ငယ်ရွယ်စဉ် အခါက အမတ်ချုပ်ကြီးသည် နေပြည်တော်သူ ပျိုကညာလေးများ၏ စိတ်ကူးယဉ် အိပ်မက်မင်းသားတစ်ပါး ဖြစ်ခဲ့ဖူးလေသည်။ လမ်းမများထက် ဝင့်ကြွားစွာ မြင်းစီးထွက်လာတိုင်း ပျိုကညာများ ပစ်ပေါက်ပေးအပ်လိုက်ကြသည့် ချစ်သက်လက်ဆောင် ပဝါပါးလေးများမှာ မိုးဖွဲကျသကဲ့သို့ တဖွဲဖွဲ။
သူသည် ထိုစဉ်က လွတ်လပ်ပေါ့ပါးသော လူငယ်လေးတစ်ဦးသာ။
သို့ပေသိ ကံတရားက မျက်နှာသာမပေးခဲ့ရှာ။ ဖခင်က စစ်မြေပြင်မှာ အသက်စွန့်ခဲ့ရပြီး၊ မိခင်ကလည်း လွမ်းဝေဒနာဖြင့် ကြွေလွင့်ခဲ့ရသည်။
ကျန်ရစ်သူ အဘိုးဖြစ်သူကသာ သွန်သင်ဆုံးမ ပြုစုပျိုးထောင်ပေးခဲ့ရ၏။ စာပေကျမ်းဂန်၊ လက်ရေးအလှ၊ ဂဏန်းသင်္ချာမှစ၍ မြှားပစ်အတတ်ပညာအထိ ကိုယ်တိုင်သင်ကြားပေးခဲ့သလို၊ မျိုးရိုးစဉ်ဆက် စီးဆင်းလာသော သစ္စာတရားကိုလည်း သူ၏ အရိုးထဲစွဲအောင် ရိုက်သွင်းပေးခဲ့လေသည်။
အဘိုးဖြစ်သူမှာလည်း တစ်ချိန်က အမတ်ချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ သို့သော် အိုမင်းမစွမ်းဖြစ်လာပြီး သေမင်းတံခါးဝသို့ တဖြည်းဖြည်း တိုးကပ်လာခဲ့လေပြီ။
မီးခဲပြာကျဖြစ်ခါနီးအချိန်တွင် အဘိုးသည် မြေးဖြစ်သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း နောက်ဆုံးဆန္ဒကို တောင်းဆိုခဲ့သည်။ ဧကရာဇ်မင်းမြတ်နှင့် တိုင်းပြည်အပေါ် သက်ဆုံးတိုင် သစ္စာစောင့်သိပါမည်ဟူသော ကတိသစ္စာကို တိုင်တည်စေခဲ့၏။
မျက်ရည်စက်လက်ဖြင့် အမတ်ချုပ်ကြီး ကတိပြုလိုက်မှသာ အဘိုးအိုသည် စိတ်ချလက်ချ မျက်လုံးမှိတ်ကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့လေတော့သည်။
သို့သော် အမတ်ချုပ်ကြီးမှာ အမတ်ချုပ်ကောင်းတစ်ယောက် ဖြစ်အောင် မည်သို့နေထိုင်ရမည်ကို နားမလည်ခဲ့ပေ။ နိုင်ငံရေးကိစ္စများကို နိုင်နင်းသော်လည်း ဘုရင်မင်းမြတ်ကို မည်သို့ လျှောက်တင်အကြံပြုရမည်ကိုမူ မသိနားမလည်။ သူမြင်ဖူးသမျှ အမတ်ချုပ်ကြီးဟူ၍ အဘိုးဖြစ်သူသာ ရှိခဲ့ပြီး၊ အဘိုး၏ လုပ်နည်းလုပ်ဟန်မှာ ငိုကြီးချက်မ၊ ပူညံပူညံလုပ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မည်ဟု ခြိမ်းခြောက်ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် အမတ်ချုပ်ကြီးရာထူးကို ကြောင်တောင်တောင်ဖြင့် လက်ခံရရှိလိုက်သော သူသည်လည်း အဘိုး၏လမ်းစဉ်ကိုသာ လိုက်ရတော့သည်။ အတုခိုးရာတွင်လည်း တော်တော်လေး တူသည်ဟု ဆိုရမည်။
တစ်ခါသော် ဧကရာဇ်မင်းမြတ်သည် နွေရာသီစံနန်းဆောင်သစ် တည်ဆောက်ရန် ဆန္ဒရှိတော်မူသဖြင့် ပြည်သူများကို လုပ်အားပေးရန် ဆင့်ခေါ်စေသည်။ သာမန်စံနန်းဆောင်လောက်ဆိုလျှင် တော်သေးသည်။ ယခုမူ မကြုံစဖူး ကြီးကျယ်ခမ်းနားသော စံအိမ်တော်ကြီးကို ဆောက်လုပ်လိုခြင်း ဖြစ်သည်။
ထုံးစံအတိုင်းပင် ညီလာခံတွင် ကန့်ကွက်မရသည့်အဆုံး အမတ်ချုပ်ကြီးသည် ရုတ်တရက် မတ်တတ်ထရပ်ကာ ဤအသက်ဖြင့်ရင်း၍ သတိပေးတားမြစ်မည်ဟုဆိုကာ နဂါးရုပ်ထွင်းထားသည့် တိုင်လုံးကြီးဆီသို့ ပြေးဝင်၍ ခေါင်းဖြင့် ဆောင့်လေတော့သည်။
ထိုအခါ မှူးမတ်များမှာ ကျွမ်းကျင်စွာပင် နှစ်ဖွဲ့ကွဲသွားကြသည်။ လူငယ်ပိုင်းက အမတ်ချုပ်ကြီးကို ဝိုင်းဆွဲကာ "အမတ်ချုပ်ကြီး... အမတ်ချုပ်ကြီး" ဟု အော်ဟစ်တားဆီးကြ၏။ ကျန်တစ်ဖွဲ့ကမူ ညီညာဖြဖြ ဒူးထောက်ချလိုက်ကြပြီး "အရှင်မင်းကြီး... ပြန်လည်သုံးသပ်ပေးတော်မူပါ" ဟု ဟစ်အော်လျှောက်တင်ကြလေသည်။
ထိုမျှလောက် ဖြစ်လာသော် ဧကရာဇ်မင်းမြတ်မှာ ခေါင်းကိုက်သွားသော ပုံစံဖြင့် လက်ကာပြလိုက်ရင်း "ကဲပါ... ကဲပါ... တော်ကြပါတော့၊ မောင်မင်းတို့ သဘောအတိုင်းပါပဲ" ဟု လျှော့ပေးလိုက်ရစမြဲ။
ထိုနည်းလမ်း အလုပ်ဖြစ်သွားပြီးနောက်ပိုင်းတွင်မူ အမတ်ချုပ်ကြီး၏ လုပ်ရပ်များမှာ ပို၍ ဆိုးရွားလာတော့သည်။
တိုင်းသူပြည်သားတို့ကို ဒုက္ခရောက်စေမည့် စိတ်ကူးဆန်းများ ဧကရာဇ်မင်းမြတ်ထံမှ ထွက်လာတိုင်း အမတ်ချုပ်ကြီးမှာ နှုတ်ဖြင့်ပင် လျှောက်တင်မနေတော့။
တိုင်လုံးကြီးရှိရာသို့သာ တန်းကာ ပြေးတော့သည်။ ခြေလှမ်း နှစ်လှမ်းပင် မပြည့်မီမှာပင် ဘုရင်မင်းမြတ်ခမျာ လက်မြှောက်အရှုံးပေးကာ "မလုပ်တော့ပါဘူး" ဟု တားရသည့် အဖြစ်သို့ ရောက်ရလေတော့သည်။