ယန်ကျန့်ခေါ်ဆောင်သွားသော ဆေးရုံက သူတို့မိသားစု ပိုင်ဆိုင်သည့် ဆေးရုံဖြစ်သည်။
ယန်ကျန့်မှာ စိုးရိမ်စိတ်လွန်ကဲနေသူပီပီ X-ray ၊ CT scan နှင့် MRI အစရှိသည့် စစ်ဆေးမှုပေါင်းစုံကို ပြုလုပ်စေခဲ့ရာ အနည်းငယ် ရှုပ်ထွေးလက်ဝင်လှသော်လည်း လုပ်ဆောင်မှု အဆင့်ဆင့်မှာမူ အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်လှသည်။
ယန်ကျန့်သည် စူးကျင်ရှင်းကို အောက်သို့ လုံးဝအဆင်းမခံ။ လှေကားအတက်အဆင်းပါမကျန် ပွေ့ချီထားပြီး၊ စကားထပ်ပြောလျှင် လစာဖြတ်မည်ဟု ခြိမ်းခြောက်လေသည်။ စူးကျင်ရှင်းခမျာ ဘာမှမတတ်နိုင်တော့သဖြင့် ငုံးကလေးတစ်ကောင်နှယ် ယန်ကျန့်၏ ရင်ခွင်ထဲတွင် ခေါင်းကိုသာ တိုးဝှက်ထားလိုက်ရရှာပြီး နားရွက်ဖျားလေးများပင် နီရဲနေလေတော့သည်။
မကြာမီ ဆေးစစ်ချက် အဖြေများ ထွက်ပေါ်လာ၏။ ကြီးကြီးမားမား ထိခိုက်မှုမရှိ၊ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိသွားခြင်း ဖြစ်သည်။
ထိုအခါမှ ယန်ကျန့်တစ်ယောက် သက်ပြင်းချနိုင်ကာ စိတ်အေးသွားရသည်။
သို့တိုင်အောင် သူက ဆရာဝန်ကို အလွတ်မပေးသေးဘဲ မေးခွန်းထုတ်နေပြန်သည်။
"ဒါဆို ဘာလို့ သွေးတွေ အများကြီး ထွက်ရတာလဲ။ သွေးထွက်လွန်တာက စိုးရိမ်ရလား။ အမာရွတ်ရော ကျန်ခဲ့မှာလား"
စိုးရိမ်စရာမရှိကြောင်း၊ အနားယူလိုက်လျှင် သက်သာသွားမည့်အပြင် ကုသမှုကောင်းလျှင် အမာရွတ်ပင် ကျန်မည်မဟုတ်ကြောင်း ကြားသိရမှသာ သူ တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။
ရင်းနှီးမြှုပ်နှံသူ အဓိကရှယ်ယာရှင်ကြီး၏ စိုးရိမ်တကြီး ဖြစ်နေပုံကို မြင့်တွေ့ရသောအခါ ဆရာဝန်များမှာ ပေါ့ပေါ့ဆဆ မနေရဲကြပေ။ ဒဏ်ရာ မပြင်းထန်သော်လည်း ဆေးရုံတင်ပြီး စောင့်ကြည့်လိုသလားဟု မေးမြန်းလာကြသည်။
ယန်ကျန့် ခေတ္တမျှ စဉ်းစားလိုက်သည်။ ဆေးရုံမှ VIP အခန်းများမှာ မဆိုးလှသော်လည်း ကိုယ့်အိမ်ကိုယ့်ယာလောက်တော့ မည်သည့်နေရာကမှ သက်တောင့်သက်သာ ရှိမည်မဟုတ်။ သူ ခေါင်းခါလိုက်ရင်း အမိန့်ပေးလိုက်သည်။
"စိတ်ချရတဲ့ ဆရာဝန်တစ်ယောက်ကို အိမ်ခေါ်လာခဲ့လိုက်"
ထို့နောက် သူနှင့်အတူ ပါလာသော အိမ်တော်ထိန်းကိုလည်း မိသားစုဆရာဝန်အား အိမ်တွင် အသင့်စောင့်နေစေရန် ညွှန်ကြားလိုက်၏။
စူးကျင်ရှင်းက လေသံတိုးတိုးဖြင့် ကန့်ကွက်ရှာသည်။
"ကိစ္စသေးသေးလေးပါဗျာ... ဒီလောက်ကြီး မလုပ်ပါနဲ့"
"ကိစ္စကြီးကြီး၊ ကိစ္စသေးသေး... ကိုယ် ဆုံးဖြတ်မယ်"
ယန်ကျန့်မှာ ပေါက်ကွဲထွက်လုနီးပါး ဒေါသအရှိန်အဟုန်တို့ ရှိနေသည့်အပြင်၊ လူစိမ်းများ၏ ရှေ့မှောက်တွင်လည်း ဖြစ်နေသဖြင့် တစ်ကိုယ်လုံးမှ အာဏာရှင်ဆန်သော စီအီးအိုတစ်ယောက်၏ အငွေ့အသက်များ တထောင်းထောင်း ထွက်နေလေသည်။
စူးကျင်ရှင်းသည် လူရှေ့သူရှေ့တွင် ယန်ကျန့် မျက်နှာပျက်အောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပေ။ ယခုလည်း ယန်ကျန့် စိတ်မကြည်သည်ကို ရိပ်မိသဖြင့် လိမ္မာစွာပင် ငြိမ်နေလိုက်တော့သည်။
သူသည် ယန်ကျန့်၏ ရင်ခွင်ထဲတွင် ငြိမ်ကပ်နေလိုက်သည်။ ယန်ကျန့်က သူ့ကို ပွေ့ချီလျက် ကားပေါ်တင်ကာ ယာဉ်တန်းဖြင့် အိမ်ပြန်ခဲ့ကြပြီး၊ အိမ်ရောက်သည်နှင့် လူအများရှေ့တွင်ပင် သူ့ကို ပွေ့ချီလျက် အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။
စူးကျင်ရှင်းမှာ အမှန်တကယ် ပင်ပန်းနွမ်းနယ်နေရှာပြီ ဖြစ်သည်။ ယန်ကျန့်၏ "စားသောက်" မှုကို ပြင်းပြင်းထန်ထန် ခံထားရသည်က တစ်ကြောင်း၊ မထင်မှတ်ထားသော မတော်တဆမှုများက တစ်ကြောင်းကြောင့် ယန်ကျန့် ရင်ခွင်ထဲတွင် ခေါင်းလေး ငိုက်စိုက်ကျနေရှာသည်။ ခေါင်းအုံးနှင့် ခေါင်း ထိလိုက်သည်နှင့် မျက်ခွံများ ပိတ်ကျသွားသော်လည်း ယန်ကျန့်၏ အင်္ကျီလက်စကို ဆွဲထားရင်း ပြောရှာသည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဌယန်... ဒီနေ့ ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
သူ့စကားသံများက မပီမသနှင့် လည်ချောင်းထဲတွင် တိုးဝင်ပျောက်ကွယ်နေပြီး မွေးကင်းစ သတ္တဝါလေးတစ်ကောင် ညည်းတွားနေသကဲ့သို့ ဖြစ်နေသည်။
ယန်ကျန့်မှာ ရယ်ချင်စိတ်နှင့် သနားစိတ်တို့ ရောထွေးသွားရသည်။ အင်္ကျီကို ဆွဲထားသော စူးကျင်ရှင်း၏ လက်ကောက်ဝတ်လေးကို ဖွဖွလေး ညှစ်လိုက်ရင်း ရှေ့ဆံပင်လေးများကို သပ်တင်ကာ နဖူးပြင်ကို အနမ်းခြွေလိုက်၏။
"အိပ်တော့... ဘာမှ ဒုက္ခမရောက်ပါဘူး။ မင်းက ကိုယ့်လူပဲ... ဘာဖြစ်ဖြစ် ကိုယ် တာဝန်ယူတယ်"
စူးကျင်ရှင်း၏ နားရွက်လေးများ နီရဲတက်လာသည်။ ပြန်ပြောစရာ စကားမရှိတော့ဘဲ စောင်အောက်သို့သာ မျက်နှာကို တိုးဝင်ဖုံးကွယ်လိုက်တော့သည်။
ယန်ကျန့် ရေချိုးခန်းထဲ ဝင်ကာ တဘက်ကို ရေဆွတ်ပြီး စူးကျင်ရှင်း၏ လက်နှင့် မျက်နှာများကို သုတ်ပေးသည်။ ညအိပ်ဝတ်စုံကိုလည်း ဂရုတစိုက် လဲပေးလိုက်သည်။ စူးကျင်ရှင်း၏ ဝင်သက်ထွက်သက်များ မှန်ကန်ငြိမ်သက်သွားသည် အထိ ဘေးတွင် စောင့်နေပေးပြီးမှ တံခါးကို အသာအယာ ပိတ်ကာ ထွက်ခွာသွားလေသည်။
သူ မအားဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
လတ်တလော ကုမ္ပဏီပူးပေါင်းခြင်း ကိစ္စရပ်များမှာ ငွေကြေးပမာဏ ကြီးမားရုံသာမက ရှုပ်ထွေးလှသဖြင့် ယန်ကျန့်ကဲ့သို့ လူပင် ပေါ့ဆ၍ မရပေ။
ဧည့်ခန်းသို့ ပြန်ဆင်းလာချိန်၌မူ ကုမ္ပဏီဝန်ထမ်း လူအုပ်ကြီးမှာ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ စားပွဲဝိုင်းတဝိုက်တွင် လက်ပ်တော့များနှင့် စာရွက်စာတမ်းများ ပြန့်ကျဲနေကြသည်။
ယန်ကျန့် နားထင်ကြောများကို ဖိနှိပ်လိုက်ရင်း ဝန်ထမ်းများကို တောင်းပန်စကား ဆိုလိုက်သည်
‘ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် အလုပ်နှောင့်နှေးစေမိပြီး အချိန်ပို ဆင်းခိုင်းမိတဲ့လို့ အားနာမိကြောင်း’ မိမိကိုယ်ကို အပြစ်တင်စကား ပြောကြားကာ အိမ်တော်ထိန်းကို ညလယ်အစာပြေ ပြင်ဆင်ပေးရန် မှာကြားပြီးနောက် အလုပ်ထဲသို့ အာရုံပြန်စိုက်လိုက်လေသည်။
မိုးလင်းကာနီးသည်အထိ သူ အလုပ်ရှုပ်နေခဲ့၏။
နောက်ဆုံး အစည်းအဝေး ပြီးဆုံးချိန်တွင် အိမ်မပြန်နိုင်တော့သည့် ဝန်ထမ်းများကို ဧည့်ဂေဟာဆောင်တွင် နေရာချပေးရန် စီစဉ်လိုက်သည်။ အားလုံးပြီးစီး၍ မိုးလင်းစပြုချိန် ရောက်မှသာ စူးကျင်ရှင်း နိုးသွားမည်စိုးသဖြင့် ဧည့်သည်ခန်းလွတ် တစ်ခုတွင် ရေမြန်မြန်ချိုး၊ ဆံပင်အခြောက်ခံပြီးမှ ကိုယ်ပိုင်အခန်းဆီသို့ ပြန်လာခဲ့လိုက်၏။
နတ်သားလေးတစ်ပါးလို အိပ်ပျော်နေမည့် စူးကျင်ရှင်းကို တွေ့ရမည်ဟု သူ မျှော်လင့်ထားခဲ့မိသည်။
သို့သော် တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အခန်းထဲမှ အက်ကွဲကာ ရှိုက်သံပါနေသော အသံတစ်သံကို ကြားလိုက်ရ၏။
"အားလေ့... မလုပ်ပါနဲ့... နာတယ်... အားလေ့... ဟင့်အင်း... ဖြည်းဖြည်းလုပ်ပါ... နာတယ်..."
ယန်ကျန့်၏ မျက်နှာ အုံ့မှိုင်းသွားလေသည်။
သူ အမြန်လှမ်းဝင်လိုက်၏။
ခေါင်းအုံးနှင့် စောင်အထပ်ထပ်ကြားတွင် မြုပ်နေသော စူးကျင်ရှင်း၏ လက်ဖဝါးစာလောက်သာ ရှိသည့် မျက်နှာလေးမှာ သွေးဆုတ်ဖြူလျော်နေပြီး ချွေးစေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့လိုက်ရလေသည်။