အမတ်ချုပ်ကြီးမှာ အိမ်တော်သို့ ပြန်ရောက်သော် ထိုညတွင် အိပ်မပျော်နိုင် လူးလိမ့်ကာ ဂနာမငြိမ် ဖြစ်နေရှာသည်။
နောက်ဆုံးတွင် အိပ်ရာမှထကာ အဘိုးဖြစ်သူ အသက်ရှင်စဉ်က နေထိုင်ခဲ့သော အခန်းဟောင်းလေးဆီသို့ သွားရောက် ငေးမော ထိုင်နေမိ၏။
တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်ယံတွင် အဘိုးဖြစ်သူ မသေဆုံးခင်က မှာကြားခဲ့သော စကားသံသဲ့သဲ့ကို ပြန်လည် ကြားယောင်လာသလို ခံစားရပြီး နှလုံးသည်းပွတ် ကြေမွမတတ် ဝမ်းနည်းပက်လက် ဖြစ်ရပြန်သည်။
အတိတ်ကို ပြန်ပြောင်းစဉ်းစားကြည့်လျှင် ဧကရာဇ်မင်းမြတ်သည် နန်းမတက်မီ မင်းသားဘဝကတည်းက ကြင်နာသနားတတ်သော နှလုံးသားပိုင်ရှင် ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း အဘိုးဖြစ်သူ အမတ်ချုပ်ဟောင်းသည် မင်းသား၁၇ ၏ မွန်မြတ်သော စိတ်ထားကို တန်ဖိုးထားကာ ဘက်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် အမတ်ချုပ်ကြီးအနေဖြင့် ဧကရာဇ်မင်းမြတ်ကို အကျင့်သီလ စောင့်ထိန်းသော သူတော်စင်ကြီး တစ်ပါး ဖြစ်လာရန် မမျှော်လင့်တော့။ တိုင်းပြည်ကို အုပ်ချုပ်မည့် မင်းကောင်းမင်းမြတ် တစ်ပါးအဖြစ် တည်ရှိနေစေလိုရင်းသာ ရှိသည်။
ထို့အတွက် မိမိက အနီးကပ် စောင့်ကြည့် ထိန်းကျောင်းပေးရမည်သာ။
စည်းစိမ်ယစ်မူးပြီး တိုင်းပြည်ဖျက်ခဲ့သော ခမည်းတော် ဧကရာဇ်ဟောင်း၏ ခြေရာကို နင်းမိမှာလည်း စိုးရိမ်မိသည်။
လက်ရှိ မင်းကြီး၏ အခြေအနေက အမတ်ချုပ်ကြီးကို အလွန် စိတ်ပူပင်စေသည်။
အမြဲလိုလို အခွန်တိုးကောက်ရန် ကြံခြင်း၊ ဆောင်းရာသီတွင် အနွေးဆောင်ဆောက်ခြင်း၊ နွေရာသီတွင် အပန်းဖြေစံအိမ် ဆောက်ခြင်းများကိုသာ ပြောဆိုနေတတ်ရာ ထိုအစီအစဉ်များကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ဇိမ်ခံရတာကို ကြိုက်သွားပြီး လမ်းမှားရောက်သွားမည်ကို စိုးရိမ်သည်။
သေချာ တွေးကြည့်လျှင်တော့... တိုင်ကြီးကို ခေါင်းဆောင့်ပြီး သွေးထွက်သံယို တားဆီးနေရသည်ထက်စာလျှင် အချစ်တော် မိဖုရားလုပ်ပြီး နားနားကပ်ကာ ချွဲနွဲ့ဖြောင်းဖျ ပြောဆိုသည်က ပိုပြီး ထိရောက်လွယ်ကူပေလိမ့်မည်။
ဧကရာဇ်မင်းမြတ် အနေဖြင့် ပြည်သူလူထုကို ဒုက္ခပေးမည့် အကြံဆိုးများ မထုတ်သရွေ့... ကျန်တာတော့ သူသဘောရှိ လုပ်ပါစေတော့ဟုသာ ဖြေတွေး တွေးလိုက်မိတော့သည်။