no

Font
Theme

CHAPTER 19 : ဖျားနာမှု

လီမင်ရွှမ်းသည် ရှန်ရှီးနှင့်အကြာကြီးမနေဘဲ မိုးနည်းနည်းစဲသွားသောအခါ နှုတ်ဆက်ရန်ရွေးချယ်သည်။ မပြန်ခင် ရှန်ရှီး နောင်အနာဂတ်မှာ တစ်ခုခု အခက်အခဲကြုံလာခဲ့လျှင် သူ့ကို ရှာ၍ရအောင် သူ့ဖုန်းနံပါတ်ကို စာရွက်ပေါ် ရေးပြီး ချန်ထားခဲ့၏။

ရှန်ရှီးက ယဉ်ကျေးစွာနှင့် လီမင်ရွှမ်းကို ကျေးဇူးတင်ကြောင်းပြောပြီး အလေးအနက်မမှတ်ယူပေ။ တကယ်တော့ သူ လီမင်ရွှမ်းနှင့် အများကြီးမပတ်သက်ချင်လှ။ လီမင်ရွှမ်းနှင့် ရှန်ကျိ၏ဆက်ဆံရေးကိုတွေးမိသော် သူ့ကိုချဉ်းကပ်သည့် လီမင်ရွှမ်း၏ရည်ရွယ်ချက်များကို သံသယဝင်မိသည်။

လီမင်ရွှမ်းသည် ရှန်ရှီး၏ ခပ်ခွာခွာနေသော ပုံစံကို သတိထားမိလိုက်ပြီး ပြုံးလိုက်သည်။ ဖုန်းနံပါတ်ကို ချန်ထားခဲ့ပြီး ဘာမှ ထပ်မပြောတော့ချေ။

ဟိုတယ်မှထွက်လာသောအခါ လီမင်ရွှမ်းက သူသယ်လာခဲ့သော လဲထားသည့်အဝတ်အစားများကို ကားနောက်ခန်းထဲပစ်လိုက်ပေမဲ့ မျှော်လင့်မထားဘဲ အနက်ရောင်အရာဝတ္ထုတစ်ခုက အဝတ်အစားထဲမှထွက်လာသည်။

လီမင်ရွှမ်း ခဏတာ ကြောင်သွားသည်။ ပြီးနောက်မှ သည်နေ့ သူ့အမေ၏ ဖုန်းခေါ်ဆိုမှုတွေကို ရှောင်ဖို့ ဖုန်းပိတ်ထားခဲ့တာကို သတိရမိသွားသည်။ ပေါ့ပေါ့ဆဆဖြင့် တစ်နေရာရာမှာ ထိုးထည့်ထားမိသည်ပင်။ မနက်ခင်းလုံးလုံး ဖုန်းမဝင်တာ အံ့ဩစရာ မရှိတော့။

တွေးကြည့်ပြီးနောက် သူ ဖုန်းကိုကောက်ယူပြီးဖွင့်လိုက်သည်။ ကြာရှည်သောမြည်သံထွက်လာပြီး လွတ်သွားသည့် ဖုန်းကောလ်တွေ အကုန်ပေါ်လာကာ အများစုမှာ လီမိသားစုကခေါ်ထားခြင်းဖြစ်၏။

လီမင်ရွှမ်း ခေါင်းကိုက်သွားသည်။ သူ့မိခင် သည်လောက်ထိဇွဲကောင်းမည်ဟု မျှော်လင့်မထားပေ။

လတ်တလောအိမ်ပြန်ရန် ဆန္ဒမရှိသောကြောင့် လီမင်ရွှမ်းသည် ကားထဲတွင် တိတ်တဆိတ်ထိုင်ကာ ဆေးလိပ်မီးညှိလိုက်ပြီး အတွေးထဲတွင်မျောပါသွားရင်း ပြတင်းပေါက်အပြင်မှ မိုးသံကိုနားထောင်မိ၏။

တကယ်တော့ လီမင်ရွှမ်း သည်နေ့ ရှန်ရှီးနှင့် တွေ့ဆုံရသောအကြောင်းရင်းက ရှန်ရှီးလိုပင် သူလည်း သည်နေ့ သုသာန်ကို သွားခဲ့၍ပင်။ ရှန်ရှီး၏မိခင်ကို သုသာန်မှာ မြှုပ်နှံထားသလို လီမင်ရွှမ်း၏အဘိုးကိုလည်း ထိုနေရာတွင် မြုပ်နှံထားတာ ဖြစ်သည်။

အဘိုးသည် သူ့ဘဝတလျှောက်တွင် လီမင်ရွှမ်းကိုတန်ဖိုးအထားဆုံးဖြစ်ကာ ကလေးဘဝမှစ၍ ဆက်ခံသူအဖြစ် ပျိုးထောင်ခဲ့သည်။ လီမင်ရွှမ်းက သူ့မိသားစုကို ဘယ်တော့မှ စိတ်မပျက်စေဘဲ ပညာသင်ကြားရေးကစ၍ ကျောင်းတက်တာ၊ မိသားစုလုပ်ငန်းကို လွှဲယူတာ အဆုံး အရာရာတိုင်းမှာ သူ့မိသားစုကို ပျော်ရွှင်စေခဲ့သည်။ သို့ပေမဲ့ အဘိုးလီ၏ စိတ်ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့သော ကိစ္စတစ်ခုတော့ ရှိခဲ့ပေသည်။

အဘိုးလီမဆုံးခင် လီမင်ရွှမ်းသည် အရွယ်ရောက်ပြီဖြစ်သည်။ မိသားစုလုပ်ငန်းကိုလွှဲပြောင်းယူရန် တရုတ်သို့ပြန်လာသောအခါ လီမင်ရွှမ်းဟာ သူ့မိသားစုနှင့် လေးနက်သည့်ဆွေးနွေးမှုလုပ်ခဲ့လေသည်။

မိသားစု၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာတွေကို လျစ်လျူရှုပြီး လီမင်ရွှမ်းက သူဟာ အမျိုးသမီးတွေအပေါ် စိတ်ဝင်စားမှုမရှိကြောင်းနှင့်အနာဂတ်မှာ အမျိုးသားတစ်ယောက်နှင့် ချစ်ကျွမ်းဝင်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့၏။ မိသားစု၏ အမွေဆက်ခံသူအနေနှင့် သူဟာ စီစဉ်ထားသော အိမ်ထောင်ရေး ကံကြမ္မာကို ရှောင်လွှဲ၍မရဘူးဆိုတာ သိသည်။ နောက်မျိုးဆက် အမွေဆက်ခံသူတွေကိုတောင် မွေးဖွားပေးရလောက်လိမ့်မည်ဆိုတာကို သိပေမဲ့ သူလုပ်နိုင်မည်ဟု အာမ မခံနိုင်ချေ။

သူ့လိင်စိတ်က မွေးရာပါဖြစ်ပြီး ထိုအရာကို ပြောင်းလဲ၍မရ။ သူ့မိသားစုက လက်ခံနိုင်လျှင် မိသားစု၏ အစီအစဉ်အတိုင်း သူက မိသားစုစီးပွားရေးကို လွှဲပြောင်းယူမည်။ အကယ်၍ မိသားစုကလက်မခံနိုင်လျှင် သူနိုင်ငံခြားမှာပဲနေဖို့ရွေးချယ်ကာ သူ့ကိုယ်ပိုင်လုပ်ငန်းကိုစတင်ပြီး လီမိသားစုအဖို့လည်း မင်ဖေးကို ဆက်ခံသူအဖြစ်လေ့ကျင့်ပေးရန် အချိန်ရသေးပေသည်။

လီမင်ရွှမ်း၏စကားများသည် မိသားစုအပေါ်ဗုံးကြဲသလိုဖြစ်ခဲ့၏။ ရှန်ပိရွှယ်အပါအဝင်အားလုံး သတင်းကြောင့် ထိတ်လန့်ကြရသည်။ သို့သော် လီမင်ရွှမ်း၏လေးနက်သောအမူအရာကိုကြည့်ပြီး သူ့၏ဆုံးဖြတ်ချက်ကို မယုံဘဲမနေနိုင်ခဲ့ကြပေ။

တစ်ကြိမ်တွင် ရှန်ပိရွှယ်သည် လီမင်ရွှမ်းက ရှန်ကျိကို နှစ်သက်သလားဟုပင် တွေးတောမိခဲ့သည်။ သူ့မိသားစုက သူသည် ရှန်ကျိအပေါ်ခံစားချက်မရှိတာကို ယုံသည်အထိ လီမင်ရွှမ်း အကြိမ်ပေါင်းများစွာရှင်းပြခဲ့ရ၏။

ရှန်ကျိကိုဖယ်‌လိုက်သော်လည်း မိသားစုကမပျော်ရွှင်ပေ။ အဘိုးလီသည် ဤအဖြစ်ကြောင့်စိတ်ထိခိုက်ပြီး ပြင်းထန်စွာနာမကျန်းဖြစ်တော့သည်။

လီမင်ရွှမ်းသည် အပြစ်ရှိသည်ဟု ခံစားမိသော်လည်း အလျှော့မပေးနိုင်ခဲ့ချေ။ အရင်ဆုံးအသိစိတ်ပြန်ဝင်လာသူက လီမင်ရွှမ်း၏ဖခင်ဖြစ်၏။

သူစိုးရိမ်သလောက်ဆိုလျှင် လီမင်ရွှမ်းသည် လီမိသားစုကို ထောက်ပံ့နိုင်သရွေ့ အိမ်ထောင်ပြုရန်မလိုအပ်‌ပေ။

နောက်ဆက်ခံသူအတွက်တော့ သူတို့မှာ မင်ဖေးရှိသည်မဟုတ်ပါလော။ သူ၏တစ်ခုတည်းသောစိုးရိမ်မှုက လီမင်ရွှမ်းတစ်ယောက်တည်း အထီးကျန်သွားရမှာဖြစ်ပေမဲ့ သူ့သား၏အခြေအနေများကို တွေးမိသော် လီရှီယုံ တဖြည်းဖြည်းနှင့် စိတ်သက်သာရာရလာခဲ့လေသည်။

လီရှီယုံ၏ဦးဆောင်မှုဖြင့် အဘိုးလီသည် နောက်ဆုံးတွင် သူ့မြေး၏ဆုံးဖြတ်ချက်ကို လက်ခံလိုက်ပြီး ရှန်ပိရွှယ်လည်း ရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရ၏။

အဘိုးလီဆုံးပါးသွားပြီးနောက်တွင်မူ လီမင်ရွှမ်းသည် နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေခဲ့သည်မို့ ရှန်ပိရွှယ်၏နှလုံးသားထဲတွင်လည်း မျှော်လင့်ချက်များက ပြန်လည်တောက်လောင်လာခဲ့ရသည်။

လီမင်ရွှမ်းက ယောက်ျားတွေကို ကြိုက်သည်ဆိုလျှင်တောင် ဒီနှစ်တွေတစ်လျှောက်လုံး သူ့ကို ဆွဲဆောင်နိုင်သူ တစ်ယောက်တောင်မတွေ့ဖူးခဲ့။ ဆိုတော့ မိန်းကလေးနှင့် စမ်းတွဲကြည့်လျှင်ရော။

ထိုအတွေးမျိုးကိုစိတ်တွင်ထားပြီး ရှန်ပိရွှယ်သည် လီမင်ရွှမ်းကို သူမသူငယ်ချင်းဟောင်းတစ်ယောက်၏ သမီးနှင့် သည်နေ့ တွေ့ဆုံပေးဖို့ စီစဉ်ခဲ့လေသည်။ ထင်မှတ်မထားခဲ့တာက လီမင်ရွှမ်းဟာ သည်နေ့ မလာရုံသာမက သူ့ဖုန်းကိုတောင် ပိတ်ထားပြီး သူ့ သဘောထားကို တိတ်တဆိတ် ပြသလိမ့်မည်ဆိုတာပင်။

ဤအကြောင်းကိုတွေးရင်း လီမင်ရွှမ်းသည် သူ့မိခင်ဘယ်လောက်ထိစိတ်ဆိုးနေမလဲ ခန့်မှန်းလို့ရ၏။ ခါးသီးသောအပြုံးဖြင့် လီမင်ရွှမ်းသည် စီးကရက်မီးကိုငြှိမ်းကာ ဟိုတယ်မှမောင်းထွက်လာလိုက်သည်။

အိမ်ပြန်ရောက်တော့ ထင်ထားသည့်အတိုင်း ရှန်ပိရွှယ်က ဧည့်ခန်းထဲမှာ သူ့ကို ထိုင်စောင့်နေချေသည်။

လီမင်ရွှမ်း ဝင်လာတာကို မြင်တော့ ရှန်ပိရွှယ်က ဒေါသထွက်နေပေမဲ့ သူမသားအပေါ် စိုးရိမ်စိတ်က နောက်ဆုံးတော့ အနိုင်ယူသွားခဲ့၏။ သူမမျက်နှာက မှုန်ကုပ်နေပေမဲ့

မနေနိုင်ဘဲမေးလိုက်သည်။

“မိုးမိလာတာလား”

လီမင်ရွှမ်းကပြုံးပြီး ရှန်ပိရွှယ်အနားတွင်ထိုင်၏။

“နည်းနည်းစိုလာပေမဲ့ ရှန်ရှီးအခန်းမှာရေချိုးခဲ့တယ်”

“ရှန်ရှီး?”

ထိုအခါမှသာ လီမင်ရွှမ်းကိုယ်တွင်ဝတ်ထားသော ကျပ်နေသည့်အဝတ်အစားသည် သူ့ဟာမဟုတ်မှန်း ရှန်ပိရွှယ်သတိထားမိသည်။

လီမင်ရွှမ်းသည် ရှန်ရှီးနှင့် ယနေ့တွေ့ဆုံမှုအကြောင်း သူမအား ပြောပြခဲ့ပြီး ရှန်ပိရွှယ်၏အာရုံများသည် အဖြစ်အပျက်ဆီရောက်သွား၏။ သူမက သက်ပြင်းမောချကာ ဘာမှထပ်မပြောပေ။

လီမင်ရွှမ်းက အကြောင်းပြချက်နှင့် ထွက်သွားရန်လုပ်သောအခါမှ ရှန်ပိရွှယ်၏အာရုံက သူ့ဆီပြန်ရောက်လာသည်။

“ဘာလဲ..ဒီနေ့ကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားတော့မလို့လား”

လီမင်ရွှမ်းသည် ခါးသက်သက်ဖြင့်ပြုံးကာ ရှန်ပိရွှယ်ကိုလေးနက်စွာကြည့်၏။

“အမေသိတဲ့အတိုင်း ကျွန်တော်က ယောကျာ်းတွေကိုပဲကြိုက်တာ”

ရှန်ပိရွှယ်က စိတ်အားထက်သန်စွာဖြင့် ပြန်ချေပသည်။

“ဒါပေမဲ့ အခုထိသားကြိုက်တဲ့သူမတွေ့သေးဘူး မလား.. မိန်းကလေးနဲ့ တွဲဖို့ကြိုးစားကြည့်လို့မရဘူးလား”

လီမင်ရွှမ်းက ခေါင်းရမ်း၏။

“ရလဒ်ရှိမှာမှမဟုတ်တာ ဘာလို့သူများကို နှောင့်နှေးအောင်လုပ်မှာလဲ”

ရှန်ပိရွှယ်က လီမင်ရွှမ်းကို စိတ်ပျက်သောအကြည့်ဖြင့်ကြည့်သည်။

“ဒါပေမဲ့ သားကအသက် ၃၀ နားနီးနေပြီ.. သားကြိုက်တဲ့သူကိုသာမတွေ့ရင် အမြဲတမ်း တစ်ယောက်တည်းနေမလို့လား.. သားအဖေနဲ့အမေက အသက်ကြီးလာလို့ ဘယ်အချိန်မရှိတော့မှာလဲ မပြောနိုင်ဘူး.. မင်ဖေးလည်း သူ့ဘဝနဲ့သူဖြစ်ရင် သားဘေးမှာ ဘယ်သူနေပေးမှာလဲ”

ရှန်ပိရွှယ်၏စကားများသည် လေးနက်သောစိုးရိမ်မှုဖြင့် ပြည့်လျှံနေပြီး လီမင်ရွှမ်းက ပြုံးပြီး နှစ်သိမ့်စွာပြောလိုက်၏။

“စိတ်မပူပါနဲ့အမေ.. ကျွန်တော် အမြဲတမ်း တစ်ယောက်တည်းမနေပါဘူး”

လီမင်ရွှမ်း၏ စကားပိုပြီးပြောလိုစိတ်မရှိမှုကို ရှင်းရှင်းလင်းလင်းမြင်နေရသောအခါ ရှန်ပိရွှယ် ကူကယ်ရာမဲ့စွာ လက်လျှော့လိုက်ရသည်။

“သား ဘာကိုဆိုလိုတာလဲသိတယ်.. နောက်တခါ ခွင့်ပြုချက်မရပဲ သားအတွက် ဘာမှမစီစဉ်တော့ဘူး.. ဒါပေမဲ့ သားတကယ်ကြိုက်တဲ့သူနဲ့တွေ့ရင် အရင်ဆုံး အမေနဲ့တွေ့ဖို့ အိမ်ကိုခေါ်လာမယ်လို့ သားလည်းကတိပေးရမယ်”

လီမင်ရွှမ်းသည် မဆိုင်းမတွ ခေါင်းညိတ်လိုက်၏။

သူ့အမေကို စည်းရုံးပြီးနောက် လီမင်ရွှမ်း သက်ပြင်းတစ်ချက်ချလိုက်ရတော့သည်။

သူ့အခန်းသို့ပြန်လာပြီး အဝတ်အစားလဲပြီးနောက် လီမင်ရွှမ်း အချိန်ကိုကြည့်လိုက်၏။ နေ့လည် နှစ်နာရီရှိပြီဖြစ်သည်။ သူအတန်ကြာတွေးပြီး သူဖြေရှင်းရမည့်အရာတွေအများကြီး စောင့်ဆိုင်းနေသည့် စာကြည့်ခန်းသို့ သွားလိုက်သည်။

အလုပ်များလျှင် အချိန်ကုန်တာမြန်ပြီး လီမင်ရွှမ်း မော့ကြည့်လိုက်တော့ ၆ နာရီကျော်နေပြီမှန်း နားလည်လိုက်သည်။ အတန်ကြာခြေလက်ဆန့်ပြီးနောက် လီမင်ရွှမ်းက ပြတင်းပေါက်အပြင်ဘက်တွင် တဖွဲဖွဲကျနေသည့် မိုးဖွဲများကို ကြည့်ရင်း သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြစ်ပေါ်လာ၏။

အခုချိန်ဆို ရှန်ရှီးဘာလုပ်နေမလဲ..

ဖုန်းကရုတ်တရက်မြည်လာသဖြင့် အတွေးသည် ခဏသာကြာလိုက်သည်။ ဖုန်းမျက်နှာပြင်တွင် မရင်းနှီးသောနံပါတ်တစ်ခုပေါ်လာ၏။

“ဟယ်လို”

“ဟယ်လို.. ရှန်ရှီးလူကြီးမင်းရဲ့ သူငယ်ချင်းများလား”

ဖုန်းထဲမှ စိုးရိမ်မှုအရိပ်အမြွက်ပါပုံရသော အမျိုးသမီးတစ်ဦး၏ အသံတစ်သံထွက်ပေါ်လာသည်။

လီမင်ရွှမ်းအလိုအလျောက် မျက်မှောင်ကြုတ်သွား၏။

“ကျွန်တော်က ရှန်ရှီးရဲ့ ဝမ်းကွဲအစ်ကိုပါ.. ဘာဖြစ်လို့လဲ”

“ကောင်းလိုက်တာ.. ရှန်ရှီးလူကြီးမင်းရဲ့ မိသားစုဝင်ပဲ”

တစ်ဖက်လူ၏အသံက ချက်ချင်း စိတ်အေးသွားသည့်လေသံဖြစ်သွားသည်။

“ကျွန်မက ကျင်းဟောင့်ဟိုတယ်က အခန်းဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းပါ.. ဒီနေ့လည်မှာပဲ ရှန်လူကြီးမင်းနေမကောင်းဖြစ်နေတာ အမှတ်မထင် သိလိုက်ရပေမဲ့ ရှန်လူကြီးမင်းရဲ့မိသားစုကို ဆက်သွယ်လို့မရလို့ပါ.. ဒီနံပါတ်ကို အမှိုက်ပုံးထဲကတွေ့….”

တစ်ဖက်လူက ဤအကြောင်းကိုပြောသည့်အချိန် နည်းနည်းတုံ့ဆိုင်းသွား၏။ နံပါတ်ကို အမှိုက်ပုံးထဲကရှာတွေကြောင်း မပြောသင့်မှန်း ခံစားမိပုံရသည်။

လီမင်ရွှမ်းက သူမ၏စကားများကို တိုက်ရိုက်ဖြတ်ပြောလိုက်၏။

“ရှန်ရှီးက အခုဘာဖြစ်လို့လဲ”

“ရှန်လူကြီးမင်းက အဖျားရှိနေတာ.. ရှန်လူကြီးမင်းကို ဆေးတိုက်ထားပေမဲ့ သူ့အနားမှာဂရုစိုက်ဖို့ လူတစ်ယောက်လိုနေပါတယ်”

တစ်ဖက်လူ၏လေသံတွင် လီမင်ရွှမ်းမလာမှာစိုးရိမ်သောကြောင့် အလျင်လိုသည့်အရိပ်အယောင်ပေါ်နေ၏။

လီမင်ရွှမ်းပြောလိုက်သည်။

“ကျွန်တော် လာခဲ့ပါမယ်”

ဖုန်းချလိုက်ပြီးနောက် လီမင်ရွှမ်း ဒေါသထွက်လွန်း၍ ရယ်ချင်စိတ်ပေါက်သွားသလို ခံစားလိုက်ရသည်။ သူ့နံပါတ်ကို ရှန်ရှီးကိုပေးပေးချင်း ရှန်ရှီးက အမှိုက်ထဲလွှင့်ပစ်သည်။ ရှန်ရှီးက ဖြဲမပစ်လိုက်တာကိုပဲ သူဝမ်းသာရမည်လားလေ။

လီမင်ရွှမ်းမသိသည်က ရှန်ရှီးကဖြဲပစ်လိုက်သည်ကိုပင်။ သို့ငြား တစ်ဝက်ကနေပဲဖြဲထားသောကြောင့် ဟိုတယ်ဝန်ထမ်းက ပြန်ပြီးကပ်လို့ရလိုက်၏။ ပြောရလျှင် ရှန်ရှီး၏ဖုန်းက ရေစိုပြီး ဖွင့်လို့မရသည့်အတွက် ကြောင့်သာမဟုတ်လျှင် ဟိုတယ်ကလည်း ကြိုးစားကြည့်သည့်အနေနှင့် လီမင်ရွှမ်းကိုခေါ်မည်မဟုတ်ပေ။

ယခုအချိန်တွင်တော့ ပြဲနေသောမှတ်စုစာရွက်လေးဟာ စားပွဲဘေးတွင် တိတ်တဆိတ်လှဲလျောင်းနေလျှက် လီမင်ရွှမ်းရောက်အလာကို စောင့်နေလေသည်။

လီမင်ရွှမ်းက အချိန်ဆိုင်းမနေပေ။ အိမ်တွင် ဆေးဝါးအနည်းငယ် ရှာပြီးနောက် ညနေမှာ သူလုပ်စရာတစ်ခုခုရှိနေကြောင်း သူ့အမေကိုပြောပြီး ဟိုတယ်ကို အမြန်သွားလိုက်သည်။

လီအိမ်တော်ကနေ ဟိုတယ်ကိုသွားသည့်လမ်းကို သူ အကြိမ်ကြိမ်သွားဖူးပေမဲ့ အခုလောက်ထိ တစ်ခါမှမစိုးရိမ်ခဲ့ဖူးပေ။ ကံကောင်းထောက်မစွာဖြင့် မိုးဖွဲဖွဲလေးသာကျပြီး လမ်းက မောင်းနှင်ရန်အတော်လေးလွယ်ကူသည်။ နာရီဝက်ကြာသောအခါ လီမင်ရွှမ်းသည် ရှန်ရှီး၏အခန်းရှေ့တွင် ရပ်နေပြီဖြစ်၏။

ဟိုတယ်ဝန်ထမ်းသည် လီမင်ရွှမ်းရောက်လာသည်ကို မြင်သောအခါမှသာ သက်ပြင်းချနိုင်သည်။ ရှန်ရှီးကဘယ်သူလဲဆိုတာ သူတို့သိသော်လည်း ရှန်မိသားစုကို ဆက်သွယ်၍မရခဲ့ပေ။

အမှိုက်ပုံးထဲတွင်ရှိနေသော ဖုန်းနံပါတ်ကို စမ်းခေါ်ကြည့်ခဲ့သော်ငြား လီမင်ရွှမ်း တကယ်လာမည်ဟုတော့ သူတို့ သိပ်မမျှော်လင့်ခဲ့ကြ။

လွန်ခဲ့သောရက်အနည်းငယ်က ရှန်ရှီးနှင့် လီမင်ရွှမ်း ညမှာတွေ့ကြသည့် ကောလဟလများ‌ကိုတွေးမိပြီးသော် အခန်းထဲရှိလူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

သူတို့သိချင်သော်လည်း ဆရာဝန်၏ညွှန်ကြားချက်ကိုတော့ မမေ့ပေ။ ကျင်းဟောင့်ဟိုတယ်သည် ကျုံးကျင်းရှိ ထိပ်တန်းဟိုတယ်များမှတစ်ခုဖြစ်ပြီး ဧည့်သည်များအဆင်ပြေစေရန်အတွက် ဧည့်သည်တွေကို စောင့်ရှောက်ရန် ဟိုတယ်တွင် အထူးဆရာဝန်များငှားထား၏။

ရှန်ရှီးနေမကောင်းသည့်အကြောင်းကို ကြားကြားချင်းမှာ ‌ဟိုတယ်က ဆရာဝန်အမြန်လွှတ်ပေးသည်။ စမ်းသပ်ပြီးသည့်နောက်မှာတော့ အဖျားသည် မိုးမိ၍အအေးမိခြင်းဖြစ်သည်ဟု ဆရာဝန်ကသုံးသပ်၏။

အဖျားကမပြင်းထန်ပေမဲ့ တစ်ခုတည်းသောပြဿနာက အနားမှာနေပြီးစောင့်ရှောက်ပေးရန် လူနာနှင့်နီးကပ်သောသူကို လိုအပ်ခြင်းဖြစ်သည်။

ထို့ကြောင့် လီမင်ရွှမ်းကို ရှာခဲ့ခြင်းဖြစ်၏။

ဆရာဝန်၏ညွှန်ကြားချက်များကို သေချာနားထောင်ပြီးနောက် လီမင်ရွှမ်းသည် သူမှတ်သားထားကြောင်းပြသည့်အနေဖြင့် ခေါင်းညိတ်သည်။ ဟိုတယ်ဝန်ထမ်းသည် ဆေးကို အိပ်ရာဘေးစားပွဲပေါ်တွင်တင်ကာ လီမင်ရွှမ်းကိုလက်ဟန်ပြပြီးနောက် အခန်းထဲမှ တိတ်တဆိတ်ထွက်သွား၏။

ထိုအချိန်မှသာ လီမင်ရွှမ်းသည် ရှန်ရှီး၏လက်ရှိအသွင်အပြင်ကို ကောင်းကောင်းကြည့်နိုင်သည်။ နေ့လည်တုန်းက ဖျော့တော့သည် အသားအရေနှင့်ခြားနားပြီး ရှန်ရှီး၏မျက်နှာသည် နီမြန်းနေပြီး မျက်မှောင်ကြုတ်ထားကာ အင်မတန်မသက်မသာဖြစ်နေသည်မှာ ထင်ရှားသည်။

လီမင်ရွှမ်းက လက်ကိုဂရုတစိုက်ဆန့်ထုတ်ကာ ရှန်ရှီး၏နဖူးကိုထိလိုက်‌သောအခါ သိသိသာသာပူပြင်းနေတာ တွေ့လိုက်ရသည်။

စိုးရိမ်သည့်အကြည့်ဖြင့်တချက်ကြည့်ပြီး လီမင်ရွှမ်းက လက်ရုတ်သိမ်းရန်လုပ်စဉ် မမျှော်လင့်စွာဖြင့် ရှန်ရှီးဟာ သူ့ကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။

“အဘိုး ရှောင်ရှီးကိုမထားခဲ့ပါနဲ့”

ရှန်ရှီးသည် လက်ကို ရင်ခွင်ထဲ ထည့်ထားပြီး တိုးတိုးလေး ညည်းပြောလာသည်။

ဤညည်းညူသံက လီမင်ရွှမ်း၏နှလုံးသားကို အမွေးအတောင်လေးတစ်ခုဖြင့် ပွတ်သပ်လိုက်သကဲ့သို့ ဖြစ်ပြီး ချက်ခြင်းပျော့ပြောင်းသွားရသည်။

ရှန်ရှီး၏ ကိုယ်အနေအထားကို သေသေချာချာ ပြင်ပေးပြီးနောက် လီမင်ရွှမ်သည် ကုတင်ဘေးတွင် ထိုင်ကာ လွတ်နေသောလက်ဖြင့် ရှန်ရှီးကို ညင်သာစွာ ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။

ရှန်ရှီးက ပို၍သက်တောင့်သက်သာရှိသွားပုံရပြီး မျက်ခုံးများက ​ဖြည်းညင်းစွာပြေလျော့လာပေမဲ့ သူ့တစ်ကိုယ်လုံးကမူ လီမင်ရွှမ်း၏ဘေးဘက်ကို ပိုပြီးပွတ်သပ်လာသည်။

ရှန်ရှီး အိပ်ရာပေါ်ကပြုတ်ကျတော့မလို ဖြစ်နေတာကိုမြင်ရတော့ လီမင်ရွှမ်း သူ့ကိုနောက်သို့ပြန်တွန်းရ၏။ သို့ပေမဲ့ ရှန်ရှီးကို နောက်ပြန်တွန်းလိုက်တိုင်း ရှန်ရှီးက သတိမထားမိဘဲ သူ့အပေါ်ကို ထပ်ပြီးပွတ်တိုက်နေသည်။

ကြံရာမရဖြစ်ကာ လီမင်ရွှမ်းမှာ အိပ်ရာပေါ်တိုးဝင်ကာ ရှန်ရှီး၏ဘေးတွင်ထိုင်လိုက်ရတော့သည်။

မကြာမီမှာပဲ ရှန်ရှီးသည် သူ့တစ်ကိုယ်လုံးက လီမင်ရွှမ်း၏လက်မောင်းထဲတိုးဝင်ကာ ရေဘဝဲလိုသူ့ကိုဖက်တွယ်လို့လာသည်။

လီမင်ရွှမ် ရှန်ရှီး၏လက်တွေကို ဖယ်ချကာ စောင်ထဲ ထည့်ပေးချင်ပေမဲ့ ရှန်ရှီးက လွှတ်ပေးရန်ငြင်းဆန်ကာ သူ့ကိုဖက်တွယ်ထား၏။

“အဘိုး ရှောင်ရှီးကိုမထားခဲ့ပါနဲ့”

ရှန်ရှီးသည် ထိုစကားများကိုပဲ တီးတိုးရေရွတ်နေသည်။ လီမင်ရွှမ်းသက်ပြင်းချပြီး ရှန်ရှီး၏ဖက်တွယ်ထားမှုကို လက်ခံလိုက်ရတော့သည်။

ထိုညတွင် လီမင်ရွှမ်းသည် ညသန်းခေါင်အထိ နိုးနေခဲ့သော်လည်း နောက်ဆုံးမှာတော့ မနေနိုင်ပဲ အိပ်ပျော်သွားလေသည်။

လီမင်ရွှမ်း၏အနေအထားပြောင်းမှုနှင့် အတူ ရှန်ရှီးသည် သူ့လက်မောင်းထဲတွင် နောက်ထပ်သက်တောင့်သက်သာဖြစ်သည့် အနေအထားကို အမြန်ရှာတွေ့သွားပြီး သူ့ကိုဆက်ပြီးတွယ်ကပ်ကာ နှစ်ခြိုက်စွာအိပ်ပျော်သွားသည်။

အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်နှင့် လီမင်ရွှမ်းသည် ရှန်ရှီးကသူ့ကို ဖက်ထားသည်ကို သတိပြုမိပြီး ရှန်ရှီးကို ဂရုတစိုက်ဖြင့် သူ့လက်မောင်းထဲတွင်ကာကွယ်ထားပြီး အနေအထားကို အနည်းငယ်ပြောင်းလိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment