(6)
အင်တာနက်ပေါ်မှာ အမြဲနောက်ကျတတ်တယ်လို့ နာမည်ကြီးတဲ့ ကုကျစ်စုန့်က အခုလိုမျိုးဖြစ်နေလိမ့်လို့ ဘယ်သူကတွေးမိမှာလဲ?!
အနီးအနားမှဝန်ထမ်းတွေကလည်း အနည်းငယ်ရှော့ရသွားပုံပေါ်ပြီး ခဏလောက်နေတော့ အနည်းငယ်ရှက်ရွံ့သွားခဲ့ကြတယ်။
သူတို့ထဲက အများစုက ခုနကလေးတင် ကုကျစ်စုန့်ရဲ့မကောင်းသတင်းတွေနှင့်အတင်းအဖြင်းတွေကို ပြောနေခဲ့ကြတာလေ။ ဒါပေမဲ့ ကုကျစ်စုန့် ကိုယ်တိုင်က သူတို့ရဲ့အနားမှာရောက်နေပြီးနားထောင်နေခဲ့တာတဲ့လား။
လီချန်ဟဲ ချောင်းဟန့်လိုက်ပြီး :
"ရှောင်ဖန် သူမကို တိုက်ရိုက်ထုတ်လွှင့်မဲ့နေရာကို ခေါ်သွားပြီး ပြင်ဆင်ပေးလိုက်.. ဒုတိယအကြိမ်တုန်းပါဝင်သူတွေရဲ့စနစ်ကို သိတယ်မလား "
ကုကျစ်စုန့် ခေါင်းငြိမ့်ပြလိုက်ပြီး ဖြေလိုက်တယ်။
" ကျွန်မ ဇာတ်ညွှန်းဖတ်ခဲ့ပါတယ် "
လီချန်ဟဲ : “… …”
"....အခန်းအတွင်းက ကင်မရာတွေက ပုံမှန်အချိန်ရောက်လာရင် အလိုအလျောက်ပွင့်လာလိမ့်မယ်.. မင်း မိတ်ကပ်လိမ်းဖို့ လိုအပ်ရင် မြန်မြန်လိမ်းလိုက်တော့ "
သူက ထိုစကားကို ပြောပြီးတဲ့နောက်မှာ စတူဒီရို အခန်းထဲသို့ လက်နောက်ပစ်ကာဝင်သွားတော့တယ်။
" ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး "
*
သီးသန့်အခန်းထဲကိုရောက်တော့ ၊ လက်ထောက်ရှောင်ကျိုးတစ်ယောက် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ တစ်သျှူးနဲ့ ရေဘူးကိုထုတ်ယူကာ စားပွဲပေါ်မှာ တင်ထားလိုက်တယ်။
" စုန့် ကျဲ.. ချွေးတွေကိုသုတ်လိုက်ပါဦး.. မိတ်ကပ်ရော လိမ်းချင်သေးလား"
ကုကျစ်စုန့် ဦးထုတ်နဲ့ မျက်နှာဖုံးကို ချွတ်ပြီး ပြုံးပြလိုက်တယ်။
" အလုပ်ကြိုးစားတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ရှောင်ကျိုးတစ်ယောက် မင်သက်နေခဲ့တယ်။ သူမ အနားကိုတိုးကပ်ပြီး အသေအချာကြည့်လိုက်တော့မှ ကုကျစ်စုန့်ရဲ့အသားအရေက အရမ်းကောင်းတယ်ဆိုတာကို သတိထားမိသွားရတယ်။
သူမရဲ့ မျက်နှာမှာ မိတ်ကပ် လုံးဝမလိမ်းထားပေမယ့် ချွေးပေါက်တွေကိုတောင် မမြင်ရပဲ ကြည်လင်တောက်ပနေသေးတယ်။ သူမရဲ့ နဖူးမှာ အမာရွတ်ရှိနေခဲ့ပေမဲ့ ဒါက သူမရဲ့အလှကို မပျက်စီးစေခဲ့ဘူး။
" မဟုတ်ပါဘူး.. ဒါကမခက်ခဲပါဘူး .. ကျွန်မလုပ်သင့်တဲ့အလုပ်ပဲလေ"
ရှောင်ကျိုးက ပရော်ဖက်ရှင်ရှယ်ကျတဲ့ လက်ထောက် တစ်ယောက်မဟုတ်ဘူး။ သူမက လွန်ခဲ့တဲ့ လဝက်လောက်ကမှ ကုမ္ပဏီကို အစမ်းခန့်အနေနဲ့ရောက်ရှိလာခဲ့တဲ့ ဝန်ထမ်းလေးပဲ။ လေ့ကျင့်ရေး သုံးရက်တာဆင်းပြီးတဲ့အချိန်မှာပဲ ရုတ်တရက် သူမကို ကုကျစ်စုန့်ရဲ့ အနားမှာနေဖို့အတွက် တာဝန်ပေးခံလိုက်ရတယ်။
ဖျော်ဖြေရေးကုမ္ပဏီဆိုတာက အတင်းအဖျင်းတွေ အမြန်အဆန်ပြန့်တဲ့နေရာဖြစ်ပြီး တော်တော်လေးကိုလည်း ဇီဇာကြောင်တဲ့နေရာပဲ။
သူမ ကုကျစ်စုန့်ရဲ့ အနားကို သွားရမဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာဘဲ သူမရဲ့ဘေးနားက လူတွေက ကုကျစ်စုန့် ဘယ်လောက်ထိ ဒေါသကြီးကြောင်း၊ သူမကို ပြုစုရတာဘယ်လောက်တောင် ခက်ခဲကြောင်းတွေ ပြောလာခဲ့ကြတယ်။
သူမက တစ်ခါတလေ စိတ်မထင်ရင် လက်ထောက်တွေကိုပါ ဆူဆဲပြီး ရိုက်နှက်တတ်တယ်တဲ့။
သူတို့ရဲ့စကားတွေက သနားဂရုဏာသက်မှုတွေနဲ့ ဟာသတွေ ပြည့်နေခဲ့ပြီး အလုပ်သင်လေးသူမကို အလွန်ကြောက်လန့်စေခဲ့တယ်။
ဒါပေမဲ့ အချိန်အကြာကြီး အတူရှိပြီးနောက်မှာတော့ သူမရဲ့ ကိုယ်ပိုင်မျက်လုံးတွေနဲ့ ကုကျစ်စုန့် ရဲ့အလှတရားနဲ့ သူမရဲ့ ညှာတာမှုတွေကိုသာတွေ့ခဲ့ရတယ်။ ဖျော်ဖြေရေးနယ်ပယ်ထဲကအတင်းအဖျင်းတွေက တကယ်ကိုကြောက်စရာကောင်းတာပဲ။
အခန်းထဲမှ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး အပြင်ကိုထွက်သွားတော့မှ ရှောင်ကျိုးက သိချင်စိတ်နဲ့မေးလိုက်တယ်။
" စုန့်ကျဲ.. သူတို့တွေ အစ်မအကြောင်းကို ပြောနေကြတာ စိတ်မဆိုးဘူးလား "
အပြင်ဘက်မှာကြားခဲ့ရတဲ့ ဒီလူတွေရဲ့ အတင်းအဖျင်းတွေက အဆင်ပြေနေသေးတယ်။ သူတို့ တိုက်ရိုက်ထုတ်လွှင့်ရေးအခန်းထဲကို ဝင်လိုက်တဲ့အချိန်မှာတော့ မျက်နှာပြင်ပေါ်မှာ ကုကျစ်စုန့် မုန်းတီးရေးသမားတွေရဲ့ မကောင်းတဲ့စာလုံးတွေနဲ့ပြည့်နေခဲ့တယ်လေ။
သူမ တကယ်ကို ဒေါသထွက်ပြီး အကုန်လုံးကိုပြန်ပြောချင်နေခဲ့တယ်။ ဒီလူတွေက ကုကျစ်စုန့် ကိုဘယ်လောက်တောင် စိတ်ဓာတ်ကျစေချင်နေကြတာလဲ !
" စိတ်ဆိုးစရာအကြောင်းမရှိပါဘူး.. အတင်းအဖျင်းနဲ့ကောလဟာတွေဆိုတာ ဟိုးအရင် ရှေးခေတ်အချိန်ကာလတွေကတည်းက ရှိခဲ့ကြတာပဲ..ငါ့ကို သဘောကျတဲ့သူ ငါ့ကို ယုံနေသေးသရွ့ ဒါက အဆင်ပြေပါတယ် "
ဒါကိုပြောပြီးနောက် ကုကျစ်စုန့် အတော်လေးကျေနပ်သွားတယ်။
တာဝန်သိစိတ်ပြင်းပြသူတစ်ဦးအနေဖြင့် သူမက အနုပညာရှင်တစ်ဦးဖြစ်ရတာကို မကြိုက်သလို ဒီ အလုပ်အကိုင်နဲ့ ပရိသတ်များကို လေးစားတာမျိုးမရှိပေမဲ့လည်း သူမက "အနုပညာရှင် ဇာတ်ညွှန်းများ" ကို စိတ်အာရုံမြှပ်နှံမှုအပြည့်နှင့် ဖတ်ရှုနေတုန်းပဲ။
သူမ ပြောတဲ့စကားကိုကြားလိုက်ရတဲ့ ရှောင်ကျိုးက ပိုလို့တောင်စိတ်သောကရောက်သွားတယ်။
" ကျွန်မ စု့န်ကျဲကိုယုံတယ်.. သူတို့ အနာဂတ်မှာ နောင်တရလိမ့်မယ်!"
ကုကျစ်စုန့် ပြုံးပြီးပြောလိုက်တယ်။
"ဟုတ်တယ်.. သဘောထားကွဲလွဲမှုတွေနဲ့ ဆဲရေးတိုင်းထွာတဲ့ စကားမျိုးတွေကို အသက်ရှင်နေချိန်မှာသာပြောနိုင်ကြတာ .. သေသွားတဲ့အချိန်ကျရင် သူတို့ရဲ့လျှာကို အဖြတ်ခံရပြီး ငရဲကိုရောက်မှ နောင်တရကြလိမ့်မယ်"
ရှောင်ကျိုး: "......"
သူမရဲ့လျှာက နည်းနည်းလောက် တင်းကြပ်လာတယ်လို့ ဘာလို့ခံစားလိုက်ရတာပါလိမ့်။
" အာ အချိန်ကျလာပြီ "
နာရီလက်တံက ၉နာရီသို့ညွှန်ပြနေပြီဆိုတာကို မြင်သွားတဲ့ ကုကျစ်စုန့်က သူမရဲ့အရှေ့က စက်နားကို တိုးလိုက်ပြီး ကင်မရာကိုကြည့်လိုက်တယ်။
" တိုက်ရိုက်ထုတ်လွှင့်မှုက စတင်လောက်တော့မယ် "
ကုကျစ်စုန့် ပေါ်လာတာနဲ့ ဆဲဆိုကြိမ်းမောင်းဖို့အတွက် တိုက်ရိုက်ထုတ်လွှင့်မှု စတင်လာမှာကို စောင့်နေကြတဲ့သူတွေက အချိန်ကျလာတာနဲ့ ကီးဘုတ်ကိုထိလိုက်ကြတယ်။
ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင်မှုပွင့်လာတဲ့အချိန်မှာတော့ ကုကျစ်စုန့်ကိုစိုက်ကြည့်နေမိပြီး အချိန်ခဏလောက် စကားမပြောနိုင်ဖြစ်သွားကြကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြတယ်။
မှတ်ချက်ဧရိယာကလည်း အချိန်တစ်စက္ကန့် ၊နှစ်စက္ကန့်လောက်ရပ်တန့်သွားခဲ့တယ်။
တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အမျိုးသမီးက ကင်မရာကို စိုက်ကြည့်နေခဲ့တယ်။ ကြည်လင်ပြတ်သားတဲ့ ရိုက်ကူးမှုအောက်မှာ သူမရဲ့ကွေးညွတ်ပြီး ရှည်လျားတဲ့ အနက်ရောင် မျက်တောင်တွေက ထင်ရှားနေခဲ့ပြီး နှာခေါင်းထိပ်မှ မှဲ့နီလေးကလည်း အလှတရားကို ပိုပြီး တိုးစေခဲ့တယ်။
သူမက သူမရဲ့မေးဖျားကို ဖြူဖျော့သွယ်လျတဲ့ လက်ချောင်းကလေးတွေနဲ့ထောက်လိုက်ပြီး ပုံမှန်အတိုင်းပြောလိုက်တယ်။
" ဟင် ဒီကင်မရာက ပွင့်နေပြီလား "
နောက်တစ်စက္ကန့်မှာတော့ မှတ်ချက်တွေ အများကြီးတက်လာတော့တယ်။
[ရှုန်းတိတို့.. ငါ မင်းတို့ကို သစ္စာဖောက်ရတော့မယ်.. ဘယ်သူကများ ဒီလောက်လှတဲ့ မျက်နှာပိုင်ရှင်လေးကို ဆဲရက်ကြတာလဲ.. ကုကျစ်စုန့်က ဒီနေ့ကစပြီး ငါ့ရဲ့ ဇနီးအသစ်လေးပဲ လို့ ကြေညာလိုက်ပြီ! ဇနီးလေးရေ အာဘွားပေးပါဦး~ ]
[?!?? ကုကျစ်စုန့် က ဒီလိုပုံစံမျိုးလား .. အာ....ဟုတ်မဲ့ပုံပဲ.. ဒါနဲ့ သူမက ရုပ်ပျက်သွားတာ မဟုတ်ဘူးလား? ဘာလို့ ပိုပြီးတောင်ကြည့်ကောင်းလာရတာလဲ]
[ ပြောစရာစကားတောင်မရှိတော့ဘူး.. နင်တို့ အပေါ်ယံမျက်နှာကိုပဲ ကိုးကွယ်နေတာ ရပ်လိုက်ကြစမ်းပါ.. ဆိုးရွားနှလုံးသားနဲ့အလှအပမျိုးက ရွံစရာကောင်းတယ်!]
[ ဒါပေမဲ့ မင်းက သူဘယ်လောက်ပဲရူးသွပ်နေပါတယ် ၊ ရက်စက်ပါတယ်လို့ ပြောနေပါစေ.. တိုက်ရိုက်ထုတ်လွှင့်သူက အရမ်းလှနေဦးမှာပဲ!]
တောက်ဓမ္မပညာရပ်က ဟိုးရှေးခေတ်အချိန်ကာလတွေကတည်းက အလွန်အမင်း လျို့ဝှက်နက်နဲလွန်းတယ်။
လောကကြီးထဲမှ လူအများကြီးက သူတို့တွေ ဘယ်လောက်ပဲ သိပ္ပံပညာရပ်ကို ယုံကြည်ပါတယ်၊ ဘယ်လောက်ပဲ ဘာသာမဲ့ပါတယ်လို့ပြောနေပါစေ သူတို့က ဒီလိုမျိုးလျှို့ဝှက်နက်နဲတဲ့ ဝိညာဥ်ဆိုင်ရာ ဇာတ်လမ်းတွေကို လိုလားတောင့်တကြောင်း ဝန်ခံကြတယ်။
ဒီတော့ " ဝိညာဉ်ရေးရာ" အစီအစဥ်မှာ ပရိသတ် အများကြီး ရရှိထားခဲ့တယ်။
အသက်ရှစ်ဆယ်အရွယ် အရွယ်အဖိုးအဖွားတွေကနေ စပြီး သူငယ်တန်းကလေးလေးတွေအထိ မိသားစုဝင်တွေအားလုံးကဒီအစီအစဥ်ကို အတူကြည့်နေကြတယ်။ သူတို့က နယ်ပယ်တွေ အများကြီးကို စိတ်ပါဝင်စားအောင် ဆွဲခေါ်နိုင်ပြီး ဖျော်ဖြေရေးနယ်ပယ်ထဲမှ ပရိသတ်တွေကပါ သူတို့ရဲ့ပရိတ်တွေ ဖြစ်လာခဲ့တယ်။
ဖြတ်သွားဖြတ်လာကြည့်ရှုသူတွေက ကုကျစ်စုန့်ကို ကြိမ်းမောင်းပြောဆိုကြမဲ့ ဘလက်ခ်ဖန်တွေအတွက် ဒရာမာတွေကြည့်ရင်း၊ ဖရဲသီးစားဖို့ရောက်လာကြတာဖြစ်ပြီး ကုကျစ်စုန့် ကို မုန်းတီးခြင်းမရှိကြဘူး။
ဒီနေ့ခေတ်ကာလမှာ မျက်နှာက နေရာတကာမှာ အရေးပါလာခဲ့ပြီး အလှတရားက ပကတိလက်နက်ဖြစ်နေခဲ့တယ်။ ဒါကြောင့် မှတ်ချက်ဧရိယာဆီမှာ အနုပညာရှင်တွေရဲ့ မျက်နှာကိုသာ လိုက်ပါလျက်ချင်တဲ့သူတွေနဲ့ ချက်ချင်းလွှမ်းမိုးသွား ခဲ့တော့တယ်။
ဆဲဆိုကြိမ်းမောင်းနေတဲ့ မှတ်ချက်တွေကို မသိချင်ယောင်ဆောင်ထားလိုက်ရင်းနှင့် ကုကျစ်စုန့်က မျက်ခုံးပင့်လိုက်တယ်။
" အားလုံးပဲ မင်္ဂလာပါ.. အခုကစပြီး ကျွန်မက ဝိညာဥ်ရေးရာ အစီအစဥ်ရဲ့ တတိယမြောက်ရာသီမှာ ပါဝင်သွားမှာဖြစ်ပါတယ် "
" ရှင်တို့က ကျွန်မမှာ ဒီရုပ်လွန်စွမ်းရည်ရှိရဲ့လားလို့မေးနေတာလား? ကျွန်မမှာသာ အမှန်တကယ် အရည်အချင်းမရှိရင် ကျွန်မ ဒီကိုလာရဲခဲ့မှာမဟုတ်ပါဘူး .. ကဲ အကုန်လုံးက ဒီအစီအစဥ်ရဲ့အကြောင်းအရာတွေကို သိပြီးသားပဲဖြစ်လိမ့်မယ်ဆိုတော့ ကျွန်မ အထွေအထူး မိတ်မဆက်ပေးတော့ပါဘူး.. ဒီအတိုင်းပဲ စလိုက်ကြရအောင် "
"ဝိညာဉ်ရေးရာ" အပိုင်းတစ်ခုချင်းစီရဲ့အစပိုင်းတိုင်းမှာ သူတို့က အစီအစဉ်မစခင် သွေးနွေးစေတဲ့ လှုပ်ရှားမှုမျိုးတွေရှိတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့သူတွေက သူတို့ ထုတ်ဖော်ပြသခံရတာကို စိတ်မရှိဘူးဆိုရင် သူ့တို့က အပြန်အလှန်ဆက်သွယ်မှုမှာ ပါဝင်ရန် လင့်ခ်ကိုနှိပ်ဖို့ ရွေးချယ်နိုင်ပြီးတာနဲ့ သူတို့တွေက အစီအစဉ်ရဲ့ ပါဝင်သူနဲ့ အပြန်အလှန် ဆက်သွယ်နိုင်တယ်။
ဒီအခိုက်အတန့်အတွင်းမှာ ပရိသတ်တွေဟာ တိုက်ရိုက်ထုတ်လွှင့်သူရဲ့ တိကျတဲ့ အချက်အလက်တွေကို မပြောနိုင်ဘူး။ သို့ပေမယ့် သူတို့ရဲ့ အထောက်အထား အချက်အလက်တွေနှင့် အတွေ့အကြုံကို ခန့်မှန်းနိုင်ေအတွက် သူတို့ရဲ့အရည်အချင်းတွေကို သုံးလာလိမ့်မယ်။
တိုက်ရိုက်ထုတ်လွှင့်သူပြောလာတဲ့ အချက်အလက်တွေက ပိုတိကျပြီး မှန်ကုန်လေလေ ၊ သူတို့ရဲ့စွမ်းရည်တွေဟာ ပိုပြီးသန်မာကြောင်ကို သက်သေပြနိုင်လေလေပဲ။
ဒါက သူတို့ရဲ့ စွမ်းရည်ကိုစမ်းသပ်နည်းလမ်းတစ်မျိုးပါပဲ။
ဒီအပြန်အလှန်ဆက်သွယ်မေးမြန်းမှုအချိန်က ပရိတ်သတ်တွေ အကြိုက်ဆုံးအချိန်ပဲ ။ တိုက်ရိုက်ထုတ်လွှင့်သူက တောက်ဓမ္မပညာရပ်ကို အမှန်တကယ် နားလည်ရဲ့လားဆိုတာကိုလူအများကြီးက စစ်ဆေးနိုင်တယ်လေ။
ပြီးခဲ့တဲ့ ရာသီနှစ်ခုတုန်းက တစ်ချို့လူတွေက အနာဂတ်ကို ခန့်မှန်းပြောဆိုနိုင်တာကြောင့် အောင်မြင်ကျော်ကြားသွားကြပြီး ကံတရားကိုဟောကိန်းထုတ်နိုင်တဲ့ဆရာသခင်တွေလို့တောင် အခေါ်ခံခဲ့ရတယ်။
ဒါပေမဲ့ တိုက်ရိုက်ထုတ်လွှင်သူအများစုက သူတို့ရဲ့အရှက်ကို သူတို့ကိုယ်တိုင်ပြန်ခွဲမိပြီး အင်တာနက်သုံးစွဲသူတွေဆီမှာ အထူးတလည်ရယ်ရတဲ့ အခန်းများဆိုတဲ့ ခေါင်းစဥ်နဲ့ ပြန်တင်တာကို ခံလိုက်ရကြပြီး ထိုအပိုင်းတွေကလည်း တော်တော်လေးလည်း လူသိများခဲ့တယ်။
ပထမဆုံးအပိုင်းမှာ ကုကျစ်စုန့် မပါဝင်ခဲ့တာကြောင့် ဒါရိုက်တာက သူမကို ပရိတ်သတ်နှစ်ယောက်အတွက် ဗေဒင်ဟောခိုင်းခဲ့တယ်။ဒီနည်းလမ်းက အရမ်းကိုပြသနာတက်စေနိုင်တဲ့ နည်းလမ်းပဲ ။
ဒါကြောင့် အခုအချိန်မှာ မှတ်ချက် တွေကလည်း အလွန်အမင်း ပြည့်ကြပ်လာခဲ့ပြီး အချိန်ဆယ်မိနစ်အတွင်းမှာပဲ လူအယောက်တစ်သိန်းခွဲကျော်သွားခဲ့ပြီ!
မြေအောက်မှ အမည်မသိ အသူရာချောက်ထဲမှာတော့ မှောင်မည်းတဲ့လေတွေတိုက်ခတ်နေပြီး အနက်ရောင်တိမ်တွေလည်း အလွန်ထူထဲနေခဲ့တယ်။
သရဲထောင်ပေါင်းများစွာနဲ့ခြောက်ခြားဖွယ်ရာဖြစ်နေသင့်တဲ့ မြေအောက်ကမ္ဘာဟာ အခုချိန်မှာတော့ အတော်လေးငြိမ်သက်နေခဲ့ကြတယ်။ တကယ်လို့ လူတွေသာ ဟွမ်ချွမ်လမ်းရဲ့အဆုံးကို ဂရုတစိုက်ခဲ့ကြည့်မယ်ဆို စန်းထုမြစ်တစ်လျှောက်မှ နိုင်းဟယ်တံတားပေါ်မှာ သရဲတွေနဲ့ မည်းမှောင်နေတဲ့ မကောင်းတဲ့ဝိညာဥ်တွေ စုစည်းနေတာကိုတွေ့ရလိမ့်မယ်။
သရဲတစ်ကောင်ချင်းစီဟာ ရိုးရှင်းသေးငယ်တဲ့ဘုတ်လေးတစ်ခုစီ ကိုင်ထားကြတယ်။ သူတို့ရဲ့အနည်းငယ်လောက်သာလင်းနေတဲ့ ဘုတ်ပြားပေါ်က မြင်ကွင်းအနည်းငယ်လောက် ရွေ့သွားမယ်ဆိုရင်တောင် သရဲတွေကို စိတ်လှုပ်ရှားသွားစေလိမ့်မယ်။
***