Ch-19 Unicode
အဒေါ်ဟွား၏ အပြုံးမှာ အေးခဲသွားရသော်လည်း သူမက ဤအလုပ်ကို လုပ်နေသူဖြစ်၍ သူမကိုယ်သူမ အလျင်အမြန် ထိန်းညှိလိုက်ပြီး
"မင်းက ငါ့ကို နောက်နေတာပဲ ဟုတ်တယ်မလား... မင်းက အတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲကွယ်"
ကျိုးယွမ်သည် သူမ ဘာတွေပြောနေမှန်း မသိပုံပေါက်ဟန်ဖြင့် : "အဒေါ် တခြားဘာကိစ္စမှမရှိရင် ကျွန်တော် အဒေါ့်ကို ညစာစားဖို့ မနေခိုင်းတော့ပါဘူး"
ခြံထဲ၌ ကျိုးယွမ် တင်ထားသည့် ထမင်းပန်းကန်ကို ကြည့်လိုက်ရာ အဒေါ်ဟွား နောက်ထပ်အကြောင်းပြချက်တစ်ခုရသွားပြန်လေပြီ။
"မင်းကိုကြည့်စမ်း... အိမ်မှာ ဘယ်သူမှမရှိလို့ ဒါမျိုးပဲ ချက်စားနိုင်တယ်... ဒီတော့ ငါ မင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမှာပေါ့ကွယ်... မင်း အခြေအနေကို အရင်နားထောင်ကြည့်"
"လီမိသားစုက ရွာရဲ့အနောက်ဘက်မှာ အပြာရောင်အုတ်အိမ်ပိုင်တဲ့ မိသားစုပဲ... အဖေလီက ဘိုးဘွားစဥ်ဆက် ပန်းပဲလုပ်ကြတာမို့ သူ့မိသားစုဟာ ရွာမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တယ်လေ...
လီမိသားစုရဲ့ ကောလေးက ချောမောပြီးတော့ စိတ်ထားလဲကောင်းတယ်ကွယ်... မင်းနဲ့ဆို လိုက်ဖက်မှာလို့ ငါထင်တယ်... အဆင်ပြေတယ်လို့ မင်းထင်ရင် ငါ မနက်ဖြန် မင်းအတွက် လက်ထပ်ခွင့်သွားတောင်းပေးမယ်လေ"
ကျိုးယွမ် ခေါင်းခါလိုက်ပြီး
"အဒေါ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော် ခုထိ လက်ထပ်ဖို့ မရည်ရွယ်ထားသေးဘူး"
အဒေါ်ဟွားသည် ကျိုးယွမ်က ပုံမှန်ငြင်းဆန်နေရုံပဲလို့ ထင်လိုက်၍ ခပ်မြန်မြန် ပြောလိုက်သည်။
"အဓိပ္ပါယ်မရှိတာ... မင်းရဲ့ အခုအသက်အရွယ်က အတော်ပဲ... ပြီးတော့ မင်းရဲ့ ကောင်းမွန်တဲ့ အခြေအနေနဲ့ဆို ကောဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် မင်းကြိုက်တဲ့သူကို ရွေးလို့ရတယ်လေ"
ကျိုးယွမ် စိတ်ရင်းနဲ့ ပြောလိုက်လေ၏။
"အဒေါ် ကျွန်တော် တကယ်လက်ထပ်ချင်ရင် သေချာပေါက် အဒေါ့်ကို အကူအညီတောင်းမှာပါ... ဒါပေမဲ့ အခု တကယ်မလိုအပ်သေးဘူး"
အဒေါ်ဟွားက အတန်ကြာစကားပြောနေသော်လည်း ကျိုးယွမ်ကတော့ တုတ်တုတ်မျှမလှုပ်ပေ။ အဒေါ်ဟွားသည် တံခါးဝသို့ ယုံကြည်မှုအပြည့်နဲ့ ရောက်လာခဲ့ပေမယ့် စိတ်ပျက်လက်ပျက်နဲ့သာ ပြန်သွားခဲ့ရသည်။
ချန်ချင့် ရေသွားခပ်ရန် ရွာထဲသွားလိုက်သည်။ သူ ကျိုးယွမ်၏အိမ်ရှေ့မှ ဖြတ်သွားချိန်တွင် သူ့အိမ်ထဲကထွက်လာသော အဒေါ်ဟွားနှင့် တွေ့လိုက်ရလေ၏။ အဒေါ်ဟွားက ချန်ချင့်ကို တွေ့လိုက်၍ ပြုံးပြကာ
"မင်း ရေသွားခပ်မလို့လား"
ချန်ချင့် ခေါင်းညိတ်ပြလိုက်ပြီး တစ်စုံတစ်ခုက သူ့နောက်လိုက်နေသကဲ့သို့ နောက်ပြန်မလှည့်ဘဲ ထွက်သွားလေတော့သည်။
ကျိုးယွမ်သည် ချန်ချင့်၏ သေးသွယ်သောပုံစံကို ကြည့်နေမိလျက်။ အဒေါ်ဟွား သူ့အိမ်လာလည်သောကြောင့် သူ့ညစာစားတာ ခါတိုင်းထက် နောက်ကျသွားခဲ့ရသည်။ သူသည် သူတို့မိသားစုအတွက် ရေသွားခပ်ပေးရန် ကြံရွယ်ထားသော်လည်း ယခုတော့ ချန်ချင့် တစ်ယောက်တည်းထွက်သွားလေပြီ။
ကျိုးယွမ် မျက်မှောင်ကြုတ်လိုက်မိ၏။ သူက သက်သာသွားတာနဲ့ ရေသွားခပ်တော့တာပဲကွာ...
ရာသီဥတု ပူပြင်းနေ၏။ ကျိုးယွမ်သည် ဟင်းလား ထမင်းလား မသေချာသော ထမင်းတစ်နပ်ကို စားလိုက်ပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားလိုက်ရ၍ ကုတင်ပေါ်တွင် လှဲနေလိုက်သည်။
အပြာရောင်အုတ်အိမ်ဖြစ်သော်ငြား ကုတင်တစ်လုံးမှလွဲပြီး တစ်အိမ်လုံး ဗလာဖြစ်နေကာ အိမ်နှင့်မတူပါချေ။
ထိုနေ့ညက မြင်လိုက်ရသော ချန်ချင့်၏ အခန်းကို သူ ပြန်တွေးမိသွားရသည်။ ဝါးကုလားကာ၊ ဗီရို၊ အဆင်တန်ဆာသေတ္တာနှင့် ပရုတ်သစ်သားသေတ္တာလည်းရှိသေးသည်။ ၄င်းတို့မှာ သေးငယ်သော်လည်း အိမ်နှင့်တူပေသည်။
စစ်မြေပြင်၌ ပြေးလွှားဖူးသူများဟာ အကြားအာရုံကောင်းမွန်လှသည်။ ကျိုးယွမ် ကုတင်ပေါ်မှာ လှဲနေရင်း အပြင်ဘက် လမ်းပေါ်မှ လှုပ်ရှားမှုများကို နားထောင်နေလိုက်သည်။
"ငါ့ဘာငါ သယ်နိုင်ပါတယ်လို့ ငါပြောတယ်လေ"
ဒါ ချန်ချင့်ရဲ့ အသံပဲ...
ကျိုးယွမ်သည် ချန်ချင့် စကားပြောတာကို သိပ်မကြားဖူးပါချေ။ ချန်ချင့်ဟာ အများအားဖြင့် တိတ်ဆိတ်နေကာ သူ့တည်ရှိမှုသေးငယ်အောင် နေလေ့ရှိသည်။
ချန်ချင့်၏ လေယူလေသိမ်းက လော့ဟယ်ရွာ၏ လေယူလေသိမ်းမဟုတ်ပါချေ။ ရိုးရိုးသားသားပြောရပါလျှင် သူ့လေယူလေသိမ်းက ကျိုးယွမ်၏ မွေးရပ်မြေနှင့် ပိုတူနေလေ၏။
"မင်းက အခုမှ နေပြန်ကောင်းခါစလေ... ရေနှစ်ပုံးက လေးနေလိမ့်မှာ"
ဒီအသံကတော့ သူ အရင်က မကြားဖူးသေးတဲ့ နောက်အသံတစ်သံပဲ...
"ဒါပေမဲ့ အခု ငါတို့ နောက်တစ်ခေါက် ထပ်သွားရတော့မှာပေါ့"
ချန်ချင့်၏ အသံမှာ ကူကယ်ရာမဲ့နေဟန်။
"ငါ့ဘာငါ သယ်ရင် တစ်ခေါက်နဲ့ဆို ပြီးနေပြီ"
"လမ်းလျှောက်ထွက်တယ်လို့ပဲ သဘောထားပေါ့" ထိုအသံက ပြောလိုက်သည်။
"မင်းက ငါနဲ့အတူတူ လမ်းမလျှောက်ချင်ဘူးလား"
ချန်ချင့် သက်ပြင်းချလျက် : "ကောင်းပါပြီ"
ကျိုးယွမ် ထထိုင်ကာ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ အရပ်ရှည်ရှည်နှင့် အရပ်ပုပု ပုံရိပ်နှစ်ခုဟာ ကိုးရို့ကားယားပုံစံဖြင့် ရေပုံးကို သယ်နေရင်း ဘေးအိမ်တံခါးဝသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။
ကျိုးယွမ် ခဏလောက်စဉ်းစားလိုက်ပြီးမှ အိပ်ရာကထ၍ ခုနက လုပ်ထားသော ရေပုံးကိုရှာကာ ရေတွင်းသို့ သယ်သွားလိုက်သည်။
သူ ဖြတ်သွားသည့်အခါ ရေကို သယ်လာကြသော ချန်ချင့်နှင့် ကောတစ်ယောက်ကို တွေ့လိုက်ရလေ၏။
ချန်ချင့် သူ့ကိုမြင်လိုက်ရသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အနှီခေါင်းညိတ်ပြသည့်လုပ်ရပ်ဟာ သတိမပြုမိလုနီးနီးပင်။
(Me: ခေါင်းပိစိလေးညိတ်ပြလိုက်တယ်လို့ ပြောချင်တာပါနော်၊ သေချာမကြည့်ရင် ညိတ်လို့ညိတ်ပြမှန်းတောင် မသိနိုင်တဲ့သဘောပေါ့)
ကျိုးယွမ်က သေသပ်စွာ ရေကိုဆွဲယူလိုက်ပြီး သူ့ပခုံးပေါ်တင်ကာ ပြန်လျှောက်လာခဲ့သည်။
သူ့ခြေလှမ်းတွေက အလွန်ကျယ်တာကြောင့် ချန်ချင့်နှင့် လီရှင်းတို့ကို ခဏလေးနဲ့ လိုက်မှီသွားခဲ့သည်။ သူတို့၏ ကိုးရို့ကားယား ကိုယ်ဟန်အနေအထားကို သူ ကြည့်လိုက်မိ၏။
ခဏအကြာတွင် ချန်ချင့်ထက် အရပ်ပိုမြင့်သည့် ကောက သူမောနေပြီလို့ ပြောလိုက်၍ နှစ်ယောက်သား ခဏအနားယူရန် နံဘေးမှာ ထိုင်လိုက်ကြသည်။
ချန်ချင့်က တစ်ခုခုပြောချင်ပေမယ့် လီရှင်း က သူ့ကို တကယ်ကူညီပေးနေတာကြောင့် ဘာမှမပြောလိုက်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် လတ်တလော သူအလုပ်မများတာကြောင့် အနားယူရန် အချိန်ရှိနေပါသေးသည်။
"ကျုံးယွမ်ပွဲတော်မှာ ငါ မုန့်ထောင်းအတွက် စက္ကူနည်းနည်း လာရှို့မယ်နော်" လီရှင်းပြောလိုက်၏။
"ငါတို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြဘူးဆိုပေမဲ့ ဘာပဲပြောပြော အားလုံးက တစ်ရွာတည်းသားတွေပဲလေ"
မုန့်ထောင်းကို သင်္ဂြိုဟ်ချိန်တုန်းက သူ အိမ်မှာမရှိသဖြင့် ချန်ချင့်ကို အဖော်မပြုပေးနိုင်ခဲ့ပေ။
ချန်ချင့် ခေါင်းညိတ်လိုက်ပြီး "ကျေးဇူးပါပဲ"
"ဘာလဲကွာ... ငါတို့က သူငယ်ချင်းကောင်းတွေပဲလေ"
လီရှင်း ဂရုမစိုက်ဟန်ဖြင့် : "နောက်ရက်နည်းနည်းဆို စပါးရိတ်ဖို့ အချိန်ရောက်ပြီမလား... အဲ့ကျ ငါ မင်းကို လာကူညီမယ်နော်"
လီရှင်း၏ မိသားစုက လယ်မလုပ်ပေ။ သူ့အဖေက အလုပ်များနေပြီး သူ့အမေက ကျန်းမာရေးမကောင်းသဖြင့် မိသားစုပိုင်လယ်မြေများအားလုံးကို အငှားချထားသောကြောင့် လယ်ယာလုပ်ငန်းအလုပ်များသောရာသီတွင် လီရှင်းမှာ အလွန်အားလပ်နေလေ၏။
ချန်ချင့် အနည်းငယ်ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ လီရှင်းက သူ့အိမ်မှာတောင် အလုပ်လုပ်စရာမလိုပေ။ သို့သော် သူ့ကို လာကူညီပေးချင်နေသည့်အတွက် သူငြင်းလိုက်ရသည်။
"ငါ့မိသားစုကလဲ ဒီနှစ် သိပ်မစိုက်ထားဘူး... ဒုက္ခမရှာပါနဲ့"
လီရှင်း တစ်ခုခုပြောခါနီးတွင် သူ့ဘေးနားမှ လှုပ်ရှားသံကို ကြားလိုက်ရလေ၏။ ရေထမ်းလာသော ကျိုးယွမ်က သူတို့ကိုဖြတ်သွားစဥ် သူတို့ရေပုံးကိုပါ ကောက်ယူသွားကာ နှုတ်ပင်မဆက်ဘဲ ထွက်သွားခဲ့သည်။
"ဟေး ခင်ဗျား…"
ချန်ချင့်လည်း ရေပုံးကို ပြန်ယူလိုသော လီရှင်းကို အလျင်အမြန် ဖမ်းဆွဲထားလိုက်ရသည်။ သူ့၏ အသံကျယ်ကျယ်ကြောင့် အခြားသူများ၏ အာရုံစိုက်မှုကို ခံရမည်ကို စိုးရိမ်နေမိလျက်။
လီရှင်းသည် လက်တစ်ဖက်တွင် ရေထမ်းထားကာ နောက်တစ်ဖက်မှာ ရေပုံးသယ်သွားရင်း မှန်မှန်လျှောက်နေသော လူကို ကြည့်ပြီးနောက် ချန်ချင့်ကို ပြန်ကြည့်ကာ
"သူက မင်းအတွက် ရေကူသယ်ပေးတာလား"
ချန်ချင့် ခေါင်းညိတ်ပြလိုက်၏။
"အရင်တုန်းက ငါက နေမကောင်းဖြစ်နေလို့၊ အမေ့ခါးကလဲ မကောင်းတော့ သူပဲ ရေကူသယ်ပေးခဲ့တာ"
ယနေ့ စွင်းတာ့ညန်သည် အဒေါ်ဟွားက ကျိုးယွမ်၏ အိမ်ထဲဝင်သွားတာကို တွေ့လိုက်သဖြင့် ကျိုးယွမ် လောလောဆယ် မအားလောက်ကြောင်း သိလိုက်ကာ ချန်ချင့်က သူကိုယ်တိုင်ပဲ ရေသွားခပ်မယ်လို့ ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ်လေ သူ အခု နေကောင်းနေပြီပဲ...
လီရှင်းကို ရေတွင်းမှာ တွေ့လိုက်ရပြီး သူ ဘာပဲလုပ်လုပ် သူ့ကို ကူညီပေးမှာဖြစ်ကြောင်း ပြောလာခဲ့လေသည်။
ချန်ချင့်ဟာ လူတွေကို ငြင်းဆန်ရတာ မတော်သည့်အတွက် သူနဲ့အတူတူ ရေပြန်သယ်လာခဲ့ခြင်းပင်။ မမျှော်လင့်စွာပင် ကျိုးယွမ်နှင့် ဆုံခဲ့ကြသည်။
ချန်ချင့်က သူ့နောက်ကျောကို ကြည့်နေမိလျက်။ သူ အဒေါ်ဟွားကို သဘောတူလိုက်ပြီးပြီလား... သူ လီရှင်းရဲ့ အိမ်မှာ လက်ထပ်ခွင့်သွားတောင်းတော့မှာလား...
လီရှင်းက အရမ်းကောင်းတဲ့လူပဲ... ရုပ်လဲချောတယ်... မိသားစုနောက်ခံလဲ ကောင်းမွန်တယ်... သူတို့နှစ်ယောက် လိုက်ဖက်ညီသား...
"မင်းဘာတွေတွေးနေတာလဲ"
ချန်ချင့် ထမ်းပိုးကို ကောက်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်ပေမယ့် အချိန်အတော်ကြာ မကောက်ဘဲနေနေခဲ့သည်။
ချန်ချင့် ကိုးရိုးကားယားဖြင့် ထမ်းပိုးကို ကောက်လိုက်ပြီး
"ဘာမှမတွေးပါဘူး... ငါတို့ အိမ်ပြန်ကြတော့မလား"
လီရှင်း ခေါင်းညိတ်လိုက်၏။ ကောင်းကင်ကြီးတဖြေးဖြေး မည်းမှောင်လာလေပြီ။
သူလည်း သူ့အမေကို ထမင်းချက်တာကူညီပေးရန် အိမ်ပြန်ရမည်ပင်။ သူ့အမေက ခရီးကပြန်လာပြီးနောက် ပင်ပန်းနေလေရာ အိမ်မှာပဲ အနားယူနေဆဲ။
လီရှင်းသည် ချန်ချင့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဝေးကို ထွက်သွားသော ကျိုးယွမ်ကို ကြည့်လိုက်၏။
ဒီလူနှစ်ယောက် တစ်ခုခုမှားနေသလိုပဲ!
သူတို့နှစ်ယောက် လမ်းဆုံမှာ လမ်းခွဲလိုက်ကြပြီး ချန်ချင့်က ဘာမှမရှိသော ထမ်းပိုးနှင့် အိမ်ပြန်လာခဲ့သည်။ လမ်းတွင် သူ့အိမ်ကနေ ထွက်လာသော ကျိုးယွမ်နှင့် ဆုံလိုက်ရလေသည်။
အိမ်နှစ်အိမ်က မဝေးသော်လည်း တံခါးရှေ့ကလမ်းဟာ လမ်းကျဥ်းလေးဖြစ်၏။ ရွာရှိ လမ်းတွေက သိပ်မကျယ်ပါချေ။ ဒါဟာ ချန်ချင့် အပြင်မထွက်ချင်သော အကြောင်းရင်းတစ်ခုပင်။ သူ ဘယ်သွားသွား လူတွေနဲ့ နီးနီးကပ်ကပ် တွေ့ကိုတွေ့ရမှာ ဖြစ်သည်ကြောင့်သာ။
ချန်ချင့် လမ်းကျဥ်းလေးမှာ ရပ်နေကာ ရှေ့ဆက်မတိုးလာခဲ့ပေ။ သူ ဒီလမ်းထဲ ဝင်မသွားခင် ကျိုးယွမ် အရင်လျှောက်ထွက်လာမှာကို စောင့်ချင်နေမိသည်။
သူ့ပုခုံးပေါ်က ရေပုံးကို ကြည့်လိုက်မိပြီး သူသယ်လာသည့်ရေများကို သူ့ရေလှောင်ကန်ထဲမှာ လောင်းထည့်ခဲ့လောက်သည်ဟု တွေးနေမိလျက်။
ချန်ချင့်က သူ့လက်ချောင်းတွေကို မသိစိတ်ဖြင့် ပွတ်နေမိကာ ကျိုးယွမ်ကို ကျေးဇူးတင်ကြောင်းပြောသင့်သလားလို့ တွေးနေမိသော်လည်း ကျိုးယွမ်က သူ့ရှေ့ရောက်ခါနီးလေလေ သူ့စကားလုံးတွေက သူ့ဗိုက်ထဲမှာပဲ ရှိနေပြီး သူ့နှုတ်ခမ်းဝဆီ ရောက်မလာခဲ့ချေ။
ကျိုးယွမ်လည်း လမ်းဘေးမှာ ရပ်နေသည့် ချန်ချင့်ကို မြင်သွားခဲ့သည်။ ချန်ချင့် စိတ်ရှုပ်ထွေးနေပုံလေးကို ကျိုးယွမ်တွေ့လိုက်ရ၍ သူ့ဆီ လျှောက်လာကာ ပြောခဲ့သည်။
"ဒီနေ့ အသီးတွေအတွက် ကျေးဇူးပါပဲ... အရသာရှိတယ်... ကိုယ် အရင်က တခါမှမစားဖူးဘူး"
"အာ အိုး အဲဒါလား... အဲဒီအသီးတွေက တွေ့နေကျအသီးတွေပါပဲ"
ချန်ချင့် မြန်မြန်ပြန်ပြောလိုက်ပေမယ့် ကျိုးယွမ်ကို မကြည့်ရဲသေးချေ။ ထို့နောက် သူ့နားရွက်လေးတွေ တဖြေးဖြေး နီရဲလာကာ
"ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ရမယ်လို့ မားကပြောခဲ့တယ်"
xxx