Chapter 10 တိုက်ခိုက်မှု
"သေစမ်း ခုနက လူလိမ်ပဲ သူတို့က အခု အဖွဲ့လိုက်ပါလား" တင်းချန် ထိုင်ခုံတစ်ခုကို ကောက်ကိုင်လိုက်ပြီး ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
"တျန်တျန် နောက်ဆုတ်နေ သူတို့ ရိုက်တာ မခံမိစေနဲ့"
အဲလိုနဲ့ တင်းချန်က ထိုင်ခုံနဲ့ ထိုလူအုပ်ဆီကို လှမ်းပေါက်လိုက်သည်။
တင်းချန်က သူမ ထင်သလို အသုံးမဝင်တဲ့ လူမဟုတ်ဘူးဆိုတာ ဟွာချန် သတိထားမိသွားသည်။ တင်းချန်က တိုက်ခိုက်တဲ့နေရာမှာတော့ အတော်လေး အရည်အချင်းရှိလေသည်။
တစ်ဖက်က လူတွေ အများကြီးဖြစ်နေတဲ့အချိန်မှာ တင်းချန် ကြာကြာ ဆက်ထိန်းထားနိုင်မှာမဟုတ်ဘူးဆိုတာ သူမ သိလေသည်။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သူမ ဦးလေးဘက်က အားနည်းလာပေလိမ့်မည်။
သူမလည်း အသားကင်ဆိုင်က ထိုင်ခုံက ရိုက်လို့ ကောင်းလောက်မယ်လို့ ထင်မိတာကြောင့် ကောက်ကိုင်ပြီး ဝင်တိုက်ခိုက်လေတော့သည်။
"ဟ ကြည့်လိုက်စမ်း" စားပွဲတစ်ခုရဲ့ ထောင့်တစ်နေရာမှာ ကျောင်းဖန်က သူ့ သူငယ်ချင်းကို ခပ်ကြမ်းကြမ်း ပုတ်လိုက်သည်။
"အဲ့ဒီ မိန်းကလေးက အရမ်းကြမ်းတာပဲ မဟုတ်သေးပါဘူး သူမ ဆံပင်က တိုလိုက်တာ သူမက မိန်းကလေးနဲ့ကို မတူဘူး"
စီဟွမ် က ရန်ပွဲဖြစ်နေတဲ့ နေရာကိုကြည့်လိုက် ပြီး ဆံပင်တိုတိုနဲ့ ထိုင်ခုံကို ကိုင်ပြီး တိုက်ခိုက်နေတဲ့ မိန်းကလေးကို မြင်လိုက်ရသည်။
"ဟုတ်လှချည်လားဟ သူမက တိုက်ခိုက်တာ တော်တော်ကျွမ်းတာပဲ သေစမ်း မိုက်လိုက်တာ" ကျောင်းဖန် က အက်ရှင် ဇာတ်လမ်းတစ်ပုဒ်လို အရဿာခံပြီးကြည့်နေလေသည်။
အခုချိန်မှာ ကျောင်းဖန် တစ်ယောက် ရန်ဖြစ်နေတဲ့ထဲက ဆံပင်တိုတိုနဲ့ တစ်ယောက်ကို ယောကျာ်းလေး လို့ ထင်နေ ပြီး အကြီးအကျယ် သဘောကျနေလေသည်။
စီဟွမ်က သူမ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် အနည်းငယ် အံဩသွားလေသည်။ ဟွာမိသားစုက လက်ထပ်ပွဲကျင်းပဖို့ ပြောတုန်းက သူက ဟွာတျန်ရဲ့ မိတ်ကပ်မပါပဲ သဘာဝအတိုင်းလှပနေတဲ့ မျက်နှာလေးကို မြင်ဖူးပြီးသားပေ။
သူမ မျက်ခုံးတွေ က အဲ့ဒီ တက်တက်ကြွကြွနဲ့ မိန်းကလေးနဲ့ အတိအကျကို တူလေသည်။
"သူမက ဘယ်လိုလူမျိုးပါလိမ့် စီဟွမ် အံဩနေလေသည်။ သူမက ကျောင်းမှာ မာနကြီးပြီး ယုတ်မာတဲ့ သူမျိုးလား ဒါမှမဟုတ် လူကုံထန် အသိုင်းအဝိုင်းနဲ့ ဝင်မဆန့်တဲ့ ပန့်ခ်တွေလိုမျိုးလား အိမ်ပေါ်က နှင်ချခံရတဲ့ သနားစရာ မိန်းကလေး ပဲလား ဒါမှမဟုတ် သူမကို က ရူးနေတာလား" စီဟွမ် တွေးတောနေလေသည်။
သူက သူ့သံသယတွေ ကင်းရှင်းအောင် လုပ်ရမည်ဟု တွေးလိုက်လေသည်။
ဒီလိုနဲ့ ကျောင်းဖန်က သူ့ သူငယ်ချင်းက ဘီယာပုလင်းကိုင်ပြီး တိုက်ခိုက် နေတဲ့ အထဲ ဝင်သွားတာကို တွေ့လိုက်ရလေသည်။
ကျောင်းဖန် မျက်လုံးပြူးသွားလေသည်။ ခဏလောက် ကြောင်နေပြီးတော့ သူလည်း ဘီယာ ပုလင်းတစ်လုံးကို ကောက်ကိုင်လိုက်လေသည်။
အားကောင်းတဲ့ သူ နှစ်ယောက် ဝင်ပါလာတော့ အခြေအနေက တစ်ဖက်သက် ဖြစ်သွားလေတော့သည်။
လူလိမ်က သူ့မျက်နှာက ဒဏ်ရာကို လက်နဲ့ အုပ်ထားပြီး အံကြိတ်ရင်းပြောလိုက်လေသည်။ "မင်းတို့ စောင့်နေ နောက်ကျ ငါမင်းတို့ ကို သေချာပေါက် သင်ခန်းစာပြန်ပေးမယ်"
တင်းချန် သွေးအချို့ကို တံတွေးနဲ့ အတူ ထွေးထုတ်လိုက်လေသည်။ "အရှုံးသမားကများ ပြောရဲသေးတယ် နောက် မင်းကို တွေ့တိုင်း ငါရိုက်မယ်"
တင်းချန် မျက်နှာမှာလည်း ဒဏ်ရာအနည်းငယ်ရှိနေလေသည်။ သူက မျက်မှောက်ကြုံလိုက်ပြီး စီဟွမ်နဲ့ ကျောင်းဖန်ကို လှည့်ကြည့်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါတို့က သူစိမ်းတွေလေ ဘာဖြစ်လို့ ငါတို့ကို ကူညီကြတာလည်း"
ကျောင်းဖန် က သူ့သူငယ်ချင်း အကြောင်း သူ ကောင်းကောင်း နားလည်တယ်လို့ ထင်ပြီး
"ပြုံးလိုက်ပြီး အစ်ကိုကအရမ်းတော်လို့ မိတ်ဆွေဖြစ်ချင်လို့ပါ။"
ကျောင်းဖန် ပြောပြီးတာကို မစောင့်တော့ဘဲ စီဟွမ်က ချက်ချင်းပြောလိုက်လေသည်။ "သူမက ဟွာတျန်ပဲ"
"ဘာ ဟွာတျန် ဟုတ်လား " ကျောင်းဖန်က ဆံပင်တိုတို နဲ့ ငယ်ရွယ်ပြီး ကြည့်ကောင်းတဲ့ သူက ဟွာတျန် ဆိုတာကို လန့်သွားလေသည်။ "မနေ့က တွေ့ခဲ့တဲ့ ပန်ခ့် နဲ့ မတူဘူးလား"
တင်းချန်က တုန်တုန် ယင်ယင်နှင့် "ဟေ့ မင်းဘာစကားပြောတာလည်း ငါတူမက ဘယ်လိုလုပ် ပန့်ခ် တစ်ယောက်ဖြစ်မှာလဲ"
ဟွာတျန်က ကျောင်းဖန် ဘယ်လို ထင်တယ်ဆိုတာကို ဂရုမစိုက်ဘဲ စီဟွမ်ကို ပြုံးပြလိုက်လေသည်။
"ရှင် ကျွန်မကို မှတ်မိတယ်ပေါ့ ထပ်ပြီးကူညီလိုက်ပြန်ပြီနော် ကျေးဇူးပါ"
စီဟွမ် ခေါင်းငြိမ့်ပြလိုက်လေသည်။ သူစကားမပြောရသေးချင် ကျောင်းဖန်က အော်လိုက်လေသည်။ "ထပ်ကူညီတယ်ဆိုတာ ဘာသဘောလဲဟ"
ဟွာတျန်က ရှင်းပြလေသည်။ "မနေ့က ကျွန်မ ဟွာမိသားစုက ထွက်လာတုန်းက စီဟွမ်က ကျွန်မကို ပြန်ပို့ပေးခဲ့တာလေ သူက တကယ့်ကို ကြင်နာတတ်တဲ့ လူတစ်ယောက်ပါပဲ"
"ဒါက တကယ်ကြင်နာတာပဲ..." ကျောင်းဖန် အရှိုက်ကို အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ "စီဟွမ် မင်းပြောတော့ ဟွာတျန်ကို စိတ်မဝင်စားဘူးဆို ဒါကို မင်းက စိတ်မဝင်စားဘူး လို့ ခေါ်တာလား"
စီဟွမ် မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး ကျောင်းဖန်ကို ကြည့်လိုက်လေသည်။ "မင်းပါးစပ် ပိတ်ထားလို့ ဘယ်သူကမှ မင်းကို ဆွံအနေတယ်လို့ ထင်မှာမဟုတ်ဘူး "
ဘယ်လိုပဲ ဖြစ်ပါစေ တစ်ဖက်လူကတော့ ကျောင်းဖန် စကားကို ကြားသွားလေပြီ။
ဟွာတျန် က စီဟွမ်ကို အံဩပြီး ကြည့်လိုက်လေသည်။ "အဲ့လိုလား ဒါပေမယ့် ကျွန်မက မနေ့ကလို ဝတ်စားမထားဘူးလေ ရှင်က ဒီလိုပုံစံက ရှင့် အကြိုက်လား ဒါမှမဟုတ် နည်းနည်း သဘောကျယုံပဲလား"
တင်းချန် နာကျင်မှုကို တောင် ဂရုမစိုက်တော့ပဲ ထခုန်လိုက်လေသည်။ "ဘာ မင်းက ငါ့တူမကို သဘောကျတယ် မင်းဘာလို့ တအား သဘောကောင်းနေပါလိမ့်လို့ ငါအံဩနေတာ ငါမင်းကိုပြောလိုက်မယ် မင်းကို တျန်တျန်နဲ့ သဘောတူမယ်မထင်နဲ့ မင်းတို့က တိုက်ခိုက်တာကို ဝင်ကူညီရုံတင်"
စီဟွမ် ခေါင်းကိုက်သွားလေသည်။ နှစ်ပေါင်းများစွာပေါင်းလာတာ ကျောင်းဖန် ပါးစပ်က မလိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုလို့ စီဟွမ်မထင်ခဲ့ပါ။ အခုတော့ ကျောင်းဖန် ပါးစပ်ပါမလာရင်ကောင်းမှာဘဲ လို့ တွေးမိလိုက်သည်။
စီဟွမ်က အသက်ပြင်းပြင်းရှူပြီး ဟွာတျန်ကို ရှင်းပြလိုက်သ့ည်။
"ကျောင်းဖန် ပြောတဲ့ အဓိပ္ပါယ်မရှိတာတွေ နားထောင်မနေနဲ့ ငါမင်းကိုပဲ သတိထားမိလို့ပါ မင်းနဲ့ ငါ သိနေလို့ ဝင်ကူညီတာပါ။"
ကျောင်းဖန် က အသံတိုးတိုးနဲ့ ဆက်ပြောတယ် "သူများကို ကူညီတာက မင်းရဲ့ စရိုက်မဟုတ်ဘူးလေ"
ဟွာတျန်က စီဟွမ် စကားတွေကို သံသယ မဝင်ဘဲ သူမ အကုန် နားထောင်ပြီးနောက် သူမက စီဟွမ်က အရမ်းကောင်းပြီး အလွန်ကြင်နာတတ်တဲ့သူ တစ်ယောက်လို့ ထင်သွားလေသည်။
သူမက ပြောလိုက်လေသည်။ "ကျွန်မ သိပါတယ်။ ရှင်က မတရားတာ မြင်လို့ ဝင်ကူညီတယ်ဆိုတာ ကျွန်မကို ထပ်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။"
တင်းချန် က စိတ်သက်သာရာ ရသွားပြီး "ငါ့တူမလေးကို လာမကြိုက်နဲ့ကွ ငါအခုမှ နေသာ ထိုင်သာရှိသွားတယ်"
စီဟွမ် ပြောစရာစကားမဲ့သွားလေသည်။
စီဟွမ် နောင်တရစွာ တွေးလိုက်မိသည်။
"သူခုနက ဘာလို့ တအားစိတ်တိုနေပါလိမ့်"