no

Font
Theme

Chapter 15 : သံသယ

ရှန်ကျိနှင့် ရှန်သယ်ဟန့်ကြားမှ စကားအချေအတင်က နှစ်ဦးနှစ်ဖက်လုံးအတွက် မပျော်ရွှင်ရသော သဘောမတူညီမှုနှင့် အဆုံးသတ်သွားသည်။

ချူချန်ချန်ရှိနေခြင်းကို ရှန်ကျိလက်မခံနိုင်ပေမဲ့ ရှန်သယ်ဟန့်ကမူ ချူချန်ချန်ကို သူ့အနားတွင်ထားရန် အခိုင်အမာပြောသည်။ နောက်ဆုံးမှာတော့ ရှန်ကျိသည် ဆေးရုံမှ အေးစက်သောမျက်နှာဖြင့် ထွက်ခွာသွားလေသည်။

ဖြစ်စဉ်တစ်ခုလုံးတွင် ရှန်ရှီးသည် ကော်ရစ်တာတွင် တိတ်ဆိတ်စွာမှီနေပြီး တခြားသူများနားမလည်နိုင်သော မျက်နှာအမူအရာဖြင့် လူနာခန်းထဲမှ အငြင်းပွားမှုကို နားထောင်နေသည်။

ဤအဖြစ်အပျက်မျိုးက ရှန်မိသားစုတွင် အတိတ်ကမကြာခဏဖြစ်ပျက်ခဲ့ပြီး ကွာခြားမှုက ဇာတ်လိုက်သည် အမြဲ ရှန်ရှီးဖြစ်ကာ ရှန်ကျိသည် ပါဝင်မပတ်သက်ဘဲ အမြဲဘေးမှကြည့်နေသူဖြစ်ခဲ့၏။

ယခုအချိန်မှာတော့ ဇာတ်ကောင်တွေက ပြောင်းပြန်ဖြစ်သွားပြီဖြစ်ကာ ရှန်ကျိ၏ဒေါသနှင့် မျက်လုံးထဲမှ စိတ်ပျက်မှုတွေကို ရှန်ရှီးက အေးစက်စွာကြည့်နေလိုက်သည်။ ဖော်ပြ၍မရနိုင်သော ပျော်ရွှင်သည့်ခံစားချက်က ရှန်ရှီး၏နှလုံးသားတွင် ဖြစ်ပေါ်လာ၏။

ရှန်ရှီးကိုပိုပြီးစိတ်လှုပ်ရှားစေသည်က သူ့ဖခင်၏အမူအရာဖြစ်သည်။ သူ၏မှတ်ဉာဏ်တွင် သူ့ဖခင်က သူနှင့်ရန်ဖြစ်တိုင်း မျက်နှာတွင် ရွံရှာမှုမှလွဲပြီး အခြားခံစားချက်မရှိပေမဲ့ အခုတော့ သူ မြင်လိုက်ရတာ ဘာလဲ။

သူ့ဖခင်၏ မျက်နှာပေါ်မှာ ဒေါသနှင့် စိတ်ပျက်အားငယ်မှုအပြင် အသိမှတ်ပြုမခံရသော နာကျင်မှုအရိပ်အယောင်တွေပါ ရောနှောနေတာကို သူတွေ့ခဲ့ရသည်ပင်။ ဖခင်ဖြစ်သူ၏မျက်နှာအမူအရာကို အခါခါပြန်မြင်ယောင်ရင်း ရှန်ရှီးစိတ်လှုပ်ရှားသွားရ၏။ သူပြန်လည်မွေးဖွားချိန်မှစ၍ သူ့နှလုံးသားထဲတွင်ရှိနေသော ကြီးမားသော‌လစ်ဟာမှုကြီးသည် နောက်ဆုံးမှာတော့ ပြည့်သွားပြီဖြစ်သည်။

စိတ်ကျေနပ်သွားရင်း ရှန်ရှီးဓာတ်လှေကားထဲကိုဝင်ကာ သူ့ဖခင်ရှိနေသော လူနာခန်းကို နောက်ဆုံးတစ်ချက်ကြည့်ပြီးနောက် ပြုံးရုံပြုံးလိုက်သည်။

ကန့်လန့်ကာများတင်လိုက်ပြီမို့ နောက်ထပ်စင်ပေါ်တက်လာမည့် သရုပ်ဆောင်ဖြစ်သူက သူ့ကိုစိတ်မပျက်စေဖို့သာ မျှော်လင့်ရပေသည်။

°°°°°°°°

ကျုံးကျင်း၏ ညတာက မရေမတွက်နိုင်သော ဘားများနှင့် ကလပ်များ ဝိုင်းရံထားကာ အမြဲတက်ကြွခမ်းနားနေပြီး လှပသောအဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသားနှင့်အမျိုးသမီးများကို အုပ်စုလိုက် လာပြီးပျော်ပါးရန် ဆွဲဆောင်လျက်ရှိနေသည်။

သာမန်ဘားတစ်ခုတွင် ရှန်ကျိသည် ဘားကောင်တာတွင် မည်သည့်မျက်နှာအမူအရာမှမပြဘဲ ထိုင်ကာ ကျယ်လောင်သောနောက်ခံဂီတသံအောက်တွင် “နောက်ထပ်တစ်ခွက်” ဆိုသော စကားများကိုပဲ ထပ်ခါထပ်ခါပြောနေ၏။

ယနေ့ည၌ ဘားမှာတာဝန်ကျသူက ဘားတွင် သုံးနှစ်ကြာအလုပ်လုပ်ပြီး ရှောင်ဝူဟု ခေါ်သော လူငယ်ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်းမှာ ရှောင်ဝူဟာ ရှန်ကျိလို ဝမ်းနည်းမှုများကို အရက်နှင့် မျှောချတတ်ကြသော ယောကျာ်းတွေကို အများကြီးမြင်ဖူးသည်။

ရှန်ကျိ၏ အပြုအမူကို ရှောင်ဝူက ဂရုမစိုက်ချေ။ သို့ပေသိ

ရှန်ကျိက “နောက်တစ်ခွက်” ဟုအော်သည်နှင့် ဘာမှမရှိတော့သောခွက်ကို ထပ်ခါထပ်ခါ ဖြည့်ပေးမြဲ ဖြစ်သည်။

ရှန်ကျိသည် သူဘယ်လောက်ထိမူးနေပြီလဲ မသိပေမဲ့ ခွက်ကို နောက်တစ်ခါအကုန်မော့ချပြီးနောက် ရှောင်ဝူဆီသို့တွန်းပေးပြီး ထပ်ဖြည့်ရန် မျက်လုံးဖြင့်အချက်ပြ၏။

ရှောင်ဝူသည် နာခံရင်း ဖန်ခွက်ကိုယူကာ ဖြည့်ပေးလိုက်ရာ မကြာမီမှာပင် အရည်‌များနှင့်ပြည့်သွားပြီး ဘားအလင်း‌ရောင်အောက်တွင် တောက်ပနေသည်။ ရှန်ကျိက ဖြည့်နေသောဖန်ခွက်ကို ငေးကြည့်ရင်း ရုတ်တရက်ခေါင်းမော့ကာ ရှောင်ဝူကိုကြည့်လာသည်။

“တစ်စုံတစ်ယောက်ကို တကယ်ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလို့ မင်းထင်လဲ”

ဤမေးခွန်းကိုကြားသော် ရှောင်ဝူသည် ရှန်ကျိအား သနားသောအကြည့်ဖြင့်ကြည့်ကာ အချစ်မှာထောင်ချောက်မိနေသော နောက်ထပ်အရူးတစ်ယောက်ပဲဟု စိတ်ထဲကနေ မြည်တမ်းမိသည်။

ရှန်ကျိက မူးနေပြီဖြစ်ပြီး သူ့ဘာပြောနေလဲဆိုတာတောင် မသိတော့သည်မို့ သူ့ကိုအာရုံစိုက်မည်မဟုတ်ကြောင်း ရှောင်ဝူနားလည်၏။ သို့ပေမဲ့ ရှန်ကျိကမူ သူ့ကိုခေါင်းမာစွာဖြင့် ကြည့်ကာ သူ့မေးခွန်းကို နောက်တစ်ကြိမ်ထပ်မေးလာသည်။

ရှောင်ဝူ ကူကယ်ရာမဲ့ဖြစ်သွားပြီး ခဏကြာတွေးပြီးနောက်ဖြေလိုက်သည်။

“အချစ်စစ်ဆိုတာ လူတစ်ယောက်က မင်းရဲ့မျက်လုံးထဲမှာထူးခြားနေပြီး တခြားဘယ်သူကမှ သူနဲ့မတူတာ”

ရှန်ကျိက ရှောင်ဝူ၏အဖြေကိုကြားပုံမရဘဲ သူ့ကိုယ်သူပြောနေသလို ဆက်သည်။

“မင်းချစ်တဲ့သူသေသွားခဲ့ရင် အစားထိုးမဲ့သူကို ဆက်ပြီးရှာနေမှာလား”

ဤမေးခွန်းသည် ရှောင်ဝူအတွက် အရင်မေးခွန်းထက်ပိုပြီး စိတ်ဝင်စားစရာကောင်း၏။ အတင်းပြောရတာကိုနှစ်သက်သော ရှောင်ဝူ၏နှလုံးသားက ဝောာက်လောင်လာကာ သူ၏အမြင်ကို အရင်စပြီးပြောပြလိုက်သည်။

“ငါပြောမယ် သူငယ်ချင်း.. ဒီလိုဆိုမင်းမှားတယ်.. ချစ်ရတဲ့သူသေသွားရင် အစားထိုးရှာတယ်ဆိုတာ မမှန်ဘူး.. သူက မင်းမျက်လုံးထဲမှာ ထူးခြားနေရင် အစားထိုးနိုင်တဲ့သူ ရှာနိုင်ပါ့မလား.. အဲ့ဒါက အချစ်စစ်မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”

“အချစစ်မဟုတ်ဘူးလား”

ရှန်ကျိက နောက်ကသံယောင်လိုက်ပြီး ထပ်ပြောသည်။

ရှောင်ဝူက ရွံရှာသည့်ပုံစံဖြင့်

“ဟုတ်တယ်.. ဒီလောက်ရိုးရှင်းတာ မင်းနားမလည်နိုင်ဘူးလား.. တခြားနည်းလမ်းကနေ တွေးကြည့်ရအောင်.. ဥပမာအနေနဲ့ မင်းကသေသွားပြီ.. ဥပမာအနေနဲ့ပြောတာ.. မင်းချစ်သူက မင်းကိုလွမ်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မင်းနဲ့တူတဲ့သူနဲ့ အတူရှိနေမယ်.. မင်းစိတ်ထဲမကောင်းမဖြစ်ဘူးလား.. မင်းက ထူးခြားရမဲ့သူလေ ဘယ်လိုလုပ်ပြီး အစားထိုးတာခံရမှာလဲ”

ရှန်ကျိက ရှောင်ဝူ၏စကားများကို ကြားသောအခါ မျက်လုံးက​ဖြည်းညှင်းစွာ လှည့်လာပြီး ရှောင်ဝူကိုကြည့်ရင်း သူ့မျက်နှာတွင် မျှော်လင့်ချက်မဲ့သော နာကျင်မှုဖြင့် ပြည့်နေ၏။

ရှောင်ဝူသည် ရှန်ကျိ၏မျက်နှာကြောင့် ထိတ်လန့်သွားရသည်။

“ငါပြောချင်တာက..သူငယ်ချင်း အဆင်…”

ပြေရဲ့လားဆိုသော စကားသည် ကျယ်လောင်သော ခွမ်းဟူသည့် အသံကြားမှာ ပျောက်သွားသည်။

ရှောင်ဝူ အသံလာရာဘက်သို့ မသိစိတ်အရကြည့်လိုက်သော် ဘားကောင်တာနှင့်မဝေးသော စားပွဲတွင် ယောကျာ်းအများအပြားထိုင်နေကြပြီး ဝိုင်ပုလင်းက မြေကြီးပေါ် တစစီကွဲကျနေတာကို တွေ့ရသည်။ ယောကျာ်းအုပ်စုမှတစ်ယောက်က စားပွဲထိုး၏လက်မောင်းကို ဆုပ်ကိုင်ထားပြီး လှောင်ပြောင်ရင်းပြော၏။

“ဟာ ဖန်းလော့ဝေ!”

ရှောင်ဝူလန့်ပြီးအော်လိုက်မိသည်။ ဘားကိုဂရုမစိုက်နိုင်ဘဲ ခုန်ထွက်ကာ ပြေးသွားလိုက်၏။

“ဘာတွေဖြစ်နေတာလဲ”

‌ဘေးဘက်များမှ အကြည့်များအောက်တွင် ဖန်းလော့ဝေရှက်ရှက်ဖြင့် လက်‌မောင်းကိုဆွဲလိုက်သည်။

“ဧည့်သည် ကျေးဇူးပြုပြီးလွှတ်ပါ”

ဖန်းလော့ဝေ၏လက်မောင်းကို ကိုင်ထားသောအမျိုးသားက ငေါ့၏။

“လွှတ်ရမယ်? မင်း ငါ့အစ်ကိုကြီးရဲ့အဝတ်တွေကို ရွှဲသွားအောင် လုပ်တာကကျ ဘာလဲ”

ဖန်းလော့ဝေသည် “အစ်ကိုကြီး” ဟု အမျိုးသားကခေါ်သောသူကို ရွံရှာသောအကြည့်ဖြင့်ကြည့်ကာ ခေါင်းလှည့်ပြီး တီးတိုးပြောသည်။

“ကျွန်တော် တောင်းပန်ပါတယ်.. ဒီည ဧည့်သည်တို့သောက်သမျှကို ကျွန်တော်ရှင်းလိုက်ပါမယ်”

အမျိုးသားက နောက်မဆုတ်ပေ။

“ငါ့ကို ပိုက်ဆံလိုတဲ့လူများထင်နေလား”

ဖန်းလော့ဝေသည် မသက်မသာဖြစ်တာကို တင်းခံပြီး အမျိုးသားကိုကြည့်လိုက်၏။

“ဧည့်သည်က ဘာဖြစ်ချင်တာပါလဲ”

အမျိုးသားက မောက်မာစွာဖြင့်ရယ်သည်။

“ရှင်းပါတယ်.. ငါ့အစ်ကိုကြီးက မင်းကိုသဘောကျတယ်ဆိုတော့ ငါ့အစ်ကိုကြီးနဲ့အတူသောက်ပေးပြီး သူ့အတွက်အချိန်ကောင်းဖြစ်အောင် လုပ်ပေးရင် ငါတို့ဒါကိုမေ့ပေးမယ်”

‌ဖန်းလော့ဝေ မျက်မှောင်ကြုတ်လိုက်၏။

“ဧည့်သည် ဒီနေရာက ဘားပါ.. ကျွန်တော်က စားပွဲထိုးပါ အဖော်ပြုပေးတဲ့သူမဟုတ်ဘူး”

ရှောင်ဝူဒါကိုကြားပြီး နောက်ဆုံးမှာတော့ အခြေအနေကို နားလည်သွားသည်။ ဖန်းလော့ဝေ၏မျက်နှာက ပြဿနာထပ်ရှာတာပဲဟုသူသိလိုက်ပြီး ပြုံးရင်း အမျိုးသားရှေ့မှာရပ်လိုက်၏။

“အစ်ကိုမြင်တဲ့အတိုင်း ကျွန်တော်တို့က ပုံမှန်စီးပွားရေးလုပ်ငန်းပါ.. အဖော်ပြုပေးတာမျိုးတွေ မရှိပါဘူး.. ကျွန်တော် အစ်ကိုတို့နဲ့ နည်းနည်းအတူသောက်ရင်ရော ဘယ်လိုလဲ”

အမျိုးသားက ရှောင်ဝူကိုတွန်းထုတ်သည်။

“မင်းကိုယ်မင်း ဘာထင်နေတာလံ”

ရှောင်ဝူသည် ဖန်းလော့ဝေကို စိုးရိမ်အကြည့်နှင့်ကြည့်ပြီး ရှေ့တိုးရန်လုပ်စဉ် မျှော်လင့်မထားသောပုံရိပ်တစ်ခုက သူ့ဘေးမှဖြတ်သွားပြီး ဖန်းလော့ဝေရှေ့မှာ ပိတ်ရပ်လာသည်။

“သူ့ကိုလွှတ်လိုက်”

ရှန်ကျိက အေးစက်စွာပြောလိုက်သည်။

အမျိုးသားက ရှန်ကျိကို ဘေးချင်းယှဉ်ကြည့်၏။

“မင်းက ဘာကောင်မလို့လဲ”

တစ်နေ့လုံးစုပုံနေသော ရှန်ကျိ၏ဒေါသများက ခုအချိန်တွင်ပွင့်ထွက်သွားပြီ ဖြစ်သည်။ အရက်၏လှုံ့ဆော်မှုကြောင့် ဘာမှစဉ်းစားဖို့ အချိန်မရတော့။ စားပွဲပေါ်က ဝိုင်ပုလင်းကို တန်းကောက်ယူကာ အမျိုးသား၏ခေါင်းကို ရိုက်ချလိုက်တော့သည်။

အရက်နံ့ထွက်နေသော အနီရောင်အရည်များက အမျိုးသား၏ခေါင်းမှစီးဆင်းလာပြီး ဘားတစ်ခုလုံး ရပ်တန့်သည့်ခလုပ်နှိပ်တာခံလိုက်ရသလို ကြောင်အမ်းကုန်သည်။

နောက်အခိုက်အတန့်မှာပင် လူပုံရိပ်တွေ အားလုံးက ပြန်လည်အသက်ဝင်လာကြသည်။ တချို့ကအဝေးကနေ အပျော်ကိုကြည့်ကြကာ တချို့ကတော့ ဘားမှမြန်မြန်ထွက်ခွာကြပြီး အမျိုးသား၏ “ညီအစ်ကို” များက အစကငိုင်နေပြီး ရုတ်တရက်ထရပ်လာကြကာ ရှန်ကျိကိုခုန်အုပ်လာတော့သည်။

ရှောင်ဝူသည် ဘာလို့ကိစ္စတွေ ဒီအခြေအနေထိဖြစ်လာရသည်ကို နားမလည်နိုင်ဘဲ သူ့ရှေ့မှာ ရန်ဖြစ်နေကြသော လူအုပ်ကြီးကိုကြောင်ပြီးကြည့်နေမိ၏။

ရုန်းရင်းဆန်ခတ်များကြားတွင် တစ်စုံတစ်ယောက်က ရှောင်ဝူကိုလက်သီးဖြင့် ထိုးလာသောအခါ သူလည်း ဒေါသတကြီးဖြင့် ရန်ပွဲထဲဝင်ပါတော့သည်။

“သူ့ကိုအသေချ ကောင်လေး”

“ရဲကိုခေါ်.. ရဲကိုခေါ်”

“သတိထားပါဦး ဧည့်သည်”

ပွက်လောရိုက်နေသောအသံများ ထွက်လာကာ ဘားတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်လျှက်။

••••••

လီမင်ရွှမ်းတစ်ယောက် ရှန်ကျိဆီကဖုန်းခေါ်တာကို ကိုင်လိုက်သောအခါ ဘာဖြစ်သလဲနားလည်နိုင်အောင် နှစ်ခါလောက် နားထောင်လိုက်ရသည်။ ရှန်ကျိက တကယ်ပဲ ဘားမှ ဧည့်သည်တချို့နှင့်ရန်ဖြစ်ပြီး ရဲစခန်းကိုခေါ်သွားခံရသည်ပင်။

ဖုန်းချပြီးနောက် လီမင်ရွှမ်းသည် ရဲစခန်းမှအကြီးအကဲနှင့် ဆက်သွယ်နိုင်ရန် ကူညီဖို့တစ်စုံတစ်ယောက်ကို အကူအညီတောင်းရပြီး ဤဖြစ်ရပ်ပေါ်တွင် ရှန်ကျိထွက်ဆိုချက်ပေးပြီးသည်နှင့် လွတ်မည်ဖြစ်ကြောင်း ကြားရသောအခါမှ စိတ်အေးသွားရ၏။

ရဲစခန်းကိုပြေးသွားပြီးနောက် လီမင်ရွှမ်းသည် ပန်းခင်းဘေးတွင်တစ်ယောက်တည်းထိုင်နေသော ရှန်ကျိကိုတွေ့ရသည်။ လက်ရှိအချိန်တွင် ရှန်ကျိသည် ရှန်မိသားစုမှ သခင်လေးနှင့်မတူပေ။ သူ၏အဝတ်အစားများသည် စုတ်ပြဲနေပြီး မျက်နှာတခြမ်းက အညိုမဲစွဲနေသည်။ လီမင်ရွှမ်း ရယ်ချင်ပက်ကျိဖြစ်သွားရရင်း အနားသို့လျှောက်သွား၏။

“မင်းက အသက်သုံးဆယ်ပြည့်တော့မဲ့ အရွယ်ရောက်နေတဲ့လူဖြစ်နေပြီကို ရဲစခန်းကိုပို့တာခံရသေးတယ်”

ရှန်ကျိသည် အရက်နှင့် အကြမ်းဖက်မှု၏ လှုံ့ဆော်ချက်ကြောင့် ထူးထူးဆန်းဆန်းစိတ်လှုပ်ရှားသည့် အခြေအနေမှာရှိနေပြီး ရှောင်ဝူ၏စကားများကြောင့်လည်း သူ့စိတ်ကရှုပ်ထွေးနေရာ လီမင်ရွှမ်း၏မှတ်ချက်ကို မတုံ့ပြန်နိုင်ပေ။

လီမင်ရွှမ်းက ရှန်ကျိကိုအလွတ်မပေးဘဲ ပြုံးပြီးစသည်။

“မင်းက သူရဲကောင်းလို အလှလေးကို ဝင်ကယ်တာလို့ကြားတယ်.. အလှလေးကဘယ်မှာလဲ.. ကြည့်ရအောင်”

ရှန်ကျိသည် ရန်ပွဲတွင် ဝင်ဆွဲခံလိုက်ရသော လူငယ်ကိုတွေးမိသွားသည်။ သူပြုံးရန်ကြိုးစားပေမဲ့ နှုတ်ခမ်းထောင့်မှအနာက နာကျင်လွန်းသောကြောင့် ရဲစခန်းရှိရာဘက်ကိုသာ လက်ဟန်ပြနိုင်သည်။

“သူက အထဲမှာ ထွက်ဆိုချက်ပေးနေတုန်းပဲ”

လီမင်ရွှမ်းက ရှန်ကျိဆီကိုလျှောက်သွားပြီး ညင်သာစွာကန်လိုက်၏။

“သွားရအောင်.. မင်းကိုပြန်ပို့ပေးမယ်”

ရှန်ကျိကခေါင်းရမ်းသည်။

“ဖန်းလော့ဝေကိုစောင့်ဦး”

လီမင်ရွှမ်းက ရှန်ကျိကိုအံ့ဩသလိုကြည့်ပြီး တစ်ခုခုပြောရန်လုပ်စဉ် သူ့နောက်မှာ ညင်သာသောခြေသံများပေါ်လာသည်။

“ရှန်လူကြီးမင်း ကျွန်တော့်ကို ဒီနေ့ကူညီပေးတာ ကျေးဇူးတင်ပါတယ်”

ရှန်ကျိက ပန်းခင်းကိုမှီပြီးထရပ်ရန်ကြိုးစားသည်။ လီမင်ရွှမ်းက သူ့အကြည့်နောက်ကိုလိုက်ကာ သူ့ရှေ့ကလူကိုမြင်သောအခါမှာတော့ ကြောင်အမ်းသွားရသည်။

ဖန်းလော့ဝေသည် အစက ရှန်ကျိနှင့်မျက်နှာချင်းဆိုင်နေပေမဲ့ ရှန်ကျိအနားကလူလှည့်လာတာကို မြင်သောအခါ အလိုလိုပြုံးမိပြီးမှ အံ့ဩသောအကြည့်ဖြစ်ပေါ်လာသည်။

“ဟမ်.. ခင်ဗျားပဲ”

လီမင်ရွှမ်းက ခေါင်းညိတ်၏။ သူလည်း ရှန်ကျိပြောနေသော ဖန်းလော့ဝေသည် ထိုနေ့ကဘားမှ စားပွဲထိုးဖြစ်နေမည်မှန်း မျှော်လင့်မထားမိပေ။ အရက်မူးနေသောရှန်ရှီးကို ဟိုတယ်ပြန်ပို့ပြီးနောက် ထိုကိစ္စကိုစိတ်ထဲမှာမထားပေမဲ့ ကမ္ဘာကြီးကသေးလွန်းပြီး ဖန်းလော့ဝေနှင့် ထပ်တွေ့ရမည်ဟု မထင်ခဲ့ချေ။

လီမင်ရွှမ်းသည် ဖန်းလော့ဝေက ရှန်ရှီးနာမည်ကိုသိမည်မထင်ခဲ့ပေမဲ့ ဖန်းလော့ဝေက အမြန်ပြုံးလာသည်။

“အရင်တခါဧည့်သည်က ရှန်ရှီးလို့ခေါ်တာမလား.. ခင်ဗျား သူ့ကိုပြန်ပို့ပေးတော့ ခင်ဗျားသူငယ်ချင်းတွေက သူဘာဖြစ်တာလဲဆိုပြီး ခန့်မှန်းနေတာကိုကြားတာ”

“ရှန်ရှီး” ဆိုသော စကားလုံးကြောင့် ထိတ်လန့်သွားရသူမှာ လီမင်ရွှမ်းမဟုတ်ဘဲ လီမင်ရွှမ်းကို မယုံနိုင်သလိုကြည့်နေသော ရှန်ကျိဖြစ်၏။

“မင်း ရှန်ရှီးနဲ့ သီးသန့်တွေ့နေတာလား”

လီမင်ရွှမ်းက မျက်မှောင်ကြုတ်ပြီး အကြောင်းအရာတစ်ခုလုံးကိုရှင်းပြရန် ပြင်ပေမဲ့ ရှန်ကျိကအေးစက်စွာရယ်နှင့်ပြီဖြစ်သည်။

“ဒါဆို သတင်းထောက်တွေက ယုတ္ထိမရှိတာပြောနေတာ မဟုတ်ဘူးပဲ.. လီမိသားစုက ငါနဲ့ရှန်ရှီးကို သီးခြားလောင်းကြေးနှစ်ခုထပ်မလို့လား”

ထိုစကားများကြောင့် လီမင်ရွှမ်း၏မျက်နှာ အကျည်းတန်သွားကာ နက်ရှိုင်းသောအသံဖြင့်ပြောလာသည်။

“အားကျိ မင်းဘာတွေပြောနေတာလဲ သိလား”

ရှန်ကျိသည် နောက်သို့ခြေတစ်လှမ်းဆုတ်ပြီး ဆက်ပြီးငေါ့၏။

“ငါသိတာပေါ့.. ဒါကြောင့် မင်းနဲ့ရှန်ရှီး တရုတ်ကိုလေယာဉ်စီးပြီး ပြန်လာတုန်းက နောက်ကွယ်ကဘယ်သူ့လက်ချက်လဲ ရှာမတွေ့နိုင်ခဲ့တာ.. အားလုံးက မတော်တဆတွေလို့ မင်းကပြောရဲတယ်ပေါ့.. မင်းတို့အတူတူပြန်လာတဲ့ သတင်းတွေကြောင့် အဖေ့ကိုဒေါသထွက်ပြီး ဆေးရုံရောက်စေတာကြောင့် သာမဟုတ်ရင် အဲ့မိန်းမနဲ့ဘယ်လိုလုပ်တွေ့နိုင်မှာလဲ”

ရှန်ကျိပိုပြီးပြောလေ သူ၏အသံကကျယ်လောင်လာလေဖြစ်ပြီး အဆုံးမှာတော့ သွေးရူးသွေးတန်းအော်ဟစ်နေတော့သည်။

လီမင်ရွှမ်းသည် ရှန်ကျိ၏ပါးစပ်မှ ထိုသို့ရင်ကွဲစရာစကားများကြားရမည်ဟု ဘယ်တုန်းကမှမမျှော်လင့်ခဲ့ပေ။ သွေးသားတော်စပ်သည့်အပြင် သူသည် ရှန်ကျိနှင့်အတူတူကြီးပြင်းလာပြီး ရှန်ကျိသည် သူ့အတွက် သူငယ်ချင်းကောင်းတင်မကဘဲ ဘဝတစ်သက်လုံးအတွက် ညီအစ်ကိုလည်းဖြစ်၏။

ထိုပြင် သူနှစ်သုံးဆယ်နီးပါးသိကျွမ်းခဲ့သော ညီအစ်ကိုက ဒီနေရာတွင်ရပ်ပြီး သူ့လုပ်ရပ်များကိုမေးခွန်းထုတ်နေသည်။ လီမင်းရွှမ်းသည် ဒေါသဖြင့်ရုပ်ပျက်နေသော ရှန်ကျိ၏မျက်နှာကိုကြည့်ပြီး သက်ပြင်းမောချကာ ရှေ့သို့တိုးလိုက်၏။

“အားကျိ မင်းမူးပြီး ကိုယ်ဘာပြောနေလဲဆိုတာတောင်မသိဘူးတော့ဘူး.. နားရအောင် အိမ်ကိုလိုက်ပို့ပေးမယ်”

ရှန်ကျိက လီမင်ရွှမ်းကိုခေါင်းရမ်းပြကာ လှည့်မကြည့်ဘဲ လမ်း၏ဆန့်ကျင်ဘက်မျက်နှာသို့လျှောက်သွားပြီး ဖြတ်သွားသောတက္ကစီကို အမြန်တားလိုက်လေသည်။

လီမင်ရွှမ်းသည် အဝေးမောင်းသွားသော တက္ကစီကိုကြည့်ရင်း သူ့နှလုံးသားတွင် စိတ်ပျက်မှုများဖြစ်လာရ၏။ လက်ရှိအချိန်တွင် ရှန်ကျိ၏ခံစားချက်များကို သူနားလည်နိုင်ပေမဲ့ အစကတည်းက သူ့အမူအကျင့်ကို သံသယဝင်တာကိုတော့ ခွင့်မလွှတ်နိုင်ပေ။

ရှန်ကျိ၏ လီမင်ရွှမ်း၏အငြင်းပွားမှုက ဖန်းလော့ဝေ၏မျက်စိရှေ့တွင်ဖြစ်ပွားသွားသည်မို့ သူက လီမင်ရွှမ်းကို နေရခက်သလိုကြည့်သည်။ ရှန်ရှီးနှင့် သူတို့နှစ်ယောက်ကြားတွင် ဘာဖြစ်ခဲ့မှန်း သူမသိသော်လည်း သူသာရှန်ရှီးနာမည်ကိုမပြောခဲ့လျှင် ရှန်ကျိက ရုတ်တရက်ပေါက်ကွဲမည်မဟုတ်ပေ။

ရှန်ကျိသည် မူးရင်းပြောနေသည်ကိုသိပေမဲ့ မူးသောစကားများသည်လည်း နာကျင်စေနိုင်ပေသည်။

လီမင်ရွှမ်းလှည့်လိုက်သောအခါ ဖန်းလော့ဝေက ရှေ့တိုးလာပြီး တိုလာသည်။

“တောင်းပန်ပါတယ်.. သူနဲ့ရှန်ရှီး ပြဿနာဖြစ်ထားတာ ကျွန်တော်မသိခဲ့ဘူး”

လီမင်ရွှမ်းက ခေါင်းရမ်းသည်။

“မင်းနဲ့မဆိုင်ပါဘူး.. သူက ဒီအတိုင်း စိတ်အခြေအနေမကောင်းလို့ပါ”

ဖန်းလော့ဝေသည် အားနာနေသေးပေမဲ့ လီမင်ရွှမ်းက စကားလမ်းကြောင်းပြောင်းလိုက်သည်။

“မင်းဘယ်ပြန်မှာလဲ”

“လုပ်စရာရှိလို့ ဘားကိုပြန်သွားမလို့ပါ”

လီမင်ရွှမ်းသည် လူရှင်းနေသောလမ်းကိုကြည့်ပြီး ခဏတွေးလိုက်၏။

“ငါမင်းကိုပြန်ပို့ပေးမယ်.. အခုချိန် တက္ကစီတားဖို့မလွယ်ဘူး”

ဖန်းလော့ဝေငြင်းပယ်ချင်ပေမဲ့ မကြာသေးခင်ကပင် သူအလုပ်ဖြုတ်ခံရကြောင်း ဘော့စ်ဆီကဖုန်းဆက်လာသည်မို့ ဖြစ်နိုင်သလောက်မြန်မြန်ပြန်သွားပြီး လစာကိုရှင်းရမည်ဖြစ်သောကြောင့် ခါးသီးသောအပြုံးဖြင့် သဘောတူရုံသာ ရှိတော့သည်။

လမ်းခရီးတွင် ဘာစကားမှမပြောခဲ့ကြပေ။ ဘား၏အရိပ်ကိုမြင်မြင်ချင်း ဖန်းလော့ဝေ ကားတံခါးကိုမြန်မြန်တွန်းဖွင့်ကာ လီမင်ရွှမ်းကိုကျေးဇူးတင်ကြောင်းပြောပြီး ဘားနောက်ဘက်က တံခါးဆီသို့ပြေးသွားတော့လေသည်။

°°°°°°

ထိုအချိန်တွင် ဖန်းလော့ဝေကို ဘားတွင်ရှာနေသောရှန်ရှီးသည် ဘားရှေ့တွင် စိတ်ပျက်လက်ပျက်ရပ်ရင်း ဖန်းလော့ဝေဘယ်ရောက်သွားလဲ တွေးနေလေ၏။

ထိုနေ့က သူမြင်ခဲ့ရတာ ထင်ယောင်ထင်မှားမဟုတ်ဘဲ ဖန်းလော့ဝေအစစ်ဖြစ်နေမည်ဟု သူမထင်ခဲ့ပေမဲ့ ခြေတစ်လှမ်းနောက်ကျသွားသည်။ ဖန်းလော့ဝေ ရန်ဖြစ်သောကြောင့် မကြာသေးခင်ကပင် အလုပ်ထုတ်ခံလိုက်ရပြီဟု ဘားမှလူတွေပြောတာကို ကြားရသောအခါ ရှန်ရှီးနောင်တဖြင့် သက်ပြင်းသာ ချရတော့သည်။

လီမင်ရွှမ်းသည် ဘားတံခါးတွင်ရပ်နေသော ရှန်ရှီးကိုမြင်လိုက်၏။ ဘားဆိုင်းပုဒ်၏ နွေးထွေးသော အဝါရောင်အလင်းအောက်တွင် ရှန်ရှီးသည် တစ်ယောက်တည်းရပ်နေကာ တွေဝေသောမျက်နှာဖြင့် အဝေးကိုကြည့်နေပြီး တစ်ခုခုကိုတွေးနေပုံရပေသည်။

လီမင်ရွှမ်း၏စိတ်ထဲတွင် ရှန်ရှီးမူးသောအချိန်ကို ပြန်မြင်ယောင်မိသွားရင်း ကားဟွန်းတီးလိုက်သည်။

ရှန်ရှီးက အံ့အားသင့်ပြီးမော့ကြည့်၏။ နှစ်ယောက်သားက ဆယ်မီတာသာ ကွာဝေးသည်။ လီမင်ရွှမ်းက သူ့ကိုကားထဲဝင်ရန် လက်ဟန်ပြလိုက်၏။

ရှန်ရှီး ခဏတာကြောင်သွားပြီးနောက်မှ သူ့နှုတ်ခမ်းထောင့်များက ​ဖြည်းညင်းစွာ အပေါ်ကိုကွေးတက်သွားကာ လီမင်ရွှမ်းကို ပြုံးရုံပြုံးပြလာလေသည်။

နွေးထွေးသောအဝါရောင်မီးရောင်အောက်တွင် ရှန်ရှီး၏အပြုံးသည် ကြည်လင်ပြတ်သားနေပြီး လီမင်ရွှမ်း၏နှုတ်ခမ်းဟာလည်း အလိုလိုအပေါ်သို့ ကွေးတက်သွားလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment