အခန်း (၁၄) - ညှိနှိုင်းမှု
မော့ကျောင်းဝန်၏ ပါးစပ်မှ ထွက်လာသည့် ထိုစကားကို ကြားပြီး အစောင့် ဂိုချန်း၏ အမူအရာမှာ တောင့်တင်းသွားသည်။ နန်းတော်သခင်မှာ ဘေးကင်းသည်ဖြစ်၍ ၎င်းကို ဖုံးကွယ်ထားရန် မလိုသော်လည်း မော့ကျောင်းဝန်က တိုက်ရိုက် ထုတ်ပြောလိမ့်မည်ဟု ဂိုချန်း လုံးဝ မထင်ထားခဲ့ပေ။
‘မဟုတ်ဘူး၊ သူ ဘယ်လိုလုပ်ပြီး…’
သူ တကယ်ပဲ သခင်မကြီးကျောက်ကို ဒီလောက်ထိ စိန်ခေါ်ချင်နေတာလား။ ၎င်းမှာ သူမ၏ လျှို့ဝှက်ချက် ဖြစ်သည်။ ၎င်းကို သိနေကြောင်း ထုတ်ဖော်ပြောဆိုခြင်းမှာ ဤနေရာတွင်ပင် အသက်ဆုံးရှုံးနိုင်သည့် အပြုအမူမျိုးဖြစ်သည်။
‘သောက်ကျိုးနည်း’
စိတ်လှုပ်ရှားနေသော ဂိုချန်းသည် သခင်မကြီးကျောက်ကို တစ်ချက် ကြည့်လိုက်သည်။ မျှော်လင့်ထား သည့်အတိုင်း သခင်မကြီးကျောက်၏ အမူအရာမှာ ပုံမှန်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသွားသည်။ သို့သော် ဒေါသများက ချက်ချင်း ထွက်မလာပေ။ အဘယ်ကြောင့်ဆိုသော် -
‘ဒီကောင်…’
သူမသည် မော့ကျောင်းဝန် တစ်စုံတစ်ခုကို မြင်ခဲ့သည် သို့မဟုတ် သိရှိသွားသည်ဟု သံသယဝင်သဖြင့် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။ သို့သော် မော့ကျောင်းဝန်၏ အမူအရာမှာ လုံးဝ မမျှော်လင့်ထားသည့် ပုံစံမျိုး ဖြစ်နေသည်။ သူမ၏ လျှို့ဝှက်ချက်ကို သိနေကြောင်း ဝန်ခံခြင်းမှာ အသတ်ခံရအောင် တောင်းဆိုနေခြင်းနှင့် ဘာမှ မခြားနားပေ။
‘သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ’
ဒီကောင်စုတ်သည် သူမ၏ အားနည်းချက်ကို ကိုင်ထားနိုင်သည်ဟု ထင်ပြီး အသာစီးရနေသည်ဟု တွေးကာ ရဲရဲတင်းတင်း လုပ်နေတာလား။ အကယ်၍ ထိုသို့ဆိုလျှင် သူ အကြီးအကျယ် မှားယွင်းသွားပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ မော့ယောင်းဟိုသာ နန်းတော်သခင် ဖြစ်လာပါက ဤကောင်ကို ရှင်းထုတ်ရမည့်သူ ဖြစ်သည်။
သခင်မကြီးကျောက်၏ လက်မှာ မြွေတစ်ကောင်ကဲ့သို့ မော့ကျောင်းဝန်၏ လည်ပင်းကို လျင်မြန်စွာ ဆွဲကိုင်လိုက်သည်။ သူမ၏ လှုပ်ရှားမှုကို ကြည့်ပြီး အစောင့် ဂိုချန်း သေချာသွားသည်။ ဂျင်ဟွာမျိုးနွယ်စုမှ ဆင်းသက်လာသည့် သူမမှာ ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်မှာ အသေအချာပင်။
‘သခင်ကြီး ဂမ်မှလွဲရင် သူမကို ယှဉ်နိုင်မယ့်သူ မရှိဘူး’
ဆိုလိုသည်မှာ မော့ကျောင်းဝန်မှာ သူမကို မယှဉ်နိုင်ပေ။
‘ဟင်’
လည်ပင်း ညှစ်ခံလိုက်ရသည့်အချိန်တွင် မော့ကျောင်းဝန်၏ မျက်လုံးများမှာ စိတ်ဝင်စားမှုဖြင့် တုန်ရီ သွားသည်။ သူမ၏ မမျှော်လင့်ထားသည့် အားအင်နှင့် ထူးခြားသော လက်ကွက်ကြောင့် သူ အံ့ဩမိသည်။
‘ဒီမိန်းမ သန်လိုက်တာ’
အချက်အလက်ဖိုင်တွင် သူမမှာ ဂျင်ဟွာမျိုးနွယ်စုမှ ဖြစ်သဖြင့် သိုင်းပညာ ထူးချွန်ကြောင်း ပါရှိသည်။ သို့သော် ဤမျှလောက် သန်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဂိုချန်းထက်ပင် ပို၍ အားကောင်းသည်။
‘စိတ်ဝင်စားဖို့ ကောင်းတယ်’
သခင်မကြီးကျောက်၏ လက်ကောက်ဝတ်မှာ အလွန်ပင် သွယ်လျသည်။ အခြားအမျိုးသမီးများနှင့် မခြားနား သော်လည်း ဤမျှလောက်အထိ အားအင်ရှိနေသည်။ တကယ်ပင် သိုင်းပညာ၏ အစွမ်းမှာ လျှို့ဝှက် ဆန်းကြယ်လှသည်။ မော့ကျောင်းဝန်၏ တုံ့ပြန်မှုကို ကြည့်ပြီး သခင်မကြီးကျောက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
‘ဒီကောင်…’
သူမသည် သူ့ကို ကြောက်ရွံ့စေရန်အတွက် မည်သည့်အချိန်မဆို အသက်ယူနိုင်သည်ဟူသော သဘောဖြင့် လည်ပင်းကို ဆွဲကိုင်လိုက်ခြင်း ဖြစ်သော်လည်း သူက ကြောက်ရွံ့ခြင်း မရှိသည့်အပြင် တုန်လှုပ်သည့် အရိပ်အယောင်ပင် မပြပေ။ သူမ၏ သား မဟုတ်သည့်အတွက် မကြာခဏ မတွေ့ဖူးသော်လည်း ဒီကလေးမှာ ဤမျှလောက် ရဲရင့်သလား။ ယခင်ကဆိုလျှင် သူသည် မိထွေးတူမောင်နှမများထဲတွင် အကြောက်တတ်ဆုံးသူဟု သူမ သိထားသည်။
“မင်း…”
သခင်မကြီးကျောက်၏ ပါးစပ်မှ ထွက်လာသည့် တစ်လုံးတည်းသော စကား။ ထိုစကားကို ကြားပြီး အစောင့် ဂိုချန်း တံတွေးမြိုချလိုက်သည်။ ပေါက်ကြားသွားတာများလား။ စဉ်းစားကြည့်လေ၊ ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးက လည်ပင်းကို ဆွဲကိုင်လိုက်ရုံနှင့် နောက်တစ်ယောက်မှာ သိုင်းပညာ တတ်မတတ် မသိနိုင်ဘူးလား။
သို့သော်…
“…မင်း တကယ့်မျက်နှာဖုံးကို စွပ်ထားတာလား”
သခင်မကြီးကျောက်၏ ပါးစပ်မှ ထွက်လာသည့် စကားကို ကြားပြီး ဂိုချန်း ကြောင်သွားသည်။ ၎င်းကို ကံကောင်းသည်ဟု သတ်မှတ်ရမည်လား။ သို့မဟုတ် သံသယကို ပို၍ တိုးပွားစေသည်ဟု ယူဆရမည်လား။ သူမက သူ့ကို မသံသယဝင်ပုံရသော်လည်း အခြေအနေကို အဆိုးဘက်က မြင်သွားပုံရသည်။
“ဒါဆို ဒါက မင်းရဲ့ တကယ့်သရုပ်ပေါ့…”
ထိုအချိန်တွင် မော့ကျောင်းဝန်က ပြောလိုက်သည်။ “အဲဒါက… အခုအချိန်မှာ… အရေးမကြီးဘူး… မဟုတ်လား”
“ဘာ”
“နန်းတော်သခင်သာ… ကွယ်လွန်သွားခဲ့ရင်… သားကြီး သခင်လေးအတွက်… နန်းတော်သခင် ဖြစ်လာဖို့… ခက်ခဲလိမ့်မယ်”
“ဒီကောင်စုတ်”
သခင်မကြီးကျောက်၏ လက်မှာ ပို၍ တင်းကျပ်သွားသည်။ “မောက်မာလိုက်တာ။ ငါ မင်းကို ဒီနေရာမှာ သတ်လို့ မရဘူးလို့ ထင်နေတာလား။ ငါ့ကို ညှိနှိုင်းဖို့ ကြိုးစားနေတာ မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ”
“ဒီလောက်ကတော့… နည်းနည်း နာတယ်ဗျ”
မော့ကျောင်းဝန်၏ စကားကြောင့် သူမ မျက်မှောင်ကြုတ်လိုက်သည်။ လည်ပင်းကို ဤမျှလောက် အားဖြင့် ဖိထားသော်လည်း သူ အသက်ရှူရခက်ခဲမည့်ပုံ မပေါ်ဘဲ အမူအရာမှာလည်း ပြောင်းလဲခြင်း မရှိပေ။ သူ နာကျင်မှု မရှိဘူးလား။ သူမ စဉ်းစားနေစဉ် မော့ကျောင်းဝန်က ဆက်ပြောသည်။
“ကျွန်တော် နားလည်ပါတယ်… ညှိနှိုင်းမှုဆိုတာ… တစ်ဖက်လူအပေါ်မှာ… အထူးသတိထားမှု… လိုအပ်တယ်ဆိုတာလေ”
“ မင်းလိုကောင်မျိုးအပေါ်မှာ ငါက သတိထားမယ်လို့ ထင်နေတာလား”
မော့မျိုးနွယ်စုမှ သားလေးယောက်ထဲတွင် မော့ကျောင်းဝန်၏ သိုင်းပညာမှာ အညံ့ဆုံး ဖြစ်၏။ ထို့ပြင် သူ၏ မိခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး သူ၏ မိခင်ဘက်မှ ဆွေမျိုးများမှာလည်း ပျက်စီးသွားပြီ ဖြစ်သဖြင့် သူမကို ဘာက သတိထားမိစေမှာလဲ။
ထိုအချိန်မှာပင် -
“မိစ္ဆာဘုန်းကြီး”
ထိုစကား ထွက်လာသည်နှင့် -
ရုတ်တရက် ကျောရိုးထိအောင် စိမ့်တက်သွားသည့် အအေးဓာတ်တစ်ခုကို သခင်မကြီးကျောက် ခံစားလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ခုနှင့် တိုက်မိသကဲ့သို့ သခင်မကြီးကျောက် နောက်သို့ တွန်းပို့ခြင်း ခံလိုက်ရသည်။
-ဝှစ်
လေးလှမ်းခန့် နောက်သို့ တွန်းပို့ခံရပြီးနောက် သခင်မကြီးကျောက်၏ မျက်လုံးများ တုန်ရီသွားသည်။ ‘ခုနက ဘာလဲ’
တစ်စုံတစ်ခုက သူမကို ထိသွားသော်လည်း မမြင်ရပေ။ တွန်းပို့ခံရစဉ်မှာပင် သူမ၏ စွမ်းအင်ကို ထုတ်သုံးပြီး ပြန်တုံ့ပြန်ရန် ကြိုးစားသော်လည်း ထိုခံစားချက်မှာ မနှစ်မြို့ဖွယ်ကောင်းရုံသာမက ကြက်သီးပါ ထသွားသည်။
“ဟူး”
မော့ကျောင်းဝန်က လည်ပင်းကို လှည့်၍ ဇက်ကို ချိုးကာ အကြောဖြေလျော့လိုက်သည်။
“လည်ပင်းကို အညှစ်ခံရတာ သိပ်ပြီး သာယာတဲ့ အတွေ့အကြုံတော့ မဟုတ်ဘူး”
သူ၏ အေးဆေးသော အသံကို ကြားပြီး သခင်မကြီးကျောက်က စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “မင်း… မင်း ခုနက ဘာလုပ်လိုက်တာလဲ”
“ကျွန်တော် ဘာလုပ်လို့လဲ”
“ခုနက”
ရှင်းပြရန် ခက်ခဲသည်။ မော့ကျောင်းဝန်က သူမကို တိုက်ရိုက် ဘာမှ မလုပ်ခဲ့ပေ။ သို့သော် ထိုထူးဆန်းသည့် ခံစားချက်မှာ ဘာလဲ။ သူမ နားလည်ရန် ရုန်းကန်နေစဉ် မော့ကျောင်းဝန်က ကုတင်ပေါ်တွင် တင်ပလင်ခွေ ထိုင်ကာ ပြောလိုက်သည်။
“အခု ညှိနှိုင်းဖို့ စိတ်ကူးရှိပြီလား”
“ညှိနှိုင်းမှု ငါ့ကို ရယ်စရာမလုပ်ပါနဲ့ မင်းမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေပုံရတယ်၊ ဒါပေမဲ့ ခုနကလို ကံကောင်းမှုမျိုးက ဆက်ပြီး ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား”
“မလုံလောက်သေးဘူးလား။ ဒါဆို အစေခံမလေး တစ်ယောက်နဲ့ စမ်းကြည့်ရမလား”
“ဘာ”
“ဘယ်ဘက်က တစ်ယောက်ဆို ကောင်းမယ်ထင်ထယ်”
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ…”
သူမ မေးခွန်းထုတ်ရန် ပြင်စဉ်မှာပင် -
“အား”
လူတိုင်း၏ အကြည့်များမှာ အော်သံထွက်လာရာဘက်သို့ ရောက်သွားသည်။
သခင်မကြီးကျောက်၏ မျက်လုံးများ တုန်ရီသွားသည်။ သူမ၏ မျက်လုံးများသာမက ဆေးရုံအတွင်းရှိ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သခင်မကြီးကျောက် ခေါ်လာသည့် အစေခံမလေးတစ်ယောက်မှာ တစ်ကျန်း (၃.၃ မီတာခန့်) အမြင့်သို့ ပေါ်တက်သွားသောကြောင့် ဖြစ်သည်။
“အွတ်”
အံ့ဩပြီး အော်ဟစ်ရန် ကြိုးစားနေပုံရသော်လည်း သူမ၏ ပါးစပ်ကို တစ်စုံတစ်ခုက ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေ၍ အသံမှာ မထွက်နိုင်ပေ။ ဤမြင်ကွင်းကို ကြည့်ပြီး လူတိုင်း စကားမပြောနိုင်အောင် ဖြစ်သွားကြ၏။ ဘာတွေ ဖြစ်ပျက်နေတာလဲ။ ဘာကြောင့် အေးဆေးရှိနေသည့် အစေခံမလေးတစ်ယောက်တည်း ပေါ်တက် သွားရတာလဲ။
‘ဒါ… ဒါ မဖြစ်နိုင်ဘူး’
သခင်မကြီးကျောက်၏ စိတ်မှာ ဤထူးဆန်းသည့် ဖြစ်စဉ်ကြောင့် ရှုပ်ထွေးသွားသည်။ အတွင်းအား ထက်မြက်သည့် သိုင်းသမားများထဲတွင် အတွင်းအားဖြင့် ပစ္စည်းများကို ထိန်းချုပ်နိုင်သူများ ရှိကြောင်း သူမ ကြားဖူးသည်။ သို့သော် ဤလူငယ်မှာ ထိုမျှလောက် ထက်မြက်သည့် အတွင်းအား ရှိသူဟု မထင်ပါ။ ထို့ပြင် အစေခံမလေးကို မြှောက်တင်ရန် ထိုမျှလောက် ပြင်းထန်သည့် အတွင်းအားကို သုံးပါက သူမ စွမ်းအင် တစ်စုံတစ်ရာကို ခံစားမိရမည်ဖြစ်သည်။
‘ဘာ… ဘာတွေလဲ’
အစောင့် ဂိုချန်းလည်း အံ့ဩသွားသည် ဘာလဲ မော့ကျောင်းဝန်အတုမှာ ထိုမျှလောက် ထူးဆန်းသည့် စွမ်းရည်မျိုး ရှိနေတာလား။
-ရှူး
ထိုအချိန်တွင် မော့ကျောင်းဝန်က လက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး လည်ပင်းကို လှီးဖြတ်သည့် အမူအရာ ပြလိုက်သည်။ ထိုအချိန်မှာပင် -
“အ”
တစ်စုံတစ်ခု၏ အဆွဲခံလိုက်ရသကဲ့သို့ လေပေါ်တွင်မြောက်နေသည့် အစေခံမလေး၏ မျက်နှာပေါ်တွင် သွေးကြောများ ဖောင်းကြွလာပြီး မျက်လုံးများ လှန်သွားသည်။ သူမ၏ အသက်ထွက်ခါနီး အခြေအနေဖြစ်သည်။
‘ဒါ… ဒါက’
သေဆုံးသွားသော နိမိတ်ဖတ်သူ၏ အလောင်းပုံရိပ်မှာ သခင်မကြီးကျောက်၏ စိတ်ထဲသို့ ရောက်လာသည်။ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသော သခင်မကြီးကျောက်က အော်ဟစ်လိုက်သည်။
“ရ-ရပ်လိုက်”
“သခင်မကြီး ဘာပြောလိုက်တာလဲ”
“ဒါ မင်းလုပ်နေတာဆိုတာ သိသာတယ် ဒါ ဘာမှော်အတတ်လဲဆိုတာ ငါ မသိပေမဲ့ ချက်ချင်း ရပ်လိုက်” “အင်း”
“မင်း”
“ကျွန်တော်က ပထမဇနီး သခင်မကြီးနဲ့ ညှိနှိုင်းဖို့ အရည်အချင်းရှိကြောင်း သက်သေပြနေတာမို့ လူတစ်ယောက်ရဲ့ အသက်ကို ယူလိုက်တာ ဘာမှမဖြစ်လောက်ဘူး မဟုတ်လား”
မော့ကျောင်းဝန်က တောက်ပစွာ ပြုံးလိုက်သည်။ ဆန့်ကျင်ဘက်အနေနှင့် သခင်မကြီးကျောက်၏ အမူအရာမှာ ပို၍ တင်းမာသွားသည်။ အသက်ထွက်ခါနီး ဖြစ်နေသည့် အစေခံမလေး။ သာမန် အစေခံဆိုလျှင် တစ်မျိုး၊ သို့သော် ဤမိန်းကလေးမှာ သူမ၏ ဇာတိမျိုးနွယ်စုကတည်းက သူမကို တာဝန်ယူ စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။
နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး သူမ အော်လိုက်သည်။ “တော်ပြီ! ရပ်လိုက် ညှိနှိုင်းမှုဆိုတာကို ငါ နားထောင်မယ်၊ အခုချက်ချင်း ရပ်လိုက်”
သူမ၏ စကားကို ကြားပြီး မော့ကျောင်းဝန် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်။ ထို့နောက် -
-ဒုန်း
အသက်ထွက်ခါနီး ဖြစ်နေသည့် အစေခံမလေးမှာ သတိလစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ “ဆိုဟွာ ဆိုဟွာ”
အခြား အစေခံတစ်ယောက်က သတိလစ်သွားသည့် မိန်းကလေးကို အမြန် ပြေးကြည့်သည်။ ကံကောင်းစွာဖြင့် သူမ၏ အသက်အန္တရာယ် မရှိကြောင်း သိရသဖြင့် သက်ပြင်းချလိုက်သည်။ သခင်မကြီးကျောက်လည်း စိတ်အေးသွားသော်လည်း ထိုထက်ပို၍ မော့ကျောင်းဝန်၏ ထူးဆန်းသည့် စွမ်းရည်ကို သံသယဖြစ်သွားသည်။
ဘာတွေ ဖြစ်ပျက်နေတာလဲ။ အတွင်းအားနှင့် မသက်ဆိုင်သည့် စွမ်းအား။ မှော်အတတ် သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားနှင့် ပိုနီးစပ်သည်။ သူက ထိုကဲ့သို့ ထိတ်လန့်ဖွယ် စွမ်းအားကို ဘယ်တုန်းက သင်ယူလိုက်တာလဲ။
‘…ဒီကောင်’
သူမ၏ စိတ်မှာ သံသယများဖြင့် ပြည့်နှက်နေသော်လည်း ဤစွမ်းအားမှာ ဘာလဲဆိုသည်ကို မသိသေးသဖြင့် သူ့ကို ရင်ဆိုင်ရန်မှာ အန္တရာယ်များလွန်းသည်။ မော့ကျောင်းဝန်ကို စူးစိုက်ကြည့်နေသည့် သခင်မကြီးကျောက်က ပါးစပ်ဟလိုက်သည်။
“…မင်း ဘာကို ညှိနှိုင်းချင်တာလဲ”
“နန်းတော်သခင်က ဒီနေ့ ဒါမှမဟုတ် မနက်ဖြန် ကွယ်လွန်မှာမို့လို့ နန်းတော်သခင်ရဲ့ တံဆိပ်တုံး မလိုဘူးလား”
သူမ မဖြေပေ၊ သို့သော် ငြင်းဆိုခြင်းလည်း မလုပ်ပေ။ ပထမဦးဆုံးအနေနှင့် သူမ ငြင်းဆိုရန် အကြောင်းရင်း မရှိပေ။ အမွေဆက်ခံခွင့်ကို သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
“အဲဒါကို သိရင် မင်း ဖုံးကွယ်ထားလို့ ရတာကို ဘာလို့ ငါ့ကို ပြောပြနေတာလဲ”
“ဘာလို့ ပြောပြရမှာလဲ”
“ဟုတ်တယ် မင်းကလည်း မော့မျိုးနွယ်စုကပဲမို့လို့ နန်းတော်သခင် ဖြစ်ချင်မှာပေါ့”
ဤနေရာတွင် သူမ သံသယဝင်သွားသည်။ ဖုံးကွယ်ထားလို့ ရသည့် အရာကို ဘာလို့ ထုတ်ဖော် ပြောနေရတာလဲ။ နန်းတော်သခင်၏ တံဆိပ်တုံးကို သုံးလျှင် အထိန်းတော်များ၏ ထောက်ခံမှုကို ရနိုင်၏။ သို့သော်…
“ကျွန်တော် နန်းတော်သခင် မဖြစ်ချင်ဘူး”
“ဘာ”
မော့ကျောင်းဝန်၏ ပါးစပ်မှ ထွက်လာသည့် စကားကို ကြားပြီး သခင်မကြီးကျောက် တစ်ခဏမျှ စကားမပြောနိုင် ဖြစ်သွားသည်။ နန်းတော်သခင် မဖြစ်ချင်ဘူး ဟုတ်လား။ အန်းဟွေးပြည်နယ် မြောက်ပိုင်းတွင် အာဏာရှိသည့် ဂုဏ်သရေရှိ သိုင်းမိသားစု၏ ခေါင်းဆောင် ဖြစ်လာနိုင်သည်ကို သူ မလိုချင်ဘူး ဟုတ်လား။
“…ငါ ယုံလိမ့်မယ်လို့ ထင်နေတာလား”
“မယုံဘူးလား”
“မင်းသာ ငါ့နေရာမှာဆို ယုံမှာလား”
“မယုံပါဘူး ကျွန်တော် လိမ်နေတယ်လို့ပဲ ထင်မှာပါ”
“ယုံကြည်စရာ အကြောင်းရင်း မရှိရင်တော့…”
“ပထမအချက်ကတော့ ခုနက ပြောသလိုပဲ ကျွန်တော် စိတ်မဝင်စားဘူး၊ ဒုတိယအချက်က အမွေဆက်ခံရေး တိုက်ပွဲမှာ ပါဝင်ပြီး ရန်ဖြစ်ဖို့ မလိုချင်ဘူး။ အဲဒါ ဘယ်လိုလဲ”
“ရန်မဖြစ်ချင်ဘူး ဟုတ်လား”
“ဟုတ်ပါတယ်။ ပိုတိကျအောင် ပြောရရင် စိတ်မဝင်စားသလို မလိုအပ်တဲ့ အရာတွေအတွက် အချိန် အလကား မကုန်စေချင်ဘူး”
မော့ကျောင်းဝန်၏ စကားကို ကြားပြီး သူမ မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်က ယန်မော့ဓားနန်းတော်၏ ခေါင်းဆောင်ကို ဆုံးဖြတ်မည့် ကိစ္စကို အချိန် အလကားကုန်ခြင်းဟု သတ်မှတ်နေတာလား။ သူမ၏ သား မော့ယောင်းဟို နန်းတော်သခင် ဖြစ်လာစေရန် သူမ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ။ ၎င်းမှာ အခြားရှုထောင့်မှ ကြည့်လျှင် ရယ်စရာပင်။
သခင်မကြီးကျောက်က မော့ကျောင်းဝန်ကို စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။ “…မင်း တကယ်ပဲ ဘာမှ မလိုချင်ဘူးဆိုရင် နန်းတော်သခင်ရဲ့ တံဆိပ်တုံးနဲ့ လျှို့ဝှက်ကျမ်း ရှိတဲ့နေရာကို ပြောပြပါ ဒါဆိုရင် မင်း တကယ်ပဲ လက်လျှော့လိုက်ပြီလို့ ငါ ယုံမယ်”
သူမ၏ စကားကြောင့် မော့ကျောင်းဝန် ရယ်မောလိုက်သည်။ “အဲဒါတော့ မလုပ်နိုင်ဘူး”
“ဒါဆိုရင် မင်းရဲ့ စကားကို အပြည့်အဝ မယုံနိုင်ဘူး…”
“မယုံပါနဲ့ အဲဒါဆိုရင် ဒုတိယ သခင်လေးကိုပဲ ဒီကမ်းလှမ်းချက်ကို ပေးလိုက်တော့မယ်”
“ဘာ”
တစ်ခဏမျှ သခင်မကြီးကျောက်၏ တည်ငြိမ်မှု ပျက်ယွင်းသွားသည်။ “မင်း ဘာတွေ ပြောနေတာလဲ…” “ကြားတဲ့အတိုင်းပဲလေ သခင်မကြီး နားမလည်သေးဘူး ထင်လို့ ကျေးဇူးပြုပြီး ရှင်းပြမယ် ကျွန်တော် မလိုအပ်ရင်တောင် တံဆိပ်တုံးကို လိုချင်တာ သခင်မကြီးနဲ့ သားကြီး မော့ယောင်းဟိုတို့ပဲ ရှိတာလား”
သူမ၏ အမူအရာမှာ လုံးဝ တင်းမာသွားသည်။ ၎င်းကို ကြည့်ပြီး မော့ကျောင်းဝန် တောက်ပစွာ ပြုံးကာ ပြောလိုက်သည်။
“ဓားကို ဘယ်သူက ကိုင်ထားလဲဆိုတာ အခုမှ သိသွားတယ် ထင်တယ်”