(14) ကြောင်နက်၏ လက်စားချေခြင်း(3)
“ငါလည်း အဲဒီရုပ်ဆိုးတဲ့ပစ္စည်းတွေ ပိုင်ဆိုင်ရမှဖြစ်တော့မယ်”
ထျန်းမင် ထိုင်နေရာမှ ထရပ်လိုက်ပြီး ဝရံတာတံခါးကို သွားဖွင့်ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ ဝရံတာလက်ရမ်း၌ ထိုင်လျှက်ရှိနေသော စစ်မှန်သည့်အနက်ရောင်ကြောင်တစ်ကောင်အား တွေ့လိုက်လေသည်။
ထိုကြောင်က မည်သည့်နေရာမှ ရောက်လာသလဲဆိုသည်ကိုတော့ သူ မသိရှိခဲ့ချေ။ လက်ရှိတွင် ထိုကြောင်က သူ့၏လက်ဖဝါးကို လျှာဖြင့်လျက်နေပြီး သူ့အား အစိမ်းရောင်တောက်ပသည့်မျက်လုံးများနှင့်ကြည့်ကာ အော်ဟစ်လာသည်။
ထျန်းမင်သည်ကား သူ၏နှလုံးသားထဲရှိ နာကျည်းမှုများကို ထုတ်လွှတ်စရာနေရာမရှိနိုင်ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ ထိုကြောင်ကို မြင်တွေ့လိုက်ရချိန်တွင် မုန်းတီးမှုများက သူ့၏နှလုံးသားထဲသို့ ထပ်မံတိုးဝင်လာခဲ့တော့သည်။
သူက သူ့၏အနောက်တွင်ရှိနေသည့် ဝိုင်ယာကြိုးကို ပြန်သွားယူခဲ့ပြီး ကြောင်နက်ဆီသို့ ဖြေးဖြေးချင်း ချည်းကပ်သွားလိုက်သည်။
“မင်းသေလိုက်တော့ တိရစ္ဆာန်ကောင်!”
အလွန်ရုပ်ပျက်ဆင်းပျက်အမူအရာဖြင့် ထျန်းမင်တစ်ယောက် ကြောင်နက်ဆီသို့ ခုန်ဝင်သွားခဲ့သော်လည်း မမျှော်လင့်စွာဖြင့် ကြောင်နက်က သူ့၏မျက်နှာပေါ်သို့ တိုက်ရိုက်ခုန်လာခဲ့ပြီး ထက်ရှသော လက်သည်းများနှင့် သူ့၏မျက်နှာကို ကုတ်ခြစ်လာတော့သည်။
ထျန်းမင် နာကျင်စွာအော်ညည်းလိုက်မိသည်။ သူက လက်ထဲတွင် ကိုင်ထားသည့် ဝိုင်ယာကြိုးအား လွှတ်လိုက်ပြီး သူ့၏မျက်နှာထက်မှ ကြောင်ကို ဆွဲခွာချင်ခဲ့သော်လည်း ထူးဆန်းသော အားတစ်မျိုးမျိုးမှ ကန်ကျောက်လာမှုကိုသာ ခံလိုက်ချေတော့သည်။
သူ့၏အပေါ်ပိုင်းခန္ဓာကိုယ်မှာ ဟန်ချက်ပျက်သွားရကာ ဝရံတာပေါ် မှ ချော်ကျသွားပြီး အဆုံးတွင်တော့ အရှန်မထိန်းနိုင်ခဲ့ဘဲ သုံးလွှာမှ ပြုတ်ကျသွားခဲ့လေ၏။
သူ့၏ လက်မောင်းနှင့် နံရိုးများမှာလည်း ပြုတ်ကျသည့်အားဖြင့် ကျိုးကြေသွားချေပြီ။
သူ မြေပြင်ပေါ်တွင် နားမလည်နိုင်စွာ လှဲနေရင်း နာကျင်စွာရုန်းကန်မိကာ ညည်းညူခဲ့သည်။
ထိုအချိန်တွင် သူ့မြင်တွေ့ခဲ့ရသည့်ကြောင်နက်မှာ အပေါ်မှ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလာပြီး ချွန်ထက်သည့်သွားများကို ဖြဲ၍ဖော်ပြလာကာ သူလဲနေသည့်နေရာ အနီးသို့လျှောက်လာလေသည်။
ထိုခဏ၌ ထျန်းမင်၏မျက်နှာသည်ကား သူနှိပ်စက်ညှင်းပန်းခဲ့သည့် ထိုလမ်းဘေးတိရစ္ဆာန်လေးများကဲ့သို့ အကြောက်တရားများဖြင့် ပြည့်နှက်နေချေပြီ။
“မြောင်!!!”
ကြောင်နက်က ထက်ရှစွာ အော်လိုက်ပြီး ထျန်းမင်လည်ပင်းဆီသို့ ခုန်တက်ကာ သူ့၏လည်ချောင်းအား ကိုက်ခဲတော့မည့်အချိန်တွင် ဖြူဖွေးသည့် ခပ်ဖောင်းဖောင်းလက်တစ်ဖက်က ရုတ်တရက် ထွက်ပေါ်လာကာ ထိုကြောင်အား ဆုပ်ကိုင်လိုက်လေ၏။
ကြောင်နက်၏ အမွှေးများမှာ ထောင်ထသွားရပြီး အဝေးကို ခုန်ထွက်ကာ အနက်ရောင်ဝတ်ရုံနှင့်လူအား သတိကြီးစွာ ကြည့်လိုက်သည်။ ထိုအမျိုးသားဆီမှ ပြင်းထန်သော ခြိမ်းခြောက်သည့်အရှိန်အဝါတစ်ခုအား သူခံစားမိနိုင်ပေသည်။
ဖန်းဝူကျို့က သူ့ဝတ်ရုံအား ပုတ်လိုက်ပြီး ကြောင်နက်အား အပေါ်အောက်ငုံ့ကြည့်လိုက်ခဲ့သည်။
“ကျင့်ကြံဖို့ဆိုတာ လွယ်ကူတာမဟုတ်ဘူး၊ မင်းနှစ်တစ်ရာလောက်ကြိုးစားပြီး ကျင့်ကြံထားရတာကို ဒီလိုအရာမျိုးအတွက် စတေးခံဖို့ မထိုက်တန်ပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူက အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ရတော့မှာ မဟုတ်ဘူးလေ”
သူက ကြောင်နက်ကို လှမ်းပြောပြီးနောက် ထျန်းမင်ကို ကြည့်လိုက်သည်။ သူ့၏ အရိုးများကျိုးသွားသည့်နာကျင်မှုမှလွဲ၍ မည်သည့်အရာမျှ မဖြစ်သွားသေးချေ။
သို့သော်လည်း ထိုလူ၏ဘယ်ဘက်ပခုံးပေါ်ရှိ မီးတောက်သည်ကာ မီးခိုးပြာရောင်အဖြစ် ပြောင်းလုနီးပါးဖြစ်နေပေပြီ။ သူသည်ကား အနာဂတ်တွင် ကံဆိုးမှုများနှင့် ဝေဒနာများ ဝိုင်းရံနေခြင်းကို ခံစားရပေတော့မည်။
ကြောင်နက်ကတော့ ထိုအခြေအနေအား လက်မခံသေးဘဲ ဖန်းဝူကျို့ဆီသို့ အေးစက်စွာ ကြည့်လာခဲ့ချေသည်။
သက်ရှိလောကတွင် ဝိဉာဥ်စွမ်းအားများ အလွန်နည်းပါးလှပေ၏။ မကောင်းဆိုးရွားဝိဥာဥ်များအား မဆိုထားနှင့် လူသားများအတွက်ပင် ကျင့်ကြံဖို့ရန် ခက်ခဲလွန်းလှသည်။
ထို့ကြောင့် ဤကြောင်လေးကဲ့သို့ မကောင်းဆိုးရွားအနည်းငယ်လောက်ကသာ မြို့ထဲတွင် ကျင့်ကြံနိုင်ခဲ့ကြသည်။
မကောင်းဆိုးရွားများဟူသည်ကား လူသားများကို ကြိုက်နှစ်သက်သည်မှာ ရှားပါးလှသည်။
အထူးသဖြင့် သူ၏မျိုးနွယ်အပေါင်းအသင်းများအား နောက်လိုက်လေးများအဖြစ် ကျွန်ပြုခံနေရသည်ကိုမြင်တွေ့နေသည့် ကြောင်မကောင်းဆိုးရွားနှင့် ခွေးမကောင်းဆိုးရွားများမှာ လူသားများအား အလွန်မုန်းတီးလှချေသည်။
ဤကြောင်နက်မှာ ရေပန်းစားနေသည့် hot searchရှာဖွေမှုအား မြင်တွေ့သွားခဲ့ပြီး သူ့၏မျိုးနွယ်အပေါင်းအသင်းများ အသတ်ခံနေရသည်အား မြင်တွေ့သွားခဲ့လိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း။
သူက ထိုအရာကိုတွေ့မြင်ပြီးပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို ထျန်းမင်၏အိမ်သို့လာကာ လက်စားချေခဲ့တော့သည်။
ဖန်ဝူကျို့ သူ့၏လက်ကိုမြှောက်လိုက်သည်နှင့် ထျန်းမင်၏ခန္ဓာကိုယ်ဘေးတွင် ဝန်းရံထားသည့် ယင်စွမ်းအင်များမှာ တစ်ခုပြီး တစ်ခုပျောက်ကွယ်သွားခဲ့လေသည်။
နာကျည်းချက်များ ကွယ်ပျောက်ပြီးသွားချိန်တွင်တော့ ထိုအနက်ရောင်ဝိဥာဥ်အုပ်စုတို့မှာ သူတို့၏ယခင်ပုံစံအဖြစ် ပြန်လည်ပြောင်းလဲသွားကြကာ သေးကွေးသောတိရစ္ဆာန်လေးတွေ၏ ဝိဉာဥ်အဖြစ်ပြောင်းသွားကြလေပြီ။
“ဟုတ်ပြီ.. ဒီအရှင်ဟေးက မင်းရဲ့သူငယ်ချင်းလေးတွေကို မြေအောက်ကမ္ဘာဆီမှာ တင်ပြဖို့ ခေါ်သွားလိုက်မယ်”
သူ့၏စကားဆုံးသည်နှင့်ငရဲတံခါးပေါက်က ချက်ချင်းပင် အကျယ်ကြီး ပွင့်လာခဲ့တော့သည်။ ဆယ်ချီသော တိရစ္ဆာန်ဝိညာဉ်များမှာ သူ့တို့၏ခေါင်းအား နေရာတစ်ခုဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ငှက်များက သူတို့၏ ခေါင်းအား ငုံ့ကိုင်းလိုက်ကာ သူတို့၏နှုတ်သီးဖြင့် မြေပြင်ကို ထိကပ်သွားစေကြပြီး ကြောင်နှင့် ခွေးများသည်လည်း လက်ဖဝါးများကို နှိမ့်ကာ ဦးတည်ရာတစ်ခုတည်းဆီကို ဦးညွှတ်လိုက်သည်။
ရွှေရောင်အလင်းတန်းများက သူတို့၏ ကိုယ်ထဲမှ ဖြာထွက်လာပြီး ခဏအတွင်းပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင်တော့ သူတို့က နာခံစွာနဲ့ ငရဲတံခါး၏ဂိတ်ထဲသို့ဝင်သွားခဲ့ကြတော့သည်။
ဖန်ဝူကျို့ သူ့၏ ခေါင်းကို ပြန်လှည့်ကြည့်လိုက်တော့ အနက်ရောင်ကြောင်သည်ကား ပျောက်ကွယ်သွားပြီဖြစ်ကာ မြေပြင်ပေါ်၌ ညည်းညူနေသည့် ထျန်းမင်တစ်ယောက်တည်းကသာ ကျန်ရစ်နေခဲ့တော့သည်။
ထျန်းမင်ကို ရှာတွေ့ခံလိုက်ရချိန်၌ သူ သတိမေ့နေသည်မှာ အချိန်အလွန် ကြာမြင့်သွားချေပြီ။ ဖြတ်သွားဖြတ်လာတစ်ဦးက သူ့အား hot searchပေါ်တွင် နာမည်ကြီးနေသည့် သူတစ်ပါး၏နာကျင်မှုအား ပျော်မွေ့တတ်သူဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။
ထိုသူက နှာခေါင်းရှုံ့လိုက်ကာ အလွန်အထင်အမြင်သေးပြီး မလုပ်ပေးချင်ခဲ့သော်လည်း သူ၏လူသားဆန်သည့်အသိစိတ်ကြောင့် လူနာတင်ကားတစ်စီးကို ခေါ်ပေးခဲ့သည်။
ထိုသူ နိုးလာသည့်အချိန်တွင် လူမှုကွန်ယက်ပေါ်မှ သေဒဏ်ချမှတ်မှုအား လက်ခံရင်ဆိုင်ရမည်ဖြစ်ကာ နာကျည်းမှု၏ တန်ပြန်သက်ရောက်မှုဒဏ်အား ခံရလိမ့်မည်။
သူ၏အိမ်တွင်ရှိနေသည့် ခွေးနှင့်ကြောင်သည်လည်း ဝရံတာတံခါးပေါက်ပွင့်နေသောကြောင့် သူတို့၏ လှောင်အိမ်ထဲမှ လွတ်မြောက်သွားကြပြီ ဖြစ်သည်။
*
မြေအောက်ကမ္ဘာတွင်တော့ “ကောင်းကင်ဘုံအောက်မှ ငြိမ်းချမ်းရေး”ဟုသော စကားလုံးများရေးထားသည့် ဦးထုပ်ကိုဆောင်းထားသော ဟေးဝူချန်သည် ခေါင်းလောင်းတစ်ခုအား တီးလိုက်ပြီး သူ့၏နောက်တွင်တော့ ငှက်တွေ၊ ကြောင်တွေ၊နှင့် ခွေးတွေ အုပ်စုလိုက် လိုက်ပါလာခဲ့ကြသည်။
မြင်းမျက်နှာနှင့် လူသားခန္ဓာကိုယ်ရှိကာ စတီးဖြင့်ပြုလုပ်ထားသည်း သုံးခွခရင်းလက်နတ်အားကိုင်ဆောင်ထားသည့် ယင်အရာရှိ မားမြန်က လမ်းဆုံတွင်ပေါ်လာခဲ့သည်။
“ဒါလေးတွေက ပရိုဂရမ်ထဲက တစ္ဆေလေးတွေမလား? ခင်ဗျား လူအိုကြီးကိုယ်တိုင် သူတို့ကို သွားခေါ်လာတယ်ပေါ့? မင်း ထျန်းမင်ကို တွေ့ခဲ့သေးလား?”
မားမြန်က အက်ရှသည့်လေသံဖြင့် ပြောလာကာ သူ၏နှာခေါင်းကလည်း အဖြူရောင်အငွေ့နှစ်တန်းက အတန်းလိုက် ထွက်လာခဲ့သည်။
“ဒါနဲ့ အဲဒီကောင်က ကျွန်တော်တို့ မြေအောက်လောကမှာ အတော်လေး နာမည်ကြီးနေပြီနော်၊ ကျွန်တော်ကြားတဲ့အတိုင်းဆိုရင် မြေပြင်ပေါ်မှာရှိတဲ့ တစ္ဆေကြီးအချို့ကတောင် အဲဒီကောင်ကို သင်ခန်းစာပေးဖို့လုပ်နေကြပြီတဲ့၊
ငရဲပြည်ရဲ့ဥပဒေအရာရှိတွေကလည်း ဒီနေ့ကစပြီး သူတို့ရဲ့ဓားတွေကို ထက်ရှနေအောင် သွေးထားမယ်လိုပြောနေကြသေးတယ်၊
ဆယ်စုနှစ်အနည်းငယ်ကြာပြီးတာနဲ့ အဲဒီလိပ်မြေးက မြေအောက်ကမ္ဘာကို ဝင်လာတဲ့အချိန်မှာ သူတို့က အဲဒီလက်နက်တွေကိုသုံးပြီး သူ့ကို အပြစ်ပေးမယ်ဆိုပဲ၊
အခုဆို ငရဲမှာရှိတဲ့ ဓားတွေ ထောင်သောင်းနဲ့ချီပြီး ပြန်မွန်းမံသွေးထားပြီးသားရှိနေပြီ၊ သူ အဲဒီအခြေအနေကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့!”
သက်ရှိလူသားလောကတွင် အဆင့်မြင့်သူနှင့် အဆင့်နိမ့်သူဟူ၍ အဆင့်အတန်း အနိမ့်အမြင့်ရှိသော်လည်း သူတို့၏ဝိဉာဥ်တွေက မြေအောက်လောကသို့ပြန်ရောက်လာသည့်အချိန်တွင်တော့ တစ္ဆေများအားလုံးမှာ အတူတူသာဖြစ်ချေသည်။
လူဖြစ်စေ ၊တိရစ္ဆာန်ဖြစ်စေ သူတို့၏ ငရဲမှ ဘဝသည်ကား သူတို့အသက်ရှင်နေစဥ်အတွင်း ပြုလုပ်ခဲ့သော ကုသိုလ် ၊အကုသိုလ်နှင့်သာ သက်ဆိုင်တော့သည်။
များပြားလှစွာသောလူများမှာ သူတို့၏အတိတ်ဘဝတွင် တိရစ္ဆာန်များအဖြစ် ဝင်စားခဲ့ကြဖူးသည်။
ငရဲဆယ့်ဆယ်ရှစ်ထပ်၏ ခုနှစ်ထပ်မြောက် ဓားတောင်ငရဲသည်ကား သူတို့အသက်ရှိနေစဥ်အတွင်း သက်ရှိများကို ညှင်းပန်းသတ်ဖြတ်ပြီး နတ်ဘုရားများအား မထီမဲ့မြင်ပြုသူများအတွက် ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။
“ကျစ် ငါ့အတွက် တစ္ဆေဂိတ်ကို ကြည့်ထားပေးဦး၊ အဲဒီမျိုးမစစ်ကောင်တွေ ကမ္ဘာမြေပေါ်ကို ခိုးထွက်ပြီး ပြဿနာမရှာစေနဲ့”
ဖန်းဝူကျို့ပြောနေရင်းဖြင့် သူ့၏အကြည့်များက ထိန်းချုပ်မရစွာဖြင့် မားမြန်၏ခေါင်းပေါ်သို့ကျရောက်သွားခဲ့သည်။
သူ့၏မျက်နှာက ရှုံ့မဲ့သွားရပြီး ရွံရှာမှုအပြည့်ဖြစ်ပေါ်လာတော့သည်။
သူက မားမြန်၏ ရှည်လျားကာ ကြီးမားသည့် တိရစ္ဆာန်ဦးခေါင်းတွင် အလွန် ထင်ရှားသည့်ပန်းရောင် တိရစ္ဆာန်နားရွက်ပါ အမွှေးဘီးကုတ်နှင့် တွေ့လိုက်ရချေသည်လေ။
ဖန်းဝူကျို့ “....”
“မင်း ဘာတွေ ဝတ်ထားတာလဲ? ရွံစရာကောင်းလိုက်တာ”
မားမြန် သူ့၏ခေါင်းကို ငုံ့လိုက်ကာ ခေါင်းကို ခါရမ်းပြလိုက်သည်။
ကတ္ထူပြားနှင့် ပြုလုပ်ထားသည့် ဘီးကုပ်ပေါ်ရှိ ပြားချပ်သောတိရစ္ဆာန်နားရွက်လေးများမှာ သူ့၏လှုပ်ရှားမှုအတိုင်း လှုပ်ခတ်လာပေသည်။ ဖန်းဝူကျို့ ထိုကတ္ထူပြားနားရွက်ပေါ်တွင် တစ်စုံတစ်ခုကို မှင်ဖြင့်ရေးထားသည်အား တွေ့လိုက်သည်။
ထိုစားလုံးများသည်ကား ကွေးကောက် ရှုပ်ထွေးစွာ ရေးသားထားသည့် စကားလုံးနှစ်လုံးသာ ဖြစ်ချေသည်:
“စုန့်စုန့်”
မားမြန် ပြောလာသည်:
“ဒါက ကျွန်တော်တို့ အားပေးတဲ့ သက်ရှိကမ္ဘာကတိုက်ရိုက်လွှင့်သူ ကုကျစ်စုန့်အတွက် ထောက်ခံအားပေးကြောင်း ပြသတဲ့အရာမျိုးလေ၊ ဟေးတာ့ရယ်.. ခင်ဗျား နားမလည်ပါဘူး၊
သက်ရှိကမ္ဘာက လူသားတွေက သူတို့ရဲ့အားပေးမှုကို ပြသချင်တဲ့အခါ ဒီလိုအရာမျိုးတွေ ဝတ်ဆင်တတ်ကြတယ်! ကျွန်တော် ဒါကိုလုပ်ဖို့ နာရီပေါင်းများစွာ ကြာခဲ့တာနော်၊ လုပ်ရတာ အရမ်းလက်ဝင်ပြီး အတော်ခက်ခဲလွန်းတယ်”
ဖန်းဝူကျို့ သူ၏နှုတ်ခမ်းတွေကို ဖိလိုက်မိပြီး လက်တွေကို နောက်ကျောဘက်မှာ ယှက်ကာ ဆယ်ခုမြောက်ငရဲဆီသို့ ဦးတည်သွားလိုက်သည်။
“ကောင်းပြီ၊ ဒါဆို ငါလည်း အဲဒီရုပ်ဆိုးတဲ့ပစ္စည်းတစ်ခုလောက် လုပ်ရတာပေါ့”
တစ်ချိန်တည်းမှာ ထိုင်ခုံနောက်မှီတွင်မှီရင်း ထိုင်နေခဲ့သည့် ကုကျစ်စုန့်တစ်ယောက် နှာချေလိုက်ပြီး သူမ၏မျက်လုံးပေါ်မှ မျက်လုံးအကာအား ချွတ်လိုက်ပြီး အနည်းငယ် ရှုပ်ထွေးနေပုံရသည်။
သူမအိပ်ပျော်နေစဥ်မှာ သန့်ရှင်းစင်ကြယ်သည့် ကုသိုလ်တော်များက သူမ၏ခန္ဓာကိုယ်အတွင်းသို့ ကျေးဇူးတင်မှုများနှင့်အတူ ဝင်ရောက်လာသည်ကို သူမ ခံစားလိုက်ရသည်။
ဒီကုသိုလ်တွေက ဘယ်ကနေရောက်လာကြတာလဲ?
သူမ အချိန်အတော်ကြာအောင် တွေးတောနေခဲ့သော်လည်း မဖော်ထုတ်နိုင်ခဲ့ချေ။ ထိုအခိုက်တွင် ရုတ်တရက် နားနေခန်း၏ အခန်းတံခါးအား အပြင်ဘက်မှ တစ်ယောက်ယောက် လာခေါက်ခဲ့သည်။
“စုန့်ကျဲ ဒါရိုက်တာက တရားဝင်အစီအစဉ်ရဲ့ကျန်ရှိတဲ့ ဒုတိယတစ်ဝက်ကို ရိုက်ကူးတော့မယ်လို ပြောတယ်"
လက်ထောက်ရှောင်ကျိုးသည် သူမ၏ခေါင်းလေးကို အခန်းထဲသို့ ပြူဝင်လာပြီး တီးတိုးပြောလာသည်:
“ဒီရိုက်ကူးရေးအပိုင်းပြီးသွားရင် လူတစ်ယောက်က ထုတ်ပယ်ခံရမယ်လို့ ကြားခဲ့တယ်”
ကုကျစ်စုန့် ခေါင်းညိတ်လိုက်သည်။
“ငါ အခုပဲသွားလိုက်မယ်”
သူမ ခေါင်းမော့ကြည့်လိုက်ချိန်မှာ သူမနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသည့် မိတ်ကပ်ပြင်မှန်မှတဆင့် သူမ၏မျက်နှာကို မြင်တွေ့လိုက်ရပြီး မူလဇာတ်ကြောင်းထဲတွင် ပူလောင်ပြီး ယားယံနေရမည့် ဒဏ်ရာမှာ လက်ရှိတွင် ကုသပြီးသွားခဲ့ပြီ။ ထို့အတူ သူမ၏ကိုယ်ပေါ်မှ ယင်စွမ်းအားသည်လည်း ပျောက်ကွယ်သွားပြီး သူမ၏ကံကောင်းမှုများသည်လည်း တချို့တစ်ဝက်ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။
ကုကျစ်စုန့် သူမ၏လက်ကိုမြှောက်ကာ နဖူးပေါ်မှအမာရွတ်ထောင့်အားထိကြည့်လိုက်ပြီး အမာရွက်တစ်ဝိုက်တွင် ပန်းရောင်လိုင်းပါးပါးလေးကသာ ကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည်။
ကုသိုလ်တော်အစုအဝေးများ သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်လာပြီးနောက်မှာ ဒဏ်ရာက ပျောက်ကင်းသွားရုံသာမကဘဲ အမာရွတ်ကပါ သေးသွားပုံရသည်။
**