no

Font
Theme

ဧကရာဇ်မင်းမြတ်သည် အမှန်စင်စစ် အသုံးမကျသူတစ်ဦး မဟုတ်ခဲ့ပေ။

အကယ်၍သာ အရည်အချင်းမရှိခဲ့ပါလျှင် မိမိထက် အသက်အရွယ်ကြီးရင့်သော နောင်တော်မင်းသား ၁၆ ပါးလုံးကို ကျော်ဖြတ်၍ ထီးနန်းအရိုက်အရာကို ဆက်ခံနိုင်မည် မဟုတ်သလို၊ နန်းတက်ပြီး နှစ်အနည်းငယ်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ကာ အသက် ၂၅ နှစ်အရွယ်ဖြင့် တောင်နှင့်မြောက်ကို တစ်လုံးတစ်ဝတည်း ပေါင်းစည်းနိုင်ခဲ့မည် မဟုတ်ချေ။

သို့သော် ယခုအချိန်တွင်မူ တိုင်လုံးကို ခေါင်းနှင့်ဆောင့်၍ သက်သေပြမည်ဆိုသော အမတ်ချုပ်ကြီးကို ကြည့်ရင်း ဧကရာဇ်၏ စိတ်ထဲ၌ အမည်မဖော်လိုသော ဆန့်ကျင်ဘက်ပြုလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။

ထို့ကြောင့်ပင် အမတ်ချုပ်ကြီး၏ ရှေ့မှောက်၌ တိုင်းပြည်ဘဏ္ဍာ ဖြည့်တင်းရန်အတွက် ယခုနှစ်တွင် အခွန်အခများကို တိုးမြှင့်ကောက်ခံမည့်အကြောင်း၊ မဟာမိတ်ဖြစ်သော ယွဲ့နိုင်ငံတော်ကို ချေမှုန်းရန် အနောက်ဘက်သို့ စစ်ချီမည့်အကြောင်းနှင့် အခြားသော တိုင်းနိုင်ငံများနှင့် ကုန်သွယ်မှုမှန်သမျှ ရပ်ဆိုင်းပစ်မည့်အကြောင်းများကို ညီလာခံသဘင်၌ တမင်သက်သက် မိန့်ကြားတော်မူလိုက်သည်။

ဤစကားများကို ကြားလိုက်ရသည့် အခါတိုင်းတွင် အမတ်ချုပ်ကြီးမှာ သက်ပြင်းချရင်း နန်းတော်တိုင်လုံးဆီသို့ ခေါင်းဆောင့်ရန် ပြေးသွားလေ့ရှိသည်။ ထိုအခါ ညီလာခံခန်းမကြီးအတွင်းရှိ မှူးမတ်များမှာလည်း အုပ်စုနှစ်စုကွဲ၍ အလုပ်ရှုပ်ကြရတော့သည်။ တစ်ဖွဲ့က အမတ်ချုပ်ကြီး တိုင်နှင့်မဆောင့်မိစေရန် ဝိုင်းဝန်းတားဆီးကြရပြီး၊ ကျန်တစ်ဖွဲ့ကမူ ဧကရာဇ်မင်းမြတ် ပြန်လည်သုံးသပ်တော်မူပါရန် ဝပ်တွားခယ တောင်းပန်ကြရလေသည်။

မှူးမတ်များ ဝိုင်းဝန်းတားဆီးလိုက်၍ အရှိန်တန့်သွားသော အချိန်တွင်၊ အမတ်ချုပ်ကြီးမှာ အင်္ကျီလက်စဖြင့် မျက်ရည်သုတ်ဟန်ပြုရင်း ရှေးယခင်က အမတ်အိုကြီးများနည်းတူ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေတတ်သည်။ သို့သော် ထူးခြားနေသည်မှာ အမတ်ချုပ်ကြီး၏ ပုံပန်းသွင်ပြင်ပင် ဖြစ်သည်။

အမတ်ချုပ်ကြီးဟာ ရှေးအမတ်အိုကြီးများကဲ့သို့ပင် မျက်ရည်များသွန်ချ၍ ဧကရာဇ်၏ ကိုယ်ကျင့်တရားကို နှိုးဆော်ရန် ကြိုးစားရှာသည်။ သို့သော် ထိုမျက်ရည်များက ဧကရာဇ်၏ ကိုယ်ကျင့်တရားကို နှိုးဆော်ပေးနိုင်ခြင်း မရှိဘဲ၊ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ အခြားသော အရာတစ်ခုကိုသာ နိုးထလာစေခဲ့၏။

မြင့်မြတ်လှသော ရွှေပလ္လင်ထက်မှ စူးရှသော မျက်လုံးအစုံဖြင့် ကြည့်နေသည့် ဧကရာဇ်သည် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

တိုင်ကို ခေါင်းနှင့်ဆောင့်မည့်ဟန် ပြုလုပ်နေသော အမတ်ချုပ်ကြီးဟာ သူ့ကို တားဆီးနေသော လူအုပ်ကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ နောက်ဆုံး၌ ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားရှာသည်။ မိုးမခကိုင်းကဲ့သို့ သေးသွယ်သော ခါးလေးနှင့်အတူ ဆံနွယ်စများမှာလည်း ဖွာလန်ကြဲလျက်။ အမတ်ချုပ်ကြီး၏ ငိုကြွေးမှုမှာ ဟန်ဆောင်မှုမှန်း သိသာသော်လည်း၊ မျက်ဝန်းအိမ်မှသည် နားရွက်ဖျား၊ လည်တိုင်အထိ ပန်းရောင်သမ်းသွားပြီး မျက်လုံးအိမ်မှာ နီရဲနေလေသည်။

ထို့နောက် ကြီးမားကြည်လင်သော မျက်ရည်စက်များ ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျလာသည်။ ထိုမြင်ကွင်းက ဘုရင်ကို ဆုံးမ၍မရသဖြင့် ဝမ်းနည်းပက်လက် ငိုကြွေးနေသော သစ္စာရှင် အမတ်အိုကြီးတစ်ဦး၏ ပုံရိပ်ဟု ဆိုရမည်ဖြစ်သော်လည်း၊ ဧကရာဇ်၏ ရင်ထဲတွင်မူ နက်ရှိုင်းစွာ တုန်လှုပ်သွားစေ၏။

အမတ်အိုကြီး၏ မျက်ရည်ဟု မည်သူဆိုအံ့နည်း။ ဤသည်မှာ နန်းတော်ထက်တွင် အရှက်ရပြီး လဲကျနေသော အလှတရားတစ်ခု၏ ငိုကြွေးခြင်းသာ ဖြစ်ချေသည်။

ထိုမျက်ရည်စက်များသည် ဧကရာဇ်၏ နှလုံးသားကို တဒိန်းဒိန်း ခုန်စေပြီး သနားကြင်နာစိတ်ကို ဖြစ်ပေါ်လာစေ၏။

ထို့ကြောင့် ဧကရာဇ်သည် ကပျာကယာပင်၊

"ကောင်းပြီ.. ကောင်းပြီ.. ငါကိုယ်တော် အဲ့ဒီလို မလုပ်တော့ဘူး.. ထတော့.. ထတော့" ဟု ချော့မော့ပြောဆိုလိုက်ရသည်။

ထိုအခါမှသာ အမတ်ချုပ်ကြီးသည် ဒူးထောက်နေရာယူရင်း ဟစ်ကြွေးလေသည်။

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ ဉာဏ်ပညာ ကြီးမားလှပါပေတယ်"

သူ့နောက်မှ မှူးမတ်အပေါင်းကလည်းသံပြိုင် ညီညာစွာ လိုက်ပါဟစ်ကြွေးကြတော့၏။

"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"

ဧကရာဇ်မင်းမြတ်သည် သက်တော် ၂၅ နှစ် ရှိပြီဖြစ်သည်။ ငယ်စဉ်ကတည်းက ထီးနန်းလုပွဲများ၊ စစ်ပွဲများကြားတွင်သာ အချိန်ကုန်ခဲ့ရပြီး နိုင်ငံရေးနှင့် စစ်ရေးကိုသာ အာရုံစိုက်ခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် အချစ်စိတ်၊ ကာမစိတ် ဟူသည်ကို တစ်ခါမျှ မတွေးခဲ့ဖူးသလို၊ နားလည်း မလည်ခဲ့ပေ။

ယခုမူ အမတ်ချုပ်ကြီးအပေါ် တပ်မက်သောစိတ်ဟာ မြေလွှာကို ဖောက်ထွက်ရန် တာစူနေသော အပင်ပေါက်လေးကဲ့သို့ ဧကရာဇ်၏ နှလုံးသားထဲတွင် အချိန်မရွေး ပေါက်ကွဲထွက်လာရန် အသင့်ဖြစ်နေသည်။

သို့သော် သူသည် ထိုခံစားချက်ကို နားမလည်သဖြင့် မည်သို့ ဖွင့်ဟရမည်ကို မသိချေ။ နေ့စဉ်နေ့တိုင်း အမတ်ချုပ်ကြီး တိုင်ကို ခေါင်းနှင့်ဆောင့်၍ မျက်ရည်ကျသည်ကို မြင်ရလျှင် သူ၏ရင်ထဲတွင် တစ်စုံတစ်ခု ပြည့်မြောက်သွားသကဲ့သို့ ခံစားရပြီး၊ ထူးဆန်းသော ကျေနပ်မှုကို ရရှိနေမိသည်။

ညဘက် အိပ်မက်ထဲတွင်ပင် အမတ်ချုပ်ကြီး တိုင်ကို ခေါင်းနှင့်ဆောင့်နေပုံနှင့် ထိုအလှတရား၏ မျက်ရည်စက်များကို မက်မောနေတတ်သည်။ သို့သော် အတွေ့အကြုံ ဗဟုသုတ နည်းပါးလှသဖြင့် အိပ်မက်ထဲတွင် မျက်ရည်ကျသည့် အပိုင်းလောက်သာ မက်နိုင်ရှာသည်။

နံနက်မိုးလင်း၍ အိပ်ရာနိုးသောအခါ အောက်ပိုင်းမှ စိုစွတ်မှုကြောင့် ဧကရာဇ်မှာ ကြံရာမရ ဖြစ်ရလေသည်။

ထို့ကြောင့် ဤထူးဆန်းသော သာယာမှုနှင့် ကျေနပ်မှုကို လိုက်လျောကာ ဧကရာဇ်သည် နေ့စဉ်နေ့တိုင်း ညီလာခံသဘင်၌ ဆန်းပြားသော အကြံဉာဏ်များကို ထုတ်ဖော်မိန့်ကြားလေတော့သည်။

အမတ်ချုပ်ကြီးမှာလည်း နိုင်ငံရေး၊ စစ်ရေးကိစ္စများကို စီမံခန့်ခွဲပေးရသည့်အပြင်၊ နေ့စဉ် မနက်ခင်း ညီလာခံတိုင်းတွင် တိုင်ပင်ကို ခေါင်းနှင့်ဆောင့်ပြရသည့် အလုပ်ကိုပါ တာဝန်ယူရ၏။

အချိန်ကြာလာသည်နှင့်အမျှ ဤကိစ္စကလည်း အကျင့်ပါသွားပြီး မျက်ရည်များလည်း အလွယ်တကူ စီးကျလာတတ်သည်။ ယခင်ကဆိုလျှင် ရုတ်ရုတ်သဲသဲ ဖြစ်နေခိုက် မျက်လုံးကို ပူရှိန်းနံ့သာဆီများ ခိုးသုတ်ရသော်လည်း၊ ယခုမူ ထိုသို့ ပြုလုပ်ရန်ပင် မလိုတော့ချေ။

တိုင်းသူပြည်သားများကြားတွင်မူ ဧကရာဇ်သည် အာဏာရှင်ဆန်သော မင်းဆိုးမင်းညစ် ဖြစ်ပြီး၊ အမတ်ချုပ်ကြီးသာလျှင် ဘုရင့်ရှေ့တော်၌ ရဲရဲဝံ့ဝံ့ လျှောက်တင်ရဲသူ၊ တိုင်းပြည်ပျက်မည့်ဘေးမှ ကယ်တင်နေသူ၊ သစ္စာရှင် အမတ်ကောင်းတစ်ဦး ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့နေလေသည်။ လူတိုင်းက အမတ်ချုပ်ကြီးကို ချီးကျူးမဆုံး ဖြစ်နေကြ၏။

ထိုချီးကျူးသံများက အမတ်ချုပ်ကြီး၏ နားထဲသို့ ရောက်ရှိလာသော် မိမိအလုပ်ကို အတော်ပင် ကောင်းကောင်း လုပ်နိုင်ပါလားဟု ကျေနပ်မိလေသည်။

ဧကရာဇ်မင်းမြတ်ကမူ အမတ်ချုပ်ကြီး နေ့တိုင်း နန်းတော်သို့လာ၊ တိုင်ကို ခေါင်းနှင့်ဆောင့်၍ သူ့ရှေ့တွင် ငိုပြနေသမျှ ကာလပတ်လုံး တိုင်းသူပြည်သားများ၏ အမြင်ကို ဂရုမစိုက်ပေ။

ဤသို့ဖြင့် အားလုံးက ဤအခြေအနေကို ကိုယ်စီကျေနပ်နေကြလေတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment