(15) နတ်ဘုရားများအား ဆင့်ခေါ်ရန် ကခုန်ခြင်း(1)
"အုတ်ဂူတစ်ခုတည်ဆောက်ဖို့ အတော်လေးကောင်းတဲ့နေရာ ဖြစ်လိမ့်မယ်"
ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်သည့်ရိုက်ကူးရေးအခန်းထဲမှ အပြင်ဘက်သို့ ထွက်လာသည်နှင့် တစ်ချိန်တည်းတွင် သူ့၏နောက်သို့လိုက်ရန်တာဝန်ယူထားရသော ကင်မရာမင်းကလည်း ကင်မရာကို ချက်ချင်းဖွင့်လာခဲ့သည်။
သူမက သုံးနာရီထက်ပိုပြီး ပျက်ကွက်ထားသော်လည်း သူမ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် လူအများကြီး ရှိနေသေးကာ နံပါတ်တွေလည်း ဆက်လက်ပြီး တိုးလာနေတုန်းပဲဖြစ်သည်။
ထို့ကြောင့် မျက်နှာပြင်မှ အလင်းတစ်ချက်နှင့်အတူ ပွင့်သွားသည်နှင့် ထိုကြည့်ရှုသူပရိတ်သတ်များမှာ အလှတရားဆီမှ ထိုးနှက်ခံလိုက်ရပြန်၏။
နေ့လည်ခင်း၏နေရောင်ခြည်မှာ အမြင့်ဆုံးသို့ရောက်ရှိနေခဲ့ပြီး သစ်ပင်ရိပ်များကြားမှ ထိုးဖောက်ကျဆင်းလာသည့် နေရောင်ခြည်အလင်းအစက်ပြောက်များမှာ ကုကျစ်စုန့်၏ ခေါင်းထိပ်မှ ဆံပင်များဆီသို့ ကျဆင်းနေခဲ့သည်။ ဤမြင်ကွင်းက တစ်နည်းနည်းအားဖြင့် သူမအား စင်ကြယ်သန့်စင်မှုအလွှာခြုံပေးထားသလိုဖြစ်နေခဲ့သည်။
အဆင့်မြင့်ရိုက်ကူးရေးပစ္စည်းအပြည့်အစုံနှင့် ရိုက်ကူးမှုအောက်တွင် သူမ၏နှာခေါင်းထိပ်မှာ ပန်းရောင်နုနု သန်းနေသည်ကိုပါ မြင်တွေ့နေရပြီး သူမ၏ပါးပြင်ပေါ်မှ မွှေးညင်းနုလေးတွကိုလည်း မြင်နိုင်နေခဲ့လေသည်။
[ကုကျစ်စုန့် မင်း အရမ်းတွေ ဘဝင်မြင့်နေတာလား? တခြားတိုက်ရိုက်လွှင့်သူတွေဆိုရင် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို တစ်စက္ကန့်လေးတောင် မပိတ်ခဲ့ဖူးဘူး၊ မင်း ဒီထက် နည်းနည်းလောက်ပိုပြီးတော့ ပရော်ဖက်ရှင်နယ် ဆန်ပေးလို့မရဘူးလား!]
[အာ ... ဒီလိုမျက်နှာပုံစံမျို့က လူသားတွေဆီမှာ ရှိနိုင်လောက်တဲ့ မျက်နှာမျိုးရော ဟုတ်ရဲ့လား? ငါ အရင်တုန်းက ကုကျစ်စုန့်ကို အတော်လေး မုန်းတီးခဲ့တယ်၊ ဒါပေမယ့် အခုတော့ ငါ သူမရဲ့ ပရိတ်သတ်ဖြစ်ချင်နေပြီ]
[ ဘဝမြင့်မောက်မာမှုတွေ အပြည့်ရှိတယ်၊ အရှက်တရားလည်း မရှိဘူး၊ ဒီတိုက်ရိုက်လွှင့်သူက ကင်မရာပေါ်မှာ အတော်လေး လှပနေစေဖို့ သဘာဝဆန်တဲ့ မိတ်ကပ်မျိုးဖြစ်အောင် အတော် ကြိုးစားထားပုံရတယ်၊ ဒါပေမယ့် သူမရဲ့နဖူးပေါ်မှာရှိတဲ့ အမာရွတ်ကိုတော့ ပျောက်အောင် မဖုံးနိုင်တာ သနားစရာပဲ ]
[နောက်ထပ် ဒီလိုမျိုး ထပ်ပြီးလာပြန်ပြီ၊ ကုမ္ပဏီရဲ့ လူသစ်တွေအတွက် အတော်လေး အောင်မြင်အောင် စီစဥ်ပေးထားခဲ့တာပဲ၊ ငါ ဒီကုကျစ်စုန့်ကို မြင်လိုက်ရတာနဲ့ ဒီပရိုဂရမ်ရဲ့ကံကြမ္မာဟောပြောခြင်းလို့ ခေါ်တဲ့အစီအစဉ်က နောက်ကွယ်မှာစီစဥ်ထားတဲ့ဇာတ်ညွှန်းတွေရှိနေတယ်ဆိုတာ ငါ သိလိုက်ပြီ]
အလွန်အမင်း ဆူညံအုံကြွနေသည့် barrage မှတ်ချက်များကို ဂရုစိုက်ခြင်းမရှိဘဲ ကုကျစ်စုန့်က သူမဦးတည်သင့်သည့်နေရာကိုသာ ဆက်လက်လမ်းလျှောက်သွားနေခဲ့သည်။
အစီအစဥ်တင်ဆက်သူက ထိုနေရာမှာ ရောက်ရှိနေပြီဖြစ်ကာ တောင်တစ်ဝက်မျှလောက်ကိုရောက်ချိန်မှာတော့ ကြီးမားသည့် ဗီလာကြီးသည်တစ်ခုက သူမနှင့် ကြည့်ရှုသူပရိတ်သတ်တို့၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့လေသည်။
ထိုဗီလာအဆောက်အအုံကြီးမှာ နေ့လည်ပိုင်းမှာ ပရိုဂရမ်အဖွဲ့မှ စီစဥ်ပေးထားသည့် ပြိုင်ပွဲကျင်းပမည့် နေရာဖြစ်သည်။
“ ဟဲလို စုန့်စုန့် .. ကျွန်တော်က “ဝိဉာဥ်ရေးရာကိစ္စရပ်များ” တတိယရာသီအတွက် အစီအစဉ်တင်ဆက်သူလျို့ဖြစ်ပါတယ်”
အစီအစဉ်တင်ဆက်သူက မက်ခရိုဖုန်းကိုကိုင်ကာ တိုက်ရိုက်ထုတ်လွှင့်သည့်ကင်မရာဆီသို့ လှမ်းကြည့်လျက် ပြောလိုက်သည်:
“ ကျွန်တော်တို့ရဲ့ ရုပ်လွန်ပညာရပ်က ကျယ့ပြန့်ပြီး လေးနက်လွန်းတယ်ဆိုတာ လူတိုင်း သိပါတယ်၊ ဒီပညာရပ်ရဲ့ ခေါင်းစဥ်အောက်မှာ ကျွန်တော်တို့တွေ ကံကြမ္မာဟောပြောခြင်းတွေ၊ ဖုန်းရွှေသဘောတရားတွေ၊ သဘာဝလွန်ကိစ္စရပ်ကို ဖြေရှင်းတာတွေ စသည်ဖြင့် အများကြီး ခွဲထွက်ပြီး လုပ်နိုင်ကြတယ်၊
‘ဝိဉာဥ်ရေးရာ ကိစ္စရပ်များ’ က ရုပ်လွန်ပညာရပ်ကို ဆွေးနွေးတဲ့ ပရိုဂရမ်တစ်ရမ်တစ်ခုဖြစ်ကြောင်း ပရိသတ်ကြီးလည်း သိရှိကြပြီးဖြစ်လောက်မှာပါ
ဒီအစီအစဉ်ရဲ့ အဆုံးသတ်ကိုရောက်ရင် ကျွန်တော်တို့က အခုရာသီရဲ့ အသန်မာဆုံးသော ရုပ်လွန်ပညာရှင်တစ်ယောက်တည်းကိုပဲ ရွေးချယ်သွားမှာဖြစ်ပါတယ်
ဒီပရိုဂရမ်ရဲ့ အစီအစဥ်အရ ပထမတစ်ဝက်ကတော့ ပရိတ်သတ်တွေနှင့် တိုက်ရိုက်ထိတွေ့ပြီး သူတို့ရဲ့ ကံကြမ္မာကို ဟောပေးတာပဲဖြစ်ပြီး အခုဆိုရင် ပြိုင်ပွဲဝင်ဧည့်သည်တော်တွေအားလုံးက သူတို့ရဲ့ သန်မာမှုကို ပရိသတ်တွေ မြင်တွေ့နိုင်စေဖို့ ပြသပြီးကြပါပြီ၊
နောက်ပြီး ဒီပရိုဂရမ်ကို ကြည့်ရှုနေခဲ့ကြတဲ့ ပရိတ်သတ်တွေကလည်း အခုဆိုရင် နှလုံးသားထဲမှာ ဘယ်သူရဲ့စွမ်းရည်က ဘယ်လိုရှိနေနိုင်မလဲဆိုတာကို ချိန်ဆထားပြီးလောက်ပြီလို့ ထင်ပါတယ်”
“ဒါပေမဲ့လည်း ကျွန်တော်တို့တွေက အသန်မာဆုံးသော ရုပ်လွန်ပညာရှင်ဆရာသခင်ကို ရွေးချယ်နေတာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်ကစားသမားတွေအနေနဲ့ ဘယ်လိုစွမ်းရည်ပညာရပ်မှာမဆို တခြားလူတွေထက် ထူးကဲပြီးသန်မာနေဖို့ လိုအပ်ပါတယ်၊
ကြည့်ရှုသူပရိသတ်တွေ နားလည်လွယ်အောင်ပြောပြရမယ်ဆိုရင်တော့ ကစားသမားတစ်ဦးချင်းစီတိုင်းရဲ့ စွမ်းရည်ကျွမ်းကျင်မှုတွေကို ပိုပြီးနက်နက်ရှိုင်းရှိုင်းနှင့် မြင်တွေ့နိုင်ရစေဖို့အတွက် ပရိုဂရမ်အဖွဲ့က နိုင်ငံအနှံ့ကိုဖြတ်သန်းကျော်လွှားပြီး အမျိုးမျိုးသော ကုန်းကြမ်းတွေကို ရှာဖွေပေးထားခဲ့ပါတယ်၊
ဒီတော့ လက်တွေ့ နားလည်သွားစေဖို့ တရားဝင်ပြိုင်ပွဲရဲ့နောက်တစ်ဝက်ကို စတင်လိုက်ရအောင်!"
ထို့နောက်တွင်တော့ သူက မှတ်ချက်နေရာကို ပြန်ပိတ်လိုက်ပြီး ဗီလာအဆောက်အအုံရဲ့ရှေ့သို့ လျှောက်သွားခဲ့ချေသည်။ အစီအစဉ်တင်ဆက်သူလျို့က ခြံတံခါးရှေ့ကိုရောက်သွားသည်နှင့် သူ့၏ရှေ့တွင်ရှိနေသည့် သံတခါးက ဖြေးညှင်းစွာ ပွင့်လာခဲ့သည်။
တင်ဆက်သူလျို့က သူ့၏အိတ်ကပ်ထဲမှ စာအိတ်တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။
“ဒါက ဒုတိယပိုင်း ပြိုင်ပွဲစနစ်ရဲ့ အကြောင်းအရာမိတ်ဆက်စာဖြစ်ပါတယ်.. စုန့်စုန့် ကျေးဇူးပြုပြီး ပြိုင်ပွဲဧရိယာထဲကို ကိုယ်တိုင် ဝင်သွားပေးပါ”
ကုကျစ်စုန့်က စာအိတ်ကို လက်ခံလိုက်ပြီး ဗီလာ၏ဂိတ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ ကင်မရာမင်းသည်လည်း ကင်မရာကြီးအားကိုင်ပြီး နောက်မှလိုက်လာခဲ့သည်။
ဗီလာဧရိယာက အလွန်ကြီးမားပြီး တောင်ရဲ့နေရာအတော်များများကို ဖုံးလွှမ်းထားသည်။ သူမ ဗီလာထဲသို့ဝင်သွားသည်နှင့် ဗီလာအတွင်းဘက်မှ မရေရာသည့်အရိပ်မည်းကဲ့သိုခံစားချက်ဆိုးမျိုးကို သူမ ထင်ရှားစွာသတိပြုမိခဲ့တယ်။
ကုကျစ်စုန့် စာအိတ်အား ဖွင့်လိုက်ပြီး အတွင်းမှ အကြောင်းအရာများကို စဖတ်လိုက်သည်။
‘ဒီတောင်လယ်ဗီလာက လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုလောက်ကတည်းက တည်ရှိခဲ့တဲ့ ဗီလာပဲ၊ ဒီဗီလာစံအိမ်ကြီးရဲ့ ပိုင်ရှင်ဆီမှာ အလွန်ကျော်ကြားခဲ့တဲ့ ဘိုးဘေးတစ်ယောက်ရှိခဲ့ပေမဲ့လည်း အချိန်တွေ ကျော်လွန်လာတာနှင့်အမျှ ဒီနေရာမှာ အမျိုးမျိုးသော ထူးဆန်းတဲ့အရာတွေ ဖြစ်ပျက်လာခဲ့တယ်၊
အဆုံးမှာတော့ ဒီဗီလာရဲ့ ပိုင်ရှင်က ပြောင်းရွေ့ပြီး ထွက်ပြေးသွားခဲ့ရတယ်၊ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီကို ဗီလာမှာ ရှိတဲ့ အခန်းတိုင်းကို လိုက်ပြီး လေ့လာကြည့်ရှုလို့ရစေဖို့ လုံလောက်တဲ့ အချိန်ပေးထားပါတယ်၊
မင်းတို့အနေနဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းကလွဲရင် တခြားဘယ်လိုပစ္စည်းကိုမဆို ယူဆောင်သွားခွင့်ရှိတယ်၊ မင်းတို့က ဒီအိမ်ထဲမှာ ဘာတွေဖြစ်သွားခဲ့တာလဲဆိုတာကို ရိပ်မိသိရှိသွားခဲ့ပြီဆိုရင် မေးခွန်းလွှာစာရွက်ပေါ်မှာ ချရေးထားနိုင်ပါတယ်"
" ထပ်ပေါင်းပြီးပြောရရင် ဗီလာထဲမှာ အရမ်းကိုအထူးတလည်နိုင်တဲ့ ပစ္စည်းတစ်ခုရှိတယ်၊ အဲဒီပစ္စည်းမှာ ဆိုးရွားတဲ့စွမ်းအင်တွေအများကြီး ပါဝင်နေလိမ့်မယ်၊ ကျေးဇူးပြုပြီး အဲဒီပစ္စည်းကို ရှာပါ၊ အဲဒီပစ္စည်းက ဘာလဲဆိုတာကို မင်း သိရှိသွားပြီဆိုရင် အဖြေကို မေးခွန်းစာရွက်ထဲမှာ ရေးသားထားနိုင်ပါတယ်"
စာရွက်၏ အောက်ဘက်တစ်ဝက်ပေါ်တွင် အနီရောင်မှင်ဖြင့် ရေးထားသော မှတ်ချက်များပါဝင်သည်။
ပြိုင်ပွဲချိန်ကာလအတွင်း ပြိုင်ပွဲဝင်များနှင့် သူ့၏နောက်လိုက်ကင်မရာသမားများသာ ဗီလာအတွင်းကို ဝင်နိုင်သည်။
ပြိုင်ပွဲဝင်များအနေဖြင့် တစ်ယောက်ဆီမှတစ်ယောက် အဖြေကူးချခြင်း၊ အသင်းဖွဲ့ခြင်းများ စသည်တို့မှ ကာကွယ်ရန်အတွက် လူနှစ်ယောက်က တစ်ချိန်တည်းမှာ အခန်းတစ်ခန်းတည်းမှာ အတူရှိခွင့် မရှိ။
ပြိုင်ပွဲဝင်ကစားသမားများက မတော်တဆတွေ့ဆုံမှုများကိုသုံးပြီး လျှို့ဝှက်စွာ သတင်းအချက်အလက်လွှဲပြောင်းသည့် အရာမျိုးလည်း မရှိရပေ။
ပြိုင်ပွဲဝင်များ ဗီလာစံအိမ်ကို လေ့လာစစ်ဆေးနေသည့် အချိန်တစ်ခုလုံးမှာ တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာအောက်တွင်သာ ရှိလိမ့်မည်။
ညစ်ပြီး ယှဥ်ပြိုင်သည်ဖြစ်စေ၊ သီးသန့် အဖြေလွှာလှဲလှယ်ခြင်းမျိုး ပြုလုပ်သည်ဖြစ်စေ ရှာတွေ့သည်နှင့် နှစ်ဖက်လုံးက ချက်ချင်း အထုတ်ပယ်ခံရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်များ လေ့လာကြည့်ရှုသည့်အချိန် ပြီးဆုံးသွားပြီးနောက် ပရိုဂရမ်အဖွဲ့မှ လူတိုင်း၏ မေးခွန်းလွှာစာရွက်ကို ကောက်ယူမှာဖြစ်ပြီး နောက်ဆုံးသော အဖြေများကို ဖော်ထုတ်သွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်များ၏ အဖြေများနှင့် နှိုင်းယှဥ်ပြီး ပြသသွားလိမ့်မယ်။
ထို့နောက်တွင် မည်သူက အမှန်တကယ် လုပ်ကိုင်နိုင်စွမ်းရှိပြီး မည်သူက အတုအယောင်ရုပ်လွန်ပညာရှင်လဲဆိုသည်ကို လူတိုင်း သိရှိသွားနိုင်ပေလိမ့်မည်။
မေးခွန်းလွှာစာရွက်နှင့် သတိပေးချက်စာရွက်တို့ကို ပြန်လည်သိမ်းဆည်းလိုက််ပြီးနောက် ကုကျစ်စုန့် ဗီလာစံအိမ်၏ အနီရင့်ရောင် အဓိကတံခါးအား တွန်းဖွင့်လိုက်သည်။ သူမ ဗီလာ၏ အဓိကဟောခန်းမထဲသို့ ခြေချလိုက်သည်နှင့် ချက်ချင်းဆိုသလို မျက်ခုံးတစ်ဖက်ကိုပင့်မ,လိုက်ပြီး အလွန်လေးနက်သွားသည့်ပုံဖြစ်သွားခဲ့သည်။
ဧည့်ခန်းအတွင်းမှ အခြေအနေအား လှည့်ပတ်ကြည့်ပြီးနောက် သူမက သူမ၏နောက်မှ လိုက်လာသည့်ကင်မရာသမားဆီသို့ ပြန်လှည့်ကြည့်ပြီး ပြောလိုက်၏။
“ငါနဲ့ အနီးကပ်လိုက်လာခဲ့.. နောက်ဘက်မှာ မကျန်ရစ်ခဲ့စေနဲ့”
ကင်မရာသမားက အနည်းငယ် အံ့သြသွားခဲ့သည်။ သူမ ဘာကိုဆိုလိုချင်လဲဆိုသည်ကို သူနားမလည်ခဲ့ချေ။ သို့သော်လည်း သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ စုန့်ကျဲ.. စုန့်ကျဲ ကင်မရာထဲမှာ သေသေချာချာပါမယ်ဆိုတာ ကျွန်တော်အာမခံပါတယ်”
ကင်မရာက ချော့မွေ့စွာ လှုပ်ရှားသွားပြီး ၎င်း၏မှန်ဘီလူးအောက်တွင် ဗီလာ၏ အတွင်းပိုင်းပုံစံအား ပြသနေခဲ့သည်။
[ဒါက လွန်ခဲ့တဲ့ရာစုနှစ်လောက်က အိမ်ရဲ့ပုံစံမျိုးလား? သေချာတာပဲ.. ခေတ်တိုင်းမှာ လူချမ်းသာတွေအတွက်တော့ ပြတ်လတ်မှုဆိုတာ မရှိခဲ့ဘူး.. ဒီစံအိမ်ရဲ့ ဧည့်ခန်းတစ်ခုတည်းကတင်ကို ငါတို့မိသားစုရဲ့အိမ်ထက်နှစ်ဆလောက် ကြီးနေပြီ]
[ယွင်ချန်က နယ်ခံတွေက အဲဒီအိမ်ကို ကောင်းကောင်းသိတယ်၊ အဲဒီတောင်ရဲ့ တစ်ဝက်လောက်က တောင် သူတို့ရဲ့ သီးသန့်ပိုင်ဆိုင်မှုလို့ ကြားဖူးတယ်!]
[ငါကတော့ ဒီဗီလာကြီးထဲမှာ ဘာတွေဖြစ်သွားတာလဲဆိုတာကို အရမ်းသိချင်နေပြီ၊ သူတို့တွေက ဘာလို့ ဒီလောက်ထိ ဇိမ်ကျတဲ့ဗီလာထဲမှာ မနေနိုင်ကြတာလဲ?]
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ မှတ်ချက်ဧရိယာကတော့ လက်ညှိတွင် အလွန်အမင်းတက်ကြွနေခဲ့ချေပြီ။ ကုကျစ်စုန့်တစ်ယောက် ထိုအင်တာနက်သုံးစွဲသူများ၏ စကားလုံးများမှာ အတော်စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားမိသည်။
သူမသည် ထုံးစံအတိုင်း စခရင်မျက်နှာပြင်အား စိုက်ကြည့်လိုက်ပြီး မျက်နှာလွှဲခါနီးတွင် အလွန်ထူးဆန်းသည့် စာအရေးအသားပုံဖြင့် မှတ်ချက်တစ်ခုအား မြင်လိုက်ရသောကြောင်း ခဏမျှ ရပ်တန့်သွားခဲ့ရသည်။
“အဲဒီအဆောက်အအုံကြီးက အငွေ့အသက်တွေ တော်တော်လေးထူနေပြီပဲ၊ အုတ်ဂူတစ်ခုဆောက်ဖို့ ကောင်းတဲ့နေရာ ဖြစ်နေလိမ့်မယ်”
ကုကျစ်စုန့်: “???”
သူမ၏ အာရုံတွေကသာ မှန်ကန်မည်ဆိုပါက ထိုအင်တာနက်မှတ်ချက်ဧရိယာနှင့် အတော်လေး သဟဇာတမဖြစ်နေသော တစ္ဆေဆန်ဆန် အရှိန်အဝါကို ခံစားလိုက်မိသည်ထင်ရ၏။
သူမ ထိုမှတ်ချက်အား အနီးကပ်ကြည့်ရန် ကြိုးစားခဲ့သော်လည်း သူမ၏မျက်နှာအား ကင်မရာဆီသို့ ပို၍နီးအောင် ရုတ်တရက်ရွေ့လိုက်မိခဲ့သောကြောင့် သူမ၏ လှပသည့်မျက်နှာလေးသည်လည်း မျက်နှာပြင်ဆီမှာ အကျယ်ချဲ့ခံလိုက်ရသည်။
သူမ၏ မျက်နှာဆီမှာ ဆွဲဆောင်ခံလိုက်ရသော ကြည့်ရူသူများက တစ်ယောက်ပြီးတစ်ယောက် မျက်နှာကို လျက်ရန်ကြိုးစားလာကြပြီး ထိုထူးဆန်းသော မှတ်ချက်သည်လည်း သူမ မမြင်နိုင်ခင်မှာပဲ ပျောက်ကွယ်သွားခဲ့တော့သည်။
***