Ch 14 : ပွဲကြည့်ခြင်း
ရှန်သယ်ဟန့် ဆေးရုံတက်သည်မှာ အချိန်အတော်ကြာပြီး ဆရာဝန်၏စကားရဆို ကျန်းမာရေးနှင့်ပတ်သက်ပြီး ပြင်းထန်သောပြဿနာ မရှိတော့သည့်အတွက် ဆေးရုံဆက်တက်စရာမလိုဘဲ အချိန်မရွေးဆင်းလို့ရပြီ ဖြစ်သည်။ ယနေ့ ရှန်ကျိလာခြင်းဟာ ဆေးရုံဆင်းရန်ကိစ္စကို ရှန်သယ်ဟန့်နှင့်ဆွေးနွေးရန်ပင်။
ရှန်ကျိက ဆေးရုံဆင်းရန်အကြောင်း ပြောလိုက်သောအခါ ဖခင်ဖြစ်သူ၏ တခဏတာ မသက်မသာဖြစ်သွားသည့် အခြေအနေကို ရှန်ရှီးက အေးစက်စွာ စောင့်ကြည့်နေရင်း ဖခင်ဖြစ်သူက ဆေးရုံတွင် ဆက်နေလိုသေးကြောင်း သူ့စိတ်ထဲတွင် နားလည်လိုက်လေသည်။
ထင်သည့်အတိုင်း ရှန်သယ်ဟန့်က လတ်တလောတွင် ဆေးရုံမှမဆင်းလိုကြောင်းပြောလာရာ ရှန်ကျိ အတော်လေးအံ့ဩသွားတော့သည်။
“အဖေ့ခန္ဓာကိုယ်က အခုပြန်ကောင်းဖို့လိုနေတယ်.. အိမ်ကပတ်ဝန်းကျင်က ဆေးရုံထက်ပိုကောင်းပြီးတော့ ရှန်ချိန်နဲ့ ကျွန်တော့်အတွက်လည်း အဖေ့ကိုဂရုစိုက်ဖို့ ပိုအဆင်ပြေတယ်လေ”
ရှန်ကျိ၏ စကားများက မှန်နေသော်လည်း ရှန်သယ့်ဟန်က အိမ်သို့ပြန်ရန် ငြင်းဆန်နေဆဲပင်။ ရှန်ကျိ၏စိတ်ထဲတွင် သံသယများရှိနေပေမဲ့ သူ့အဖေ၏ဆန္ဒကို မလွန်ဆန်ချင်တာကြောင့် ရှန်သယ်ဟန့် ဆေးရုံမှာနေဖို့ သဘောတူလိုက်ရတော့သည်။
ရှန်ရှီးက အစမှအဆုံးထိ ပါးစပ်မဟခဲ့ပေ။ ရှန်ကျိ၏မျက်နှာမှ စစ်မှန်သောစိုးရိမ်မှုကိုကြည့်ရင်း သူ့စိတ်ထဲကနေ အေးစက်စွာပြုံးလိုက်သည်။
ဖခင်ဖြစ်သူ ဆေးရုံကမဆင်းချင်သောအကြောင်းရင်းက သူ့မိခင်နှင့်တူသော တခြားမိန်းမကြောင့်ဆိုတာကိုသာ ရှန်ကျိသိလျှင် ဘယ်လိုခံစားရမလဲ သူသိချင်မိသားပင်။
ရှန်ရှီး သူ့ဖခင်ကိုကြည့်ဖို့ ပျင်းရိနေပြီဖြစ်သည်။ ယနေ့ ရှန်သယ်ဟန့်ရှေ့ လူလုံးပြပြီးဖြစ်သလို အပြင်က သတင်းထောက်တွေလည်း သူ့ဓာတ်ပုံတွေရိုက်ထားပြီးပြီမို့ ဆက်မနေလိုတော့ချေ။သူ ရှန်သယ်ဟန့်ကို စကားအနည်းငယ်ပြောပြီးနောက် လူနာခန်းမှထွက်ခဲ့တော့သည်။
ဓာတ်လှေကားခလုတ်ကို နှိပ်ပြီးနောက် ဓာတ်လှေကားကို စောင့်နေစဉ် ရှန်းရှီ၏စိတ်ထဲတွင် မနေ့ညက ဝေဝါးစွာ မြင်ခဲ့ရသော ဖန်းလော့ဝေကို ရုတ်တရက် ပြန်လည်မြင်ယောင်လာသည်။ သူပဲထင်ယောင်ထင်မှားဖြစ်တာလား။ ဖန်းလော့ဝေက ကျုံးကျင်းမှာကြိုပြီးရောက်နေသလား သူမသိတော့။ ထိုနေရာကို ထပ်သွားသင့်သည်တော့ ထင်မိပေသည်။
ဓာတ်လှေကားတံခါးပွင့်လာသောအခါ ရှန်ရှီး သတိမထားမိဘဲ ကြည့်လိုက်တော့ အထဲမှလူ၏မျက်လုံးတွေနှင့်ဆုံသည်။
ရှန်ရှီးခဏတာ အံ့အားသင့်သွားပြီးနောက် နှစ်လိုဖွယ်အပြုံးက မျက်နှာတွင်ဖြစ်ပေါ်လာ၏။
“ဝမ်းကွဲအစ်ကိုမင်ရွှမ်း”
လီမင်ရွှမ်းသည် ထိုအချိန်မျိုးမှာ ရှန်ရှီးကို ဆေးရုံတွင်တွေ့ရဖို့မျှော်လင့်မထားပေ။ ဓာတ်လှေကားရှေ့တွင်ရပ်နေပြီး လန်းဆန်းနေပုံရသော ရှန်ရှီးကိုမြင်တော့ ဘာကြောင့်ရယ်မသိ အရင်နေ့ညက အရက်မူးနေသော ရှန်ရှီး၏အခြေအနေကို ပြန်မြင်ယောင်မိသည်။
ရှန်ရှီး၏အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် အရင်ညကဖြစ်ခဲ့တာကို မှတ်မိပုံမရသလို လီမင်ရွှမ်းကလည်း မပြောချင်ပေ။
“ပြန်တော့မလို့လား”
ရှန်ရှီးခေါင်းညိတ်လိုက်၏။ လီမင်ရွှမ်းက ရှေ့တိုးပြီး ဓာတ်လှေကားမှထွက်လာလိုက်သည်။ သူ့ဘေးမှဖြတ်သွားစဉ် အလွန်တိုးသောအသံဖြင့် တီးတိုးပြောသွား၏။
“နောက်ကျရင် လျော့ပြီးသောက်”
ရှန်ရှီးသည် လီမင်ရွှမ်း၏ကျောပြင်ကို အထိတ်အလန့်ကြည့်ပြီး သူ့ကိုယ်သူနမ်းကြည့်လိုက်သည်။ အရက်နံ့မရပေ။ ဘယ်အရာကများ လီမင်ရွှမ်းကို ဒီလိုပြောစေပါသလဲလေ။
ရှန်ရှီးနားမလည်နိုင်ပေမဲ့ တွေးမကြည့်တော့ဘဲ လောင်K ဆီကိုသာ တန်းသွာားလိုက်သည်။ ကျုံးကျင်းတွင်ရှိသော သူ၏တစ်ဦးတည်းသော သူငယ်ချင်းဟာ လောင်K သာဖြစ်သည်။
°°°°°°***
ရက်အနည်းငယ်ကြာသွားပြီးဖြစ်ကာ ရှန်ရှီးဟာ ဆေးရုံကိုနေ့တိုင်းလာနေဆဲဖြစ်သည်။သိူ့ငြား ဤနေ့တွင်တော့ ပုံမှန်ထက် တမင်နောက်ကျပြီးမှရောက်လာ၏။ သူ့ဖခင်က မနေ့က ချူချန်ချန်၏ နောက်ကြောင်းအချက်အလက်များကို ရပြီး ဒီနေ့မှာပဲ ချူချန်ချန်ကို ထိပ်ဆုံးထပ်လူနာခန်းသို့ သီးသန့်စောင့်ရှောက်ရန် ပြောင်းရွှေ့လိုက်ကြောင်း သတင်းရရှိခဲ့ပေသည်။
သူရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးထားသော နောက်ကြောင်းအချက်အလက်များကို တွေးမိသောအခါ ရှန်ရှီး၏နှုတ်ခမ်းထောင့်များ ဖြည်းဖြည်းချင်းကွေးတက်လာသည်။
တချိန်တည်းမှာပင် ရှန်သယ်ဟန့်ကလည်း သူ့မနေ့ကရရှိခဲ့သော နောက်ခံအချက်အလက်များအကြောင်းကို တွေးနေ၏။
ချူချန်ချန်၏ မွေးဖွားမှုကနေ သူမ၏ ကြီးပြင်းလာမှုအထိ၊ မိသားစုဆင်းရဲသောကြောင့် တက္ကသိုလ်တက်ရန် စွန့်လွှတ်ကာ စောစီးစွာ အလုပ်လုပ်ခဲ့ရခြင်းကနေ ညကျောင်းတွင် ကြိုးကြိုးစားစား သင်ယူရင်း တက္ကသလိုလ်တက်ရန် မျှော်လင့်ချက်ကို လက်မလွှတ်ဘဲ ကြိုးစားခဲ့ခြင်းအထိ၊ ဤအတွေ့အကြုံမြင်ကွင်းများက သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါဖြစ်ပေါ်လာကာ သူတန်ဖိုးထားရသော မှတ်ဉာဏ်များနှင့် ထပ်ကုန်သည်။ သူအလွန်ချစ်ရသောအမျိုးသမီး ဖန်းယွင်ကို ထပ်မြင်ရသလိုပါပင်။
ဖန်းယွင်လည်း ထိုအတိုင်းတွေ့ကြုံခဲ့ရမှန်း သူမှတ်မိသည်။ ကောင်းမွန်သောစရိုက်နှင့် သင်ယူနိုင်သည့်စွမ်းရည်ရှိပေမဲ့ မိဘများကဆင်းရဲသောကြောင့် တက္ကသိုလ်ကို စွန့်လွတ်ပြီး စောစောအလုပ်လုပ်ခဲ့ရပေမဲ့ သူမသည်လည်း လက်လျော့ရန်ငြင်းခဲ့သည်ပင်။
ထိုအချိန်တွင် ရှန်သယ်ဟန့်သည် နိုင်ငံခြားမှ ပြန်လာကာစဖြစ်သည်။ ဖန်းယွင်ကိုအမှတ်မထင်တွေ့ပြီး ချက်ချင်းပင် စွဲမက်သွားခဲ့၏။ သူသည် ကျုံးကျင်းရှိ ရှန်မိသားစု၌မွေးဖွားခဲ့ပြီး လှပသော၊ ဟန်ဆောင်တတ်သော၊ ရမ်းကားပြီး မောက်မာသော မိန်းမတွေအမျိုးမျိူးကို တွေ့ဖူးပေမဲ့ ဖန်းယွင်လိုမိန်းမမျိုးကိုတော့ ဘယ်တုန်းကမှမမြင်ဖူးခဲ့ပေ။
သူမသည် အပြင်ဘက်မှာ ပျော့ပြီး အားနည်းပုံရပေမဲ့ အတွင်းမှာတော့ သံချောင်းတွေလိုမာကြောသည်။ သူမ၏အတိတ်က ဆင်းရဲဒုက္ခများကိုပေးခဲ့သော်လည်း ဘယ်တော့မှမညည်းညူပဲ အမြဲတမ်းအပြုံးနှင့် ရင်ဆိုင်ခဲ့၏။
ရှန်သယ်ဟန့်သည် သူ့ဘဝဟာလည်း သူ့ဖခင်နှင့် အတူတူပင် ဖြစ်လိမ့်မည်ဟု အစက ထင်ခဲ့သည်။ အသက်အရွယ်တစ်ခုရောက်လျှင် အဆင့်အတန်းတူသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ပြီး သားသမီးယူကာ ပျင်းရိဖွယ်ဘဝကို နေထိုင်ရလိမ့်မည်ဟု ထင်ခဲ့၏။ သို့ငြား ဘုရားသခင်က သူ့ကို ဖန်းယွင်နှင့်တွေ့စေပြီး သူအရင်ကစိတ်ကူးဖူးသော ဘဝမျိုးနှင့် မနေနိုင်ကြောင်း နားလည်သွားစေသည်။
သူသည် ဖန်းယွင်နှင့်အတူတူရှိချင်ပြီး ဖန်းယွင်တစ်ယောက်တည်းနှင့်သာလျှင် ရှိချင်ပေသည်။
မကြာမီပင် သူနှင့်ဖန်းယွင်အကြောင်းကို သူ့မိသားစုကသိသွားပြီး မျှော်လင့်မထားဘဲ မိဘတွေဆီမှဆန့်ကျင်တာကိုကြုံရ၏။ ဖြေရှင်းဖို့အချိန်ပေးရန် သူ ဖန်းယွင်ကိုတောင်းပန်ခဲ့ပေမဲ့ ထိုအချိန်က ကိုယ်ဝန်ရှိနေသောဖန်းယွင်က ငိုပြီး သူနှင့်သူ့မိဘဆက်ဆံရေးကို မဖျက်ဆီးချင်ဟုဆိုကာ ကလေးကိုတစ်ယောက်တည်းပျိုးထောင်ရန် သူ့ကိုထားခဲ့မည်ဟုပြောလာသည်။
ထိုအခါက ဖန်းယွင်ငိုသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ပြီး သူမနှင့်အတူရှိနိုင်ဖို့ သူပိုပြီးဆုံးဖြတ်ချက်ခိုင်မာလာရ၏။ အဆုံးမှာတော့ သူ့ဖခင်သည် သူ့ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ဘဲ ဖန်းယွင်နှင့်လက်ထပ်ရန် ခွင့်ပြုခဲ့လေသည်။
နောက်ပိုင်းရက်များဟာ သူ့ဘဝတွင်အပျော်ဆုံးရက်များ ဖြစ်ခဲ့၏။ မိသားစုလေးယောက် အတူတူရှိခဲ့ပြီး ထာဝရဤသို့နေနိုင်မည်ဟုထင်ခဲ့ပေမဲ့ ဘယ်တော့မှမတွေးမိခဲ့တာက…. …။
ရှန်သယ်ဟန့်ဆက်ပြီး မတွေးလိုတော့ချေ။ ဖန်းယွင်သေခဲ့သောကာလသည် သူ့အတွက် သေခြင်းထက်ဆိုးဝါး၏။ ရှန်ကျိနှင့် ရှန်ချိန်ကြောင့်သာမဟုတ်လျှင် သူဆက်ပြီး နေနိုင်ခဲ့မည်မထင်ပေ။
ရှန်သယ်ဟန့် မျက်စိကိုမှိတ်ပြီး ကျယ်လောင်စွာသက်ပြင်းချလိုက်သည်။ မျက်စိတမှိတ်အတွင်းမှာပင် ဖန်းယွင် သူ့ကိုထားသွားတာ နှစ်နှစ်ဆယ်ကျော်သွားပြီဖြစ်သည်။
ဤနှစ်တွေမှာ ကျိုးမင်မေ့တွင် ဖန်းယွင်၏အရိပ်အယောင်ကို ရှာဖွေခဲ့သော်လည်း ခံစားချက်ကိုရှာလို့မရခဲ့ချေ။ ထင်မှတ်မထားစွာဖြင့် ဘုရားသခင်ဟာ ချူချန်ချန်ကို သူ့အနားပို့ပေးခဲ့ပေသည်။
သူပထမဆုံးအကြိမ် ချူချန်ချန်ကိုမြင်သောအခါ ဖန်းယွင်ကိုမြင်လိုက်ရသည်ဟု ထင်ခဲ့မိသည်။ သူမသည် ဆင်တူလွန်းပြီး နှစ်ယောက်သားအလွန်တူလွန်း၏။ သူမ၏အချက်အလက်များကိုတွေ့ရသောအခါ သူမဟာ ဖန်းယွင်ဖြစ်သည်ဟု ရှန်သယ်ဟန့်၏စိတ်ထဲတွင် ဆုံးဖြတ်ပီးသားဖြစ်သည်။ ဘုရားသခင်က သူဖန်းယွင်ကိုအလွန်အမင်း လွမ်းနေတာသိပြီး သူ့ဆီကို ချူချန်ချန်အား ပို့လိုက်ခြင်းဖြစ်ပေမည်။
ရှန်သယ့်ဟန်တစ်ယောက် သူ့အတွေးများထဲ နစ်မြောနေစဉ် တံခါးခေါက်သံဖွဖွအား
ကြားလိုက်ရသည်။
ရှန်သယ်ဟန့်က တံခါးဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်၏။ တံခါးကိုတွန်းဖွင့်လိုက်သောအခါတွင် သူ့နှလုံးသားတွင် ထွင်းထုထားသည့် ပုံရိပ်က သူ့ရှေ့တွင်ပေါ်လာလေသည်။
ချူချန်ချန်က ရှန်သယ်ဟန့်ကို နူးညံ့စွာပြုံးပြလိုက်သည်။
“ရှန်လူကြီးမင်း ကျွန်မကိုမှတ်မိရဲ့လား.. အရင်တစ်ခါက ဥယျာဉ်မှာတွေ့ခဲ့တာလေ.. ဒီနေ့ကစပြီး ကျွန်မက ရှန်လူကြီးမင်းရဲ့ သီးသန့်သူနာပြု ဖြစ်လာတာပါ ”
ရှန်သယ်ဟန့် သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီးခေါင်းညိတ်လိုက်၏။ သူက အရင်ကလို ကောင်ဆိုးလေးမဟုတ်တော့ပေ။ နှစ်တွေအများကြီးကြာပြီးနောက် တည်ငြိမ်မှုအောက်တွင် သူ၏စိတ်လှုပ်ရှားမှုကို အောင်မြင်စွာဖုံးကွယ်နိုင်ပြီဖြစ်သည်။
ရှန်ရှီး၏ညွှန်ကြားချက်များကို သတိရထားသော ချူချန်ချန်က ရှန်သယ်ဟန့်ကို နောက်တခါပြုံးပြလိုက်ပြန်သည်။
တစ်ယောက်က သဘောကျနှစ်သက်ခံရအောင် ကြိုးစားနေပြီး၊ နောက်တစ်ယောက်ကလည်း အထင်ကောင်းအမြင်ကောင်းရှိနေလေရာ မကြာမီပင် သူတို့ အချင်းချင်း ရင်းနှီးသွားခဲ့လေသည်။
ရှန်ကျိနှင့် လီမင်ရွှမ်းတို့ ဆေးရုံကိုရောက်လာသောအခါတွင် ငယ်ရွယ်သောအမျိုးသမီးတစ်ဦးက ရှန်သယ်ဟန့်၏မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ရှန်သယ့်ဟန်ကမူ ညင်သာသော အမူအရာဖြင့် တစ်ခုခုပြောနေတာကို သူတို့ မြင်လိုက်ရသည်။
ရှန်ကျိ ပထမတော့ ဘာမှသိပ်မတွေးဘဲ ပြုံးပြီးရှေ့သို့လှမ်းလာလိုက်၏။
“အဖေ ဒီနေ့ စိတ်အခြေအနေ ကောင်းတယ်ထင်တယ်”
ရှန်သယ်ဟန့်စကားပြောရန် အချိန်မရလိုက်ပေ။ ချူချန်ချန်ကပြုံးပြီး ထရပ်လိုက်၏။
“ရှန်လူကြီးမင်းကိုတွေ့ဖို့ လူရောက်လာတာမို့ ကျွန်မအရင်ထွက်နှင့်ပါမယ်.. လိုအပ်တာရှိရင် ဘယ်အချိန်မဆို ခေါင်းလောင်းကိုတီးလိုက်ပါ.. ကျွန်မက ဘေးအခန်းမှာရှိနေပါတယ်”
ချူချန်ချန် စကားဆုံးပြီး လှည့်ထွက်လာသည်နှင့် ရှန်ကျိ၏ မျက်နှာပေါ်ရှိ အပြုံးက ရုတ်တရက် အေးခဲသွားလေသည်။
ရှန်ကျိသည် သူ့ရှေ့မှမျက်နှာကို သေချာစိုက်ကြည့်ရင်း သူ့အကြည့်က ရှန်သယ်ဟန့်ဆီသို့ တဖြည်းဖြည်း ရွေ့သွားသည်။ ရှန်ကျိ၏မျက်နှာပေါ်တွင် ဖော်ပြ၍မရနိုင်သော အမူအရာရှိနေ၏။ သူက ရှန်သယ်ဟန့်ကို တိတ်တဆိတ်စိုက်ကြည့်ပြီး တုံးတိသောအသံဖြင့်ပြောလာသည်။
“အဖေ”
တိတ်ဆိတ်သောအချိန်ပိုင်းသည် ရှန်သယ်ဟန့်ကို တစ်ခုခုနားလည်သွားစေသည်။ ရှန်ကျိ၏ ထူးဆန်းသော မျက်နှာအမူအရာကြောင့် လူနာခန်းအလယ်တွင် အပြစ်ကင်းစင်စွာဖြင့်ရပ်နေသော ချူချန်ချန်ကိုကြည့်ကာ သူက လက်ကိုရမ်းလိုက်၏။
“မင်း အရင်သွားနှင့်”
ချူချန်ချန်သည် နာခံမှုဖြင့် ခေါင်းညိတ်ပြီး ထွက်ရန်လုပ်စဉ် ရှန်ကျိက ရုတ်တရက်ရှေ့ထွက်လာပြီး သူမကိုတားကာ ရှန်သယ်ဟန့်ဘက်ကို ခေါင်းလှည့်ကြည့်သည်။
“သူကဘယ်သူလဲ”
ရှန်သယ်ဟန့်၏မျက်နှာတွင် မနှစ်မြို့သောအရိပ်အယောင် ဖြစ်ပေါ်လာ၏။ သို့သော် သူ့ရှေ့တွင်ရပ်နေသောသူက ရှန်ကျိဖြစ်သောကြောင့် ရှန်သယ်ဟန့် စိတ်ရှည်သေးသည်။
“အားကျိ မရိုင်းနဲ့.. သူက ဒီလူနာခန်းရဲ့ သီးသန့်သူနာပြုဖြစ်တဲ့ သူနာပြုချူလေ”
သူမရှေ့မှ အခြေအနေကိုနားမလည်ဘဲ ရှန်သယ်ဟန့်၏မိတ်ဆက်ပေးမှုကို ကြားရသောအခါ ချူချန်ချန်သည် ရှန်ကျိဘက်သို့ ယဉ်ကျေးစွာလှည့်ပြီး ညင်သာသောအပြုံးဖြင့်
“မင်္ဂလာပါ ရှန်သခင်လေး.. ကျွန်မက ဒီလူနာခန်းကိုတာဝန်ယူရတဲ့ ချူချန်ချန်ပါ”
ချူချန်ချန်၏မျက်နှာမှအပြုံးသည် တောက်ပလွန်း၏။ ရှန်ကျိသည် သူမကိုအေးစက်သောအကြည့်ဖြင့်ကြည့်ကာ အသံကိုနှိမ့်ပြီးပြောလိုက်သည်။
“ထွက်သွား! ”
“ထွက်သွား” ဆိုသော စကားသည် ချူချန်ချန်ကို စက္ကန့်ဝက်မျှရပ်တန့်သွားစေကာ အလိုလို ရှန်သယ်ဟန့်ကိုကြည့်မိသွားစေ၏။ ချူချန်ချန်သည် အားတင်းပြီးပြုံးကာ တုန်နေသောအသံဖြင့်
“တောင်းပန်ပါတယ်.. ကျွန်မအရင်ထွက်လိုက်ပါမယ်.. ကျေးဇူးပြုပြီး ရှန်လူကြီးမင်း လိုအပ်တာရှိရင် ခေါင်းလောင်းကိုတီးလိုက်ပါ”
ပြောပြီးနောက် ချူချန်ချန်သည် မည်သူကိုမှမကြည့်ဘဲ ခေါင်းကိုငုံ့ပြီး လူနာခန်းထဲမှအမြန်ထွက်သွားသည်။
တံခါးကိုပိတ်လိုက်သည်နှင့် ချူချန်ချန်တစ်ယောက် သူမ၏တင်းမာနေသော အာရုံကြောများ ပြေလျော့သွားသလိုခံစားလိုက်ရသည်။ ရှန်ရှီးက ဆုအနေဖြင့် ဆယ်သန်းပေးမယ်ပြောတာ မထူးဆန်းကြောင်း သူမဒေါသတကြီးဖြင့် တွေးလိုက်မိသည်။ ဤအရာက သူမ၏သရုပ်ဆောင်စွမ်းရည်နှင့် သတ္တိကိုပါ စမ်းသပ်နေသည်မို့ သူအခကြေးငွေတိုးပေးလျှင် သူမစိတ်ရှိမည်မဟုတ်ပေ။
စောနကလေးက ရှန်ကျိ၏မျက်နှာက သူမစိတ်ထဲပြန်ပေါ်လာပြီး ချူချန်ချန်မတတ်နိုင်ဘဲ စာနာစိတ်ဖြစ်သွားရသည်။ သက်ပြင်းချပြီး ချူချန်ချန်လှည့်ထွက်ရန်ပြင်ပေမဲ့ ရုတ်တရက်နောက်သို့ ခြေတလှမ်းဆုတ်လိုက်မိသည်။ သူမနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရှန်ရှီးက နံရံကိုမှီနေပြီး စိတ်ဝင်စားသောအမူအရာဖြင့် သူမကိုကြည့်နေ၍ပင်။
ချူချန်ချန်က ရှန်ရှီးကို ခပ်တင်းတင်းအကြည့်ဖြင့်ကြည့်ပြီး သူ့ကိုဖြတ်လျှောက်သွားသည်။ ဘေးမှဖြတ်သွားချိန် သူမက အံကြိတ်ရင်း သူတို့နှစ်ဦးသာ ကြားနိုင်သောအသံဖြင့်ပြောလာ၏။
“ရှင်က တကယ်မကောင်းတဲ့လူပဲ”
ရှန်ရှီးဖျော့ဖျော့လေးပြုံးလိုက်သည်။
“ချီးကျူးတာကျေးဇူးပဲ.. ဒါနဲ့ ခုနက မင်းရဲ့သရုပ်ဆောင်ချက်က တကယ်ကောင်းမွန်တယ်”
ချူချန်ချန် နှာခေါင်းရှုံ့လိုက်ရင်း ကော်ရစ်တာနှစ်ဖက်တွင်ရှိသော သက်တော်စောင့်များကို ကြည့်လိုက်သည်။ သူမနှင့်ရှန်ရှီးပြောနေတာကို သူတို့အာရုံမစိုက်မှန်းနားလည်လိုက်သော် ဘေးတွင်ရှိသော တာဝန်ကျအခန်းသို့ တည်ငြိမ်စွာပြန်လာခဲ့လိုက်တော့သည်။
ရှန်ရှီးကမူ ပျော်ရွှင်သောစိတ်ဖြင့် လူနာခန်းရှေ့သို့ပြန်သွားပြီး အထဲရှိ ရှားရှားပါးပါး ရှန်ကျိထိန်းချုပ်နိုင်မှု လွတ်သွားတာကို ဆက်ပြီးနားထောင်နေလိုက်၏။
“ဘာလို့လဲ”
ရှန်ကျိက ရှန်သယ်ဟန့်ကို ဒေါသတကြီးကြည့်လိုက်သည်။
ရှန်ကျိ၏အကြည့်အောက်တွင် အပြစ်ရှိသလိုခံစားရသော အရိပ်အယောင်က ရှန်သယ်ဟန့်၏မျက်နှာတွင် ဖြစ်ပေါ်လာပေမဲ့ သူ့၏အမူအရာက မာကြောနေဆဲဖြစ်၏။
“ဘာကို ဘာလို့လဲလို့မေးနေတာလဲ”
ရှန်ကျိမနေနိုင်ပဲ ရှေ့သို့တိုးကာ ရှန်သယ်ဟန့်ကို ဒေါသဖြစ်ဖြစ်နှင့်အော်လိုက်သည်။
“ဘာလို့ အဲ့လိုမိန်းမကိုရှာနေတာလဲ.. ကျိုးမင်မေ့တစ်ယောက်နဲ့တင် မလုံလောက်သေးဘူးလား”
ရှန်သယ်ဟန့် သူ၏ဂုဏ်သိက္ခာကိုစော်ကားခံရသလို ခံစားလိုက်ရသည်။ အနီးတွင်တိတ်ဆိတ်စွာရပ်နေသော လီမင်ရွှမ်းကိုကြည့်ပြီး တင်းမာသောအသံဖြင့်ပြောလိုက်၏။
“အားကျိ မင်းအဖေကို ဒီလိုမျိုးပြောရသလား”
ပြောပြီးနောက် ရှန်သယ်ဟန့်က ထပ်ပြောသည်။
“သူနာပြုချူက မင်းထင်သလိုမိန်းမမျိုးမဟုတ်ဘူး”
ရှန်ကျိအေးစက်စွာပြုံးလိုက်၏။
“အဖေ ဆေးရုံကမဆင်းချင်တာ သူ့ကြောင့်မဟုတ်လား”
ရှန်ကျိ ထိုအကြောင်းကိုပြောသောအခါ ရှန်သယ်ဟန့်သည် ထိုနေ့ကသူပြောခဲ့တာကို ပြန်တွေးမိပြီး မျက်နှာရဲသွားကာ အတင်းပြောသည်။
“ဆေးရုံကဆင်းတဲ့ကိစ္စက ဒါနဲ့မဆိုင်ဘူး”
ရှန်ကျိက ခေါင်းရမ်းကာ ရှန်သယ်ဟန့်ကိုစိတ်ပျက်စွာနှင့်ကြည့်ပြီး သူ့၏မျက်နှာတွင် နာကျင်မှုများပြည့်နေ၏။
လီမင်ရွှမ်းက ခါးသီးစွာနှင့်ပြုံးပြီး အခြေအနေကိုချောမွေ့စေရန် ရှေ့သို့တိုးလာလိုက်သည်။
“ဦးလေး အားကျိကလည်း ဦးလေးကိုစိတ်ပူလို့ပါ”
ပြောရင်း သူ ရှန်ကျိကိုမျက်စိ တစ်ဖက်မှိတ်ပြလိုက်သည်။
ရှန်သယ်ဟန့်အပေါ်တွင် အာရုံအပြည့်ရှိနေသော ရှန်ကျိကမူ လီမင်ရွှမ်းမျက်စိမှိတ်ပြတာကို မမြင်ပေ။
ရှန်သယ်ဟန့်သည် လီမင်ရွှမ်းကို နေရခက်သလိုကြည့်ပြီးပြောလာသည်။
“မင်ရွှမ်း အရင်ပြန်နှင့်တော့.. ဦးလေး အားကျိနဲ့စကားပြောလိုက်မယ်”
လီမင်ရွှမ်းသည် ရှန်ကျိကို စိုးရိမ်သည့်အကြည့်ဖြင့်ကြည့်ကာ ခေါင်းညိတ်ပြီး တံခါးဆီသို့လျှောက်သွား၏။ ယခု သူဘာပဲပြောပါစေ ရှန်ကျိက နားထောင်မည်မဟုတ်တာကြောင့် သူ့ကို စိတ်ထွက်ပေါက်ပေးလိုက်ခြင်းက ပိုကောင်းသည်။
လူနာခန်းမှထွက်လာပြီးနောက် လီမင်ရွှမ်းသည် တံခါးကိုပိတ်ကာ ထွက်သွားရန်လှည့်ပေမဲ့ စင်္ကြံတွင်ရှိနေသောလူကို မြင်သောအခါ သူ၏မျက်လုံးများမှာ အနည်းငယ်ပြောင်းလဲသွားလေသည်။
ရှန်ရှီးက ကော်ရစ်တာ၏တခြားတစ်ဖက်တွင်ရပ်နေပြီး အပြစ်ကင်းစင်သောမျက်နှာဖြင့် လီမင်ရွှမ်း၏အကြည့်နှင့် မျက်လုံးချင်းဆုံ၏။
သူ၏နှုတ်ခမ်းထောင့်များက ဖြည်းညှင်းစွာ အပေါ်ကိုကွေးတက်သွားကာ ညင်သာသောအပြုံးတစ်ပွင့် ဖြစ်ပေါ်လာလေသည်။
နားမလည်နိုင်စွာပဲ လီမင်ရွှမ်း၏နှလုံးသားထဲတွင် အေးစက်မှုအရိပ်များက ဖျတ်ကနဲဖြစ်ပေါ်လာ၏။