no

Font
Theme

(13) ကြောင်နက်၏ လက်စားချေခြင်း(2)

"သူတို့အားလုံးက ငါ့ကို နာကျင်စေချင်နေတာပဲ!"

ရှောင်ကျိုးက ကုကျစ်စုန့် နားမလည်နိုင်ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် သူမ၏လက်ထဲမှဖုန်းအား ကုကျစ်စုန့်၏အရှေ့သို့ ပို့ပေးလာခဲ့ချေသည်။

ဖုန်းမျက်နှာပြင်ပေါ်တွင်တော့ "မျက်လုံးကြီးကောင်လေး"၏ ရှာဖွေမှုအမြင့်ဆုံးနေရာတွင်ရှိနေသည့် အကြောင်းအရာများရှိနေခဲ့သည်။

ကုကျစ်စုန့် ဖုန်းကို လှမ်းကြည့်လိုက်တော့ “ဝိဉာဥ်ရေးရာ ကိစ္စရပ်များ” ပရိုဂရမ်နှင့် ပတ်သတ်၍ ရေပန်းစားရှာဖွေမှုတွေအများကြီး ရှိနေပြီး ထိုထဲမှ အများစုမှာ သူမနှင့် သက်ဆိုင်နေသည်ကို တွေ့လိုက်ရလေသည်။

ရေပန်းစားရှာဖွေမှု၏ သုံးနေရာမြောက်:  #ဘလော့ဂါ ချင်းဖုန်း ယွဲ့မင် တိရစ္ဆာန်များအား အနိုင်ကျင့်ခြင်း#။

ကုကျစ်စုန့် မျက်ခုံးတစ်ချက် ပင့်လိုက်ကာ ထိုခေါင်းစဥ်ကာ တစ်ချက်နှိပ်လိုက်သည်။ ထို့နောက်တွင်တော့ ထျန်းမင် ရိုက်ကူးထားသော အိမ်မွေးတိရစ္ဆာန်ဗီဒီယိုများ အားလုံးကို တစ်စုံတစ်ယောက်က စုစည်းထားပေးထားပြီး မည်သည့်နေရာက မှားယွင်းနေကြောင်းကို ရှာဖွေထားကြသည်ကို တွေ့လိုက်ရသည်။

ထျန်းမင်၏ လှပသောကြောင်လေးမှာ ရယ်စရာကောင်းပြီး ဥာဏ်များလွန်းသောကြောင့် နာမည်ကြီးလေ့ရှိသည်။ ပုံမှန်အားဖြင့် လူတိုင်းက ထိုဗီဒီယိုကို ကြည့်ရှုပြီး ရယ်မောရုံသာလုပ်ခဲ့ကြသော်လည်း လက်ရှိတွင်တော့ သေသေချာချာလေ့လာကြည့်ပြီး ရှာဖွေလာကြချေပြီ။

ထိုကြောင်လေး၏လုပ်ရပ်များမှာ ကြောင်လေးတစ်ကောင်အနေဖြင့် သူ့ရဲ့အသိစိတ်ဖြင့် ကိုယ်တိုင် လုပ်နိုင်မည့်အရာများ မဟုတ်ပေ။ သူက ရိုက်ကူးရေးအတွက် ပို့စ်ပေးရန် အတင်းအကြပ်ဖိအားပေးခံထားရတာဖြစ်နေလိမ့်မည်။

အင်တာနက်သုံးစွဲသည့် အများပြည်သူများက ဗီဒီယိုထဲရှိ ကြောင်လေး ခုန်နေသည့်အပိုင်းအား ထောက်ပြလာကြသည်။ ထိုကြောင်ငယ်လေးမှာ သူ့၏နောက်ခြေနှင့်ခုန်လိုက်ပြီးနောက် ချက်ချင်းရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ရုတ်တရက် နောက်ဘက်သို့လှည့်သွားခဲ့လေ၏။

ဗီဒီယိုအား အနှေးဖြင့်ကြည့်လိုက်ချိန်တွင်တော့ ကြောင်၏လည်ပင်း၌ ချိတ်ဆွဲထားသော ညှစ်ပတ်သည့်ကြိုးတစ်ချောင်းကိုပါ ရှာတွေ့ခဲ့ကြလေသည်။

ဒီတော့ ကြောင်က ကြိုးနဲ့ အဆွဲခံလိုက်ရတာပဲ!

ထပ်မံပြီး ထျန်းမင်၏ Golden Retriever ခွေးလေး ထွမ်ယွမ်ကတော့ အစားကြီးတဲ့ခွေးအဖြစ်ကျော်ကြားလူကြိုက်များခဲ့သည်။ သူ ဗီဒီယိုရိုက်သည့်အချိန်တိုင်းတွင် ထိုခွေးလေးက တခြားခွေးများစားသည့် အစားအစာပမာဏထက် နှစ်ဆလောက်ပို၍ စားသောက်လေ့ရှိလေ၏။ 

ဒီစုဆောင်းမှုများက ချက်ချင်းဆိုသလို အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ရေပန်းစားရှာဖွေမှု၏ ရှေ့ဆုံးနေရာကို အပြေးအလွှားရောက်ရှိသွားခဲ့ပေ၏။

ထျန်းမင်က ချက်ချင်း ရှင်းပြချက်တစ်ခု ထုတ်လာခဲ့ပြီး ကြောင်လေးကိုချည်ထားသောကြိုးက ရိုက်ကူးရေးအတွက် လိုအပ်သောကြောင့်သာဖြစ်ကြောင်းနှင့် Golden retriever ခွေးလေး၏ အစာပမာဏသည်လည်း အမှန်တကယ်ကို အလွန်များပြားခြင်းဖြစ်ကြောင်းကို ရှင်းပြလာသည်။

သူ့၏လေသံမှာ အလွန်အလေးအနက်ရှိလွန်းပြီး သူ့အနေဖြင့် ကုကျစ်စုန့်အား အသရေဖျက်မှု၊ ဂုဏ်သိက္ခာညိုးနွမ်းမှုတို့ကြောင့် တရားစွဲရန် ရှေ့နေမှတဆင့် အကြောင်းကြားစာပို့လာမည်ဖြစ်ကြောင်းကိုလည်း ပြောလာခဲ့သည်။

အချိန်ခဏတာအတွင်း အင်တာနက်ပေါ်တွင် ကွဲပြားခြားနားသည့်ထင်မြင်ချက်များနဲ့ ဝေဖန်ပြောဆိုလာကြတော့သည်။

ထျန်းမင်မှာ အင်တာနက်ပေါ်တွင် နာမည်ကြီး လူသိများသည့် ဘလော့ဂါတစ်ယောက်ဖြစ်ပြီး ဖန်တစ်ယောက်အဖြစ်နဲ့လည်း အောင်မြင်နေသည့် သူတစ်ယောက်ဖြစ်ချေသည်။

ထို့ကြောင့်   “ချင်းဖုန်းယွဲ့မင်”ဟူသော အမည်အောက်တွင် ပြဿနာအား ဖြေရှင်းလာချိန်တွင် သူ့အားယုံကြည်ခဲ့ကြသည့် လူများက သူ့ကို ထောက်ပံ့လာခဲ့ကြသည်။

[ အော်ရယ်မိနေပြီ!  မင်းတို့အားလုံး ကုကျစ်စုန့်ရဲ့ အဓိပ္ပါယ်မရှိတဲ့ မဟုတ်တမ်းတရားစကားတွေကို ယုံနေကြတယ်ပေါ့?]

[ငါတို့က ငါတို့ရဲ့အစ်ကိုကြီး ‘ချင်းဖုန်းယွဲ့မင်’ ကိုယုံကြည်တယ်၊ သူက ဂရုထဲမှာ အရမ်းကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်ပဲ.. နင်တို့တွေက အင်တာနက်ပေါ်ကနေ အခြားလူတွေကို အနိုင်ကျင့်တဲ့သူကို ကူညီပေးနေကြတာ.. ကိုယ့်ဘာသာကိုယ် မရှက်ကြဘူးလား?]

သူတို့တွေက ဖြတ်သွားဖြတ်လာပရိသတ်များဖြင့် ပြိုင်ပြီး မတိုက်ခိုက်နိုင်သောကြောင့် ပရိုဂရမ်၏ တရားဝင်ဘလော့အောက်သို့ ရောက်လာခဲ့ကြကာ ကုကျစ်စုန့်၏ အဓိကစာမျက်နှာပေါ်၌ အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းလာခဲ့ကြချေသည်။

သို့သော်လည်း ဤသို့တိုက်ခိုက်ဝေဖန်ရေးပြုလုပ်နေခဲ့ကြပြီး နောက်ထပ်  ဆယ်မိနစ်ခန့်အကြာမှာတော့ အင်တာနက်ပေါ်သို့ ဗီဒီယိုတစ်ပုဒ် ပေါ်ထွက်လာခဲ့ပြန်သည်။

ထိုဗီဒီယိုသည်ကား လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ရိုက်ကူးထားခဲ့သည့်ပုံပေါ်ရ၏။

ရုပ်ပုံများမှာ ဝေဝါးနေကာ ရှုပ်လည်း ရှုပ်ထွေးနေခဲ့သည်။ ထိုအထဲတွင် ပြုံးရယ်နေကြသည့်  ယောကျာ်း၊မိန်းမ ခြောက်ယောက် ၊ခုနှစ်ယောက်ခန့်က လမ်းဘေးတိရစ္ဆာန်ငယ်လေးများအား ဝိုင်းရံဖမ်းထားခဲ့ပြီး ပျော်ရွှင်အားရစွာ နှိပ်စက်နေခဲ့ကြသည်။

ထိုမြင်ကွင်းက လူအများကို အလွန်အမင်းဒေါသထွက်သွားစေခဲ့သည်။ထိုဗီဒီယိုထဲတွင် ကောင်ငယ်လေးတစ်ဦးပါရှိပြီး သူ့၏မျက်နှာကို ဝါးထားခြင်း မရှိချေ။ သူ့၏မျက်နှာအစိတ်အပိုင်းများမှာ ထျန်းမင် ငယ်စဥ်တုန်းက မျက်နှာသွင်ပြင်နှင့် တူညီနေခဲ့ပြီး သူ့၏နှာခေါင်းထိပ်သည်ကား အမှန်ပင် ယခုထက် ပို၍ပြားချပ်နေခဲ့လေသည်။

ထို ဗီဒီယိုထဲမှ ထိပ်ဆုံးမှတ်ချက်သည်ကား  ‘တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့အစည်း’ ၏ တရားဝင် Vအမှတ်တံဆိပ်ပါရှိသည့် အဖွဲ့အစည်း၏ဥက္ကဌဆီမှ ဖြစ်နေခဲ့သည်။

အဖွဲ့အစည်းဥက္ကဋ္ဌ၏ ပြောစကားများအရ လွန်ခဲ့သည့်အစောပိုင်းနှစ်များတွင် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်သူများမှာ အင်တာနက်တခွင်၌  အလွန်သောင်းကျန်းခဲ့ကြသည်။

သူတို့အဖွဲ့အစည်းမှ လူများအနေဖြင့် ထိုကဲ့သို့  စုစည်းပြီး သောင်းကျန်းခဲ့ကြသည့် အဖွဲ့အစည်းအသေးများကို အပြင်ဘက်တွင် ဖမ်းဆည်းနိုင်ရန်အတွက် အများကြီးကြိုးစားအားထုတ်ခဲ့ကြရပြီး ဗီဒီယိုနှင့် ဓာတ်ပုံများ အများအပြားကိုလည်း သိမ်းဆည်းခဲ့ကြရသည်။

ထိုဗီဒီယိုထဲမှ လူများက ကာကွယ်ပေးထားခြင်းခံထားရသော တိရစ္ဆာန်များကို သတ်ဖြတ်ခဲ့ကြသောကြောင့် ထိုဗီဒီယိုများကို ပြစ်မှု၏သက်သေ များအဖြစ် မှတ်ယူခဲ့ပြီး လူများကိုလည်း  ထိန်းသိမ်းပြီး အပြစ်ပေးခဲ့သည်။ ထိုသိမ်းဆည်းထားခဲ့မိသော သက်သေဗီဒီယိုများကိုလည်း အဖွဲ့အစည်းအတွင်း၌ သိမ်းဆည်းထားခဲ့သည်။

တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့အစည်း V: “ ဒီဗီဒီယိုထဲက ဖြစ်ရပ်က အဖွဲ့အစည်းကနေ သိမ်းဆည်းထားခဲ့တဲ့အမှုတွဲဖိုင်ထဲက တစ်ခုပဲ.. ဖြစ်ရပ်ကလည်း အမှန်ပဲ..  ဒါပေမဲ့ ဒီဗီဒီယိုကတော့ အဖွဲ့အစည်းကလူတွေ ရိုက်ကူးထားတာမဟုတ်သလို အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ဗီဒီယိုဖိုင်နဲ့လည်း မတူဘူး၊ အသေးစိတ်အကြောင်းအရင်းကိုတော့ စုံစမ်းနေပါတယ်”

အင်တာနက်သုံးစွဲသူတချို့က  ဗီဒီယိုထဲမှ လူ၏မျက်နှာကို ဖြတ်တောက်ကြည့်ပြီး ထျန်းမင်၏မျက်နှာနှင့် နှိုင်းယှဥ်ကြည့်ခဲ့ကြသည်။

[မင်းတို့တွေ အခု သေတဲ့အထိ တူနဲ့အထုခံလိုက်ရပြီလား*? မင်းတို့တွေက  နားလေးပြီး မျက်စိကန်းနေကြတာများလား ? ဒီအသံနဲ့ မျက်နှာက မင်းတို့ရဲ့အစ်ကိုကြီး ‘ချင်းဖုန်းယွဲ့မင်’ ပဲ မဟုတ်ဘူးလား?]

(T/n_ တူနဲ့အတုခံလိုက်ရတယ် ဆိုတာက တရားသူကြီးရဲ့ အဆုံးအဖြတ်တူကို ပြောချင်တာပါ အင်တာနက်ပေါ်မှာ အငြင်းအခုန်ဖြစ်ရင် အမှန်ပေါ်လာတဲ့သဘောနဲ့ ပြောကြတာ)

[ဘုရားရေ ဒီဗီဒီယိုက ငါ့ကို မျက်ရည်တောင်ကျစေတယ်..  ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်က ဒီလိုတိရစ္ဆာန်လေးတွေကို လှည့်ဖျားပြီး နှိပ်စက်နိုင်ရတာလဲ? ဒါကိုကြည့်နေတဲ့အချိန်မှာ ငါ့ကြောင်လေးကလည်း ငါ့အနားမှာ ရှိနေတာ.. ဗီဒီယိုထဲက ကြောင်လေးတွေရဲ့ နာကျင်ပြီး အော်သံကိုကြားတော့ သူက ကြောက်လွန်းလို့ ထတောင်ခုန်မိသွားတယ်]

[ထျန်းမင်က ဖန်ဂရုတွေနဲ့ အွန်လိုင်းပလက်ဖောင်းတွေပေါ်မှာ ကြောင်စာတွေ၊ ခွေးစာတွေ ရောင်းနေတာ ... ငါတောင်မှ ငါ့ရဲ့အမွေးပွကလေးလေးအတွက် သူ့ဆီက နှစ်လကျော်လောက် ဝယ်ပြီး ကျွေးခဲ့မိတယ်.. ဒီတလော သူရဲ့ အမွေးတွေ ကျွတ်နေတာက အဲဒါတွေကြောင့်ပဲဖြစ်မယ်..... ငါတော့ သွေးအန်ရလွန်းလို့ သေတော့မှာပဲ]

ထို့နောက် ချက်ချင်းဆိုသလို နောက်ထပ် အလှအပရေးရာဘလော့ဂါတစ်ယောက်သည်လည်း ထျန်းမင်၏ ယခင်တုန်းက အိမ်ထောင်ရေးအကြောင်းအား ဖော်ထုတ်လာခဲ့ချေသည်။

သူမက သူမတို့နှစ်ယောက် အတူရှိခဲ့ဖူးသည့်အကြောင်းများကို စာရေးသားပြီး တင်လာခဲ့သည်။  ထျန်းမင်မှာ တိရစ္ဆာန်များအပေါ် အလွန်းဆိုးရွားကြောင်းကို ပြောပြခဲ့သည်။ ထို့အပြင် ထျန်းမင်မှ အိမ်ထောင်ရေးဖောက်ပြန်မှုများ ရှိခဲ့သောကြောင့် သူတို့နှစ်ယောက် ကွာရှင်းခဲ့ရခြင်းဖြစ်ကြောင်းကိုလည်း ပြောလာခဲ့သည်။ ပြီးနောက် သူမ သိမ်းဆည်းထားခဲ့သော စခရင်ရှော့ဓာတ်ပုံများအားလည်း အတူစုပေါင်းပြီး တင်ပေးလိုက်လေ၏။

အချိန်ခဏအကြာလောက်အတွင်း အင်တာနက်သုံးစွဲနေသည့်အများပြည်သူများမှာ သတင်းများ တစ်ခုပြီး တစ်ခုပေါ်ထွက်လာသည်ကို မြင်တွေ့နေခဲ့ရပြီး ဖရဲသီးစားရဖို့ကိုတောင် လိုက်မမှီတော့ပေ။

ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားသော ချောမောသည့်ဘလော့ဂါဆိုသည့်သူက တကယ်တမ်းတွင်တော့ သူတစ်ပါးအား နာကျင်အောင်ပြုလုပ်ရသည်၌ သာယာသူဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ပြီး ကုကျစ်စုန့် ဟောပြောခဲ့သည်မှာလည်း အမှန်ဖြစ်ကြောင်း ပေါ်ထွက်လာတော့သည်။

ကုကျစ်စုန့် ရေပန်းစားနေသော ရှာဖွေမှုများအား ဆွဲကြည့်ကာ သူမ၏စိတ်ထဲမှ လှမ်းမေးလိုက်သည်:

“ ဒီဗီဒီယိုတွေက မင်းလုပ်ခဲ့တာလား?”

စနစ်က လျှင်မြန်စွာ ခုန်ထွက်လာခဲ့ပြီး ပြောလာခဲ့သည်။

“ ကျွန်တော် အဲတာကို ပြန်ပြီးဆွဲထုတ်ခဲ့တာလေ၊တကယ်လို့ သူသာ လူကောင်းတစ်ယောက်ဖြစ်ပြီး အဲလိုအရာမျိုးတွေ မလုပ်ခဲ့ဘူးဆိုရင် ကျွန်တော်လည်း အဲလိုဗီဒီယိုတွေကို ရှာတွေ့နိုင်ခဲ့မှာ မဟုတ်ဘူး၊ ဒါက သူကိုယ်တိုင် ရွေးချယ်ထားတဲ့ကံကြမ္မာပဲမဟုတ်ဘူးလား”

စနစ်ကိုယ်တိုင်သည်ကား ဇာတ်ကြောင်း၏ အသွားအလားအား မပြောင်းလဲနိုင်ပေ။ သူအနေဖြင့် သေးငယ်သည့် အကျိုးသက်ရောက်မှုလေးများကိုသာ တတ်စွမ်းနိုင်ချေသည်။

ဥပမာအနေဖြင့် သူသည် မူလဇာတ်ကွက်မှ အမြှောက်စာခံဇာတ်ကောင်၏ ကံကြမ္မာအား မပြောင်းလဲနိုင်သလို ဇာတ်ကြောင်း၏ တိုးတက်မှုအားလည်း မတားဆီးနိုင်ချေ။ သို့သော်လည်း ထျန်းမင်ကဲ့သို့သော အပယ်ခံလိုက်ရသည့် တစ်စုံတစ်ယောက်ကိုတော့ နောက်ကွယ်မှ တိတ်တဆိတ် မီးရှို့ပြီး သူ၏အပြစ်များအား ခံယူစေရန်လုပ်နိုင်သေးသည်။

ကူကျစ်စန်း ပြုံးလိုက်၏။

“ကောင်းကောင်း လုပ်ခဲ့တာပဲ”

“ဟီးဟီးဟီး”

*

ထျန်းမင်၏ဘက်တွင်တော့ သူက အိပ်ခန်းထဲမှ လိုက်ကာများအား ဆွဲချထားခဲ့ပြီး အုံ့ဆိုင်းထိုင်းမှိုင်းနေသည့် ပတ်ဝန်းကျင်ထဲတွင် ဖုန်းမျက်နှာပြင်အား အဆက်မပြတ်ပွတ်ဆွဲနေခဲ့လေသည်။

သူ့ကိုယ်သူ ပြန်လည်သန့်ရှင်းဖို့အတွက် ဖြေရှင်းထားသည့် ရေပန်းစား ရှာဖွေမှုများတွင်လည်း သူ့အား ဆဲဆိုကြိမ်းမောင်းထားသည့်မှတ်ချက်များနှင့် ပြည့်နေခဲ့ပြီ။

လိုက်ခ်အများဆုံးရသည့် မှတ်ချက်ကတော့ စခရင်ရှော့ပုံတစ်ပုံဖြစ်ပြီး ရှင်းရှင်းလင်းလင်းကြီးကို သူ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၌ ပြောထားသည့်မှတ်ချက်ကို ရိုက်ယူထားခြင်းဖြစ်သည်။

[သံသွေးအပြည့်နှင့်  ရယ်နေတဲ့လူ : မင်းရှိသေးလား၊ မင်း အရင်ဆုံး ဘာလို့ ကီးဘုတ်တစ်ခုကိုပဲ စားမပြသေးတာလဲ? (ပုံ)]

ထျန်းမင် အလွန်အမင်းဒေါသထွက်သွားခဲ့ပြီး သူ့၏လက်ထဲမှ ဖုန်းကိုကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်သည်:

“သူတို့အကုန်လုံး သောက်ရမ်းဆိုးဝါးတဲ့လူတွေပဲ! အကုန်လုံး မကောင်းဆိုးရွားလိုလူဆိုးတွေချည်းပဲ!! သူတို့တွေအားလုံးက ငါ့ကို နာကျင်စေချင်နေကြတာ!”

သူ့၏နှလုံးသားထဲ၌ အမုန်းတရားများဖြင့် ပြည့်နှက်နေချေပြီ။ သူ့၏အမြင်အရ သူ အနိုင်ကျင့်နှိပ်စက်ခဲ့သည်မှာ နိမ့်ကျသည့် သားရဲတိရစ္ဆာန်တစ်ဖွဲ့မျှသာဖြစ်ပေ၏။

အခုချိန်တွင်တော့ သူ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သည့် သူ၏ဘ‌လော့အကောင့်နှင့် အဆက်အသွယ်များမှာ ကုကျစ်စုန့် ဖျက်ဆီးခြင်းကို ခံလိုက်ရချေပြီ။

သူက ရိုက်ခွဲခဲ့ခြင်းကြောင့် အက်ကွဲသွားသည့် ဖုန်းအား ပြန်လည်ကောက်ယူလိုက်သည်။ လက်ရှိတွင် ၎င်းထဲရှိ ဆော့ဖ်ဝဲလ်များအားလုံးမှာ ရူးသွပ်ဖွယ်ကောင်းလှအောင် မတ်ဆေ့ချ်များနှင့် ပြည့်နှက်နေလျှက်ရှိနေတော့သည်။

တချို့သောဆွေမျိုးများနှင့် သူငယ်ချင်းများက သူ့၏အခြေအနေအကြောင်းကို မေးမြန်းထားခဲ့ကြသည်။ သူ့အား သီးသန့်စာပို့ကာ ဆဲထားကြသည့်  အင်တာနက်သုံးစွဲသူများကတော့ မရေမတွက်နိုင်လောက်အောင် များပြားစွာရှိနေခဲ့သည်။

သူ ၎င်းတို့အားလုံးကို လျစ်လျူရှုကာ အကုန်ပိတ်လိုက်ပြီး  ဝေ့ပေါ်၏ မျက်နှာပြင်ကို ပြန်ထိလိုက်ပြီး ကုကျစ်စုန့်အား ဆဲဆိုသည့်စကားလုံးများကို ရိုက်လိုက်သည်။

ထိုခဏတွင် ‘ခရစ်' ဆိုသည့်အသံနှင့်အတူ တစ်စုံတစ်ခုက သူ့၏ဝရံတာတံခါးအား ထိမှန်လာပြီး မကြာခင်အတွင်း၌ အက်ကွဲသံများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

***

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment