no

Font
Theme

Ch-16 Unicode

စွင်းတာ့ညန်လည်း စိတ်သောကတို့ဖြင့် သူ့ပုခုံးအား ပုတ်ပေးလိုက်ရင်း

"အဲဒီအကြောင်း မစဉ်းစားနဲ့တော့ကွယ်... အားချင့်လဲ ရှေ့ဆက်လျှောက်ဖို့လိုတယ်"

ချန်ချင့် ခေါင်းညိတ်၍ : "ဟုတ်ကဲ့... ကျွန်တော်နားလည်ပါတယ် အမေ"

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အသံတချို့ကို ကြားလိုက်ရသဖြင့် ချန်ချင့်လည်း ခေါင်းလေးငုံ့ကာ သူ့မျက်ရည်များကို သုတ်လိုက်၏။

မီးဖိုချောင်ရှိ ထင်းမှာ တဖျစ်ဖျစ်မြည်နေလျက်။ သူ အနည်းငယ် ပူအိုက်သလို ခံစားလိုက်ရသဖြင့် ပင်မခန်းတွင် ထိုင်လိုက်သည်။ ပင်မခန်းတွင် လေတချို့ တိုက်ခတ်လာသည့်အခါ အပူတချို့ လျော့ကျသွားလေပြီ။

ဤအချိန်ဟာ လယ်လုပ်ရမည့်အချိန်မဟုတ်သေးပေ။ ကျိုးယွမ်၏ မြေနေရာမှာ ကျက်တီးမြေဖြစ်နေဆဲ။ ထို့ကြောင့် သူ တောင်ပေါ်သို့ တစ်ချက်သွားကြည့်ချင်မိသည်။ သူ့အတွက် အရာရာအခြေကျပြီဆိုပါက သူ့၏ အနာဂတ်ဘဝအကြောင်းကိုလည်း စဥ်းစားချင်နေလေပြီ။

ယခုရာသီတွင် ဆန်ကိုသာ ဝယ်ယူနိုင်၍ သူ့၏ ပြန်လည်နေရာချထားရေးငွေမှာ ကုန်လုနီးပါးပင်။ ထို့ကြောင့် အသက်မွေးဝမ်းကျောင်းပြုရန် နည်းလမ်းတစ်ခုရှာရမည်ဖြစ်သည်။

ကျိုးယွမ်၏ ပထမဆုံးအတွေးမှာ တောင်ပေါ်တက်ရန်ပင်။ သူ့တွင် ခွန်အားများစွာရှိသလို အန္တရာယ်များနှင့် အခက်အခဲများကို မကြောက်သောကြောင့် သူ့၏ဓားကြီးကို ကိုင်ဆွဲလျက် တောင်ပေါ်သို့ တက်သွားခဲ့သည်။

သူသည် ယခင်က မုဆိုး မလုပ်ဖူးသဖြင့် တောင်ပေါ်ရှိ တောရိုင်းတိရိစ္ဆာန်များ၏ အလေ့အထကို မသိပေ။ သူ ပထမဆုံးအကြိမ် တောင်ပေါ်သွားတာဖြစ်၍ မည်သည့်သားကောင်ကိုမှ မဖမ်းမိခဲ့ချေ။​ေ

တောင်ပေါ်တက်သည့်လမ်း၌ သူသည် အသီးများစွာသီးနေသော သစ်သီးပင်တစ်ပင်ကို မြင်သွားခဲ့သည်။ ကျိုးယွမ်လည်း ထိုသစ်ပင်အား လှုပ်လိုက်ရာ အသီးအနည်းငယ် ပြုတ်ကျလာသဖြင့် ကောက်၍ အရသာခံကြည့်လိုက်သည်။

ပထမတော့ အရသာနှင့်ပတ်သက်ပြီး ဘာမှမထူးဆန်းသလိုပင်။ နည်းနည်းလေးချဥ်တာပဲရှိ၏။ သို့ပေမဲ့ ခဏကြာတော့ ချိုစပြုလာခဲ့သည်။

ကျိုးယွမ်က သစ်ပင်ကို အကြမ်းပတမ်းလှုပ်ခါလိုက်သည့်အခါ အသီးအနှံများစွာ ပြုတ်ကျလာ၍ ၄င်းတို့ကို သူ့အင်္ကျီထဲ ထည့်လိုက်လေသည်။ ဒါဟာ သူ့အဖို့ ပထမဆုံးအကြိမ် တောင်ပေါ်ခရီးမှ ရရှိခဲ့သော ဆုဖလားလေးတစ်ခုနှယ်။

သူ အိမ်ပြန်ရောက်သည့်အခါ သူပြန်သယ်လာသည့် အသီးအနှံများကို ရွေးလိုက်၏။ ပိုးပေါက်များပါသော သစ်သီးများကို ဖယ်လိုက်ပြီး လှပပြီး လုံးဝိုင်းသော သစ်သီးများကို ခြင်းတောင်းထဲမှာ ထည့်လိုက်ကာ စွင်းတာ့ညန်၏ တံခါးဆီ သွားပို့လိုက်သည်။

"အိုး… ဒီအသီးတွေ"

ရွာသားများဟာ ပုံမှန်ရက်တွေမှာ အချိုအများကြီးမစားနိုင်ကြချေ။ ပွဲတော်ရက်များအတွင်း သကြားလုံးကိုသာ ဝယ်စားနိုင်ကြတာကြောင့် ပုံမှန်ရက်တွေမှာ ချိုသည့်အရာတစ်ခုခုကို ရှာဖွေတတ်ကြသည်။

ဆောင်းရာသီ၌ တောင်ပေါ်ရှိ သစ်သီးရိုင်းများနှင့် တောင်ကြောမှာ ပေါက်လေ့ရှိသော သကြားမုန်လာများဟာ သူတို့၏ အေးချမ်းသောနေ့ရက်များအတွက် အနည်းငယ် ချိုမြိန်လှသည်။

"ဒီနှစ် ချန်ချင့် မဖျားခဲ့ရင် ဒီသစ်သီးတွေကို ကောက်ဖို့ သူ တောင်ပေါ်တက်နေဦးမှာ"

စွင်းတာ့ညန်က အပြုံးလေးနှင့် ပြောလာ၏။ သူမသည် ကျိုးယွမ်အား ယဥ်ကျေးမနေတော့ချေ။ ဒါတွေက သစ်သီးရိုင်းတွေဖြစ်တာမို့ ဘယ်သူမဆို သွားကောက်နိုင်တာပဲလေ... အရင်လာတဲ့သူက အရင်ရမှာပဲပေါ့...

"ဒါဆို အတော်ပဲပေါ့... ကျွန်တော် တစ်လုံးစမ်းစားကြည့်ပြီးပြီ... သိပ်တော့မချိုဘူး"

စွင်းတာ့ညန် ပြုံးလျက် : "အားချင့်က ဒါကို ကြိုက်တယ်လေ... ဒီနွေရာသီမှာ သူ ဒုက္ခခံခဲ့ရတာဆိုတော့ ဒီချိုချိုချဥ်ချဥ်အသီးက သူ့ကို အစာစားချင်စိတ်ပိုဖြစ်စေနိုင်တယ်"

ကျိုးယွမ် သူ့မျက်လုံးတွေကို အောက်စိုက်ချလိုက်ရင်း

"ကောင်းပါပြီ ဒေါ်ဒေါ်... ဒါဆို ကျွန်တော် အရင်ပြန်လိုက်ဦးမယ်"

စွင်းတာ့ညန်လည်း သူထွက်သွားသည်ကို ကြည့်နေပြီး နောက်မှ ချန်ချင့်ရှေ့မှာ သစ်သီးများကို ထားပေးလိုက်သည်။

"မင်း ဒီနှစ်တော့ ကိုယ်တိုင်သွားခူးစရာမလိုတော့ဘူး"

ချန်ချင့်၏ မျက်လုံးများမှာ အပြုံးတို့နှင့် ပြည့်နှက်နေလျက်။ အရသာရှိသော စားစရာတစ်ခုခု ရှိမှသာလျှင် ချန်ချင့်လေးဟာ သာမန်ကောလေးတစ်ယောက်လို ပြုမူပေလိမ့်မည်။

သူ တစ်ခုလောက် မြည်းကြည့်ဖို့ရာ မစောင့်နိုင်တော့ပေ။ အချဥ်ဓာတ်အရသာက သူ့၏ အရသာခံဖုကို နှိုးဆွပေးနိုင်သည်။ ဒီရက်ပိုင်းတွေမှာ သူ အစာစားချင်စိတ် သိပ်မရှိသလို အသက်ရှင်ရမှာမို့ သူ့ကိုယ်သူ တစ်ခုခုစားဖို့ နေ့တိုင်းတွန်းအားပေးနေရ၏။ ယခု သူ ဤသစ်သီးကို စားပြီးနောက် အနည်းငယ်ဗိုက်ဆာသလို ခံစားလိုက်ရသည်။

ချန်ချင့် အစာစားချင်စိတ် ပြန်ရလာသည့်နောက် သူ့ခန္ဓာကိုယ်လည်း ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာလေပြီ။ ၅ရက်အကြာတွင် သူ့ကိုယ်သူ အရင်လိုပြန်ဖြစ်သွားပြီဟု ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်တွင် မကုန်ခမ်းနိုင်သော ခွန်အားများရှိနေသည့်နှယ်။

"အမေ ကျွန်တော် အဝတ်သွားလျှော်တော့မလို့"

ချန်ချင့်သည် ဒီရက်ပိုင်းအတွင်း သူလဲဝတ်ထားခဲ့သော အဝတ်အစားများကို ထုပ်ပိုးလိုက်၏။ နွေရာသီ၌ သူတို့က အဝတ်လျှော်ဖွပ်ရန်၊ ရေဆော့ကစားရန် လော့မြစ်အောက်ပိုင်းသို့ သွားရတာကို နှစ်ခြိုက်ကြသည်။

စွင်းတာ့ညန်သည် သူ့အတွေးများကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်ပေသည်။

"မင်းက အခုမှ နေကောင်းခါစနော်... ရေဆော့မနေဘဲ အဝတ်လျှော်ပြီးတာနဲ့ ပြန်လာခဲ့"

ချန်ချင့် ခေါင်းညိတ်ပြလိုက်ပြီး ဇလုံနှင့်အတူ အိမ်ထဲက ပြေးထွက်သွားတော့သည်။

ဤအချိန်မှာ ကောင်းကင်၌ နေမြင့်နေပြီဖြစ်၍ လူအများစုဟာ အိမ်မှာပဲအနားယူနေတတ်ကြတာကြောင့် ချန်ချင့်က အဝတ်လျှော်ဖို့ ဒီအချိန်ကို ရွေးထားခဲ့ခြင်းပင်။

ချန်ချင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူအဝတ်လျှော်နေကျ ကျောက်တုံးကြီးကို တွေ့လိုက်ရသည်။ သူသည် စွင်းတာ့ညန်၏ ပြောခဲ့တာတွေကို မှတ်မိသဖြင့် သူ့ဖိနပ်ကို မချွတ်တော့ဘဲ အဝတ်များကို ရေစိုအောင် စိမ်လိုက်သည်။

"ချန်ချင့်!"

ချန်ချင့် ခေါင်းမော့လိုက်သည့်အခါ ဇလုံတစ်လုံးကိုင်ထားပြီး သူ့ဆီလာနေသော လီရှင်းကို တွေ့လိုက်ရလေ၏။ သူ့မျက်နှာတွင် ပျော်ရွှင်မှုအရိပ်အယောင်တို့ရှိနေလျက်။

"လီရှင်း မင်းပြန်လာပြီပေါ့"

လီရှင်းသည် ရွာရှိ ချန်ချင့်၏ သူငယ်ချင်း အနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ ထိုအချိန်တုန်းက ချန်ချင့်ဟာ ရွာသို့ ရောက်ခါစဖြစ်ပြီး ဖူးလန်လေးလိုမျိုး အိမ်မှာပဲ တစ်ချိန်လုံးနေနေသဖြင့် စွင်းတာ့ညန်ကပဲ လီရှင်းကို သွားရှာကာ သူတို့နှင့်အတူတူ ကစားရန် ချန်ချင့်ကိုပါ ခေါ်သွားပေးလို့ရမလားလို့ လာမေးခဲ့သည်။

လီရှင်းကတော့ စိတ်အားအထက်သန်ဆုံးဖြစ်ပြီး များမကြာမီ ချန်ချင့်လေးကို သူနှင့်အတူတူ ခေါ်သွားတတ်သည်။ သူက ရွာနှင့် ရင်းနှီးသူဖြစ်ပေမယ့် လွန်ခဲ့သောနှစ်များအတွင်း သူနှင့်အတူကစားလေ့ရှိကြသော ကောအများစုက အိမ်ထောင်ပြုသွားခဲ့ကြတာကြောင့် အချင်းချင်း သိပ်မတွေ့ဖြစ်ကြတော့ပေ။

"ဒီနေ့ မင်းအိမ်ကိုသွားမှာလို့ ငါပြောခဲ့တယ်"

လီရှင်းက သူ့အနားကပ်လာကာ သူ့မျက်နှာကို သေသေချာချာကြည့်လိုက်ပြီး

"မင်းပိုပိန်သွားသလိုပဲနော်"

နောက်ဆုံးတော့ ချန်ချင့် အနည်းငယ် စိတ်သက်သာရာရသွားကာ

"ပြီးခဲ့တဲ့ရက်အနည်းငယ်က ငါနေမကောင်းဖြစ်နေခဲ့တာ... ဒီတလောမှ ပြန်ကောင်းလာတာလေ"

လီရှင်းနှင့် သူ အတူတူအဝတ်လျှော်နေကြပြီး သူ့(LS)မျက်နှာတွင်လည်း အပြုံးလေးတစ်ပွင့်ရှိနေသေးဆဲ။ သူ့အဖိုးအိမ်မှာ နေထိုင်ခဲ့စဥ်အတွင်း ကောင်းကောင်းမွန်မွန်နေခဲ့ရသည်ဟု သူခန့်မှန်းမိသည်။

လီရှင်း၏ မိဘများဟာ ကောင်းမွန်သော ဆက်ဆံရေးရှိကြမှန်း ချန်ချင့် သိပါ၏။ လီရှင်းက သူ့အမေနဲ့အတူတူ သူ့အဖိုးအိမ် လိုက်သွားခဲ့သည်ကို သူ့အဖေကလည်း သဘောတူခဲ့သည်။

"မင်းမိသားစုမှာ ဘာတွေဖြစ်သွားလဲဆိုတာ ငါသိပြီးသွားပြီ... မင်းအဆင်ပြေရဲ့လား"

ချန်ချင့် ခေါင်းညိတ်ပြီး "ငါ အဆင်ပြေပါတယ်"

"ဒါဆို မင်းရဲ့အနာဂတ်ကို မင်း မစဉ်းစားတော့ဘူးလား... မင်းက မုန့်ထောင်းအတွက် ဝမ်းနည်းပူဆွေးနေဆဲလို့ ငါ့အဖေဆီက ကြားတယ်နော်... အနာဂတ်မှာ မင်း နောက်တခါ လက်ထပ်ဖို့ အစီအစဉ်မရှိတော့ဘူးလား"

ချန်ချင့် ခေါင်းခါလိုက်ပြီး : "ဟင့်အင်း... ငါအမေနဲ့ပဲနေမှာ"

လီရှင်း သူ့ကို မဖြောင်းဖြပါချေ။ သူသည် ချန်ချင့်ကို သိခဲ့တာ လေးငါးနှစ်လောက်ကြာပြီဖြစ်၍ ချန်ချင့်ဟာ ​​ခေါင်းမာသူမှန်း သူသိပြီးသားပင်။

"ဟေး ငါ့အဖေကလေ ငါ့အတွက် လက်ထပ်ပွဲ စီစဥ်ပေးချင်ပြီလို့ ပြောတယ်"

လီရှင်းလည်း စိတ်တိုနေမိသည်။ သူ ကြီးလာတာနဲ့ ဘာလို့အိမ်ထောင်ပြုကိုပြုရမှာလဲ...

"ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား?"

ချန်ချင့်သည် သူ ဘာလို့ မပျော်မရွှင်ဖြစ်နေမှန်း နားမလည်ပါချေ။ ရွာကလူတချို့ဟာ သူ့အသက်က ၁၈နှစ်ပြည့်ပြီးသွားတာတောင် ခုထိအိမ်ထောင်မပြုသေးဘူးဆိုပြီး လီရှင်းအကြောင်းပြောနေတာကို ရံဖန်ရံခါ သူ ကြားခဲ့ရပါသေးသည်။

"ငါ့အဖေက ဘယ်သူ့ကို မျက်စိကျနေလဲဆိုတာ မင်းသိလား" လီရှင်းက ချန်ချင့်အနား တိတ်တိတ်ကလေး ချဥ်းကပ်လာခဲ့သည်။

လီရှင်း၏ဖခင်ဟာ မြို့ထဲ၌ တစ်ဦးတည်းသော ပန်းပဲသမားဖြစ်ပြီး သူ့၏ ကျွမ်းကျင်မှုကြောင့် သူ့မိသားစုလည်း ချမ်းချမ်းသာသာနေနိုင်ခဲ့သည်။ သူ့မိသားစု၏ အခြေအနေ ကောင်းမွန်သောကြောင့် ပန်းပဲဆရာလီက လီရှင်းကို မကောင်းသည့်လူနှင့် အိမ်ထောင်မပြုစေခဲ့ပေ။

လီရှင်း အသံတိုးတိုးဖြင့် : "စစ်မြေပြင်ကပြန်လာပြီး ငါတို့ရွာမှာ အခြေချနေတဲ့ လူတစ်ယောက်လို့ ငါကြားမိတယ်... ငါ့အဖေက သူ့အပေါ် အရမ်းအထင်ကြီးနေတာကွ... နောက်ပြီးတော့ သူကပြောသေးတယ် လူတစ်ယောက်မှာ ဒီလိုမျိုးသတ္တိရှိသင့်တယ်တဲ့"

ချန်ချင့်၏လက်တွေ ခွန်အားကုန်ဆုံးသွားပြီး အဝတ်တစ်ထည်က ရေထဲပြုတ်ကျသွားခဲ့ရာ ချန်ချင့်နှင့် လီရှင်းတို့၏ မျက်နှာကို ရေတွေစင်ကုန်တော့သည်။

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment