Ch-18 Unicode
သူတို့ မြစ်ဆီသို့ လာခဲ့ကြသည်။ *ဘယ်ရီသီးရိုင်းပျိုးပင်အများစုမှာ ရေအနီးအနားတွင် ပေါက်ရောက်ကြပြီး ယခုဆို ရာသီကုန်ခါနီးနေပြီဖြစ်၍ အရွက်များပင် စိမ်းစိုနေခြင်းမရှိတော့။ ပူပြင်းသည့်နေရောင်အောက်၌ တချို့ဆို အဝါရောင်ပြောင်းနေချေပြီ။
(*အသီးကလေ 地泡儿 တိဖောင့်အာလို့ ခေါ်ပါတယ်... etranက ground bubbleလို့ ပြန်ထားတာ... ကိုယ်လဲ တခါမှမကြားဖူးလို့ ပုံရှာကြည့်လိုက်တော့လေ ဘယ်ရီသီးတို့ စတော်ဘယ်ရီသီးပုံစံနဲ့တူနေလို့ ဘယ်ရီသီးရိုင်းလို့ရေးလိုက်ပါတယ်... မှားနေတာရှိရင် ဆောရီးပါနော်)
ချန်ချင့်နှင့် လီရှင်းက ကုန်းပေါ်မှာ တစ်လက်မချင်းစီ စမ်းတဝါးဝါးလိုက်ရှာနေရာ နောက်ဆုံးတွင် ပထမဆုံးအလုံးကို ရှာတွေ့သွားခဲ့သည်။ အရာရာတိုင်း အစပိုင်းမှာ ခက်ခဲသည်ဟု ပြောစမှတ်ရှိသည်ပင်။
ပထမဆုံးအလုံးရှာတွေ့ပြီးနောက် ခြုံလိုက်ပေါ်လာချေပြီ။ သူတို့ မြစ်တစ်ဝိုက်ကို လှည့်ပတ်ပြီးနောက် ခြင်းတောင်းတစ်လုံးစာ ရှာတွေ့ခဲ့ကြသည်။
ဒါပေါ့... နှစ်ယောက်လုံးက ရှာရင်းဖွေရင်း စားနေကြပါတယ်နော်...
ဘယ်ရီသီးရိုင်းများဟာ လက်ချောင်းအရွယ်မျှသာရှိပြီး နူးညံ့လှပေမယ့် အသီးထဲ၌ အစေ့သေးသေးလေးတွေပါရှိလေ၏။ အရသာမှာ ချိုချိုချဥ်ချဥ်ရှိ၍ ချန်ချင့် အရမ်းကြိုက်သည်ပင်။ ဒါတွေက သူ့မွေးရပ်မြေမှာမရှိဘူးလေ....
"မင်း ဒီလောက်အများကြီး ကောက်နေတယ်?"
နှစ်ယောက်သား သစ်ပင်ကြီးတစ်ပင်အောက်သို့ လျှောက်သွားကာ ခဏတဖြုတ် အနားယူရန် ပြင်လိုက်သည်။ ယခုအချိန်တွင် နှစ်ယောက်လုံး၏ နဖူးပေါ်မှာ ချွေးစို့နေချေပြီ။ ချန်ချင့် သူ့အင်္ကျီလက်ဖြင့် ချွေးသုတ်လိုက်၏။
မနီးမဝေးတွင် လော့မြစ်၏ အတိမ်ဆုံးနေရာရှိပြီး နွေရာသီ၌ အေးမြချင်သော ရွာရှိကလေးငယ်အချို့က သူတို့အဝတ်တွေကိုချွတ်ကာ ရေထဲပြေးဆော့လေ့ရှိကြသည်။
ယခင်နှစ်များအတွင်း လော့ဟယ်ရွာတွင် ကလေးငယ်များ ရေနစ်သေဆုံးမှုများရှိခဲ့တာကြောင့် လီရှင်း အကြိမ်နည်းနည်းအော်လိုက်ပြီး ကလေးတွေကို အိမ်ပြန်ခိုင်းလိုက်သည်။
ချန်ချင့် ဘယ်ရီသီးရိုင်းလက်တစ်ဆုပ်စာ ယူကာ လီရှင်းထံပေးလိုက်ပြီး
"နည်းနည်းစားဦး"
လီရှင်း ယူလိုက်ကာ ညစ်ပတ်၏ သန့်ရှင်း၏ကို ဂရုမစိုက်ဘဲ ပါးစပ်ထဲထည့်လိုက်လေသည်။
"ဒီကောင်စုတ်ကလေးတွေ တကယ်ရေနစ်သွားရင် ဘယ့်နှယ်လုပ်မလဲ"
ကလေးတွေအကြောင်းပြောရင်း လီရှင်း ထပ်မံမျက်မှောင်ကြုတ်မိလျက်။
"စိတ်တိုစရာပဲ... ငါ့အဖေက ဒီနေ့ အောင်သွယ်တော်ဟွားကို သွားရှာခဲ့တယ်!"
ချန်ချင့် စားနေရင်း နင်သွားရ၏။
"အဒေါ်ဟွားက လက်ထပ်ဖို့ လာကမ်းလှမ်းတာလား"
"အောင်သွယ်တော်ဟွားက ငါတို့အိမ်တံခါးဆီ ဘယ်လိုလုပ်ပြီးရောက်လာတာဖြစ်နိုင်မှာလဲ! အဲဒါက ငါတို့မိသားစုက အလျင်လိုနေပုံပေါ်နေတာပဲ မဟုတ်ဘူးလားလို့... သူ့ဆီသွားပြီး ရေကိုစမ်းသပ်ကြည့်ဖို့ ငါ့အဖေက အောင်သွယ်တော်ကို ပြောလိုက်တာလေ"
လီရှင်းက ရှက်နေပုံလည်းမရသလို ပျော်ရွှင်နေပုံလည်းမပေါ်ပါချေ။ သူက စိတ်တိုနေရုံသာ။
"ငါ ရွာမှာမရှိတာ လအနည်းငယ်ကြာသွားပြီလေ... မင်း အဲဒီအကြောင်း ငါ့ကို ပြောပြလို့ ရမလား"
"အာ? ငါဘာပြောရမှာလဲ"
ချန်ချင့်၏ နှလုံးသားမှာ ပိတ်ဆို့နေသလို ခံစားနေရ၏။ အဲဒါက ချည်လုံးတစ်လုံးနဲ့ ထိုးထည့်ထားလို့ ပြည့်နေသလိုမျိုး....
"ငါက အဲလိုပုံစံကိုမကြိုက်ဘူး" လီရှင်း ပြောလိုက်သည်။
"သူက တောင်ကုန်းသေးသေးလေးလို အရပ်ရှည်ပြီး သန်မာတယ်... ပြီးတော့ လူတွေကို သတ်ခဲ့သေးတယ်"
လီရှင်း တကယ်ပဲ ထိုသို့သောပုံစံမျိုးကို မကြိုက်ပါချေ။ သူသည် ပျော့ညံ့ပြီး သွယ်လျသော အမျိုးသားများကို နှစ်သက်သူပင်။ အကြောင်းမူကား သူ့အဖေက တစ်နေ့လုံး ရင်ဘတ်ဗလာကြီးနဲ့ အလုပ်လုပ်ရသော ပန်းပဲဆရာဖြစ်သောကြောင့်ပင်။ လီရှင်းက ဒါကို အဖန်ဖန် မြင်တွေ့ပါများ၍ သွယ်လျသော အမျိုးသားများဟာ သူ့အတွက် ဆွဲဆောင်မှုပိုရှိသည်ဟု တွေးထင်မိနေဆဲ။
ချန်ချင့် သူ့နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး : "ဒါပေမဲ့ သူက အပြစ်မဲ့သူတွေကို သတ်တာ မဟုတ်ဘူးလေ... စစ်မြေပြင်မှာ သူက လူတွေကိုမသတ်ရင် လူတွေက သူ့ကို သတ်ကြမှာပဲဟာ"
"အမှန်ပဲ... ဒါပေမဲ့ ငါကတော့ အဲဒီပုံစံကို မကြိုက်ရုံပဲ" လီရှင်း သူ့ခေါင်းသူ ကုတ်နေမိသည်။
"မင်း ဒီအကြောင်းကို မင်းအဖေနဲ့ ပြောလို့ရတာပဲ" ချန်ချင့် ပြောလိုက်၏။
"သူတို့ မင်းနဲ့ ဆွေးနွေးကြလိမ့်မယ်လို့ ငါယုံကြည်တယ်"
လီရှင်း၏ အဖေဟာ လီရှင်းအပေါ် ကောင်းကောင်းဆက်ဆံပြီး သူမကြိုက်သည့်အရာကို အတင်းမလုပ်ခိုင်းဘူးဆိုတာ သူသိပါသည်။
"ငါ့အဖေက သူ့ကို အရမ်းသဘောကျနေတာလေ" လီရှင်း သက်ပြင်းချလိုက်မိ၏။
"မိသားစုတော်တော်များများက သူတို့သားတွေသမီးတွေကို သူနဲ့ လက်ထပ်စေချင်နေကြတာလို့ ငါ့အဖေကတော့ ပြောတာပဲ... ငါကတော့ အဲဒီအပျော်တွေထဲ လုံးဝမပါချင်ဘူးနော်"
ဤကိစ္စနှင့်ပတ်သက်ပြီး ချန်ချင့်လည်း ဘာထင်မြင်ချက်မှ ထုတ်ပြောစရာမရှိ၍ လီရှင်းညည်းညူနေတာကို နားထောင်နိုင်ရုံသာရှိတော့သည်။
နေဝင်တော့မှ သူတို့နှစ်ယောက် တဖြေးဖြေး ပြန်လျှောက်လာခဲ့ကြသည်။ ချန်ချင့်က သူ့ခြင်းတောင်းထဲမှ ဘယ်ရီသီးရိုင်းတစ်ဝက်လောက်ကို လီရှင်းဆီပေးလိုက်၏။ လီရှင်းတို့ အိမ်မှာ လောဘကြီးသော ညီလေးတစ်ယောက်ရှိနေသည်လေ။
လီရှင်းသည်လည်း ချန်ချင့်အား ယဉ်ကျေးမနေဘဲ အချို့ကိုယူပြီး ထွက်သွားခဲ့သည်။ မသွားခင် မနက်ဖြန် သူနဲ့အတူတူ မြို့ထဲသွားဖို့ တောင်းဆိုခဲ့ပါသေးသည်။
အိမ်ပြန်ရောက်သောအခါ စွင်းတာ့ညန် ညစာပြင်ဆင်နေလေ၏။ သူမက ချန်ချင့် ပြန်ယူလာသော ဘယ်ရီသီးရိုင်းများကို တွေ့လိုက်ရသည့်အခါ
"ဒီလောက်အများကြီး?"
"ဒီနှစ်တော့ ဘယ်သူမှ မကောက်ကြဘူးထင်တယ်"
ချန်ချင့်က ခြင်းတောင်းထဲက ဘယ်ရီသီးရိုင်းအားလုံးကို ရေနဲ့ဆေးလိုက်ပြီး သေးတာ၊ အမှည့်လွန်သွားတာတွေကို ရွေးထုတ်လိုက်သည်။ ထို့နောက် ကောင်းမွန်သည့် အသီးလက်တစ်ဆုပ်စာယူ၍ ခြင်းတောင်းထဲ ထည့်လိုက်ပြီး စွင်းတာ့ညန်ကို ကမ်းပေးလိုက်လေ၏။
စွင်းတာ့ညန်က သူ ဘာကိုဆိုလိုမှန်းသိ၍ သူမ စားပြီးသည်နှင့် ခြင်းတောင်းကို ကောက်ယူလိုက်ပြီးမှ ပြောသွားခဲ့သေးသည်။
"မီးကိုကြည့်ထားဦး"
ချန်ချင့် ခေါင်းညိတ်ပြလိုက်ပြီး စိတ်အားထက်သန်စွာ ထွက်သွားသော စွင်းတာ့ညန်၏ ပုံရိပ်ကို မမြင်ရတော့သည်အထိ ကြည့်နေပြီးမှ မီးဖိုချောင်ထဲဝင်ကာ စတင်ချက်ပြုတ်လိုက်တော့သည်။
တောရိုင်းအသီးအနှံခြင်းတောင်းကို လက်ခံရရှိလိုက်သော ကျိုးယွမ်သည် တစ်လုံးမမြည်းကြည့်ခင် ဝါးခြင်းတောင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။
ဒီအရသာက ချိုချိုချဥ်ချဥ်လေးပဲ... အရင်တစ်ခေါက် သူ တောင်ပေါ်က ပြန်ယူလာခဲ့တဲ့ အသီးတွေနဲ့ ဆင်တူသား...
ဟိုးတုန်းက သူ့မိသားစုဟာ ဆင်းရဲနွမ်းပါးလှသည်။ သူ့မွေးရပ်မြေတွင် လော့ဟယ်ရွာကဲ့သို့ တောင်တန်းများ မြစ်များ ပေါများခြင်းမရှိပေ။ သို့နှင့် သူ့အဖွားက ဆင်းရဲလွန်းလှ၍ ဗိုက်ဖြည့်ဖို့ရာ မြက်ပင်တွေတူးဖို့ မြေရိုင်းဆီ သူ့ကိုခေါ်သွားရုံသာရှိတော့သည်။
အင်ပါယာတရားရုံးက စစ်သားများ စုဆောင်းနေကြောင်း သူသိရှိခဲ့ရသည်။ ထိုအချိန်က ငွေတစ်လျန်၊ နှစ်လျန်နှင့် စားသောက်စရိတ်အပြီးအစီး ဖြစ်တာကြောင့် သူလည်း ပြတ်ပြတ်သားသား စစ်ထဲဝင်သွားခဲ့ပြီး နောက်ပိုင်းတွင် သူ့အဖွားဆီ ပိုက်ဆံတချို့ ပြန်ပို့ပေးနိုင်ခဲ့သည်။
သို့သော်လည်း သူ့အဖွားကတော့ သူ့အိမ်အပြန်လာကို စောင့်မနေခဲ့တော့ပေ။ သူ ပြန်ရောက်လာသည့်အခါ သူ့အဖွားက အဝါရောင်မြေပုံကြီးအဖြစ် ပြောင်းသွားချေပြီ။
ထို့နောက်တွင်မူ သူပြန်ပို့လိုက်သမျှ စာတွေ၊ ပိုက်ဆံအားလုံးဟာ သူတို့မိသားစုနှင့် အဆက်အသွယ်ဖြတ်ပြီးတာ ကြာလှပြီဖြစ်သော သူ့ဦးလေးမိသားစုက ယူထားကြောင်း သိရှိခဲ့ရသည်။ သူ့အဖွားက သေဆုံးသွားသည့်တိုင် ငွေတစ်ပြားတစ်ချပ်မှပင်မရခဲ့ရှာ။ သူ့အဖွားရဲ့ ဘဝ ဘယ်လောက်ခက်ခဲကြမ်းတမ်းခဲ့တယ်ဆိုတာ မြင်နိုင်ပေသည်။ အထီးကျန်အူတ်ဂူကိုတောင်မှ ကတိုက်ကရိုက်တူးထားပုံရသည်။
သူ့အဖွားမရှိပါက ထိုနေရာသည်လည်း သူ့အိမ်မဟုတ်တော့ပေ။ သူ့အဖွားမသေဆုံးမီက တောတောင်ရေမြေရှိသောနေရာတွင် နေထိုင်လိုကြောင်း ပြောခဲ့ဖူးတာကို သူ သတိရလိုက်သဖြင့် သူ့အဖွား၏ သင်္ချိုင်းမှ အဝါရောင်မြေမှုန့်တစ်ဆုပ်စာနှင့် ကမ္မည်းတိုင်ကို ယူလာကာ လော့ဟယ်ရွာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
ကျိုးယွမ်သည် သူ့အတွေးများမှ ပြန်လည်ဆုတ်ခွာလိုက်ပြီး အနီရောင်သစ်သီးလုံးလေးများကို ကြည့်နေမိ၏။ ချန်ချင့်က ဒီလိုနေပူပူကြီးထဲမှာ အပြင်ထွက်ပြီး တောရိုင်းအသီးအနှံများကို လိုက်ရှာနိုင်ပြီဖြစ်လို့ အခု နေကောင်းသွားလောက်ပြီပဲလို့ တွေးတောနေမိသည်။
ကျိုးယွမ်သည် အသီးအနှံများကို ဘေးမှာထားလိုက်ကာ တစ်ခုခုချက်ပြုတ်ရန် ပြင်ဆင်တော့သည်။ သူ့တွင် အချက်အပြုတ်စကေးလုံးဝမရှိပါချေ။ သူသည် ယခင်က စွင်းတာ့ညန်၏မိသားစုနှင့် စားလေ့ရှိသည်။ ယခု သူတစ်ယောက်တည်းဖြစ်လို့ ဗိုက်ပြည့်ရုံ အဆင်ပြေသလို စားတတ်သည်။
ကျိုးယွမ် ရွှေဖရုံသီးတစ်လုံးကို လှီးဖြတ်ကာ အိုးထဲသို့ပစ်ထည့်လိုက်သည်။ တံခါးအပြင်ဘက်တွင် အသံတစ်သံကြားလိုက်ရ၍ ကျိုးယွမ် လျှောက်လာသည့်အခါ ယခင်က သူပြန်ခေါ်လာပေးခဲ့ဖူးသော အဒေါ်ဟွားက အနီရောင်ဝတ်ဆင်ထားလျက် သူ့အိမ်ရှေ့မှာ ရပ်နေသည်ကို တွေ့လိုက်ရလေ၏။ သူ့ပုံစံကြည့်ရာတာ အရမ်းပျော်နေတဲ့ပုံပဲ...
ကျိုးယွမ်သည် သူမ၏ရည်ရွယ်ချက်ကို ခန့်မှန်းမိ၍ တံခါးမဖွင့်ချင်သော်လည်း သူမက တံခါးဝ၌ပင် ရောက်နေပြီဖြစ်တာကြောင့် သူမကို အထဲဝင်ခိုင်းရုံလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။
ကျိုးယွမ် သူ့နှုတ်ခမ်းထောင့်ကို ဆွဲလိုက်ပြီး(ပြုံးလျက်) အံအားသင့်ဟန်ဆောင်ကာ :
"အဒေါ် ဒီကိုရောက်လာတာ ဘာကိစ္စများရှိလို့လဲ"
"သတင်းကောင်းရှိလို့ ကျိုးယွမ်ရေ"
အောင်သွယ်တော်ဟွားက သူ့အပြုအမူကို ဂရုမထားဟန်ဖြင့်
"မင်းတကယ်မသိတာလား ဒါမှမဟုတ် မသိဟန်ဆောင်နေတာလားကွယ်"
အပြာရောင်အုတ်အိမ်ကြီးကို သူမ ကြည့်လိုက်ပြီးနောက် ဆက်တိုက် ချီးကျူးနေခဲ့သည်။
"ဒီအိမ်ကြီးကို ကြည့်လိုက်ပါဦးကွယ်... တကယ့်ကို ခမ်းနားလိုက်တာနော်... သူ့မှာ ပိုင်ရှင်တွေပိုရှိလာရင် ပိုတောင်လှသွားမယ်မလား"
ကျိုးယွမ် စိတ်ရှုပ်ထွေးစွာဖြင့် : "ဒီအိမ်ကို ကျွန်တော် ကိုယ်တိုင်ဆောက်ခဲ့တာလေ... ဘာလို့ မဆိုင်တဲ့လူတွေကို ပိုင်ရှင်ဖြစ်ခွင့်ပေးရမှာလဲ"
အဒေါ်ဟွား၏ အပြုံးမှာ အေးခဲသွားရသော်လည်း သူမက ဤအလုပ်ကို လုပ်နေသူဖြစ်၍ သူမကိုယ်သူမ အလျင်အမြန် ထိန်းညှိလိုက်ပြီး
"မင်းက ငါ့ကို နောက်နေတာပဲ ဟုတ်တယ်မလား... မင်းက အတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲကွယ်"
ကျိုးယွမ်သည် သူမ ဘာတွေပြောနေမှန်း မသိပုံပေါက်ဟန်ဖြင့် : "အဒေါ် တခြားဘာကိစ္စမှမရှိရင် ကျွန်တော် အဒေါ့်ကို ညစာစားဖို့ မနေခိုင်းတော့ပါဘူး"
xxx