အခန်း (၂၁) - ချုပ်နှောင်ခြင်း အတတ်ပညာ
ချိတ်ဆက်နေသည့် သွေးရောင်ကြိုးမျှင်မှာ သူတို့နှစ်ဦး အစေခံနှင့် သခင်အဖြစ် ချိတ်ဆက်သွားပြီ ဖြစ်ကြောင်း ပြသနေ၏။ အစိမ်းရောင်ဝိညာဉ်မှာ သူမ၏ ကံကြမ္မာကို မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အော်ဟစ်ဆဲဆို နေသည်။ သူမ ဒေါသထွက်ပြီး မော့ကျောင်းဝန်၏ လည်ပင်းကို ညှစ်လိုက်သည့်အခိုက်
အာ အု သောက်ကျိုးနည်း
သူမသည် ရုတ်တရက် လန့်ပြီး လက်လွှတ်လိုက်သည်။ သူမ ဘာကြောင့်လက်ကို ပြန်လွှတ်လိုက်တာလဲဟု မော့ကျောင်းဝန် တွေးတောမိစဉ်မှာပင် သူမ၏ ဖြူဖျော့နေသော လည်ပင်းတွင် နီရဲနေသော လက်ချောင်းရာများ ပေါ်လာသည်ကို မြင်လိုက်ရသည်။
‘ဒါဆိုရင်…’
မော့ကျောင်းဝန် သဘောပေါက်သွား၏။ အကြောင်းရင်းကို တိကျစွာ မသိသော်လည်း အစေခံဝိညာဉ်သည် သခင်ခံစားရသော ဒဏ်ရာကို မျှဝေခံစားရခြင်း ဖြစ်ကြောင်း သူ သိလိုက်ရသည်။
‘ဒါကြောင့်ကိုး’
မိစ္ဆာဘုန်းကြီး၏ ခန္ဓာကိုယ်တွင် အမည်းစက်များ ပေါ်နေခြင်းမှာလည်း အစိမ်းရောင်ဝိညာဉ်၏ သွေးစက်ဆူးများ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများကို သူပါ မျှဝေခံစားခဲ့ရခြင်းကြောင့်ဖြစ်၏။ အစေခံဝိညာဉ်များက သူတို့၏ သခင်ကို ဘာကြောင့် နောက်ကလိုက်ပြီး ကာကွယ်နေရသလဲဆိုတာကို မော့ကျောင်းဝန် အခုမှ နားလည်သွားသည်။ သူတို့သည် သခင်ဖြစ်သူနှင့် ချိတ်ဆက်နေပြီး ဒဏ်ရာကို မျှဝေခံစားရသည့်အတွက် မိမိတို့သခင်ကို အန္တရာယ်ပြုမည့် မည်သည့်အရာကိုမဆို ဖယ်ရှားပစ်ရန်ဟူသော လမ်းစရှိတော့သည်။ အဆင့်အတန်းမြင့်မားလှသော ဝိညာဉ်တစ်ကောင်က အစေခံတစ်ယောက်လို ဖြစ်သွားရခြင်းမှာ သူမအတွက် မခံမရပ်နိုင်စရာပင်။ ဝိညာဉ်ဖြစ်နေပါစေ သူမ အလွန်ဒေါသထွက်နေပါလိမ့်မည်ဖြစ်၏။
သို့သော်လည်း ဖြစ်ပြီးသွားပြီ ဖြစ်၏။ မော့ကျောင်းဝန်က အစိမ်းရောင်ဝိညာဉ် မကျေမနပ်ဖြစ်သည်ကို စိတ်မဝင်စားချေ။ သူ၏ ရည်မှန်းချက် အောင်မြင်သွားသည့်အတွက်သာ ကျေနပ်နေ၏။
‘အစိမ်းရောင်ဝိညာဉ် အဆင့်’
အဆင့်အရဆိုလျှင် ဝိညာဉ်အဆင့် ၇ ဆင့်ထဲတွင် ၅ ဆင့်မြောက် ဖြစ်ပြီး၊ နတ်ဆိုးအဆင့်နှင့် နီးစပ်သော အဆင့်မြင့် လမ်းလွဲဝိညာဉ် ဖြစ်သည်။ အဝါရောင်ဝိညာဉ် အဆင့်သာရှိသော မိစ္ဆာဘုန်းကြီးနှင့် မတူဘဲ၊ ရာစုနှစ်တစ်ခုကျော် သက်တမ်းရှိပြီး အငြိုးအတေးကြီးသည့် ဤဝိညာဉ်က အသက်ရှင်သူများအပြင် တခြားအရာများကိုပါ လွှမ်းမိုးနိုင်စွမ်းရှိသည်။ မော့ကျောင်းဝန်က ဒါကို ထပ်မံအတည်ပြုချင်၏။
‘ဒါပေမဲ့ မစမ်းသပ်ခင်မှာ…’
မော့ကျောင်းဝန်သည် ဒေါသထွက်နေဆဲဖြစ်သော အစိမ်းရောင်ဝိညာဉ်ကို စကားပြောလိုက်သည်။
“အခု မင်းက ငါ့ရဲ့ အစေခံဝိညာဉ် ဖြစ်သွားပြီဆိုတော့ ငါ မင်းကို ဘယ်လို ခေါ်ရမလဲ”
“ဒီအတိုင်းပဲ ငြိမ်နေတော့မှာလား၊ အချိန်ဖြုန်းရုံပဲ ဖြစ်နေမှာတော့ မဟုတ်ဘူးလား”
‘ဟင်း’
မော့ကျောင်းဝန် သက်ပြင်းချလိုက်သည်။ သူမက အသက်ရှူသံပြင်းပြင်းနှင့် မျက်လုံးချင်းပင် မဆုံအောင် ရှောင်နေတာကြောင့် မော့ကျောင်းဝန် ခေါင်းခါလိုက်သည်။
“ဒါဆိုရင်လည်း မင်းကို ဘာခေါ်ခေါ် အရေးမကြီးတော့ဘူးပေါ့”
“မင်းကို (အရူး) လို့ပဲ ခေါ်ရမလား”
မင်း ဘယ်လိုလုပ်ပြီး ငါ့ကို အဲ့ဒီလို ခေါ်ရဲတာလဲ
မော့ကျောင်းဝန်၏ စကားကြောင့် မျက်လုံးချင်း မဆုံအောင် ရှောင်နေသော အစိမ်းရောင်ဝိညာဉ်မှာ လျင်မြန်စွာ လှည့်ကြည့်လာသည်။ မော့ကျောင်းဝန်က ရယ်မောလိုက်ပြီး—
“မင်း အဲ့ဒါကိုလည်း မကြိုက်ဘူးပေါ့လေ”
ထိုအခါ စိမ်းရောင်ဝိညာဉ်၏ မျက်ခုံးတစ်ဖက်မှာ ကြောက်မက်ဖွယ်ကောင်းအောင် မြှောက်တက်သွားသည်။
သောက်လူသား၊ မင်း ငါ့ကို စနောက်နေတာလား
“မင်း ငါ့ကို စနောက်တာ မခံချင်ရင် မင်းကို ဘယ်လိုခေါ်ရမလဲဆိုတာ မှန်မှန်ပြော”
မင်းလို အောက်တန်းစား လူသားတစ်ယောက်ကို ပြောပြဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး
ထိုသို့ ပြောပြီးနောက် အစိမ်းရောင်ဝိညာဉ်မှာ ခေါင်းကို ထပ်မံ လှည့်သွားပြန်သည်။ ဒီမြင်ကွင်းကို ကြည့်ပြီး မော့ကျောင်းဝန် အတွင်းစိတ်ထဲမှာ လျှာသပ်လိုက်၏။ ကံကောင်းတာက သူမသည် သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့သော်လည်း ထိန်းချုပ်ရန်မူ အလွန်ခက်ခဲလိမ့်မည်ဟု သူ တွေးမိသည်။
“ရွေးချယ်စရာ မရှိဘူး မင်း ပြောမပြချင်ရင်လည်း ငါ ကြိုက်သလိုပဲ ခေါ်တော့မယ်”
“ငါ့စိတ်ထဲမှာ တိတိကျကျ ပေါ်မလာဘူး၊ ဒါကြောင့် မင်းကို ‘ချန်လျန်’ (စိမ်းရောင်) လို့ပဲ ခေါ်တော့မယ်”
မော့ကျောင်းဝန်သည် လမ်းလွဲဝိညာဉ်၏ အဆင့်ကို တိုက်ရိုက် ရည်ညွှန်းပြီး ‘ချန်လျန်’ ဟုခေါ်ရန် ဆုံးဖြတ် လိုက်သည်။ ဒီစကားကြောင့် အစိမ်းရောင်ဝိညာဉ် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူမကို တစ်ခုခုတော့ စိတ်အနှောင့်အယှက် ဖြစ်စေပုံရ၏။ သို့သော် သူမ၏ မာနကြောင့် မိမိ၏ နာမည်ရင်း သို့မဟုတ် ဘွဲ့နာမကို ဖော်ပြရန် ဆန္ဒမရှိပေ။
‘သူမကို ဖြည်းဖြည်းချင်းပဲ စည်းရုံးရတော့မယ်’
သူ ရရှိထားသော အစိမ်းရောင်ဝိညာဉ် အဆင့်ကို အသုံးမချနိုင်ပါက အဓိပ္ပာယ်မဲ့သွားပေမည်။ ဒါကို ထုတ်မပြဘဲ မော့ကျောင်းဝန် တစ်နေရာသို့ လျှောက်သွားသည်။ ၎င်းမှာ လူသားရေ အဖုံးကို ဆွဲခွာထားပြီး ကြမ်းပြင်ပေါ်တွင် ကျနေသော စာအုပ်ဖြစ်သည်။ စာအုပ်ကို ကောက်ကိုင်လိုက်ပြီး မော့ကျောင်းဝန် မေးလိုက်သည်။
“မင်း ဒီအထဲမှာ ဘာတွေ ရေးထားလဲဆိုတာ ကောင်းကောင်း သိမှာပေါ့ ချန်လျန်”
မင်း ဘယ်သူ့ကို ချောင်လျန်လို့ ခေါ်နေတာလဲ… ဟူး
သူမ ဒေါသထွက်ခါနီး ဖြစ်သွားသော်လည်း စကားပြောချင်စိတ် မရှိသည့်အလား လက်ကို ဝှေ့ယမ်း ပြလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ကျနေသော ပိုက်တံကို ကောက်ယူပြီး ဆေးလိပ်ဖွာလိုက်သည်။ သူမမှာ ဆေးလိပ်ပြင်းပြင်း ဖွာတတ်သူ တစ်ယောက်နှယ်ဖြစ်နေ၏။ မော့ကျောင်းဝန် ပါးစပ်ပိတ်လိုက်ပြီး စာအုပ်ကို လှန်ကြည့်လိုက်သည်။
‘ဟင်’
မော့ကျောင်းဝန်၏ မျက်လုံးများတွင် စိတ်ဝင်စားမှုဖြင့် အရောင်လက်သွား၏။ စာအုပ်ထဲရှိ စာသားများမှာ သွေးဖြင့် ရေးထားပုံရသည်။
‘စိတ်ဝင်စားဖို့ ကောင်းတယ်’
အဖုံးက လူသားရေ ဖြစ်ပြီး စာသားတွေက သွေးနဲ့ ရေးထားတာ။ လူအများစုဆိုရင် ဒီစာအုပ်ကို လှန်ကြည့်ဖို့တောင် ရွံရှာနေမှာ အသေအချာပင်ဖြစ်၏။ မော့ကျောင်းဝန်အတွက်တော့ ဒါက အရေးမကြီးပေ။ ဒါပေမဲ့ ပြဿနာက အဲ့ဒါ မဟုတ်ဘူး။
‘ဒါ ဘာတွေလဲ’
စာအုပ်ထဲရှိ စာလုံးများမှာ အစီအစဉ်မကျဘဲ ရှုပ်ယှက်ခတ်နေသည်။ အလွန်အမင်း ရှုပ်ထွေးလွန်းသဖြင့် အဓိပ္ပာယ်ဖော်ရန်ပင် ခက်ခဲလှ၏။ မော့ကျောင်းဝန် စာလုံးများကို ကြည့်ရင်း မျက်မှောင်ကြုတ်မိသည်။
‘ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးအောင် ရေးထားတာလဲ’
စာလုံးများမှာလည်း ပုံမှန်စကားလုံးများ မဟုတ်ဘဲ အလွန်တရာ အနုပညာဆန်ပြီး စိတ်ကူးယဉ်ဆန်သော စကားလုံးများ ဖြစ်သည်။ ဒီလို စာသားမျိုးကို သူ မကြာသေးမီက မြင်ဖူးထားသည်။ ၎င်းမှာ မီးလောင်ကျွမ်းသော သစ်သားဓါးသိုင်းပင် ဖြစ်သည်။ အသက်ရှူနည်းနှင့် ချီစွမ်းအင် လည်ပတ်ပုံများကို ဖော်ပြထားသော်လည်း စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်များနှင့် ပတ်သက်သော အစိတ်အပိုင်းများမှာ ကဗျာတစ်ပုဒ်ကို ဖတ်နေရသကဲ့သို့ အလွန်တရာ စိတ်ကူးယဉ်ဆန်သော စကားလုံးများဖြင့် ဖွဲ့စည်းထားသည်။
‘တူတော့တူတယ်၊ ဒါပေမဲ့ ပိုပြီး ရှုပ်ထွေးတယ်’
စာလုံးပေါင်း ၃၀ ကို အစီအစဉ်မကျဘဲ ရေးသားထား၏။ ၎င်းတို့ကို ပေါင်းစပ်ထားပုံရသော်လည်း မည်သို့ပင် ဆက်စပ်ကြည့်ပါစေ၊ အဓိပ္ပာယ်မရှိသော စာသားများသာ ဖြစ်ပေါ်လာသည်။
ဟက်ဟက်
ထိုခဏတွင် သူ ရယ်သံတစ်ခု ကြားလိုက်ရ၏။ ထိုဘက်ကို လှည့်ကြည့်လိုက်ရာ ချန်လျန်က ပိုက်တံကို ဖွာရင်း ခေါင်းခါနေသည်ကို တွေ့ရသည်။ သူမ၏ အမူအရာကို ကြည့်ရလျှင် သူ အသက်သေပြီး ပြန်ရှင်လာရင်တောင် ဒါက ဘာမှန်း သိနိုင်လိမ့်မည်မဟုတ်ဟု ပြောချင်နေပုံရသည်။ မော့ကျောင်းဝန် ဒါကို ဂရုမစိုက်ဘဲ စာလုံးများ ကိုသာ စူးစိုက်ကြည့်နေလိုက်သည်။
“အင်း…”
မော့ကျောင်းဝန် အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။ မကြာမီ မော့ကျောင်းဝန် ပါးစပ်ဖွင့်လိုက်သည်။
“စိတ်ကူးယဉ် အကြံအစည်များကို မဖြတ်တောက်ဘဲ… ပုံသဏ္ဌာန်ကို နှလုံးသား၏ သိုးထိန်းအဖြစ် သုံးလျက်…”
စာသားနှစ်ခု ထွက်ပေါ်လာသောအခါ လှောင်ပြောင်နေသော ချန်လျန်၏ အမူအရာမှာ တောင့်တင်းသွားသည်။ ဒီတုံ့ပြန်မှုမှတစ်ဆင့် သူ ပေါင်းစပ်လိုက်သော စာကြောင်းနှစ်ခုမှာ မှန်ကန်ကြောင်း မော့ကျောင်းဝန် အတည်ပြုနိုင်လိုက်၏။ သို့သော် သူက သိသာအောင် အမူအရာ မလုပ်ခဲ့ပေ။ ချန်လျန်၏ အမူအရာဖြင့် အတည်ပြု၍ မရနိုင်သောကြောင့် နောက်ထပ် စာကြောင်းများကို ဆက်လက် မှန်းဆလိုက်သည်။
“နိုးကြားမှု မရှိခင်… ပုံသဏ္ဌာန်၏ ပြောင်းလဲမှု မဖြစ်ပေါ်ခင်…”
သူ ထပ်ပြောလိုက်သောအခါ ချန်လျန်၏ အမူအရာမှာ ပို၍ တောင့်တင်းသွားပြီး မျက်မှောင်ပင် ကြုတ်သွားသည်။ နောက်ထပ် စာကြောင်းများမှာလည်း မှန်ကန်နေပုံရသည်။ သူသည် အသင့်တော်ဆုံးဟု ခံစားရသော အတိုင်း ဆက်စပ်နေခြင်းဖြစ်ပြီး ၎င်းတို့မှာလည်း နေရာတကျ ရှိနေလေသည်။ ကျန်ရှိနေသော စာလုံး ခြောက်လုံးနှင့်အတူ
“ပင်လယ်၏ အကွာအဝေးကို အကောင်းဆုံး တိုင်းတာသကဲ့သို့… အဆုံးမဲ့ ဂူကိုလည်း နားလည်သကဲ့သို့”
အာ
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ စာကြောင်းများကို အဆုံးသတ်လိုက်သည့် ထိုခဏတွင် သူ၏ ချက်နေရေကို တစ်စုံတစ်ယောက်က ညှစ်ထားသလို ခံစားလိုက်ရပြီး သူကိုင်ထားသော စာအုပ်မှာ ထူးဆန်းစွာ တွန့်လိမ်သွားသည်။
‘ဘာဖြစ်တာလဲ’
မော့ကျောင်းဝန် နားမလည်နိုင် ဖြစ်သွား၏။ စာအုပ်၏ တွန့်လိမ်နေသော ပုံစံကို ကြည့်ရသော် စာရွက်များမှာ သူ့လက်ဖဝါးဆီသို့ ဆွဲယူခံနေရသကဲ့သို့ ဖြစ်နေသည်။ သူ၏ လက်ဖဝါးထဲသို့ ကပ်တွယ်ရန် ကြိုးစားနေပုံပင်။ ထိုခဏတွင် ချန်လျန်၏ အသံမှာ သူ၏ နားထဲသို့ ရောက်လာသည်။
-မင်းက 'ချုပ်နှောင်ခြင်း အတတ်ပညာ'ကို ဘယ်လိုလုပ်ပြီး ရသွားတာလဲ
“ဘာပြောလိုက်တယ်”
မော့ကျောင်းဝန်က သူမကို မေးမြန်းရင်း ကြည့်လိုက်သောအခါ ချန်လျန်တွင် အံ့အားသင့်နေသော အမူအရာ ရှိနေသော်လည်း လျင်မြန်စွာပင် မျက်နှာလွှဲသွား၏။ သူမအနေဖြင့် စကားဆက်ပြောရန် စိတ်ကူးမရှိကြောင်း ခိုင်မာနေပုံရသည်။ သူမကို ကြည့်ရင်း မော့ကျောင်းဝန်က နားမလည်စွာ မေးလိုက်သည်။
“ချုပ်နှောင်ခြင်း အတတ်ပညာဆိုတာ ဘာလဲ စာအုပ်က ဒီလို ဖြစ်သွားတာနဲ့ ပတ်သက်နေတာလား”
“စာအုပ် တွန့်လိမ်သွားတဲ့အချိန်မှာ၊ ကျွန်တော့်ရဲ့ ချက်နေရာ အောက်ဘက်မှာ တင်းကျပ်သွားသလို ခံစားရတယ် အဲ့ဒါလည်း ပတ်သက်နေတာလား”
ဟား…
မော့ကျောင်းဝန်၏ စကားကြောင့် ချန်လျန်မှာ ကြောင်အသွားသည်။ ချောင်လျန်မှာ မော့ကျောင်းဝန်သည် သိုင်းပညာကို လုံးဝ မသင်ကြားဖူးသူ ဖြစ်ကြောင်း ကြာမြင့်စွာကတည်းက သိရှိထားသည်။ ထို့ကြောင့် သူ ဤအရာကို ဘယ်သောအခါမှ နားလည်နိုင်မည် မဟုတ်ကြောင်း သူမ အခိုင်အမာ ယုံကြည်ထား၏။ အဆင့်တစ်ခုသို့ မရောက်ရှိဘဲ သို့မဟုတ် ဉာဏ်အလင်း မပွင့်ဘဲ ဤအရာကို နားလည်လက်ခံရန်ပင် ခက်ခဲလှသောကြောင့် ဖြစ်သည်။ သို့သော် အံ့အားသင့်စရာကောင်းစွာပင်၊ မော့ကျောင်းဝန်မှာ ဤစာလုံး ၃၀ ကို ပေါင်းစပ်၍ ပထမဆုံး စာပိုဒ်ကို ဖန်တီးလိုက်နိုင်ခဲ့သည်။
ချန်လျန်က မော့ကျောင်းဝန်ကို တစ်ချက် ငဲ့ကြည့်သည်။ သူမကို အစေခံဝိညာဉ် လုပ်လိုက်သည့်အတွက် စကားမပြောလိုသော်လည်း သူမ၏ စပ်စုလိုစိတ်မှာ တိုးပွားလာသည်။ သူသည် ဤအရာကို အမှန်တကယ် မှန်ကန်စွာ နားလည်သွားသလားဟု တွေးမိသည်။ မကြာမီ၊ စဉ်းစားနေသော ချန်လျန်က ပါးစပ်ဖွင့်လိုက်သည်။
ဟေ့၊ လူသား
“မဟုတ်ဘူး၊ မော့ကျောင်းဝန်ပါ”
ဘာ
“ကျွန်တော့်ကို မော့ကျောင်းဝန်လို့ ခေါ်ပါ”
ထိုစကားကြောင့် ချောင်လျန်က လှောင်ပြောင်ပြီး ပြောလိုက်သည်။
လူသား
ချန်လျန်သည် မော့ကျောင်းဝန်က သူ့နာမည်ကို ပြောပြသော်လည်း သူ့ကို အဲ့ဒီလို ခေါ်ရန် စိတ်ကူးမရှိပုံရ၏။ မော့ကျောင်းဝန် ပခုံးတွန့်လိုက်သည်။ သူတို့ ဆက်သွယ်နိုင်သရွေ့ သူမ ဘယ်လိုခေါ်ခေါ် အရေးမကြီးပေ။ ချန်လျန် ပိုက်တံကို ဖွာရင်း မီးခိုးငွေ့များကို မှုတ်ထုတ်ပြီး ပြောလိုက်သည်။
-လူသား မင်း ခုနက ခံစားလိုက်ရတဲ့ အာရုံကို မှတ်မိလား
“အာရုံလား”
ဟုတ်တယ်
“မင်း ပြောတာက မရှင်းဘူးဖြစ်နေတယ်”
မော့ကျောင်းဝန်၏ စကားကြောင့် ချန်လျန်က သူ့ကို စိုက်ကြည့်ရင်း ခေါင်းခါလိုက်သည်။
အောက်တန်းစား လူသားတစ်ယောက်က ချုပ်နှောင်ခြင်း အတတ်ပညာကို ဒီလောက် လွယ်လွယ်ကူကူ တတ်မြောက်သွားနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး…
သူမ စကားမဆုံးခင်မှာပင် မော့ကျောင်းဝန် ကိုင်ထားသော စာအုပ်မှာ ပို၍ တွန့်လိမ်သွားပြီး သူ၏ လက်ဖဝါးသို့ ကပ်သွား၏။ မော့ကျောင်းဝန်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် အရောင်လက်သွားသည်။
‘အာ’
ချန်လျန် ပြောသည့်အတိုင်းပင် မော့ကျောင်းဝန်က ထိုအာရုံကို ပြန်အမှတ်ရလိုက်ပြီး ဒီတစ်ကြိမ်တွင် သူ၏ စိတ်ထဲတွင် ထိုစာသားကို ရွတ်ဆိုရန် အာရုံစိုက်လိုက်သည်။ ထို့နောက် တစ်ဖန် ပြန်၍ စာရွက်များ တွန့်လိမ်သွားပြီး သူ့လက်ဖဝါးသို့ ကပ်သွားပြန်သည်။ တကယ်ကို ထူးဆန်းသော ဖြစ်ရပ်ပင်။ သို့သော် ဤသို့လုပ်ခြင်းက သူ၏ ချက်နေရာတစ်ဝိုက်ကို အနည်းငယ် တင်းကျပ်သွားစေပြန်၏။ ဒါတင်မကဘဲ သူ၏ လက်ဖဝါးမှ စတင်၍ လက်မောင်းရှိ သွေးကြောများ တင်းကျပ်လာသည်ကိုလည်း ခံစားလိုက်ရသည်။ မော့ကျောင်းဝန် ချန်လျန်ကို ကြည့်ပြီး မေးလိုက်သည်။
“ဒါ ဘာတွေလဲ”
ချောင်လျန်က မော့ကျောင်းဝန်ကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် လျှာသပ်လိုက်သည်။
ငါ အသက်ရှင်တုန်းကတောင် ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး
“ဘာပြောလိုက်တယ်”
ကိစ္စမရှိပါဘူး
“ကိစ္စမရှိဘူးဆိုတာ ဘာကို ဆိုလိုတာလဲ”
လျစ်လျူရှုလိုက်၊ လူသား
“ကျွန်တော်တို့က ကံကြမ္မာ အတူတူ ဖြစ်သွားပြီဆိုတော့ စိတ်ကို နည်းနည်းလေး လျှော့ချကြည့်ရင် ဘယ်လိုနေမလဲ”
စိတ်ကို လျှော့ချရမယ်
ဟား မင်းလို အောက်တန်းစား လူသားတစ်ယောက်ရဲ့ အစေခံဝိညာဉ် ဖြစ်သွားပြီးမှ ငါက စိတ်လျှော့ရမှာလား…
သူမ စကားမဆုံးခင်မှာပင် မော့ကျောင်းဝန် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူ၏ လက်ဖမိုးနှင့် လက်ကောက်ဝတ်ရှိ သွေးကြောများမှာ ပေါက်ထွက်တော့မည့်အလား ဖောင်းကြွလာသည်။
-တောက်
ချန်လျန်၏ လက်ဖမိုးမှာ တုန်ရီသွားသည်။ အကြောင်းမှာ မော့ကျောင်းဝန်၏ နာကျင်မှုနှင့် သူမ ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချန်လျန် အော်လိုက်သည်။
ဟေ့ လူသား မင်း အသက်ရှူတာ ရပ်လိုက်ပြီး စိတ်ကို အေးအောင်ထား
“ဟတ် ဟတ်”
ငါ အသက်ရှူရပ်လိုက်လို့ ပြောနေတယ်လေ
သူမ အော်ပြောလိုက်သည့်အတွက် မော့ကျောင်းဝန် အတင်းအကျပ် အသက်ရှူရပ်လိုက်သည်။ ထို့နောက် စိတ်ထဲမှာ ရွတ်ဆိုနေသော စာသားများကို တခြားအရာများကို တွေးတောခြင်းဖြင့် ဖျောက်ဖျက်မေ့ပစ်ရန် ကြိုးစားသည်။ မော့ကျောင်းဝန်၏ အမူအရာကို ချန်လျန် မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ ခုနက ဖြစ်ပျက်သွားသည်မှာ ချုပ်နှောင်ခြင်း အတတ်ပညာကို မထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်ရပ်တစ်ခုပင်ဖြစ်၏။ ပုံမှန်ဆိုလျှင် စာသားများထဲတွင် နစ်မြုပ်သွားပါက တစ်စုံတစ်ယောက်၏ အကူအညီမပါဘဲ ထိုအခြေအနေမှ နိုးထလွတ်မြောက်ရန် ခက်ခဲလိမ့်မည်။ သို့သော် မော့ကျောင်းဝန်မှာ တစ်ခုတည်းသော အကြံပေးချက်ဖြင့် သူ၏ ကိုယ်ပိုင် အစွမ်းဖြင့် လွတ်မြောက်သွားသည်ကို သူမ အံ့အား မသင့်ဘူးဟု ပြောလျှင် လိမ်ရာရောက်လိမ့်မည်။
“ဟား”
မကြာမီ မော့ကျောင်းဝန်၏ ပါးစပ်မှ တည်ငြိမ်သော အသက်ရှူသံ ထွက်ပေါ်လာသည်။ ဒီမြင်ကွင်းကို ကြည့်ပြီး ချန်လျန် လျှာသပ်လိုက်သည်။ မော့ကျောင်းဝန်က သူမကို မေးလိုက်သည်။
“ခုနက ဘာလို့ အဲ့လို ဖြစ်သွားတာလဲ”
မင်းက ချုပ်နှောင်ခြင်း အတတ်ပညာကို သေချာ မထိန်းချုပ်နိုင်လို့လေ
ဒီတစ်ကြိမ်တွင်မူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်၊ ချန်လျန်က ယဉ်ကျေးစွာ ဖြေပေးလိုက်သည်။ ဒီအတွက် မော့ကျောင်းဝန် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“အခု ကျွန်တော့်ကို သေချာ သင်ပေးတော့မှာလား”
ဟွန့် မင်း နောက်တစ်ခါ အသုံးမဝင်တဲ့အရာတွေ လုပ်ပြီး ငါ့ကို ဒုက္ခပေးမှာ စိုးလို့ပဲ
ချန်လျန်၏ တိုက်ရိုက်ဆန်သော အသံနေအသံထားကြောင့် မော့ကျောင်းဝန် မျက်လုံးများ ကျဉ်းမြောင်းလျက် သူမကို စိုက်ကြည့်လိုက်၏။ ထို့နောက် မကြာမီ ပခုံးတွန့်လိုက်သည်။ အကြောင်းရင်းက ဘာဖြစ်ဖြစ် အရေးမကြီးပေ။ သူ၏ သိလိုစိတ်ကို ဖြည့်ဆည်းပေးနိုင်သရွေ့ပေါ့။
“ချုပ်နှောင်ခြင်း အတတ်ပညာဆိုတာ ဘာလဲ”
နာမည်အတိုင်းပဲလေ တစ်စုံတစ်ရာကို ဆွဲငင်ပြီး ပူးကပ်သွားအောင် လုပ်တာ
“တစ်စုံတစ်ရာကို ပူးကပ်သွားအောင် လုပ်တယ်ဆိုတာ ခုနကလိုမျိုးကို ပြောတာလား”
ဟုတ်တယ်
“ဒါပေမဲ့ ဘာလို့ ကျွန်တော့်ဗိုက်က နာရတာလဲ၊ အဲ့ဒါတင်မကဘဲ သွေးကြောတွေကလည်း ဘာလို့ ဖောင်းကြွလာတာလဲ”
ဘာမှမရှိတဲ့ နေရာမှာ တစ်စုံတစ်ရာကို အတင်းဆွဲငင်နေလို့လေ
“အဲ့ဒါက ဘာကို ပြောချင်တာလဲ”
နားမလည်စွာဖြင့် မော့ကျောင်းဝန် ချန်လျန်ကို ကြည့်လိုက်ရာ သူမ ပိုက်တံဖြင့် တစ်နေရာသို့ ညွှန်ပြသည်။ ၎င်းမှာ သေဆုံးနေသော ဂျိုအီဆန်း ဖြစ်သည်။ သူ့ကို ဇောက်ထိုးဆွဲထားပြီး လည်ပင်းကို လှီးဖြတ်ထားခြင်းကြောင့် ခန္ဓာကိုယ်ထဲမှ သွေးများ ကုန်စင်သွားကာ အလွန်တရာ ဖြူဖျော့နေ၏။
“အဲ့ဒီမှာ စမ်းကြည့်လိုက်”
“ဒီလူဆီမှာလား”
မော့ကျောင်းဝန် သေဆုံးနေသော ဂျိုအီဆန်းထံ ချဉ်းကပ်သွားပြီးတို့ကြည့်သည်။ ချန်လျန် ဒါကို ခေါင်းညိတ်ပြသည်။
သူမ ဘာလို့ ဒီသေဆုံးနေတဲ့ ဂျိုအီဆန်းဆီမှာ ချုပ်နှောင်ခြင်း အတတ်ပညာကို စမ်းခိုင်းမှန်း သူ မသိသော်လည်း မော့ကျောင်းဝန် မေးခွန်းမထုတ်ဘဲ သူ၏ လက်ဖဝါးကို တင်လိုက်သည်။ ထို့နောက် ချန်လျန်က တိုက်တွန်းလိုက်၏။
-မဟုတ်ဘူး၊ အဲ့ဒီနေရာ မဟုတ်ဘူး
“ဗျာ”
သူ့ရဲ့ ချက်နေရာ ဒန်တျန် အပေါ်မှာလုပ် သေသွားလို့ စွမ်းအင်တွေ ပြန့်ကျဲနေပေမဲ့ အဲ့ဒီနေရာမှာပဲ လုပ် “ချက်နေရာ ဆိုတာ ဝမ်းဗိုက်ထဲက ချက်အောက်နားကို ပြောတာလား”
ငါ အကုန်လုံး တစ်ခုချင်းစီ ရှင်းပြနေရမှာလား
“… အင်း၊ ကျွန်တော် သိပ်မသိလို့ပါ”
ထိုစကားကြောင့် ချောင်လျန် နှာခေါင်းရှုံ့လိုက်ပြီး ပိုက်တံကို ဖွာကာ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ မော့ကျောင်းဝန် အသာအယာ အသက်ရှူသွင်းပြီး ဂျိုအီဆန်း၏ ချက်နေရာပေါ်တွင် လက်ဖဝါးကို တင်လိုက်သည်။ ထို့နောက် သူ၏ စိတ်ထဲတွင် ချုပ်နှောင်ခြင်း အတတ်ပညာ၏ စာသားကို ရွတ်ဆိုလိုက်၏။
‘“စိတ်ကူးယဉ် အကြံအစည်များကို မဖြတ်တောက်ဘဲ… ပုံသဏ္ဌာန်ကို နှလုံးသား၏ သိုးထိန်းအဖြစ် သုံးလျက်… နိုးကြားမှု မရှိခင် … ပုံသဏ္ဌာန်၏ ပြောင်းလဲမှု မဖြစ်ပေါ်ခင်… ပင်လယ်၏ အကွာအဝေးကို အကောင်းဆုံး တိုင်းတာသကဲ့သို့… အဆုံးမဲ့ ဂူကိုလည်း နားလည်သကဲ့သို့”’
၎င်းနှင့်အတူ သူ ထိုအာရုံကို ပြန်အမှတ်ရလိုက်ပြီး
ဖြန်း
ထိုအခါ ဂျိုအီဆန်း၏ ချက်နေရာရှိ ဒန်တျန်မှာ မော့ကျောင်းဝန်၏ လက်ဖဝါးဆီသို့ ကပ်သွားသည်။ စာအုပ်တွန့်လိမ်စဉ်က အထိအတွေ့နှင့် မတူသော်လည်း ထူးခြားမှုမရှိပေ။ သူ ဒီလိုပဲ တွေးတောနေသည့်အချိန် ထိုခဏတွင် တစ်စုံတစ်ရာက သူ၏ လက်ဖဝါးထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ၎င်းမှာ နွေးထွေးသော စွမ်းအင်တစ်ခု ဖြစ်သည်။
‘ဒါ ဘာလဲ’
သူ၏ လက်ဖဝါးမှတစ်ဆင့် စွမ်းအင်များ ဝင်ရောက်လာပြီး သွေးကြောများတစ်လျှောက် စီးဆင်းနေသည်ကို သူ အတိအကျ ခံစားနိုင်လိုက်သည်။ မကြာမီ သွေးကြောများတစ်လျှောက် စီးဆင်းနေသော နွေးထွေးသည့် အထိအတွေ့မှာ ဖောင်းကြွနေသော သူ၏ ဝမ်းဗိုက်ကိုပင် နွေးထွေးသွားစေသည်။ သူသည် ထိုနွေးထွေးသော စွမ်းအင်ကြောင့် အလွန်အမင်း စိတ်လှုပ်ရှား ပျော်ရွှင်နေမိတော့သည်။