[စကားများခြင်း]
ယန့်ကျိနှင့် ယဲ့ကောတို့၏ ဆက်ဆံရေးက လီလီထင်ထားသလို မဖြစ်လာတာကြောင့် သူ့ကို အံ့အားသင့်သွားစေရသည်။
သူ့အမြင်မှာတော့ ယန့်ကျိဟာ တစ်ဖက်လူအပေါ် အတော်စွဲလန်းနေပုံရကာ ယဲ့ကောကလည်း ယန့်ကျိအပေါ် အတော်လေးစိတ်တိုင်းကျပုံရသည်။
သူမက မိန်းမငယ်လေးတို့၏ လှည့်ကွက်အနည်းအကျင်းဖြင့် တမင်တကာ ကစားနေရုံသာပင်။ သူတို့နှစ်ယောက်ကြားမှာ မကျိုးပျက်သေးသည့် ပြတင်းစက္ကူ အလွှာပါးလေးသာရှိတော့တာဖြစ်သည်။ ယန့်ကျိက ဘာလို့များ ရုတ်တရက် လက်လျှော့လိုက်တာလဲဆိုတာ သူနားမလည်ချေ။
ယန့်ကျိများ သူမက ဟန်ဆောင်ကာ မူပိုလွန်းပြီး လိုက်ဖို့ခက်တယ်ဟု ခံစားမိလို့ လက်လျှော့လိုက်တာများလား။
ဒါမှမဟုတ် ပစ်မှတ်အသစ် တွေ့သွားတာများလား။
လီလီက သိချင်စိတ်ပြင်းပြင်းနှင့် မေးပေမဲ့ ယန့်ကျိက ခေါင်းခါပြီး စိတ်မဝင်စားသလို၊ မဖြေချင်သလို ဟန်ဆောင်နေ၏။ လီလီကလည်း ထပ်မေးဖို့ ပျင်းသွားကာ သူ့လက်ထဲက ဂိမ်းကိုသာအာရုံစိုက်ပြီး အလေးအနက်ထား၍ဆက်ကစားနေလိုက်သည်။ အကြောင်းမူ သူက အခု သူများအတွက် အကောင့် level တင်ပေးနေ၍ပင်။
ဂိမ်းက ပြီးခါနီးနေပြီဖြစ်ကာ နှုတ်ဆိတ်နေခဲ့သူ ယန့်ကျိက နောက်ဆုံးမှာ မထိန်းနိုင်တော့ပေ။ သူက ခြေတံရှည်ကို ဆန့်ထုတ်လျှက် ထိုင်ခုံကို တွန်းလိုက်ဆွဲလိုက်လုပ်နေကာ သိပ်ပြီး မသာယာသည့်လေသံဖြင့်
"သူက ငါ့ဆီမှာမင်းရဲ့ ဝီချက် အိုင်ဒီကို လာတောင်းနေတယ်"
လီလီက ဖုန်းစခရင်မှနေ မော့ကြည့်လာ၏။ သူက ရုတ်တရက်ဆန်သည့် မရှင်းမလင်းစကားကြောင့်နည်းနည်းလောက် အထိတ်တလန့်ဖြစ်သွားဆဲသာ။ သူ့မျက်လုံးတို့က ပုံမှန်ထက် ပိုကျယ်သွားလေ၏။
"အာ?"
ယန့်ကျိကပြောသည်။
"သူက သူ့သူငယ်ချင်းအတွက် တောင်းပေးတာတဲ့။ ပြီးခဲ့တဲ့တစ်ခေါက်က သူ့အင်္ကျီပေါ် အချဉ်ရည်တွေ ညှစ်ချလိုက်မိတဲ့ တစ်ယောက်လေ"
လီလီက ဖြေလိုက်သည်။
"ဪ..ချန်းရှောင်နန်"
ယန့်ကျိက ချဉ်တင်တင် အမူအယာပြလာ၏။
"မင်းက သူ့နာမည်ကို မှတ်မိနေတုန်းလား?"
"ပြီးခဲ့တဲ့တစ်ခေါက်က သူ့နာမည်ကို မိတ်ဆက်ပေးခဲ့တော့ ငါမှတ်မိနေတာ"
လီလီက ဂိမ်းအကောင်းထဲမှ ထွက်လိုက်ပြီး အမှာစာရယူခြင်း ပလက်ဖောင်းထဲမှ "ပြီးမြောက်သည်"ကိုနှိပ်ကာ အကောင့် ငွေပမာဏကိုကြည့်လိုက်သည်။
ယန့်ကျိက သူ့ကို စိုက်ကြည့်နေဆဲပင်။
"ဒါတွေ အကုန်လုံး မှတ်မိနေတယ်ပေါ့။ မင်းလည်း သူ့ကို စိတ်ဝင်စားနေတာလား"
"နာမည်တစ်ခု မှတ်မိတာနဲ့ သူ့ကို စိတ်ဝင်စားနေတာ ဖြစ်မလား။ မင်းက လူတိုင်းကို မင်းလို ထင်နေတာလား"
လီလီက ရွှဲ့တဲ့တဲ့ ပြန်ပြောရင်း သိချင်စိတ်ဝင်လာကာ
"သူက ငါ့ရဲ့ ဝီချတ်အိုင်ဒီကို တောင်းတာနဲ့ပဲ မင်းက ဘာလို့ ယဲ့ကောကို မျက်နှာလွှဲခဲပစ် လုပ်ပစ်ရတာလဲ”
"မသိဘူး။ ဒါပေမဲ့ ငါ မပျော်ဘူးလေ။ သူက အမြဲတမ်း မင်းတို့နှစ်ယောက် ကောင်းကောင်းလိုက်ဖက်တယ်လို့ချည်းပြောနေတာ။ အဲ့လို အမြင်ညံ့တဲ့ မိန်းမမျိုးကို ငါ စိတ်မဝင်စားဘူး"
ယန့်ကျိက သူ့ကိုတစ်ချက်ကြည့်လာကာ။
“ဒါမှမဟုတ် မင်းချန်းရှောင်နန်ကို တကယ်ကြီး စိတ်ဝင်စားနေတာလား။ ငါသူ့ကို အိုင်ဒီပေးလိုက်ရမလား”
လီလီက ခေါင်းခါလိုက်၏။
"မဟုတ်ဘူး.. ဖုန်းနံပါတ်ပဲ ပေးလိုက်"
ယန့်ကျိက ပေါက်ကွဲလုမတက်ဖြစ်သွားကာ
"မင်း တကယ်ကြီး သူ့ကို ဆက်သွယ်ချင်နေတာလား?"
လီလီက ရှင်းပြလိုက်ရသည်။
"ငါ့ကုတ်အင်္ကျီက သူ့ဆီမှာပဲ ရှိနေသေးတာဆိုတော့ သေချာပေါက် ပြန်ယူရမှာပေါ့"
ယန့်ကျိ၏ အမူအယာက နောက်ဆုံးမှာ ပြေလျော့သွားလေသည်။
"ကုတ်အင်္ကျီက မရှိတော့ဘူး"
"အမ်?"
"သူက ယဲ့ကောကနေ ငါ့ကိုပေးခိုင်းလိုက်တာ ငါ လွှတ်ပစ်လိုက်ပြီဆိုတော့ အဲ့အင်္ကျီက မရှိတော့ဘူး"
ယန့်ကျိပြောနေသည်က သူဟာ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခဲ့တာဟု ဆိုနေသည့်နှယ်။
လီလီမှာ အနည်းငယ် ဆွံ့အသွားရလေသည်။
"အကြောင်းရင်းမရှိ မင်းက ငါ့ကုတ်အင်္ကျီကို ဘာကိစ္စလွှတ်ပစ်လိုက်ရတာလဲ"
သူ့တွင် ဘယ်တုန်းကမှ အဝတ်အစားများများစားစားမရှိခဲ့ပေ။ အလယ်တန်းနှင့် အထက်တန်းမှာက ခြောက်နှစ်နီးပါး ကျောင်းဝတ်စုံပဲ ဝတ်ခဲ့ရတာ ဖြစ်သည်။
တက္ကသိုလ်ရောက်တော့ ကျောင်းဝတ်စုံ မဝတ်ရတော့ဘဲ အဝတ်အစားအသစ်တွေ ဝယ်ရတာက သူ့အတွက် အတော်လေးခက်ခဲခဲ့ရ၏။ သူက ဈေးပေါသည့်ပစ္စည်းတွေသာ ဝယ်ခဲ့ရကာ အနှီဂျင်းတစ်စုံသာ အတော်လေး ဈေးကြီးတာ ဖြစ်သည်။
" သူများ ဝတ်ပြီးသားကြီး သူများရဲ့ ကိုယ်နံ့တွေ စွန်းထင်းနေပြီးသားကြီးကို။ ပစ်သင့်တာပေါ့။ ဆက်ဝတ်ရင် မင်း မရွံဘူးလား"
လီလီမှာ ဒေါသထွက်လွန်းတာကြောင့် ရယ်မိလုနီးပါပင်။ သူ့မျက်လုံးတို့က ထိုသူ၏ ကုတ်အင်္ကျီပေါ်ကျသွားကာ အလေးပေးပြောလိုက်၏။
"အခုမင်းဝတ်ထားတဲ့ ကုတ်ကလည်း ငါဝတ်ထားတာပဲမဟုတ်ဘူးလား? ဘာလို့ မလွှတ်ပစ်သေးတာလဲ? ဘာလို့များ အဲ့ဒါကို နေ့တိုင်း ဝတ်နေရသေးတာလဲ?"
"မင်းက ငါ့ရဲ့ သူငယ်ချင်းကောင်းလေ။ ပြီးတော့ သူက သူစိမ်း။ ဘယ်လိုလုပ် တူနိုင်ပါ့မလဲ?"
ယန့်ကျိက သူ တကယ်ဒေါသထွက်နေသည်ကိုမြင်တော့ သူ့ကို အမြန်လာဖက်လိုက်ကာ၊
"ကောင်းပြီ၊ ကောင်းပြီ။ သုံးထည် ပြန်ဝယ်ပေးမယ်လေ။ ပြီးရင် တစ်ပတ်လုံးလုံး မနက်စာပါဝယ်ကျွေးဦးမယ်"
လျှော်ကြေးကြောင့် လီလီတစ်ယောက် သိပ် ဒေါသထွက်စရာ မရှိတော့သလို ခံစားလိုက်ရသည်။ တကယ်လည်း ယန့်ကျိက သူ့ကို ကုတ်သုံးထည် ဝယ်ပေးလာ၏။ သူ့ဆီကို ယူလာပေးချိန်မှာ တံဆိပ်တွေ ဖြုတ်ထားရာ ဈေးနှုန်းကိုမူ မသိနိုင်တော့။ သို့ငြား အသားနှင့် ဒီဇိုင်းကို ကြည့်ပါက ဈေးနှုန်းက အတော်မြင့်လောက်မည်ပင်။ လီလီတစ်ယောက် နောက်တစ်ကြိမ် အမြတ်အစွန်းကောင်း ရသွားပြန်လေသည်။
ဤအကြောင်းပြချက်ကြောင့် လီကျစ်ပင်းက သူ့အကြောင်း ရံဖန်ရံခါ ဇာတ်လမ်းလုပ်တတ်ကာ လီလီ ကြားနိုင်ချိန်တွင် တမင်တကာ ကြားအောင် ပြောတတ်သေး၏။
"သခင်လေးယန့်ရဲ့မွေးနေ့က မကြာခင်ရောက်တော့မှာမလား? မွေးနေ့ရောက်တော့မှာကို တစ်စုံတစ်ယောက်တော့ ပျော်နေမလား ငါသိချင်မိရဲ့။ အဲ့ဒီ မျက်နှာထူထူနဲ့ ကပွဲကို သွားတက်ဦးမှာလား? လူတွေက ပစ္စည်းတွေအများကြီး ဝယ်ပေးကြပေမဲ့ သူကတော့ အဲ့ဒီလူဆီက အကျိုးအမြတ်တွေပဲယူနေတာ။ ဘယ်လိုတောင် အရှက်မဲ့တာလဲ"
လီလီက မကြောက်ဘဲ သန့်စင်ခန်းထဲမှ ချက်ချင်းလျှောက်ထွက်သွားလိုက်သည်။ သူက လီကျစ်ပင်းလောက် အရပ်မရှည်ပေမဲ့လည်း သန်မာသည့်အရှိန်အဝါနှင့် လှောင်ရယ်လိုက်လျှင် ရင်ဆိုင်ရခက်ခဲလောက်သည့် ပုံပေါ်လေ၏။
"မင်း ပြောနေတာ ငါ့အကြောင်းလား?"
လီကျစ်ပင်းက မကောင်းပြောနေသည်ကို မိသွားခြင်းအား မကြောက်ဘဲ မေးကိုမော့လျှက် ဆိုသည်။
"ရှေ့ထွက်လာပြီး ဝန်လာခံတဲ့ ဘယ်သူမဆို ငါပြောချင်တဲ့ သူပဲ"
လီလီက ရွှဲ့စောင်းလိုက်၏။
"မင်း ဘာပြောပြော မင်းက မနာလိုဖြစ်နေတာပဲ။ နောက်ဆုံးတော့ မင်းမှာ သူ့ဆီက အမြတ်ထုတ်ဖို့ အခွင့်အရေးတောင် မရှိဘူးလေ။ အားကျိက မင်းကို သူ့မွေးနေ့ပါတီကို မဖိတ်ဘူးမလား။ မင်း သူ့ကို လက်ဆောင်ပေးချင်ရင်တောင် မပေးနိုင်ဘူး။ ငါက မင်းရဲ့ မျက်နှာချိုသွေးဖို့ အခွင့်အရေးကို လုယူလိုက်တာ အရမ်းကို စိတ်မကောင်းဖြစ်မိပါရဲ့နော်"
လီကျစ်ပင်းက သူ့စကားကြောင့် အတော်လေး စိတ်တိုသွားကာ မျက်နှာပင် အစိမ်းရောင်ပြောင်းသွားလျှက် အသက်ရှုမြန်လာ၏။
"ဆိုတော့ မင်း သူ့ဆီက အမြတ်ထုတ်နေတာကို ဝန်ခံပြီပေါ့လေ?"
လီလီက ပြုံးကာဆိုသည်။
"ဝန်ခံတာပေါ့။ ဘာလို့ မဝန်ခံရမှာလဲ။ အဆောင်မှာ အားကျိဆီက အမြတ်မထုတ်ဖူးတဲ့သူ ဘယ်သူရှိလဲ။ သူ့ဆီက အစားအသောက် မစားဖူးတဲ့သူ ဘယ်သူရှိလဲ။ မင်းတောင် အစတုန်းက သူ့နောက်လိုက်ပြီး အလကား စားခဲ့သေးတာပဲမလား။ မင်းဟာမင်း ငါ့ကို မနာလိုဖြစ်ပြီး နောက်ကွယ်မှာ သွားတိုင်ခဲ့တာလေ။ အားကျိက သိသွားလို့ အခု မင်းနဲ့ မပေါင်းတော့တာ""
အဆောင်မှာရှိသူတိုင်းက သဘောတူကြ၏။ အဆောင်မှူးဖြစ်သူ လုခယ်ရွှမ်က ကိစ္စကို ချောမွေ့စေရန် အလျင်စလိုဖြင့် ဖြန်ဖြေပေးလာသည်။
"ငြင်းခုန်မနေကြနဲ့တော့။အားကျိ့က အရမ်းရက်ရောတာ။ ငါတို့အားလုံး သူ့ဆီက အကျိုးအမြတ် ရခဲ့ကြတာပဲလေ။ ပြေပြေလည်လည်နေကြတာပေါ့”
လီကျစ်ပင်းက နားမထောင်ပါဘဲ အတော်လေးဒေါသထွက်နေတာကြောင့် နှာခေါင်းပင် တွန့်သွားလျှက်
"ငါက မင်းကို မနာလိုဖြစ်ပြီး တိုင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။မင်းကို ငါက မှားတိုင်နေလို့လား။ ဖုန်းတောင် iPhone သုံးနေတဲ့လူက ဆင်းရဲနွမ်းပါးမှု ထောက်ပံ့ကြေး လျှောက်ထားဖို့ သတ်မှတ်ချက်နဲ့ မကိုက်ညီတာ ရှင်းနေတာပဲလေ"
လီလီက သရော်လိုက်လျှက်
"iPhone ကို အားကျိက ငါ့ကို ပေးထားတာ။ သူမပေးခင်ကတည်းက ငါ လျှောက်လွှာတင်ထားတာ။ ငါက သတ်မှတ်ချက်နဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလားဆိုတာ လူတိုင်းသိတယ်။မျက်လုံးရောဂါရှိတဲ့သူ ဘယ်သူဆိုတာလဲ လူတိုင်းသိတယ်"
လူခြောက်ယောက်က အဆောင်တစ်ခုထဲမှာ နှစ်နှစ်နီးပါး နေထိုင်ခဲ့ကြပြီးပြီဖြစ်ရာ တစ်ယောက်အခြေအနေကို တစ်ယောက် အကြမ်းဖျဥ်းတော့ သိကြသည်။ သူတို့အထဲမှာ ယန့်ကျိက အချမ်းသာဆုံးပင်။ သူ့မိသားစုမှာ ကုမ္ပဏီကြီးတစ်ခုနှင့် ဆိုင်ခွဲတွေရှိပြီး လစဉ် မုန့်ဖိုးက ဂဏန်းခြောက်လုံးကနေ စသည်။
မိသားစုအခြေအနေ အဆိုးဆုံးက လီလီနှင့် လီကျစ်ပင်းပင်။ လီကျစ်ပင်းက တောက ဖြစ်သည်။ သူ့မိဘတွေက ရွှေ့ပြောင်းအလုပ်သမားနှင့် လယ်သမားတွေဖြစ်ပြီး အိမ်မှာ မောင်နှမတွေ အများကြီးရှိသည်။
သို့ပေမဲ့ သူ့ဘဝက လီလီထက်တော့အများကြီး ပိုကောင်းသေး၏။ အနည်းဆုံးတော့ သူ့မိဘများက သူ့ထံ လတိုင်း အသုံးစရိတ် ပေးနေသေးသည်မဟုတ်ပါလား။ သူက လီလီကဲ့သို့ ကိုယ်အသုံးစရိတ်ကိုယ် ရှာရန် မလိုသလို ကျန်ငွေဖြင့် မိသားစုထံ ပြန်ထောက်ပံ့နေစရာလည်း မလိုပေ။
သို့သော်လည်း သူ မည်မျှပင် ဆင်းရဲနေပါစေ၊ ဘယ်သောအခါမှ ဆင်းရဲသားတစ်ယောက်ပုံမပေါက်ခဲ့ပေ။ ဈေးပေါသည့်အဝတ်အစားတွေဟာ သူ့ကိုယ်ပေါ်မှာဆို ဈေးပေါပုံ ပေါ်မနေတော့။ ရုပ်ရည်ကြောင့် သာမန်လူတွေထက် ဖော်ရွေမှုနှင့် လူဝင်ဆန့်မှုကလည်း ပိုများသေးသည်။
ကျောင်းမှာဆို မိန်းကလေးအတော်များများက သူ့ကိုတားပြီး ဆက်သွယ်ရန် အချက်အလက်များ တောင်းခဲ့ဖူးသေးသည်ပင်။
လီကျစ်ပင်းက အော်လာသည်။
"မင်းက မင်းရဲ့ မျက်နှာကို အားကိုးပြီး အမြတ်ထုတ်နေတာလေ။ ရုပ်က မိန်းမလိုလို ယောက်ျားလိုလိုနဲ့ ကြည့်ရထူးဆန်းပြီး ရွံစရာကောင်းတဲ့ကောင်။ မင်း ယန့်ကျိကို အရမ်း ကပ်နေတာ၊ သူ့နဲ့ အတူရှိချင်လို့ မဟုတ်ဘူးလား။ ဟမ့် သူက ဂေးဖြစ်ချင်မတဲ့လား…
မိန်းမလှတွေ အများကြီး ဝန်းရံနေတဲ့ ယောကျာ်းတစ်ယောက်က ဒါကိုအာရုံစိုက်မှာမဟုတ်ဘူးကွ"
လီလီက လှောင်ပြောင်ရယ်မောလိုက်၏။
"ကြည့်ရထူးဆန်းတာက ရုပ်ဆိုးတာထက်တော့ သာပါသေးတယ်။ ငါသာမင်းလိုပုံမျိုးဆိုရင် ငါ့ကိုယ်ငါ တို့ဖူးနဲ့ တိုက်ဆောင့်ပြီး သေပစ်လိုက်ပြီ"
ဘယ်သူကများ ရုပ်ရည်နှင့်ပတ်သက်ပြီး ရန်မစတတ်သူ ရှိပါသနည်း။
မည်သို့ပင်ဖြစ်စေ မည်သူမဆို ရုပ်ဆိုးခြင်းက မကောင်းဟု ခံစားကြရသည်သာ။
လီကျစ်ပင်းက အတော်စိတ်ဆိုးသွားပြီး ထိုးမည်ကြိတ်မည် တကဲကဲလုပ်လာရာ အဆောင်မှ တခြားသူများက သူ့ကို လာတားကြရတော့သည်။ လီလီက ပုန်းနေမည့် လက္ခဏာ မပြဘဲ မတ်မတ်ရပ်လျှက် ရန်စသလို ပြောလေ၏။
"သူ့ကို မတားနဲ့။ ရိုက်ခွင့်ပေးလိုက်ကြ။ သူ ရဲရဲတင်းတင်း လှုပ်ရှားနိုင်လား ကြည့်ရအောင်"
သူက နှုတ်ခမ်းကို လှုပ်ပြီး ပြုံးရင်း လီကျစ်ပင်းကို ကြည့်ကာ
"ဘယ်လိုပဲဖြစ်ဖြစ် ငါက ခုတလော ငွေပြတ်နေတာ။ မင်းငါ့ကို ထိုးရင် ဘယ်လောက်လျှော်ကြေးပေးရမလဲက ငါ့ပါးစပ်ကအဆုံးအဖြတ်ပဲ”
ဤခြိမ်းခြောက်မှုက လီကျစ်ပင်းကို အေးခဲသွားစေ၏။ ဘေးက လာဆွဲနေသူတွေကြောင့် သူ ထွက်ပေါက်တော့ ရသွားကာ မုန်းတီးစွာ
စိုက်ကြည့်ရင်း အိပ်ဆောင်ထဲမှ ထွက်သွားလေတော့သည်။
လီလီကအခန်းဖော်နှင့် စကားများခြင်းကို စိတ်ထဲထိထည့်မထားပေ။ သူ့အသက် ၁၃ နှစ်ကတည်းက အမျိုးမျိုးသော ထူးဆန်းထွေလာ ဆွေမျိုးတွေနှင့် ရန်ဖြစ်ခဲ့တာ ဖြစ်သည်။ ရွှဲစောင်းစကားများသာပြောတတ်သည့် လီကျစ်ပင်းကတော့ သူ့အတွက် ကလေးကွက်များသာ။
သို့ပေမဲ့ သူ့စိတ်ထဲမှာ ထည့်ထားရမည့် တခြားအရာတစ်ခုရှိ၏။
ယန့်ကျိ၏ အသက်နှစ်ဆယ်ပြည့်မွေးနေ့ ရောက်တော့မည်ပင်။
ယန့်ကျိက သူ့မွေးနေ့တိုင်းမှာ မွေးနေ့ပါတီကို နှစ်တိုင်း ကျင်းပသည်။ တစ်နှစ်နှင့်တစ်နှစ် အကျယ်ချဲ့ကျင်းပတာနှင့်အကျဥ်းကျုံး ကျင်းပတာတော့ မတူချေ။ ပြီးခဲ့သည့်နှစ်က သိပ်အကျယ်မချဲ့ခဲ့။
သူက သူငယ်ချင်းကောင်းတွေနှင့် အတန်းဖော်တချို့ကို KTV မှာ ညစာစားဖို့နှင့် ပျော်ကြပါးကြဖို့ ဖိတ်ခဲ့သည်။ လီလီက မသိဘဲ ဖိတ်ကြားခံခဲ့ရ၏။ အဖွဲ့ထဲက လူတိုင်းက ယန့်ကျိမွေးနေ့ဆိုတာ သိတော့ အနည်းနှင့်အများ လက်ဆောင်တွေ ပြင်ဆင်ခဲ့ကြသည်။ တမင်တကာ ဖုံးကွယ်ခံထားရသည့် လီလီတစ်ယောက်သာ လက်ဗလာနှင့် ရောက်သွားခဲ့ရလေသည်။
ယန့်ကျိက တကယ်တော့ ကောင်းသောအဓိပ္ပါယ်နှင့်သာဖြစ်သည်။ သူက လီလီအား ငွေရေးကြေးရေးဖိအား မပိုသွားစေရန် တခြားသူများအား မည်သူ့ကိုမှ မပြောဖို့ရန် အထူးသဖြင့် တောင်းဆိုထားခဲ့တာကြောင့်ပင်။
သို့ပေမဲ့ ဤနှစ်တွင် သူက ရက်ကိုမှတ်မိနေတာကြောင့် တဖက်လူအတွက် မွေးနေ့လက်ဆောင် သေချာပြင်ဆင်ပေးရပေမည်။
ယခု လီလီသုံးနေသည့် ဖုန်းက သူ့မွေးနေ့တွင် ယန့်ကျိမွေးနေ့လက်ဆောင် ပေးခဲ့တာဖြစ်သည်။ Apple တံဆိပ်၏ နောက်ဆုံးထွက် ဖုန်းဖြစ်တာကြောင့် ဈေးကြီး၏။ ဘူးကိုဖွင့်လိုက်ချိန်တွင် သူက လက်ခံရန် ငြင်းခဲ့ပေမဲ့ ယန့်ကျိက သူ့ကို ထပ်ပြီး နားချလာသလို သူ့ဖုန်းအဟောင်းသည်လည်း အသုံးပြုနိုင်စွမ်းကို ထိခိုက်သည်အထိ လေးလံနေပြီဖြစ်တာကြောင့်သာ နောက်ဆုံးမှာ လက်ခံခဲ့တာဖြစ်သည်။
တန်ဖိုးတူလက်ဆောင် ပြန်ပေးဖို့ကိုတော့ သူမတတ်နိုင်ပါချေ။ သို့ပေမဲ့ ဈေးပေါလွန်းသည့်အရာဖြစ်စေ တန်ဖိုးအရမ်းကွာဟသည့်အရာ ဖြစ်စေတစ်ခုခုကိုလည်း ပေးလိုက်၍ မဖြစ်ပေ။
လီလီက သူ့၏ အသုံးစရိတ်အပါအဝင် လက်ရှိ ပိုင်ဆိုင်သမျှကို ပေါင်းကြည့်လိုက်တော့ စုစုပေါင်း ယွမ် နှစ်ထောင်တောင် မပြည့်လေကာ မေလပိတ်ရက်ကလည်း ရောက်တော့မှာဖြစ်၏။
သူ အိမ်ပြန်ရမှာဖြစ်ပြီး မိသားစုအတွက် ငွေတချို့ချန်ရဦးမည်....
လီလီ တွက်ပြီးရင်းတွက်ပေမဲ့ သူ ထုတ်နိုင်သည့် ငွေပမာဏက သင့်လျှော်သည့်လက်ဆောင်ဝယ်ဖို့ရန် တော့ မလုံလောက်သေးချေ။
အတော်ကြာအောင် တွေဝေပြီးနောက် သူက ဝီချက်တွင် နံပါတ်တစ်ခုရှာလိုက်ကာ မက်ဆေ့ပို့လိုက်တော့သည်။
[ချန်ကော..အချိန်ပိုင်းအလုပ်လိုသေးလားမသိဘူး]
လီလီက အချိန်ပိုင်းအလုပ်များစွာလုပ်ခဲ့၏။ သူ့ဖခင်မတော်တဆဖြစ်ပြီးနောက် မိသားစု၏ ငွေရေးကြေးရေးက ကျဆင်းသွားခဲ့ရသည်။ သူ့မိခင်က စိတ်သဘောထား နူးညံ့ကာ အသက် ၃၀ ကျော်ပေမဲ့ တစ်ရက်တောင် အပြင်မှာ အလုပ်မလုပ်ဖူးချေ။ အပြင်က ပြန်လာပြီးလျှင် ထမင်းတစ်နပ်တောင် မချက်နိုင်တော့လောက်အောင် ရှုပ်ယှက်ခတ်နေတော့သည်။ လီလီသည် ပြည့်စုံသည့်ဘဝက ကလေးလေး မဟုတ်တော့ချေ။
အချိန်တိုလေးအတွင်းမှာပဲ ပိုက်ဆံ၏ အရေးကြီးပုံကို သူနားလည်သွားသည်။
ငွေရှာရန်အတွက် သူနှင့် သက်တူရွယ်တူများထက်ပို၍ အများကြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့၏။
တကယ်တော့ သူ့အမှတ်တွေက မဆိုးလှ။ အချိန်ပိုင်းကျူရှင်ဆရာအဖြစ် ငွေရှာဖို့က အတော်လေး လွယ်ကူသည်။ သို့ငြား ဒီတက္ကသိုလ်မြို့မှာက ထိပ်တန်းကျောင်းသားတွေ အများကြီးရှိသည့်။ သူ့ ပညာအရည်အချင်းက သူ့ကို ဘာအားသာချက်မှ မပေးချေ။
ထို့အပြင် သူက အလွန်ရုပ်ချောသော ယောက်ျားလေးလည်း ဖြစ်နေပြန်သည်။ မိန်းကလေးမိဘ အများအပြားက သူတို့သမီးတွေ စောစောစီးစီး ချစ်ကြိုက်သွားမှာကို စိုးရိမ်ပြီး သူ့ကို အလုပ်ခန့်ဖို့ ဆန္ဒမရှိကြပါချေ။
ထို့ကြောင့် လီလီက ပုံမှန်အားဖြင့် ဆိုင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်တာ၊ သို့မဟုတ် တခြားသူတွေအတွက် ဂိမ်းကစားပေးတာသာ လုပ်သည်။ သို့သော်လည်း ထိုအချိန်ပိုင်းအလုပ်တွေ၏ လစာက မမြင့်လှ။
လစာ အများကြီး ပိုပေးတာက အလုပ်တစ်ခုသာ ရှိသည်။
လီလီကတော့ ပုံမှန်အားဖြင့် ထိုတစ်ခုကို မရွေးချယ်တတ်ချေ။ အကြောင်းမူ အနှီ အချိန်ပိုင်းအလုပ်က အနည်းငယ် မရှင်းမလင်းနယ်ပယ်ဖြစ်ကာ အတန်းဖော်တွေက တွေ့သွားပါက လူမှုရေးအရ အရှက်ကွဲနိုင်သည့် အန္တရာယ်လည်း ရှိပေသည်။
သို့ပေမဲ့ အခု သူ ငွေအတော်လေးပြတ်နေသည်မို့ ဒါတွေကို ဂရုမစိုက်နိုင်တော့ပေ။
တစ်ဖက်လူက မက်ဆေ့အမြန် ပြန်လာသည်။ အတော်လေး နွေးထွေးသည့် လေယူလေသိမ်းဖြင့် အသံမက်ဆေ့ပို့ကာ သူအားလပ်သည့် မည်သည့်အချိန်တွင်မဆို သွားနိုင်ကြောင်းပြောလာလေသည်။
လီလီ ဖုန်းကို နားနားကပ်ကာ အသံမက်ဆေ့ကို စက္ကန့်နှစ်ဆယ်ကျော်နားထောင်လိုက်၏။ အကြာကြီးတန့်နေပြီးမှ သူက မက်ဆေ့ဖြင့် စာပြန်လိုက်တော့သည်။
[ကျွန်တော် အဲ့ဒီကို မနက်ဖြန်ညကျရင် လာခဲ့ပါမယ်]
________
နာမည်လေးကသာ လီလီ။ စွာချက်က ကတ်ကတ်လန် XD