Chapter 25: နင် ငါ့ကို ရိုက်ရဲတယ်!
နောက်တစ်စက္ကန့်တွင် ရှန်းရုံချင်း ၏ လက်အောက်ငယ်သားတစ်ဦး က ဝက်အူချောင်းဝါးရင်း စုဖေးဖေး ရှိရာသို့ လျှောက်လာခဲ့သည်။
"ဘယ်လိုလဲ စုဖေးဖေး? မင်း ဆီမှာ အစားအသောက်ကုန်သွားပြီမလား?" ထိုသူက လှောင်ပြောင်ပြောဆို။ “ရန်ပိုင် က မင်း တကယ်ဆင်းရဲနေရင် ကူညီမယ်တဲ့၊ ငါတို့နဲ့လာပူးပေါင်းလိုက်။ နောက်ပိုင်း ဝက်အူချောင်းတွေ စားချင်သလောက်….”
သူ၏စကားသံ သည် ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း တဖြည်းဖြည်း တိုးလျသွား၏။
လူအားလုံး၏အကြည့်အောက်ဝယ် စုဖေးဖေး က လက်ထဲ၌ အရွက်တစ်ရွက် တစ်ရွက်ကိုင်လျက် အရွက် သူမ၏ကိုယ်ထည်ထက် ၃ဆကျယ်သော အိုးကြီးတစ်လုံးကို မယူလာ၏။
အိုးထဲတွင် ငါးကြီးတစ်ကောင်ပါ၍ နို့ဖြူရောင်အရည် သည် နေရောင်အောက်၌ လင်းလက်နေသည်။
"ခရက်..." ဟူသောအသံနှင့်အတူ ထိုသူ၏ပါးစပ်မှ ဝက်အူချောင်း မှာ မြေပြင်ပေါ် ကျသွားသည်။
သူ သည် နောက်ကျမှ သတိရသဖြင့် ဝက်အူချောင်းကို ကောက်ယူရန် လက်ဆန့်လိုက်သော်လည်း ယင်းမှာ မြေကြီးပေါ် လှိမ့်သွားလေပြီ။
ကျိရန် သည် မြေကြီးပေါ်က အစာကို ကောက်စားရန် မရွံပေ။ သို့သော် ကင်မရာရှေ့တွင်မူ သူ့ဂုဏ်သိက္ခာရှိသည်။ ကျွန်းပေါ်ရောက်မှ မြေကြီးပေါ်က အစာကောက်စားခြင်း သည် အရှက်ကွဲလိမ့်မည်။
သူ့လက်ကို ပြန်ရုပ်လိုက်၏။
[သူ ကောက်စားဖို့ လုပ်လိုက်တာမလား?]
[ဒီတိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ငါ ရယ်သေပြီ! ဟား...ဟား...ဟား!]
[ဒီလူက ဘယ်သူလဲ? ကျိမိသားစု က ကျိရန် မဟုတ်လား?]
[မှန်တယ်! ကျိရန်ပဲ!]
[ကျိမိသားစု က ဂုဏ်သိက္ခာရှိတဲ့မိသားစုလေ၊ ဆိုတော့ကား... မြေကြီးပေါ်က အစာကို ဘာလို့ ကောက်စားရတာလဲ?]
အိုးကြီးကို ယူလာသည်ကို မြင်သည့်အချိန် ရန်ပိုင် ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
အိုးကို အဖွဲ့ဝင်များရှေ့သို့ ချလိုက်သည်နှင့် အနံ့ သည် လေထဲတွင် ပျံ့နှံ့သွားကာ နှာခေါင်းထဲသို့ တိုက်ရိုက်ဝင်လာချေသည်။ သူ၏လက်သီးများ ကို ချက်ချင်းဆုပ်မိသွားလေသည်။
ဒီမိန်းမ ငါးကို ဘယ်ကရတာလဲ? မနေ့ က အသား၊ ဒီနေ့က ငါး...။
“အသားပဲ!အသား!” ယောကျာ်းကြီး ၃ ဦး က ရယ်လေသည်။
"အစ်မဖေးဖေး ချက်တာ အရမ်းမွှေးတာပဲ!" ထန်ထန် ၏ မျက်လုံးများတောက်ပလျက် လေးစားမှုတို့ဖြင့် ပြည့်နေချေသည်။
“မြည်းကြည့်” စုဖေးဖေး က အပြုံးဖြင့် ဆိုသည်။
ယောကျာ်းကြီး ၃ ဦး ထဲမှ ခေါင်းဆောင် က ငါးတစ်တုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ပါးစပ်ထဲ ပူသွားသော်လည်း မထွေးပစ်ရဲချေ။
"အရသာရှိတယ်! တကယ့်ကို အရသာရှိတာ!" သူ မျက်လုံးမှိတ်ကာ အရသာခံ၏။ “အသား က ချောမွေ့တယ်၊ အနံ့အသက်လည်း ကင်းတယ်။ ဒါတင်မကသေး... ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အနံ့ က လျှာထိပ်မှာ ပျံဝဲနေသလိုပဲ၊ ဒီနေ့ ဒီမှာသေရင်တောင် တန်တယ်ဟေ့!”
ထိုခေါင်းဆောင် ထံတွင် ဤမျှလောက်သော စကားလုံးများ ရှိမည်ကို မည်သူမျှ မမျှော်လင့်မိကြပေ။
စုဖေးဖေး ခဏရပ်နေပြီးနောက် ကျန်နေသေးသော ယုန်သားကို ပြင်ဆင်ရန် ထွက်သွားသည်။
အမှတ်များဖြင့် လဲလှယ်ရန်အကောင်းဆုံးအရာမှာ ဆီဖြစ်သည်။ ဟင်းချိုသောက်ရုံဖြင့် မဖြစ်။ ခန္ဓာကိုယ်အတွက် ဆီ လိုအပ်သည်။ ဆီဓာတ် လုံလောက်စွာမရပါက ဗီတာမင်ဓာတ်များ ချို့တဲ့ကာ ကျန်းမာရေးထိခိုက်နိုင်သည်။
ထို့ကြောင့် ယနေ့၏ ဒုတိယဟင်းမှာ တောနံနံနှင့် ကြော်ထားသော ယုန်သားဖြစ်သည်။
ယုန်ကို သတ်၍ သွေးသွန်ကာ လတ်ဆတ်စွာထားသဖြင့် အနံ့ဆိုးမထွက်၊ ထို့နောက် အိုးကိုအပူပေး၍ ဆီထည့်သည်။ တောနံနံကို ဆီသတ်၍ ယုန်သားထည့်ကာ ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်သည်။
တောနံနံ၏ စူးရှသောအနံ့သည် စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ယခင်ထက် ပိုမိုမွှေးကြိုင်လာသည်။
အိုး….ဘုရားသခင်!
[ဒီအခြေအနေက ဝက်အူချောင်းအဖွဲ့အတွက် ကြောက်စရာကောင်းလိုက်တာ!]
[ဟား...ဟား...ဟား! ရန်ပိုင်ရဲ့မျက်နှာကို ကြည့်ပါဦး! စိမ်းပြာရောင် ဖြစ်နေပြီ!]
[ငါ ရယ်သေပြီ! ဟား...ဟား...ဟား!]
ရန်ပိုင် နှင့် သူ၏အဖွဲ့ဝင်များ၏ မျက်နှာများ သည် ကျောက်ဖြစ်ရုပ်ကြွင်းများကဲ့သို့ မာကျောသွားချေသည်။
မိနစ်အနည်းငယ်က ဝမ်းသာစရာဖြစ်ခဲ့သည့် ဝက်အူချောင်းကို ကိုင်ရင်း ရပ်နေခဲ့ပေမဲ့ ယခုအခါ လူပြက်တဖွယ်ခံစားနေရတော့သည်။
ထိုအခိုက် စုဖေးဖေး က ထန်ထန် ကို ထမင်းပြင်ဆင်ပြီးပြီလား ဟု မေးသည်။
ဒီနေ့ညစာမှာ တောနံနံယုန်သားကြော်၊ ငါးဟင်းရည် နှင့် အမှတ်ဖြင့်လဲလှယ်ထားသော ထမင်း ဖြစ်၏။ —ပြည့်စုံခမ်းနားလှပေသည်။
[ငါ ပေါက်စီ ဝါးနေရင်း ကြည့်နေတာ ဗိုက်ဆာနေတုန်းပဲ!]
[ရူးချင်းစရာကြီး၊ မြို့ထဲကငါ့ထက် သူတို့ က ကောင်းကောင်းစားနေနိုင်တယ်!]
[ဒါကို တောရိုင်းရှင်သန်မှု လို့ တကယ်ခေါ်တာလား?!]
[ဒါ က စုဖေးဖေးရဲ့ အစားအစာရိူးပဲ!]
[မပြောတတ်တော့ဘူး... ငါ က ခေါက်ဆွဲပြုတ်ပဲ ချက်တက်တာ!]
[တကယ်စားကောင်းမှာပဲ!]
ဟင်းအားလုံး ပန်းကန်ပြားများပေါ် တင်လိုက်သည်နှင့် အနံ့တစ်ခုလုံး လွင့်ထွက်လာကာ ပတ်ဝန်းကျင်ရှိလူများ လာရောက်ရှူရှိုက်ကြသည်။
အခြားစခန်းမှ လူများပင် ရောက်လာကြသည်။
"အနံ့လေး က သိပ်ကောင်းတာပဲ! စုဖေးဖေး၊ ငါးရော အသားပါ ဘယ်ကရတာလဲ?"
ရန်ပိုင် သည် အသက်အောင့်ထားစဉ် ထိုစကားကို ကြားသောအခါ သူ က မကျေမနပ်ပြောလေသည်။
"သူတို့အဖွဲ့မှာ ထောက်ပံ့သူရှိတော့ ဒီလိုအစားအစာတွေ ရနိုင်တာပေါ့!"
ပိုင်စစ်လင်းပါ ထိုစကားထဲ ပါသွားသည်ကို သတိပြုမိသွားကြတယ်!
မှတ်ချက်များ မှာ ချက်ချင်းပွက်ပွက်ဆူထလာသည်။
သို့သော်… စုဖေးဖေး သည် စားသောက်နေသည်။
ဘေး တွင် ပိုင်စစ်လင်း ကလည်း ငါးဟင်းရည် ကို သောက်နေသည်။
အသား က အရသာပြည့်၊ အရည် က လတ်ဆတ်ချိုမွှေး!
[သူတို့က မင်းကို လစ်လျူရှုထားတာပဲ၊ ဟား...ဟား...ဟား!]
[ငါးဟင်းရည် က ကောင်းလားဟင်?]
[ရန်ပိုင့်စကားက သိပ်ရိုင်းတယ်။ ဒီတစ်ခါတော့ အစီအစဉ် က လိုက်ရိုက်နေတာ၊ စုဖေးဖေး …ယုန်ဖမ်း၊ ငါးဖမ်းတာ ငါတို့မြင်တယ်။ အရင်က သူမကို မကြိုက်ပေမယ့် ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ သံသယဖြစ်စရာ မတွေ့မိဘူး!]
[အင်း... ငါလည်း ထင်တယ်... ဒါပေမယ့် ငါ မသိတော့ဘူး...]
[စုဖေးဖေး က နည်းနည်းချစ်စရာကောင်းတယ် လို့ ငါ ထင်လာတယ်!]
[ငါကောပဲ!]
ရုတ်တရက်ဆိုသလိုပင် စုဖေးဖေး ဘက်မှ ပရိသတ်များ ပိုများလာချေသည်။
ကျွန်းပေါ်တွင် ရန်ပိုင် ကတော့ ယင်းကို မသိသေး၊ သူ၏မနာလိုမီး က ဦးနှောက်အထိ လောင်ကျွမ်းနေလျက် ယနေ့ ဤမျှကြီးစွာ ရှုံးနိမ့်မှုကို ခံစားရနေချေသည်။ သူ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ?
"ဘာဖြစ်လို့လဲ? ငါ မှားပြောလို့လား?" ရန်ပိုင် က အံ့ကြိတ်ကာ "ရိုက်ကူးရေး က လူတိုင်းကို တန်းတူဆက်ဆံရမယ်၊ တစ်ခါနှစ်ခါဆို သည်းခံပေမဲ့ ဒီအဖွဲ့ကိုပဲ ရေရှည်ထောက်ပံ့နေတာ ဆိုတော့ ဟာသပဲ! ငါတို့ကို ဘာထင်နေလဲ?"
ဤစကားများ သည် တိုက်ရိုက်ရောက်လာသဖြင့် လစ်လျူမရတော့ပေ။
ရှောင်ဟဲ ဒေါသထွက်ကာ ပန်းကန်ကို ချလိုက်လေသည်။
ဒီကောင် က တကယ်ပဲ စားချင်စိတ်ပျက်စေတယ်!
သူ ရှေ့တိုးမည့်အခိုက် စုဖေးဖေး က လက်ဆန့်၍ သူ့ကို ဆွဲထားသည်။
"အစ်မ! ဒီလိုအပြုအမူမျိုး သည်းမခံသင့်ဘူး!" ရှောင်ဟဲ က ခြေဆောင့်ကာ အော်ပြော၏။ "သူ ပိုပိုရိုင်းလာတယ်!"
"ငါ သည်းမခံတော့ဘူး၊ စိတ်မပူနဲ့" ဟု စုဖေးဖေး က ပြောပြီး ပန်းကန်ကိုချကာ ငါးဟင်းရည် နှစ်ငုံသောက်သည်။ ထို့နောက် မတ်တပ်ထရပ်၍ ရန်ပိုင် ရှေ့သို့သွားကာ ပါးစပ်ထဲက အစာကို မြိုချလိုက်သည်။
ရန်ပိုင်၏ မျက်နှာ မှာ အနီရောင်သန်းနေချေသည်။
"ဘာဖြစ်လို့လဲ? စိတ်ဆိုးသွားတာလား?" ရန်ပိုင်၏ အသံထဲတွင် မကျေချက်တွေ ပါဝင်နေ၏။ “ငါ မမှားဘူးလေ၊ နာမည်ကြီး စုဖေးဖေးနဲ့ အကောင်းဆုံးသရုပ်ဆောင် ပိုင်စစ်လင်းတို့ရဲ့— အား!"
စုဖေးဖေး လက်သီးလွှဲကာ ရန်ပိုင်၏ မျက်နှာကို တိုက်ရိုက်ထိုးတယ်!
ရန်ပိုင် နောက်သို့ပြန်ဆုတ်ပြီး မြေပြင်ပေါ် ပက်လက်လဲသွားတယ်!
"ရန်ပိုင်!"
"ရန်ပိုင်!"
လူအားလုံး အလျင်အမြန် သူ့ကို ဆွဲထူကြသည်။ ဒါရိုက်တာအဖွဲ့မှာ လန့်ဖျပ်သွားပြီး သူတို့၏နေ့လည်စာဘူးများကိုပင် ချထားလိုက်၏။
ရှောင်ဟဲနှင့် ထန်ထန် တို့ မင်သက်နေကြသည်။
ဖေးဖေး ပြောတဲ့ ‘သည်းမခံတော့ဘူး’ဆိုတာ ဒါကို ပြောချင်တာလား? ဒီလောက်တောင် သည်းမခံတတ်ပေဘူးလား!
ဒေါသဖြင့် လာမည့် ပိုင်စစ်လင်း သည် ဖြစ်ရပ်ကိုမြင်ပြီး ချက်ချင်းရပ်လိုက်ကာ မျက်လုံးထဲတွင် ပြုံးရိပ်ဝင်လာသည်။
— ‘အရင်နေ့က ငါ့ကို မြေပြင်ပေါ် လှန်ချခံရတဲ့ဖြစ်ရပ် မှတ်မိနေသေးတယ်.. ထိုအချိန်က သည်းခံပေးခဲ့တာကိုး’
"စုဖေးဖေး!" ရန်ပိုင် နောက်ဆုံးမှ ပြန်ဖြေနိုင်ပြီး မျက်နှာကိုအုပ်ကာ အံ့အားသင့်စွာ မေးခွန်းထုတ်၏။
"မင်း ငါ့ကို ထိုးတယ်? ငါ့ကို ထိုးရဲတယ်?”
"ဘာလို့ မထိုးရမှာလဲ?" စုဖေးဖေး၏ မျက်လုံးများ က ဓားတချောင်း လို ထက်မြက်နေကာ ရန်ပိုင်၏ထက်မြက်မှုကို ထပ်တလဲလဲဖိနှိပ်နေချေသည်။ "ရန်ပိုင်၊ မင်း နောက်တစ်ခါ ငါ့စခန်း ဆီ လာပြီးအော်ဟစ်မယ်ဆိုရင်… အလွယ်တကူလွှတ်ပေးမယ် မထင်နဲ့”
Chapter 26: မမရေ ညီမ ရောက်ပြီ!
စုဖေးဖေး၏ မျက်လုံးများ က ရန်ပိုင်၏ ဘောင်းဘီအောက်ပိုင်းကို စိုက်ကြည့်နေချေသည်။
ဒီလိုခြိမ်းခြောက်မှုမျိုး က ပေါ့ပျက်ပျက်ဖြစ်ပေမယ့် စုဖေးဖေး၏ ပါးစပ်ကထွက်လာတဲ့အခါ အလွန်လက်တွေ့ကျလှသည်။
[ငါ့ဟာတောင် နာကျင်လာတယ်ကွာ!]
[ဒီတိုက်ရိုက်ထုတ်လွှင့်မှု ကြည့်နေတာ... ဖန်သားပြင်ကနေ ငါ့ကိုပါ ထိုးနှက်နေသလိုဘဲ!]
[မသိရင် မေးလိုက်ပါလား]
[ဖေးဖေး၊ နင် ခြိမ်းခြောက်တာ က ဘာလို့ဒီလောက်ရယ်စရာကောင်းတာလဲ???]
[နင်ကပဲ ရယ်စရာလို့ထင်တာလား? ငါ ကတော့ ဟာသတစ်ခုလို့ထင်တယ်!]
ရန်ပိုင် စကားထပ်ပြောဖို့ ကြိုးစားသော်လည်း ကြောက်လန့်သွားသဖြင့် ပါးစပ်ပိတ်သွားသည်။ ဘောင်းဘီအောက်ပိုင်းကို ထိုးနှက်ခံရမည့် အလားအလာက သူ့ကို နောက်တစ်လှမ်း ဆုတ်စေသည်။ စုဖေးဖေး၏ စကားအမှန်ဖြစ်မည်ကို မည်သူမျှ မသံသယဖြစ်ကြပေ။
"မထွက်သွားသေးဘူးလား?" စုဖေးဖေး က မျက်ခုံးပင့်၍ကြည့်၏။ နောက်ကွယ်မှ ယောကျာ်းကြီး၃ဦး က ထမင်းပန်းကန်များချကာ စုဖေးဖေးနောက်သို့ လက်သီးဆုပ်ပြင်လျက် ရောက်လာကြသည်။
ရန်ပိုင်၏ မျက်လုံးထဲတွင် မကျေမချမ်းဖြစ်မှု ပြည့်နေသော်လည်း နောက်ထပ်တစ်လှမ်း ဆုတ်လိုက်ရသည်။
ထိုအချိန် မှတ်ချက်များတွင် အငြင်းပွားမှုများ စတင်လာသည်။
[စုဖေးဖေး က ဘာအခွင့်အရေးနဲ့ သူ့ကို ထိုးရတာလဲ?]
[ဘာလို့ ပြန်မထိုးတာလဲ? အထိုးခံဖို့ သူမ တောင်းဆိုနေတာမဟုတ်ဘူးလား?!]
[စကားနည်းနည်းပြောတာနဲ့ ထိုးဖို့တော့ မလိုဘူးမလား...]
[ဒါပေမယ့် မျက်ခုံးပင့်လိုက်တာလေး က ကြည့်ကောင်းသားဟ!]
[ပိုင်စစ်လင်း ကို သတ်ပြီး ဇနီးကို ခိုးဖို့ အစီအစဉ်ဆွဲနေတာလား! ကိုယ့်အခွင့်အရေးကို ကာကွယ်ကြ!]
[စုပိုင်အိုးသင်္ဘောကို လစ်လျူရှုလို့မရဘူး!!]
ရဟတ်ယာဉ်အတွင်း၌ စုလင်း သည် အသံလုံနားကပ်ကို ချွတ်ကာ မျက်မှောင်ကြုံ့နေ၏။
သူမရှေ့တွင်မူ ချောင်ဟဲဖုန်း ထိုင်နေသည်။ သူ၏ မျက်လုံးများသည် မက်မွန်သီးပုံသဏ္ဍာန်ရှိသော်လည်း ပိုင်စစ်လင်း၏မျက်လုံးထက် ပိုဝိုင်းသဖြင့် မူလကတည်းက လှပသည့် မျက်ခုံးများကို ထူးဆန်းစွာ ပေါ်လွင်စေပြီး အမျိုးသမီးဆန်သော စွမ်းအင်များ အလိုလို ထုတ်လွှင့်သည်။
စုလင်း ကချောင်ဟဲဖုန်းကို အရန်အဖြစ် ခေါ်လာခဲ့သည်။ လိုအပ်ပါက စုဖေးဖေးကို တစ်ချက်တည်းနှင့် ဖြုတ်ချနိုင်ရန် ဖြစ်သည်။
ဤသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ ချောင်ဟဲဖုန်း က စုဖေးဖေး၏အချစ်ဦး ဖြစ်သောကြောင့်တည်း။ သူ က နှစ်ပေါင်းများစွာ စုဖေးဖေး ဝေဖန်ခံရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
ချောင်ဟဲဖုန်းရဲ့အနောက်ကို လိုက်ရန် စုဖေးဖေး က ဓာတ်ပုံရိုက်ယူရန်အလို့ငှာ စုံထောက်များပင် ငှားရမ်းခဲ့သည်။ အရက်မူးပြီး ချောင်ဟဲဖုန်းကို နှောင့်ယှက်ဖူးသည်။ "ရှင့် ကို ချစ်တယ်" ဆိုသည့် ဆိုင်းဘုတ်များဖြင့် တိုက်တွန်းဖူးသည်။ မီဒီယာများ က ထုတ်ဖော်သည့်အခါ သူမ၏ဂုဏ်သတင်း ပျက်သုဉ်းခဲ့သည်။
ချောင်ဟဲဖုန်းကို အသုံးပြုခြင်းဖြင့် အမြတ်သာရလိမ့်ပေမည်။
စုလင်း ပြုံး၏။ အရင်တုန်းက သူမ စုဖေးဖေးရဲ့ အိပ်ခန်းပုံတွေ၊ မဂ္ဂဇင်းတွေတောင် ပို့ပေးဖူးတယ်။— အဲဒါအတွက် ငါ့ကို အပြစ်တင်လို့မရဘူး။ စုဖေးဖေးရဲ့အိပ်ခန်း ထဲမှာ ချောင်ဟဲဖုန်းရဲ့ ပိုစတာတွေနဲ့ ပြည့်နေတာ... အိပ်ခန်းထက် ကိုးကွယ်ရာနေရာလို ဖြစ်နေတာ’
ချောင်ဟဲဖုန်း က ချော့မော့သည့်အပြုံးနှင့် ဆိုသည်။ "စုလင်း၊ ငါ စုဖေးဖေးကို အစီအစဉ်ကနေ ထွက်သွားအောင် လုပ်နိုင်မယ်ဆိုတာ သေချာတယ်။ ငါ့ကို အခွင့်အရေးတစ်ခု ပေးမလား?"
စုလင်း က စိတ်မသက်မသာဖြစ်နေသည်ကို သည်းခံ၍ မျက်နှာအမူအရာညှိရန် ကြိုးစားလျက် နူးညံ့စွာပြုံးသည်။ “ဒါဆိုရင်တော့ ကျေးဇူးပဲ၊ စဉ်းစားကြည့်ဦးမယ်”
“ဟေး…ကျွန်မတို့ ရောက်ပြီ” စုလင်း ရဟတ်ယာဉ်အောက်ရှိ ကြယ်ကျွန်းပုံသဏ္ဍာန်ကို မြင်သောအခါ သူမ၏အပြုံးမှာ ရုတ်တရက် ကြီးမားလာသည်။ — 'စုဖေးဖေး၊ နင် အသင့်ပြင်ထား၊ ဒီတစ်ခါတော့ ငါကိုယ်တိုင် လာပြီ။ နင် သေအောင် သေချာလုပ်မယ်!'
...
စုဖေးဖေး စားပွဲသို့ ပြန်လည်ထိုင်လိုက်ပြီး ယောကျာ်းကြီး၃ဦးလည်း သူမ၏နောက်သို့လိုက်ကာ စိတ်လက်ပါပါ စားသောက်နေကြသည်။
အသားကျန်သေးသဖြင့် စုဖေးဖေး အပြင်သို့ အမဲလိုက်ရန် မလိုအပ်ပေ။ ခုတ်ထားသော ထင်းများ ကို စနစ်တကျ စီစဉ်ထားသည်။
သစ်ခေါက်များကို ရိုးရှင်းစွာ ပြုပြင်ပြီး ကြမ်းပြင်အဖြစ် အသုံးပြုနိုင်သည်။ ဤအတတ်ပညာကို သူမ၏ ယခင်ဆရာထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။
စုဖေးဖေး ၏ လက်များ အလုပ်လုပ်နေစဉ် ထန်ထန် က ဆေးပင်များ ဆက်ခူးသည်။
ရုတ်တရက် အနားယူစခန်းတွင် အံ့အားသင့်သံများ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ လူအားလုံး တဲများမှ ထွက်လာကြသည်ကို တွေ့ရသည်။
ဒါရိုက်တာလျို၏ အသံ သည် မိုက်ကရိုဖုန်းမှတဆင့် ပဲ့တင်ထွက်လာသည်။
"လူကြီးမင်းများခင်ဗျား၊ ချစ်ဖို့ကောင်းတဲ့ စုလင်း ကို ကြိုဆိုကြပါစို့! ချောမောလှပတဲ့ ချောင်ဟဲဖုန်းကိုလည်း လက်ခုပ်သံများဖြင့် ဂုဏ်ပြုကြပါဦးလား!"
စုလင်း? ချောင်ဟဲဖုန်း?
စုဖေးဖေး သည် ဤနာမည် ၂ခုကို သတိရသွားသည်။ ဤအသံကို ကြားသောအခါ ခါးကိုဆန့်ကာ မတ်တတ်ရပ်သည်။ သူမတို့ က ညီအစ်မများ ဖြစ်သော်လည်း အမြဲတစေ သံယံဇာတမဖြစ်ခဲ့ကြ။
ချောင်ဟဲဖုန်းနှင့်ပတ်သက်လျှင်မူ... ဤအမှတ်တရများ ကို ဖျက်ပစ်နိုင်ရင် အကောင်းဆုံးပဲ!
မှတ်ချက်များ သည် ချက်ချင်းပွက်ပွက်ဆူထလာသည်။
[အိုး! စုဖေးဖေးနဲ့ ချောင်ဟဲဖုန်း အကြောင်း မှတ်မိကြသေးလား??]
[အပြိုင်အဆိုင်ဖြစ်မယ့် အရိပ်အယောင်ပဲ!]
[အရင်တုန်းက စုဖေးဖေး သူ့ဆီ အတွင်းခံဘောင်းဘီတောင် ပစ်ပေးဖူးတယ်!]
[ချောင်ဟဲဖုန်း က စုလင်းကို ကြိုက်တယ်မလား? နောက်ဆုံးတစ်ခါကြည့်တုန်းက သူမ ကို တစ်စုံတစ်ယောက် ရိုက်ဖို့လုပ်တုန်း က သူ အရူးတစ်ပိုင်းနီးနီးပဲ! ချောင်ဟဲဖုန်းရဲ့ မျက်လုံးထဲမှာ ချစ်ခြင်းမေတ္တာ က လျှံထွက်နေတာ!!!]
[ဒီဒရမ်မာ ကို ကြည့်ရတာ ကြိုက်တယ်!]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်အရေအတွက် မြင့်တက်လာသည်။
ဒါရိုက်တာလျို သည် ပရိသတ်တိုးလာသည် ကို ကြည့်ပြီး ကျေနပ်စွာ နှုတ်ခမ်းကွေးတက်သွားတော့သည်။
စုလင်း၏ ချိုမြိန်သန်းနေသော အသံ သည် ပဲ့တင်ထွက်လာသည်။
"ဟဲလို! ကျွန်မ က စုလင်းပါ။ ကျွန်မရဲ့ မမ ဘယ်မှာလဲ ဆိုတာ သိသူရှိလား?”
"ဟိုဘက်မှာ! ပိုင်စစ်လင်း လည်း အတူရှိတယ်!" တစ်စုံတစ်ဦး က စုလင်းအား လမ်းညွှန်သည်။ စုလင်း က နူးညံ့စွာ ကြည့်လိုက်သောအခါ ထိုသူ က စိတ်တက်ကြွသွားကာ "ကျွန်တော် မင်းနဲ့အတူ ဓာတ်ပုံရိုက်လို့ရမလား? မင်းကို တကယ်ကြိုက်တာ!" ဟု ဆက်ပြောလေသည်။
စုလင်း က သဘာဝကျစွာ ခေါင်းညိတ်လိုက်သည်။ ထိုသူ က ရှေ့သို့တက်လာကာ စုလင်း ၏ဘေးတွင် ရပ်သည်။ သူမကို သွယ်လျလှပတယ်လို့ပြောနိုင်သည်။
ဓာတ်ပုံရိုက်ပြီးနောက် ထိုသူ သည် တုန်ယင်ယင်ဖြင့် ထွက်သွားလေ၏။ စုလင်း က စိုးရိမ်စွာဖြင့် "သတိထားပါနော်။ လဲမကျစေနဲ့"
[ဝိုး... စုလင်း က စိတ်ရှည်လိုက်တာ!]
[သူမ က နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သူတစ်ယောက်ဆိုတာ မသိသူရှိသေးလို့လား?]
[ပိုင်စစ်လင်း နဲ့ စုလင်း တို့ အရင်က ဇာတ်ကားရိုက်ဖူးတယ်မလား? အဲဒီအချိန်က အရမ်းရေပန်းစားခဲ့တာ၊ ဒီနှစ်ယောက် တကယ်တွဲဖြစ်ရင် ကောင်းမှာပဲ!]
[ငါလည်း သဘောတူတယ်!]
[ဟား…ဟား... လူတစ်ယောက်ဆိုရင် ပိုင်စစ်လင်း က စုလင်းကို သူမကို စွဲလမ်းတယ်ဆိုတာ အထူးပြောထားသေးတယ်! ဇာတ်လမ်း စတော့မယ်!]
စုလင်း ပြုံးရိပ်ဖြင့် လူအားလုံးကို နှုတ်ဆက်ပြီးနောက် ညွှန်ပြထားသည့်လမ်းအတိုင်း ထွက်ခွာသွားသည်။
ကင်မရာများ၏ မျက်လုံးမှ ဝေးရာသို့ရောက်သောအခါ စုလင်း၏ မျက်နှာ သည် ချက်ချင်း မျက်နှာအမူအရာမဲ့သွားသည်။
"ဘာဖြစ်သွားတာလဲ?" ချောင်ဟဲဖုန်း က မေး၏။ "ပင်ပန်းလို့လား?”
ဤနေရာတွင် ကင်မရာမရှိတော့သဖြင့် စုလင်း သည် ချောင်ဟဲဖုန်းကို ရှောင်ရှားရန် မလိုတော့။ လှည့်ပြီး စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။
"ပရိသတ်တစ်ယောက်နဲ့ ဓာတ်ပုံရိုက်ပြီးတာနဲ့ အနားယူဖို့လိုတယ်။ အစ်ကိုဟဲဖုန်း၊ ညီမ တစ်ယောက်တည်း နေဖို့ အချိန်ပေးလို့ရမလား?"
ချောင်ဟဲဖုန်း ဘာလုပ်ရမှန်း မသိတော့ပေ။ သူက စုလင်း၏လက်ကို ဆွဲယူသောအခါ စုလင်း က လက်ကို ဖယ်၍ စိတ်တိုစွာ နှာခေါင်းရူံ့လေသည်။ ချောင်ဟဲဖုန်း နောက်မှလိုက်ပြီး နှိမ့်ချစွာ လိုက်တောင်းပန်နေခဲ့သည်။
နှစ်ဦးသား မကြာမီ စုဖေးဖေး၏ စခန်းသို့ ရောက်ရှိလာသည်။ စုဖေးဖေး၏အဖွဲ့ဝင်များ သွားလာရာလမ်းကြောင့် လမ်းကြောင်းငယ်တစ်ခု ဖြစ်ပေါ်နေသဖြင့် ရှာဖွေရလွယ်ကူသည်။
စုဖေးဖေး က သူတို့ရှေ့မှာ… ပိုင်စစ်လင်းလည်း အတူရှိနေသည်။
စုလင်း က ပိုင်စစ်လင်း ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် နက်နဲသောခံစားချက်များ ပြည့်နေသည်။
ပိုင်စစ်လင်း ကမူ သူမ ရောက်လာတာကို ကို လုံးဝသတိမထားမိချေ။
စုလင်း က ချက်ချင်း ရှေ့တိုး၍ ပြုံးကာ စုဖေးဖေး၏လက်ကို နွေးထွေးစွာ ကိုင်၍ ပြောလေသည်။ “မမ၊ ညီမ မမကို အဖော်ပြုပေးဖို့ ရောက်လာတာ!”
Chapter 27: သူမ တစ်ခုခုဖြစ်နေတာလား?
စုဖေးဖေး သည် စုလင်း၏ လက်ထဲ မှ လက်ကို ဆွဲထုတ်၍ ပေါ့ပေါ့တန်တန်ပြော၏။ “ငါ သိပြီ”
[စုဖေးဖေး ရူးနေတာလား?အလှလေးကို ပိတ်ထားတယ်!]
[အင်း... ညီအစ်မတွေ ဒီလိုဖြစ်သင့်တယ်လို့ ငါတော့ မထင်ဘူး]
[စုလင်း ကို ချစ်တယ်!!]
[ချစ်ရတဲ့ကောင်မလေးရေ! ငါ့ကိုကြည့်ပါ!]
[စုလင်းကိုချစ်တယ်!!!]
စခရင်န်မျက်နှာပြင် သည် အသည်းနှလုံးစတစ်ကာတို့ဖြင့် ချက်ချင်း ပြည့်နှက်သွားကာ မှတ်ချက်ထိန်းချုပ်မှုများ ပေါ်လာသည်။
အစတွင် လူအားလုံးက စိတ်ဝင်စားဖွယ်ထင်သော်လည်း ကြာလာသည်နှင့်အမျှ ဒါရိုက်တာလျို ပင် မှတ်ချက်များကဏ္ဍ၌ ထိန်းချုပ်ခံထားရသည် ဟု ခံစားလာရသည်။
[စုလင်းနဲ့ ချောင်ဟဲဖုန်းတို့ရဲ့ ပရိသတ်တွေကို ကြည့်ပြီး ပိုင်စစ်လင်းရဲ့ပရိသတ် အရည်အသွေးမြင့်တာကို သတိထားမိတယ်]
[ဟုတ်တယ်! ပိုင်စစ်လင်းရဲ့ပရိသတ် က ဒီနှစ်ယောက်ရဲ့ပရိသတ်ထက် အဆပေါင်းများစွာ ပိုကောင်းတယ်။ ဒီလို စခရင်န်မျက်နှာပြင် ဖုံးအောင် ရေးကြတာ မတွေ့ဖူးဘူး]
[နင်တို့ မိုက်တယ်များ ထင်နေကြသလား? စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာဟ! ငါတို့ ဖြတ်သွားဖြတ်လာတွေလည်း အေးအေးဆေးဆေး ကြည့်ချင်တာဟဲ့!]
ဒါရိုက်တာလျို သည် ဖန်သားပြင်ကို ကြည့်ပြီး ချက်ချင်း သတိပေးစာတိုပို့ခဲ့၏။ နောက်ဆုံးတွင် ပရိသတ်အနည်းငယ်က လာရောက်တောင်းပန်ကြပြီး ‘သူတို့ချစ်ရတဲ့ အိုင်ဒေါလ်ကို မြင်တော့ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားသွားလို့ဖြစ်ကြောင်း၊ တည်တည်ငြိမ်ငြိမ် အားပေးမည်’ ဟု ပြောကြတော့သည်။
ဤအခိုက်တွင် စုလင်း၏ ပရိသတ်အုပ်စု fan group ထဲ၌ အစည်းအဝေးပြုလုပ်နေကြသည်။
စကားပြောသူများမှာ စုလင်း၏ကာလကြာရှည်ပရိတ်သတ်တွေ ဖြစ်ကြသည်။ ဤကြိမ်တွင် စုလင်း က နောက်ဆုံးမိနစ်များမှ ဤရိူးကို လက်ခံခဲ့သဖြင့် ပြင်ဆင်ချိန် နည်းပါးခဲ့သည်။ ‘လူသူကင်းမဲ့သောကြယ်ကျွန်း’ ဆိုသည်ကို ကြားသည်နှင့် နိုးကြားလာကြသည်။
"စုဖေးဖေး မကြာသေးမီက ရေပန်းစားလာတာ သူမရဲ့အစီအစဉ်ကြောင့်ပဲ။ စုလင်း အခုဒီကိုလာရင် အဲဒီအရူးမ က ငါတို့ စုလင်းရဲ့ကျော်ကြားမှုကို အမြတ်ထုတ်မှာ!"
"ဒီအစီအစဉ်က အခုအရမ်းရေပန်းစားနေတယ်။ စုလင်းအတွက် မကောင်းတာမရှိလောက်ဘူး"
"ဘာပဲဖြစ်ဖြစ်၊ အဆိုးတွေဖြစ်လာရင် အဆင်သင့်ဖြစ်နေဖို့လိုတယ်။ စုဖေးဖေးနဲ့ ငါတို့ စုလင်းတို့က ဆီနှင့်ရေလိုပဲ။ စုဖေးဖေး တစ်ခုခုလုပ်ရင် သူမကို ဖြုတ်ချမယ်! စုလင်းအတွက် အလျော်ပေးမယ်!"
"မှန်တယ်!"
လူသူကင်းမဲ့သောကျွန်းပေါ်တွင် စုလင်း သည် တစ်ခဏတာမျှ တုန်လှုပ်သွားပြီး နဖူးတွန့်သွားသည်။
စုဖေးဖေး၏ စရိုက်လက္ခဏာ တကယ်ပဲ ပြောင်းလဲသွားပုံပင်။
အခု နည်းနည်း နာမည်ရနေတာ သိနေလို့ ဖြစ်ရမယ်။ ဒါ့ကြောင့် ဒီလို ယောင်ယောင်ချာချာ လုပ်နေတာများလား? ဒီခွေးမကတော့!
ပထမနှစ်ကြိမ်တုန်းက သူမလက်နဲ့ ဒီခွေးကို မသတ်ခဲ့တာ သူမ အမှားပဲ။
အရင်တုန်းက စုဖေးဖေး ကို ကြယ်ကျွန်းအစီအစဉ်ထဲ ထည့်သွင်းခဲ့စဉ် က စုလင်း သည် တစ်ဦးတည်းသောသမီးဖြစ်ရန် အပြည့်အဝ ပြင်ဆင်ထားခဲ့သည်။
ဝံပုလွေကို သူမက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ရှန်းရုံချင်းကလည်း သူမ၏လက်ချက်ပင်။ မူလက တတိယလူရှိသေးသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ၂ခါ ကြည့်ပြီးနောက် စုဖေးဖေး၏ အပြုအမူ က အလွန်ထူးဆန်းနေသည်ကို သတိထားမိသည်။ သူမကိုယ်တိုင် လာမကြည့်ပါက စိတ်မသက်သာချေ။
သေချာတာက စုဖေးဖေး လုံးဝပြောင်းလဲသွားချေပြီ။
ဤကြိမ်မှာ စုဖေးဖေးကို စုမိသားစု ဆီ ပြန်ခွင့်မပြုလို့မဖြစ်တော့ဘူး!
ဤမိသားစုတွင် သမီးတစ်ယောက်သာ ရှိသင့်သည်။စုဖေးဖေး က သူ့နေရာသူ မသိပါက သူမကိုယ်တိုင် ပြပေးလိုက်မယ်!
စုလင်း၏မျက်လုံး ကျဉ်းမြောင်းကာ မျက်နှာအမူအရာပြောင်းသွားခဲ့ချေသည်။ မကြာခင်တွင် သူမ စုဖေးဖေး ထံ လှည့်ကာ ပြန်ပြုံးပြ၍ ပြောလေသည်။ “လက်မကိုင်ချင်လည်း ရပါတယ်၊ ညီမ ညစ်ပတ်မှာစိုးလို့မလား?”
ထိုစကားပြောပြီးနောက် သူမ၏မျက်နှာထက်ဝယ် ဝမ်းနည်းသွားသောအမူအရာ ထပ်မံတပ်ဆင်ထား၏။
[အိုး...ငါ့နတ်သမီးပါလား!]
[ငါငိုချင်လာပြီ! စုလင်း က တကယ်ကောင်းတဲ့သူပါ။ သူမကို အနိုင်ကျင့်မယ့်သူရှိရင် ငါ့ကို အရင်ကျော်ဖြတ်ရမယ်ဟေ့!]
အရင်တုန်းက စုလင်း ဤသို့လုပ်လျှင် စုဖေးဖေး စိတ်မကောင်းဖြစ်ကာ မကြာခဏ တောင်းပန်လေ့ရှိသည်။ ယခုတစ်ကြိမ်တွင် ချောင်ဟဲဖုန်းကိုပါ ခေါ်လာသဖြင့် စုဖေးဖေး က သူမ၏ခြေထောက်တွင် ဝပ်နေမည်မှာ သေချာသည်။
'ဟုတ်၏' ဟု စုလင်း တွေးသည်။— 'စုဖေးဖေး ဖြစ်စေ၊ ချောင်ဟဲဖုန်း ဖြစ်စေ... သူတို့အားလုံး ငါ့လက်အောက်ခံပဲ!'
၁စက္ကန့်…
၂စက္ကန့်…
၃စက္ကန့်…
စုလင်း စိတ်ထဲတွင် အချိန်ကို ရေတွက်နေသည်။ ၁၀စက္ကန့်အထိ စုဖေးဖေး စကားမပြောသေး။ ထို့အစား နောက်မှရှိနေသော ချောင်ဟဲဖုန်း က ရှေ့သို့ လှမ်းလာသည်။
"စုဖေးဖေး! မင်း ဘယ်လိုအစ်မလဲ? မင်းရဲ့ညီမ ဝမ်းနည်းနေတာ မမြင်ဘူးလား?"
စုဖေးဖေး သူ့ကို အေးစက်သောအကြည့်ဖြင့် ကြည့်နေချေသည်။ ပြန်ပြောရန် စိတ်ကူးသော်လည်း ရုတ်တရက် စိတ်မသက်မသာဖြစ်လာပြီး နဖူးတွန့်သွားသည်။
မှတ်ဥာဏ်များ က လူတစ်ယောက်၏ စိတ်နှလုံးကို ဖွဲ့စည်းထားသည်။ သူမက ချောင်ဟဲဖုန်း အပေါ် သဘောကျခြင်း မရှိတော့သော်လည်း သူ့ကိုမြင်သောအခါ မူလခန္ဓာကိုယ်ပိုင်ရှင် ၏ ခံစားချက်များ ပြန်လည်ပေါ်ထွက်လာသည်။
[ဟုတ်သား! စုပိုင်အိုးသင်္ဘောခရီးသည်များ ကို နိုးကြပါ! သင်္ဘောမြုပ်တော့မယ်! စုဖေးဖေး က ချောင်ဟဲဖုန်းကို ကြိုက်နေတုန်းပဲ!]
[အရင်က သူ့ ကို စောင့်ကြည့်ဖို့ လူငှားခဲ့တယ် မလား? ဘယ်လောက်ချစ်လိုက်သလဲ?]
[စုဖေးဖေး၊ အရူးမ! ကိုယ့်ညီမလေးကို ဘာလို့ အခုလို ဆက်ဆံနေတာလဲ!]
[စုပိုင်အိုးသင်္ဘော အစေခံလုံးလုံး မဖြစ်ရ! ဖေးဖေး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ! ပိုင်စစ်လင်း ကိုရင်ဆိုင်တဲ့အချိန် က စွမ်းအားတွေ ဘယ်ရောက်သွားလဲ!]
ချောင်ဟဲဖုန်း၏ နှုတ်ခမ်းထောင့်များ မောက်မာစွာ တက်လာပြီး လေသံမှာ အားနည်းသွားသည်။
"မှားတာသိရင် ပြင်ရမယ်။ မင်းက အစ်မကြီးဆိုတော့ ညီမလေးကို နှစ်သိမ့်ပေးသင့်တာလေ”
"သူမ ဘာမှားခဲ့တာလဲ?" ပိုင်စစ်လင်း ထံမှ ရုတ်တရက် အသံထွက်လာပြီး စုဖေးဖေးဘေးတွင် ရပ်ကာ ချောင်ဟဲဖုန်းကို ရင်ဆိုင်လေသည်။
[Oh my! အကောင်းဆုံးသရုပ်ဆောင် က ဇနီးကို ကာကွယ်နေပြီဟ!]
[စုလင်းကို နားမလည်ဘူး။ ဒီလောက်ကြီး ဘာလို့အရေးတကြီးလုပ်နေတာလဲ?]
[စုလင်း ရဲ့နှလုံးသား က ဖန်နဲ့လုပ်ထားတာလေ၊ ဒါကို စုဖေးဖေး မသိဘူးလား? ရည်ရွယ်ချက်ရှိရှိနှောက်ယှက်နေတာပဲ! ပိုင်စစ်လင်းရဲ့ပရိသတ်တွေ ဦးနှောက်မဲ့နေကြသလား?]
[မပြောတတ်တော့ဘူး။ ဟုတ်တယ်၊ ဟုတ်တယ်…လူတိုင်း က မင်းရဲ့ စုလင်းကို ဂရုစိုက်ရမယ်။ ဒီအလွယ်တကူထိခိုက်တဲ့သူကိုလေ... ဟား….ဟား]
[စုဖေးဖေး ဆီ အညစ်အကြေးပစ်တာ အဆင်ပြေသေးတယ်၊ ပိုင်စစ်လင်း ကိုတော့ ဆွဲမချနဲ့!]
စုဖေးဖေး ခဏလောက်နေမှ သက်သာလာသည်။ ထို့နောက် လက်ဆန့်ကာ ပိုင်စစ်လင်းကို နောက်သို့ဆွဲချလိုက်သည်။
အဖွဲ့ဝင်တစ်ယောက်က သူမအတွက် ရပ်တည်တယ်ဆိုတာ ဘယ်လိုလောဂျစ်ကြီးလဲ?
သို့သော် ဤလုပ်ရပ်ကို လူတိုင်းက ကွဲပြားစွာ မြင်ကြသည်။
ပိုင်စစ်လင်း၏ မျက်လုံးများ မှောင်မည်းလာပြီး စုဖေးဖေးကို ငေးကြည့်သည်။ သူ၏အကြည့် သည် မျက်နှာမှ သူ့ကိုဆွဲထားသော လက်ဆီသို့ ဖြည်းညင်းစွာရွေ့သွားသည်။
[ဘုရားသခင်! ဖြစ်နေပြီ!]
[စိတ်ပျက်နေတဲ့ပုံပဲ၊ သူ့မျက်လုံးတွေကိုကြည့်လိုက်! သူမအတွက်ရပ်တည်ပေးနေပေမဲ့ သူမက တခြားယောက်ျားကို မထိခိုက်စေချင်လို့ တားနေတာ! ဒီနာကျင်စရာ အချစ်ဇာတ်လမ်းကြီး ငါ မကြည့်နိုင်ဘူး!]
[လက်လျှော့လိုက်။ စုဖေးဖေး က မင်းနဲ့မထိုက်တန်ဘူး]
[သင်္ဘောနစ်နေပြီဟေ့...]
ချောင်ဟဲဖုန်း သည် စုဖေးဖေး၏ မျက်နှာအမူအရာကို ကြည့်ပြီး မောက်မာစွာ မျက်ခုံးပင့်ကာ ပြုံးလေ၏။ — 'လာခါနီး တိုက်ရိုက်ထုတ်လွှင့်မှုကြည့်တုန်းက စုဖေးဖေး ပြောင်းလဲသွားတယ်ထင်တာ။ အခု ပိုလှလာတဲ့အပြင် ထူးဆန်းလည်းလာတယ်’
ဒါပေမယ့် သူမ က အတူတူပဲမဟုတ်လား? အရူးမလေ…။
အရင်လိုပဲ သူ့ကိုမြင်ရင် လက်ယမ်းပြလျက် ခွေးလိုအမြီးလှုပ်မယ့် အရူးမ၊ သူ့စိတ်ထဲမှာ နှာခေါင်းရူံ့နေသော်လည်း မျက်နှာထက်တွင် ထုတ်မပြချေ။
"တော်တော့၊ စုလင်းကို တောင်းပန်လိုက်၊ ငါ..."
"တောင်းပန်ရမယ်?" အနီရောင်နှုတ်ခမ်းများထဲမှ အေးစက်သောအသံထွက်၏။
ချောင်ဟဲဖုန်း မှာ စကားဖြတ်ခံရသဖြင့် တုန်လှုပ်သွား၏။ တစ်ချိန်တည်းမှာပင် ပိုင်စစ်လင်းလည်း အံ့အားသင့်စွာ စုဖေးဖေးဘက်သို့ လှည့်ကြည့်လေသည်။
Chapter 28: စုပိုင်အိုးသင်္ဘောပရိတ်သတ်
စုလင်း က အလျင်အမြန်ပြော၏။ ‘မလိုဘူး၊ မမ တောင်းပန် မလိုဘူး! အစ်ကိုဟဲဖုန်း..."
"ဘာလို့ သူမ တောင်းပန်လို့မရတာလဲ?" ချောင်ဟဲဖုန်း စုဖေးဖေးကို ကြမ်းတမ်းစွာ ကြည့်ရင်း "မှားရင် တောင်းပန်ရမယ်။ ဘာလို့ ဒီမှာရပ်နေတာလဲ? စုလင်း ကို အခု တောင်းပန်လိုက်!"
[တအားချောချက်!]
[ဒီလေထု က ငါထင်တာထက် ပိုလန့်စရာကောင်းနေတယ်!]
[ချောင်ဟဲဖုန်းရဲ့ စုလင်းအပေါ် ချစ်ခြင်းမေတ္တာ က သိသိသာသာပဲ!]
[မဟုတ်ဘူး... သူမရဲ့အမူအရာကို ကြည့်ရင် ငါတို့ ဖေးဖေး အရင်က အများကြီးခံစားခဲ့ရမှာပဲ!]
[စုဖေးဖေးရဲ့ပရိသတ်တွေ ထွက်သွားစမ်း!]
[စုဖေးဖေး၊ မင်း ပရိသတ်တွေ ဒီမှာရှိနေလို့ရှိရင် ထွက်ခိုင်းလိုက်! စခရင်မျက်နှာပြင် ညစ်ပတ်နေပြီ!]
ချောင်ဟဲဖုန်း နောက်ဆုံးစကားပြောပြီးသည်နှင့် စုဖေးဖေး၏ မျက်နှာကို စိုက်ကြည့်၏။
စုလင်းလည်း နှုတ်ခမ်းကိုကိုက်ကာ မျက်ရည်ဝဲနေသော်လည်း မျက်ရည်မကျပဲ စုဖေးဖေးဘက်သို့ ကြည့်လျက် သနားဖို့ကောင်းလှသည်။ သို့သော် မျက်လုံးထဲဝယ် လှောင်ပြုံးတစ်ခု ဖွက်ထားချေသည်။ — ‘ဟမ့်…နင့်မှာ ဘယ်လောက်ခွန်အား ရှိသလဲ ကြည့်ချင်သေးတယ်၊ ပိုင်စစ်လင်း က နင့်ဘက်က ပြောပေးပေမဲ့ ဘာလုပ်ရမှာလဲ?’
နောက်တစ်စက္ကန့်တွင် ခြောက်သွေ့နေသော ဆေးပင်တစ်ခု လေထဲမှ ဝဲပျံလျက် ချောင်ဟဲဖုန်း၏ ပါးစပ်ထဲသို့ တိုက်ရိုက်ဝင်သွားတော့သည်!
"ဒါက ငွေမြက်ပင်၊ ခံတွင်းနံ့ဆိုးတာ ကုသဖို့ အရမ်းထိရောက်သလို အမြင်အာရုံနဲ့ အသည်းကိုလည်း ကာကွယ်ပေးတယ်။ များများစားရင် မျက်စိကန်းမှာ မဟုတ်ဘူး”
ဘာ?
စုလင်း၏ မျက်နှာ ရုတ်တရက် ဖြူရော်သွားပြီး ခေါင်းမော့ကြည့်၏။ သို့သော် သူမမြင်ရသည်မှာ ပိုင်စစ်လင်း၏ လက်ကောက်ဝတ်ကို ဆွဲကာ လှည့်ထွက်သွားသော ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။
[ကောင်းလိုက်တာ ဖေးဖေး! အချေဘုရင်မကြီး!]
[အရင်ချစ်သူ? အခုချစ်သူ? ငါ အသစ်ကိုရွေးမယ်!]
[စုဖေးဖေး က ချောင်ဟဲဖုန်းကို အသက်ပေးချင်အောင် ချစ်တယ်ဆို… မဟုတ်ဘူးလား? သူမရဲ့ အရူးလုပ်ရပ်အားလုံးက ချောင်ဟဲဖုန်း အာရုံစိုက်တာလိုချင်လို့ဆိုပြီး ပြောနေကြတာလေ၊ ဒါ အမှန်မဟုတ်ဘူးလား?]
[ငါ ရယ်သေပြီ! ဒါ ငွေမြက်ပင် မဟုတ်လား! ဆူးတွေနဲ့ ပြည့်နေတာလေ ဂရုတစိုက်ကြည့်ပါဦး!]
ချောင်ဟဲဖုန်း ဖြစ်ပျက်သည်ကို သိမြင်သောအခါ အော်၏။
"အား! နာလိုက်တာ..."
စုလင်း သည် သူမအနောက်လိုက်ချင်သော်လည်း ချောင်ဟဲဖုန်း၏ ပါးစပ်ထဲက ဆေးပင်များကို အရင်ရှင်းရမည်။
ဤဆေးပင် မှာ သေးငယ်သော ဆူးများပါ၍ ချောင်ဟဲဖုန်း၏ နှုတ်ခမ်း နာကျင်နေရတယ်!
ချောင်ဟဲဖုန်း နာကျင်မှုကို လျစ်လျူရှုကာ စုဖေးဖေး ထွက်ခွာသွားသည့် ဦးတည်ချက်သို့ မယုံကြည်နိုင်ဖွယ် ကြည့်နေသည်။
ဒီမိန်းမ ရူးနေပြီလား? သူ့ကို ဒီလိုစကားမျိုး ပြောရဲသလား!
ဆူးများ ရှင်းလင်းနေရင်း စုလင်း က ပြော၏။ “ပေါင်ပေ့၊ စိတ်မဆိုးပါနဲ့၊ မမ က အစ်ကို့ကို အရမ်းဂရုစိုက်လို့လေ၊ အစ်ကို ညီမအပေါ် ကာကွယ်တာကို မြင်ရတော့ စိတ်ဆိုးသွားတာ…”
ချောင်ဟဲဖုန်း၏ မျက်နှာချက်ချင်း ပြောင်းသွား၏။
မှန်ပေ၏။ သို့သော် သူ့အာရုံစိုက်မှုရဖို့ ဒီနည်းလမ်းက အရမ်းမိုက်ရိုင်းတယ်!
"ဂရုမစိုက်နဲ့! သူမရဲ့အာရုံစိုက်တာ ခံရဖို့ အချိန်တွေ အများကြီးရှိသေးတယ်!"
ချောင်ဟဲဖုန်း တံတွေးထွေးပြီး ဒေါသကို ချုပ်တည်းလိုက်ချေသည်။
အခြားတစ်ဖက်တွင်မူ ဆွဲခေါ်ခံရသည့် ပိုင်စစ်လင်း မှာ နှုတ်ခမ်းထောင့်ဝယ် အပြုံးတစ်ခု ကျန်ရစ်ခဲ့သည်။
[ဘေဘီပိုင်… မင်း ပျော်နေတာ အရမ်းသိသာနေတယ်!]
[ဒီအတိုင်းပဲ အဆုံးသတ်ပါစေ! လက်ဆွဲပြီး ခေါ်သွားတာဟ! လက်ကိုင်ပြီးရင် နောက်တဆင့် က နမ်းဖို့ပဲ]
[နမ်းပါ! နမ်းပါ!]
ဖေးဖေး သည် ပိုင်စစ်လင်း၏ လက်ကို လွှတ်၍ သစ်ခေါက်ခွာရန် ဘေးသို့ လျှောက်သွားသည်။ ဤဒရမ်မာဘုရင်နဲ့ဘုရင်မအတွက် သူမ တွင် အချိန်မရှိ။ အသက်ရှင်ရေး ပစ္စည်းများ ရှာဖွေရေးသာ ဦးစားပေး ဖြစ်ချေသည်။
ရှေ့ရှိ အရိပ်တစ်ခု သူမ၏ အာရုံကို ရုတ်တရက် ဆွဲဆောင်လာချေသည်။ စုဖေးဖေး ရပ်တန့်ကာ မော့ကြည့်၏။
ပိုင်စစ်လင်း က ရှေ့တိုး၍ ဒူးထောင်ထိုင်ကာ သူ၏ပီပြင်သောမျက်နှာအသွင်အပြင် ကို သူမရှေ့တွင် ဖော်ပြထားသည်။
“ငါ ကူပေးမယ်”
စုဖေးဖေး က လက်ဆန့်၍ တား၏။
"ညစ်ပတ်မှာ မကြောက်ဘူးလား?"
အရင်က လက်အိတ်နှင့် သစ်ခေါက်ခွာလေ့ရှိသော်လည်း ယနေ့တော့ လက်အိတ်မရှိပါ။
"ပြဿနာမရှိဘူး" ပိုင်စစ်လင်း ပြုံးရယ်ရင်းနှင့် စုဖေးဖေး၏ လက်ကောက်ဝတ်ကို နူးညံ့စွာ ဖယ်ရှားလေသည်။
စုဖေးဖေး က သူမ၏လက်ကောက်ဝတ်ကို ပြန်ထိရင်း နာကျင်မှုတစ်ခု ခံစားမိ၏။
[သူမကို ထိလိုက်တယ် ဒါဆို မကြာခင်လက်ထပ်ကြမှာလား?]
[ဒီထဲမှာ ပုံမှန်လူတစ်ယောက်မှ မရှိဘူးလား?]
[...]
စုဖေးဖေး ပိုင်စစ်လင်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ပြီး ကိုယ်တိုင်အလုပ်ဆက်လုပ်သည်။
ဤငယ်သား ကို သူမ တကယ် နားမလည်တော့။
ပိုင်စစ်လင်း ၏ စိတ်ထဲတွင် စုဖေးဖေး ဆေးပင်ပစ်လိုက်သည့် မြင်ကွင်းသာ ရှိနေသည်။ ဒါက… တကယ်ကို…အဆုံးမရှိ အံ့ဖွယ်ပင်။
တောင်ထိပ်ရှိ ထိန်းချုပ်ရုံးတွင်မူ စုလင်း သည် ဒါရိုက်တာလျို၏ ထိုင်ခုံ ၌ ထိုင်လျက် ရေခဲဖရဲသီးဖျော်ရည် ကိုင်ထားသည်။
ဒါရိုက်တာလျို က နံဘေးတွင်ရပ်၍ မျက်နှာပေါ်တွင် ချော့မော့လိုသည့်ဟန်များ ပြည့်နေချေသည်။
စုလင်း က ဖရဲသီးဖျော်ရည်ခွက်ကို ချထားပြီး ချိုမြိန်စွာပြုံးကာ "ဖျော်ရည်အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာ။ ထိုင်ပါဦး”
"မလိုပါဘူး၊ မလိုပါဘူး! စုလင်း ဘာများလဲ?”
"ဧည့်သည်တွေ ဒီလောက်ကြာ ရှင်သန်ရတာ ပင်ပန်းနေကြမှာပဲ။ ဒီည မီးပုံပွဲလုပ်မယ်ဆိုရင်ကော?"
ဒါရိုက်တာလျို နည်းနည်းတွန့်သွားသည်။
ဤတောင်းဆိုချက် သည် အလွန်များသည်မဟုတ်သော်လည်း ဤရိူး မှာ အသက်ရှင်ရေးအစီအစဉ်ဖြစ်သည်။ မီးပုံပွဲပြုလုပ်ခြင်းသည်... ဧည့်သည်များအတွက် အကျိုးရှိမည်။ မီးမွှေးရန် အခက်အခဲရှိသည့် အဖွဲ့များအတွက် ပြဿနာဖြေရှင်းရာရောက်မည်။
စုလင်း ထပြီး ဒါရိုက်တာလျိုကို ထိုင်ခုံပေါ် ဖိထိုင်စေကာ ပခုံးများပေါ်တွင် လက်တင်၍
"ဒါရိုက်တာလျို၊ ရှင် ဒီလောက်ကြာအောင် သည်းခံရတာ ပင်ပန်းမှာပဲ။ ခဏအနားပေးပါဦးလား၊ ကြည့်ရူသူအရေအတွက် များလာနိုင်တယ်လေ…”
ဒါရိုက်တာလျို က ခေါင်းငုံ့ရင်း စဉ်းစားနေစဉ် စုလင်း တွန်းအားတစ်ခုထပ်ထည့်ချေသည်။
"ကျွန်မအဖေနဲ့လည်း ဘတ်ဂျက်ကိစ္စ ဆွေးနွေးလို့ရတယ်"
ဒါရိုက်တာလျို သည် ဘတ်ဂျက်စကားကြားသည်နှင့် စုလင်း၏ လက်ကို ပုတ်၍ ပြုံးသည်။
"ကောင်းပြီလေ၊ စုလင်း မင်းလေး က ငါတို့ရဲ့ ကံကောင်းတဲ့ကြယ်ပဲ! မင်း လာတာနဲ့ ကြည့်ရူသူလည်း တိုးတဲ့အပြင် စကားဝိုင်းတစ်ခုလည်း ရမှာ”
ဒါရိုက်တာလျို က စုလင်း၏ ဖြူနုနေသောလက်ကို ပွတ်သပ်လေ၏။
စုလင်း က လက်ကို အလျင်အမြန်ဆွဲထုတ်လိုက်ပြီး "ဒါဆို မနက်ဖြန်မှာ သတင်းစောင့်နေမယ်!"
အပြင်ရောက်သည်နှင့် စုလင်း အန်ချင်သလို ခံစားရသည်။— 'ပြန်ရောက်ရင် အဖေ့ကို ဒီဒါရိုက်တာ ပြောင်းပစ်ဖို့ တောင်းဆိုရမယ်! ရွံစရာကြီး!'
…
ဤရက်ပိုင်းအတွင်း စုဖေးဖေး တွင် အမှတ်များ လုံလောက်နေပြီ။ သို့ဖြစ်၍ စခန်းတွင် သစ်ခေါက်များ ကိုင်တွယ်ရန် လူအားလုံးကို စီစဉ်ထားသည်။ လူကြီးများအတွက်မူ သစ်ပင် ဆက်လက်ခုတ်ရန် စီစဉ်ထားသည်။
နေပူသည်မြင့်တက်လာချိန်၊ စုဖေးဖေး မော့ကြည့်ပြီး နေ့လည်စာစားချိန်နီးပြီဆိုတာ သတိရသွားသည်။
စုဖေးဖေး ထရပ်ကာ လက်ခုပ်တီးလိုက်ပြီး စားရန် ကြေညာမည့်အချိန်တွင် စကားပြောစက် မှ ရင်းနှီးနေကျ ‘တဂျစ်ဂျစ်’ အသံ ထွက်လာသည်။
ဒါရိုက်တာအဖွဲ့ စကားပြောတော့မည်။__ "လူကြီးမင်းများခင်ဗျား၊ ဝံပုလွေဂိမ်း မှာ အသက်ရှင်နှုန်းမြင့်မားမှုကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ညတွင် မီးပုံပွဲ ပြုလုပ်မှာဖြစ်တယ်၊ အစားအစာအားလုံးကို အဖွဲ့ က ပေးပါမယ်!"
အသံဆုံးသည်နှင့် အသံလွှင့်မှု ပြီးဆုံးသွား၏။
တိတ်ဆိတ်မှုအနည်းငယ်ကြာပြီးနောက် အနားယူစခန်းမှ ပျော်ရွှင်သောအသံများ ထွက်ပေါ်လာသည်။
"ဟူရေး! အစာရှာစရာမလိုတော့ဘူး!"
"မီးပုံပွဲမှာ ဗိုက်ကွဲအောင် စားမယ်!"
"မီးပုံပွဲက အစားအသောက်တွေ ယူသိမ်းထားလို့ရမလား?"
"ဒါရိုက်တာ ကို မေးကြည့်မယ်!"
"နတ်ဘုရားမ၊ စုလင်း ကို ကျေးဇူးတင်ပါတယ်! သူမရောက်လာတာနဲ့ ကံကောင်းခြင်းတွေ ယူဆောင်လာတာပဲ!"
Chapter 29: မင်း ဒီလောက်ခက်နေလား?
ရှောင်ဟဲ က လူတွေရဲ့ ရွှင်မြူးသံကို ကြားတော့ နှုတ်ခမ်းစူ၏။
“ဘာများ ကံကောင်းနေလို့လဲ…”
စုဖေးဖေး တည်ငြိမ်နေလို့ မဟုတ်ရင် စုလင်းရဲ့ အရင်လုပ်ရပ်တွေ က ထောင်ချောက်ထဲ ပို့ပေးလိုက်မှာ!
ဒီလူတွေ မျက်စိကန်းနေကြတာလား?
စုဖေးဖေး ဝမ်းသာပျော်ရွှင်နေသော ထန်ထန်ကို ကြည့်ပြီး နူးညံ့စွာ မေးသည်။"သွားချင်လား?"
ထန်ထန် က မျက်လုံးတောက်ပလျက် ခေါင်းညိတ်သည်။
“အင်း၊ သွားကြမယ်” စုဖေးဖေး ခေါင်းညိတ်၏။
နောက်တစ်ဖန် အနားယူစခန်းမှာ ရွှင်မြူးအသံများ ပိုမိုကျယ်လောင်လာသည်။
ပွဲသွားမည် ဟု ကြေညာပြီးနောက် လူတိုင်း၏အလုပ်လုပ်အား တိုးလာသည်။ နေဝင်ချိန်ရောက်သောအခါ အားလုံး စုဖေးဖေး၏ အမိန့်ကို စောင့်ကြ၏။
စုဖေးဖေး က သူတို့၏ စိတ်အားထက်သန်မှုကို သတိပြုမိသဖြင့် သစ်ခေါက်ကိုချကာ "သွားကြလေ"
"သွားကြရအောင်!" ဝေးရာမှ ရပ်နေသော ယောကျာ်းကြီး၃ဦး က ပုဆိန်များချပြီး ပြေးထွက်သွားသည်။
ထိုလူကြီးများ၏ အလုပ်နည်းနည်းကျန်နေသဖြင့် စုဖေးဖေး က ရှင်းရန် ရောက်လာခဲ့ပြီး လှည့်ကြည့်လိုက်သည့်အခါ ပိုင်စစ်လင်း က သန့်ရှင်းထားသော သစ်တုံးပေါ်ထိုင်ကာ ပြုံးလျက် ကြည့်နေသည်ကို တွေ့ရသည်။
[သောက်ကျိုးနည်း! ဒီမြင်ကွင်းက လှလွန်းလိုက်တာ!]
[ဘေဘီပိုင်ရေ…. ဇနီးလေး အချိန်ဖြုန်းနော်!]
[နမ်းတဲ့အခန်း ဆီ ချက်ချင်းသွား!]
[မီးပုံပွဲ က စိတ်ဝင်စားစရာဖြစ်လာပြီနဲ့တူတယ်နော်?]
[မီးပုံပွဲမသွားနဲ့၊ နှစ်ယောက်သား လမ်းလျှောက်ထွက်ကြ!]
"သွားမယ်။ ဒီမှာရပ်မနေနဲ့" စုဖေးဖေး လာပြီး ပိုင်စစ်လင်း၏ လက်မောင်းကို ပုတ်ကာ ဖြတ်သွားသည်။
ပိုင်စစ်လင်း ချက်ချင်း နောက်မှလိုက်လာသည်။
မျက်နှာပြင်ပေါ်တွင် စုပိုင်အိုးသင်္ဘောခရီးသည်များ၏ ဟီးရယ်သံများ ပြည့်သွားတော့သည်။
နေဝင်ချိန် နီးကပ်လာသောအခါ စခန်းဗဟိုရှိ မီးပုံကြီး က စတင်လောင်ကျွမ်းနေပြီ ဖြစ်သည်။ ဒါရိုက်တာအဖွဲ့ မှာ အရင်းအမြစ်ကြွယ်ဝသဖြင့် မီးပုံပွဲကို စနစ်တကျပြင်ဆင်ပေး၏။ မီးလျှံကြီးများနှင့် နေဝင်ချိန်တို့ သည် ကျွန်းသူကျွန်းသားများကို စိတ်လှုပ်ရှားစေသည်။ လေတိုက်လာသောအခါ အေးမြသောထိတွေ့မှုကို ယူလာ၏။
စုဖေးဖေး ရပ်လိုက်ပြီး လေထဲက အေးစက်မှုကို ခံစားရင်း ပြုံး၏။
"မနက်ဖြန် နေသာလိမ့်မယ်”
နောက်ဆုံးဟောကိန်းပြီးနောက် မည်သူမျှ စုဖေးဖေး၏စကားကို ဝါကြွားမှုဟု မယူဆကြတော့ပေ။
ရှောင်ဟဲ ရှေ့တိုးလာပြီး မေးသည်။
"တကယ်လား? ဒါဆို သစ်ခေါက်တွေကို ညဘက် အပြင်မှာ ထားရမယ်!"
"ဟုတ်တယ်! ဒါဆို မနက်ဖြန်ဆို ခြောက်ပြီ!" ထန်ထန် က ပြန်ဖြေသည်။
နောက်ကျောမှ အေးစက်သော နှာခေါင်းသံတစ်သံ ထွက်ပေါ်လာသည်။
"မိုးရွာမယ်လို့လည်းပြော၊ နေသာမယ်လို့လည်းပြော။ မင်း က မိုးလေဝသခန့်မှန်းသူလား?" ချောင်ဟဲဖုန်း က ကြားနေအသံဖြင့် ဆိုသည်။
ချောင်ဟဲဖုန်း ကို ဖျော်ဖြေရေးလောကတွင် ပွင့်လင်းမှုကြောင့် လူသိများသည်။ ထို့ကြောင့် ဤစကားများ က သူ၏စရိုက်နှင့် ကိုက်ညီသည်။
အလွန်အကျွံမဟုတ်သရွေ့နှင့် ပစ်မှတ်မှာ နာမည်ဆိုးနေသော စုဖေးဖေးဖြစ်သဖြင့် မည်သူမျှ ဂရုမစိုက်ကြချေ။ မှတ်ချက်အချို့က စုဖေးဖေးအတွက် ပြောနေသော်လည်း စုလင်း၏ ပရိသတ်များ က ချက်ချင်းဖုံးအုပ်သွားကြသည်။
"အစ်မဖေးဖေး ပြောတာ မှန်တယ်.." ထန်ထန် က အနည်းငယ်မကျေမနပ်ဖြစ်ကာ အသံတိုးဖြင့် ဆို၏။
ချောင်ဟဲဖုန်း၏ မျက်လုံးကျဉ်းမြောင်းကာ သူမကို စိုက်ကြည့်နေသည်။
ထန်ထန် ချက်ချင်း စုဖေးဖေးနောက်မှာ ဝင်ပုန်းသည်။
စုဖေးဖေးရဲ့မျက်နှာမှောင်သွားပြီး စကားစပြောမည့်အချိန် လူတစ်ယောက် ချဉ်းကပ်လာသည်။
"ဒါက မိုးလေဝသ ခန့်မှန်းချက်ပေါ် မူတည်တယ်" ပိုင်စစ်လင်း၏ အသံ က ညတွင်းခေါင်တွင် အထူးစွဲမက်ဖွယ်ကောင်းနေသည်။ သူ့လက်ထဲတွင် စုဖေးဖေးပေးသော ကြက်ရင်အုပ်ခြောက်ကို ဆုတ်ကိုက်နေဆဲဖြစ်သည်။
"ဒါရိုက်တာအဖွဲ့ရဲ့ အကူအညီနဲ့ ရိုက်ကွင်းပေါ်ရောက်လာပြီး ကိုယ့်ခြေထောက်ပေါ် မရပ်နိုင်တဲ့ အမှိုက်တွေထက် ပိုကောင်းတယ်လေ၊ မင်း ဘယ်လိုထင်လဲ ချောင်ဟဲဖုန်း?"
"..."
တိတ်ဆိတ်သွားချေသည်။
[ဖာ့ခ်... ပိုင်စစ်လင်း က သန်မာလာတာလား?]
[သူ က ရန်ဖြစ်ချင်နေတာလား?]
[ချောင်ဟဲဖုန်းရဲ့ပရိသတ်တွေရေ၊ ပွင့်လင်းမှု က ဘာလဲဆိုတာ သေချာကြည့်ကြ!!!!]
[မေ့နေတာနဲ့တူတယ်! ပါးစပ်ထက်တဲ့နေရာ ဆို ပိုင်စစ်လင်း က ထိပ်တန်းပဲ! ဒုတိယဖြစ်ဖို့တောင် ဘယ်သူကမှ မလုဝံ့ဘူး!!!!]
[ဘယ်သူမှ အညံ့မခံဘူးပဲ၊ ထန်ထန်ကို စုဖေးဖေး က ကာကွယ်၊ စုဖေးဖေးကို ပိုင်စစ်လင်း က ကာကွယ်။ အိုး... ဒါဆို မိသားစုနဲ့တူတယ်နော်!]
[ပြောရုံပြောတာ၊ ကြက်ရင်အုပ်ခြောက်ကို ယူလာတာက နည်းနည်းဟာသမြောက်တယ်၊ ဟား…ဟား!]
[ဖေးဖေး ပေးတဲ့ အားဆေးလေ! ဘယ်လိုလွတ်ချင်မလဲ!]
ချောင်ဟဲဖုန်းနှင့် စုလင်း၏ မျက်နှာများ ချက်ချင်းပင် ပျက်ယွင်းသွား။ ပိုင်စစ်လင်း၏ စကားများသည် သူ၏စိတ်အခြေအနေပေါ် မူတည်သည်။ စိတ်ကောင်းရင် ချိုသာစွာပြောလိမ့်မယ်၊ စိတ်ဆိုးရင်တော့…
တစ်ခဏကြာသည်အထိ ချောင်ဟဲဖုန်း စကားဆက်မပြောရဲတော့။
မဝေးလှသော နေရာမှ ရန်ပိုင် အဖွဲ့ က စိတ်ပျက်ဟန်ဖြင့် ခေါင်းခါလျက်။
ကောင်းသောဇာတ်လမ်းကြည့်ရမည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် ဤသို့ပင် ဖြစ်သွားသည်။
စုဖေးဖေးနှင့် သူမ၏အဖော်များကို ဘာလို့ အနိုင်ယူလို့မရတာလဲ?
မတရားဘူး!
ထန်ထန် က လေထုကို ပြေလျော့စေရန် စုဖေးဖေး၏ လက်ကောက်ဝတ်ကို ဆွဲကာ "ခေါင်းဆောင်! ညီမ ကြက်ခြေထောက်တွေ အများကြီးရလာတယ်… ကင်ကြမယ်!"
စုဖေးဖေး ထန်ထန်၏ ခေါင်းကို ပုတ်ပေးပြီး သူမနှင့်အတူ ထွက်လာခဲ့၏။
ဒါရိုက်တာအဖွဲ့ က အစားအစာပေးသော်လည်း ဟင်းခတ်အမွှေးအကြိုင်များကို မပေးထား။
စုဖေးဖေး က အင်္ကျီအိတ်ထဲမှ ဟင်းခတ်ပုလင်းများ ထုတ်၏။ ထန်ထန် မှာ မျက်လုံးများ တောက်ပလာပြီး အားကျဖွယ်ကြည့်နေသည်။
"ခေါင်းဆောင် က စဉ်းစားတက်ပါပေတယ်!" ထန်ထန် ဟင်းခတ်ပုလင်းများကို ရတနာရလိုက်သလို လက်ခံကာ သတ်မှတ်ထားသော မီးဖိုဆီသို့ ပြေးသွားသည်။
ပိုင်စစ်လင်း ကြောင့် သူတို့ရရှိသော မီးဖိုမှာ အဆိုးဆုံးမဟုတ်။
စုဖေးဖေး က မီးစမွှေးသည်။
"ဒီမီးဖိုကို ဒီလိုမသုံးရဘူး" စုဖေးဖေး နောက်ပြန်လှည့်ကြည့်သည်။ ကြည့်လိုက်ရာ ပိုင်စစ်လင်း ဖြစ်နေသည်။
ပိုင်စစ်လင်း နောက်မှလိုက်လာပြီး မီးဖို၏ဘေးရှိ အနီရောင်ခလုတ်ကို ဖွင့်လိုက်သည်။ လျှပ်စစ်ကွန်ယက်မှ မီးအား က အနီရောင်တောက်လာသည်။
စုဖေးဖေး သည် မှတ်ဥာဏ်များမှ တဆင့် သိသော်လည်း ကိုယ်တိုင်မြင်ရတော့ ထူးဆန်းနေဆဲဖြစ်သည်။ သူမ မျက်ခုံးပင့်ကာ အနီခလုတ်ကို ပြန်ဖွင့်သည်။ ဘယ်ဘက်လှည့်လျှင် မီးတောက်သေး၏။ ညာဘက်လှည့်၍ မီးတောက်ကြီးမည်ကို မြန်မြန်နားလည်သွားသည်။
အတော်အသုံးဝင်ပေသည်။
မီးမွှေးဖို့ လုပ်စရာမလိုသဖြင့် ရန်သူတွေ အလွယ်တကူ သတိထားမိမှာ မဟုတ်ဘူး။ ပြဿနာတစ်ခုမှာ ဤစက်ကြီး သည် သယ်ရန်ခက်ခဲခြင်းဖြစ်သော်လည်း...
စုဖေးဖေး ရုတ်တရက် သတိရသွားပြီး ပြုံး၏။ သူမ က စစ်တပ်ကို ဦးဆောင်နေတဲ့ ခေါင်းဆောင် မဟုတ်တော့ဘူးပဲ…။
ထန်ထန် ၏ အာရုံပြန်ရောက်လာပြီး လက်ထဲတွင် ကြက်ခြေထောက် ၅ ခု ကို သံပြားပေါ်တင်သည်။ ‘တဖြစ်ဖြစ်’ အသံများနှင့်အတူ ထန်ထန်၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးပေါ်လာသည်။
"အဖွဲ့အတွက် ပုံမှန်ဖြစ်နေပေမယ့် အလကားရတာကို တွေးမိရင် ပျော်နေတုန်းပဲ" ဟု ထန်ထန် က ပြုံးသည်။
[သူမ က အလကားလို့ ထင်နေတယ်!]
[ထန်ထန်လည်း ဟာသဘုရင်မပဲ!]
[ငါ ရေသောက်နေတာ ရေတွေထွက်ကျကုန်လို့!]
[အတည်ပေါက်ကြီး ဟာသလုပ်နေတာ၊ ဟား…ဟား!]
"ငါ ကူမယ်"
စုလင်း ရုတ်တရက် ထန်ထန်နောက်မှ ပေါ်လာပြီး သူမ၏ လက်ထဲက ကြက်ခြေထောက်ကို ယူသွားသည်။ သူမ က ကျွမ်းကျင်စွာ ဆီသုတ်၍ ကြက်ခြေထောက်ကို ကင်တော့သည်။
ထန်ထန် စိတ်လှုပ်ရှားလွန်းသဖြင့် စကားမပြောနိုင်တော့။
စုလင်း ရောက်နေတာ သိသော်လည်း ဤမျှနီးကပ်စွာ တွေ့ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!
စုလင်း က ပွဲဦးထွက်တာ နောက်ကျသော်လည်း ဝက်ဘ်ဇာတ်လမ်းတိုဖြင့် နာမည်ရလာပြီး သူမ၏ကျော်ကြားမှုလမ်းကြောင်းမှာ ချောမွေ့လှသည်။
အရသာ၊ အနံ့၊ အဆင်း သုံးပါးညီသော ကြက်ခြေခြောက်များ မကြာမီ အဆင်သင့်ဖြစ်နေချေပြီ။ စုလင်း ကိုယ်တိုင် ထန်ထန်ထံ ပေးလိုက်သည်။ ထန်ထန် နွေဦးလေလို နွေးထွေးသောခံစားချက်ကို ရခဲ့၏။
ထန်ထန် စိတ်လှုပ်ရှားစွာ လက်ခံပြီး ကြက်သား၏ နူးညံ့မှုကို သတိပြုမိသည်။ ကြက်ခြေထောက် ကို အပြည့်အဝကင်ပြီး အနံ့ က သွားရည်ကျစေသည်။ "ဝိုး!"
[ဟမ့်... ထန်ထန် မှာ အမြင်ရှိတယ်! ငါတို့ စုလင်းမှာ လျှို့ဝှက်ကျွမ်းကျင်မှုတွေ အများကြီးရှိတယ်!]
[မှန်တယ်! ဖေးဖေးတစ်ယောက်တည်း ချက်တတ်တာမဟုတ်ဘူး]
[စုဖေးဖေး အရင်တုန်းက ငါးချက်တာ မလှဘူးလို့ မြင်ဖူးတယ်။ ဓားကိုင်တာလည်း မကောင်းဘူး။ ဒါရိုက်တာအဖွဲ့ က စီစဉ်ထားတာဖြစ်မယ်။ သူမ က ချက်တတ်တာမရှိဘူး၊ သရုပ်ဆောင်တွေကို ငှားထားတာ!]
မှတ်ချက်များသည် စုလင်း ပရိသတ်များဖြင့် ဖုံးလွှမ်းသွားသည်။
စုလင်း၏ မျက်လုံးများ တောက်ပလာပြီး နှုတ်ခမ်းထောင့်ကွေးတက်သွားသည်။ ဤသည်မှာ သူမ လိုချင်သောအရာပင်။ — စုဖေးဖေးကို အသုံးမကျသူအဖြစ် ပြသရန်။
တောရိုင်းကျွမ်းကျင်မှုအနည်းငယ်သိခြင်း က ဘာအသုံးဝင်လို့လဲ? နောက်ဆုံးတွင် မြို့ပြသို့ပြန်ရမည်သာ။
အရသာနှင့် လက်ရာမြောက်မှုသာ အဆုံးစွန်သောလူ့အကြိုက်တွေ ဖြစ်ချေသည်။
ထိုအတွေးဖြင့် သူမ၏လက်ရာကို မြင်သလား ဟု သိရန် ပိုင်စစ်လင်းဘက်သို့ တိတ်တဆိတ် ကြည့်လိုက်သည်။ သူ၏မျက်လုံးများကို မမြင်ရသေးမီ ယောကျာ်းကြီး၃ဦး၏ အသံများ ဝေးရာမှ ရောက်လာသည်။
"ခေါင်းဆောင်! သိုးသားတစ်ကောင်လုံး ရောက်လာပြီ!"