no

Font
Theme

Chapter 17 : မိုး

လွန်ခဲ့သောရက်အနည်းငယ်က ချူချန်ချန်ကိုတွေ့ပြီးကတည်းက ရှန်ရုံသည် ရက်အနည်းဆက်တိုက် သူ့ဖခင်ဆီသို့လာမလည်ပေ။

ရှန်ရှီးက ထိုအရာကိုဂရုမစိုက်။ ရှန်ရုံ၏တုံ့ပြန်မှုဟာ သူမျှော်လင့်ထားသည့်အတိုင်းဖြစ်၏။ သူအာရုံစိုက်နေသူက ကျိုးမင်မေ့ဖြစ်သည်။ ကံမကောင်းစွာနှင့် ကျိုးမင်မေ့သည် ချူချန်ချန်၏ဖြစ်တည်မှုကို လုံးဝမသိသလိုတည်ငြိမ်နေပြီး မည့်သည့်နည်းနှင့်မှ မတုံ့ပြန်ပေ။

ထိုအရာသည် ရှန်ရှီးကိုပို၍အံ့အားသင့်စေကာ ကျိုးမင်မေ့ကိုပိုပြီးသတိထားမိစေသည်။

သူ့ကိုအံ့အားသင့်စေသည့်နောက်တစ်ယောက်က လီမင်ရွှမ်းဖြစ်သည်။ ရှန်ရှီးသည် လီမင်ရွှမ်းဆီက ကောင်းသည့်သဘောရှိသည့်အရိပ်အယောင်ကို မခံစားရခြင်းမဟုတ်ပေမဲ့ တိတိကျကျပြောရလျှင် ထိုအရာက သူ့ကိုပိုပြီး သတိရှိစေသည်။ လီမိသားစုက လောင်းကြေးနှစ်ခုထပ်သည်ဆိုသော သတင်းစာဆောင်းပါးများကို သူမယုံချေ။

လီမင်ရွှမ်းက ဘာကိုဦးတည်နေတာလဲ။

သူ့ကိုစာနာနေတာလား။

ရှန်ရှီးသည် ထိုအတွေးက ယုတ္ထိမရှိဟု ခံစားမိ၏။ လီမင်ရွှမ်းနှင့်ရှန်ကျိ၏ သူငယ်ချင်းဆက်ဆံရေးကို ကြည့်ခြင်းအားဖြင့် သူ့အတွက်ဘယ်လိုလုပ်ပြီးစာနာစိတ်ဖြစ်နိုင်ပါအံ့။

သူ့အရင်ဘဝတွင် ထောင်ကျချိန်မှစ၍ သေသည်အထိ ဝမ်းကွဲအစ်ကိုကိုမမြင်ခဲ့ရသဖြင့် သူပြန်ပြီးမွေးဖွားခြင်းက ရုတ်တရတ် သူတို့ကြားတွင် နက်ရှိုင်းသောညီအစ်ကိုဆက်ဆံရေးကို ဖန်တီးပေးမည်ဟု သူမထင်ပေ။

ဆိုတော့ လီမင်ရွှမ်းလိုချင်တာကဘာလဲ။ လီမိသားစုလိုချင်တာ သူ့မှာတစ်ခုခုရှိနေသလား…။

ရှန်ရှီးသည် လူတွေ၏ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး အဆိုးဆုံးကိုခန့်မှန်းရန် ဘယ်သောအခါမှ မကြောက်ရွံ့ပေမဲ့ သူဘယ်လိုပဲတွေးပါစေ လီမင်ရွှမ်းဘာတွေးနေသလဲဆိုတာ မခန့်မှန်းနိုင်ချေ။

သို့သော် သတင်းထောက်များရေးသော သတင်းများကိုတွေးကြည့်သောအခါတွင်မူ ရှန်ရှီး၏နှုတ်ခမ်းထောင့်များ ကွေးတက်လာကာ လှောင်သောအပြုံးဖြစ်လာ၏။

လူသုံးယောက်က ကျားကိုဖန်တီးနိုင်တယ်ဆိုသော ဆိုရိုးရှိသည့်အတိုင်း ရှန်ကျိသည် ထိုဆောင်းပါးများကို နေ့စဉ်ကြည့်ရင်း လီမင်ရွှမ်း၏ညီအစ်ကိုသံယောဇဉ်ကို အပြည့်အဝယုံကြည်လိမ့်မည်ဟု ရှန်ရှီးမယုံပေ။

ထိုနေ့က ရှန်ရှီးသည် ပုံမှန်အတိုင်း ဆေးရုံသို့မသွားဘဲ မနက်စောစောသုသာန်သို့ရောက်လာသည်။

ယနေ့သည် ရှန်ရှီးမိခင်၏မွေးနေ့ဖြစ်ပြီး ဤနေ့တွင် ရှန်ရှီးသည် အဖေကိုချစ်သော သားဇာတ်ကောင်ကို သရုပ်ဆောင်ရန် ဆေးရုံသို့မသွားလိုချေ။ သူနိုင်ငံခြားပညာသင်နေသော ငါးနှစ်တွင် ပထမနှစ်မှလွဲ၍ ကျန်နောက်နှစ်များတွင် လောင်K က သုသာန်သို့လာပြီး ရှန်ရှီး၏ကိုယ်စား သူ့မိခင်ကိုကန်တော့ပေးသည်။ ဤတစ်ခါတော့ ရှန်ရှီးသည် လူကိုယ်တိုင် သူ့မိခင်ကိုအဖော်ပြုနိုင်ပြီဖြစ်၏။

မနက်စောစောသုသာန်သည် တိတ်ဆိတ်ကာ လေးနက်နေပြီး ရှန်ရှီးသည် သူ့မိခင်အကြိုက်ဆုံးဖြစ်သော သူ့လက်ထဲရှိလီလီပန်းများကို စကျင်ကျောက်အုတ်ဂူများကြားတွင် ဂရုတစိုက်နှင့်ထားလိုက်သည်။

ပန်းဘာသာစကားအရဆိုလျှင် လီလီပန်းများသည် ပျော်ရွှင်မှုဟုအဓိပ္ပာယ်ရပြီး လီလီပန်းကို လက်ခံရရှိလျှင် ကံကောင်းခြင်းနတ်ဘုရား မျက်နှာသာပေးခြင်းခံရသည်ဟု အဆိုရှိကြသည်။ ကံမကောင်းစွာနှင့် လီလီပန်းများ၏ နောက်နာမည်တစ်ခုဖြစ်သည့် “မိန်းကလေးတစ်ယောက်၏မျက်ရည်များ” ဟူသောနာမည်ကိုတော့ လူအများစုကမသိကြပေ။

ရှန်ရှီးသည် ထိုစကားများကို မယုံပေမဲ့ သူ့မိခင်၏ဘဝအကြောင်းကိုတွေးမိသောအခါ တိတ်တဆိတ်သက်ပြင်းသာချနိုင်သည်။

သူ့မိခင်၏အုတ်ဂူကို အဝေးမှကြည့်ရင်း ရှန်ရှီးနားမလည်နိုင်စွာနှင့်ရပ်လိုက်၏။ အမြင်မှားခြင်းမရှိဘဲ ပို၍သေချာအောင် သူပို၍နီးကပ်အောင်တိုးသွားသည်။ အဖြူရောင်လီလီပန်းများသည် သူ့မိခင်၏အုတ်ဂူရှေ့တွင် တိတ်ဆိတ်စွာလဲလျောင်းနေကာ ရနံ့များက ပတ်ဝန်းကျင်ကို ပျံ့လွင့်နေ၏။

ရှန်ရှီးဘေးဘီကိုဝေ့ဝဲကြည့်လိုက်သည်။ သူကလွဲပြီး တခြားသူမရှိချေ။

ဒီနေ့ဘယ်သူများ ပန်းထားသွားတာလဲ။

အတိအကျပြောရရင် ဘယ်သူက သူ့မိခင်အကြိုက်ဆုံး လီလီပန်းတွေ ပို့လိုက်တာလဲ။

လောင်K ၏နာမည်က ရှန်ရှီး၏စိတ်ထဲတွင်ဖျတ်ကနဲပေါ်လာပြီး သူခေါင်းရမ်းလိုက်၏။ လောင်Kသည် ယနေ့ သုသာန်သို့ သူလူကိုယ်တိုင်လာမည်ကို သိထားပြီး ထိုကဲ့သို့ မလိုအပ်သည့်အရာကို လုပ်မည်မဟုတ်ပေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရှန်ရှီး ထိုလူက ဘယ်သူဘယ်ဝါမှန်း မတွေးနိုင်တော့ဘဲ သူ့စိတ်ထဲတွင် သံသယများကိုသာ ဖိနှိပ်ထားလိုက်သည်။ ပန်းပွင့်များကိုပို့သူက မည်သူပဲဖြစ်စေ တွေးပေးသည့်အတွက် ရှန်ရှီးကျေးဇူးတင်မိသည်။

အုတ်ဂူရှေ့တွင်ချထားသောပန်းများနှင့်အတူ သူ့လက်ထဲမှပန်းများကို ညင်သာစွာနေရာထားကာ ရှန်ရှီးသည် သူ့မိခင်၏အုတ်ဂူကို မှီထိုင်ကာ သူအမြဲလုပ်ခဲ့သလို လွန်ခဲ့သည့် ရက်အနည်းငယ်က အဖြစ်အပျက်များကို ပြန်ပြောပြသည်။ သူ့ဖခင်နှင့် ရှန်ကျိအကြီးအကျယ်ရန်ဖြစ်ကြပြီး ဖခင်ဖြစ်သူက ချူချန်ချန်ကို သူ့ဘေးတွင်ထားရန်ခေါင်းမာသော အပိုင်းကိုရောက်သောအခါ ရှန်ရှီး၏မျက်နှာတွင် လှောင်သောအရိပ်အယောင်ဖြစ်လာ၏။

“ကြည့်ပါလား အမေ.. သူက တကယ်တစ်ကိုယ်ကောင်းဆန်တဲ့လူ.. ဖန်းယွင်ကိုချစ်တယ်ပြောပြီး အစားထိုးမဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ရှာတယ်.. အစက ကျိုးမင်မေ့ အခုတော့ ချူချန်ချန်.. ရှန်ကျိက သူအချစ်ဆုံးသားလို့ပြောပြီး ကျိုးမင်မေ့နဲ့ ရှန်ရုံက ရှန်ကျိနှလုံးသားထဲက ဆူးတွေဆိုတာသိရက်နဲ့ အဲ့ဒီဆူးကို တစ်ရက်ပြီးတစ်ရက် သူ့နှလုံးထဲကိုထိုးစိုက်နေတယ်.. အခုတော့ သူတစ်ခါပဲမြင်ဖူးတဲ့ ချူချန်ချန်အတွက် သူ့အချစ်ဆုံးသားကိုတောင်ဆူနေပြီ”

ရှန်ရှီးငေါ့လိုက်သည်။

“အဲ့ဒါကြောင့်ပြောတာ… သူကဘယ်သူ့ကိုမှမချစ်ဘဲ သူ့ကိုယ်သူပဲချစ်တာ”

လေပြင်းတိုက်ချိန်၌ အုတ်ဂူရှေ့ရှိ လီလီပန်းများသည် လေနှင့်အတူ ညင်သာစွာယိမ်းနွဲ့သွား၏။

ရှန်ရှီး၏နှုတ်ခမ်းထောင့်များ ဖြည်းညှင်းစွာကွေးတက်သွားကာ အပြုံးဖြစ်ပေါ်လာသည်။

“အမေလည်း ကျွန်တော်ပြောတာကို သဘောတူတယ်မလား”

လီလီပန်းများက ပိုပြီးယိမ်းနွဲ့သွားလျှက်။

ရှန်ရှီး၏မျက်နှာမှအပြုံးက ပိုပြီးကြီးမားလာပေမဲ့ သူ့မျက်လုံးများကတော့ တဖြည်းဖြည်းနှင့် စိုစွတ်လာသည်။

တကယ်လို့များ သူ့မိခင်သာ ကောင်းကင်ကနေ ကြားနိုင်ပါက ဒီလောက်တစ်ကိုယ်ကောင်းဆန်သောလူအပေါ်ချစ်မိခြင်းအတွက် နောင်တရနေမလား။ အလှပဆုံးကိုယ့်အသက်ရွယ်မှာ အသက်ကိုစွန့်လွှတ်ခဲ့တာအတွက် နောင်တရလေမလား။

ကံမကောင်းစွာနှင့် ဤမေးခွန်းနှစ်ခုအတွက် အဖြေများကို ရှန်ရှီးဘယ်တော့မှ သိနိုင်မည်မဟုတ်ပေ။

တစ်မနက်လုံးတိတ်ဆိတ်စွာနေပြီးသည့်နောက် နေ့လည်လောက်တွင် ရှန်ရှီး သုသာန်မှထွက်ခဲ့လိုက်သည်။

ထိုအချိန်တွင် လောင်K က သူ့ကိုဖုန်းဆက်လာ၏။

“သုသာန်မှာလား”

ရှန်ရှီးက ဖျော့တော့သော “အင်း” ဟုသာပြောလိုက်သည်။

“အခုပဲထွက်လာတယ်”

လောင်K က ရယ်၏။

“စောစောပြန်လာခဲ့.. ဒီညဟော့ပေါ့စားဖို့ မင်းကိုစောင့်နေမယ်”

ရှန်ရှီးသည် “အင်း” ဟုထပ်ပြောပြီး ခဏတွေးကာ မေးမြန်းလိုက်သည်။

“သုသာန်ဆီကိုပန်းတွေပို့လိုက်သေးလား”

“ပန်းပို့တယ်?”

လောင်K က ဇဝေဇဝါဖြစ်သွားပြီးနောက် ငြင်း၏။

“မပို့ဘူး.. ဘာလို့လဲ”

ရှန်ရှီးအတွေးနက်သွားသည်။

“ဒီမနက်က သုသာန်ကိုလာတော့ တစ်ယောက်ယောက်က ငါ့အရင်လာသွားပြီး ငါ့အမေအတွက် သူအကြိုက်ဆုံး လီလီပန်းတွေထားသွားတယ်”

“မင်းအဖေများလား”

လောင်K ကသတိထားပြီးမေး၏။

ရှန်ရှီးအေးစက်စွာရယ်လိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ.. အဖေက ဆေးရုံမှာ ချူချန်ချန်နဲ့ရှိနေတာ ဘယ်လိုလုပ်ပြီး အမေ့ကိုတွေးမှာလဲ”

“ငါတို့စစ်ဆေးကြည့်မလား”

လောင်K ကအကြံပြု၏။

ရှန်ရှီးတွေးကြည့်ပြီး လောင်K ကမ်းလှမ်းတာကို ငြင်းလိုက်သည်။

“ထားလိုက်တော့.. ဘယ်သူပဲဖြစ်ဖြစ် အလေးထားတဲ့သဘောပဲလေ”

ဖုန်းချလိုက်ပြီး‌နောက် ရှန်ရှီးသည် တက္ကစီခေါ်ရမှာပျင်းသောကြောင့် သုသာန်ရှေ့က တိတ်ဆိတ်သောလမ်းပေါ်တွင် နှေးကွေးစွာလျှောက်ရင်း နောက်ဘာဆက်လုပ်ရမလဲ သေချာစဉ်းစားနေ၏။

ရှန်ရှီးသည် သူ့စိတ်ထဲတွင် အရာရာကို စစ်ဆေးပြီး အမှားအယွင်းမရှိဟု ခံစားမိမှသာ အသိစိတ်ပြန်ဝင်လာပြီး ကောင်းကင်မှာ မှောင်မိုက်နေပြီး မိုးရွာနေသည့် အရိပ်အယောင်များ ရှိနေကြောင်း နားလည်လိုက်သည်။

ကားတစ်စီးမှဖြတ်မသွားသော လူရှင်းသောလမ်းကိုကြည့်ပြီး ရှန်ရှီးမျက်မှောင်ကြုတ်လိုက်၏။ သုသာန်သည် ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိကာ ထိုနေရာတွင် တက္ကစီရှာရန် ခက်ခဲပြီး ယခုအခါ ရာသီဥတု ပိုမိုဆိုးရွားလာသည်။ ပထမဆုံးအကြိမ်အဖြစ် ရှန်ရှီးသည် ပြန်ရောက်ချိန်တွင် ကားဝယ်ရမှာပျင်းသောကြောင့် တက္ကစီစီးတာ အကျင့်ဖြစ်နေခြင်းကို နောင်တရမိသွား၏။

မိုးစပြီးရွှာလာချေပြီ။ အစကတော့ တစ်စက်နှစ်စက်လောက် ဖွဲဖွဲလေးကျ‌နေပေမဲ့ မကြာခင်မှာပဲ သွန်းချသည့် သည်းထန်သောမိုးအဖြစ်ပြောင်းသွားသည်။ တစ်ခါတစ်ခါတွင် မိုးခြိမသံများကိုကြားရပြီး ကောင်းကင်တစ်ခုလုံးသည် မှင်လိုနက်မှောင်နေ၏။

အနားတစ်ဝိုက်တွင် မိုးခိုစရာနေရာမရှိသဖြင့် ရှန်ရှီးမိုးရေထဲမှာပဲ ရှက်ရှက်နှင့်ရပ်နေမိသည်။ သူ့အဝတ်အများက မြန်မြန်စိုစွတ်လာကာ ခန္ဓာကိုယ်အတွင်းသို့ အအေးဓာတ်က နည်းနည်းချင်း စပြီးဝင်ရောက်လာ၏။

ရှန်ရှီးတုန်သွားပြီး ဖုန်းကိုထုတ်လိုက်ပေမဲ့ ထင်ထားသည့်အတိုင်း မိုးရေအောက်ရောက်သွားသောအခါ အလိုလိုဖုန်းပိတ်သွားပြီဖြစ်သည်။ ကံကောင်းထောက်မ၍ လောင်K က သူဤနေရာတွင် ရှိနေမှန်းသိပြီး မကြာခင်သေချာပေါက်လာရှာဖို့သာ ခါးသီးစွာတွေးရတော့သည်။

မိုးသည် ရပ်ဖို့အရိပ်ယောင်မပြဘဲ ပိုပြီးသည်းထန်လာသည်။ ရှန်ရှီး အနွေးထည်ကိုချွတ်ကာ သူ့ခေါင်းပေါ်တင်ပြီး ထိုင်ရန် နေရာမြင့်တစ်နေရာကိုရှာလိုက်၏။ အရိုးထဲထိစိုစွတ်နေပြီမို့ အအေးမိလည်းကိစ္စမရှိပေ။

ရှန်ရှီးသည် သူ့ခြေထောက်တွေဆီ စဉ်ဆက်မပြတ် စင်နေသော မိုးရေစက်တွေကို ငူငူကြီး ငေးကြည့်နေမိသည်မှာ ဘယ်လောက်ကြာသွားလဲမသိချေ။

လမ်းဘေးကနေ ဘရိတ်အုပ်သံ စူးစူးရှရှ ထွက်ပေါ်လာမှသာ ရှန်ရှီးအံ့ဩပြီးလှမ်းကြည့်လိုက်မိသွားသည်။

ကားမှန်ချလိုက်သောအခါ ရင်းနှီးသောမျက်နှာတစ်ခုပေါ်လာလေသည်။

“အထဲဝင်ခဲ့”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment