ်..."ပြောလိုက်၏။
ရှောင်းကျစ်ကဲက "အင်း" ဟုသာ တုံ့ပြန်သည်။
သူ ဘာမျှ ထပ်မံမပြောသည်ကို မြင်သောအခါ အိမ်တော်ထိန်း ဝမ်က မနေနိုင်ဘဲ "ယန်ဟုန်က မင်းသားကို ပြုစုလာတာ နှစ်ပေါင်းများစွာ ရှိပါပြီ၊ ဒီလိုမျိုး နှင်ထုတ်လိုက်တာက နည်းနည်းတော့ မသင့်တော်ဘူးလားလို့..."ဝင်ပြောလိုက်၏။
"အစေခံလေးပဲ မဟုတ်လား" ရှောင်းကျစ်ကဲက အမိန့်ပေးသော လေသံဖြင့် ကြည့်ကာ "ကြင်ယာတော် ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ"ဆိုလေတော့သည်။