CHAPTER 18: အတူရှိကြခြင်း
“အထဲဝင်ခဲ့”
ရိုးရှင်းသောစကားနှစ်လုံးသည် မိုးရွှာသွန်းမှုကြောင့် စိတ်ပျက်နေသော ရှန်ရှီးအတွက် ကောင်းကင်မှစကားများအလား ထင်ရ၏။
ရှန်ရှီးသည် အလိုလိုထတော့မည်ဖြစ်သော်လည်း ကားမောင်းသူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် တုံ့ဆိုင်းသွားသည်။ သူ့ကိုကားထဲဝင်ရန်ခေါ်သောသူသည် လောင်K မဟုတ်ဘဲ လီမင်ရွှမ်းဖြစ်နေ၏။
ရှန်ရှီးက မလှုပ်ပေ။
လီမင်ရွှမ်းသည် မိုးခြိမ်းသံကကျယ်လွန်းသဖြင့် ရှန်ရှီးက သူ့စကားများကိုမကြားဘူးဟုတွေးကာ နောက်ထပ်အော်သည်။
“အထဲဝင်ခဲ့”
ဤအော်သံနှင့်အတူ လီမင်ရွှမ်းသည် ရှန်ရှီး၏ တုံ့ဆိုင်းမှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ အပြင်ဘက်တွင် မိုးသည်းထန်စွာရွာနေတာကို ကြည့်ကာ လီမင်ရွှမ်းသည် ဘာမှပြန်မပြောဘဲ ကားတံခါးကိုဖွင့်ကာ မိုးရေထဲမှာ ရှန်ရှီးဆီသို့ ပြေးလာသည်။
သူရှန်ရှီးကိုထိလိုက်သောအချိန် သူ့လက်က အေးစက်မှုကိုခံစားလိုက်ရ၏။ အားနည်းနည်းသုံးပြီး လီမင်ရွှမ်းသည် ရှန်ရှီးကိုဆွဲကာ ကားဆီသို့ခြေလှမ်းအနည်းငယ်အတွင်း အမြန်ပြေးလာပြီး ရှန်ရှီးကိုအထဲသို့တွန်းပို့လိုက်သည်။
လီမင်ရွှမ်း၏လှုပ်ရှားမှုများက မြန်ဆန်လွန်းသဖြင့် ရှန်ရှီးမတုံ့ပြန်လိုက်နိုင်ခင်မှာပင် ကားထဲတွင်ထိုင်ပြီးသားဖြစ်နေ၏။ တခဏချင်းမှာပင် လီမင်ရွှမ်းသည် ကားရှေ့ကနေ သပ်သပ်ရပ်ရပ်ဖြတ်သွားပြီး တံခါးဖွင့်ပြီး ရှန်ရှီးအနားမှာ ဝင်ထိုင်လာသည်။
ရှန်ရှီးမျက်မှောင်အနည်းငယ်ကြုတ်သွား၏။ သူကကျေးဇူးတင်ကြောင်းပြောရန်ပြင်စဉ် သန့်ရှင်းသောအနွေးထည်ကို သူ့ဆီလှမ်းပေးလာသည်။
“မင်းအင်္ကျီကိုချွတ်ပြီး ဒါနဲ့လဲဝတ်လိုက်.. အအေးမိအောင်သတိထား”
ဆွဲငင်အားရှိပြီးသြသောအသံတွင် သံသယဝင်စရာမလိုသော စိုးရိမ်ပူပန်မှုကို ကြားလိုက်ရသောအခါ ရှန်ရှီးသည် လီမင်ရွှမ်းကို တုံ့ဆိုင်းမှုနှင့်စိုက်ကြည့်ပြီး သူပြောသည့်အတိုင်း အင်္ကျီကို ယူလိုက်၏။
ထိုအဖြစ်ကိုမြင်ရသောအခါ လီမင်ရွှမ်း တိတ်တဆိတ်သက်ပြင်းသာချနိုင်သည်။
အစက သူနည်းနည်းဒေါသထွက်သွားပြီး ဘာလို့ကားထဲဝင်ဖို့ငြင်းဆန်တာလဲဟု ရှန်ရှီးကိုမေးရန်ပြင်ထားပေမယ့် ရှန်ရှီး၏လက်ရှိအသွင်အပြင်ကို မြင်ရသောအခါ သူ့ဒေါသပျောက်ဆုံးသွား၏။
မိုးရေထဲတွင် အကြာကြီးမိနေခဲ့သောကြောင့်လားမသိ လက်ရှိအချိန်တွင် ရှန်ရှီးသည်သနားစရာကောင်းကာ ခေါင်းမှခြေအထိစိုစွတ်နေပြီး မျက်နှာကလည်း ပုံမှန်ထပ်ပိုပြီးဖျော့တော့နေပေမဲ့ မိုင်ထောင်ပေါင်းများစွာအဝေးကြီးတွင် ရှိနေသလို ငြင်းပယ်လိုသည့်အရှိန်အဝါက သူ့နားတဝိုက်တွင်ရှိနေသေးသည်။
ဘာကြောင့်ရယ်မသိ ရှန်ရှီး၏အသွင်အပြင်သည် လီမင်ရွှမ်းကို သူမမြင်ရတာကြာပြီဖြစ်သော ခွေးပေါက်စကိုအမှတ်ရသွားစေ၏။
လှပသော golden retriever ကောင်လေးဖြစ်ပြီး လီမင်ရွှမ်း မိုးရေထဲမှာမြင်ခဲ့ခြင်းဖြစ်သည်။ ရွာနေသောမိုးရေအောက်တွင် ခွေးပေါက်စလေးသည် တစ်ကိုယ်လုံးစိုစွတ်နေကာ လမ်းဘေးတွင်လှဲပြီးတုန်နေခဲ့၏။
ကားနောက်ဖက်တွင်ထိုင်နေခဲ့သော မင်ဖေးက ထိုခွေးကိုသနားသွားပြီး အိမ်ကိုခေါ်သွားဖို့ ဟန်ပြင်သည်။ သို့သော် မင်ဖေး ဘယ်လောက်ပဲမြှူဆွယ်ပါစေ golden retriever ပေါက်စလေးက အနားကပ်လာဖို့ငြင်းဆန်ပြီး သူတို့ကို သတိရှိစွာနှင့်ကြည့်၏။ တဖြည်းဖြည်းနှင့် မင်ဖေးသည် စိတ်ပျက်အားငယ်စွာဖြင့် လက်လျော့လိုက်ရသည်။
အဝေးကိုမောင်းသွားချိန် လီမင်ရွှမ်း ကားပြတင်းမှအပြင်ကိုကြည့်လိုက်သောအခါ golden retriever လေးသည် ဘောလုံးလိုကွေးနေပြီး သူ့အနားသို့ကပ်ရန်ကြိုးစားသော လူများအားလုံးနှင့် ရှောင်ဖယ်နေသည်ကို မြင်ခဲ့ရ၏။
ခွေးလေးသည် ပိုင်ရှင်၏စွန့်ပစ်ခြင်းကိုခံရသည်မို့ သတိကြီးနေကာ လူတွေနှင့် သီးခြားမှာနေခြင်းဖြစ်ကြောင်း မင်ဖေးက အခိုင်အမာပြောလာသည်။
ဤသို့ဆိုလျှင် ရှန်ရှီးကရော ဘာကိုကြုံတွေ့ခဲ့သောကြောင့် သတိရှိပြီး ဖယ်ကြဉ်နေတတ်တာလဲ။
လီမင်ရွှမ်းတွေးမိသောအခါ သူ့နှလုံးသားပျော့ပြောင်းသွားရသည်။
ပြောရလျှင် လီမင်ရွှမ်းတွင် လက်ရှိရှန်ရှီးနှင့်ပတ်သက်ပြီး ခံစားချက်တွေရောနှောနေသည်။ လွန်ခဲ့သောနှစ် ၂၀ လောက်က ရှန်ရှီးသည် လီမင်ရွှမ်းအတွက် သွေးသားတော်စပ်သော သူစိမ်းသာဖြစ်၏။
ရှန်ကျိကမပြောချင်သောညီ၊ ရှန်ချိန်စကားအရဆို ပြဿနာရှာပြီး ဘော်ကြော့်နေတတ်သူ၊ သူ့အမေ အပြစ်ရှိသလိုခံစားရသောတူဖြစ်ပြီး လီမိသားစုအပါအဝင် ရှန်မိသားစုတစ်ခုလုံး၏ အလိုအလျောက် အပယ်ခံဖြစ်သည်။
သို့ပေမဲ့ သူတရုတ်ကိုပြန်သည့် လေယာဉ်ပေါ်တွင် ရှန်ရှီးနှင့် တွေ့ခဲ့ချိန်မှစ၍ အရာအားလုံးစပြီးပြောင်းလဲလာ၏။
လွန်ခဲ့သောနှစ် ၂၀ ကထက် ဤကာလအတွင်းတွင် နှစ်ယောက်အတူတူ အချိန်ပိုပြီးကုန်ဆုံးခဲ့ဖြစ်သောကြောင့်ဖြစ်မည်။ လီမင်ရွှမ်း၏မျက်လုံးထဲတွင် ရှန်ရှီးသည် နာမည်နှင့် စကားပြောသည့်အကြောင်းအရာတင် မဟုတ်တော့ဘဲ သက်ရှိလူသားဖြစ်လာသည်။
ရှန်ရှီးဟာ ရယ်တတ်သလို၊ စိတ်ဆိုးတတ်သည်၊ သန်မာချင်ယောင်ဆောင်ပြီး ညတွင် နောက်ကျသည်အထိ တစ်ယောက်တည်းမူးနေတတ်၏။
လီမင်ရွှမ်းအဖို့ ရှန်ရှီးနှင့်တွေ့သောအခါတိုင်း သူ့ကိုပိုပြီးသိလာရသည်။ အရင်ကလို ရှန်ရှီးအပေါ်မှာ ဘာမှမထူးခြားသလို နေပြီး ရှန်ရှီး၏ကိစ္စများကို အကြည့်လွှဲမနေနိုင်တော့ပေ။
လီမင်ရွှမ်းသည် တိတ်ဆိတ်စွာနှင့် ခါးသီးစွာပြုံးလိုက်သည်။ ဒါက ရှန်းရှီအပေါ် လူတိုင်းက လျစ်လျူရှုခြင်း၏ ရလာဒ်ဖြစ်နိုင်သည်။ လျစ်လျူရှုမှုကြောင့် ခံစားချက်မရှိဘဲ ရွေးချယ်မှုနှင့်ရင်ဆိုင်ရသောအခါ တုံ့ဆိုင်းမှုမရှိဘဲ ဆုံးဖြတ်ချက်ချနိုင်တာပင်။
လီမင်ရွှမ်း၏အကြည့်သည် ရှန်ရှီးဆီသို့ လှည့်သွား၏။ ထိုအချိန်တွင် ရှန်ရှီးသည် စိုစွတ်နေသောအဝတ်အစားများကို ချွတ်နေသည်မို့ ဖြူဝင်းသောအသားအရေကို ပေါ်လွင်စေသည်။
လီမင်ရွှမ်း၏အကြည့်ကိုသတိထားမိပြီး ရှန်ရှီးက သံသယရှိသလိုလှည့်ကြည့်၏။ ကြင်နာသောအပြုံးကိုပြပြီး လီမင်ရွှမ်း အကြည့်လွှဲလိုက်ကာ တီရှူးကို ရှန်ရှီးဆီပေးလိုက်ပြီး ကားမောင်းရင်းမေးသည်။
“ဟိုတယ်ကိုပြန်ခေါ်သွားရမှာလား”
ရှန်ရှီးက ခေါင်းညိတ်ပြီး လီမင်ရွှမ်း၏အနွေးထည်ကိုဝတ်ကာ ခဏတွေးပြီးနောက် ထပ်ပြော၏။
“ကျေးဇူးပါပဲ ဝမ်းကွဲအစ်ကိုမင်ရွှမ်း”
လီမင်ရွှမ်းကရယ်လိုက်ပြီး စနောက်သလိုမျိုးမေးသည်။
“ခုနက ဘာလို့ကားထဲဝင်ဖို့ငြင်းတာလဲ.. ငါကိုယ်တိုင် မင်းဆီကိုလာပြီးဖိတ်အောင်လို့လား”
ရှန်ရှီးကရှင်းပြ၏။
“လာကြိုဖို့သူငယ်ချင်းရှာတွေ့ထားလို့ ဝမ်းကွဲအစ်ကိုကို အနှောင့်အယှက်မဖြစ်စေချင်ဘူး”
“ဒါဆို မင်းသူငယ်ချင်းကို ဖုန်းဆက်ဦးမလား”
လီမင်ရွှမ်းက သာမန်အတိုင်းမေးလိုက်သည်။
ရှန်ရှီးကခေါင်းရမ်း၏။
“ဖုန်းကရေစိုသွားပြီ။ကျွန်တော် သူ့နံပါတ်ကိုမမှတ်မိဘူး”
လီမင်ရွှမ်းကပြုံးပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
“ရှောင်ရှီး ဒီနေ့ဘာလို့ သုသာန်ကိုလာဖို့တွေးတာလဲ”
မေးခွန်းမေးပြီးနောက် ကားထဲတွင်တိတ်ဆိတ်သွား၏။ ရှန်ရှီးကပြန်မဖြေသဖြင့် လီမင်ရွှမ်းက ရှန်ရှီးကို အံ့ဩပြီးကြည့်လာသည်။ ရှန်ရှီး၏မျက်နှာမှအပြုံးကမူ ပျောက်ကွယ်သွားပြီး မျက်လွှာချလာ၏။
“ဒီနေ့က ကျွန်တော့်အမေရဲ့မွေးနေ့လေ”
လီမင်ရွှမ်း တန့်သွားကာ ရှန်ရှီးကိုအတန်ကြာကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။
“တောင်းပန်ပါတယ်”
လီမင်ရွှမ်း၏မျက်လုံးများက လေးနက်လွန်းသည့်အတွက် ရှန်ရှီးရှောင်လွှဲကာ ဘာမှမဖြစ်သလိုဖြေလိုက်၏။
“ဘာမှမဖြစ်ပါဘူး.. ဝမ်းကွဲအစ်ကိုနဲ့မဆိုင်ဘူးလေ”
ဟုတ်သည်။ မဆိုင်ပေ။ ပြတင်းပေါက်ကနေအပြင်ဘက်ကိုကြည့်နေသော ရှန်ရှီး၏မျက်နှာအမူအရာက ဘာမှမထူးခြားချေ။ သူသည် ကျင့်သားရနေပြီဖြစ်၏။ ရှန်မိသားစု၏လျစ်လျူရှုခြင်းကိုခံရတာ၊ သူ့မိခင်ကိုမှတ်မိသောသူက ကမ္ဘာပေါ်တွင် သူတစ်ယောက်တည်းရှိနေတာ…ဒါတွေကို ကျင့်သားရနေပြီဖြစ်သည်။
ပန်းတွေထားသွားသော အမည်မသိလူကို ထည့်လျှင်ထည့်ရမည်။ အုတ်ဂူရှေ့မှ လီလီပန်းများကိုတွေးရင်း ရှန်ရှီး၏စိတ်အခြေအနေ တိုးတက်လာပေမဲ့ နောက်ထပ်စကားမပြောလိုတော့ပေ။
နောက်တစ်ကြိမ် လီမင်ရွှမ်းတိတ်တဆိတ်သာ သက်ပြင်းချမိတော့သည်။
ပြတင်းပေါက်အပြင်မှမိုးသည် ပို၍ ပို၍သည်းထန်လာပြီး၊ ကောင်းကင်ကလည်းပိုပြီးမှောင်လာကာ တစ်ကမ္ဘာလုံး မိုးထဲမှာမြုပ်နေသလိုထင်ရသည်။
ရှန်ရှီးသည် ကားပေါ်တွင် ငြိမ်သက်စွာ ထိုင်နေ၏။ သူ့စိတ်ထဲတွင်ရှိသော အေးစက်မှုများသည် သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော အေးစက်မှုများနှင့်အတူ အနည်းငယ် လျော့သွားပုံရသည်။
လီမင်ရွှမ်းကမူ စကားထပ်မပြောဘဲ မိုးသည်းထဲတွင် ကားကိုဂရုတစိုက်မောင်းရန်သာ အာရုံစိုက်နေ၏။
ရှန်ရှီး၏ရှုထောင့်မှကြည့်လျှင် လီမင်ရွှမ်း၏ ဘေးတိုက်မျက်နှာသည် အလွန်ချောမောပြီး သူ့မျက်နှာပေါ်ရှိသော အာရုံစူးစိုက်ထားသောအမူအရာဖြင့် အလွန်ဆွဲဆောင်မှုရှိသည်။
ရှန်ရှီး လီမင်ရွှမ်းကို သူ့ဘဝတလျှောက်လုံးသိခဲ့သည်။ သူ့လိုနာမည်ဆိုးနှင့်မတူဘဲ ကျုံးကျင်း၏ အထက်တန်းစားအသိုင်းအဝိုင်းတွင် လီမင်ရွှမ်း၏ ဂုဏ်သတင်းသည် အတော်လေးကောင်းသည်။
သူသည် ဂုဏ်သတင်းကြီးသော ကျောင်းမှဘွဲ့ရကာ မိသားစု၏အမွေဆက်ခံသူဖြစ်ပြီး စွမ်းဆောင်ရည်ရှိကာ အရည်အချင်းရှိသည်။ ပိုအရေးကြီးသည်က ရှန်ရှီးသည် ဤနှစ်များတစ်လျှောက်တွင် လီမင်ရွှမ်းနှင့်ပတ်သက်သည့် အရှုပ်အရှင်းတစ်စုံတစ်ရာကို ဘယ်သောအခါကမှ မကြားခဲ့ဖူးပေ။
ထိုကဲ့သို့ သန့်စင်ပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းတတ်သော ယောက်ျားဟာ လူအများ၏အမြင်တွင် စံပြသမက်ဖြစ်နေသည်က သဘာဝပင်ဖြစ်ကာ ရှန်ကျိလည်းထိုနည်းတူဖြစ်သည်။
နှစ်ယောက်စလုံးကို သူတို့အသိုင်းအဝိုင်းတွင် ရွှေလူပျိုများဟု အမြဲအသိအမှတ်ပြုကြ၏။
ဤအကြောင်းကိုတွေးမိရင်း ရှန်ရှီး ရုတ်တရက် လီမင်ရွှမ်းကို ထူးဆန်းစွာကြည့်လိုက်သည်။ လီမင်ရွမ်းနှင့် ရှန်ကျိတကယ်ပဲဆင်တူလွန်း၏။
မဟုတ်မှ သူတို့နှစ်ယောက် တကယ်ပဲ ခိုးတွဲနေတာများလား …..။
ရှန်ရှီး၏အကြည့်သည်ထူးဆန်းလွန်းသဖြင့် လီမင်ရွှမ်း အကြမ်းဖျင်းသတိထားလိုက်မိသည်။
“ဘာဖြစ်လို့လဲ”
ရှန်ရှီးကခေါင်းရမ်း၏။
“ဟိုတယ်ကို ဘယ်အချိန်ပြန်ရောက်မလဲ တွေးနေတာ”
လီမင်ရွှမ်းက GPS ကို ကြည့်ကာ ပြေရာပြေကြောင်းပြောသည်။
“မကြာခင်ရောက်တော့မယ်”
ရှန်ရှီးသည် အဝေးကိုကြည့်ကာ သူ၏အရင်ကသံသယများ ပြန်လည်ဖြစ်ပေါ်လာ၏။ လီမင်ရွှမ်း၏ သူ့အပေါ်ထားသောစိုးရိမ်မှုသည် အတုမဟုတ်လျှင် သူသည် ဘာကိုရည်ရွယ်နေသည်များလဲ။
ရှန်ရှီးတစ်ယောက် သူ၏အတွေးထဲတွင် နစ်မြုပ်နေသဖြင့် ဟိုတယ်က သူ့ရှေ့ပေါ်လာသော အခိုက်အတန့်ကိုလွတ်သွားသည်။
လုံးဝမစဲသည့်မိုးကိုကြည့်ကာ ရှန်ရှီး ခက်ခဲမည့်လမ်းအခြေအနေကိုတွေးမိပြီး လီမင်ရွှမ်းကို သူ့ဘက်ကစ၍ဖိတ်လိုက်သည်။
“ဝမ်းကွဲအစ်ကိုမင်ရွှမ်း အပေါ်ကိုထပ်ပြီး ထိုင်ပါလား”
ပြောရင်း ရှန်ရှီး၏အကြည့်က တစ်ဝက်စိုစွတ်နေပြီဖြစ်သော လီမင်ရွှမ်း၏အဝတ်များဆီရောက်သွားသည်။
လီမင်ရွှမ်းသည် ရှန်ရှီး၏ဖိတ်ခေါ်မှုကြောင့် အံ့အားသင့်သွားပြီး တုံ့ဆိုင်းမှုမရှိဘဲခေါင်းညိတ်၏။
လီမင်ရွှမ်း၏အနွေးထည်ကိုဝတ်ထားရင်း အခန်းကိုပြန်ရောက်တော့ ရှန်ရှီးသည် သူသိပ်မဝတ်ရသေးသော အဝတ်အစားအသစ်တချို့ကို လီမင်ရွှမ်းကိုပေးလိုက်ကာ အရင်ရေချိုးရန်လက်ဟန်ပြသည်။ သူတို့နှစ်ယောက်ကြားတွင် အရပ်ကွာခြားမှုက သိပ်မရှိပေမဲ့ ရှန်ရှီးကပိုပြီးပိန်၏။ အဝတ်အစားတွေသည် လီမင်ရွှမ်းအတွက် ပိုကျပ်နိုင်ပေမဲ့ စိုစွတ်သောအဝတ်တွေထက်တော့ ပိုပြီးသက်တောင့်သက်သာရှိပေသည်။
လီမင်ရွှမ်းက အဝတ်အစားတွေကိုမယူပေ။
“ရှောင်ရှီး အရင်ရေချိုးလိုက်”
လီမင်ရွှမ်းသည် သူ့ကိုယ်သူထက် ရှန်ရှီးကိုပိုပြီးစိုးရိမ်နေ၏။ သည်းထန်သောမိုးထဲတွင် နေတာကြာပြီးနောက် ရှန်ရှီးမျက်နှာသည် အရောင်ပင်ပြန်မပေါ်တော့ချေ။
ဤသို့ထပ်ပြီးစိုးရိမ်မှုကိုပြလာသောအခါ ရှန်ရှီး၏စိတ်ထဲတွင် တင်းခံပေမဲ့ သူ၏စိုစွတ်နေသောဘောင်းဘီများကို ကြည့်ပြီးနောက်မှာတော့ ခေါင်းညိတ်လိုက်ကာ ထပ်ပြီးတွန်းအားမပေးတော့ပေ။
မကြာမီ ရေချိုးခန်းထဲမှ ရေကျသံထွက်လာပြီး လီမင်ရွှမ်း ဧည့်ခန်းထဲမှာ လှည့်ပတ်ကြည့်နေလိုက်သည်။ အရင်တခါ အရက်မူးနေသောရှန်ရှီးကို သူပြန်ပို့တုန်းက အခန်းအခြေအနေကို သေချာအာရုံမစိုက်မိချေ။ ဤအခါ ကြည့်မိမှသာ လီမင်ရွှမ်း ထူးခြားမှုကို သတိထားမိသည်။
အခန်းတစ်ခုလုံးက အံ့ဩစရာကောင်းအောင် သန်ရှင်းသပ်ရပ်နေသည်ပင်။ ရှန်ရှီး၏ကိုယ်ပိုင်ပစ္စည်းများအားလုံးက ရှုပ်ပွနေခြင်းမရှိပဲ သပ်ရပ်စွာစီစဉ်ထား၏။
ပုံမှန်ဆို ဟိုတယ်သန့်ရှင်းရေးတွေက ဧည့်သည်တွေ၏ ကိုယ်ပိုင်ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်နေစဥ် မထိရသည်ဖြစ်ရာ
မဟုတ်မှ ဒါတွေကို ရှန်းရှီး ကိုယ်တိုင် လုပ်ထားတာလား။
လီမင်ရွှမ်း၏အံ့အားသင့်မှုသည် ခဏသာကြာပြီး သူ၏အာရုံသည် စားပွဲပေါ်တွင်ရှိသောဓာတ်ပုံဆီ အမြန်ရောက်သွားသည်။ ဓာတ်ပုံသည် ရှန်ရှီးကလေးဘဝတုန်းကရိုက်ထားပုံရပြီး ရှန်ရှီး၏အဘိုး၊ အမေနှင့် ဦးလေးပါရှိ၏။ ထိုအချိန်က ရှန်ရှီးသည် တစ်နှစ်ပင်မပြည့်သေးပုံရကာ ဘာမှမသိဘဲ ကင်မရာကိုပျော်ရွှင်စွာပြုံးပြနေသည်။
လီမင်ရွှမ်းထပ်ပြီးတိတ်ဆိတ်သွားကာ နေ့တိုင်း ဒီပုံကိုကြည့်ရင်း ရှန်ရှီးဘယ်လိုခံစားရမလဲ ဆိုတာ စိတ်ပင်မကူးရဲတော့။
ထိုအချိန်တွင် အခန်းထဲမှ ဖုန်းမြည်လာ၏။
“ရှောင်ရှီးရှီး ဟိုတယ်ပြန်ရောက်ပြီလား.. မင်းကတကယ်ဆိုးတယ်.. ငါကစိုးရိမ်လို့သေတော့မယ်”
လီမင်ရွမ်းဖုန်းကိုင်ပြီး ဘာမှမပြောနိုင်ခင်မှာ တစ်ဖက်ကစကားအနည်းငယ်ပြောနေပြီဖြစ်သည်။ လီမင်ရွှမ်းကို ပိုပြီးဇဝေဇဝါဖြစ်စေသည်က တစ်ဖက်မှအသံသည် ယောကျာ်းအသံဖြစ်ပေမဲ့ တစ်ဖက်သားသည် ဟန်ဆောင်သည့်ပုံစံဖြင့် သူ့လည်ချောင်းကို ညှစ်ပြီးပြောနေပုံရတာကိုပင်။
လီမင်ရွှမ်း၏မျက်နှာ နက်မှောင်သွားရသည်။
ဒီလူက ရှန်ရှီးကိုကြိုမဲ့သူငယ်ချင်းလား?
ရှန်ရှီးက ဘယ်လိုလူမျိုးတွေနဲ့ ပတ်သက်နေတာများလဲ …။
တစ်ဖက်လူ၏အသံကြောင့် သက်တောင့်သက်သာမရှိတာကို သည်းခံရင်း လီမင်ရွှမ်းပြောလိုက်သည်။
“ငါက ရှန်ရှီးရဲ့ဝမ်းကွဲအစ်ကိုပါ.. ရှန်ရှီးကရေချိုးနေတယ်.. မင်းကဘယ်သူလဲ”
“ဝမ်းကွဲအစ်ကို? မင်းက လီမင်ရွှမ်းလား ! ”
တစ်ဖက်လူ၏အသံသည် ရုတ်တရက်ပိုကျယ်လာပြီး သူကမေးခွန်းမေးလာ၏။
“ နေပါဦး…ဘာပြောလိုက်တယ်… ရှန်ရှီးကရေချိုးနေတယ်! ”
လုံးဝမယုံကြည်နိုင်သောလေသံဖြစ်သည်။
လီမင်ရွှမ်းသည် တစ်ဖက်လူ၏အပြုအမူကြောင့် အံ့အားသင့်သွားပေမဲ့ “အင်း” ဟုသာပြောလိုက်၏။
ဖုန်း၏တစ်ဖက်တွင် တိတ်ဆိတ်နေပြီး ခဏအကြာတွင် အားပျော့သော အမျိုးသားတစ်ဦး၏ အသံက ပြောလာသည်။
“ရှောင်ရှီးကို ဝမ်းရှင်းဟိုင်က သူ့ကိုရှာနေတယ်လို့ပြောပေးပါ.. သူအိမ်ပြန်ရောက်လို့ စိတ်အေးသွားပြီ”
ဖုန်းကအမြန်ချသွားပြီး လီမင်ရွှမ်းမျက်နှာတွင်မူ တွေးနေသောအမူအရာဖြစ်လာရသည်။
“ဘယ်သူကခေါ်တာလဲ”
နောက်ဘက်မှ ရှန်ရှီး၏အသံထွက်ပေါ်လာသည်။
လီမင်ရွှမ်းခေါင်းလှည့်ပြီး ကြည့်လိုက်သောအခါ ရှန်ရှီးသည် အဝတ်အစားအပြည့်ဝတ်ထားပြီး တံခါးတွင်ရပ်နေသည်ကိုတွေ့ရ၏။
ခုနကဖုန်းထဲမှ အမျိုးသား၏လေသံကိုတွေးမိပြီး လီမင်ရွှမ်းပေါ့ပေါ့ပါးပါးရယ်လိုက်သည်။
“သူ့ကိုယ်သူ ဝမ်းရှင်းဟိုင်လို့ခေါ်တဲ့လူက မင်းကိုရှာနေတယ်”
“ဝမ်းရှင်းဟိုင်?”
ရှန်ရှီး၏မျက်လုံးတွင် သံသယဖြစ်လာပြီးနောက်မှ သတိရလိုက်သည်က ဝမ်းရှင်းဟိုင်က လောင်K ၏နာမည်မဟုတ်လား?
အရင်က သူတောင် ထိုနာမည်ကိုကြားတော့ လောင်K ကိုနောက်ခဲ့သေး၏။ မုတ်ဆိတ်မွေးထူလဗျစ်နှင့် ဗလကြီးကြီးလူကြီးက ဤကဲ့သို့ကဗျာဆန်သောနာမည်ရှိနေလိုက်သေးသည်ဟု။
သာမန်အတိုင်းခေါင်းညိတ်ကာ ရှန်ရှီးရေချိုးခန်းဘက်ကို လက်ပြလိုက်သည်။
လီမင်ရွှမ်းဝင်သွားပြီးနောက် ရှန်ရှီးအဝင်ကောလ်မှ နံပါတ်ကိုပြန်ခေါ်လိုက်သည်။
“ဟယ်လို ကျွန်တော်ပါ”
“လှုံ့ဆော်မှုက ကြီးလွန်းနေတယ်.. ငါအားနည်းနေပြီ.. ကျေးဇူးပြုပြီးမနှောင့်ယှက်စမ်းနဲ့”
“တော်စမ်းပါ”
ရှန်ရှီးက ပက်ခနဲ ပြန်ပြောလိုက်သည်။
လောင်K ကချက်ချင်းအသက်ပြန်ဝင်လာ၏။
“ဘာတွေဖြစ်နေတာလဲ.. ဘာလို့လီမင်ရွှမ်းက မင်းနဲ့အတူရှိနေပြီး မင်းကရေချိုးနေတာလဲ”
ရှန်ရှီးက အေးစက်စွာနှင့်ငေါ့လိုက်သည်။
“ခင်ဗျားကိုက သုသာန်ကိုရောက်လာဖို့ နှေးလွန်းလို့မဟုတ်ဘူးလား.. တိုက်တိုက်ဆိုင်ဆိုင် သူနဲ့တွေ့ပြီး အရင်ပြန်လာခဲ့တာ.. ခင်ဗျားရော ရေစိုပြီးရင် ရေမချိုးဘူးလား”
ရှန်ရှီး၏အဖြေနှင့် လောင်K ၏မျှော်လင့်ချက်ကြားက ကွာဟမှုသည် ကြီးလွန်းသဖြင့် လောင်K တစ်ယောက် ချက်ချင်းပင် စိတ်ဝင်စားမှုအကုန်ပျောက်ဆုံးကာ ဖုန်းထဲတွင် ပျင်းရိစွာညည်းတော့၏။
“ခင်ဗျားအခုဘယ်မှာလဲ”
ရှန်ရှီးကြင်နာစွာဖြင့်မေးလိုက်သည်။
“ဘယ်မှာထင်လဲ.. မင်းကိုကြိုဖို့လုပ်ရင်း မိုးရေထဲမှာ သုသာန်မှာပိတ်မိနေတယ်.. ဒီလိုရာသီဥတုကြီးမှာ ငါကားမမောင်းရဲဘူး”
လောင်K ကချက်ချင်း မကျေနပ်မှုကိုပြော၏။ ရှန်ရှီးရယ်လိုက်ကာ လေးလေးနက်နက်အကြံပေးလိုက်သည်။
“မိုးရေထဲမှာ သုသာန်ကထူးခြားတယ်လေ.. ခင်ဗျားအချိန်ယူပြီး ရှုခင်းကိုခံစားပေါ့”
“ရှောင်ရှီးရှီး မင်းကနှလုံးသားမဲ့တယ်”
ရှန်ရှီးမနေနိုင်ဘဲ အသံထွက်ရယ်လိုက်တော့သည်။
နှစ်ယောက်သားစကားပြောနေရင်း ရှန်ရှီးဘက်က ကြိမ်ပေါင်းများစွာ ဖုန်းချရန်ကြိုးစားပေမဲ့ လောင်K ၏ငိုကြွေးသံနှင့် ပြဿနာရှာသံကတားဆီးနေသည်။ သူ့ကိုကြိုရန်သွားသောကြောင့် လောင်K သုသာန်မှာပိတ်မိနေရခြင်းကိုတွေးမိပြီးနောက် ရှန်ရှီးသည် သူ့ကိုရှားရှားပါး ပါးစိတ်ကြိုက်လုပ်ခွင့်ပေးလိုက်လေသည်။
လီမင်ရွှမ်းရေချိုးပြီးထွက်လာသောအခါ ရှန်ရှီးက ဖုန်းကိုလက်ထဲမှာကိုင်ထားပြီး ပြုံးနေသည်ကို မြင်လိုက်ရသည်။
ရှန်ရှီးက သူ့ကိုပြုံးပြနေခြင်းမဟုတ်သော်လည်း ရှန်ရှီး၏မျက်နှာမှ စိတ်ရင်းနှင့်ပျော်ရွှင်မှုသည် ကူးစက်တတ်ပုံရ၏။ ရှန်ရှီး၏ကွေးနေသော မျက်လုံးများကိုကြည့်ရင်း လီမင်ရွှမ်းပထမဆုံးအကြိမ်အဖြစ် မှင်သက်သွားရလေသည်။