မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ကျေနပ်ဖွယ်ရာ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပေသည်။
အချိန်နာရီတို့ဟာဖြင့် အဆုံးအစမဲ့စွာ ရွေ့လျားနေသကဲ့သို့ပင်။
ယန်ကျန့်တစ်ယောက် စူးကျင်ရှင်း၏ ကိုယ်ခန္ဓာထက်မှ ဖယ်ခွာလိုက်ချိန်တွင်တော့ ပြတင်းပေါက်မှတဆင့် မြင်နေရသော နေဝင်ဆည်းဆာရောင်နီများ ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။ လသာဆောင်တစ်ခုလုံးသည်လည်း လရောင်နုနုအောက်တွင် နှစ်မြုပ်လို့နေ၏။
စူးကျင်ရှင်းမှာမူ သာယာမှု၏ အရှိန်အဟုန်၊ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများမှ ရုန်းမထွက်နိုင်သေး။ ရှုပ်ပွနေသော ခေါင်းအုံးနှင့် စောင်များကြားတွင် သူ၏ ကိုယ်ခန္ဓာသည် နီမြန်းနေပြီး အနည်းငယ် တုန်ယင်ကာ မောဟိုက်နေဆဲပင်။
"ပင်ပန်းသွားလား..."
ယန်ကျန့်က လေသံတိုးတိုးဖြင့် မေးလိုက်ရင်း စူးကျင်ရှင်း၏ နဖူးပေါ်သို့ ဝဲကျနေသော ဆံနွယ်များကို ဖွဖွလေး သပ်တင်ပေးလိုက်သည်။
စူးကျင်ရှင်းက ခေါင်းကို အသာအယာ ခါယမ်းပြသည်။
"ရပါတယ် မပင်ပန်းပါဘူး"
သူ့ခေါင်းမာပုံကို အထာနပ်ပြီးသားဖြစ်၍ ယန်ကျန့် ဆက်မမေးတော့။ အိပ်ရာမှထကာ ရေချိုးဝတ်ရုံကို ပေါ့ပါးစွာ ကောက်စွပ်လိုက်ပြီး ရေတစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် စူးကျင်ရှင်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ရေတိုက်ပေးလိုက်၏။
"ပင်ပန်းရင်လည်း ပြောပေါ့ကွာ... ဘာလို့ ဟန်ဆောင်နေရတာလဲ"
စူးကျင်ရှင်းက ယန်ကျန့်၏ ပခုံးပေါ်တွင် ခေါင်းတင်လျက် ရေခွက်ကို ဟမ်စတားလေးတစ်ကောင်နှယ် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်း သောက်နေရှာသည်။ ယန်ကျန့်၏ စကားကို ကြားသောအခါ သူက ရှက်ကိုးရှက်ကန်း အပြုံးလေးဖြင့် တုံ့ပြန်၏။
ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။
ယန်ကျန့် မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ "ဘာကိစ္စလဲ"
"သခင်လေး... ကုမ္ပဏီက လူတွေ ရောက်နေပါတယ်"
"ခဏစောင့်ခိုင်းလိုက်"
"... သူတို့က အိမ်ဝမှာ ရောက်နေကြပါပြီ၊ ဒါပေမဲ့..."
အိမ်တော်ထိန်း၏ စကား မဆုံးခင်မှာပင် စူးကျင်ရှင်းက ယန်ကျန့်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်လေသည်။
"မြန်မြန် သွားလိုက်ပါ အလုပ်ကိစ္စ မနှောင့်နှေးစေနဲ့"
ယန်ကျန့်က သူ့ခါးလေးကို ပြန်ဆွဲဖက်ထားလိုက်ရင်း တသည်။
"နေပါစေကွာ... အရေးမကြီးပါဘူး"
သို့သော် စူးကျင်ရှင်းကမူ အဝတ်အစားများပင် ကောက်ဝတ်နေပြီဖြစ်သည်။ ကြယ်သီးတပ်ရင်း သူက ပြုံး၍ ပြောသည်။
"ဥက္ကဌယန်... ကျွန်တော် စီးပွားရေးသတင်းတွေ ကြည့်ထားပါတယ်နော်"
ယန်ကျန့်၏ ကုမ္ပဏီက လက်ရှိ လုပ်ဆောင်နေသော ဝယ်ယူမှုကိစ္စက သတင်းခေါင်းကြီးပိုင်းများတွင် ပါနေသည်မလား။ မသိစရာ အကြောင်းမရှိပေ။
ယန်ကျန့် ဆွံ့အသွားသည်။
စူးကျင်ရှင်းက လှည့်ကြည့်ရင်း သူ့မျက်နှာကို လေဖြင့် "ဖူး" ခနဲ မှုတ်ကာ စနောက်လိုက်သည်။
"သွားပါတော့ဗျာ။ အလုပ်က အရေးကြီးတယ်လေ"
ထို့နောက် ခဏအကြာတွင် သူ အာမေဋိတ်သံ ပြုလိုက်၏။
"ဟာ... ဒုက္ခပါပဲ၊ ဖိနပ်တွေ အဝင်ဝမှာ ကျန်ခဲ့တယ်"
"ဘာဖြစ်လဲကွာ..."
ယန်ကျန့်လည်း မတတ်သာတော့ဘဲ အဝတ်အစားလဲရန် ထလိုက်ရသည်။
"ဒီလောက်နှစ်တွေ ကြာနေပြီ။ ဒါကို စိတ်ထဲထားနေတုန်းလား"
"ဒါကတော့..."
စူးကျင်ရှင်းက မျက်နှာပျက်နေသည်။ သူက ဤကိစ္စနှင့် ပတ်သက်လျှင် တစ်ယူသန် ဆန်တတ်သည်။ ယန်ကျန့်နှင့်အတူ ပုဂ္ဂိုလ်ရေး ပါတီပွဲများ တက်ရောက်ရန် ဝန်မလေးသော်လည်း၊ ယန်ကျန့်၏ အိမ်တွင် ရှိနေကြောင်းကိုတော့ လူသိမခံချင်ပေ။
"လူတိုင်းက ပွဲတက်ရင် အဖော်ခေါ်တတ်ကြတာပဲလေ။ ကျွန်တော် လိုက်တာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အိမ်မှာ လူခေါ်ထားတယ် ဆိုတာကတော့ မတူဘူးလေ။ ခင်ဗျားလို သူဌေးတစ်ယောက်က ကိုယ့်ဂုဏ်ကိုယ် ထိန်းသိမ်းရမယ်"
သူက ဤနှယ် ဆိုလေ့ရှိသည်။
မူဝါဒရေးရာ ကိစ္စမဟုတ်လျှင် ယန်ကျန့်က သူ့သဘောအတိုင်း လိုက်လျောပေးလေ့ရှိသည်။ တကယ်တမ်း ငြင်းခုံလျှင်လည်း နိုင်အောင် ပြောနိုင်သူမဟုတ်။ ထို့ကြောင့် ယန်ကျန့်လည်း လွှတ်ထားလိုက်ပြီး အိမ်တော်ထိန်းကို တံခါးဝမှတဆင့် ဖိနပ်ယူလာပေးရန် လှမ်းပြောပေးလိုက်ရသည်။
သို့သော် ကုမ္ပဏီဝန်ထမ်းများကို အိမ်ထဲခေါ်ပြီး စကားနှစ်ခွန်း၊ သုံးခွန်းလောက် ပြောရုံရှိသေးသည်။ ပြတင်းပေါက် အပြင်ဘက်ဆီမှ အသံနက်ကြီးတစ်ခု ကြားလိုက်ရ၏။
"ဘုန်း!"
အသံက ကျယ်လွန်းသဖြင့် အခန်းထဲရှိ လူများအားလုံး လန့်ဖျပ်သွားကြသည်။
ယန်ကျန့်က ထိုအသံ၏ ဇာစ်မြစ်ကို ဦးဆုံး ရိပ်မိလိုက်သူ ဖြစ်သည်။ ရင်ထဲ 'ဒိန်း' ခနဲ ဖြစ်သွားပြီး ကျိန်ဆဲလိုက်မိကာ ဖိနပ်ပင် မလဲနိုင်တော့ဘဲ အပြေးထွက်သွားမိလေသည်။
ထင်သည့်အတိုင်းပင်... စူးကျင်ရှင်း ပြုတ်ကျခြင်း ဖြစ်သည်။
စူးကျင်ရှင်း၏ အပြစ်ကို ရှာရမည်ဆိုလျှင် လသာဆောင်များကို မျောက်ရှုံးအောင် တွယ်တက်တတ်သည့် အကျင့်က နံပါတ်တစ် ဖြစ်လိမ့်မည်။
အားလပ်ရက်များတွင် သူ့ကို လှမ်းခေါ်လိုက်တိုင်း၊ လာကြိုခိုင်းခြင်း မရှိ၊ အိမ်ရှေ့တံခါးမကြီးမှ ဝင်လာခြင်းလည်း မရှိ။ လသာဆောင်မှသာ ခိုးဝင်လာတတ်ပြီး ပြန်လျှင်လည်း ထိုလမ်းမှသာ ပြန်ဆင်းသွားတတ်သည်။ ယန်ကျန့်ကို "ရိုမီယိုနှင့် ဂျူလီးယက် ဇာတ်လမ်းဆင်ပေးခြင်း" ဟု သူက ခေါင်းစဉ်တပ်တတ်သေး၏။
၂၁ ရာစု ရောက်နေပြီကို ဒီလိုအကွက်မျိုးတွေ သုံးနေတုန်းဟု တွေးရင်း ယန်ကျန့် ရယ်ချင်မိသည်။ လုံခြုံရေးကင်မရာ မှတ်တမ်းများကို ပြန်ကြည့်မိတိုင်း ကြွက်လေးတစ်ကောင်လို ကပ်ခိုသွားလာနေသည့် သူ့ပုံစံကို ကြည့်ပြီး ယန်ကျန့် အမြဲ ရယ်မောခဲ့ရဖူးသည်။
လုံခြုံရေးဝန်ထမ်းများကလည်း စူးကျင်ရှင်းမှန်း သိ၍ လွှတ်ပေးထားခြင်း ဖြစ်သည်။ ဤမျှ စနစ်ကျသည့် လုံခြုံရေးစနစ်ကြားတွင် သူက ကိုယ့်အိမ်ကိုယ့်ယာလို ဝင်ထွက်နေသည်ကိုး။ တကယ်တမ်း မတော်တဆ ဖြစ်လာလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။
သိသာသိလျှင် လသာဆောင်အောက်မှာ လှေကားထောင်ပေးထားမိလိမ့်မည်။
စူးကျင်ရှင်းကိုလည်း "ဇွဲအကောင်းဆုံး သရုပ်ဆောင်ဆု" ပေးသင့်၏။ ပြုတ်ကျလာသည့် ကြားမှ ယန်ကျန့်၏ ပန်းခြံအပြင်ဘက် လမ်းမဆီသို့ လှိမ့်ထွက်သွားရန် ကြိုးစားနေသေးသည်။
ဒါပေမဲ့ ပန်းခြံက အကျယ်ကြီးလေ... ဘယ်ကို လှိမ့်သွားနိုင်မှာတဲ့လဲ။
သူ့ခမျာ ပန်းခင်းထဲတွင် သောင်တင်နေရှာသည်။ ကိုယ်ကို ဘောလုံးလေးသဖွယ် ကွေးထားပြီး ကျောပြင်လေးက တသိမ့်သိမ့် တုန်နေ၏။ အတော်လေး နာကျင်နေပုံရသည်။
ယန်ကျန့် သူ့ကို မြင်လိုက်ရသည့် ခဏ၌ ရင်ဝကို တူကြီးနှင့် ထုနှက်လိုက်သလို ခံစားလိုက်ရသည်။ ခြေဖျားလက်ဖျားများ အေးစက်သွားပြီး ဒေါသနှင့် စိုးရိမ်စိတ်တို့ ရောထွေးသွားသည်။
"မင်း ဘာလုပ်တာလဲ!"
စိုးရိမ်စိတ် လွန်ကဲသွားသဖြင့် အသံက အနည်းငယ် မာထန်သွားသည်။
စူးကျင်ရှင်းက လန့်သွားပြီး တုန်ယင်သွား၏။
"တောင်း... တောင်းပန်ပါတယ်... ဘာမှ လုပ်စရာ မရှိတော့ဘူး ထင်လို့ အိမ်ပြန်ပြီး အိမ်စာလုပ်မလို့ပါ... ဟို... တောင်းပန်ပါတယ်"
တံတောင်ဆစ်နှင့် ဒူးခေါင်းများတွင် ပွန်းပဲ့ပြီး သွေးစို့နေသော်လည်း နာပါတယ်ဟု အော်ပင် မအော်ရဲ။ အားနာပါးနာ အပြုံးလေးဖြင့် တောင်းပန်နေသော သူ့ကို ကြည့်ပြီး ယန်ကျန့် စိတ်မကောင်း ဖြစ်သွားသည်။ မျက်မှောင်ကြုတ်လျက် အံကိုတင်းတင်းကြိတ်ကာ ဒဏ်ရာများကို မထိခိုက်စေမည့် နေရာမှ ကိုင်၍ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်လိုက်သည်။
"ငြိမ်ငြိမ်နေ... လှုပ်ရင် အမာရွတ် ကျန်လိမ့်မယ်။ အရိုးတွေ ဘာဖြစ်သွားသေးလဲ။ ဘယ်နား ထိသွားလဲ"
စူးကျင်ရှင်းက ချက်ချင်းပင် ဟန်လုပ်ပြုံးလိုက်သည်။
"ရပါတယ် နည်းနည်း ချော်လဲသွားရုံပါ"
ယန်ကျန့် တစ်စုံတစ်ခု ပြောချင်သော်လည်း စကားလုံးများက လည်ချောင်းဝတွင် ဆို့နေသည်။ မျက်နှာထား တင်းတင်းဖြင့်ပင် အိမ်တော်ထိန်းကို ဒဏ်ရာဆေးကြောရန် ရေယူခဲ့ဖို့ လှမ်းပြောလိုက်ရသည်။
အိမ်တော်ထိန်းသာမက၊ ကုမ္ပဏီမှ လူများပါ အကုန်လုံး ပြေးထွက်လာကြတာ ဖြစ်သည်။
စူးကျင်ရှင်းက မျက်နှာကို အမြန်လွှဲလိုက်ပြီး မြေကြီးကို လက်ထောက်ကာ ရုန်းထွက်ရန် ကြိုးစားသည်။
"ဥက္ကဌယန်... ကျွန်တော့်ကို ချပေးပါ"
ယန်ကျန့်က သူ့ခြေထောက်ကို ကိုင်၍ ဒဏ်ရာ ဆေးကြောပေးနေစဉ် စူးကျင်ရှင်းက ရုတ်တရက် ရုန်းလိုက်သဖြင့် ရေများ ဖိတ်စင်ကုန်သည်။ သွေးတိတ်လုနီးပါး ဖြစ်နေသော ဒူးခေါင်းမှ သွေးနီရဲရဲများ ပြန်ထွက်လာသည်ကို မြင်သောအခါ ယန်ကျန့် စိတ်ပူသွားပြီး အသံပါ ပြောင်းသွား၏။
"မလှုပ်နဲ့လို့ ပြောနေတယ်လေ! မင်း ဘာဖြစ်နေတာလဲ"
စူးကျင်ရှင်းက ကြောက်လန့်တကြား တုန်ရီနေသည်။
"ကျွန်... ကျွန်တော်... ဟိုမှာ လူတွေ..."
"ဘာဖြစ်လဲ! သရဲတွေမို့လို့လား"
"ကုမ္ပဏီက လူတွေ ကြည့်နေကြတယ်လေ..."
စူးကျင်ရှင်းက အသံတိုးတိုးဖြင့် ပြောရှာသည်။ "ခင်ဗျားက သူဌေးကြီးပဲဟာကို..."
"ကြည့်ချင် ကြည့်ကြပါစေ! ကိုယ့်အိမ်မှာ လူထားတာ ဘာဖြစ်လဲ!"
စူးကျင်ရှင်း တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သေးသည်။
သို့သော် မျက်နှာပျက်နေသော ယန်ကျန့်က ဖြတ်ပြောလိုက်၏။
"ထပ်ပြီး ရှုပ်ယှက်ခတ်နေရင် မင်းလစာကို ဖြတ်မယ်"
ဤစကားက ထိရောက်သည်။
စူးကျင်ရှင်းခမျာ ချက်ချင်းပင် လိမ္မာသွားပြီး ယန်ကျန့်၏ ရင်ခွင်ထဲတွင် မျက်နှာဝှက်ကာ ငြိမ်ကျသွားလေသည်။
မကြာမီ လူနာတင်ယာဉ် ရောက်လာသည်။
ယန်ကျန့်က ဘယ်သူ့ကိုမှ စိတ်မချသဖြင့် ကိုယ်တိုင်ပင် စူးကျင်ရှင်းကို ပွေ့ချီပြီး ကားပေါ်တင်ပေးလိုက်သည်။
ကားတံခါး ပိတ်လိုက်သည်နှင့် သူ့လက်ကောက်ဝတ်ကို ဆွဲထားသော အထိအတွေ့တစ်ခု ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်တော့ စူးကျင်ရှင်းက သူ့အင်္ကျီလက်စကို ဆုပ်ကိုင်ထားတာကို တွေ့ရသည်။
"ဥက္ကဌယန်... ကျွန်တော်... ကျွန်တော် ပြဿနာရှာချင်လို့ မဟုတ်ပါဘူးနော်... ကျွန်တော်..."
ကောင်လေး၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်နေသော်လည်း အမှန်တကယ် ငိုချလိုက်မိမှာ စိုး၍ နှုတ်ခမ်းကို တင်းတင်း ဖိကိုက်ထားသည်။
ယန်ကျန့် ကြောင်အသွား၏။
သူ့ကို လန့်သွားအောင် ပြောဆိုလိုက်မိသည့်အတွက် ယန်ကျန့် နောင်တရသွားသည်။ စူးကျင်ရှင်း၏ ရှုပ်ပွနေသော ဆံပင်လေးများကို ဖွဖွလေး ပွတ်သပ်ပေးလိုက်ရင်း
"မင်းအမှား မဟုတ်ပါဘူး... ကိုယ့်အမှားပါ"
ဒါက အမှန်တရားပင်။ ဒီနေ့ သူ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားခဲ့မိလို့ ကောင်လေးခမျာ ပင်ပန်းပြီး မတော်တဆ ဖြစ်ရခြင်း မဟုတ်ပါလော။
စူးကျင်ရှင်းက ပုံမှန်ဆို လည်လည်ဝယ်ဝယ် ရှိသော်လည်း၊ ယခုလို အချိန်မျိုးတွင်တော့ သတိလက်လွတ် ဖြစ်တတ်သည်။ ဒါကို သိရက်နှင့် အိမ်တော်ထိန်းအား သေချာ ကြပ်မတ်ခိုင်းထားခဲ့သင့်သည်။
သို့သော် စူးကျင်ရှင်းက သူ့ကို မယုံကြည်နိုင်သလို ကြည့်လာသည်။
မျက်လုံးရဲရဲ၊ နှုတ်ခမ်းတင်းတင်းစေ့၍ သနားကမား ကြည့်နေရှာသော သူ့ကို ယန်ကျန့် သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။
"တကယ် မင်းအမှား မဟုတ်ပါဘူး။ ဆေးဖိုးဝါးခတွေ အကုန် ကိုယ်ပေးမယ်။ လစာလည်း ၅ ဆ ပေးမယ်။ နွေရာသီကျောင်းပိတ်ရက် အတွင်း မင်းသုံးသမျှ စရိတ်တွေ ဘောင်ချာသိမ်းထား၊ ပြန်လာရင် အကုန် ပြန်ထုတ်ပေးမယ်"
စူးကျင်ရှင်း မှင်သက်သွားလေ၏။
သူ ဘာတွေးနေသလဲ ဆိုတာကို ယန်ကျန့် ရိပ်မိသဖြင့် သူ့နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လိုက်သည်။
"ဘာလဲ... မယုံဘူးလား။ ကိုယ် မင်းအပေါ် သုံးခဲ့တဲ့ ပိုက်ဆံတွေ မလောက်သေးဘူးလား။ ကိုယ် ဘယ်တုန်းက မင်းကို လိမ်ဖူးလို့လဲ"
ထိုအခါမှ စူးကျင်ရှင်းက မျက်ရည်များကြားမှ ပြုံးလိုက်လေသည်။
"ကျေးဇူးပါ ဥက္ကဌယန်!"
ယန်ကျန့်က ခေါင်းငုံ့လိုက်ပြီး စိုစွတ်နေသော မျက်တောင်ကော့ကော့လေးများကို ဖွဖွလေး နမ်းရှိုက်လိုက်ရင်း ရေရွတ်လိုက်သည်။
"မင်း... မင်းကတော့လေ... ပိုက်ဆံမက်တဲ့ ကောင်လေး..."