မကြာသေးမီကပင် ဧကရာဇ်မင်းမြတ်၏ အိပ်ဆောင်ကို တာဝန်ယူရသော အပျိုတော်များသည် လျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိခဲ့ကြ၏။
ထိုအရာမှာ ဧကရာဇ်မင်းမြတ်က နံနက်ခင်းများတွင် သဘာဝအလျောက် သုတ်လွှတ်ခြင်း ကိစ္စရပ်များ မကြာခဏ ဖြစ်ပေါ်နေခြင်းပင်။ ဤကိစ္စမှာ ပုံမှန်အားဖြင့် ပြောဆိုဆွေးနွေးရမည့် ကိစ္စမဟုတ်သော်လည်း နန်းတွင်း၏ လျှို့ဝှက်သော လမ်းကြောင်းများမှတစ်ဆင့် အမတ်ချုပ်ကြီး၏ နားဆီသို့ ထိုသတင်း ရောက်ရှိသွားခဲ့လေသည်။
အမတ်ချုပ်ကြီးမှာ ဧကရာဇ်မင်းမြတ်အပေါ် အလွန် စိုးရိမ်ပူပန်သွားရရှာသည်။ အရှင်မင်းကြီးတွင် ထုတ်မပြောရဲသော ရောဂါဝေဒနာ တစ်စုံတစ်ရာ ရှိနေမည်ကို သူစိုးရိမ်သည်။
ထို့ကြောင့် နန်းတွင်းသမားတော်ကြီးကို တိတ်တဆိတ် မေးမြန်းကြည့်ရာ၊ သမားတော်ကြီးက အဓိကပြဿနာမှာ မင်းကြီး၏ နန်းဆောင်တွင် မောင်းမမိဿံ ကင်းမဲ့နေခြင်းနှင့် မိန်းမကိစ္စ ကင်းရှင်းလွန်းနေခြင်းကြောင့် ဖြစ်ကြောင်း ရှင်းပြ၏။
ဤသို့ ကြာရှည်စွာ အောင့်အီးသည်းခံနေခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ရေရှည်တွင် ပြဿနာ ရှိလာနိုင်ပေသည်။
ထို့ကြောင့် အမတ်ချုပ်ကြီးခမျာ အခြားအမတ်များနှင့် တိုင်ပင်ပြီးနောက် ဧကရာဇ်မင်းမြတ်အား မောင်းမမိဿံ ရွေးချယ်ပွဲကျင်းပရန်နှင့် ထီးမွေနန်းလျာ ဆက်ခံမည့်သူ ပေါ်ထွန်းလာရေးအတွက် အရေးဆို တိုက်တွန်းလေတော့သည်။
ဧကရာဇ်မင်းမြတ်မှာ ထိုစကားကို ကြားသည်နှင့် မျက်နှာပျက်ကာ ဒေါသအမျက် ခြောင်းခြောင်းထွက်လေတော့သည်။
အမတ်ချုပ်ကြီးက သူ့ကို နေရာတကာ လိုက်လံချုပ်ချယ်နေသည်ဟု ယူဆသောကြောင့်ပင်။
"ဘာ... မောင်မင်းက ငါ့ရဲ့ ကိစ္စအဝဝကို ဝင်ပါချင်နေတာလား။ တိုင်းရေးပြည်ရာ ကိစ္စတွေမှာ မောင်မင်းစကား နားထောင်ခဲ့ပေမဲ့ ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စမှာတော့ ကိုယ်တော်က ဘာလို့ နားထောင်ပေးရမှာလဲ"
မိမိ၏ အကြံပေးချက် မအောင်မြင်မှန်း သိလိုက်သောအခါ အမတ်ချုပ်ကြီးသည် သူ၏ လက်သုံးအကျင့်အတိုင်း နဂါးရုပ်ထွင်းထားသည့် တိုင်လုံးကြီးဆီသို့ ပြေးသွားကာ ခေါင်းဆောင့်ရန် ပြင်ပြီး မျက်ရည်စက်လက်ဖြင့် ငိုကြွေးလေတော့သည်။
ဧကရာဇ်မင်းမြတ်မှာ ထိုနည်းလမ်းကို အလွန် စိတ်ပျက်နေပြီ ဖြစ်သော်လည်း အလျှော့မပေးလိုပေ။ မောင်းမမိဿံ ရွေးချယ်ခြင်းက ဘာအဓိပ္ပာယ် ရှိပါအံ့။
ခမည်းတော်ဖြစ်သူ ဧကရာဇ်ဟောင်းမှာ အိပ်ရာထက်တွင် မိန်းမကိစ္စဖြင့် အသက်ပါသွားခဲ့ရသူ ဖြစ်သဖြင့် ဧကရာဇ်မင်းမြတ်သည် ထိုကိစ္စများကို အမြဲ သတိထား ရှောင်ကြဉ်လေ့ရှိသည်။
သို့သော် နှစ်ဖက်လုံးက အလျှော့မပေးနိုင်သည့် အခြေအနေတွင် အလှပဂေးလေးသဖွယ် ဖြစ်နေသော အမတ်ချုပ်ကြီး၏ မျက်ရည်များကို မြင်ရသည်မှာလည်း သည်းမခံနိုင်စရာပင်။ ထို့ကြောင့် မင်းကြီးသည် နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် နည်းလမ်းကို စဉ်းစားရလေတော့သည်။
"အမတ်ချုပ်ကြီးကိုပဲ မောင်းမဆောင်ထဲသွင်းလိုက်ရရင်ရော..."
ထိုအကြံ ဝင်လာသည်နှင့် တပြိုင်နက် ဧကရာဇ်မင်းမြတ်သည် ဥမင်လိုဏ်ခေါင်း အဆုံးတွင် အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဒူးထောက်နေသော အမတ်ချုပ်ကြီးအား ပြုံးစစဖြင့် မိန့်တော်မူလိုက်သည်။
“အမောင်အမတ်ချုပ်ကြီးပဲ... ကိုယ်တိုင် နန်းတွင်း ဝင်လိုက်ပါလား"
အမတ်ချုပ်ကြီးမှာ ကြက်သေသေကာ ဘာပြန်ပြောရမှန်းမသိ ဆွံ့အသွားရှာသည်။ မိဖုရားရွေးပွဲ ကျင်းပရန် သူကိုယ်တိုင် အဆိုပြုခဲ့ပြီးမှ ယခု ငြင်းပယ်လိုက်လျှင် ကိုယ့်ပါးကိုယ် ပြန်ရိုက်သလို ဖြစ်နေမည်။
ဧကရာဇ်မင်းမြတ်၏ မျက်နှာကို ဖြတ်ရိုက်သလိုလည်း ဖြစ်ပေမည်။
အမတ်သဘင် တစ်ခုလုံးလည်း မျက်လုံးအပြူးသားဖြင့် အချင်းချင်း ကြည့်နေမိကြသည်။
သေချာစဉ်းစားကြည့်လျှင် မင်းကြီး၏ အမိန့်မှာ မဖြစ်နိုင်သည်တော့ မဟုတ်။ အကယ်၍ မိဖုရားရွေးမည်ဆိုလျှင် ရုပ်ရည်၊ အကျင့်စာရိတ္တနှင့် ဆွေဂုဏ်မျိုးဂုဏ် ပြည့်စုံသူ လိုအပ်မည်။ လျန်မင်းဆက် တစ်လျှောက်လုံး ကြည့်လိုက်လျှင် အမတ်ချုပ်ကြီးထက် သင့်တော်သူ မရှိသည်မှာ အမှန်ပင်။
သို့သော် ဖြောင့်မတ်တည်ကြည်သော အမတ်ချုပ်ကြီးကို မီးတွင်းထဲ တွန်းပို့လိုက်သလို ဖြစ်မည်ကိုလည်း စိုးရိမ်ကြသည်။
ထိုစဉ် အမတ်ချုပ်ကြီး၏ လူယုံဖြစ်သော လက်ထောက်အတွင်းဝန်က ဒူးထောက်လျက် ဝင်ရောက်လျှောက်တင်သည်။
"အရှင်မင်းကြီး... ပြန်လည်သုံးသပ်တော်မူပါဘုရား"
ယောကျာ်းချင်း လက်ထပ်ထိမ်းမြားခြင်းမှာ မဆန်းကျယ်။ ဧကရာဇ်ဟောင်း၏ အချစ်ဆုံး ကြင်ယာတော် ရှောင် သည်ပင်လျှင် ယောကျာ်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သို့ငြား ပြဿနာမှာ... ယောကျာ်းသားတို့ ကိုယ်ဝန်မဆောင်နိုင်ခြင်းပင် ဖြစ်သည်။
အမတ်ချုပ်ကြီး၏ အရည်အချင်းနှင့် ရုပ်ရည်အရ မိဖုရားခေါင်ကြီး ဖြစ်လာမည်မှာ သေချာသော်လည်း ရင်သွေးမရနိုင်လျှင် မည်သူက ထီးနန်းဆက်ခံမည်နည်း။
ဧကရာဇ်မင်းမြတ်က ထိုကိစ္စကို ချက်ချင်း ဖြေရှင်းပေးလိုက်ဉ။ ထီးနန်းကို အိမ်ရှေ့စံမင်းသားက ဆက်ခံမည်သာ ဖြစ်သည်။ အိမ်ရှေ့စံမှာ ရွေးချယ်ပြီးသားဖြစ်သော နောင်တော်ကြီး၏ သားတော်ဖြစ်သည်။
နောင်တော်ကြီးသည်လည်း ခမည်းတော် လက်ထက်ကတည်းက အိမ်ရှေ့စံ ဖြစ်ခဲ့ဖူးသည်။
ဧကရာဇ်မင်းမြတ် ကိုယ်တိုင်က ထီးနန်းကို လိုချင်မက်မောခဲ့သူ မဟုတ်။ သူ့ဘဝ ဆန္ဒမှာ လွတ်လပ်ပေါ့ပါးသော မင်းညီမင်းသား တစ်ပါးအဖြစ် ဘဝကို အေးချမ်းစွာ ဖြတ်သန်းလိုရင်းသာ ရှိသည်။
သို့သော် ခမည်းတော် ဧကရာဇ်ဟောင်းမှာ အရည်အချင်းညံ့ဖျင်းပြီး ရက်စက်ကြမ်းကြုတ်ခဲ့သည်။ နောင်တော် အိမ်ရှေ့စံမှာ တိုင်းပြည်အတွက် အသက်ပေးကာ ကွယ်လွန်သွားပြီးနောက် ကျန်မင်းသားများမှာ ထီးနန်းလုပွဲ ဆင်နွှဲခဲ့ကြကာ ပြည်သူကို ညှဉ်းပန်းနှိပ်စက်ကာ စည်းစိမ်ရှာခဲ့ကြသည်။
ထိုနှစ် ဆောင်းတွင်းက နှင်းထုများအောက်တွင် ဆင်းရဲသား ပြည်သူတို့၏ အရိုးများ တောင်ပုံရာပုံ ဖြစ်ခဲ့ရသည် အထိပင်။ထိုအခြေအနေ ရောက်မှသာ ဧကရာဇ်မင်းမြတ်သည် အာဏာရယူရန် မဟုတ်ဘဲ၊ ပြည်သူတို့ကို ကယ်တင်ရန်အတွက် ထီးနန်းလုပွဲကို ဝင်နွှဲခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤထီးနန်းစည်းစိမ်တွင် အမြဲ မနေလိုသဖြင့် ၇ နှစ်အရွယ် တူတော်မောင်ကို အိမ်ရှေ့စံအဖြစ် စောစီးစွာ ခန့်အပ်ထားပြီး၊ ငယ်စဉ်ကတည်းက မင်းကျင့်တရားများနှင့်အညီ ပျိုးထောင်ပေးလျက်ရှိသည်။
အရွယ်ရောက်လျှင် ထီးနန်းပြန်အပ်မည်ဟု ကတိပြုထားပြီးသားလည်း ဖြစ်သည်။
ထိုစကားကို ကြားမှသာ မှူးမတ်များအားလုံး ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူကြလေသည်။
မိဖုရား ကိုယ်ဝန်မဆောင်နိုင်ခြင်းက ကိစ္စမရှိတော့ပေ။ နောက်ဆုံးတွင် မျက်ရည်သုတ်နေရသော အမတ်ချုပ်ကြီးတစ်ယောက်သာ အနေခက် ကျန်ရစ်ခဲ့လေသည်။
အမတ်ချုပ်ကြီးမှာ ငြင်းဆန်လိုသေးသဖြင့် ကမန်းကတန်း ဒူးထောက်ကာ ထပ်မံလျှောက်တင်သည်။"
မိဖုရားဆိုတာက နိုင်ငံရေး ဝင်လုပ်၍ မရပါဘုရား။ ကျွန်တော်မျိုးမှာ အဘိုး၏ မှာတမ်းအတိုင်း ဘုရင်မင်းမြတ်ကို တိုင်းရေးပြည်ရာကိစ္စများတွင် တစ်သက်တာ ကူညီသွားရန် ကတိရှိပါတယ်။ တကယ်လို့ မလုပ်ဆောင်နိုင်ပါက အဘိုးခမျာ သေပျော်မည် မဟုတ်ပါဘုရား"
စောစောက အခြေအတင် ပြောထားသဖြင့် အမတ်ချုပ်ကြီး၏ ဝတ်ရုံကော်လာမှာ အနည်းငယ် ပြေလျော့ကာ ဘေးသို့ စောင်းကျနေသည်။ ယခု ဒူးထောက်လိုက်သောအခါ အမြဲတမ်း ဖုံးကွယ်ထားလေ့ရှိသော ဖြူဥနုဖတ်နေသည့် အမတ်ချုပ်ကြီး၏ လည်ဂုတ်သားလေးမှာ ပေါ်လာလေတော့သည်။
ဧကရာဇ်မင်းမြတ်၏ မျက်လုံးများက ထိုနေရာသို့ ရောက်ရှိသွားပြီး ပြုံးစစဖြင့် မိန့်တော်မူသည်။
"အမောင်အမတ်ချုပ်ကြီး... စိတ်မပူပါနဲ့။ နန်းတွင်း ဝင်ပြီးရင်လည်း အမတ်ချုပ်ကြီး ရာထူးကို ဆက်လက်ထမ်းဆောင်ဖို့ ကိုယ်တော် ခွင့်ပြုပါတယ်"
အမတ်ချုပ်ကြီးခမျာ ဆင်ခြေပေးစရာ မကျန်တော့ပေ။ သူ့ဘက်က ကူပြောပေးမည့် အတွင်းဝန်လေးမှာလည်း နောက်သို့ ဆုတ်သွားချေပြီ။
အတူတူ ရင်ဆိုင်ကြမည်ဟု တိုင်ပင်ထားသော်လည်း ယခုတော့ သူတစ်ယောက်တည်း မုန်တိုင်းထဲ ကျန်ရစ်ခဲ့လေသည်။
အမတ်ချုပ်ကြီးမှာ ရှေ့ဆက်ကြုံရမည့် ကံကြမ္မာကို တွေးကာ မျက်ရည်များဖြင့်သာ ဧကရာဇ်မင်းမြတ်၏ ကျေးဇူးတော်ကို ဦးခိုက်၍ လက်ခံလိုက်ရတော့လေသည်။