[တွေ့ဆုံမှုနှင့် လျစ်လျူရှုခံရမှု]
ယဲ့ကောက ပင်ကိုယ်လှပသူဖြစ်ကာ မိတ်ကပ်လိမ်းထားသောအခါ ပို၍ပင် တောက်ပသွားသည်။ ထပ်ပေါင်းအနေဖြင့် သူမဘေးရှိ မိန်းကလေးနှင့် ယှဉ်လိုက်ပါက နူးညံ့သောမီးရောက်အောက်တွင် သူမအလှက အလိုလို အဆင့်ပေါင်းများစွာ မြင့်တက်သွားလေ၏။
ယန့်ကျိက သူမအား တည့်တည့်စိုက်ကြည့်နေကာ စားပွဲထိုးရောက်လာမှသာ အကြည့်လွှဲလာသည်။ သူက ပြုံးကာ မေးလိုက်၏။
"မင်းဒီနေ့ ဘာစားချင်လဲ"
ယဲ့ကောက ဣန္ဒြေရရပြုံးကာ
"ဒီနေရာနဲ့ ကျွန်မ မရင်းနှီးတော့ ရှင်ပဲမှာလိုက်ပါ”
သူက ဆိုင်၏ နာမည်ကြီးဟင်လျာဖြစ်သည့် မကျက်တကျက် အမဲသားစတိခ်အား (Medium rare) မှာလိုက်သည်။ လာချပေးချိန်၌ဆီများက တရှဲရှဲမြည်နေဆဲဖြစ်ကာ ရနံ့ကလည်း အတော်လေးဆွဲဆောင်မှုရှိလေသည်။ ဝန်ထမ်းက လိုအက်သည့် ဇွန်းခရင်းနှင့် ဓါးများ ခင်းကျင်းပေးကာ ဝိုင်နီပါ ငှဲ့ပေးလာသည်။
ယဲ့ကောကမေးလာ၏။
"ဘာလို့ ဝိုင်မှာလိုက်တာလဲ။ ကျွန်မမသောက်တတ်ဘူး။ အရင်က အရက်တစ်ခါမှ မသောက်ဖူးဘူး"
ယန့်ကျိက စိုးရိမ်တကြီးဟန်ဖြင့် အမြန်ပြန်မေးလာ၏။
"အယ်လ်ကိုဟောဓာတ်မတည့်တာမျိုး ရှိတာလား”
ယဲ့ကောက ခေါင်းခါသည်။
"မရှိပါဘူး…ကျွန်မမိသားစုက စည်းကမ်းကြီးပြီး ကျွန်မကို အရက်သောက်ခွင့် မပြုဘူးလေ"
ယန့်ကျိက ပြုံးကာပြောလိုက်သည်။
"မင်းက အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးပြီပဲ။အရွယ်ရောက်သူဖြစ်နေပြီလေ။ စမ်းကြည့်လို့ ရတာပေါ့။ ဒါက အရက်ပါဝင်မှု နည်းတဲ့ ဝိုင်ပါ။ အရသာ ကောင်းတယ်။ ချိုတယ်။ မိန်းကလေးတွေနဲ့ အတော်ပဲ။ အရင်ဆုံး စမ်းကြည့်ပါလား။မကြိုက်ရင် မသောက်နဲ့ပေါ့"
ယဲ့ကောက စိတ်လှုပ်ရှားသည့်အမူအယာပြလာပေမဲ့ တုံ့ဆိုင်း၍လည်းရှိနေသေး၏။ ယန့်ကျိက သူမကို ဆက်ပြီး တိုက်တွန်းလာချိန်မှာတော့ သူမက သတ္တိကို မနည်းစုစည်းလိုက်ဟန်ဖြင့် ခွက်ကို ယူကာ နှုတ်ခမ်းမှာ တေ့ပြီး ဂရုတစိုက် တစ်ငုံ သောက်လိုက်သည်။
မကြာခင်မှာပသ် စပ်သွားသည့်ပုံစံမျိုး ပေါ်လာကာ နှာခေါင်းသေးသေးလေးကို ရှုံ့၍ လျှာတစ်လစ်ထုတ်ပြလာသည်။ အတော်လေး ထျစ်စရာကောင်းသည်ပင်။ သူမက သူ့ကို ထပ်ပြီး တိုင်တန်းလာလေသည်။
"အရမ်းစပ်တာပဲ"
ယန့်ကျိက ပြုံးလိုက်၏။ သူ့မျက်လုံးတို့က သူမနှုတ်ခမ်းပေါ်ရောက်သွားကာ နှလုံးက အရိုင်းဆန်ဆန် ခုန်ပေါက်လာလေရင်း သူတစ်ခုခုပြောတော့မည့်အချိန်မှာပင် မျက်နှာဝိုင်းနှင့် မိန်းကလေး၏ "အာ" ဟု ရုတ်တရက် ပြောလာသံက သူတို့၏ စကားဝိုင်းကို ဖြတ်တောက်သွားလေသည်။
မျက်နှာဝိုင်းနှင့် မိန်းကလေးက ဆော့စ် ညှစ်ချင်တာပေမဲ့ မတော်တဆ သူမ၏ အဝတ်ပေါ် ညှစ်ချမိသွားကာ အော်လိုက်တာပင်။ သူမက ဒီမှာ အစကတည်းက သက်တောင့်သက်သာ မရှိလှ။ အခုလို အမှားတစ်ခု လုပ်မိပြီး မျက်လုံး အတော်များများက စိုက်ကြည့်တာကို ခံရချိန်မှာတော့ သူမ မျက်နှာက ရှက်လွန်း၍ ရဲသွားတော့သည်။ သူမက စိတ်လှုပ်ရှားပြီး အနေရခက်နေကာ လက်ချောင်းတွေတောင် တုန်နေ၏။
"တောင်းပန်ပါတယ်…ကျွန်မ မတော်တဆ...."
ယဲ့ကောက ပထမဆုံး တုံ့ပြန်လာသူ ဖြစ်သည်။
"မြန်မြန်လေး တီရှုးနဲ့သုတ်လိုက်လေ။ ပြေုင်သွားမှာပါ။ သန့်စင်ခန်းသွားပြီး ဆေးမလား။နင့် ဆံပင်ပေါ်မှာလည်း နည်းနည်းပေနေတယ်"
မျက်နှာဝိုင်းနှင့် မိန်းကလေးက အကြာကြီးဆက်နေနိုင်တော့တာကြောင့် ထရပ်ကာ ကူကယ်ရာမဲ့စွာ အမြန်မေးလိုက်၏။
"သန့်စင်ခန်း ဘယ်မှာလဲ"
အမှန်တော့ လမ်းညွှန်ပေးရန် စားပွဲထိုးဝန်ထမ်းကို သူမမေးလိုက်၍ရပေမဲ့ ယဲ့ကောက လီလီကို ပြုံးပြကာပြောလာသည်။
"ကျွန်မ ဒီနေရာနဲ့ သိပ်မရင်းနှီးဘူး။ ရှင် အရင်က ဒီကိုရောက်ဖူးတယ် မလားဟင်…ရှောင်နန်ကို ရှင်နဲ့အတူ ခေါ်သွားပေးနိုင်မလား”
သူတို့နှစ်ယောက်ကို ဒီလာက်မြန်မြန်ဆန်ဆန် မျက်စိနောက်သွားရလားဟ..။
လီလီက စိတ်ထဲမှနေ စောဒကတက်လိုက်ပေမဲ့ ကူကယ်ရာမဲ့ကာ သနားစဖွယ် မိန်းကလေးက သူ့ဘေးမှာရပ်နေသည်ကိုမြင်တော့ နောက်ဆုံးမှာ သူက ထရပ်ကာပြောလိုက်၏။
"ကောင်းပြီလေ"
ယန့်ကျိက လီလီလည်း ဤနေရာသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်ကို သတိရသွားကာ သူလည်း ထရပ်ဖို့ ဟန်ပြင်လိုက်သည်။
"ငါသွားလိုက်မယ်။ ဒီနေရာကို ငါက ပိုရင်းနှီးတယ်။ပြီးတော့ လဲဝတ်စရာအဝတ်အစားရှိသေးလားလဲ အကူအညီတောင်းကြည့်လို့ရတာပေါ့"
ယဲ့ကောက အမြန်ဝင်ပြောလာသည်။
"သူတို့သွားကြပါစေ"
သူမက အဓိပ္ပါယ်ပါပါပြုံးကာ
"ကျွန်မအထင် သူတို့က ကောင်းကောင်းလိုက်ဖက်ကြသားပဲ။ ပြီးတော့ ရှောင်နန်က ရှင့်ရဲ့အတန်းဖော်နဲ့ ရင်းနှီးဖို့ အခွင့်အရေးရှာချင်တယ်လို့ ခုနကမှ ကျွန်မကို ပြောထားတာ။ ဒါက အခွင့်အရေးကောင်းပဲလေ"
တခြား နှစ်ယောက်က အဝေးကို ရောက်သွားကြပြီဖြစ်ရာ ယန့်ကျိက လိုက်မသွားတော့။ သူက စိတ်အခြေအနေ ကောင်းနေခဲ့ပေမဲ့ ဘာကြောင့်ရယ်မသိ နောက်ဆုံး စကားကို ကြားလိုက်ရချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သူက မစဉ်းစားဘဲ ပြောချလိုက်၏။
“ရှောင်ချောင်က ချစ်သူ မထားချင်သေးဘူး။ သူ့ကို မစဉ်းစားနဲ့လို့ ပြောလိုက်"
သူ့လေသံထဲမှာ အနည်းငယ် ပူပန်သံပါနေခဲ့ပြီး ယခင်ထက်ပိုပြီး လေးနက်နေရာ ယဲ့ကောကို တန့်သွားစေခဲ့၏။
"ကျွန်မက သူတို့အတွက် အခွင့်အရေးလေး ဖန်တီးပေးချင်ရုံပါ....ပြီးတော့ ရှင်က ဘာလို့ အဲ့လို့တွေးတာလဲ...."
"ဒါပေမဲ့ သူတို့က လုံးဝ မလိုက်ဖက်ဘူးလေ။ မင်းရော မထင်ဘူးလား”
ယဲ့ကောက ပြုံးနေရင်း သူမအသံက နူးညံ့နေတုန်းပင်။
"ရုပ်ရည်မှာ ကွာခြားချက် ရှိတယ်ဆိုပေမဲ့ လူတွေက တစ်ယောက်နဲ့တစ်ယောက် သင့်တော်လား မသင့်တော်လား သိဖို့အတွက် စကားပြောကြည့်ဖို့ လိုအပ်တယ်လေ။ မျက်နှာကိုပဲ ကြည့်ပြီး မဆုံးဖြတ်သင့်ဘူးမလား"
°°°°
ရေချိုးခန်းကို ရှာရတာ မခက်လှ။ ချန်ရှောင်နန်က သူမကိုယ်ပေါ်က အစွန်းအထင်းတွေကြောင့် တစ်လမ်းလုံး ခေါင်းမမော့ရဲချေ။ ခေါင်းငုံ့၍သာ အမြန်လျှောက်နေကာ တွေ့ကြုံခဲ့ရသည့် အရှက်ရမှုကို သက်သာဖို့အတွက် သန့်စင်ခန်းထဲကိုသာ ချက်ချင်း ဝင်ပုန်းချင်နေသည်။
နောက်ဆုံးတော့ သန့်စင်ခန်းတံခါးကို ရောက်သွားပြီးနောက် သူမက လီလီကို အမြန်ကျေးဇူးတင်လိုက်ကာ အထဲဝင်သွားတော့သည်။
အမျိုးသားနှင့် အမျိူသမီးသန့်စင်ခန်းများကို ခွဲထား၏။ အဆင့်မြင့်စားသောက်ဆိုင်ဖြစ်တာကြောင့် အနံ့အသက်ဆိုးလုံးဝကို မရှိလေကာ ကြမ်းပြင်က သန့်ရှင်းလှသည်။ လီလီက ယဲ့ကောတစ်ယောက် သေချာပေါက် ပြန်မလာစေချင်လောက်ဟု သိနေနှင့်တာကြောင့် ခဏလေးနှင့် ပြန်မသွားချင်ခဲ့ကာ အပြင်မှာ စောင့်နေရုံသာတတ်နိုင်လျှက် အသားကင်အတွက်သာ စိတ်မကောင်းဖြစ်နေမိလေသည်။
အေးသွားရင် အရသာလည်း သေချာပေါက် ပြောင်းသွားမှာပဲ။
ချန်ရှောင်နန်က လုပ်တာကိုင်တာ နှေးနေသည်။ သို့မဟုတ် ရှက်လွန်း၍ ပုန်းနေပြီး မထွက်လာတာလည်း ဖြစ်နိုင်ပေသည်။ လီလီက ဆယ်မိနစ်ကျော်လောက် စောင့်နေပြီးနောက် စိတ်မရှည်ဖြစ်လာကာ ထွက်သွားတော့မလို့ လုပ်နေတုန်း ယန့်ကျိဆီက မက်ဆေ့တစ်ခု ပေါ်လာလေသည်။
[ခုထိ မပြီးသေးဘူးလား]
[ထွက်မလာသေးဘူး]
[ဒါပေမဲ့ အဲ့ဒါက မင်းအတွက် ကောင်းတာမဟုတ်ဘူးလား…မင်းတို့နှစ်ယောက်တည်း ရှိနိုင်မဲ့ အခွင့်အရေးကိုပေးနေတာပဲလေ]
လီလီက ယန့်ကျိ ကျေးဇူးတင်လိမ့်မည်အထင်နှင့် ထိုစကားလုံးများကို ဖြစ်ကတက်ဆန်း ပို့လိုက်တာပေမဲ့ တစ်ဖက်လူက သူ့ကို လောဆော်လာလေသည်။
[ဒါဆိုလည်း အရင်ပြန်လာခဲ့။ မစောင့်နဲ့တော့။ မင်းရဲ့စားစရာတွေက အေးနေပြီ။ မင်းရဲ့ မကောင်းတဲ့ အစာအိမ်ကလည်း အေးတာတွေစားပြီးရင် နေထိုင်မကောင်းဖြစ်လိမ့်မယ်]
ယန့်ကျိက မက်ဆေ့ထပ်ပို့လာပြန်သည်။
[မင်းအတွက် အစားအသောက်တွေ လဲပေးထားမယ်]
အစားအသောက်၏ တန်ကြေးကို တွေးကြည့်ကာ လီလီမှာ ချက်ချင်းကို ထရပ်ပြီး အမြန် စာရိုက်လိုက်သည်။
[မလုပ်နဲ့။ ငါစားနိုင်တယ်။ အခုချက်ချင်း ပြန်လာခဲ့မယ်]
သူက နောက်တစ်မိနစ်လောက်ထိ ချန်းရှောင်နန်ကို စောင့်မလို့ပေမဲ့ ချန်းရှောင်နန်ကို စောင့်နေသည့်အစား ဤကာလအတွင်း သူအကြောက်ရဆုံးအမျိုးသားကို စောင့်သလို ဖြစ်သွားခဲ့လေသည်။
ယန့်ဝမ်ပင်။
တစ်ဖက်လူ၏ ဝတ်စုံမှာ အထူးသဖြင့် ဤသို့အခြေအနေအချိန်ခါမျိုးနှင့် သင့်တော်သည့် three piece suit ဖြစ်ကာ အနီရောင်စင်း နက်ကတိုင်နှင့်အတူ နဖူးဖော်ထားသည့် နောက်လှန်တင်ထားသော ဆံပင်စတိုင်ဖြင့် ဖြစ်သည်။ သူ့မျက်ခုံးနှင့် မျက်လုံးတို့က လှပကာ တည်တင်းလှသည်။
ထိုသူက ဤနေရာတွင် လီလီနှင့် ဆုံလိမ့်မည်ဟု မမျှော်လင့်ထားသည်မှာ သိသာလှကာ သူ့မျက်နှာပေါ် အကြည့်ရောက်လာချိန်၌ မျက်လုံးတွေက သူ့မျက်နှာပေါ်ကို ပထမဆုံး ကျရောက်တဲ့အချိန်မှာ မျက်မှောင်ကြုတ်သွားရင်း ညစ်ပတ်သည့် အရာတစ်ခုကို မြင်လိုက်ရသလိုမျိုး စက်ဆုပ်ရွံရှာသည့် အမူအရာတစ်ခုက သူ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွားလေသည်။
လီလီသည် ထိုရွံရှာခြင်းကို ရှင်းရှင်းလင်းခင်း မြင်လိုက်ရကာ မူလက စိတ်အေးလက်အေးဖြစ်နေသည့် ခံစားချက်လေးမှာ ချက်ချင်းဆိုသလို ဖယ်ရှားခံလိုက်ရလေပြီး သူ့တစ်ကိုယ်လုံးနှင့် အာရုံကြောများက တင်းမာသွားရတော့သည်။
နှုတ်ဆက်ရမှာလား ……နှုတ်ဆက်လျှင်ရော ဘယ်လိုနှုတ်ဆက်ရမလဲ သူမသိတော့။ သူ့ခံစားချက်တွေက တစ်လှည့်စီ ပြောင်းလဲနေသည်။
သူ ပါးစပ်ဖွင့်တော့မည့်အချိန်မှာပင် တစ်ဖက်လူက သူ့မျက်နှာပေါ်က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ယောက်ျားလေး အိမ်သာထဲသို့ ခြေမတန့်ပါဘဲ ဆက်လျှောက်သွားလေသည်။
သူ့အား လုံးဝ မသိသည့်အလား။
လီလီ လည်ချောင်းထဲမှာ တစ်ဆို့သွားကာ စကားတစ်လုံးမှ မပြောနိုင်တော့။ လျစ်လျူရှုခံလိုက်ရသည့် ရှက်ရွံ့မှုနှင့် အရှက်ကွဲမှု၊ လုံးဝ အထင်သေးခံရသော နာကျင်မှုတွေက သူ့ကို ပိုပြီး မသက်မသာ ဖြစ်လာစေသည်။
ယင်းက အသံတိတ် ပါးရိုက်ခံလိုက်ရသည့်နှယ်။
နောက်ဆုံးတော့ ချန်းရှောင်နန်ထွက်လာပြီဖြစ်ကာ သူမပထမဆုံးလုပ်လိုက်သည်က သူ့ကိုတောင်းပန်ခြင်းပင်။
"ကျွန်မတောင်းပန်ပါတယ်။ ရှင့်ကို အကြာကြီး စောင့်စေမိပြီ။ ကျွန်မ လက်အခြောက်ခံစက်ကိုသုံးပြီး အဝတ်ကို အခြောက်ခံဖို့ ကြိုးစားနေခဲ့လို့ပါ....”
သို့ပေမဲ့ သူမ မအောင်မြင်ခဲ့သည်ကတော့ သိသိသာသာပင်။ သူ့မအဝတ်အစားထက် စိုနေသည့်နေရာတချို့ ရှိနေသေး၏။ သူမ၏ ချည်ထည်အဝတ်ကို အသားတွင် ကပ်မနေစေရန် ကြိုးစားနေပေမဲ့လည်း အဖြူရောင်ဖြစ်နေသည်မို့ စိုစွတ်နေဆဲသာ။
၎င်းက အနည်းငယ် ဖောက်မြင်နေရ၏။ ထို့ပြင် စိုနေသည့်အပိုင်းက ရင်ဘက်နေရာတွင်ဖြစ်နေသည်။ အသားတွင် ကပ်သွားပါက မမြင်သင့်သည့်အစိတ်အပိုင်းများကို လူအများ မြင်နိုင်သွားလိမ့်မှာဖြစ်၏။
လီလီက တစ်ချက်ကြည့်ကာ ဘာမှ မပြောလိုက်ဘဲ သူ့၏ ဂျင်းဂျာကင်ကိုချွတ်၍ ကမ်းပေးလိုက်သည်။
ချန်းရှောင်နန်က ခဏလောက် တန့်သွားခဲ့ပြီးမှ လှမ်းယူကာ ကျေးဇူးတင်စွာပြောလာသည်။
"ကျေးဇူးတင်ပါတယ်ရှင်။ ကျေးဇူးအများကြီးတင်ပါတယ်"
ချန်းရှောင်နန်က လီလီ၏ ဂျင်းဂျာကင်ကိုဝတ်ကာ နှစ်ယောက်အတူ ပြန်လာကြသည်ကိုမြင်ရချိန်မှာတော့ ယဲ့ကောက နှုတ်ခမ်းစေ့ကာ စနောက်လိုသည့်အပြုံးပြုံးလိုက်ပေမဲ့ ယန့်ကျိကတော့ အနည်းငယ် အံ့အားသင့်သွားခဲ့ကာ သိပ်ပြီး မပျော်သွားပုံရသည်။
လီလီထိုင်ချလိုက်ပြီးနောက် သူက လက်ဆန့်ကာ တစ်ဖက်လူ၏ လက်မောင်းဖြူဖြူကို ဆိတ်လိုက်သည်။
"ကုတ်မဝတ်ထားတာ မင်း မအေးဘူးလား?"
တကယ်တော့ စားသောက်ဆိုင်က လေအေးပေးစက် တပ်ထားသည်။ ၂၄ ဒီဂရီလောက် ရှိပေမဲ့ ကိုယ်ခံအားကောင်းပါက လက်တိုအင်္ကျီလောက်လေးဖြင့် အေးမှာ မဟုတ်ပါချေ။
လီလီက ခေါင်းခါလိုက်ပေမဲ့ ယန့်ကျိကတော့ သဘောမတူ။ သူက ချန်းရှောင်နန်ဝတ်ထားသည့် အင်္ကျီကို ကြည့်ပြီး ရုတ်တရက် သူ့အင်္ကျီကို ချွတ်ကာ လီလီပေါ်ကို ကြမ်းကြမ်းတမ်းတမ်း တင်ပေးလာသည်။
"မင်း ငါ့ဟာကို ဝတ်လိုက်။ ငါ့အောက်ထဲမှာ လက်ရှည် ဝတ်ထားတယ်"
"တကယ်မအေးပါဘူးကွာ"
လီလီက ကုတ်ကို ပြန်ပစ်ပေးလိုက်ပေမဲ့ ယန့်ကျိက အခွင့်အရေးယူကာ သူ့လက်ကို အင်္ကျီလက်ထဲထည့်၍ ကြယ်သီးတပ်ပေးလိုက်လေ၏။
ပြီးနောက်တော့ ယန့်ကျိမှာ အတော်လေးစိတ်ကျေနပ်သွားလျက်သား။
"အရမ်းလိုက်တယ်"
ဤသည်ကို ကြားတော့ ယဲ့ကောက လီလီကို တစ်ချက်ကြည့်လာသည်။ ထိုသူက အတော်လေးပိန်ပါးကာ ယန့်ကျိထက် နှစ်ဆလောက် လူကောင်သေးသည်။
ဝတ်ထားသည့် ယန့်ကျိအင်္ကျီက သူ့အပေါ်မှာ အတော်ကြီးပြီး ချောင်နေရာ ချစ်သူအဝတ်အစားကို ဝတ်ထားသည့် မိန်းကလေးနှင့်ပင် တူနေသေးသည်။ ယန့်ကျိပါးစပ်ကနေ "အရမ်းလိုက်တယ်" ဟူသော စကားက ဘယ်လိုထွက်လာသလဲပင် မသိချေ။
လီလီက စိတ်မကြည်လင်တော့ သူ့ကို ယဉ်ကျေးနေဖို့ ပျင်းရိနေသည်။ သူက စားဖို့ ဓားနှင့် ခရင်းကို ကိုင်တော့မည့်အချိန်မှာပင် စားပွဲထိုးက အငွေ့တထောင်းထောင်းနှင့် ဿားရေကျချင်စဖွယ် စတိခ် အသစ်တစ်ပွဲနှင့် လဲပေးလာလေသည်။
"မလဲနဲ့လို့ ပြောထားတယ်လေ။ အရမ်း ဈေးကြီးပါတယ်ဆိုမှ"
လီလီကပြောလိုက်၏။
ယန့်ကျိက နှာခေါင်းရှုံ့လိုက်လျှက်
"မင်း အစာအိမ်မကောင်းလို့ ပြုစုပေးပြီး စိတ်တိုရမဲ့အစား ဒါကိုလဲဖို့ ပိုက်ဆံပဲ သုံးလိုက်ချင်တယ်"
"ဘယ်သူကမင်းကို ပြုစုခိုင်းလို့လဲ”
လီလီက ပက်ခနဲ ခံပြောလိုက်၏။
သို့ပေမဲ့ သူတကယ်ကို ဗိုက်ဆာနေပြီဖြစ်ကာ မကောင်းသည့်စိတ်အခြေအနေနှင့်ပေါင်းလိုက်သော် သူ့၏ စားချင်စိတ်က ပိုပြီး ပြင်းထန်လာလေသည်။ သူက ယန့်ကျိတစ်ယောက် သူ့အစားအသောက်များကိုသာ ကွက်ပြီး လဲပေးခဲ့တာကို သတိမထားမိဘဲ စတင် စားသောက်တော့သည်။
ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသူ ယဲ့ကောကမူ အနည်းငယ်အနေရခက်ဟန်ဖြင့် ပြုံးလိုက်ကာ
"ရှင်က ရှင့်ရဲ့ အခန်းဖော်အပေါ် အရမ်းကောင်းတာပဲ"
ယန့်ကျိက ပျော်ပျော်ရွှင်ရွှင်ပြုံးလိုက်ပြီး လီလီ၏ ပုခုံးပေါ် လက်မောင်းတင်ကာ သူ့ဘေးကို ဆွဲခေါ်လိုက်၏။
"သူက ကိုယ့်ရဲ့ အခန်းဖော်တင်မကဘူး အချစ်ဆုံးသူငယ်ချင်းလည်း ဟုတ်တယ်။ ကိုယ့်ရဲ့ သူငယ်ချင်းအတွက် အမြဲရပ်တည်နေမှာ"
အနောက်တိုင်း စားသောက်ဆိုင်က မကြီးမသေးပေမဲ့ ယန့်ဝမ်က ယန့်ကျိကို ရှာတွေ့ဖို့က အချိန်တစ်ခုပဲ လိုသည်။ ထိုမတိုင်ခင် လီလီကတော့ စားစရာရှိတာကို သူ့ဗိုက်ထဲကိုသာ အသားကုန် သွပ်ထားချင်မိသည်။သူက စားတာသောက်တာ မနှေးပေမဲ့ ယန့်ဝမ် ရောက်လာသည့်အချိန်မှာ အစားအစာ သုံးပုံတစ်ပုံပဲ စားပြီးသေး၏။
"အားကျိ"
အသံက အေးစက်စက်ဖြစ်နေသေးပေမဲ့လည်း လေသံက အများကြီး နူးညံ့လေကာ ရင်းနှီးမှုအရိပ်ယောင်တချို့ကိုပင် ဝေဝေဝါးဝါးကြားနိုင်ပေသည်။
အိုး… ညီချစ်ကလေးပေါ့လေ…
လီလီက ပါးစပ်ထဲက အမဲသားကို အားဖြင့် ဝါးစားလိုက်၏။ အသားထဲက အရည်တွေက ပါးစပ်ထဲမှာ ပေါက်ထွက်လာကာ သူ၏အရသာခံအာရုံတွေက အရသာရှိလှသော အစားအသောက်ကို ခံစားလိုက်ရချိန်မှာတော့ ယခင်က ရှက်ရွံ့မှုကနေ နောက်ဆုံး သက်သာသွားလေသည်။
ယန့်ကျိကလည်း သူ့အစ်ကိုကို တွေ့ရတာ အတော်ပျော်သွား၏။
"ကော….ကောရော ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
ယန့်ဝမ်က ဖြေလာသည်။
"ငါ့ရဲ့ ဖောက်သည်တွေနဲ့ ညစာလာစားတာလေ"
သူက ညီဖြစ်သူနှင့်အတူပါလာသူများကို တည်တည်ငြိမ်ငြိမ် တစ်ချက်ဝေ့ကြည့်ကာ လှပတောက်ပနေသည့် ယဲ့ကောအပေါ်မှာပင် အကြည့်ကြာရှည်မရှိခဲ့ချေ။
သို့ပေမဲ့ သူ့ညီလေး၏ကုတ်ကို ဝတ်ထားသည့် လီလီထံတွင်တော့ ခဏလောက်တန့်သွားခဲ့ကာ ထို့နောက် တည်တည်ငြိမ်ငြိမ်ပင် အကြည့်ပြန်သိမ်းလိုက်လေသည်။
"မင်းကရော"
ယန့်ကျိက ပြုံးကာဆို၏။
"ကျွန်တော်လည်း သူငယ်ချင်းတွေနဲ့ ညစာလာစားတာလေ။ ကောကို ကျွန်တော်မိတ်ဆက်ပေးမယ်..."
ယန့်ဝမ်၏ အထက်တန်းဆန်သည့် အရှိန်အဝါက မိန်းကလေးနှစ်ယောက်ကို ပို၍ စိတ်လှုပ်ရှားသွားစေ၏။
ချန်းရှောင်နန်က သူ့ကို နှုတ်ဆက်ချိန်တွင် အတုန်တုန်အယင်ယင်ဖြစ်နေပေမဲ့ ယဲ့ကောကတော့ အတော်လေးတည်ငြိမ်ကာ ယဥ်ကျေးလှပေသည်။
လီလီအလှည်ရောက်ချိန်မှာတော့ယန့်ကျိက သူ့ကို ရင်းရင်းနှီးနှီးဖက်ကာ ပြုံးလျှက်ပြောလိုက်၏။
"ဒါက ရှောင်ချောင်လေ ကော မှတ်မိသေးလား။ကျွန်တော် သူ့ကို အိမ်ခေါ်လာဖူးတယ်။ ရှောင်ရှောင် ကောလို့ခေါ်လိုက်လေ"
လီလီက ယန့်ဝမ်နှင့် အကျဉ်းချုံးလောက်အကြည့်ဖလှယ်လိုက်ကယ အပြစ်ရှိစိတ်ဖြင့် တံတွေးမျိုချလိုက်၏။
"ကော" ဆိုသည့်စကားလုံးမှာ သူ့လည်ချောင်းထဲတွင်သာ ရှိနေသေးပေမဲ့ ယန့်ဝမ်ကအရင် စကားပြောလာသည်။
"ငါ လုပ်စရာတစ်ခုရှိသေးလို့ အရင်သွားနှင့်တော့မယ်။ ဘေလ်ကိုသာ ငါ့နာမည်ထဲကိုထည့်လိုက်"
ယန့်ကျိက အမြန်ပြုံးကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ချစ်ကိုကြီးရေ!"
ထိုဝါကျက အေးစက်သည့်အမျိုးသားအား ကျေနပ်ကောင်းကျေနပ်သွားစေတာ ဖြစ်မည်။ သူက အမှန်ကို ပြုံးလိုက်သည်ပင်။
နှုတ်ခမ်းထောင့်တွင် အတွန့်သေးသေးလေးသာဖြစ်သွားခဲ့တာပေမဲ့ ၎င်းက လီလီကို အံ့ဩသွားစေကာ သူ့နှလုံးသားလေးပါ တုန်ယင်သွားခဲ့ရလေသည်။