no

Font
Theme

[Foil ]

သူတို့ဟော့ပေါ့သွားစားသည့်နေရာက တက္ကသိုလ်မြို့အနီးနားတွင်ဖြစ်သည်။ ထိုဆိုင်၏ ပမာဏများပြားကာ အရသာကောင်းပြီး ဈေးသက်သာခြင်းကြောင့် အနီးနားရှိ တက္ကသိုလ်ကျောင်းသားများကြားနာမည်ကြီး၏။

လီလီနှင့် သူ့သူငယ်ချင်းများ ရောက်သွားကြချိန်တွင် ထိုင်ခုံနေရာမကျန်တော့ကာ အပြင်တွင် စောင့်နေသူလည်း အများကြီးရှိသေးပေသည်။ ယန့်ကျိက စိတ်မရှည်တော့ကာ စောင့်ရန် ဆန္ဒမရှိတော့ချိန်၌ မိန်းကလေးတစ်ယောက်က သူ့တို့ကို လက်ပြလာသည်။

သူမက ယန့်ကျိထံအပြုံးလေးနှင့်ကြည့်လျှက်

"စီနီယာ ကျွန်မတို့နဲ့ အတူ ပေါင်းထိုင်ချင်လား?"

ထိုအဖွဲ့တွင် မိန်းကလေးသုံးယောက်သာရှိကာ သူမတို့က စောင့်နေသည့်စည်းနှင့် အတော်နီးနေပြီဖြစ်၏။ မိနစ်အနည်းငယ်ကြာလျှင်ပင် သူမတို့အလှည့် ရောက်‌တော့မှာဖြစ်သည်။

အဆောင်က ယောက်ျားသားများမှာ မိန်းကလေးများကို တစ်ချက်ကြည့်ရုံဖြင့် သွေးများ ဆူပွက်သွားရသည်။ လှပါလှနေရာ ပြောစရာပင်မလိုတော့။ တစ်ယောက်ဆို အတော်ကြီးကို လှလွန်းသေးသည်။

ယန့်ကျိက ပြုံးလိုက်သည်။

"ကောင်းပြီလေ"

စုစုပေါင်း လူရှစ်ယောက်ဖြစ်သွား၏။ သူတို့က စားပွဲဝိုင်းကြီးကြီးတောင်းကာ ရှဘူ-ရှဘူ ဟော့ပေါ့မှာလိုက်ကြ၏။ မှာရန် ဟင်းပွဲများကို အမြန် စကင်န်ဖတ်ပြီးနောက် သူတို့က စတင် မိတ်ဆက်ကြတော့သည်။

လီလီက နားထောင်မနေပေ။ သူက လူမှုဆက်ဆံရေးကို အမြဲလို စိတ်မဝင်စားတတ်။ ထို့အပြင် တစ်ဖက်တွင်က မိန်းကလေးသုံးယောက်သာရှိကာ အဆောင်မှယောကျာ်းလေး အရေအတွက်နှင့် မကိုက်ပါချေ။

သူ့တွင်လည်း ဝင်ရောက် နှောက်ယှက်ရန် နေရာမရှိ။ ထို့ကြောင့်သူက ယန့်ကျိ၏ ပန်းကန်နှင့် တူများကိုသာ တိတ်တဆိတ် ဖွင့်ဖောက်ပေးနေလိုက်ပြီး ရေနွေးပူနှင့် ထပ်စိမ်ကာ ပြီးနောက်မှ သူ့အတွက်သူ ပန်းကန်နှင့် တူများ ဖောက်ပြီး သန့်ရှင်းလိုက်သည်။

လူတိုင်းက သူ၏ အမူအကျင့်အား ကျင့်သားရနေပြီဖြစ်ကာ အထူးသဖြင့်ကတော့ ယန့်ကျိပင်။ သူက မြည်နေသည့်ဖုန်းကိုပင် လီလီ၏လက်ထဲ ထည့်ကာ ပြောလာ၏။

"ငါ့ဖုန်းလေးတစ်ချက်လောက် စာပြန်ပေးဦး"

လိလိက တိတ်တဆိတ်သာ ယူလိုက်သည်။ သူက လျှို့ဝှက်နံပါတ် ထည့်ရမည်ကို ပျင်းလွန်းလှကာ ယန့်ကျိမျက်နှာရှေ့တွင် ဖုန်းကို ခါကာ သော့ဖြည်လိုက်ပြီးနောက် ဝီချက်ကို ဖွင့်လိုက်သည်။

ပြန်မဖြေရသေးသည့် မက်ဆေ့များက အနီရောင်အတန်းလိုက်ကြီးပင်။

ယန့်ကျိ၏ ဖုန်းထဲ၌ တက္ကသိုလ်ပတ်ဝန်းကျင်ရှိ မိန်းမလှလေးများအားလုံး၏ အိုင်ဒီအားလုံး ရှိနေလောက်သည်ဟုပင် လီလီ သံသယဝင်မိရသည်။ ပရိုဖိုင်ပုံတွေကလည်း အားလုံး အလှပဂေးတွေပဲ။ တချို့က သာမန် စကားပြောရုံပဲရှိပြီး နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံမှု မရှိတာ သိသာသည်။ ထိတွေ့ဆက်ဆံပြီးမှ လမ်းခွဲသွားသည့်သူတွေလည်း အများကြီးရှိတယ်။ မက်ဆေ့အများဆုံးပို့ထားသူကတော့ အသစ်စက်စက် ဆက်ဆံရေးပိုင်ရှင်လေးပင်။

လီလီက မက်ဆေ့တွေကို ဖတ်ကြည့်တော့ သူတို့ မနေ့က လမ်းခွဲသွားတာကို သိလိုက်ရသည်။

တွဲတာတစ်လတောင် မပြည့်သေးဘူးမလား။ ရှေ့၃ရက်ကတင် ဟိုတယ်သွားကြသေးတယ်လေ။ ခုကျ ပြတ်ပြီပေါ့။ တကဟ့်လူယုတ်မာကောင်ပဲ။

လီလီ စောဒကတက်လိုက်ပေမဲ့ စကားပြောမှတ်တမ်းကို ဆွဲတင်ကြည့်လိုက်ချိန် ယန့်ကျိနှင့် တစ်ဖက်လူတို့ကြား လွှဲပြောင်းထားသည့် ငွေလွှဲအချက်အလက်အား မြင်လိုက်ရချိန်မှာတော့ ယန့်ကျိက လူယုတ်မာတစ်ယောက် မဟုတ်တော့ဟု ခံစားမိသွားပြန်လေသည်။

တွဲတာ တစ်လတောင်မရှိသေးဘဲ

ခြောက်သောင်းခြောက်ထောင်အထိ လွှဲပေးထားတာက အရမ်းရက်ရောလွန်းနေပြီ မဟုတ်ဘူးလား….။

သုညအတန်းလိုက်ကို စိုက်ကြည့်ရင်း လီလီ၏ မျက်လုံးများက အားကျမှုဖြင့် တောက်ပသွားပြီး မနေနိုင်စွာ တံတွေးမျိုချမိသွားသည်။ နောက်ဆုံး စိတ်ထဲက အတွေးတွေကို ထိန်းချုပ်ပြီးမှ လီလီက တစ်ဖက်က ပို့ထားသော မက်ဆေ့ကို အလေးအနက်ထားပြီး ကြည့်လိုက်သည်။

အကြောင်းအရင်း မရှိဘဲ အဆက်အသွယ် ပြတ်သွားတာကို မလိုလားဖြစ်နေတာထက် ပိုမနေချေ။ ထို့ကြောင့် တစ်ဖက်လူက ဆက်တိုက် မေးနေတာ ဖြစ်သည်။

--မနေ့က ရှင့်ကို စိတ်ဆိုးအောင်လုပ်မိတာ ကျွန်မ အမှားပါ။ ဒါပေမဲ့ အဲ့ဒီတုန်းက ကျွန်မတကယ်မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မဟာသပြောလိုက်တယ်ဆိုတာ ရှင်နားလည်လိမ့်မယ်ထင်ခဲ့လို့ပါ။

--ရှင်တို့နှစ်ယောက်က အရမ်းခင်တဲ့ သူငယ်ချင်းတွေဆိုတာ ကျွန်မသိပါတယ်။ ကျွန်မ စကားပြောမှားသွားတယ်။ တောင်းပန်ပါတယ်။

--‌ နောက်တစ်ခါ တကယ်ထပ်မလုပ်တော့ပါဘူး။ ကျွန်မတို့ ပြန်တွဲကြလို့ ရမလားဟင်?

--ရှင်နဲ့ လမ်းခွဲရမှာကို ကျွန်မ မခံစားနိုင်ဘူး။ ကျွန်မရှင့်ကို တကယ် သဘောကျတယ်။

--ရှင့်ရဲ့ပိုက်ဆံကြောင့် ရှင်နဲ့တွဲတာမဟုတ်ပါဘူး။ ကျွန်မရှင့်ကို တကယ် သဘောကျတာပါ။

ပိုက်ဆံ မလိုချင်ရင် ၆၆,၀၀၀ မယူနဲ့လေ။

လီလီ စိတ်ထဲကနေ ပြန်ပြောလိုက်၏။ အကြောင်းအရင်းကို သူ မသိတော့ ဘယ်လိုစာပြန်ရမလဲ သူ မသိချေ။ ခဏလောက် တုံ့ဆိုင်းနေနောက် ယန့်ကျိ နှင့် ရှေကြ မိန်းကလေးကြားက စကားဝိုင်းကို ဖြတ်ပြောရတော့သည်။

"မနေ့က သူက မင်းကို ဘယ်လို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တာလဲ?"

ယန့်ကျိက စခရင်ကို တစ်ချက် လှမ်းကြည့်လာသည်။

"မင်း ဒီရက်တွေထဲမှာ ငါ့ကို ရှောင်နေခဲ့တာ မဟုတ်ဘူးလား?"

လီလီက ပြန်ပက်၏။

"ငါ မင်းကို မရှောင်ပါဘူး"

ယန့်ကျိက ပြောသည်။

"ငါက အဲ့လိုထင်လိုက်တာလေ။ အဲ့ဒါကြောင့် မနေ့က သူနဲ့ ညစာစားဖို့ ချိန်းတဲ့အချိန် စိတ်က ကြည်မနေဘူး။ သူက အဲ့ဒါကိုမြင်ပြီး ငါတို့ကြားထဲ တစ်ခုခုဖြစ်နေလားဆိုပြီးမေးတော့ ငါ ဒေါသထွက်သွားတာ။ သူ ကန်းနေတာလား? ငါတို့နှစ်ယောက်စလုံးက ယောကျာ်းတွေဆိုတာ သူမမြင်ဘူးလား? ရူးနေသလားပဲ"

သူတို့ပတ်ဝန်းကျင်တွင် ဆူညံနေကာ သူတို့အသံကလည်း တခြားလူများကြားရလောက်သည်အထိ မကျယ်ပေ။

လီလီသည် အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ပေမဲ့ သူ့မျက်နှာမှာတော့ မပေါ်လွင်စေခဲ့ပေ။ သူက မိန်းကလေးဘက်ကပင် ဝင်ပြောပေးလိုက်သေးသည်။

"အဲ့ဒါက စနောက်ရုံလေးကို"

"ဘယ်အချိန်မှာ စနောက်ရတာလဲဆိုတာကိုတော့ သိသင့်တာပေါ့။ အဲ့လို စနောက်တာမျိုးကို ငါ မကြိုက်ဘူး။ အဲ့ဒါကြောင့် သူနဲ့ လမ်းခွဲလိုက်တာ။ သူက ပိုက်ဆံမလိုချင်ဘူးတဲ့လား။ သူ့အတွက် စိုးရိမ်ပေးမနေနဲ့။ မလိုချင်လည်း ဒီတိုင်း ဘလော့ခ်လိုက်တော့”

ယန်ကျိက ပြုံးလိုက်ပြန်သည်။

"ဒါပေမဲ့ အဲ့ဒီအကြောင်းကို ငါ သေချာစဉ်းစားကြည့်တော့အမှန်ပဲ။ မင်းသာ မိန်းမတစ်ယောက်ဆိုရင် သူတို့ မင်းနဲ့ ဘာမှ လာရှုပ်ကြမှာ မဟုတ်ဘူး"

လီလီက သူ့အား မျက်နှာသေဖြင့်ကြည့်လိုက်၏။

"လစ်စမ်း"

သူက ထိုမိန်းကလေးအား စာမပြန်လိုက်ပေ။ သို့ပေမဲ့ တခြားအတန်းဖော်များ၏ စာကိုတော့ပြန်ပေးလိုက်၏။ ဖြည်းဖြည်းချင်းဆွဲချကြည့်နေချိန်မှာပင် ပရိုဖိုင်းပုံတစ်ခုကိုအရောက် သူ့လက်ချောင်းထိပ်က တန့်သွားရင်း နှလုံးသားက ထိန်းမရအောင် တင်းကြပ်သွားလေသည်။

ယန့်ဝမ်ပါပင်။

သူ့ပုံသူ ပရိုဖိုင်တင်ထားတာကြောင့် သိရတာ ဖြစ်သည်။ သူ့ဝီချက်နာမည်က အကောင့်နည်မည်သက်သက်လား နာမည်အရင်းသုံးထားသည်လားတော့ မသိပေမဲ့ခွဲခြားမှတ်မိဖို့ရန်တော့ အတော်လေးလွယ်ကူသည်။

စခရင်ထက်တွင် ပြနေသည့် နောက်ဆုံးမက်ဆေ့က

"ကောင်းကောင်းစား"ဟူ၍ဖြစ်ကာ မည်သူက မည်သူ့ကို ပို့ထားမှန်း မသိနိုင်ပါချေ။

လီလီတွင် အောက်ခြေစည်းမျည်း မရှိပေမဲ့လည်း တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာကို မည်သို့ လေးစားရမှန်းတော့ သူသိပါ၏။ ယန့်ကျိဟာ သူ့ရည်းစားတွေ ပို့သည့် မက်ဆေ့တွေကို ဝင်ဖတ်ခွင့်ပြုပေမဲ့ သူ့ အစ်ကိုနှင့် စကားပြောတာကိုတော့ ဖတ်ခွင့်မပြုထားပေ။

ထို့ကြောင့် သူနှိပ်မကြည့်ခဲ့။

သို့ပေမဲ့ တစ်ဖက်လူ၏ အဗာတာကို ဖိနှိပ်ကြည့်ဖို့ကိုတော့ သူ တောင့်မခံနိုင်ခဲ့ပါချေ။

၎င်းက ထိုသူ၏ အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် နက်ခ်တိုင် စည်းထားသည့် အရည်အသွေးကောင်းသည့် ကိုယ်တစ်ပိုင်းပုံဓာတ်ပုံတစ်ပုံဖြစ်ကာ ဆံပင်ကို အထူးပြင်ဆင်ထားပြီး ချောမွေ့သည့် နဖူးနှင့် ချောမောခံ့ညးသည့် မျက်နှာသွင်ပြင်တွေကို ပေါ်လွင်စေသည်။

သူ့မျက်နှာက တည်ကြည်နေကာ ဘာခံစားချက်မှ မပြဘဲ တကယ့်အသက်ထက် နှစ်အနည်းငယ် ပိုရင့်ကျက်နေပုံရကာ ယုံကြည်စိတ်ချရသော ခံစားချက်ကို ပေးစွမ်းနေသည်။

ဓါတ်ပုံထဲက မျက်လုံးတွေဆီကနေ စိုက်ကြည့်ခံရတာသာ ဖြစ်ပေမဲ့ လီလီ နှလုံးသားကမူ တဒုတ်ဒုတ်ခုန်သွားရသည်။ မနေ့က သူ့ကို ရွံရှာသလိုအကြည့်ကို အကြောင်းမဲ့ ပြန်သတိရမိသွားတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရလေသည်။

သူက တစ်ဖက်လူ၏ပရိုဖိုင်ကို နှိပ်ပြီး Friend circle ဆီ သွားလိုက်သည်။ ယန့်ဝမ်၏ Friend Circleက ခွင့်ပြုချက်တောင်းခံခြင်းမျိုး မသတ်မှတ်ထားရာ အရာအားလုံးက အတိုင်းသားမြင်နေပေမဲ့ ပို့စ်က အနည်းငယ်သာရှိလေ၏။

ဘဝအကြောင်းနှင့်ပတ်သက်သည့် မက်ဆေ့လေးတစ်ခုတောင် မရှိဘဲ အားလုံးက ပို့စ်ရှယ်ထားတာ မဟုတ်လျှင် စီးပွားရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများသာ ဖြစ်ပေသည်။

လီလီက ပေါ့ပေါ့ပါးပါး လှန်လှောကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတို့က တစ်ဖက်လူ၏ ပရိုဖိုင်ပုံပေါ် ရောက်သွားပြန်လေသည်။

ဒီလောက်ထူးချွန်ထက်မြက်တဲ့လူနဲ့ ချစ်မိတာမျိုးက ဘယ်လိုများ ဖြစ်လောက်မလဲ။

သူ တိတ်တိတ်လေးတွေးလိုက်မိပေသည်။

******

ယန့်ကျိ၏ ဆွဲဆောင်နိုင်မှုကတော့ မတူပါချေ။ ယာယီသဘော ဟော့ပေါ့ပါတီမှာတောင်မှ မရေမရာဆက်ဆံရေးတစ်ခု ရလိုက်နိုင်သည်။ထိုနေ့က အရင်အစပြုနှုတ်ဆက်ခဲ့သည့်မိန်းကလေး မဟုတ်ပေမဲ့ အတော်လေး သီးသန့်ဆန်သည့် တခြား မိန်းကလေးတစ်ယောက်ဖြစ်၏။

ထို မိန်းကလေးကလည်း အားလုံးထဲမှာ အလှဆုံးလည်း ဖြစ်သည်။ သူမနာမည်က ယဲ့ကောဟူ၏။ အိမ်နီးချင်း တက္ကသိုလ်၊ ဂီတဌာန၏ ပါရမီရှိ မိန်းကလေးတစ်ယောက်ဖြစ်ကာ ဌာန၏ အလှလေးအဖြစ် လူသိများသည်။

ယဲ့ကောဟာ ယန့်ကျိမတိုင်ခင်က တွေ့ဖူးသည့် မိန်းကလေးများနှင့် မတူစွာ သူ့အား ပိုကြီးသည့် စိန်ခေါ်မှုကို ပေးခဲ့သူပင်။ သူမက သူ့အား အရင် ချည်းကပ်တာမျိုး မလုပ်ခဲ့ရုံသာမက ယန့်ကျိ၏ နောက်ပြောင်မှုကိုလည်း တင်းတင်းမာမာ တုံ့ပြန်သည်။

ရက်အနည်းငယ်ကြာသည်အထ် စကားချိုချိုလေးများအပေါ် မယိမ်းယိုင်ချေ။ ဆန့်ကျင်ဘက်အနေဖြင် သူမက အကွာအဝေးကို ထိန်းထားရန်ပင် သိနေခဲ့လေသည်။

ယန့်ကျိမှာ သူမအား လိုက်ပိုးဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ဆန္ဒရှိသွားတော့သည်။

သူအနေနှင့် တစ်စုံတစ်ယောက်ကို လိုက်ပိုးရန်မှာ လှည့်ကွက်တစ်ခုသာလိုကာ ယင်းက လက်ဆောင်တစ်ခု ပေးလိုက်ခြင်းပင်။

ပန်းများ၊ လက်ကိုင်ဖုန်း၊ စကင်ကဲထုတ်ကုန်များ နှင့် အလှပြင်ပစ္စည်းများသည်က အမြဲလို လူများကို အနိုင်ရနိုင်ရန် လုံလောက်ခဲ့၏။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ မလွယ်ကူသည်မှာ သိသိသာသာပင်။ သူ့ဆီသို့ အရာမယွင်းစွာ ပြန်ရောက်လာခဲ့ပေသည်။ ယန့်ကျိကမူ စိတ်ဓာတ်မကျဘဲ ပို၍တောင်မှ စိတ်ဝင်တစားဖြစ်လာချေသည်။

"သူက တခြားမိန်းကလေးတွေနဲ့ မတူဘူး"

လီလီက ဈေးကြီးသည့် စကင်ကဲ ထုတ်ကုန်များကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

" တကယ့်ကို မတူဘူး"

သူသာဆိုလျှင် ဤသို့ ဈေးကြီးသည့် လက်ဆောင်ပစ္စည်းများကိုပေးပါက သဘောတူလိုက်မိမှာပင်။

ယန့်ကျိက ပြုံးကာ ပြောလာသည်။

"မတူတာက တကယ် စိတ်ဝင်စားစရာကောင်းတယ်။ အရင်တုန်းက လွယ်လွယ်ကူကူ လိုက်လို့ရတဲ့ မိန်းကလေးမျိုးတွေက စိန်ခေါ်မှု မရှိဘူး။ ပြီးတော့ ယဲ့ကောက သူတို့ထက် ပိုလှပြီး အရမ်းလည်း အရည်အချင်းရှိတယ်။ သူက တယောရော စန္ဒယားပါအရမ်းကောင်းကောင်း တီးတတ်တယ်"

လီလီက သူ့ကိုမေးလိုက်သည်။

"ဒါဆို ဒီတစ်ခေါက် မင်း သူ့ကို ဘယ်လိုလိုက်မှာလဲ?"

ယန့်ကျိက အနားရောက်လာကာ လက်မောင်းကို ဖက်လာသည်။ထိုသူက အရပ်ရှည်ပြီး လီလီကတော့ အတော်လေးသေးကွေးသည်မို့ ရင်ခွင်ထဲ ရောက်လုနီးပါးပင်။

ပြင်းထန်သည့် ယောကျာ်းတစ်ယောက်၏ ကိုယ်သင်းရနံ့က သူ့မျက်နှာကို လာရိုက်ခတ်လာသည်။ လီလီတွင် သူ့အပေါ် ဘာအတွေးမှ မရှိပေမဲ့လည်း မခံနိုင်စွာ တံတောင်ဖြင့် တွတ်လိုက်၏။

"အရမ်းပူတယ်..ဒီလောက်ကြီး လာမကပ်နဲ့”

ယန့်ကျိကမူ လွှတ်မပေးချေ။ ဟီးလေးခိုမတတ်ကိုယ်ယိမ်းထားကာ

မေးစေ့ကို သူ့ပုခုံးပေါ် တင်ထားသေးသည်။

"ငါ သူ့ကို ည‌စာစားကြမလားလို့ မေးထားပေမဲ့ သူက ငါနဲ့ နှစ်ယောက်တည်း မသွားချင်ဘူးဖြစ်နေတယ်။ သူပြောတာက ဒီအကြောင်း တခြားသူတွေ သိသွားရင် မကောင်းဘူးတဲ့။ အဲ့ဒါကြောင့် သူက မိန်းကလေးတစ်ယောက် ခေါ်လာမှာ…ငါ့ကိုလည်း တခြားတစ်ယောက်ယောက် ခေါ်လာခဲ့တဲ့။ ရှောင်ချောင်….ချောင်အာလေး ငါနဲ့ လိုက်ခဲ့ပါလား"

အရူးမှသာ လိုက်မစားဘဲ နေလိမ့်မည်။

လီလီကမေးလိုက်၏။

"ဘယ်မှာ သွားစားကြမှာလဲ။ ရှင်းရှင်းပြောမယ်နော် ငါက စားသောက်ဖို့ပဲ တာဝန်ယူမှာ။ တခြားဟာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ ငါမသိဘူး"

ယန့်ကျိက ရယ်လိုက်၏။

"သေချာပေါက် အထက်တန်းစားသောက်ဆိုင်တစ်ခုမှာပေါ့ကွ။ ရှောင်ယဲ့ကို အဆင့်နိမ့် စားသောက်ဆိုင်ကိုတော့ မဖိတ်လိုက်နိုင်ပါဘူး။ မင်းကတော့ ပါးစပ်ကလေးပဲ ပါလာဖို့လိုတယ်။ အချိန်ကောင်းလေးရောက်ရင်တော့ မင်း တစ်ဖက်လူရဲ့ သူငယ်ချင်းလေးနဲ့ ကြူလို့ရတာပေါ့။ မင်းသာ အရင်ရသွားနိုင်ရင် မင်းကငါ့ရဲ့ အတွင်းလူဖြစ်လာပြီပဲ”

လီလီက ဟမ့်ဟု နှာမှုတ်ကာ ပြောလိုက်သည်။

"ငါ ချိန်းတွေ့ဖို့ စိတ်မဝင်စားဘူး"

"ကျစ်… အဲ့ဒါကြောင့်မို့ မင်း မိန်းကလေးတွေရဲ့ ကောင်းကွက်ကို မမြည်းစမ်းနိုင်သေးတာ"

အဆောင်တွင် လူတစ်ယောက်မှ မရှိလေရာ ယန့်ကျိ၏စကားတို့က ပို၍ မရိုးမသားဖြစ်လာလေ၏။ သူက တမင်တကာပင် ခေါင်းကို လီလီ၏ နားအနားကိုကပ်လာသည်။

"သူက အသံနိမ့်နိမ့်ဖြင့် ပြောလာ၏။

"ဘော်ဒါကြီး…ငါ‌မင်းကို ပြောပြမယ်။ အဲ့ဒီနေရာလေးက တကယ့်ကိုလှတာနော်။ စိုရွှဲပြီး မင်းပစ္စည်းကို ဆွဲစုပ်ထားတဲ့အချိန်က တကယ့်နိဗ္ဗာန်ပဲ..”

သူ့နားထဲသို့ ဝင်လာသောစကားများကြောင့် ပူနွေးကာ ယားပင်ယားယံသွားရသည်။ လီလီသည် မျက်နှာအရေထူသူဖြစ်ပေမဲ့လည်းသူ့မျက်နှာက ရဲလာပြီး မသက်မသာ ခံစားလိုက်ရ၏။ သူက တစ်ဖက်လူကို တွန်းထုတ်လိုက်လျက်

"ငါ့လို လူပျိုလေးရဲ့ ဖြူစင်မှုကို လာအန္တရာယ်ပေးမနေနဲ့ ဒီ လှည့်ဖျားတတ်တဲ့ လူယုတ်မာကတော့”

"မင်းရဲ့ လူပျိုစင်ဘဝလေးကို စွန့်လွှတ်ဖို့ တစ်ခါမှ မတွေးဖူးဘူးလား?"

တွေးဖူးတာပေါ့။ မင်းနဲ့အိပ်ပြီး မင်းဆီက ပိုက်ဆံတွေ နှိုက်ထုတ်ဖို့လေ။

လီလီ စိတ်ထဲမှ တွေးလိုက်ကာ အကြောင်းအရာကို ပြောင်းလိုက်၏။

"မင်း ဝယ်ထားတဲ့ စကင်ကဲထုတ်ကုန်တွေကို ဘာလုပ်မှာလဲ။ တခြားသူတွေကို သွားပေးစေချင်လား?"

ယန့်ကျိက​ ဆိုသည်။

"ငါက အခု ရှောင်ယဲ့ကို လိုက်နေတာလေ။ တခြားမိန်းကလေးတွေနဲ့ ကြူနေတယ်ဆိုတာ သူ့ကို သိခွင့်မပေးနိုင်ဘူး။ မင်းပဲသုံးလိုက်တော့"

လီလီ အနည်းငယ် တောင့်တင်းသွား၏။

"ငါက ဒါကို ဘာလုပ်ဖို့သုံးရမှာလဲ?"

ယန့်ကျိက သူ့အနားတိုးကပ်လာကာ သူ့အသားအ‌ရည်ကို အသေအချာ စိုက်ကြည့်လျှက် ပြုံးကာပြောလာ၏။

"အင်း မင်းရဲ့ အသားအရည်က အစက်အပြောက်လေးဝောာင် မမြင်ရအောင်ကို နူးညံတာပဲ။ ဒါတွေ သုံးစရာမလိုဘူး။ ဒါကို မင်း ဆိုင်မှာပဲ ပြန်သွားသွင်းလိုက်လေ။ အိတ်ထဲမှာ ဖြတ်ပိုင်းရှိတယ်။ ပြန်အမ်းငွေကို မင်းပဲ ယူထားလိုက်တော့"

လီလီက အမြန်ပြောလိုက်သည်။

"မလိုပါဘူး။ ငါ မင်းအတွက် ဆိုင်မှ ပြန်သွားသွင်းပေးပြီးရင် ပိုက်ဆံကို မင်းကိုပဲပြန်ပေးမယ်"

ယန့်ကျိကပြောသည်။

"မင်းပဲ ယူထားလိုက်"

လီလီက တွန့်ဆုတ်ဆုတ်ဖြင့် ခေါင်းခါလိုက်သည်။

"တကယ် မလိုပါဘူး"

သူက တစ်ဖက်လူကို အလေးအနက်ကြည့်ကာ

"အားကျိ မင်းရဲ့ ကြင်နာမှုကို ငါအသိအမှတ်ပြုပေမဲ့ တကယ် မလိုပါဘူး"

သူက တကယ်တမ်းမှာ ငွေပြတ်နေကာ ယန့်ကျိအပေါ် အမှန်ကို အခွင့်ကောင်းယူခဲ့ပေမဲ့လည်း အခမဲ့ အစားအသောက်များလောက်သာ ဖြစ်ပြီး အပြန်အလှန်အနေဖြင့် သူက ယန့်ကျိ၏ အဝတ်များကို လက်ဖြင့်လျှော်ပေးသလို အဆောင်ခန်းကိုလည်း သန့်‌ရှင်းပေးခဲ့တာ ဖြစ်သည်။ ငွေကြေးကိုတော့ ဘယ်တုန်းကမှ တိုက်ရိုက်မတောင်းဆိုခဲ့ချေ။ ယန့်ကျိက သူ့ကို ဖိအားမပေးတော့ဘဲ ပြုံးကာဖြင့် သူ့ဆံပင်ကို ပွတ်ပေးလာလေသည်။

°°°°°°°

ယန့်ကျိက ဧည့်သည်များကို ဖိတ်ကြားထားသည့်နေရာက အမှန်ပင် အဆင့်မြင့် စားသောက်ဆိုင်တစ်ခုဖြစ်ကာ အစားအသောက်များက အနောက်တိုင်း အစားအသောက်များဖြစ်၏။ အလှဆင်ယင်မှုများနှင့် ဈေးနှုန်းများကို အကဲဖြတ်ရလျှင် အလွန်အမင်းဈေးကြီးပုံပေါ်ပေမဲ့ ကံကောင်းစွာပင် ဝတ်စားဆင်ယင်မှုအတွက် သတ်မှတ်ချက်တော့ မရှိပါချေ။ လီလီက ဂျင်းဂျာကင်ဝတ်ထားခဲ့ပေမဲ့လည်း ဝင်ခွင် ရခဲ့ပေသည်။

ယဲ့ကောလည်းပဲ သူမနှင့်အတူ မိန်းကလေးတစ်ယောက်ကို ခေါ်လာသည်။ အနှီမိန်းကလေးက အနည်းငယ် ခပ်ပြည့်ပြည့်ဖြစ်ပြီး အရပ်သိပ်မမြင့်ပေ။ ယဲ့ကောက သူမဘေးတွင်ရပ်နေရာ နတ်သမီးတစ်ပါးနှင့် ပို၍ တူလေပြီး ဝတ်စုံလှလှလေးနှင့် ဒေါက်မြင့်ဖိနပ်ကို ဆင်ယင်ထားခဲ့ကာ မိတ်ကပ်ပါးပါးဖြင်ဖြစ်နေချိန် တခြားမိန်းကလေးကတော့ သိပ်ပြီး မဝတ်စားထားပဲ ဂျင်းနှင့် တီရှပ်သာ ဝတ်ထားလေ၏။

သူမက ဤသို့နေရာသို့ ဝင်လာကတည်းက သိသိသာသာကို ထိတ်လန့်နေကာ အနည်းငယ် ဂဏှာမငြိမ်ဖြစ်လို့နေသည်။ လီလီလည်းပဲ သူမက ယဲ့ကောအား တီးတိုးပြောလိုက်သံကို ကြားလိုက်ရ၏။

""ဒီလို ဈေးကြီးတဲ့နေရာကို လာမယ်ဆိုတာကို အရင်ကတည်းက ဘာလို့ မပြောပြတာလဲ။ အစကတည်းက သိရင် ပိုသင့်တော်တဲ့ အဝတ်အစားတစ်စုံ ပြောင်းဝတ်လာမှာပေါ့"

ယဲ့ကောက တီးတိုးပြန်ပြောသည်။

"ငါလည်း ကြိုမသိထားဘူး။ အဆင်ပြေပါတယ်။ ကြည့်လေ ယန့်ကျိရဲ့ အတန်းဖော်လည်း နင့်လိုမျိုးပဲ ဝတ်ထားတာပဲ"

မိန်းကလေးက နည်းနည်းလောက် မသက်မသာဖြစ်နေဆဲပေမဲ့ လီလီတစ်ယောက် သူမတို့၏ စကားများကို ကြားသွားကြောင်း သိသွား၍ ဖြစ်နိုင်၏။ သူမက မော့ကြည့်လာကာ သူ့အား ရှက်ပြုံးလေး ပြုံးပြလာသည်။

လီလီက ပြန်မတုန့်ပြန်လိုက်ပေ။ သူမက စိတ်ဝင်စားစရာမကောင်းတာကြောင့် မဟုတ်ဘဲ သူ သတိမပြုမိလိုက်တာကြောင့်ပင်။

ယခုမူ သူစိတ်က "ယန့်ကျိတော့ ရှုံးတော့မယ်" ဆိုသည့် အတွေးဖြင့်သာ ပြည့်နေခဲ့လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment