no

Font
Theme

Ch-20 Unicode

ချန်ချင့် ​မြန်​မြန်​​ပြန်ပြော​လိုက်ပေမယ့်​ ကျိုးယွမ်ကို မကြည့်​ရဲသေးချေ။ ထို့နောက် သူ့နားရွက်လေးတွေ တဖြေးဖြေးနီရဲလာကာ

"​ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်​ရမယ်​လို့ မားကပြောခဲ့တယ်"

ကျိုးယွမ် တွေးလိုက်မိသည်မှာ ဘာမှမပြောတဲ့အတွက် ကျေးဇူးတင်တာများလား...

"အဒေါ်က ခုလေးတင် ကိုယ့်ကို ကျေးဇူးတင်ပြီးသွားပါပြီ" ကျိုးယွမ် ပြောလိုက်၏။

"အာ အဲလိုလား ကျွန်တော် မသိလိုက်ဘူး"

ချန်ချင့်၏လက်တွေ ထုံကျင်သွားရသလိုပင်။ အမေက သူမကိုယ်တိုင် သူ့ကို ကျေးဇူးတင်ပြီးသွားပြီပဲ... သူက တစ်ခုခုပြောဖို့ ကြိုးစားနေတယ်လို့ ကျိုးယွမ်ထင်သွားမလား... သူ တကယ် အဲလိုမဟုတ်ရပါဘူးနော်...

ကျိုးယွမ်သည် ထိုနေရာမှာ မလှုပ်ရှားဘဲ ရပ်နေသလို ချန်ချင့်လည်း အတူတူပင်။ ကျိုးယွမ် ငုံ့ကြည့်လိုက်ရာ အနည်းငယ် တုန်ယင်နေသော ချန်ချင့်ကို မတွေ့လိုက်ခင်အထိ နှစ်ယောက်သား နေရာမှာတင် အေးခဲနေလေ၏။

သို့နှင့် သူ့အတွက် လမ်းဖယ်ပေးလိုက်ပြီ : "တောင်းပန်ပါတယ်... ကိုယ် မင်းသွားမဲ့လမ်းကို ပိတ်နေမိတာ သတိမထားမိလိုက်ဘူး"

ချန်ချင့် အဆင်ပြေကြောင်း အသံတိုးတိုးလေးနဲ့ ပြောလိုက်ပြီးနောက် သူ နည်းနည်းလေး ထပ်နောက်ကျသွားပါက ကျိုးယွမ် သူ့ကို တစ်ခုခုထပ်ပြောမည်ကို စိုးရိမ်သဖြင့် နောက်​ပြန်မလှည့်တော့ဘဲ အိမ်ပြန်ပြေးသွားလေတော့သည်။

ကျိုးယွမ်က သူ ပြေးထွက်သွားတာကို ကြည့်ပြီး မပြုံးမိဘဲမနေနိုင်တော့။

ချန်ချင့် အိမ်ပြန်ရောက်သည့်အခါ ရေစည်ပြည့်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေ၏။

စွင်းတာ့ညန် : "ခုနလေးတင်ပဲ ကျိုးယွမ် ရောက်လာပြီး ရေစည်ကို ဖြည့်သွားတာ"

ချန်ချင့် ခေါင်းညိတ်ပြလိုက်သည်။

"မင်း ခုနက သူ့ကို ကျေးဇူးတင်ခဲ့လိုက်လား"

ချန်ချင့် အသံတိုးတိုးလေးဖြင့် : "ဟုတ်"

စွင်းတာ့ညန် ခေါင်းခါလျက်။

"အားချင့် ငါတို့တွေက အနာဂတ်မှာ အိမ်နီးနားချင်းတွေ ဖြစ်လာပြီလေ... ဒီတော့ တစ်ယောက်နဲ့တစ်ယောက် အများကြီးပြောဆိုဆက်ဆံရလိမ့်မှာပဲ... ငါတို့ ဒီလိုပဲလုပ်နေလို့မရဘူး... နောင်မှာ ကိစ္စတစ်ခုခုရှိရင် မင်းကိုယ်တိုင် ထွက်ရမယ်နော်... တကယ်လို့ နောင်ကျ မင်းအမေ မရှိတော့ရင် မင်းရဲ့ ကျန်ဘဝတစ်သက်လုံးကို အိမ်ထဲမှာ ပုန်းချင်နေတာလား"

ချန်ချင့် မိုက်မဲစွာ ခေါင်းမော့လာကာ

"အမေ ဒီလိုမျိုး ကံဆိုးစေတဲ့စကားတွေ မပြောပါနဲ့... နောင်မှာ ကျွန်တော် တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ သေချာပေါက်သင်ယူပါ့မယ်"

စွင်းတာ့ညန် သူ့ဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်ရင်း

"ထမင်းစားချိန်ရောက်ပြီ... ငါ အပိုလုပ်ထားလို့... မင်း ကျိုးယွမ်ဆီ သွားပို့ပေးလိုက်ဦး"

ချန်ချင့် မီးဖိုချောင်ထဲ ဝင်သွားကာ ပြင်ဆင်ထားပြီးဖြစ်သော ပန်းကန်လုံးတစ်လုံးကို တွေ့လိုက်ရလေ၏။

ယနေ့ သူတို့မိသားစုက ဝက်အရိုးများဖြင့် စွပ်ပြုတ်ချက်ထားသည်ပင်။ စွပ်ပြုတ်ရည်မှာ အလွန်ပျစ်နှစ်လှပြီး ဆောင်းဖရဲသီး၊ ကန်စွန်းဥနှင့် ခေါက်ဆွဲတို့ကိုပါ ထည့်ချက်ထားခဲ့သည်။ ဒါက စွပ်ပြုတ်ပူပူ ပန်းကန်လုံးကြီးတစ်လုံးပဲ...

ချန်ချင့် အနည်းငယ် မသေချာဟန်ဖြင့်

"ဒါကို ကျွန်တော် သွားပို့ပေးရမှာလား"

စွင်းတာ့ညန် : "မင်းပဲ နောင်ကျ မင်းကိုယ်တိုင်လုပ်ပါ့မယ်လို့ စောနက အမေ့ကို ကတိပေးလိုက်တယ် မဟုတ်ဘူးလား"

ချန်ချင့် ပန်းကန်လုံးကို ကိုင်လျက် ကျိုးယွမ်အိမ်သို့ ဖြေးဖြေးလေး လျှောက်သွားရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။ သူ ကျိုးယွမ်၏ အိမ်တံခါးဝသို့ ရောက်သည့်အခါ ကျိုးယွမ်က ခြံထဲ၌ ရှိမနေသဖြင့် ချန်ချင့် အော်ခေါ်ချင်သော်လည်း အသံပင်မထွက်နိုင်ခဲ့။

ကျိုးယွမ်သည် သူ့အိမ်တံခါးဝမှာ ချန်ချင့် ရောက်နေကြောင်း သိရှိထားပြီးဖြစ်ပေမယ့် သူအပြင်မထွက်ခင် ချန်ချင့် သူ့ကို ခေါ်သည်အထိ စောင့်ဆိုင်းရန် စိတ်ပိုင်းဖြတ်ထားလေ၏။

"အဲဒါ..."

"ဟေး..."

အခန်းမှာ တိတ်ဆိတ်နေသေးဆဲ။ ချန်ချင့် အသက်ပြင်းပြင်းရှူလိုက်ရာ သူ့အသံမှာ ယခင်ထက် အနည်းငယ် ပိုကျယ်လာသော်ငြား တုန်ယင်နေလျက်။

"ကျိုးယွမ်"

"အဲဒါ..." ဆိုသော စကားလုံးမှာ အလှည့်အပြောင်းများစွာ ဖြစ်သွားပုံရကာ နောက်ဆုံးတော့ သူ့နှလုံးသားထဲ ဝင်ရောက်သွားခဲ့သည်။ သူသည် ချန်ချင့်က လော့ဟယ်ရွာမှ မဟုတ်ကြောင်း ပို၍ပင် သေချာလာချေပြီ။ သူ့လေယူလေသိမ်းမှာ သူ့မွေးရပ်မြေထက်ပင် မြောက်ပိုင်းဆန်နေလျက်။

ကျိုးယွမ် ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး တံခါးဆီသို့ လျှောက်လာကာ ချန်ချင့်ကို ငုံ့ကြည့်လိုက်ပြီး

"ဘာဖြစ်လို့လဲ?"

ချန်ချင့်က သူ့ကို ပန်းကန်လုံး ကမ်းပေးလိုက်ကာ

"အမေလုပ်ထားတာ... ခင်ဗျားစားဖို့"

ကျိုးယွမ်က သူ့၏ နီရဲနေသော လက်ချောင်းထိပ်လေးတွေကို မြင်လိုက်သဖြင့် ပန်းကန်လုံးကို ယူလိုက်သည်။

ချန်ချင့် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ကျိုးယွမ် ပြောလာတာကို ကြားလိုက်ရလေ၏။

"ဒါပေမဲ့ ကိုယ် စားပြီးသွားပြီ"

"အာ? ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ" ချန်ချင့် ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

ကျိုးယွမ်သည် သူ့၏အမူအရာကို မြင်လိုက်ရသည့်အခါ ကလေးတစ်ယောက်ကို စနောက်ရခြင်း၏ ပျော်ရွှင်မှုကို အချိန်အတော်ကြာမှ ပြန်လည်ခံစားမိသွားရချေပြီ။

"ကိုယ် မနက်ဖြန် စားလိုက်မယ်... မနက်ဖြန်မှ မင်းဆီ ပန်းကန်ပြန်ပေးမယ်နော်"

ချန်ချင့် ဆန်စေ့ကောက်နေသော ကြက်ကလေးသဖွယ် ခေါင်းညိတ်ပြကာ

"ဟုတ် ဟုတ်... ဒါဆို တခြားဘာမှမရှိရင် ကျွန်တော်ပြန်လိုက်ပါဦးမယ်"

"ခဏလေး"

ချန်ချင့် ရုတ်​တရက်​ ရပ်​လိုက်ရသည်။ သူ ​ပြေးချင်​နေသော်လည်း​ ကျိုးယွမ်ကို မကြည့်​ရဲသေးချေ။

"ဘာဖြစ်​​လို့လဲ?"

"နောက်ရက်အနည်းငယ်အတွင်း ကျုံးယွမ်ပွဲတော်မှာ ကိုယ် မင်းရဲ့ ခင်ပွန်း... မုန့်ထောင်းအတွက် အမွှေးတိုင်ထွန်းပေးချင်လို့"

ချန်ချင့် မျက်တောင်တဖျတ်ဖျတ်ခတ်၍ : "ကောင်းပါပြီ"

"အင်း မင်း ပြန်လို့ရပါပြီကွာ"

ချန်ချင့် သက်ပြင်းတစ်ချက်ချလိုက်ကာ ချက်ချင်းပင် အိမ်သို့ ပြန်ပြေးသွားတော့သည်။ ခြံဝင်းထဲမှာ ရပ်နေသော ကျိုးယွမ်လည်း ခေါင်းယမ်းကာ ရယ်မောမိသွားရလျက်။

...

လီရှင်း ပြန်ရောက်ပြီးကတည်းက ချန်ချင့်လည်း အပြင်ခဏခဏထွက်လေ့ရှိသည်။ သူတို့နှစ်ယောက်အတူတူ တောင်ပေါ်တက်ပြီး တောရိုင်းအသီးအနှံများ သွားကောက်ကြသလို မြစ်ထဲငါးသွားဖမ်းတတ်ကြသည်။

ချန်ချင့်ဟာ လီရှင်းနှင့်ရှိနေချိန်မှသာလျှင် သူ့၏ ငယ်ရွယ်တက်ကြွမှုကို ပြတတ်လေ၏။ သူသည် ဤနှစ်တွင် အသက် ၂၁နှစ်ရှိပြီဖြစ်သည်။ သူ့ကြည့်ရတာ ငယ်ရွယ်ပုံပေါ်သော်ငြား တစ်ချိန်လုံး အဘိုးအိုလေးသဖွယ် ပြုမူနေတတ်သည်ကြောင့် သူ့အသက်အမှန်ကို ပြောရခက်လှသည်။

"သဘောတူလိုက်ပြီနော်... ငါတို့ မနက်​ဖြန်​မနက်​​စော​စော​ မြို့တက်ကြမယ်... နှစ်​ရက်​​နေရင်​​ အလုပ်များတဲ့ကာလရောက်တော့မှာလေ"

လီရှင်းနှင့် ချန်ချင့်လည်း လမ်းဆုံမှာ လမ်းခွဲလိုက်​ကြရင်း လီရှင်းက မနက်​ဖြန်​စော​စောထရန် သူ့ကို ​ပြောလာခဲ့သည်။

ချန်ချင့်သည် လီရှင်းအား ဘယ်တော့အခါမှ မငြင်းဆန်ပါချေ။ သူ အိမ်ပြန်ရောက်သည့်အခါ မနက်ဖြန် မြို့တက်မည်ဖြစ်ကြောင်း စွင်းတာ့ညန်ကို ပြောပြလိုက်၏။

"ကောင်းတာပေါ့ အတော်ပဲ... ငါလဲ မနက်ဖြန် ကန်တော့ဖို့အတွက် ပစ္စည်းတချို့ သွားဝယ်မယ်လို့ ပြောတော့မလို့... မင်း လီရှင်းနဲ့အတူတူ သွားမယ်ဆိုရင် အဲဒါတွေအားလုံး ဝယ်လာခဲ့လိုက်ပေါ့"

နောက်နှစ်ရက်မြောက်နေ့ဟာ ၇လမြောက်လူနာပြက္ခဒိန်၏ ၁၅ရက်နေ့ဖြစ်လေသည်။

စွင်းတာ့ညန်က အိမ်ကငွေစတချို့ကို ထုတ်ယူလာကာ

"ဒီမှာ... ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံ"

ချန်ချင့် မယူခဲ့ပေ။ သူ့တွင် ရှေ့တစ်ခေါက်က လက်ကိုင်ပုဝါရောင်းရငွေတချို့ ကျန်နေသေးဆဲ။ သူသည် ရွာထဲမှာပဲ တစ်ချိန်လုံးနေကာ အပြင်ထွက်လေ့မရှိသောကြောင့် သူ့တွင် ငွေသုံးစရာမရှိ၍ လက်ကိုင်ပုဝါ ချည်ထိုးရောင်းရငွေကို စုထားခဲ့သည်။

"လက်ကိုင်ပုဝါချည်ထိုးရောင်းရငွေကို မင်းဘာမင်း စုထားလိုက်... အိမ်အသုံးစရိတ်တွေကိုတော့ ငါပေးမယ်"

စွင်းတာ့ညန်က သူ့၏ ငြင်းဆန်မှုကို လျစ်လျူရှုကာ ပိုက်ဆံအိတ်ကို ပေးလိုက်သည်။

ခဏလောက်စဉ်းစားပြီးနောက် သူမ ပြောလာသည်။

"အခု မိသားစုမှာ ပိုက်ဆံအများကြီးမရှိတော့ဘူး... ထောင်းဇီရဲ့ ပင်စင်ငွေ ၁၀လျန်ကို သူ့ဈာပနမှာ သုံးစွဲခဲ့တယ်... မိသားစုမှာ အရင်က စုဆောင်းထားတာက ငွေ၃လျန်... ကျိုးယွမ်က ချက်ရေးပြုတ်ရေးအတွက် ငွေ ၁လျန်ပေးခဲ့တယ်... အခု စုစုပေါင်း ၆လျန်ပဲကျန်တော့တယ်"

(Note* ၆လျန်က မမှားပါဘူးနော်၊ ဈာပနပွဲက ၁၀လျန်လုံးမကုန်သွားဘူးနော်)

ချန်ချင့်သည် ထိုစကားကိုကြားပြီးနောက် ခါးသီးသလို ခံစားလိုက်ရ၏။ ရွာက အခြားမိသားစုတွေကတော့ အပိုဝင်ငွေလေးတွေ ရကြတယ်လေ... လယ်လုပ်ငန်းပါးချိန်မှာ လူငယ် လူလတ်ပိုင်းတွေက အပြင်ထွက်ပြီး အလုပ်သွားရှာကြတာမို့ အပိုဝင်ငွေရကြတာပေါ့...

သူတို့မိသားစုအတွက်ကတော့ အိမ်ရှိ မြေဧကအနည်းငယ်နှင့် ဘုရားသခင်ကိုသာ မှီခိုအားထားနိုင်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ဒီနှစ်တွေထဲမှာ ရာသီဥတုကောင်းမွန်တာကြောင့် သူတို့ ရှင်သန်နေထိုင်နိုင်ခြင်းပင်။

ဒါပေမဲ့ အနာဂတ်မှာရော ဒီလိုမျိုးပဲ ဆက်ဖြစ်နေပါ့မလား...

ပန်းထိုးလက်ကိုင်ပုဝါတစ်ထည်မှာ ၅ဆင့်ဖြစ်သည်။ သူ တစ်လကို ၄ထည် ပန်းထိုးနိုင်ရင် ဆင့် ၂၀ရမယ်... ဆင့် ၂၀ ဆိုတာက အသားဘန်းမုန့် ၁၀ခုပဲ ဝယ်နိုင်တာလေ...

"မင်း ဘာတွေတွေးနေတာလဲ"

စွင်းတာ့ညန်က ချန်ချင့်တစ်ယောက် အတွေးထဲနစ်မြောနေသည်ကို တွေ့လိုက်၍ သူ့ပုခုံးကို အပြုံးလေးနှင့် ပုတ်ပေးလိုက်သည်။

ချန်ချင့် ခေါင်းခါလိုက်ပြီး "ရပါတယ် အမေ ကျွန်တော့်မှာ ပိုက်ဆံရှိသေးတယ်"

သူသည် လွန်ခဲ့သည့်ငါးနှစ်ကတည်းက မုန့်ဖိုးများကို စုဆောင်းထားလေ့ရှိသည်။ စွင်းတာ့ညန်လည်း ထိုအကြောင်းကို သိသော်လည်း တစ်ခါမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါချေ။

သူမက ရံဖန်ရံခါ ချန်ချင့်ကို မုန့်ဖိုးနည်းနည်းပေးတတ်သည်။ ထို့ကြောင့် ချန်ချင့်လည်း ငွေ ၁လျန် ၂လျန် နီးပါး စုဆောင်းနိုင်ခဲ့သည်။

"မင်း ဒီကလေးကတော့ကွယ်... မင်းအတွက်သုံးဖို့ မုန့်ဖိုးပေးထားတာလေ... အဲဒါကို ဘာလို့ အမြဲသိမ်းထားတာလဲ"

စွင်းတာ့ညန် သဘောမတူဘဲ "နာခံနော်... မင်းဘာမင်း သိမ်းထားလိုက်"

ခဏအကြာ ချန်ချင့် ပြောလိုက်၏။

"အမေ မုန့်ထောင်းရဲ့ ဈာပနပွဲအတွက် သူ့ပင်စင်လစာကို သုံးခဲ့တယ်... ဒီတစ်ခေါက် ကျွန်တော် သူ့အတွက် တစ်ခုခုလုပ်ပေးချင်..."

စွင်းတာ့ညန် အံ့အားသင့်သွားရကာ သူမမျက်လုံးတွေ နီရဲလာပြီး

"အင်း... ဒါဆို မင်းပိုက်ဆံကို သုံးတာပေါ့"

သူတို့စကားပြောနေစဥ် တံခါးခေါက်သံတစ်သံကြားလိုက်ရ၏။ ခြံစည်းရိုးမှတစ်ဆင့် ယုန်တစ်ကောင်ကို ကိုင်ထားသော ကျိုးယွမ်ကို ချန်ချင့် တွေ့လိုက်ရလေသည်။

ဤရက်များအတွင်း ကျိုးယွမ်က အမဲလိုက်ရန် သင်ယူနေပြီဖြစ်သည်။ ပထမတော့ သူ အမြဲလိုလို လက်ဗလာနှင့် ပြန်လာတတ်သည်။ ရံဖန်ရံခါ တောရိုင်းသစ်သီးများနှင့် မှိုများကို ကောက်လာတတ်ပေမယ့် စွင်းတာ့ညန်က သူကောက်လာသော မှိုများဟာ အဆိပ်ရှိ၍ စားလို့မရကြောင်း ပြောပြခဲ့ရသည်။

ဒီလိုနဲ့ တဖြည်းဖြည်း တောင်ပေါ်မှာ ရစ်ငှက်၊ ယုန်တို့ကို သူ ဖမ်းမိလာတော့သည်။

သို့သော် သူကိုယ်၌က ဘယ်လိုချက်ပြုတ်ရမလဲဆိုတာကို မသိသလို၊ ဖမ်းမိထားသည့် သားကောင်ကို မြို့မှာ ပိုက်ဆံနှင့် သွားလဲဖို့ကလည်း နည်းပါးလွန်းလှ၍ သားကောင်များကို သူတို့အိမ်ဆီသာ ယူလာကာ ချက်ပြုတ်ပေးရန် အကူအညီတောင်းခဲ့လေသည်။

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment