16: နတ်ဘုရားများအား ဆင့်ခေါ်ရန် ကခုန်ခြင်း (2)
“မာဇု ကြွချီလာနေပြီ၊ မင်းတို့သေမျိုးတွေ အမြန်နောက်ဆုတ်ပြီး တရိုတသေစောင့်နေကြ”
သို့သော်လည်း နောက်ထပ်စက္ကန့်ပိုင်းအတွင်းမှာ ကုကျစ်စုန့်တစ်ယောက် မျက်နှာပြင်အပြည့် တစ္ဆေအရိပ်အငွေ့များဖြင့် ပြည့်နှက်နေသော အလွန်ထူးဆန်းသည့် မှတ်ချက်နှစ်ခုကို ဖမ်းမိသွားခဲ့ရသည်။
[ပြန်လည်ဝင်စားဖို့အတွက် ၃၃နှစ်ကြာအောင် တန်းစီပြီးစောင့်နေရတယ် : အိုး အဲဒီကောင်မလေးကိုကြည့်ရတာ အတော်လေး အရည်ရွှမ်းမဲ့ပုံရတယ်၊ သူမရဲ့ မျက်လုံးမျက်ဆံကလည်း ကြီးသားလဲ၊ အဲဒါတွေကိုသာ ကလော်ထုတ်တဲ့အခါ လုံးဝိုင်းပြီး လှပနေမှာသေချာတယ်!]
[စန်းထူချွမ်ရဲ့နံပါတ်တစ်ဆွဲဆောင်မှုအရှိဆုံးတစ္ဆေ : အဲဒီအမျိုးသမီးရဲ့အရေပြားအတွက် စျေးမြင့်မြင့်ပေးမယ်နော်၊ ဒီအလုပ်ကိုလက်ခံချင်တဲ့ အရေပြားဆေးခြယ်တာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ ညီအစ်မများရှိကြလား? စျေးနှုန်းက ပြဿနာမဟုတ်ဘူး]
ဒါက ဘာလဲ? ဒါတွေက သာမာန်လူတွေ ပြောနိုင်တဲ့စကားမျိုးလား?
ကုကျစ်စုန့် မျက်မှောင်အနည်းငယ်ကြုံ့လိုက်မိသည်။
တစ်ချို့သော အမှောင်လမ်းမှ လျို့ဝှက်ဆန်းကြယ်ဆရာသခင်တွေကလည်း ဒီ“ဝိဉာဥ်ရေးရာ ကိစ္စရပ်များ” ပရိုဂရမ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတာများလား?
ထိုအချိန်တုန်းက တစ်စုံတစ်ခုက မှားယွင်းနေကြောင်း သူမ သတိပြုမိသွားခဲ့သော်လည်း ‘ဒါက တောက်ဓမ္မပညာရပ်အကြောင်း ရသစုံရှိုးပွဲကိုကြည့်ရှုနေကြတဲ့ တစ္ဆေတစ်စု ဖြစ်လိမ့်မယ်’ ဟူသော အတွေးမျိုးကိုတော့ သူမ မတွေးမိခဲ့ပါချေ။
အဆုံးတွင်တော့ ကုကျစ်စုန့်၏ အတွေးအမြင်အရ နန်းတော်ဆယ်ခုရှိ ငရဲဘုရင်များနှင့် လက်အောက်ခံယင်အရာရှိများမှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီမှ ရှေးဟောင်းလူသားများကဲ့သို့ ခေတ်နောက်ကျလွန်းလေသည်။
လူလောကမှာတုန်းက အင်တာနက်နှင့်သက်ဆိုင်သည့် လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် တစ္ဆေသရဲတွေက မြေအောက်ကမ္ဘာကိုဆင်းသွားပြီးသည့်နောက်မှာ နောက်တစ်ကြိမ် အလုပ် ပြန်လုပ်ခဲ့ကြပြီး မြေအောက်ကမ္ဘာဆီမှာ အင်တာနက်ကေဘယ်ကြိုးများ တပ်ဆင်ဖို့ လုပ်ဆောင်ထားခဲ့ကြသည်ဆိုသည့်အရာမျိုးကို သူမက မည်သို့ စိတ်ကူးမိမည်နည်း။
သို့သော်လည်း သူတို့၏ လုပ်ကိုင်နိုင်စွမ်းမှာတော့ ကန့်သတ်ထားရချေသည်။ သူတို့တွေက အင်တာနက် နည်းပညာအား တစ္ဆေပေါင်းဘီလီယံဆယ်နှင့်ချီပြီး သုံးစွဲနိုင်ရန်အထိ တိုးတက်အောင်လုပ်ဖို့ ကျရှုံးသွားခဲ့ကြသည်။
ဤသို့ဖြင့် သူတို့က သက်ရှိကမ္ဘာမှ အင်တာနက်အား ခိုးယူသုံးစွဲနိုင်ရန် နည်းလမ်းကိုသာ ရှာဖွေနိုင်ခဲ့ကြပြီး ယင်နှင့်ယန် ကမ္ဘာနှစ်ခုအား ဆက်သွယ်ထားသည့် အဆင့်နိမ့်ချန်နယ်ကို ပြုလုပ်ကာ လိုင်းဆွဲအားနိမ့်လွန်းသည့် အင်တာနက်ကို တပ်ဆင်နိုင်ခဲ့ကြသည်။
ဤအရာကြောင့်ပဲ မြေအောက်ကမ္ဘာမှ ယင်စွမ်းအားများပါဝင်သည့် မှတ်ချက်များသည်လည်း မှတ်ချက်ဧရိယာအတွင်း ဖော်ပြခံလာခဲ့ရလေသည်။
ကုကျစ်စုန့် ဧည့်ခန်းအား ဖြတ်လျှောက်သွားပြီးနောက် အချိန်ခဏလောက်အထိ မည်သည့် အထူးတလည်နိုင်သည့်အရာကိုမျှ ရှာမတွေ့သေးပေ။
အပေါ်ယံမျက်နှာပြင်ကိုကြည့်ရှုလျှင်တော့ ဤဗီလာအတွင်းရှိ ပစ္စည်းများအား နေရာချစီစဥ်ထားမှုသည် အိမ်ကြီးအတွင်း သေးငယ်သည့် ဖုန်းရွှေအခင်းအကျင်းဖွဲ့ကာ လိုက်ဖက်ညီသည်ဟု ပြောလို့ရသည်။
ဖုန်းရွှေဆရာသခင်တစ်ယောက်က ဤအဆောက်အအုံအတွင်း၌ အစီအရင်တည်ဆောက်ခဲ့သည်ဖြစ်ကြောင်း သူမ သေချာပေါက်ပြောနိုင်ချေသည်။
ဤကဲ့သို့ ဖုန်းရွှေအပြင်အဆင်အောက်တွင်ရှိနေသည့် အိမ်တစ်အိမ်၏အခြေအနေမှာ အလွန်သက်တောင့်သက်သာ ရှိနေသင့်မည်ဆိုပါက အကျိုးအကြောင်းညီညွတ်နေလိမ့်မည်။ သို့သော်လည်း အမှန်တကယ် ပတ်ဝန်းကျင်မှာကား လူများအား စေးကပ်ကာ မွန်းကျပ်သလို ခံစားစေရသည်။
ထိုခံစားချက်နဲ့ပတ်သက်၍ မှားယွင်းနေခြင်းမရှိခဲ့ပေ။ ဆွေးမြေ့နေသည့်အနံ့များက ဘေးပတ်လည်မှ ထွက်ပေါ်နေသည်မဟုတ်ပါလား။
ကုကျစ်စုန့် ဒုတိယအလွှာသို့ တက်သွားခဲ့ပြီး ဟောခန်းထဲသို့ ရောက်သွားသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိတ်သတ်များမှာ နောက်တစ်ကြိမ် စိတ်လှုပ်ရှားကြလာပြန်သည်။
အဘယ်ကြောင့်ဆိုသော် တခြားသောပြိုင်ပွဲဝင်တစ်ဦးသည်လည်း ဒုတိယအလွှာ၏ အဓိက ခန်းမထဲတွင် ရှိနေသောကြောင့်ဖြစ်ချေသည်။
ပြိုင်ပွဲဝင်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်မိသွားကြပြီ။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များအားလုံးက ဤရာသီအတွင်းရှိ ပြိုင်ပွဲဝင်များသည် ယခင်ရာသီအတွင်းမှ ပြိုင်ပွဲဝင်များနှင့် အခြေအနေကွာခြားကြောင်းကို သိထားခဲ့ကြသည်။
ဤပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်များမှာ အစစ်အမှန်ပြိုင်ဖက်များသာဖြစ်နေပြီး သေနတ်ယမ်းနံ့ကလည်း အလွန်ပြင်းထန်လွန်းသည်။ တစ်ယောက်နှင့် တစ်ယောက်မကြိုက်ကြသည့် ပြိုင်ပွဲဝင်များသည်လည်း အများအပြားလည်း ရှိနေခဲ့သည်။
ဒုတိယလွှာသို့ တက်သွားခဲ့သော ကုကျစ်စုန့်ကတော့ သူမ၏ မျက်ခုံးတစ်ဖက်ကို အသာပင့်မ,လိုက်ကာ အဓိကခန်းမ၏ အလယ်ဗဟိုရှိ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်သားရှိနေသော သက်လတ်ပိုင်းအမျိုးသမီးအား စိုက်ကြည့်လိုက်မိချေသည်။
သူမသည် အသက်ငါးဆယ်အစောပိုင်းအရွယ်လောက်ဖြစ်ပြီး နှင်းဆီနီရောင်နှင့် မဲနယ်ရောင်တို့ပါရှိသည့် ဝတ်ရုံပွဝတ်ဆင်ထားခဲ့သည်။ သူမ၏ခေါင်းပေါ်တွင်တော့ သွေးနီရောင်ပဝါစကို စည်းနှောင်ထားခဲ့သေးပြီး မြေပြင်ပေါ်တွင် တလေးတစားနှင့် ဒူးထောက်နေခဲ့ကာ မျက်စိများကို ပိတ်ဆို့၍ စကားလုံးများ ရွတ်ဆိုနေသည်။
ဤသည်ကား ဖူကျန်းအလယ်ပိုင်းမှ ပြိုင်ပွဲဝင်ဖြစ်ပြီး နတ်ဘုရားများကိုပင့်ခေါ်ကာ လူသားများ၏ ရောဂါကို ကုသပေးပြီး လူများကို ကယ်တင်နိုင်ကြောင်း နာမည်ကြီးသည့် နတ်ဆရာမဖြစ်ချေသည်။ ဝိဉာဥ်စွမ်းအားအလွန်ကောင်းမွန်လှကြောင်းလည်း ပြောဆိုခဲ့ကြသေးသည်။
သို့သော်လည်း ကံကြမ္မာဟောကြားသည့် ပထမတစ်ဝက်မှာကတည်းက ကြည့်ရှုသူ ပရိတ်သတ်များက သူမအား အကြီးအကျယ် စိတ်ပျက်သွားရသည်။
သူမက မိဘများ ဆုံးပါးသွားစဖြစ်သည့် ပရိသတ်တစ်ယောက်ကို သူမတို့မိသားစုက အလွန်ပျော်ရွှင်နေခဲ့ပြီး အိမ်မှာ ငြိမ်းချမ်းစွာရှိနေကြောင်း ပြောခဲ့သည်။ စီးပွားရေးဆုံးရှုံးမှုဖြစ်ခဲ့သည့်သူကိုလည်း သူ၏ အလုပ်အကိုင်သစ်က အလွန် အောင်မြင်နေသည်ဟု ပြောလာခဲ့သေးသည်။ အတိုချုံးပြောရလျှင် သူမက ကောင်းသည့်အရာများကိုသာ ရွေးချယ်ပြီး ပြောသွားခဲ့လေသည်။
ဤအမျိုးသမီးနတ်ဆရာသည်လည်း သူမ၏တည်နေရာက အန္တရာယ်ကျရောက်နေပြီဖြစ်ကြောင်းကို သတိပြုမိခဲ့သည်။ ထို့ကြောင့် ပရိတ်သတ်များ နှုတ်ထွက်ပြီးလျော့ပါးသွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် သူမသည် ကံကြမ္မာဟောပြောခြင်း၌ သိပ်မတော်ကြောင်းကို ဖွင့်ပြောလာခဲ့သည်။ သူမ အကျွမ်းကျင်ဆုံးသောအလုပ်မှာ နတ်ဘုရားများထံသို့ ကပြပြီး သူမ၏ခန္ဓာကိုယ်ဆီသို့ နတ်ဘုရားများကို ပင့်ခေါ်ခြင်းသာဖြစ်ကြောင်း ပြောခဲ့သည်။
သူမသာ နတ်ဘုရားများဆီကို မေးမြန်းနေခဲ့သရွေ့ ဤနေရာတွင် မည်သည့်အရာများဖြစ်ခဲ့သည်လည်းဆိုသည်းအကြောင်းကို သူမ သိသွားလိမ့်မည်။
ကုကျစ်စုန့် လှေကားအပေါ်ဆုံးသို့ရောက်သွားသည်နှင့် အမျိုးသမီးနတ်ဆရာမက ရုတ်တရက် ခုန်ထလာခဲ့ကာ သူမ၏ လက်များကို ဝေ့ယမ်းလိုက်ချေသည်။
သို့သော်လည်း အကြည့်အနည်းငယ်လောက်နှင့်တင် သူမက အတုအယောင်သာဖြစ်ကြောင်း ကုကျစ်စုန့် သိရှိသွားခဲ့သည်။
ပထမဆုံးအနေဖြင့် သူမ၏ခန္ဓာကိုယ်ထဲတွင် မည်သည့်‘ချီ’ အမျိုးအစားမျှရှိမနေခဲ့ချေ။
ဒီလိုပုံစံမျိုးနှင့် သူမက ဘယ်လိုလုပ်ပြီး နတ်ဘုရားကို ပင့်လို့ရမှာလဲ?
ဒုတိယအနေဖြင့် သူမ၏ ကခုန်သည့်နည်းလမ်းက တုန်ခါပြီး လှုပ်ရမ်းနေရုံသက်သက်သာဖြစ်ချေသည်။ သူမ၏လက်ကောက်ဝတ်ပေါ်ရှိ လက်ကောက်များနှင့် ခေါင်းလောင်းငယ်လေးများမှ ထွက်လာသည့်အသံများသည်လည်း စည်းချက်ကျမှုနှင့် လှပမှုများမရှိခဲ့ဘဲ ဆူညံသံအကျယ်ကြီးဖြင့် မသာမယာ မြည်နေခဲ့သည်။
ဤကဲ့သို့ အရာများဖြင့် နတ်ဘုရားများကိုမပင့်ဆောင်နိုင်သော်လည်း လူအများကိုတော့ လှည့်စားနိုင်လိမ့်မည်။
သူမနှင့်ပတ်သတ်၍ စစ်မှန်ဆိုသည့်အရာဟူ၍ သူမ၏ခေါင်းပေါ်တွင် ပတ်ထားခဲ့သည့် အနီရောင်ခေါင်းစည်းပုဝါစကြီးသာ ရှိနေခဲ့သည်။
ကုကျစ်စုန့် လေထုထဲမှ သွေးနံ့တချို့ ရရှိခဲ့သည်။ ထိုအနီရောင်ခေါင်းစည်းစက ကြက်ဖ၏သွေးထဲတွက်စိမ်ထားခြင်းဖြစ်နိုင်ပြီး အခြောက်ခံထားပြီးနောက်တွင် အနံ့ကိုဖုံးဖို့ရန်အတွက် အမွှေးနံ့သာတချို့ဖြင့်လည်း မှုတ်ထားခြင်း ဖြစ်လိမ့်မည်။
ကြက်ဖ၏သွေးက ဒဏ္ဍာရီထဲတွင် နတ်ပင့်ရာ၌ အရေးကြီးသည့် စတေးခံတစ်ခုဖြစ်သည်။
ရုတ်တရက် အမျိုးသမီးနတ်ဆရာမက ခေါင်းလောင်းအား လှုပ်ခါလိုက်ပြီး ကုကျစ်စုန့် ရှိနေသည့်နေရာဆီသို့ ညွှန်ပြလာချေသည်။
“မာဇု ကြွချီလာနေပြီ၊ မင်းတို့သေမျိုးတွေ အမြန်နောက်ဆုတ်ပြီး တရိုတသေစောင့်နေကြ”
(T/n__မာဇု - မထ်စု : အရှေ့တောင်တရုတ်ကမ်းခြေနှင့် အရှေ့တောင်အာရှမှာ ကျယ်ပြန့်စွာ ကိုးကွယ်ခံရထားရတဲ့ ပင်လယ်နတ်ဘုရားမ၏ နာမည်)
ဤအရာအားမြင်သည်နှင့် မြေအောက်ကမ္ဘာမှ တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်ရှုနေသော မြေအောက်ကမ္ဘာမှ တစ္ဆေများထဲမှ တစ်ကောင်သည် ဆွံ့အစွာ ပြောလိုက်သည်:
“ငါကတော့ ဘယ်သူရောက်လာတာကိုမှ မမြင်မိပါဘူး၊ နောက်ပြီး ခွေးတွေတောင်မှ ဒီလိုစတေးပွဲမျိုးကို မသွားလောက်ဘူး....”
မှတ်ချက်များမှာ ပလူပျံနေခဲ့ကြသော်လည်း သက်ရှိကမ္ဘာမှ ပရိတ်သတ်များသည်လည်း အရူးလုပ်မခံကြဘဲ တစ်ယောက်ပြီးတစ်ယောက် အစစ်အမှန်ဖြစ်မဖြစ်ကို မေးခွန်းထုတ်လာကြသည်။ဘ
[ငါ့မှာ ဗဟုသုတနည်းနည်းရှိတယ်၊ ဒီတော့ သူမက နတ်ဘုရားကို ပင့်နိုင်တာဟုတ်ရဲ့လား? သူပြောတဲ့ မာဇုက ငါသိတဲ့ မာဇုလား?]
ညွှန်ပြခံလိုက်သည့် ကုကျစ်စုန့်သည်ကတော့ အနည်းငယ်လောက် မဖော်ပြနိုင်သည့်အမူအရာမျိုး ဖြစ်သွားခဲ့ရသည်။ သူမက နေရာမှ ထွက်သွားပြီး ဤနေရာကို နတ်ဆရာမအတွက် ချန်ထားပေးတော့မည့်အချိန်တွင် အလွန်အေးစက်သည့်လေအေးများက သူမ၏မျက်နှာပေါ်သို့ တိုက်ခတ်လာခဲ့သည်။
ကုကျစ်စုန့် သူမ၏ ဖီးနစ်ပုံသဏ္ဍာန်မျက်လုံးများကို အသာပင့်မ,မိသွားရပြီး ခဏလောက် အံ့သြသင့်သွားခဲ့သည်။ ထို့နောက် အရှေ့သို့ တစ်လှမ်းတိုးကာ သူမ၏လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို ဖွင့်လိုက်သည်။
ထို့နောက် အမိန့်ပေးသည့်လေသံနှင့် ပြောနေရင်းနှင့် မမြင်ရသော “ချီ” သည် သူမအောက်ခြေမှ ထိပ်ဖျားအထိ မြင့်တက်လာကာ သူမ၏ အရှေ့တွင် ကာရံလာခဲ့သည်။
“လျှို့ဝှက်ဆန်းကြယ်တဲ့ ဘိုးဘေးများက ကောင်းကင်နှင့် မြေကြီးဖြစ်ပြီး အနန္တချီက မူလအစကတည်းက တည်းရှိခဲ့တယ်.. ကာလတစ်သောင်းကြာအောင် လေးနက်စွာကျင့်ကြံခဲ့ခြင်းကို ဖြတ်သန်းပြီး ငါ့ရဲ့ ဝိဉာဥ်ထိုးဖောက်မှုကို အသိအမှတ်ပြုစမ်း!”
သူမ၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့် ရွှေရောင်အလင်းများက သူမ၏မျက်ဆံအတွင်းမှာ ဖြတ်ခနဲ တောက်ပသွားခဲ့သည်။
ထို့နောက် *ဘန်း* ဆိုသည့်အသံခပ်တိုးတိုးနှင့်အတူ တစ်စုံတစ်ခုက ကုကျစ်စုန့်၏ ခန္ဓာကိုယ်အား ဝင်တိုက်သွားခဲ့ပုံပေါ်ပြီး လေပြင်းများကလည်း ဝင်ရောက်တိုက်ခတ်လာခဲ့သည်။
သို့သော် ထိုအရာသည် မမြင်နိုင်သော အတားအဆီးဖြင့် အတားခံလိုက်ရပြီး လွင့်ထွက်သွားခဲ့ချေသည်။
အလွန်ပြင်းထန်သော လေပြင်းများက ကုကျစ်စုန့်၏ ဆံပင်များကိုဖြတ်တိုက်သွားခဲ့ပြီး သူမ၏ လေးနက်ပြင်းထန်နေသော မျက်နှာက ကြောက်ရွံ့စရာခံစားချက်ကို ဖြစ်ပေါ်လာစေသည်။
(??? ရှုံးတိတို့ ..ငါ့ရဲ့မျက်လုံးတွေက ပြဿနာတစ်ခုခု ရှိနေပြီထင်တယ်... ငါ အခုလေးတင် အခန်းထဲကနေ လေပြင်းတွေတိုက်လာတာကို မြင်လိုက်ရတယ်]
[ငါ့နားမှာလည်း ပြဿနာတစ်ခုခု ရှိနေပြီလို့ထင်တယ်။ ငါ တစ်ခုခု အော်ဟစ်နေတဲ့အသံကို ကြားလိုက်ရသလိုပဲ....]
***