တစ်ခဏတာမျှသော အချိန်ပိုင်းလေးအတွင်း ယန်ကျန့်၏ စိတ်အစဉ်၌ လူသတ်ချင်စိတ်များသာ တဖွားဖွား ပေါ်ပေါက်လာရသည်။
ခန္ဓာကိုယ်မှ ကြွက်သားများ ရုတ်ချည်း တောင့်တင်းသွားပြီး သွေးကြောများ ဖောင်းကြွလာကာ မျက်လုံးအိမ်တစ်ခုလုံး သွေးရောင်လွှမ်းသွား၏။
သူ အခန်းထဲမှ ပြန်လှည့်ထွက်လိုက်ပြီး လှေကားလက်ရန်းကို တင်းတင်းဆုပ်ကိုင်ကာ စိတ်ငြိမ်သွားစေရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် တံခါးကို ပြန်တွန်းဖွင့်လိုက်သော်…
စူးကျင်ရှင်းက ငိုမနေတော့သော်လည်း အိပ်မက်ဆိုး၏ နှောင်ဖွဲ့မှုအောက်တွင် ပိတ်မိနေဆဲပင်။ စောင်အောက်မှ လက်သီးဆုပ်လေး တစ်ဖက် ထွက်ပေါ်နေပြီး စောင်စွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်မှာ လက်ဖမိုးမှ သွေးကြောမျှင်လေးများ ပေါ်နေပြီး လက်ဆစ်များပင် ဖြူဖျော့နေချေပြီ။
ထိုလက်သီးဆုပ်လေးက ယန်ကျန့်၏ နှလုံးသားကိုပါ လှမ်းဆွဲညှစ်လိုက်သကဲ့သို့ စူးရှပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
သူ အပြေးသွားကာ ထိုလက်ကလေးကို အုပ်မိုးဆုပ်ကိုင်ရင်း နာမည်ကို ညင်သာစွာ ခေါ်လိုက်သည်။
စူးကျင်ရှင်းက ရုန်းကန်နေသော်လည်း နိုးမလာရှာ။ နှုတ်ခမ်းဖျားမှသာ တီးတိုးရေရွတ်နေသည်။
"အရမ်းနာတယ်... အားလေ့ .. မလုပ်ပါနဲ့... အရမ်းနာတယ်..."
ထိုညည်းတွားသံများကြောင့် ယန်ကျန့်၏ ရင်ထဲတွင် ဆစ်ခနဲ ကြေမွသွားရသည်။
သူ ဆုပ်ကိုင်ထားသော လက်ကလေးမှာ စိုစွတ်ပြီး အေးစက်နေသဖြင့် ယန်ကျန့်က သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နဖူးမှ ချွေးများကို တီရှူးဖြင့် သုတ်ပေးလိုက်သည်။
"ကျင်ရှင်း... ကျင်ရှင်း... ကိုယ်ပါ... မကြောက်နဲ့နော် ပေါင်ပေ့... ကိုယ်ရှိတယ်..."
စူးကျင်ရှင်းက ထပ်မံရုန်းကန်ပြန်သော်လည်း နိုးမလာသေးပေ။
ယန်ကျန့် ထူးဆန်းသွားပြီး စောင်အောက်သို့ စမ်းကြည့်လိုက်ရာ ရွှဲရွှဲစိုနေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် စူးကျင်ရှင်းကို ကုတင်ပေါ်မှ ပွေ့ချီကာ စောင်ဖြင့် ပတ်လျက် အဝတ်အစားလဲပေးရန် အဝတ်ခန်းသို့ ခေါ်သွားလိုက်၏။
စူးကျင်ရှင်းသည် ယန်ကျန့်၏ ရင်ခွင်နှင့် ယဉ်ပါးနေပုံရသည်။ ကျောပြင်ကို ပုတ်ပေးရင်း ချော့မြှူလိုက်သော် ငြိမ်သက်သွားပြီး တောင့်တင်းနေသော ခန္ဓာကိုယ်လေး ပြန်လည် လျော့ကျသွားသည်။ ခေါင်းလေးက ယန်ကျန့်၏ လည်ပင်းကြားသို့ လျှောကျလာပြီး အဝတ်အစား လဲပေးသည်ကို ငြိမ်ခံနေရှာသည်။
မူလက ယန်ကျန့် ဒေါသထွက်နေသော်လည်း ယခုကဲ့သို့ အသိုက်ပြန်ဝင်သည့် ငှက်ပေါက်စလေးသဖွယ် သူ့ရင်ခွင်ထဲတွင် ကွေးကွေးလေး အိပ်ပျော်နေသော စူးကျင်ရှင်းကို ကြည့်ရင်း မပြုံးဘဲ မနေနိုင်တော့ချေ။
ဆိုဖာပေါ် တင်ပေးရန် ပြင်လိုက်သော်လည်း ကျောဘက်မှ အင်္ကျီစကို ဆွဲထားသဖြင့် ဖယ်ခွာ၍ မရ။ စူးကျင်ရှင်းက နှုတ်ခမ်းလေးကို သပ်ရင်း "မသွားပါနဲ့..." ဟု ဆိုကာ ပို၍ တိုးကပ်လာသည်။
ယန်ကျန့် ရင်ခုန်သွားရ၏။
ကြည်နူးရမလို၊ ဝမ်းနည်းရမလို ဝေခွဲမရ ခံစားချက်တို့ကလည်း ရောထွေးနေလျှက်သား။
သူ ခဏမျှ ကြက်သေသေနေပြီးမှ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ထို့နောက် အိမ်တော်ထိန်းကို လှမ်းခေါ်ပြီး အိပ်ရာခင်းများ လဲလှယ်ခိုင်းလိုက်၏။ တကယ်တမ်းတွင် သူသည် ဒေါသထွက်နေဆဲဖြစ်ရာ ပေါက်ကွဲစရာနေရာ ရှာမတွေ့ ဖြစ်နေသဖြင့် အခန်းထဲ ဝင်လာသော အိမ်တော်ထိန်းနှင့် အစေခံများကို ဟောက်စားလုပ်လေတော့သည်။
"ဒီလောက် ပေါ့ဆရသလား... ငါ မင်းတို့ကို အပ်ထားပါလျက်နဲ့ ဂရုမစိုက်ကြဘူး... ဒီလောက် ချွေးတွေ ထွက်နေတာကို လာကြည့်တဲ့လူ မရှိဘူး..."
ယန်ကျန့်သည် ပုံမှန်အားဖြင့် တည်ကြည်လေးနက်ပြီး လက်အောက်ငယ်သားများအပေါ် ကြင်နာတတ်သူ ဖြစ်သော်လည်း ယခုကဲ့သို့ ဒေါသပေါက်ကွဲနေချိန်တွင်မူ အားလုံးမှာ ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲများနှယ် အသံတိတ်ကာ ငြိမ်ကုပ်နေကြရသည်။ အခန်းထဲတွင် လူငါးခြောက်ယောက်ခန့် အလုပ်ရှုပ်နေကြသော်လည်း အပ်ကျသံပင် မကြားရ။
အရင်က "သူက အရုပ်လေး တစ်ရုပ်ပါကွာ... သိပ်အလေးအနက် ထားမနေနဲ့... အောက်ခြေကလူဆိုတော့ အလိုလိုက်ရင် ခေါင်းပေါ်တက်လိမ့်မယ်" ဟု ပြောခဲ့ဖူးသူမှာ ဘယ်သူဖြစ်ပါအံ့။ လွန်ခဲ့သော ခြောက်လအတွင်း စူးကျင်ရှင်းကို ကိုယ်ပိုင်ပစ္စည်းလေး တစ်ခုလို သဘောထားပြီး သူများလက်ဖျားနှင့် ထိလျှင်တောင် ဒေါသထွက်တတ်သူမှာရော ဘယ်သူဖြစ်ပါအံ့။ တွေးသာတွေးရဲသည်။ ဘယ်သူမှ မေးခွန်းမထုတ်ရဲကြပါချေ။
ဆူညံသံများကြောင့် စူးကျင်ရှင်း နိုးလာသည်။ ယန်ကျန့် ဆူပူနေတာကို ရိပ်မိသဖြင့် ရင်ဘတ်ကို အသာစမ်းကာ အိပ်မှုန်စုံမွှားဖြင့် ဖြန်ဖြေရှာသည်။
"စိတ်မဆိုးပါနဲ့... စိတ်မဆိုးပါနဲ့..."
သူကြောင့် ယန်ကျန့် စိတ်ဆိုးနေသည်ဟု ထင်မှတ်ကာ အလျှင်အမြန်လည်း ဆိုလာ၏။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး... သူတို့အမှား မဟုတ်ပါဘူး... စိတ်မပူပါနဲ့နော်..."
ယန်ကျန့်က ဒေါသ မပြေနိုင်သေးသဖြင့် ဟောက်လိုက်မိသည်။
"မင်းကိစ္စ မဟုတ်ဘူး... ပြန်အိပ်နေ!"
စူးကျင်ရှင်း ငြိမ်ကျသွားလေသည်။
အစေခံများ အိပ်ရာခင်းလဲပြီး ထွက်သွားသောအခါမှ ယန်ကျန့် သူ စကားပြော လွန်သွားမှန်း သတိထားမိလိုက်သည်။ ငုံ့ကြည့်လိုက်တော့ စူးကျင်ရှင်းက မျက်တောင်ကော့ကော့လေးများ တုန်ခါနေပြီး အိပ်ချင်ယောင် ဆောင်နေတာကို မြင်လိုက်ရသည်။
"မင်း..."
ယန်ကျန့်လည်း ယုန်သူငယ်လေးလို ကြောက်လန့်နေသော သူ့ကိုကြည့်ပြီး သက်ပြင်းချလိုက်ရသည်။ ခါးလေးကို ပင့်မကာ နဖူးပြင်ကို ဖွဖွလေး နမ်းရှိုက်လိုက်ရင်း
"မင်းကို စိတ်ဆိုးတာ မဟုတ်ပါဘူးကွာ... မကြောက်ပါနဲ့..."
စူးကျင်ရှင်းက ခေါင်းလေးမော့ကာ နှုတ်ခမ်းစူလျက် ခေါင်းညိတ်ပြသည်။ ယန်ကျန့်၏ ချော့မြှူမှုအောက်တွင် ဆိုလာ၏။
"ကျွန်တော် သိပါတယ်... ခင်ဗျားက ဒီလောက်ကိစ္စလေးနဲ့ စိတ်ဆိုးပါ့မလား... စိတ်ပူလို့ ပြောတာမလား..."
ပြောရင်း သူက ယန်ကျန့်၏ လည်ပင်းကို ဖက်တွယ်လိုက်ရင်း ရင်ခွင်ထဲသို့ တိုးဝင်လာလေသည်။
ဒီလိုအချိန်မှာတောင် အလိုက်အထိုက် နေတတ်လွန်းသည့် ကောင်ကလေးပါပင်။
ယန်ကျန့် ဘာပြောရမှန်း မသိတော့။ ဒဏ်ရာကို မထိစေရန် သတိထားရင်း ကျောပြင်လေးကိုသာ ပုတ်ပေးလိုက်သည်။
"အိပ်တော့..."
စူးကျင်ရှင်းက စနေ၊ တနင်္ဂနွေဆိုလျှင် ယန်ကျန့်အိမ်၌ နေလေ့ရှိပြီး အတူအိပ်နေကျ ဖြစ်သည်။ မကြာမီ ဟောက်သံသဲ့သဲ့လေး ထွက်ပေါ်လာကာ အိပ်ပျော်သွားလေသည်။
သို့သော် ယန်ကျန့် အိပ်မပျော်နိုင်။
"နာတယ်" ဟူသော စကားသံက နားထဲ စွဲထင်နေပြီး ဝင်သက်ထွက်သက်တိုင်းတွင် နှလုံးခုန်သံများ မြန်ဆန်နေသည်။ စူးကျင်ရှင်းက သူ့ဘေးတွင် အိပ်လျှင် အမြဲတမ်း လိမ္မာသည်။ မငိုသလို၊ ဂျီလည်းမကျ၊ အိပ်မက်လည်း မမက်တတ်ချေ။ ယန်ကျန့် ထားသည့် အနေအထားအတိုင်း တစ်ညလုံး မလှုပ်မယှက် အိပ်တတ်သည်။
သူ့ကို အမြဲတမ်း ဒီလိုပဲ လိမ္မာပြီး အေးဆေးသည့် ကောင်လေးဟု ယန်ကျန့် ထင်ခဲ့ဖူးသည်။
ဒါပေမဲ့ တကယ်တမ်းကျတော့…
စဉ်းစားလေ... စူးကျင်ရှင်းအကြောင်း သူ မသိသေးတာတွေ ဘယ်လောက်တောင် များနေပြီလဲဟု တွေးမိလေ ဖြစ်နေသည်။
ယန်ကျန့် ထပ်ခါတလဲလဲ တွေးတောနေမိသည်ကတော့
သူက တကယ်ပဲ သဘာဝအတိုင်း လိမ္မာတာလား။ ဒါမှမဟုတ် အနာမခံနိုင်၍လား။ ဒါမှမဟုတ် သူ့ရှေ့မှာ အော်မငိုရဲတာလား။ သူ့ရဲ့ နူးညံ့သိတတ်မှုတွေက ဟန်ဆောင်မှုတွေလား၊ သည်းခံနေတာတွေလား။ သူ့ရည်းစားနဲ့ကရော တကယ် အဆင်ပြေရဲ့လား။ တကယ်ချစ်တဲ့ ရည်းစားဆိုရင် ကိုယ့်ချစ်သူကို သူများဆီ အလုပ်လုပ်ခိုင်းပြီး ပိုက်ဆံရှာခိုင်းပါ့မလား…။
ဤအကြောင်းအရာများကို တွေးမိတိုင်း သူ့သွားတွေ ကျိန်းစပ်လာပြီး နားထင်ကြောများ ထိုးကိုက်လာသည်။
ထို့နောက်... ယုတ်ညံ့သော အတွေးတစ်ခု သူ့ခေါင်းထဲ ဝင်ရောက်လာသည်။
ယခင်က စူးကျင်ရှင်းကို အပိုင်သိမ်းရန် မစဉ်းစားခဲ့ဖူးပေ။ ဒီကောင်လေးမှာ ချစ်သူရှိနေပြီး သူတို့ချင်း သိပ်ချစ်ကြသည်ဟု ထင်ထားသဖြင့် သူကဲ့သို့ လူကြီးလူကောင်း တစ်ယောက်အနေဖြင့် သူများစုံတွဲကြား ဝင်မပါချင်ခဲ့။
ဒါပေမဲ့...
တကယ်လို့ စူးကျင်ရှင်းရဲ့ ချစ်သူဆိုတဲ့ကောင်က သူ့ကို အိပ်မက်ထဲထိ လိုက်ပြီး ငိုအောင် လုပ်နေမယ် ဆိုရင်တော့…
ယန်ကျန့်သည် စူးကျင်ရှင်း၏ နီရဲနေဆဲ နှာခေါင်းလုံးလုံးလေးကို နမ်းလိုက်ရင်း ကတိပြုလိုက်သည်။
"မင်းကို နောက်ထပ် မငိုစေရဘူး"
>>>>>>>>
နောက်တစ်နေ့ မနက်တွင် ယန်ကျန့်က စူးကျင်ရှင်းကို ထမင်းစားခန်းထိ ပွေ့ချီပို့ပေးလိုက်သည်။ ထို့နောက် သူ့အတွင်းရေးမှူးကို ဖုန်းဆက်ပြီး စူးကျင်ရှင်း၏ ပုဂ္ဂိုလ်ရေးရာများကို စုံစမ်းခိုင်းလိုက်၏။
"ကျင်ရှင်း အမြဲတမ်း ငွေလွှဲပေးနေကျ နိုင်ငံခြားအကောင့်ကို သေချာ စုံစမ်းကြည့်စမ်း"
အတွင်းရေးမှူးက အံ့သြတကြီး မေးလာသည်။ "ဥက္ကဌယန်... အရင်က ဒီကိစ္စတွေကို လိုက်မစုံမ်းဘူးလို့ ပြောထားတယ် မဟုတ်လား"
ယန်ကျန့် မျက်မှောင်ကြုတ်လိုက်၏။
"ခေတ်ကာလတွေ ပြောင်းသွားပြီလေ... အရင်က မစုံစမ်းချင်ပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ"