Ch 16 : လှောင်ပြောင်သရော်ခြင်း
“ရှန်ရှီးနှင့်လီမင်ရွှမ်း ညဘက်တွေ့ဆုံပွဲမှာ ပျော်ရွှင်စွာ စကားပြောနေကြ။ လီမိသားစုက စန်းရှောက်ဘက်မှ လောင်းကြေးထပ်ပြီလား ! ”
ကြီးမားသော ခေါင်းစဉ်ကြီးက အမြင်ကိုဖမ်းစားဖွယ်ဖြစ်ကာ သတင်း၏ရှေ့စာမျက်နှာတွင် တုန်လှုပ်ဖွယ်ဖြစ်၏။
ခေါင်းစဉ်၏အောက်တွင် ရှန်ရှီးနေသောဟိုတယ်ကို နောက်ခံထားပြီး တည့်ရိုက်ထားသောဓာတ်ပုံရှိသည်။ ပုံထဲတွင် လီမင်ရွှမ်းနှင့် ရှန်ရှီးအတူတူရပ်နေခြင်းကို ရှင်းလင်းစွာမြင်ရပြီး ဓာတ်ပုံရိုက်ကူးထားသော ထောင့်မှကြည့်လျှင် လီမင်ရွှမ်းသည် မျက်နှာမှာအပြုံးနှင့် ရှန်ရှီးဘက်သို့ ဘေးတိုက်လှည့်ကာ စကားပြောနေ၏။
ယနေ့ထွက်လာသော သတင်းစာဖြစ်ပြီး လီမင်ရွှမ်း၏ရှေ့တွင်ချထားသည်။
လီမင်ရွှမ်း၏မျက်လုံးများသည် စိတ်လှုပ်ရှားဖွယ်ခေါင်းစဉ်ကို ကြည့်မနေဘဲ အောက်မှာဓာတ်ပုံဆီသို့ တိုက်ရိုက်ရောက်သွား၏။
ဓာတ်ပုံတွင် သူ့မျက်နှာမှအပြုံးသည် သိသာနေပြီး ထိုအချိန်တွင် စိတ်အခြေအနေကောင်းနေမှန်း ရှင်းရှင်းလင်းလင်းတွေ့နိုင်သည်။ လီမင်ရွှမ်း၏အမူအရာက ခဏတာကြောင်သွား၏။ သူ ရှန်ရှီးနှင့် စကားပြောနေတာကိုမှတ်မိပေမဲ့ သူ၏မျက်နှာအမူအရာက အေးချမ်းနေမှန်း သူနားမလည်ခဲ့ပေ။ လေယာဉ်ပေါ်တွင် ပထမအကြိမ်တွေ့တုန်းက သံသယဝင်မှုနှင့် တားဆီးမှုတွေမရှိဘဲ သူ့အနေဖြင့် ရှန်ရှီးကို ရှန်ချိန်လို ဝမ်းကွဲညီလေးအဖြစ်ဆက်ဆံနိုင်သလို ခံစားချက်မျိုးပင်။ ရှန်ရှီးကသာ…။
လီမင်ရွှမ်း သူ့အတွေးကိုမဆက်တော့။ မသိစိတ်ကနေ ရှန်ရှီးပြန်လာခြင်း၏ရည်ရွယ်ချက်ကို မကောင်းအောင်မခန့်မှန်းချင်ချေ။ တကယ်တော့ ရှန်ရှီးက ပြန်လာကတည်းကဘာမှလုပ်သေးတာ မဟုတ်။ သူ့ဖခင်နှင့် သူ၏ဆက်ဆံရေးက ဆိုးဝါးဆဲဖြစ်နေပြီး လီမင်ရွှမ်း၏စိတ်ထဲတွင် စိတ်အေးသွားရသော ဝေဝါးသောခံစားချက်ဖြစ်လာရသည်။
ဖုန်းက အချိန်ကိုက်မြည်လာပြီး လီမင်ရွှမ်း၏အတွေးများကို နှောင့်ယှက်သွားသည်။ ဖုန်းထဲက ရှန်ကျိ၏အသံသည် မောပန်းမှုများနှင့်ပြည့်နေ၏။
“မင်ရွှမ်း ငါတောင်းပန်ပါတယ်”
သူတို့သိလာခဲ့သော နှစ်တွေအများကြီးတွင် ရှန်ကျိက လီမင်ရွှမ်းကို တောင်းပန်စကားဆိုတာ ပထမဆုံးဖြစ်၏။ ရှန်ကျိရှင်းမပြသော်လည်း သူဘာအတွက်တောင်းပန်တာလဲ နှစ်ယောက်စလုံးသိလိုက်သည်။
လီမင်ရွှမ်းသည် အနည်းငယ်ခါးသီးမှုဖြင့် တိတ်တဆိတ်ရယ်လိုက်၏။ အရင်ညကကိစ္စက သူတို့နှစ်ဦးအပေါ် အမှတ်အသားချန်ခဲ့ပြီဖြစ်သည်။ မဟုတ်လျှင် သူတို့နှစ်ဦး၏ဆက်ဆံရေးအရ ရှန်ကျိသည် စကားမှားပြောမိတာကို ကျော်သွားလို့ရပြီး တောင်းပန်ရန်မလိုပေ။
သူ့စိတ်ထဲတွင် နက်ရှိုင်းစွာသက်ပြင်းချရင်း လီမင်ရွှမ်းပြောလိုက်၏။
“အားကျိ ငါစိတ်ထဲမထားတာ မင်းသိပါတယ်”
လီမင်ရွှမ်း၏အသံက အရင်ကနှင့်မခြားနားသဖြင့် ရှန်ကျိစိတ်အေးသွားပုံရကာ သူ့လေသံကအရင်ကထက် ပိုပြီးပေါ့ပါးလာသည်။
“ငါသိပါတယ်.. ငါတို့က ထာဝရညီအစ်ကိုတွေပဲလေ”
လီမင်ရွှမ်း၏မျက်လုံးများသည် သူ့ရှေ့တွင်ရှိသော သတင်းစာပေါ်ရောက်သွားကာ ခဏရပ်သွားပြီးမှ လီမင်ရွှမ်းက လေးလံသောလေသံဖြင့်ထပ်ပြော၏။
“အင်း.. ငါတို့က ထာဝရ ညီအစ်ကိုတွေ”
ဖုန်းချပြီးနောက် လီမင်ရွှမ်းသည် စားပွဲကိုရှုပ်ထွေးသောအကြည့်ဖြင့်ကြည့်ပြီး သတင်းစာကိုအပေါ်မှအုပ်ရန် လက်ကိုဆန့်လိုက်လေသည်။
••••••••
တစ်ဖက်တွင်လည်း ရှန်ကျိသည် တိတ်ဆိတ်နေသောဖုန်းကိုကိုင်ကာ သူ့ရှေ့တွင်ရှိသောသတင်းစာကို တူညီစွာရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်နေမိသည်။ သတင်းစာမှ လီမင်ရွှမ်း၏အပြုံးသည် သူ့ကိုနက်ရှိုင်းစွာ အနှောင့်အယှက်ဖြစ်စေ၏။
ရှန်ကျိသည် တင်းမာသောမျက်နှာဖြင့် ဆောင်းပါးကိုထပ်ခါထပ်ခါဖတ်ပြီးနောက် သတင်းစာကို ဘောလုံးလိုလုံးချေကာ အဝေးကိုလွှင့်ပစ်လိုက်သည်။ သူ့စိတ်ထဲတွင် မကြာသေးခင်မှလီမင်ရွှမ်းပြောသွားသော စကားများကို ထပ်ခါထပ်ခါကြားနေရ၏။
ငါတို့က ထာဝရညီအစ်ကိုတွေ။
ရှန်ကျိ အသက်ပြင်းပြင်းရှူကာ ခေါင်းမော့ပြီး မျက်နှာကျက်ကိုကြည့်လိုက်သည်။ သူနှင့်လီမင်ရွှမ်း ဘေးချင်းကပ်၍ကုန်ဆုံးခဲ့သော နှစ်ပေါင်း ၂၀ ကျော်လောက်ကအတိတ်ကို အသံတိတ်ရုပ်ရှင်ဇာတ်ကားဟောင်းလိုသူ့စိတ်ထဲတွင် မြင်ယောင်လာ၏။
ရှန်ကျိမျက်လုံးတွေကိုမှိတ်လိုက်သည်။ သူတို့သည် ထာဝရညီအစ်ကိုတွေဖြစ်၏။ သူ လီမင်ရွှမ်းကို သံသယမဝင်ခဲ့သင့်ပေ။ အားလုံးသည် သတင်းထောက်တွေ၏ လုပ်ကြံမှုများသာဖြစ်သည်။
သို့ပေမဲ့ ရှန်ကျိ၏စိတ်ထဲတွင် မနေ့ညက သူတို့လမ်းခွဲပြီးနောက် မင်ရွမ်းဘာလို့ ရှန်ရှီးရှေ့ကိုပေါ်လာသလဲဆိုတာကို မေးနေသည့်အသံတော့ အမြဲရှိနေ၏။
ဤမေးခွန်းသည် မှော်ဂါထာလို သူ့စိတ်ကို အုပ်မိုးထားပြီး စိတ်ပျက်လက်ပျက်ဖြင့်ပင် ကုတ်အင်္ကျီကို လက်မှာသယ်ကာ အိမ်ထဲမှထွက်ခဲ့တော့သည်။
°°°°°°°
ထိုနေ့တွင် ရှန်ရှီးသည် နောက်တစ်ကြိမ် ပုံမှန်ထက်ပိုပြီးနောက်ကျပြီးမှရောက်လာပေမဲ့ ဆေးရုံတွင်ရှိနေရမည့် ရှန်ကျိကိုမတွေ့ရသည့်အတွက် သူအံ့အားသင့်သွားရ၏။ ထိုအစား လူနာခန်းတွင်ပေါ်လာသူသည် ရှန်ရုံဖြစ်နေသည်။
ရှန်ရုံသည် ရှန်ရှီး၏ရောက်လာမှုကြောင့် အံ့ဩသွားပုံရ၏။ မနာလိုမှုအရိပ်အယောင်က သူ့မျက်လုံးတွင်ဖျတ်ကနဲဖြစ်ပေါ်လာကာ ချစ်ခင်မှုအပြည့်ဖြင့် ရှန်သယ်ဟန့်၏လက်မောင်းကိုတွဲပြီး လှမ်းကြည့်သည်။
“အစ်ကိုသုံး”
ရှန်ရှီးသည် ရှန်ရုံ၏လှုပ်ရှားမှုများကို လှောင်သလိုကြည့်ရင်း အေးစက်စွာတုံ့ပြန်သည်။
“ရှန်မိသားစုမှာ ငါကအငယ်ဆုံးပါ.. ငါ့မှာညီရှိတာ ငါမသိရပါလား”
ရှန်ရုံ၏မျက်နှာမှအပြုံးသည်ရပ်တန့်သွားကာ ရှန်သယ်ဟန့်၏မျက်နှာလည်း သုန်မှုန်လာ၏။ ရှန်ရှီးသည် သတိမထားမိသလိုဟန်ဆောင်ကာ ဘာမှမဖြစ်သလိုဆက်ပြောသည်။
“ငါမှတ်မိသလိုဆို အရင်တစ်ခါ အစ်ကိုကြီးနဲ့ဆေးရုံမှာတွေ့တုန်းက အစ်ကိုကြီးလည်းအဲ့လိုပဲပြောတယ်.. ရှန်မိသားစုမှာ ညီအစ်ကိုသုံးယောက်ပဲရှိပြီး ထူးခြားတဲ့ဝါသနာရှိတဲ့ညီမျိုး မရှိနိုင်ဘူးတဲ့”
ရှန်ရှီးသည် “ထူးခြားသောဝါသနာ” ဆိုသောစကားကို အလေးပေးပြောပြီး တစ်ချိန်တည်းမှာပင် သုန်မှုန်သွားသော ရှန်သယ်ဟန့်နှင့် ရှန်ရုံတို့၏မျက်နှာများကို မြင်လိုက်ရ၏။ သို့ပေမဲ့ ထိုစကားများက ရှန်ကျိကပြောသောစကားများဖြစ်နေသောကြောင့် ရှန်သယ်ဟန့်ခမျာ ရှန်ရုံကိုချစ်သော်လည်း ရှန်ကျိနှင့်ယှဉ်လျှင် ရှန်ရုံက ဒုတိယနေရာယူရမည်ဖြစ်သည်။ ရှန်ရုံ၏စိတ်ထဲတွင် အလိုလိုနားလည်လိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ရန် ရှက်ရှက်ဖြင့်သာ အနည်းငယ်ရယ်နိုင်၏။
ရှန်ရှီးသည် ရှန်ရုံကို ငေါ့ပြီးကြည့်ပြီးနောက် ရှန်သယ်ဟန့်ကိုကြည့်သည်။
“အဖေ့အခန်းထဲမှာ သူနာပြုအသစ်ရောက်နေတယ်လို့ကြားတာ သူ့ကိုမတွေ့ရပါလား”
ရှန်ရှီး၏မေးခွန်းသည် ရှန်ရုံ၏အာရုံကိုဖမ်းစားနိုင်သွား၏။ ရှန်ရှီးသည် အကြောင်းရင်းမရှိဘဲ သူနာပြုအကြောင်းကိုမေးမှာမဟုတ်မှန်း သူသိသည်။
သူ့ကိုများရည်ရွယ်ပြန်တာလား?
ရှန်ရုံသည် ရှန်ရှီးကို သတိထားပြီးကြည့်သောအခါ ရှန်ရှီးထံမှာ လှောင်ပြောင်သောအကြည့်နှင့်ဆုံမိသွားသည်။
ရှန်ရုံ၏နှလုံးသားကတင်းကြပ်သွားကာ သူ့အဖေ၏မျက်နှာအမူအရာကို ခိုးကြည့်လိုက်ချိန်၌ ရှန်ရှီးဘက်က သူနာပြုအကြောင်းပြောသောအခါ ရှန်သယ်ဟန့်၏မျက်နှာက နည်းနည်းပြောင်းသွားပုံရတာကို သူသတိထားလိုက်မိသည်။ ရှန်ရုံသည် တိတ်ဆိတ်စွာ မျက်လွှာချရင်း သူနာပြုနှင့်ကိစ္စကို သိနိုင်ရန်ကြိုးစားနေ၏။
ထိုအချိန်မှာပင် လူနာခန်းတံခါးက တွန်းဖွင့်ခံလိုက်ရကာ ချိုသာသောအသံကိုကြားရသည်။
“ရှန်လူကြီးမင်း ဆေးသောက်ဖို့အချိန်ရောက်ပါပြီ”
ရှန်ရုံသည် အသံလာရာသို့အလိုလို လှမ်းကြည့်လိုက်မိရင်း ရောက်လာသူကိုရှင်းလင်းစွာမြင်ရချိန်တွင် ရပ်တန့်သွားကာ သူ့မျက်နှာက မိုးကြိုးပစ်ခံရသလိုဖြစ်သွားတော့သည်။
ချူချန်ချန်သည် ဆေးနှင့်အတူ တံခါးဝတွင် ပေါ်လာပြီး အခန်းထဲတွင်တခြားသူများ ရှိနေသည်ကို သတိထားမိသောအခါ ရှန်သယ်ဟန့်ကို ရှက်ရွံသလိုကြည့်သည်။
“နှောင့်ယှက်မိတာတောင်းပန်ပါတယ် ရှန်လူကြီးမင်း.. ဧည့်သည်တွေရှိနေမှန်း မသိခဲ့ဘူး”
ချူချန်ချန်ကိုမြင်မြင်ချင်း ရှန်သယ်ဟန့်၏မျက်နှာက ကြင်နာသောအသွင်ဖြစ်သွား၏။ သူမက ဆေးသောက်ရန်ပြောတာကို ကြားသောအခါ ပို၍ပြုံးလိုက်ပြီး
“ရတယ်.. ဆေးသောက်ချိန်ရောက်နေပြီ.. ရှောင်ချူက ကိုယ်လုပ်စရာရှိတာလုပ်”
ချူချန်ချန်သည် အခန်းထဲမှလူများကို အနည်းငယ်ပြုံးပြပြီး သူမ၏အကြည့်က ရှန်ရုံဆီရောက်သွားသောအခါ အံ့ဩသည့်အကြည့်ဖြစ်ပေါ်လာသည်။ ရှန်ရုံကမူ သူ့ရှေ့တွင်ပေါ်လာသော အမျိုးသမီးကို ငိုင်ပြီးကြည့်နေကာ လက်ရှိအချိန်တွင် ဘယ်လိုမျက်နှာအမူအရာပြသင့်မှန်း မသိပေ။
ချူချန်ချန်သည် ရှန်ရုံဆီမှ အမြန်အကြည့်လွှဲပြီး ဆေးကို ရှန်သယ်ဟန့်၏ဘေးတွင် ဂရုတစိုက်ထားလိုက်၏။
ရင်းနှီးစွာဖြင့် ရှန်သယ်ဟန့်ကို ရေငှဲ့ပေးပြီး ဆေးတိုက်နေသော ချူချန်ချန်ကိုကြည့်ရင်း သူမကိုနေရာပေးရန် ရှန်ရုံတောင့်တောင့်ကြီး ထရပ်လိုက်သည်။
ရှန်ရုံ သူလူနာခန်းထဲမှ ဘယ်လိုထွက်ခဲ့လဲမသိတော့ပေ။ လူရှင်းနေသော ကော်ရစ်တာသည် တိတ်ဆိတ်နေပြီး သက်တော်စောင့်များသည် အထပ်၏အဆုံးတွင် တိတ်ဆိတ်စွာရပ်နေကြ၏။
ခြေသံများ သူ့နောက်မှထွက်လာချိန်တွင် ရှန်ရုံ ဖျတ်ကနဲ အသိပြန်ဝင်လာကာ သူ့နောက်မှထွက်လာသော ရှန်ရှီးဆီကိုပြေးသွားပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“မင်းပဲ.. မင်း မဟုတ်လား.. အဲ့မိန်းမကို မင်းရှာတွေ့ခဲ့တာမလား”
ရှန်ရှီးသည် အပြစ်ကင်းစင်သည့်အကြည့်ဖြင့် မျက်ခုံးပင့်လိုက်၏။
“ဘာကိုဆိုလိုတာလဲ”
ရှန်ရုံ၏မျက်နှာရှုံ့မဲ့သွားသည်။
“ငါပြောနေတာ မင်းနားမလည်ဘူးလား.. အဖေက အမေ့ကိုကြိုက်မှန်းသိလို့ တမင်ရုပ်တူတဲ့မိန်းမကို ရှာခဲ့တာမလား”
ရှန်ရှီးသည် ရှန်ရုံကို လှောင်ပြောင်မှုအပြည့်ပါသော မျက်နှာဖြင့်ကြည့်၏။
“မင်း တကယ်ပဲ အဲ့လိုထင်တာလား”
ရုန်ရှန်သည် ရုတ်တရက်နောက်သို့တွန့်ဆုတ်သွားပြီးနောက် ပြန်ပြီးတင်းမာစွာကြည့်သည်။
ရှန်ရှီးက ပြုံးရုံသာပြုံးလိုက်ပြီး ရှန်ရုံ၏အနားကိုကပ်ကာ သနားသောအသံဖြင့် စကားလုံးတွေကို တစ်လုံးချင်းပြောလိုက်လေသည်။
“တကယ်တော့ မင်းစိတ်ထဲမှာလည်း သေချာသိတယ်မလား? မင်းပဲဖြစ်ဖြစ် ကျိုးမင်မေ့ပဲဖြစ်ဖြစ် သေသွားတဲ့လူရဲ့ အစားထိုးခံရတဲ့လူတွေဆိုတာလေ.. အဖေက မင်းကိုသဘောကျတယ်ထင်နေတာလား…..သူက မင်းမျက်နှာမှာ အဲ့ဒီအမျိုးသမီးရဲ့ပုံရိပ်ကို ရှာချင်တာ..
မင်းမျက်နှာကိုကြည့်ရင်း အဖေက အကြိမ်တွေမရေမတွက်နိုင်အောင် နောင်တရမှာပဲ.. ဘာလို့မင်းကိုမွေးတဲ့သူက ကျိုးမင်မေ့ဖြစ်နေပြီး သူ့နှလုံးသားထဲက အမျိုးသမီးမဟုတ်တာလဲဆိုပြီးလေ.. အဖေက မင်းပြုံးတဲ့မျက်နှာကို သဘောအကျဆုံးမဟုတ်လား? အဲ့ဒါ ဘာကြောင့်လို့ထင်လဲ? အဖေက မင်းကိုချစ်လို့လား? မင်းက ပြုံးတဲ့အချိန် အဲ့ဒီအမျိုးသမီးနဲ့အတူဆုံးဖြစ်နေလို့လေ.. အခု ပိုပြီးငယ်ရွယ်ပြီး အဲ့ဒီအမျိုးသမီးနဲ့ ပိုပြီးတူတဲ့သူပေါ်လာပြီဆိုတော့ မင်းရဲ့ဖြစ်တည်မှုမှာ ဘာတန်ဖိုးရှိမယ်ထင်လဲ?”
ရှန်ရှီးပြောသည်ကိုနားထောင်ရင်း ရှန်ရုံ၏မျက်နှာက ပိုပြီးခက်ထန်လာ၏။ မျက်လုံးတွေသည်မီးတောက်နေပေမဲ့ သူ့ပါးစပ်ကတော့ တစ်ခွန်းမှ မဟပေ။
ရှန်ရှီးသည် စိတ်ကျေနပ်ပြီး ကိုယ်ကိုမတ်လိုက်တော့ လှောင်သောအပြုံးက သူ့နှုတ်ခမ်းထောင့်တွေ ဖြစ်ပေါ်နေသည်။
“နိုးထတော့.. ကိုယ့်ကိုယ်ကို မလှည့်စားနဲ့.. မင်းအပေါ်ထားတဲ့ အဖေ့အချစ်က ဟာသပဲ”
ထိုစကားများသည် ရှန်ရုံကို လုံးဝပြိုလဲစေသည့် နောက်ဆုံးကောက်ရိုးမျှင်ဖြစ်၏။ ရှန်ရုံသည် စိတ်ထဲမှ ဒေါသကိုဆက်ပြီးမထိန်းနိုင်တော့ပဲ ရှန်ရှီးကို အညှာအတာမဲ့စွာ လက်သီးနှင့်ထိုးလိုက်သည်။
ချက်ချင်း ရှန်ရှီး၏စိတ်ထဲတွင် အတွေးဖြစ်ပေါ်လာ၏။
သူရှောင်သင့်သလား? တမင်အထိုးခံလိုက်ရမလား?
ပြင်းသော ခြေသံများနှင့်အတူ ရင်းနှီးနေသောပုံရိပ်က ရှန်းရှီ၏ရှေ့သို့ရပ်လိုက်ပြီး လွှဲလာသော လက်သီးကို လက်ဖြင့်ဆုပ်ကိုင်လိုက်သောအချိန်တွင် သူ့၌ စဉ်းစားရန် အချိန်ခဏသာ ရှိသည်။
ရှန်ရှီးနှင့် ရှန်ရုံနှစ်ယောက်စလုံး ခဏတာကြောင်သွားပေမဲ့ ရှန်ရှီးကအရင်ဆုံးတုံ့ပြန်သူဖြစ်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်၏။
ရှန်ရုံ ကြောင်အမ်းသွားသည်။ လီမင်ရွှမ်းက ရှန်ရုံ၏ဆုပ်ထားသောလက်သီးကို လွှတ်လိုက်ပြီး သူ့ကိုအေးစက်စွာကြည့်လာသည်။
“မင်းဘာလုပ်မလို့လဲ”
ရှန်ရုံသည် အံကြိတ်ကာ ခေါင်းမာစွာနှင့်တိတ်ဆိတ်နေသော ရှန်းရှီကို ကြည့်လိုက်၏။
လီမင်ရွှမ်းက ရှန်ရုံ၏မျက်နှာထားကို သတိမထားမိဘဲ မသိသာအောင် မျက်မှောင်ကြုတ်သည်။
“ဦးလေးကနားဖို့လိုတယ်.. ဒီနေရာမှာပြဿနာမရှာတာကောင်းမယ်”
လီမင်ရွှမ်းအာရုံစိုက်မနေသောအချိန်တွင် ရှန်ရုံသည် ခေါင်းငုံ့လိုက်ကာ ရှန်ရှီးကို ဒေါသဖြင့်ကြည့်ပြီး ကော်ရစ်တာတစ်ဖက်ဆီသို့ လှည့်ထွက်သွားတော့သည်။
သက်တော်စောင့်များသည် အခြေအနေကိုထိန်းနိုင်တာကို မြင်သောအခါ ပြန်ပြီးလူစုခွဲသွားလေသည်။
အနားမှာလူတွေနောက်ထပ်မရှိတော့တာကို မြင်တော့ လီမင်ရွှမ်းက ရှန်ရှီးဘက်သို့လှည့်ကာ အသံနှိမ့်ပြီး ဒေါသရိပ်ပါသောအသံဖြင့်
“မင်းခုနက ဘာလို့မရှောင်လိုက်တာလဲ”
ရှန်ရှီးကြောင်သွားပြီး မတုံ့ပြန်နိုင်ခင်မှာပဲ လီမင်ရွှမ်းက နောက်မေးခွန်းကိုမေးလာ၏။
“ရှန်ရုံဆီက အထိုးခံရရင် ဦးလေးက မင်းကိုသဘောကျလာမယ်လို့ ထင်နေတာလား.. မင်း ကောင်းကောင်းသိပါတယ်…”
လီမင်ရွှမ်း၏ မပြီးဆုံးသောစကားများက ရှန်ရှီး၏ လှောင်နေသော အကြည့်အောက်တွင်ရပ်တန့်သွားသည်။ ရှန်ရှီးက ငေါ့လိုက်၏။
“ကျွန်တော်က ဘာကိုကောင်းကောင်းသိတာလဲ.. အဖေ့အချစ်တော် တရားမဝင်သားဆီက နည်းနည်းလောက်အထိုးခံရတာမပြောနဲ့ အဖေ့ရှေ့မှာသေရင်တောင် အဖေက ကျွန်တော့်ကို ကြည့်မှာမဟုတ်ဘူးဆိုတာလား”
ရှန်ရှီး မျက်လွှာချလိုက်သည်။
“ဝမ်းကွဲအစ်ကိုတွေးတာများနေပြီ.. ခုနက ရှန်ရုံရဲ့လှုပ်ရှားမှုက မြန်လွန်းလို့ ရှောင်ဖို့အချိန်မရလိုက်တာ”
ရှန်ရှီးစကားပြောလို့ပြီးသောအခါ သူ့ခေါင်းကိုလှည့်ပြီး ထွက်သွားရန်လုပ်ပေမဲ့ လီမင်ရွှမ်းက သူ့လက်ကိုဆန့်ကာ သူ့ကိုလှမ်းဆွဲထားလာသည်။
“တောင်းပန်ပါတယ်.. ငါ အဲ့လိုရည်ရွယ်တာမဟုတ်ဘူး”
လီမင်ရွှမ်း၏အသံက စိတ်ရင်းမှန်နှင့်ဖြစ်သည်။ ရှန်ရှီး ရပ်လိုက်ပြီး ခဏကြာသောအခါ ဖြည်းဖြည်းချင်းလှည့်ကာ လီမင်ရွှမ်းကို အပြုံးဖြင့်ကြည့်သည်။
“ရပါတယ်.. ဝမ်းကွဲအစ်ကို ကောင်းတဲ့သဘောနဲ့ပြောမှန်း ကျွန်တော်သိပါတယ်”
ရှန်ရှီး၏အပြုံးသည် အရင်ညကလို ကြည်လင်ပြီး ညင်သာပေမဲ့ လီမင်ရွှမ်းအဖို့တော့ ဖယ်ကြဉ်ခံရသလို နက်ရှိုင်းစွာခံစားလိုက်ရလေသည်။