no

Font
Theme

အခန်း (၄)

အိမ်တော်ထိန်းဝမ်ထံသို့ ဇီးပန်းမုန့်များ ပေးအပ်ပြီးနောက် ရှောင်းကျစ်ကဲသည် စာကြည့်ခန်းသို့ ထွက်လာခဲ့၏။ ထိုအခန်းမှာ ပင်မခြံဝင်း၏ အရှေ့တောင်ဘက်ထောင့်တွင် တည်ရှိပြီး အဆောင်မကြီးနှင့် မျက်နှာချင်းဆိုင်တွင် ရှိပေသည်။

နေဝင်စပြုပြီဖြစ်သော်လည်း ကောင်းကင်မှာ လင်းထိန်နေသေးသဖြင့် အဆောင်မကြီး၏ ရှေ့တွင် အစေခံမလေးတစ်ဦး ဒူးထောက်နေသည်ကို မြင်နိုင်သေး၏။ ရှောင်းကျစ်ကဲသည် သူမ၏ ရှိုက်ကြီးတငင် ငိုသံကိုလည်း ကြားနေရပေသည်။ ဤမိန်းကလေးမှာ အန်းချန်းချင်းအား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သူဖြစ်ကြောင်း အိမ်တော်ထိန်းဝမ် ပြောပြခဲ့သဖြင့် သူ သိလိုက်၏။

ရှောင်းကျစ်ကဲသည် သူမနှင့်ပတ်သက်၍ ထွေထွေထူးထူး မှတ်မိခြင်းမရှိချေ။ သူသည် နှစ်ပေါင်းများစွာ ယန်ကျိုးနယ်တွင် တပ်စွဲနေထိုင်ခဲ့ပြီး ယန်ကျိုးမြို့သို့ ပြန်လာခဲလှပေသည်။ မြို့တော်သို့ ပြန်ခေါ်ခြင်းခံရပြီးနောက်တွင်လည်း သူ၏ အချိန်အများစုမှာ စစ်စခန်း၌သာ ကုန်ဆုံးခဲ့၏။ ဝမ်အိမ်တော်၏ ကိစ္စရပ်အားလုံးကို အိမ်တော်ထိန်းဝမ်အား လွှဲအပ်ထားခဲ့သဖြင့် သူကိုယ်တိုင်ပင် ဤအိမ်တော်ရှိ လူများ၏ မျက်နှာကို ကောင်းကောင်းမှတ်မိမည်မဟုတ်ပေ။

အမှန်စင်စစ် သူ ပိုမိုစိတ်ဝင်စားသည်မှာ အန်းချန်းချင်းသည် ဤအစေခံမလေးအား မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်း ဆိုသည့် အချက်ပင် ဖြစ်၏။

သူ၏ လက်အောက်ငယ်သားများ စုံစမ်းရရှိထားသော သတင်းများအရ အန်းချန်းချင်းနှင့် သူ၏ ညီမငယ် အန်းရှန်းယွီတို့မှာ သူတို့၏ မိခင်ကဲ့သို့ပင် နူးညံ့ပျော့ပျောင်းသော စိတ်ထားရှိကြသဖြင့် အန်းအိမ်တော်၏ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရပေသည်။ အစေခံများပင်လျှင် သူတို့အား ပေါ်ပေါ်ထင်ထင် နိုင်ထက်စီးနင်း ပြုမူခဲ့ကြ၏။ ထိုသို့သာ မဟုတ်ခဲ့လျှင် သူသည် အန်းချန်းချင်းအား ဝမ်အိမ်တော်သို့ ခေါ်ဆောင်လာခဲ့မည် မဟုတ်ချေ။ အနည်းဆုံးတော့ ဤနေရာတွင် သူသည် အန်းချန်းချင်းအတွက် ဘေးကင်းလုံခြုံပြီး အေးချမ်းသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ပေသည်။

အိမ်တော်ထိန်းဝမ် အဆောင်မကြီးထဲသို့ ဝင်သွားသည်ကို ရှောင်းကျစ်ကဲ ကြည့်နေမိ၏။

အန်းချန်းချင်းသည် သူနှင့်အတူ ပါလာသော စာအုပ်များကို စနစ်တကျ စီထားလေသည်။ သူသည် အိမ်ထောင်ပြုခဲ့ရသော်လည်း လီသခင်မကမူ သူသည် ယောက်ျားလေးဖြစ်သဖြင့် မိန်းကလေးတစ်ဦး အိမ်ထောင်ပြုသကဲ့သို့ ခမ်းနားထည်ဝါနေရန် မလိုဘဲ အရာအားလုံးမှာ ရိုးရှင်းနေသင့်သည်ဟု ဆိုခဲ့၏။ ထို့ကြောင့် သူမသည် သူ့အား မည်သည့် အမွေအနှစ်မျှ မပေးဘဲ စိတ်နာစေရန်အတွက် အသုံးမဝင်သော ပစ္စည်းအချို့နှင့် စာအုပ်အချို့ကိုသာ ထည့်ပေးလိုက်ခြင်း ဖြစ်ပေသည်။

အန်းချန်းချင်းနှင့် အန်းဖူတို့ ပစ္စည်းများ သိမ်းဆည်းနေစဉ် အိမ်တော်ထိန်းဝမ် ဝင်လာခဲ့၏။

အိမ်တော်ထိန်းဝမ်သည် မုန့်သေတ္တာကို ကိုင်ဆောင်လျက် အောက်သို့ အနိမ့်ဆုံး ဦးညွှတ်လိုက်သည်။ သူ၏ အမူအရာမှာ ယခင်ကထက် များစွာ ရိုသေလေးစားမှု ရှိနေပြီး လေသံမှာလည်း ပိုမိုနှိမ့်ချလာချေ၏။ "ကြင်ယာတော်... ဒါက မင်းသားက ကြင်ယာတော်အတွက် ပေးခိုင်းလိုက်တာပါခင်ဗျာ"

ဤသည်မှာ မုန့်သေတ္တာလေး တစ်ခုမျှသာဖြစ်ရာ အောက်ခြေအဆင့် အစေခံတစ်ဦးဦးကို စေလွှတ်၍ ပို့ခိုင်းနိုင်သော်လည်း အိမ်တော်ထိန်းဝမ်မှာ အတွေ့အကြုံရှိသူဖြစ်၏။ သူ၏ သခင်ဖြစ်သူ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ဤကြင်ယာတော်မှာ အရေးပါသူဖြစ်ကြောင်း သူ ရိပ်မိလိုက်သည်။ ယနေ့မနက်က သူ၏ ရိုင်းစိုင်းသော အပြုအမူများကို ပြန်လည်စဉ်းစားမိသောအခါ သူသည် ကျောစိမ့်သွားရပြီး အမှားကို ပြုပြင်နိုင်ရန်အတွက် ဤမုန့်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပို့ဆောင်ခြင်း ဖြစ်ပေသည်။

အန်းချန်းချင်းသည် မုန့်သေတ္တာကို မသေချာသလို ကြည့်လိုက်၏။ ဖွင့်ကြည့်လိုက်သောအခါ ဆီစိမ်စက္ကူလေးပေါ်တွင် ဇီးပန်းပုံစံ မုန့်ရှစ်ခု ရှိနေသည်ကို တွေ့ရသည်။ အဖြူရောင် ဂျုံမှုန့်လွှာလေးအတွင်းတွင် ပန်းရောင်သန်းနေသော မုန့်အနှစ်ကလေးများကို ထည့်သွင်းထားပြီး အလွန်ပင် လက်ရာမြောက်လှသကဲ့သို့ စားချင်စဖွယ်လည်း ရှိချေ၏။

"မင်းသားက ပို့ခိုင်းလိုက်တာလား" အန်းချန်းချင်းသည် လက်ထဲမှ လှပသော မုန့်လေးကို ကြည့်ရင်း မျက်တောင်ခတ်လိုက်မိ၏။ ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော မြောက်ပိုင်းစစ်ဘုရင်နှင့် ဤမုန့်လေးကို သူ လုံးဝ ဆက်စပ်၍ မရနိုင်ပေ။

"ဟုတ်ကဲ့ပါ၊ ဒါက စန်းဝေကျဲက ဇီးပန်းမုန့်တွေပါခင်ဗျာ။ မင်းသားက ကြင်ယာတော်အတွက် အထူးတလည် သွားဝယ်ပေးတာ ဖြစ်မှာပါ"အိမ်တော်ထိန်းဝမ်က ပြုံး၍ ပြောလိုက်သည်။

"အိမ်တော်ထိန်းဝမ်... ပင်ပန်းသွားပါပြီ" အန်းချန်းချင်းသည် ရှောင်းကျစ်ကဲက မုန့်ဆိုင်ထဲသို့ ဝင်ကာ သူ့အတွက် ဤမုန့်ကို ဝယ်ယူနေမည့် ပုံရိပ်ကို စိတ်ကူးကြည့်သော်လည်း လုံးဝ စိတ်ကူး၍ မရနိုင်လောက်အောင် ဖြစ်နေ၏။ သို့သော် လက်ထဲမှ မုန့်လေးကို ကြည့်လိုက်သောအခါ မနေ့ညက ခံစားခဲ့ရသော စိတ်မသက်သာမှုများမှာ ပျောက်ကွယ်သွားရပေသည်။

"မင်းသား အခု ဘယ်မှာလဲ"

အိမ်တော်ထိန်းဝမ်က "စာကြည့်ခန်းကို ကြွသွားပါတယ်ခင်ဗျာ"

အန်းချန်းချင်း ခေတ္တစဉ်းစားလိုက်ပြီး "ငါ သူဆီ သွားတွေ့လိုက်ဦးမယ်"ဆို၏။

အိမ်တော်ထိန်းဝမ်သည် တံခါးဝတွင် ဒူးထောက်နေဆဲဖြစ်သော ယန်ဟုန်ကို သတိရသွားပြီး "စည်းကမ်းမရှိတဲ့ အဲ့ဒီမိန်းကလေး ယန်ဟုန်ကိုတော့ ကျွန်တော် လူလွှတ်ပြီး ခေါ်သွားခိုင်းလိုက်ပါ့မယ်။ မနက်ဖြန်မှာ လူကုန်ကူးသူ အမျိုးသမီး ရောက်လာပါလိမ့်မယ်၊ ကြင်ယာတော်အနေနဲ့ အိမ်တော်ထဲက လူတွေနဲ့ပဲ အစားထိုးချင်တာလား ဒါမှမဟုတ် လူသစ်တွေပဲ ထပ်ခေါ်ချင်တာလားခင်ဗျာ"မေးမြန်းသည်။

"ယောကျာ်းလေး အစေခံ အနည်းငယ်ပဲ ခေါ်ပေးပါ"

အမိန့်ရရှိပြီးနောက် အိမ်တော်ထိန်းဝမ်သည် ပြန်လည်ထွက်ခွာသွား၏။ သူသည် ငိုယိုကာ တောင်းပန်နေသော ယန်ဟုန်ကိုလည်း ဆွဲခေါ်သွားလေသည်။ သူမက "အဖေ... အဖေ... ကျွန်မကို မင်းသားနဲ့ တွေ့ခွင့်ပေးပါဦး! သူ ကျွန်မကို ဒီလိုမျိုး မဆက်ဆံပါဘူး..."အော်ဟစ်နေ၏။

အိမ်တော်ထိန်းဝမ်သည် အခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်ထားပြီး ဖြစ်ပေသည်။ သူသည် အနည်းငယ် စိတ်မကောင်းသော်လည်း အခြားအစေခံများထံမှ အန်းချန်းချင်းသည် အမှန်တကယ်တွင် ကြင်နာတတ်သော သခင်တစ်ဦးဖြစ်ကြောင်း ကြားသိရပြီးနောက် သူမဘက်မှ မရပ်တည်ရဲတော့ချေ။ သူသည် မျက်နှာပျက်ပျက်ဖြင့် "မင်းသားက မင်း တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူလို့ ထင်နေတာလား"ငေါက်လိုက်၏။ သူသည် အစေခံကောင်လေးတစ်ဦးအား အချက်ပြလိုက်ရာ ထိုကောင်လေးက နားလည်သွားပြီး သူမ၏ ပါးစပ်ကို ပိတ်ကာ ဆွဲခေါ်သွားလေတော့သည်။

ထိုစဉ် မမျှော်လင့်ဘဲ ယန်ဟုန်သည် ထိုကောင်လေးကို ကိုက်ကာ ရုန်းထွက်သွား၏။ သူမသည် သူမ၏ ဝတ်ရုံစကို မလျက် အရှေ့တောင်ဘက်ရှိ စာကြည့်ခန်းဆီသို့ အပြေးသွားလေတော့သည်။ လမ်းတစ်လျှောက်တွင်လည်း "မင်းသား... ကျွန်မကို ကယ်ပါဦး! မင်းသား... ယန်ဟုန်ကို ကယ်ပါဦး..."အော်ဟစ်နေ၏။

ယန်ဟုန်မှာ လှပသူတစ်ဦး ဖြစ်ပေသည်။ ပြေးနေစဉ် သူမ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး ရှောင်းကျစ်ကဲ၏ စာကြည့်ခန်းတံခါးဝသို့ ရောက်သောအခါ သူမသည် မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျလျက် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ဤမြင်ကွင်းကို မြင်တွေ့ရသူ မည်သူမဆို သူမအား ပြေး၍ ကူညီနှစ်သိမ့်ပေးချင်စိတ် ပေါက်သွားပေလိမ့်မည်။

သို့သော် ကံဆိုးသည်မှာ ရှောင်းကျစ်ကဲသည် သာမန်လူတစ်ဦး မဟုတ်ခြင်းပင် ဖြစ်၏။

ရှောင်းကျစ်ကဲမှာ လုံးဝ တုန်လှုပ်ခြင်း မရှိချေ။ သူသည် ယန်ဟုန်အား အေးစက်စွာ ကြည့်လိုက်ပြီး အစေခံကောင်လေးအား "မင်း ဘာရပ်လုပ်နေတာလဲ။ သူ့ကို ခေါ်သွားလိုက်တော့၊ ကြင်ယာတော်ကို ထပ်ပြီး အနှောင့်အယှက် မပေးစေနဲ့"ငေါက်လိုက်သည်။

အစေခံကောင်လေးမှာ ထိတ်လန့်တကြားဖြင့် သူမ၏ ပါးစပ်ကို ပိတ်ကာ ချက်ချင်းပင် ဆွဲခေါ်သွားလေတော့သည်။

အန်းချန်းချင်းသည် ထိုမြင်ကွင်းကို အဝေးမှ လှမ်းမြင်လိုက်ရသဖြင့် သူ၏ မျက်မှောင်ကြုတ်မှုများမှာ ဖြေလျော့သွားခဲ့၏။ သူသည် လက်ထဲမှ ခေါက်ဆွဲပန်းကန်ကို ကြည့်ကာ သူ၏ ကြိုးစားမှုမှာ အချည်းနှီး မဟုတ်ကြောင်း တွေးမိပေသည်။

အန်းအိမ်တော်တွင် ကြီးပြင်းခဲ့ရသဖြင့် သူသည် အခြားသူများ၏ ရှေ့တွင် မည်သို့သတိထား နေထိုင်ရမည်ကို သင်ယူခဲ့ဖူး၏။ အရာများစွာအတွက် သူသည် မိမိကိုယ်ကိုသာ အားကိုးခဲ့ရသဖြင့် "လူကြီးလူကောင်းတစ်ဦးသည် မီးဖိုချောင်နှင့် ဝေးဝေးနေရမည်" ဆိုသည့် အယူအဆမှာ သူ့အတွက် အကျုံးမဝင်ချေ။ ရှောင်းကျစ်ကဲ စာကြည့်ခန်းထဲတွင် ရှိနေကြောင်း ကြားသောအခါ သူသည် ဇီးပန်းမုန့်များအတွက် ကျေးဇူးဆပ်သည့်အနေဖြင့် ရှောင်းကျစ်ကဲအတွက် ခေါက်ဆွဲတစ်ပန်းကန် သွားရောက်ချက်ပြုတ်ခဲ့ခြင်း ဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင် ရှောင်းကျစ်ကဲအား အဆောင်မကြီးသို့ ပြန်လည်ခေါ်ဆောင်ရန်လည်း သူ ကြိုးစားလို၏။ အကယ်၍ သူတို့သည် ဤသို့သာ သီးခြားစီ နေထိုင်သွားမည်ဆိုပါက အနာဂတ်တွင် သူတို့ကြားထဲသို့ ဝင်ရောက်လာမည့် ယန်ဟုန်ကဲ့သို့သော သူများစွာ ရှိနေပေဦးမည်။

အန်းချန်းချင်းက ခေါက်ဆွဲများကို ယူဆောင်လာသောအခါ ရှောင်းကျစ်ကဲသည် ပြတင်းပေါက်ဘေးတွင် ထိုင်ကာ စစ်ရေးကျမ်းတစ်စောင်ကို ဖတ်ရှုနေ၏။ သူသည် အန်းဖူအား အပြင်သို့ ထွက်ခိုင်းလိုက်ပြီး ခေါက်ဆွဲပန်းကန်ကို ရှောင်းကျစ်ကဲ၏ ရှေ့တွင် တိုက်ရိုက်ချထားလိုက်ကာ "ချန်းချင်းက မင်းသား စိတ်မချမ်းသာအောင် တစ်ခုခု လုပ်မိလို့လားဟင်"မေးလိုက်သည်။

ရှောင်းကျစ်ကဲသည် စာအုပ်ကို ချလိုက်ပြီး သူ့အား ကြည့်ကာ "အဲ့လိုမျိုး မဟုတ်ပါဘူး"ပြန်ပြော၏။

"ဒါဆို မင်းသားက ချန်းချင်းကို မနှစ်သက်ဘူးလား"

ရှောင်းကျစ်ကဲသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ "မဟုတ်ပါဘူး"ဖြေသည်။

"ဒါဆို ဘာလို့ မင်းသားက မနေ့ညက ကျွန်တော်နဲ့ အတူမအိပ်တာလဲ" အန်းချန်းချင်းသည် နီမြန်းနေသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်၏။ အမှန်တကယ်တွင် သူ မငိုချင်ပေ။ ယောကျာ်းတစ်ယောက်သည် လွယ်လွယ်နှင့် မျက်ရည်မကျသင့်ချေ။ ယခင်ဘဝက မတရားမှုများစွာ ကြုံတွေ့ခဲ့ရစဉ်ကပင် သူ မငိုခဲ့ဖူးပေ။ သို့သော် ရှောင်းကျစ်ကဲအား မေးခွန်းအချို့ မေးလိုက်ရုံဖြင့် သူ၏ မျက်လုံးများမှာ နီမြန်းလာပြီး နှာခေါင်းထဲတွင်လည်း တဆစ်ဆစ် ခံစားနေရပေသည်။

အန်းချန်းချင်းသည် မိမိကိုယ်ကို ရှက်မိသဖြင့် မျက်ရည်များ မကျလာအောင် ထိန်းထားလိုက်၏။ "အကယ်၍ ခင်ဗျား ကျွန်တော့်ကို မနှစ်သက်ဘူးဆိုရင် ဘာလို့ ဒီလက်ထပ်ပွဲကို လိုချင်ခဲ့တာလဲ။ ယောကျာ်းတစ်ယောက်အနေနဲ့ ကျွန်တော်ကော ခင်ဗျားကို လက်ထပ်ချင်ပါ့မလား"

ရှောင်းကျစ်ကဲသည် သူ၏ နီမြန်းနေသော မျက်ဝန်းများကို မြင်သောအခါ မည်သို့လုပ်ရမည်ကို မသိတော့ဘဲ လက်များမှာလည်း လေထဲတွင် တန့်နေခဲ့၏။ သူသည် အခြားသူများကို နှစ်သိမ့်ပေးရာတွင် ကျွမ်းကျင်သူ မဟုတ်သဖြင့် မျက်မှောင်ကြုတ်ကာ "မင်း မလိုလားဘူးဆိုတာ ငါသိပါတယ်။ စိတ်မပူပါနဲ့၊ ငါ မင်းကို ဘာမှ အတင်းအကျပ် မလုပ်ပါဘူး။ အနာဂတ်မှာ... တကယ်လို့ အနာဂတ်မှာ မင်း ဝမ်အိမ်တော်မှာ မနေချင်တော့ဘူးဆိုရင် ငါ မင်းကို ထွက်သွားခွင့်ပေးပါ့မယ်" ဟုသာ ပြောလိုက်နိုင်သည်။

ရှောင်းကျစ်ကဲ ပြောသည့် 'အနာဂတ်' မှာ မည်သည့်အချိန်မှန်း သူ မသိသော်လည်း သူ့ကို ထွက်သွားခွင့်ပေးမည်ဆိုသည့် စကားက သူ၏ စိတ်ကို ဆွဲလှုပ်လိုက်သကဲ့သို့ ဖြစ်သွား၏။ သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာပြီး "ခင်ဗျားက ကျွန်တော့်ကို မမုန်းဘူးလို့ ငြင်းခဲ့ပေမဲ့ အခုတော့ ကျွန်တော့်ကို နှင်ထုတ်ဖို့ပဲ ကြံနေတာပဲ။ ကျွန်တော်ကတော့ ကျွန်တော်တို့ ဘဝတစ်ခုလုံးကို အတူတူ ဖြတ်သန်းသွားနိုင်မယ်လို့ ထင်နေခဲ့တာ..."

"ထပ်ပြီး မစောင့်နေပါနဲ့တော့၊ အခုပဲ ကျွန်တော့်ကို ပြန်ပို့လိုက်ပါတော့!" အန်းချန်းချင်းသည် စိတ်တိုတိုနှင့် ဝမ်းနည်းပက်လက် ဖြစ်နေချေ၏။ သူသည် လက်ဖြင့် မျက်ရည်များကို သုတ်လိုက်ကာ ရှိုက်ကြီးတငင်ဖြင့် ခေါက်ဆွဲပန်းကန်ကို လှမ်းယူ၍ ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ "မင်းသားက ကျွန်တော့်ကို ဒီလောက်တောင် မနှစ်သက်မှတော့ ကျွန်တော် ချက်ပေးတဲ့ အစားအစာကိုလည်း စားချင်မှာ မဟုတ်ပါဘူး!"

ရှောင်းကျစ်ကဲ၏ မျက်နှာပေါ်တွင် နောင်တရသော အမူအရာများ ပေါ်လာ၏။ သို့သော် အန်းချန်းချင်း၏ လက်ချောင်းပေါ်တွင် အရည်ကြည်ဖုလေးတစ်ခုကို မြင်လိုက်ရသောအခါ သူသည် ထိုလက်ကို ဆုပ်ကိုင်လိုက်ပြီး "ဒါ ဘာဖြစ်တာလဲ"လေးနက်စွာ မေးလိုက်သည်။

အန်းချန်းချင်း၏ စိတ်မှာ မကျသေးချေ။ "မင်းသားနဲ့ ဘာမှမဆိုင်ပါဘူး!"သူ ခပ်ပြတ်ပြတ် ပြောလိုက်၏။

ရှောင်းကျစ်ကဲက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် အန်းချန်းချင်း၏ လက်ကို ညင်သာစွာ ရှောင်၍ သူ့အား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ပိုက်လိုက်၏။ သူ၏ လေသံမှာ အားကိုးရာမဲ့နေသကဲ့သို့ ရှိပြီး "ငါ မင်းကို မနှစ်သက်တာ မဟုတ်ပါဘူး၊ အဲ့ဒါက..."ပြောပြီးနောက် စကားကို ဆက်မပြောတော့ချေ။

သူသည် အစပိုင်းတွင် အန်းချန်းချင်းအား သူ၏ အကာအကွယ်အောက်တွင် ထားရှိကာ ကောင်းမွန်သော နေ့ရက်များကို ဖန်တီးပေးချင်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် မင်္ဂလာပွဲ စခါနီးတွင် အန်းချန်းချင်းသည် သူ့အား လက်ထပ်ရန် ငြင်းဆန်သဖြင့် အန်းကျစ်ခဲ့အား တော်လှန်ခဲ့ကြောင်း၊ ထို့ကြောင့် ဆေးတိုက်၍ ပိတ်လှောင်ခံခဲ့ရကြောင်း ကြားသိခဲ့ရ၏။ ထိုအခါမှသာ အန်းချန်းချင်းသည် သူ၏ တစ်ဖက်သတ် အကာအကွယ်ပေးမှုကို မလိုအပ်သည်လားဟု သူ တွေးမိခဲ့သည်။ အန်းချန်းချင်းအတွက်မူ သူသည် မကောင်းသတင်းကျော်ကြားပြီး သူ့အား အတင်းအကျပ် လက်ထပ်ခဲ့သည့် သူစိမ်းတစ်ဦးသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူတို့ လက်ထပ်ပြီးသွားသောအခါ အန်းချန်းချင်းအား လွှတ်ပေးရန်မှာ ပိုမိုခက်ခဲသွားခဲ့၏။ သူသည် အန်းချန်းချင်းအား မခြောက်လှန့်မိစေရန်သာ ဝေးဝေးတွင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။ အန်းချန်းချင်းက သူ့ကို နှစ်သက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့သော်လည်း အခြားလူများကဲ့သို့ သူ့အပေါ် ကြောက်ရွံ့နေမည့် အကြည့်မျိုးကိုမူ သူ မမြင်လိုခဲ့ချေ။

"ဒါဆို ဘာလို့ မင်္ဂလာဦးညမှာ ကျွန်တော်နဲ့ အတူမအိပ်တာလဲ" ကိစ္စက ဤမျှအထိ ကြီးကျယ်သွားပြီဖြစ်ရာ အန်းချန်းချင်းသည် ရှက်ရွံ့မနေတော့ဘဲ ခေါင်းမော့ကာ မေးလိုက်၏။ "အစေခံတွေက ကျွန်တော့်အကြောင်း ဘာပြောနေလဲ ခင်ဗျား သိလား။ ကျွန်တော်က အမည်ခံ ကြင်ယာတော်ပဲ ဖြစ်မှာတဲ့၊ ကလေးတောင် မမွေးပေးနိုင်တဲ့အတွက် ဘယ်တော့မှ ခင်ဗျားရဲ့ မျက်နှာသာပေးမှုကို မရနိုင်ဘူးတဲ့..."

ရှောင်းကျစ်ကဲမှာ ထပ်မံ၍ တိတ်ဆိတ်သွားပြန်၏။ သူသည် အခြားသူကို မည်သို့ချော့မြူရမည်နည်း ဆိုသည်ကို စိတ်ညစ်နေမိသည်။ သေချာပေါက် သူသည် ဤအိမ်ထောင်ရေးကို ပြည့်စုံစေချင်သော်လည်း အန်းချန်းချင်းက သူ၏ အာဏာအောက်တွင် အတင်းအကျပ် အလျှော့ပေးလိုက်ရသည်မျိုးကို သူ မဖြစ်စေလိုချေ။ အန်းချန်းချင်းကို နောင်တမရစေလိုခြင်းသာ ဖြစ်ပေသည်။

မည်သည့် တုံ့ပြန်မှုမျှ မရရှိသဖြင့် အန်းချန်းချင်းမှာ ထပ်မံ၍ မျက်ရည်ကျလာပြန်၏။ သူသည် သဘာဝအတိုင်းပင် နူးညံ့ချောမောသူဖြစ်ရာ သူ၏ နီမြန်းနေသော မျက်လုံးများနှင့် ပါးပြင်လေးများက ရှောင်းကျစ်ကဲကို ရင်နာစေပေသည်။ သူသည် အန်းချန်းချင်း၏ မျက်ရည်များကို လျှာဖြင့်ပင် ယက်ပေးချင်စိတ် ပေါက်သွားသော်လည်း သူ၏ စိတ်ကို ထိန်းချုပ်ကာ လက်မဖြင့်သာ ညင်သာစွာ သုတ်ပေးရင်း "ငါ မင်းကို မမုန်းပါဘူး။ မင်းကို စော်ကားရဲတဲ့သူ ဘယ်သူမဆို ငါ မင်းကိုယ်စား အပြစ်ပေးပါ့မယ်"တိုးတိုးလေး ဆိုလိုက်သည်။

သနားစရာကောင်းလှသော မြောက်ပိုင်းစစ်ဘုရင်သည် နှစ်ပေါင်းများစွာ စစ်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးသော်လည်း လူတစ်ဦးကို မည်သို့ချော့ရမည်ကိုမူ သူ မသိပေ။ သူ၏ နူးညံ့မှုများကို ပြသခဲ့ဖူးသည်မှာလည်း သူ၏ ရင်ခွင်ထဲရှိ ကြင်ယာတော်တစ်ဦးတည်းသာ ရှိပေသည်။

သို့သော် စိတ်ကောက်နေသော ဤကြင်ယာတော်လေးကို ချော့ရန်မှာ မလွယ်ကူလှချေ။

အမှန်စင်စစ် အန်းချန်းချင်းသည် ထိုသူ၏ ရင်ခွင်ထဲသို့ ရောက်သွားကတည်းက စိတ်ပြေနေပြီ ဖြစ်သော်လည်း ရှောင်းကျစ်ကဲက အလျှော့ပေးလာသည်ကို မြင်သဖြင့် သူက အခွင့်အရေးယူလိုက်၏။ သူသည် မျက်ရည်များကို သုတ်ကာ ရှောင်းကျစ်ကဲအား ကြည့်ပြီး "တကယ်လား"မေးလိုက်သည်။

ရှောင်းကျစ်ကဲသည် စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်ပြကာ "ငါ့စကားကို ယုံပါ"ကတိပေး၏။

အန်းချန်းချင်းသည် သူ့ကို ကြည့်လိုက်သောအခါ စိတ်ထဲမှ သံသယများမှာ ကင်းစင်သွားခဲ့ရပေသည်။ သူသည် ပိုမိုယုံကြည်မှုရှိလာသဖြင့် "ဒါဆို အဆောင်မကြီးကို ပြန်လာပြီး ကျွန်တော်နဲ့အတူ အိပ်ပါ"တောင်းဆိုလိုက်၏။

ရှောင်းကျစ်ကဲသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ "ကောင်းပြီ"ဖြေလိုက်သည်။ အခြေအနေ ဆိုးရွားလာပါက သူသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် လှံရေးလေ့ကျင့်ခန်းများကို ပိုမိုလုပ်ဆောင်ရပေတော့မည်။

"အင်မခြံဝင်းထဲက အစေခံမတွေကို ယောကျာ်းလေးတွေနဲ့ အကုန်လဲပေးပါ၊ ကျွန်တော် အစေခံမတွေ ပြုစုတာကို မကြိုက်ဘူး"

"အရာအားလုံး မင်းသဘောအတိုင်းပါပဲ"

အန်းချန်းချင်းသည် နောက်ဆုံးတွင် ကျေနပ်သွားလေသည်။ သူသည် ထပ်မံ၍ စိတ်မကောက်တော့ဘဲ ရှောင်းကျစ်ကဲ၏ ရင်ခွင်ထဲတွင် အေးချမ်းစွာ ခိုလှုံနေမိ၏။

ရင်ခွင်ထဲရှိ လူလေးမှာ စိတ်ပြေသွားသည်ကို ခံစားရသောအခါ ရှောင်းကျစ်ကဲသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် အန်းချန်းချင်း၏ လက်ကို ကိုင်ကာ "ဒါ ဘာဖြစ်တာလဲ"မေးလိုက်၏။

အန်းချန်းချင်းသည် သူ၏ လက်ချောင်းကို ကွေးလိုက်ကာ ဂရုမစိုက်ဟန်ဖြင့် "ခေါက်ဆွဲချက်ရင်း မတော်တဆ အပူလောင်သွားတာပါ"ပြောလိုက်သည်။ သူသည် သဘာဝအတိုင်းပင် နုနယ်သော အရေပြားရှိသူဖြစ်ရာ အိုးအပူနှင့် အနည်းငယ် ထိရုံမျှဖြင့် အရည်ကြည်ဖု ထွက်လွယ်ပေသည်။ ဤသည်မှာ ကိစ္စကြီးတစ်ခု မဟုတ်သော်လည်း ရှောင်းကျစ်ကဲက ဤမျှအထိ ဂရုစိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

"မကိုင်နဲ့တော့၊ ငါ ဆေးထည့်ပေးမယ်" ရှောင်းကျစ်ကဲက မျက်မှောင်ကြုတ်ကာ သူ့အား ပြတင်းပေါက်ဘေးတွင် ထိုင်ခိုင်းလိုက်၏။ ထို့နောက် သူသည် ဖယောင်းတိုင်နှင့် အပ်တစ်ချောင်းကို ယူလာပြီး အပ်ကို ဖယောင်းတိုင်မီးဖြင့် အပူပေးကာ ပိုးသတ်လိုက်သည်။ သူသည် အန်းချန်းချင်း၏ လက်ကို ကိုင်၍ အရည်ကြည်ဖုကို ဂရုတစိုက် ဖောက်ပေးပြီးနောက် ဆေးမှုန့်များ ထည့်ပေးလိုက်လေသည်။

ရှောင်းကျစ်ကဲသည် အန်းချန်းချင်း နာကျင်မည်ကို စိုးရိမ်သဖြင့် အလွန်ပင် ညင်သာစွာနှင့် စနစ်တကျ ပြုစုပေးနေ၏။ အေးစက်သော မျက်နှာရှိသည့် ဤစစ်သူကြီးသည် သူ၏ လက်ကို အလွန်အဖိုးတန်သော ရတနာတစ်ခုကဲ့သို့ ကိုင်တွယ်နေပေသည်။

အန်းချန်းချင်းသည် သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမိရာ မျက်ရည်များမှာ ထပ်မံ၍ ဝဲလာပြန်၏။ သူ၏ ဘဝတစ်ခုလုံးတွင် သူ၏ မိခင်နှင့် ညီမမှလွဲ၍ မည်သူမျှ သူ့အပေါ် ဤမျှအထိ ဂရုမစိုက်ခဲ့ဖူးချေ။

ရှောင်းကျစ်ကဲကမူ အန်းချန်းချင်းမှာ နာကျင်သဖြင့် ငိုနေခြင်းဖြစ်သည်ဟု ထင်မှတ်ကာ သူ၏ လှုပ်ရှားမှုများကို ပိုမိုညင်သာစေလိုက်၏။ သူသည် ရုပ်သေးရုပ်ကဲ့သို့ တည်ငြိမ်သော မျက်နှာထားဖြင့် "ခဏနေရင် မနာတော့ဘူးနော်"နူးညံ့စွာ ပြောလိုက်သည်။

အန်းချန်းချင်းက "အင်း" ဟုသာ တုံ့ပြန်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေမိ၏။ သူက အနည်းငယ် ရှက်ရွံ့စွာဖြင့် "မနက်ဖြန်ကျရင် ခင်ဗျားအတွက် ခေါက်ဆွဲ နောက်တစ်ပန်းကန် ထပ်ချက်ပေးမယ်"ပြောလိုက်သည်။

ရှောင်းကျစ်ကဲက ချက်ချင်းပင် ငြင်းလိုက်၏။ "မလုပ်ပါနဲ့၊ အဲ့ဒါတွေကို အစေခံတွေကိုပဲ လုပ်ခိုင်းလိုက်ပါ။ မင်းက မင်းရဲ့ ဒဏ်ရာကိုပဲ ဂရုစိုက်ရမယ်"

အန်းချန်းချင်းသည် သေသပ်စွာ ပတ်ထားသော သူ၏ လက်ချောင်းလေးကို ကြည့်ကာ သဘောတကျ ပြုံးလိုက်မိလေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment