‘သေပြီ ဒီအတိုင်းဆိုရင်တော့ ငါ့အသက်ကိုတောင် ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး’
အစောင့် ဂိုချန်းသည် သခင်မကျောက်၏ နေအိမ်ဖြစ်သော ဟဲဟွာခန်းမဆီသို့ ဦးတည်သွားနေသည်။
နောက်ဆုံးတော့ သူ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ ထိုအကြောင်းကို ကြားပြီးနောက် အိပ်ပျော်သွားလျှင်ပင် ထူးဆန်းနေပေလိမ့်မည်။
ဂိုချန်းသည် မော့ကျောင်းဝန် ဘာကြောင့် ထိုသို့ လုပ်ခဲ့ရသလဲဆိုသည်ကို မေးမြန်းရန် မဝံ့သော်လည်း၊ ယင်းအတွက် မည်သို့ လုပ်ဆောင်ရမည်ကို အဖြေရှာမရ ဖြစ်နေသည်။
မော့ကျောင်းဝန်က ဒုတိယသခင်လေး၏ အစောင့်စစ်သည် ဂျိုအီဆန်းကို သတ်ပစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ အနည်းဆုံးတော့ သူ အသိဉာဏ် ရှိလိမ့်မည်ဟု သူ ထင်ခဲ့၏။
‘ဒီကောင် ဘာတွေ တွေးနေတာလဲ’
‘ဂျိုအီဆန်းကို သတ်လိုက်မှန်း မော့အွန်ဖြုန်းသာ သိသွားရင် ပြဿနာ တက်တော့မှာ သေချာတယ်’
ပြဿနာလောက်နဲ့ မပြီးဆုံးပါ။ သူ့စရိုက်ကို သိသည့်အတိုင်း သူသည် မော့ကျောင်းဝန်ကို ချက်ချင်း လက်တုံ့ပြန်ရန် ကြိုးစားပေလိမ့်မည်။ နန်းတော်သခင် အသက်ရှိနေသေးသည့်အတွက် သူ့ကို မသတ်နိုင်သော်လည်း သူ၏ လက်၊ ခြေထောက်များကို ချိုးခြင်း သို့မဟုတ် သူ့အစောင့်ကိုလည်း အလားတူ နည်းလမ်းဖြင့် သတ်ပစ်ရန် ကြိုးစားပေလိမ့်မည်။
‘ဒါကတော့ ငါ့ကို ရူးသွားအောင် လုပ်နေတာပဲ’
ဂိုချန်း ခေါင်းကိုက်လာသလို ခံစားရသည်။
[အလောင်းကို ဘယ်လိုလုပ်မလဲ]
[ငါ ရှင်းထားပြီးပြီ၊ မင်း စိတ်ပူစရာ မလိုဘူး]
သူ ဘယ်လိုများ ရှင်းလိုက်တာလဲ။ လျှို့ဝှက်ကျမ်းကို ရှာတွေ့ခဲ့သည့် လျှို့ဝှက်နေရာတွင် သူ ဖုံးကွယ်ထားလိုက်တာလား။ ဒါဘယ်လောက်ကြာကြာ ခံမှာလဲ။
‘ဒီကိစ္စကို ဘယ်လို လုပ်ရမလဲ’
ဂျိုအီဆန်း အသတ်ခံလိုက်ရသည့်အတွက်၊ ဤလျှို့ဝှက်ကျမ်း အလွတ်ကြီးကို ဒုတိယသခင်လေးဆီ ယူသွားရမှာက အလွန် စိတ်မသက်မသာ ဖြစ်နေသည်။ သူ နောင်တရနေသည်။
သူ အကြီးအကဲ ဂမ်ကို အကုန်လုံး ဖွင့်ပြောပြလိုက်ရမှာ။ ဒါပေမဲ့ အဲဒီ အခွင့်အရေးကတော့ ကျော်လွန်သွားပြီ။
မော့ကျောင်းဝန်ကို ကြောက်လွန်းလို့ အကြီးအကဲ ဂမ်ကိုလည်း အလွန်အမင်း လိမ်ညာခဲ့ပြီးဖြစ်၍ သူ အမှန်အတိုင်း ပြောပြလျှင်လည်း သူ ထပ်ယုံမည်မဟုတ်တော့ပေ။
အကြီးအကဲ ဂမ်က သိမ်မွေ့ပြီး သူတစ်ပါးကို အလွယ်တကူ မယုံတတ်သူ ဖြစ်သည်။
‘တက်တက်ကြွကြွနဲ့ တာဝန်ထမ်းဆောင်ချိန်တုန်းကဆို ပိုဆိုးသေးတယ်’
ထိုအချိန်ကို ပြန်တွေးကြည့်လျှင် သူ၏ ယခုလက်ရှိ အသွင်အပြင်နှင့် ခြားနားချက် အများကြီး ရှိ၏။ သူက ရန်သူတွေအပေါ်တင်မကဘဲ သစ္စာဖောက်တွေအပေါ်မှာ ပိုပြီးတော့တောင် ကရုဏာ ကင်းမဲ့သည်။
‘ဒါပေမဲ့ ဒါက တကယ်ကို ထူးဆန်းတယ်’
ဂမ်ရဲ့ အသွင်အပြင်ကို သူ မှတ်မိနေပေမဲ့၊ ဘာလို့ ဒီကောင်ကို ပိုပြီး ကြောက်နေရတာလဲ။ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားမှန်း သူ မသိ။
“ဟူး”
တွေးကြည့်တော့ အကြီးအကဲ ဂမ် ဘယ်ရောက်သွားတာလဲ။ မော့ကျောင်းဝန်နဲ့ အတူရှိတုန်းကတော့ အလှည့်ကျ နားဖို့ အချိန်မဟုတ်ရင် ဒါမှမဟုတ် အရေးတကြီး ကိစ္စမရှိရင် သူ့ဘေးကနေ ဘယ်တော့မှ မခွာခဲ့ဘူး။
ဒါပေမဲ့ မနေ့ကဆိုရင် သူက နေ့တစ်ဝက်လောက် အချိန်အကြာကြီး မရှိခဲ့ဘူး။
‘ဘာဖြစ်တာလဲ’
သူ့ကိုအသိမပေးပဲနဲ့ တိတ်တဆိတ်တစ်ခုခုကို လုပ်နေတာများလား။ ဂိုချန်း မျက်လုံးများကျဉ်းမြောင်းသွားသည်။
တစ်ချိန်တည်းမှာပင်။ ဒုတိယသခင်လေး မော့အွန်ဖြုန်း၏ နေအိမ်တွင်။
လက်နှစ်ဖက်ကို ရင်ခွင်ပိုက်ပြီး စားပွဲပေါ်မှာ ထိုင်နေတဲ့ မော့အွန်းဖြုန်းက အစောင့် ဂမ်ကို အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်နေသည်။
အစောင့် ဂမ်က အကြောင်းရင်းမသိဘဲ ရုတ်တရက် ခေါ်ခံလိုက်ရလို့ အခြေအနေကို ခန့်မှန်းရ ခက်ခဲနေသည်။ သေချာတာ တစ်ခုကတော့ မော့အွန်ဖြုန်း အတော်လေး ဒေါသထွက်နေတာပဲ။
ဒါကို ဂမ်က သတိထားပြီး ပြောလိုက်သည်။
“သခင်လေး ဘာကိစ္စများ ရှိပါသလဲ”
“အဲဒါကို ငါက မင်းကို မေးချင်တာ”
“ဗျာ”
“တော်တော် တိုက်ဆိုင်တာပဲ ငါ့မှာ စိုးရိမ်စိတ် တစ်ခု ရှိနေပြီးတော့ စမ်းသပ်ကြည့်လိုက်တာ၊ အဲဒီ စိုးရိမ်စိတ်လေးက မှန်နေတိုင်း ငါ့ကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတယ်”
ဒီကောင် ဘာတွေ ပြောနေတာလဲ။ အစောင့် ဂမ်း မျက်မှောင် နည်းနည်း ကြုတ်လိုက်သည်။
‘အတု ဖြစ်မှန်း သိသွားတာများလား’
ဒါပေမဲ့ သူ ပြောတဲ့ပုံစံနဲ့ မကိုက်ညီဘူး။ အခုဆိုရင် မော့အွန်ဖြုန်းရဲ့ လေသံက သူ့အပေါ်မှာ ရန်လိုမှုတွေကို အတိအလင်း ပြသနေတယ်။
ဖြုန်း
အစောင့် ဂမ် ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“သခင်လေး သခင်လေး ပြောတဲ့စကားကို ကျွန်တော် တကယ် နားမလည်ပါဘူး ဘာကိစ္စ ဖြစ်ခဲ့သလဲဆိုတာ ပြောပြရင်…”
“ဘာကိစ္စ ဖြစ်သလဲဟုတ်လား ဟား”
စကားပြောပြီး မော့အွန်းဖြုန်း စားပွဲပေါ်က မှင်ကျောက်ပြင်ကို ပစ်ပေါက်လိုက်သည်။
အလွယ်တကူ ရှောင်တိမ်းနိုင်ပေမဲ့ အစောင့် ဂမ်က မော့အွန်းဖြုန်းရဲ့ ဒေါသကို ခံယူရမှာမို့ တည့်တည့်ပဲ ခံလိုက်သည်။
ဖြောင်း
ဂမ်ရဲ့ နဖူးကနေ သွေးတွေ စီးကျလာတယ်။ အတွင်းအားနဲ့ ကိုယ့်ခန္ဓာကိုယ်ကို မကာကွယ်ထားလို့ နာကျင်ပေမဲ့ အသက်ရှူနည်းနဲ့ နာကျင်မှုကို သည်းခံဖို့ ဂမ် တတ်နိုင်သမျှ ကြိုးစားလိုက်တယ်။
အဲဒီလို ဂမ်ကို စိုက်ကြည့်ရင်း မော့အွန်ဖြုန်း ပြောလိုက်သည်။
“မော့ကျောင်းဝန် သိုင်းပညာ ပျောက်ဆုံးသွားတာ ဟုတ်မဟုတ် အတည်ပြုဖို့ ငါ့အစောင့်တစ်ယောက်ကို ပို့လိုက်တယ်”
‘…အဲဒါကို ပြောတာကိုး’
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အကြောင်းရင်းတစ်ခု ရှိတယ်။ ဒါပေမဲ့ တစ်ခုခုက ထူးဆန်းနေတယ်။
‘အဲဒါလောက်ပဲဆိုရင် သူ ဒီလောက် ဒေါသထွက်စရာ အကြောင်းမရှိဘူး’
မော့ကျောင်းဝန်အတုက သိုင်းပညာ မသင်ထားဘူး။ အဲဒါကို အတည်ပြုရင် သူ့ရဲ့ သံသယကို လျှော့ချသင့်တာပေါ့၊ ဘာလို့ ဒီလောက် ရန်လိုနေတာလဲ။
ပြီးတော့ မော့အွန်ဖြုန်း ဆက်ပြောတယ်။
“ဒါပေမဲ့ အဲဒီ အစောင့်က ပြန်မလာဘူး”
“ဗျာ”
အစောင့် ဂမ် ခေါင်းမော့လိုက်ပြီး နားမလည်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်။ ဒါက ဘာကို ဆိုလိုတာလဲ။
“မင်း ငါ ပြောတာကို နားမလည်ဘူးလား အဲဒီကောင် သိုင်းပညာ ဆုံးရှုံးသွားသလား မဆုံးရှုံးဘူးလားဆိုတာ စစ်ဆေးဖို့ ငါပို့လိုက်တဲ့ အစောင့်က အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်သွားတယ်”
ဒါက မဖြစ်နိုင်ဘူး။ အစောင့် ဂမ် အခန်းထဲက အစောင့်တွေကို ကြည့်ဖို့ မျက်လုံး ရွှေ့လိုက်တယ်။ အစောင့် သုံးယောက်ထဲက တစ်ယောက် မရှိတော့ဘူး။
‘ဂျိုအီဆန်း’
သူက ပထမတန်းစား အဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီ။ စွမ်းရည်အရဆိုရင် လက်ရှိ အစောင့်လုပ်နေတဲ့ ဂိုချန်းဆိုတာ သူ့ကို လုံးဝ မယှဉ်နိုင်ဘူး။
ဒါပေမဲ့ သူက ဘယ်လိုလုပ် ပျောက်သွားရတာလဲ။ အစောင့် ဂမ် နှုတ်ခမ်းကို ဟလိုက်သည်။
“ဒါ မဖြစ်နိုင်ပါဘူး”
“ဘာ”
“ကျွန်တော် သခင်လေးကို ဘယ်တော့မှ မလိမ်ခဲ့ပါဘူး အဲဒီကောင် သခင်လေး မော့ကျောင်းဝန်က သိုင်းပညာ မသုံးနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။ ပြီးတော့ သခင်လေး မော့ကျောင်းဝန်ကို စောင့်ရှောက်နေတဲ့ ဂိုချန်းဆိုတဲ့ကောင်ကလည်း ဒုတိယတန်းစား ကျွမ်းကျင်သူသာ ဖြစ်လို့ အစောင့် ဂျိုအီဆန်းကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး”
သူ အာမခံချက်နဲ့ ပြောနိုင်တယ်။ ဒါပေမဲ့ မော့အွန်ဖြုန်းရဲ့ မျက်လုံးထဲမှာ ယုံကြည်မှု တစ်စက်လေးတောင် မရှိဘူး။
အစကတည်းက ယုံကြည်မှု မတည်ဆောက်ခဲ့ရသေးတာ၊ အခု အစောင့်ကလည်း ပြန်မလာတော့ သူ့သံသယက ပိုကြီးထွားလာတယ်။
“မင်းသာဆိုရင် ဒါကို ယုံမှာလား”
“အမှန်တရားပါ။ ကျွန်တော့်ကို မယုံရင် ဒီလက်ကိုတောင် လောင်းကြေးထပ်လို့ ရပါတယ်”
အစောင့် ဂမ် သူ့ရဲ့ ညာလက်မောင်း လက်စွပ်ကို ဆွဲတင်ပြီး ပြောလိုက်တယ်။ စစ်သည်တစ်ယောက်အနေနဲ့ ကိုယ့်လက်ကို လောင်းကြေးထပ်တယ်ဆိုတာ အရာအားလုံးကို လောင်းကြေးထပ်တာနဲ့ မခြားနားဘူး။
သူ့ရဲ့ ခိုင်မာတဲ့ သဘောထားကို ကြည့်ပြီး မော့အွန်ဖြုန်း နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။
“မင်းလက်ကို လောင်းကြေးထပ်မယ် ကောင်းပြီ ဒါဆိုရင် မင်း ပြောတာ အမှန်ဆိုတာ သက်သေပြလိုက်”
“သက်သေပြတယ်ဆိုတာ ဘာကို ပြောတာလဲ”
“မင်း ပြောတာ အမှန်ဆိုရင် အစောင့် ဂျိုက အဲဒီကောင်တွေလက်ထဲမှာ ရှုံးသွားဖို့ အကြောင်းမရှိဘူး။ ဒါဆိုရင် မင်းကို အချိန် နှစ်နာရီ ပေးမယ် အစောင့် ဂျိုကို ရှာပြီး ဒီကို ခေါ်ခဲ့”
“…နားလည်ပါပြီ”
အစောင့် ဂမ်ရဲ့ အသံက နိမ့်ကျသွားတယ်။ တစ်ခုခု တကယ်ကို ရှုပ်ထွေးသွားသလို ခံစားရတယ်။ ဘာဖြစ်ခဲ့သလဲဆိုတာ သူ တိုက်ရိုက် အတည်ပြုဖို့ လိုအပ်ပုံရ၏။
သူ့ဆီကို မော့အွန်ဖြုန်းက လူသတ်ချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အသံနဲ့ သတိပေးလိုက်သည်။
“သူ့ကို မရှာတွေ့ရင် မင်းလက်ကို ဆုံးရှုံးရုံတင်မကဘဲ မင်းရဲ့ အဲဒီ အသက်ကိုလည်း စွန့်လွှတ်ဖို့ ပြင်ထားတာ အကောင်းဆုံးပဲ”
“သတိထားပါ့မယ်”
ဒုတိယသခင်လေး မော့အွန်ဖြုန်းရဲ့ နေအိမ်ကနေ ထွက်လာတဲ့ အစောင့် ဂမ်ရဲ့ မျက်နှာက ကြောက်စရာ ကောင်းလောက်အောင် တင်းမာနေတယ်။
သူ စိတ်ခံစားချက်တွေကို ဖိနှိပ်ပြီး ဆေးခန်းဆီကို အလျင်အမြန် လျှောက်သွားလိုက်တယ်။ လမ်းဆုံမှာ လူတစ်ယောက်နဲ့ တိုးမိ၏။
“အကြီးအကဲ”
“မင်း”
အစောင့် ဂိုချန်း ဖြစ်၏။ ဂိုချန်း သူ့ရဲ့ ရှုပ်ထွေးမှုတွေကို မဖုံးကွယ်နိုင်ဘူး။ မော့ကျောင်းဝန်ရဲ့ အမိန့်ကို တိတ်တဆိတ် ထမ်းဆောင်နေရင်း အစောင့် ဂမ်နဲ့ ဒီလိုမျိုး တိုးမိလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူး။
ဂိုချန်းကို မြင်တော့ အစောင့် ဂမ် ဒေါသထွက်တဲ့ မျက်နှာနဲ့ အသံကို နိမ့်လိုက်ပြီး ပြောလိုက်တယ်။
“မင်း ဒီမှာ ဘာလုပ်နေတာလဲ သူ့ဘေးကနေ ခဏလေးတောင် မခွာဖို့ ငါ သေချာ ပြောထားခဲ့တာ မဟုတ်လား” “အဲဒါက…”
ချက်ချင်း ပြန်မဖြေနိုင်တဲ့ သူ့ရဲ့ အမူအရာကို ကြည့်ပြီး အစောင့် ဂမ်ရဲ့ မျက်လုံးတွေ စူးရှသွားတယ်။ အစောင့် ဂမ် သူ့လက်ကောက်ဝတ်မှာ ဝှက်ထားတဲ့ ခဲတံဓားကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“အဲဒီကောင်နဲ့ မင်း ဘာတွေ ကြံစည်ထားတာလဲ”
“ကြံ ကြံစည်တာလား”
“ဒါပေမဲ့ ဘာလို့ ငါ့အမိန့်ကို ဖီဆန်တာလဲ”
“အဲဒီလို မဟုတ်ပါဘူး…”
ဂိုချန်းရဲ့ ဦးနှောက်ထဲမှာ ဘာမှ မရှိတော့ဘဲ ဘာပြောရမှန်း မသိ ဖြစ်သွား၏။ မော့အွန်ဖြုန်းကို ပေးဖို့ သူ့ရင်ဘတ်ထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်ကျမ်းအတုအကြောင်း သူ မပြောပြနိုင်ဘူးဖြစ်နေသည်။
‘သေလိုက်ပါတော့ကွာ’
တခြား နည်းလမ်း မရှိတော့ဘူး။ နောက်ဆုံးတော့ ဂိုချန်း လိမ်ညာလိုက်၏။
“တကယ်တော့၊ မနေ့က ခန်းမမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မေးစရာ ရှိတယ်ဆိုပြီး အတွင်းပိုင်း နန်းတော်သခင်က ခေါ်လိုက်လို့…”
“ဘာ အတွင်းပိုင်း နန်းတော်သခင်”
အစောင့် ဂမ် မျက်မှောင် ကြုတ်လိုက်တယ်။ ဒီလမ်းအတိုင်း သွားရင် အတွင်းပိုင်း နန်းတော်သခင်၏ ရုံးခန်းကို သွားလို့ ရသည်။ ပြီးတော့ သူတို့က အစောင့်စစ်သည်တွေ ဖြစ်ပေမဲ့ ယန်မော့ဓါးနန်းတော်က လူတွေမို့ အတွင်းပိုင်း နန်းတော်သခင်သာ ခေါ်ရင် သွားရမှာက သဘာဝပဲ။
ဒါပေမဲ့၊ ‘ဒီကောင်’
သူ ဂိုချန်းရဲ့ မျက်လုံးတွေ အနည်းငယ် တုန်ယင်နေတာကို မြင်လိုက်၏။ သာမန်လူတွေကတော့ သတိပြုမိဖို့ ခက်ပေမဲ့ လေ့ကျင့်ထားသူတစ်ယောက် ဖြစ်တဲ့ သူကတော့ သတိပြုမိလိုက်သည်။ ဂိုချန်း တကယ်ကို စိတ်လှုပ်ရှားနေသည်။ အတွင်းပိုင်း နန်းတော်သခင်သာ ခေါ်ရင် တာဝန်ကျနေရာကနေ ထွက်လာတဲ့အတွက် ဆူပူခံရဖို့ အကြောင်းမရှိဘူး၊ ဒါကြောင့် ဒီလောက်ထိ စိတ်လှုပ်ရှားစရာ အကြောင်းမရှိဘူး။
အစောင့် ဂမ် မျက်လုံးကို ရွှေ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အဝေးမှာ လူတွေရဲ့ အရိပ်အယောင် နည်းနည်း ရှိပေမဲ့ ဘယ်သူမှ နီးနီးကပ်ကပ် ရှိမနေချေ။
ဒါကို အတည်ပြုပြီးနောက် အစောင့် ဂမ်က ဂိုချန်းရဲ့ လည်ပင်းမှာရှိတဲ့ အရေးကြီးတဲ့ သွေးကြောကို ဖိပြီး နံရံဆီ တွန်းလိုက်၏။
“အွတ်”
“မင်း သေချင်နေတာလား”
“အကြီးအကဲ”
“ပြော။ မင်း ဘာတွေ ဝှက်ထားတာလဲ”
“ဝှက်ထားတာ ကျွန်တော် တကယ် ဘာမှ မဝှက်ပါဘူး…”
အစောင့် ဂမ် သူ့ရဲ့ ခဲတံဓားကို ဂိုချန်းရဲ့ နှလုံးဆီ ချိန်ပြီး ပြောလိုက်သည်။
“မော့အွန်ဖြုန်းရဲ့ အစောင့် တစ်ယောက် ပျောက်သွားတယ်”
“သူ သွားရှာတဲ့ ပစ်မှတ်က အဲဒီအတုအယောင်ကောင်ပဲ ဒါပေမဲ့ မင်းက ဒါကို မသိဘူးလို့ အယောင်ဆောင်မှာလား”
‘သေလိုက်ပါတော့…’
“ခဏ ခဏစောင့်ပါ အကြီးအကဲ၊ ဒါကို ဘယ်လိုလုပ် သိ… ဒုတိယသခင်လေးနဲ့ အဆက်အသွယ် ရသွားတာများလား”
သူဘက်ပြောင်းဖို့ ကြိုးစားနေတာကို သူ သိနေပြီ။ ဒါပေမဲ့ ဘယ်သူ့ဆီကို ပြောင်းမလဲဆိုတာ သူ မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ဒုတိယ မော့အွန်ဖြုန်းဘက်က အခြေအနေကို သိတယ်ဆိုတာက သူ သူတို့ဘက်ကို ပြောင်းသွားပြီဆိုတာပဲ။
“ဘာလို့ မတိုင်ပင်မဆွေးနွေးဘဲ လုပ်လိုက်တာလဲ…”
“အ့”
အစောင့် ဂမ် သူ့လည်ပင်းမှာရှိတဲ့ အရေးကြီးတဲ့ သွေးကြောကို ဖိထားတဲ့ လက်က တင်းကျပ်သွားတာနဲ့ ဂိုချန်း စကား ဆက်မပြောနိုင်တော့ဘူး။ ဒုက္ခရောက်နေတဲ့ သူ့ကို အစောင့် ဂမ် ပြောလိုက်သည်။
“ငါက မင်းကို အသေးအဖွဲ ကိစ္စလေးတွေကို တိုင်ပင်ဆွေးနွေးပြီး အစီရင်ခံရမယ့် နေရာမှာ ရှိနေတယ်လို့ ထင်နေတာလား ပြီးတော့ မင်းက အခု ငါ့ကို အဲဒါနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်တဲ့ အဆင့် ရှိနေလို့လာ်”
“ဒါ၊ ဒါက နည်းနည်း…”
နာကျင်မှုတွေ ပိုဆိုးလာတဲ့ ဂိုချန်း တောင်းပန်လိုက်တယ်။ ဒါကို အစောင့် ဂမ် လက်ကို လျှော့ပေးပြီး သူ့နားထဲကို ပြောလိုက်တယ်။
“မင်း ဘာတွေကို ဝှက်ထားတာလဲ အမှန်အတိုင်း ပြော မဟုတ်ရင်…”
ဓားဖျားက ဂိုချန်း၏ ရင်ဘတ်ထဲကို စိုက်ဝင်သွားသည်။ ဓားက အတွင်းကို ရောက်သွားတာနဲ့ အစောင့် ဂမ် ထူးဆန်းတဲ့ ခံစားချက်ကြောင့် မျက်မှောင် ကြုတ်လိုက်တယ်။ သူ အသားကို နည်းနည်းလေးပဲ ဖောက်ဖို့ ကြိုးစားခဲ့တာ၊ ဒါပေမဲ့ ထူးဆန်းသလို ခံစားလိုက်ရ၏။
ဂမ် သူ့လက်ကို ဂိုချန်းရဲ့ အဝတ်အစားထဲက ရင်ဘတ်ထဲကို ထည့်လိုက်တယ်။
“ခဏ၊ ခဏ…”
“အာ”
မကြာခင်မှာပဲ၊ မီးလောင်ကျွမ်းသောသစ်သား နှလုံးသား ကျင့်စဉ် လျှို့ဝှက်ကျမ်းရဲ့ စာမျက်နှာ နှစ်မျက်နှာစာ ပါတဲ့ အချက်အလက်တွေက အစောင့် ဂမ်ရဲ့ လက်ထဲမှာ ပေါ်လာသည်။ ဒါကို မြင်တော့ အစောင့် ဂမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။
“ဒါက”
‘ငါတော့ သေပြီ’
ဂိုချန်း သူ့မျက်လုံးတွေကို တင်းတင်း ပိတ်လိုက်တယ်။
ဘန်း
ဆေးခန်း တံခါး ပွင့်သွားပြီး အစောင့် ဂမ် ကြောက်စရာကောင်းတဲ့ မျက်နှာနဲ့ ဝင်လာတယ်။ အထဲမှာ ဆေးခန်း အလုပ်သမား သုံးယောက်လောက် ရှိပေမဲ့ သူတို့ကို ဂရုမစိုက်ဘဲ အစောင့် ဂမ် အိပ်ရာပေါ်မှာ အပေါ်ပိုင်းကိုပဲ မှီပြီး စာအုပ်ဖတ်နေတဲ့ မော့ကျောင်းဝန်ဆီကို ခြေလှမ်းကျဲနဲ့ သွားလိုက်သည်။
အစောင့် ဂမ် သူ့ရဲ့ ရှေ့တည့်တည့်မှာပဲ ချဉ်းကပ်လာပြီး မော့ကျောင်းဝန် တစ်ယောက်တည်း ကြားရတဲ့ အသံနဲ့ သူ နှုတ်ခမ်းကို ဟပြောလိုက်၏။
“မင်း ဘာတွေ လုပ်လိုက်တာလဲ”
သူ့စကားကြောင့် မော့ကျောင်းဝန် စာအုပ်ထဲကနေ မျက်လုံးမခွာဘဲ ပြန်ဖြေလိုက်သည်။
“မင်း ဘာတွေ ပြောနေတာလဲ”
“ဟူး”
အစောင့် ဂမ် သက်ပြင်းကြီးကြီး ချလိုက်တယ်။ ပြီးတော့ သူရင်ဘတ်ထဲက စာအုပ်တစ်အုပ်ကို အမြန် ထုတ်ပြလိုက်တယ်။
[မီးလောင်ကျွမ်းသောသစ်သားနှလုံးသား ကျင့်စဉ်]
အဲဒါ မီးလောင်ကျွမ်းသော နှလုံးသား ကျင့်စဉ်ရဲ့ လျှို့ဝှက်ကျမ်းပဲ။ အစောင့် ဂမ် စိတ်တိုတဲ့ အသံနဲ့ ပြောလိုက်၏။
“ဒါကို ဘယ်လို ရတာလဲ”
အဲဒီမှာ မော့ကျောင်းဝန် မီးလောင်ကျွမ်းသော နှလုံးသား ကျင့်စဉ် လျှို့ဝှက်ကျမ်းကို ကြည့်ဖို့ ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး ရယ်မောလိုက်သည်။
“ရယ်နေတာလား”
“အစောင့် ဂိုချန်းက ကံဆိုးတာပဲ”
“ဘာ”
“မင်း ဒါကို ယူလာတယ်ဆိုတာ မင်း ဂိုချန်းဆီက ယူလာတာပဲ မဟုတ်လား”
မော့ကျောင်းဝန်ရဲ့ ဘာမှ မဖြစ်သလို တည်ငြိမ်တဲ့ ပုံစံကြောင့် အစောင့် ဂမ် ခဏလောက် အံ့အားသင့်သွားတယ်။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုတင်မကဘူး၊ ဒီကောင်က အမြဲတမ်း တည်ငြိမ်နေတာပဲ။ တစ်ခုခု ကြံစည်နေတာကို သူ သိထားပေမဲ့ ဒီပုံစံကို ဆက်ထိန်းထားတာကို ကြည့်ရင် တကယ်ကို ရဲရင့်တဲ့ ကောင်ပဲ။
ကောင်းပြီ၊ သူက ဒီလောက် ရဲရင့်နေမှတော့ သူ တကယ့် မော့ကျောင်းဝန်ကိုလည်း သတ်ပစ်လိုက်မှာပဲ ဒါပေမဲ့ သူက ဒီလိုမျိုး နောက်ကျောကို ဓားနဲ့ ထိုးသလို လုပ်တာကို သူ ခွင့်မလွှတ်နိုင်ဘူးဖြစ်နေ၏။
အစောင့် ဂမ်း လူတိုင်း မမြင်နိုင်တဲ့ ထောင့်ကနေ ခဲတံဓားကို ထုတ်ပြီး မော့ကျောင်းဝန်ရဲ့ ဘယ်ဘက် နံရိုးဆီကို ချိန်လိုက်ပြီးတော့ အသံ နိမ့်နိမ့်နဲ့ ပြောလိုက်သည်။
“မင်း ဂိုချန်းကို ဘာတွေ လုပ်လိုက်တာလဲ”
“ငါ ဘာလုပ်လိုက်လို့လဲ”
“မင်း သူ့ကို ဘာတွေ လုပ်လိုက်လို့ သူက ပါးစပ်ပိတ်နေတာလဲ”
မော့ကျောင်းဝန်ကို မလာခင် အစောင့် ဂမ် ဂိုချန်းကို သူ့နေအိမ်ဆီ ခေါ်သွားပြီး စစ်ဆေးခဲ့တယ်။ သူ့အရိုးတွေကို ကျိုးပဲ့အောင် လုပ်ပြီး လက်ချောင်း နှစ်ချောင်းကို ဖြတ်ပစ်လိုက်သည်။ ဒါပေမဲ့ သူ နောက်ဆုံးအထိ ပါးစပ် မဟခဲ့ဘူး။
ဒါကို ကြည့်ပြီး အစောင့် ဂမ် တကယ်ကို သိချင်နေတယ်။ ဒီကောင်က သာမန်လူတွေနဲ့ မတူပေမဲ့ ဂိုချန်း မကိုင်တွယ်နိုင်တဲ့သူမျိုး မဟုတ်ဘူး၊ ဒါကြောင့် ဘာလို့ သူ့ကို ကြောက်နေတာလဲဆိုတာ သူ နားမလည်နိုင်ဘူး။
သူ့သဘောဆိုရင်တော့ အကြောင်းရင်းကို သိရဖို့ တစ်နေ့လုံး ညှဉ်းပန်းချင်တာ။ ဒါပေမဲ့ သူ့မှာ အချိန် မရှိဘူး။
[မင်းကို အချိန် နှစ်နာရီ ပေးမယ်။]
ဒုတိယသခင်လေး မော့အွန်ဖြုန်း ပေးတဲ့ အချိန်က အများဆုံး နှစ်နာရီပဲ။ အဲဒီအချိန်အတွင်းမှာ သူက အဲဒီကောင်ရဲ့ အစောင့် ဂျိုအီဆန်းကို ရှာရမယ်။ မဟုတ်ရင် မော့အွန်ဖြုန်းက သူ့ကို သတ်ဖို့ သေချာပေါက် ကြိုးစားမှာပဲ။ ဒါကြောင့် နောက်ဆုံးတော့ သူ ဂိုချန်းကို ထားခဲ့ပြီး မော့ကျောင်းဝန်ဆီကို အပြေးသွားလိုက်သည်။
ဒါပေမဲ့
“မင်း ပြောတာကို ငါ တကယ် နားမလည်ဘူး”
မော့ကျောင်းဝန် မသိယောင် ဆောင်လိုက်တယ်။
သွားတွေကို ကြိတ်နေတဲ့ အစောင့် ဂမ် မကြာခင်မှာ သူ့မေးခွန်းကို ပြောင်းလိုက်တယ်။
“ကောင်းပြီ။ မင်း ဂိုချန်းဆိုတဲ့ကောင်ကို ဘာလုပ်လိုက်သလဲဆိုတာ ငါ နောက်မှ သိအောင် လုပ်မယ်။ ဒါဆိုရင် ပြော။ မင်း မော့အွန်းဖြုန်း သခင်လေးရဲ့ အစောင့် ဂျိုအီဆန်းကို တွေ့လိုက်လား”
ဒုတိယသခင်လေး မော့အွန်ဖြုန်းရဲ့ အစောင့် ဂျိုအီဆန်း။ သူက ပထမတန်းစား အဆင့်ကို ရောက်လုနီးပါး ကျွမ်းကျင်သူဖြစ်ပြီး သိုင်းပညာ မသင်ထားတဲ့ မော့ကျောင်းဝန်နဲ့ ဒုတိယတန်းစား ကျွမ်းကျင်သူသာ ဖြစ်တဲ့ ဂိုချန်းက သူ့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာ ထင်ရှားနေပေမဲ့ ဒီ စိတ်မသက်မသာ ဖြစ်နေတဲ့ ခံစားချက်က ဘာလဲ။
မော့ကျောင်းဝန် ပြောလိုက်တယ်။
“အာ မနေ့ညက မျက်နှာဖုံးစွပ်ပြီး ငါ့ကို လာရှာတဲ့ လူလား”
“…မှန်တယ် ငါ သူ့အကြောင်း ပြောနေတာ”
“ငါ သူ့ကို တွေ့လိုက်တယ်”
မော့ကျောင်းဝန်ရဲ့ စကားကြောင့် အစောင့် ဂမ် သူ့ကိုယ်သူ ထိန်းပြီး မေးလိုက်တယ်။
“မင်း သူ့ကို ဘာမှ မလုပ်လိုက်ဘူး မဟုတ်လား”
“အို၊ တော်ပါတော့ ငါ ဘာလုပ်နိုင်မှာလဲ ငါ့မှာ ဘာစွမ်းအား ရှိလို့လဲ”
မော့ကျောင်းဝန် သူ့လက်ကို အသာအယာ ဝှေ့ယမ်းလိုက်တယ်။ အဲဒီစကားကြောင့် အစောင့် ဂမ် သူက သူ့ကို ဘာမှ မထိခိုက်နိုင်ဘူးလို့ တွေးလိုက်တယ်။
ဒါပေမဲ့
“ဒန်တျန်နေရာ ပျက်စီးပြီး သိုင်းပညာ ဆုံးရှုံးသွားတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ။”
အစောင့် ဂမ် မျက်မှောင် ကြုတ်လိုက်တယ်။ ဒါက ဘာကို ဆိုလိုတာလဲ။ ဒီကောင်က သိုင်းပညာ ဆုံးရှုံးသွားသလို ဟန်ဆောင်ပြီး ပြောနေတာကို သိနေတာက…
“မင်း…”
ပြီးတော့ မော့ကျောင်းဝန် သူ့နားနားကို ကပ်ပြီး ရယ်မောကာ အသံနိမ့်နိမ့်နဲ့ ပြောလိုက်သည်။
“မင်းက ဒုတိယသခင်လေးဆီကို အချိန်ကုန်ခံပြီး သူ့ဘက်ကိုပြောင်းဖို့ ကြိုးစားခဲ့တာပေါ့… ဒါပေမဲ့ ဒီအယောင်ဆောင်ကောင်က မပူးပေါင်းဘဲ ဒုတိယသခင်လေးရဲ့ အစောင့်ကို သတ်ပစ်လိုက်ပြီ။ အခု ဘယ်လိုလုပ်မလဲ”
ချက်ချင်းပဲ၊ အစောင့် ဂမ်ရဲ့ အမူအရာက တောင့်တင်းသွားတော့၏။