အခန်း ၉
Translator - D
“နောက်ဆုံးတော့ ငါ့ကို အိမ်လည်ဖိတ်ခဲ့ပြီပေါ့လေ။”
ဂျီယွန်းက လက်ထဲမှာ ပလက်စတစ်အိတ်တွေအပြည့်နဲ့ ဟာယွန်းရဲ့အိမ်ထဲကို ဝင်လိုက်တယ်။ လွန်ခဲ့တဲ့ တစ်ပတ် နှစ်ပတ်ကတည်းက ဟာယွန်း ဒီကိုပြောင်းလာခဲ့မှန်း သိပေမဲ့ အရမ်းအလုပ်များနေခဲ့တာကြောင့် အိမ်အလည်လာဖို့ကို ရွှေ့ဆိုင်းထားခဲ့တာပါ။ ပြီးတော့ အခု နှစ်ကုန်တဲ့အချိန်မှ ဂျီယွန်းက ဟာယွန်းနေတဲ့အိမ်ကို ပထမဆုံး လာကြည့်ခြင်းပါပဲ။
“အရမ်းနောက်ကျနေမှ လာခဲ့မိလို့ တောင်းပန်ပါတယ်။”
ဂျီယွန်းက တောင်းပန်လိုက်ပြီး ဟာယွန်းက ခေါင်းခါပြခဲ့တယ်။
“မဟုတ်တာ။ လာခဲ့ပေးလို့ ကျေးဇူးပဲ။ ဘာဖြစ်လို့ ပစ္စည်းတွေ ဒီလောက်အများကြီး ဝယ်လာရတာလဲ။”
“ပုံမှန်ဆို အိမ်စစပြောင်းချင်းမှာ ပစ္စည်းတွေ အများကြီးလိုအပ်တယ်မဟုတ်လား။ ဟိုက ဒီက ပစ္စည်းလေး နည်းနည်းပါးပါးလောက်ပဲဝယ်ဖို့ စီစဉ်ထားတာကို နောက်ဆုံးကျတော့ ဒါတွေအားလုံး ဝယ်ဖြစ်သွားတော့တာပဲ။ ဝါး၊ နင့်အိမ်လေးက လှလိုက်တာ။”
လှည့်ပတ်ကြည့်ရင်း ဂျီယွန်းရဲ့ မျက်လုံးလေးတွေ လက်သွားတော့တယ်။ ဟာယွန်းရဲ့ ရုံးခန်းတိုက်ခန်းလေးက ရှုခင်းကောင်းပြီး သန့်သန့်ရှင်းရှင်းရှိပါတယ်။ ဟာယွန်းက နဂို သပ်သပ်ရပ်ရပ် နေတတ်တဲ့သူဖြစ်ပြီး ကြမ်းပြင်က အဲ့ဒါကို ထင်ဟပ်ပြနေသလိုပါပဲ။ ဖုန်ဆိုတာကို တစ်စက်ကလေးတောင် မမြင်ရပါဘူး။ ဟာယွန်းက ခက်ခဲတဲ့ကိစ္စ တစ်ခုခုကြုံတွေ့ရရင် အလုပ်ရှာလုပ်နေတတ်တဲ့သူလည်း ဖြစ်ပြန်တာမို့ အဲ့ဒါကလည်း အကြောင်းရင်းတစ်ခု ဖြစ်ပါလိမ့်မယ်။
“အမှာပို့နဲ့ စားစရာ မှာစားကြမလား။”
ဂျီယွန်းက ဟာယွန်းကို မေးလိုက်တယ်။
“ဟင့်အင်း။ နင်က ပါစတာကြိုက်တယ်မဟုတ်လား။ ငါ အားလုံးပြင်ဆင်ထားပြီးပြီ။ နင့်အတွက် လုပ်ပေးမယ်။”
“ဝါး၊ နင်က ငါ့အတွက် လုပ်ပေးမယ်ပေါ့လေ။ အလုပ်ရှုပ်တာပေါ့ဟယ်။ အဲ့ဒီလောက်အထိ လုပ်စရာမလိုပါဘူး။”
“ရပါတယ်ဆို။”
“အင်းလေ၊ ဘာပဲဖြစ်ဖြစ် ငါ့အတွက်တော့ ပိုကောင်းသွားတာပဲပေါ့။”
ဂျီယွန်းက ခန္ဓာကိုယ်နဲ့ လွန်လွန်ကဲကဲတွေ အမူအရာလုပ်ပြီး ပျော်သွားကြောင်း ဖော်ပြခဲ့တယ်။ ဟာယွန်းက ဂျီယွန်းကိုကြည့်ပြီး ပြုံးလိုက်တယ်။ နှစ်ကုန်ပိုင်းတွေဆိုရင် ဂျီယွန်းက အရမ်းအလုပ်များတတ်ပါတယ်။ ဟာယွန်းလိုမဟုတ်ဘဲ ဂျီယွန်းမှာက သူငယ်ချင်းတွေ အများကြီးရှိပြီး မိသားစုကိုလည်း အမြဲတမ်း ဂရုစိုက်တတ်တာကြောင့် လူအများကြီးနဲ့ တွေ့ရတယ်လေ။
ဒီလိုတွေရှိတာတောင်မှ ဂျီယွန်းက ဟာယွန်းရဲ့ တိုက်ခန်းအသစ်ကို ခုတုံးလုပ်ပြီး ဟာယွန်းနဲ့ တွေ့ဖြစ်အောင်တွေ့ခဲ့တယ်။ လမ်းခွဲပြီးတဲ့နောက် ဘယ်လိုခံစားနေရမလဲဆိုပြီး ဟာယွန်းအတွက် စိုးရိမ်နေဆဲ ဖြစ်တာကြောင့်ပါ။
ဟာယွန်းက ဂျီယွန်းရဲ့ရည်ရွယ်ချက်ကို ရိပ်မိပေမဲ့ မသိချင်ယောင် ဆောင်နေလိုက်တယ်။ အဲ့ဒီအစား သူက ဂျီယွန်းအကြိုက်ဆုံး အစားအသောက်ကို ချက်ပေးခဲ့တယ်။
Al dente ခေါက်ဆွဲ၊ ချိစ်၊ ခရမ်းချဉ်သီး စပါကတ်တီ။ ဝိုင်ဖြူ။ ဂင်မ်ချီ ရီဆော့တို။ ဟာယွန်းက ရိုးရိုးရှင်းရှင်း အသုပ်တစ်ပွဲတောင် လုပ်လိုက်ပါသေးတယ်။ စားပွဲက စားစရာတွေနဲ့ ပြည့်သွားတော့တယ်။
“ဝါး။ စားစရာတွေ အများကြီးပဲ။ ကျိန်းသေပေါက် အလုပ်ရှုပ်နေမှာကို အချိန်ယူပြီး ဒါတွေအားလုံး လုပ်ပေးခဲ့တယ်နော်။ ကျေးဇူးပါပဲ။”
ဟာယွန်းရဲ့ ဟင်းချက်လက်ရာကိုကြိုက်တဲ့ ဂျီယွန်းက ဝမ်းသာအားရ အော်ပြောခဲ့တယ်။
“ကြိုက်တယ်ဆိုရင် ကောင်းမှာပဲ။”
သူတို့နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး ခက်ရင်းတွေကို ကောက်ကိုင်လိုက်ကြတယ်။ အစားစားရင်းနဲ့ ဂျီယွန်းက ရေးကြီးခွင်ကျယ်တွေ ဆက်ပြောခဲ့တယ်။ စားသောက်ပြီးသွားကြတဲ့အခါ သူတို့က ဝိုင်ဖြူတစ်ပုလင်းလုံး အပြတ်ရှင်းခဲ့ကြတယ်။ ဟာယွန်းက သူ ကြိုပြီးတော့ ပြင်ဆင်ထားတဲ့ ဘီယာနှစ်ဘူးကို ယူထုတ်လာပြီး ဂျီယွန်းကို တစ်ဘူးပေးလိုက်တယ်။ နှစ်ယောက်သား အကြောင်းအရာ အမျိုးမျိုးကို ပြောခဲ့ကြပြီး ဘီယာနှစ်ဘူးက ခဏလေးအတွင်းမှာပဲ ကုန်သွားခဲ့တယ်။
“နင့်ရဲ့ အရက်ဒဏ်ခံနိုင်ရည်က မြင့်လာတာပဲ။”
ဂျီယွန်းက ဟာယွန်းဘေးမှာရှိတဲ့ ဘီယာဘူးခွံအလွတ်ကို ကြည့်ခဲ့တယ်။
“နည်းနည်းပါ။”
“အခုတလော တော်တော်လေး သောက်ဖြစ်နေတယ်ထင်တယ်။”
“နည်းနည်းပေါ့။”
ဟာယွန်းက ရှက်ကိုးရှက်ကန်းလေး ပြုံးလိုက်တယ်။ သူ့မျက်လုံးလေးတစ်ဖက် ကျုံ့သွားခဲ့တယ်။
“အခုတလော နည်းနည်းအဆင်ပြေလာပြီလား။”
ကိုယ့်ဘီယာကိုယ် ကုန်အောင်သောက်ပြီးသွားတဲ့နောက် ဂျီယွန်းက အနည်းငယ် တုန်နေတဲ့အသံနဲ့ မေးခဲ့တယ်။ ဟာယွန်းက သူ့ရဲ့ဘီယာဘူးကို ကောက်ကိုင်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်တယ်။
“အင်း။ အချိန်တွေလည်း တော်တော်လေး ကုန်လွန်လာပြီဆိုတော့…ပြီးတော့ ငါကလည်း အလုပ်တွေရှုပ်နေတာလေ။ ဆက်နေသွားရင်းနဲဲ့ အားလုံး အဆင်ပြေလာသလို ခံစားရတယ်။”
ဟာယွန်းက ပြုံးလိုက်တယ်။
တစ်ခါတလေ ကောက်မသိမ်းမိတဲ့ ဖန်ကွဲစတွေကို တက်နင်းမိပြီး နာကျင်မှုအတိလွှမ်းရတာတွေ ရှိပါတယ်။ ပြတင်းပေါက် အပြင်ဘက်ကို အကြောင်သား ငေးကြည့်မိနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိရတဲ့ အကြိမ်အရေအတွက်ကလည်း မြင့်တက်လာခဲ့တယ်။ အဲ့ဒီလိုနေ့မျိုးဆို အရက်ပုလင်းဆီ အလိုလို လက်လှမ်းမိတော့တာပါပဲ။ ဒါပေမဲ့ ဟာယွန်းက ဒါတွေကို ဘာတစ်ခုမှ မပြောပြခဲ့ပါဘူး။
“တော်သေးတာပေါ့။”
“အင်း။”
ဟာယွန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်တယ်။
“တော်ပါသေးရဲ့။ ငါ ထင်ထားသလောက် ခံစားနေရတဲ့ပုံမပေါ်လို့။ ဒါပေါ့လေ၊ စိတ်ထဲမှာတော့ ဒီအတိုင်း ခံစားချင်မှ ခံစားရမယ်ဆိုပေမဲ့ပေါ့။”
“တကယ် အဆင်ပြေပါတယ်ဆို။ ငါ့အတွက် မပူနဲ့။”
“ဟုတ်ပါပြီ။ အဆင်ပြေပြေရှိနေတာပဲ။ နင်က အဆင်ပြေတယ်ဆိုရင် အဆင်ပြေတယ်ပဲပေါ့။ အခု တစ်နှစ်ကုန်သွားပြီ။ ငါတို့တွေ နောက်တစ်နှစ် အသက်ကြီးလာတော့မယ်ထင်ပါရဲ့။ စိတ်မကောင်းစရာဆိုပေမဲ့ နေ့ကောင်းလေးပဲဆိုတော့ နောက်တစ်လုံး ထပ်သောက်ရအောင်။”
ဂျီယွန်းက အော်ပြောရင်း ဘီယာနောက်တစ်ဘူးကို ဖွင့်လိုက်တယ်။ ဟာယွန်းက သူ့ရဲ့ဘီယာဘူးနဲ့ ဂျီယွန်းရဲ့ ဘီယာဘူးကို တိုက်လိုက်တယ်။ အဲ့ဒီနောက် နှုတ်ခမ်းဆီ တေ့လိုက်တယ်။ အမြှုပ်တွေကြောင့် ယားကျိကျိဖြစ်သွားခဲ့တယ်။ ရင်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ နာကျင်မှုကို ခံစားရသလိုလိုရှိပေမဲ့ ဟာယွန်းက လျစ်လျူရှုထားလိုက်တယ်။
“၁၂နာရီတောင် ထိုးတော့မယ်။”
ဂျီယွန်းက နံရံပေါ်ကနာရီကို တစ်ချက်ကြည့်လိုက်တယ်။
“အင်း၊ ဟုတ်ပါ့။”
“အခုဆို ငါတို့တွေ ၃၀ထဲ ဝင်လာကြပြီ။ နှစ်သစ်ကူးအကြိုည ခေါင်းလောင်းကို နားထောင်သင့်တယ်မဟုတ်ဘူးလား။”
ဂျီယွန်းက ထရပ်ပြီး ယိုင်တိယိုင်တိုင်နဲ့ တီဗွီရီမုတ်ကို သွားယူလာခဲ့တယ်။ တီဗွီဖွင့်လိုက်တယ်ဆိုရင်ပဲ MBS သရုပ်ဆောင် ဆုချီးမြှင့်ပွဲအခမ်းအနားက စခရင်န်ပေါ်မှာ ပေါ်လာခဲ့တယ်။
[ဆုရသွားသူကတော့…]
ဆုရရှိသူကို ကြေညာနေတဲ့ MC က တစ်ချက်တိတ်သွားခဲ့တယ်။
“ဂန်ထယ်ဝမ် ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်ခင်ဗျ။”
MC က ကြေညာလိုက်တယ်ဆိုရင်ပဲ ကင်မရာက ထယ်ဝမ့်ဆီ လှည့်သွားခဲ့တယ်။ သူ့ကြည့်ရတာ တစ်ချက်လောက် လိပ်ပြာလွင့်သွားတဲ့သူလိုဖြစ်နေခဲ့တယ်။ ဘေးမှာထိုင်နေတဲ့သူက သူ့ပခုံးကို ပုတ်လိုက်တော့မှပဲ သူက ဖြည်းဖြည်းချင်း ထရပ်လိုက်တယ်။ စတိတ်စင်ဆီ လျှောက်သွားချိန်မှာ သူ့မျက်နှာက ကြောင်တောင်တောင်နဲ့ပါ။
“အိုမို။”
ဂျီယွန်းတစ်ယောက် ရီမုတ်ပေါ်က ခလုတ်တွေကို တစ်ခုပြီးတစ်ခု လျှောက်နှိပ်ရင်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေခဲ့ပေမဲ့ ချန်နယ်လ်က ပြောင်းမသွားခဲ့ပါဘူး။
“နင့်ရီမုတ်က ဘတ်ထရီအားကုန်သွားပြီထင်တယ်။ ဘာဖြစ်လို့များ ဒီလိုအချိန်မျိုးမှာမှ အားလာကုန်ရတာလဲ…”
ဂျီယွန်း ဂယောင်ချောက်ချား ဖြစ်နေချိန်မှာ ထယ်ဝမ်က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို လက်ခံယူခဲ့တယ်။ ပရိသတ်တွေက လက်ခုပ်တီးပြီး အားပေးကြတော့တယ်။
ဟာယွန်းရဲ့တီဗွီမှာ ပေါ်လာတဲ့ သူက အနောက်တိုင်းဝတ်စုံနဲ့ ခံ့ညားနေခဲ့တယ်။ သူက မိုက်ခရိုဖုန်းအရှေ့မှာ ရပ်လိုက်တယ်။ ဟာယွန်းက သူ့ကို ကြည့်နေခဲ့တယ်။
သူ့အိမ်မက်က အမှန်တကယ် အကောင်အထည်ပေါ်လာခဲ့တာပဲ။
ထယ်ဝမ်က အမြဲတမ်း ဒါကို ပြောနေကျပါ။ သူ့ရဲ့ အကြီးမားဆုံး အိပ်မက်တွေထဲက တစ်ခုက အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ရဖို့ပါတဲ့လေ။ ရုပ်ရှင်ပွဲတော်တစ်ခုမှာ ဆုရထားပြီးပြီဆိုတော့ ရုပ်သံလိုင်းကြီးတစ်ခုမှာ ဆုရဖို့အချိန်တန်ပြီလို့ ပြောဖူးပါတယ်။ အကယ်၍ ရုပ်သံလိုင်းကြီးတစ်ခုမှာ ဆုရသွားခဲ့မယ်ဆိုရင် ဟာယွန်းဆီ အချက်ပြစကားပြောမယ်တဲ့လေ။
သူ ဒီလိုပြောတာကို ကြားရတိုင်း ဟာယွန်းက သူ့အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပါစေလို့ မကြာမကြာ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလေ့ရှိပါတယ်။ သူ့အိပ်မက် တကယ်ဖြစ်လာရင် အကျယ်ဆုံးလက်ခုပ်တီးပေးမဲ့သူက ငါပဲဖြစ်ရမယ်လို့ ဟာယွန်း သန္နိဋ္ဌာန် ချထားခဲ့တာပါ။
အဲ့ဒီလိုဖြစ်လာတာကို အခုလိုမျိုး အဝေးကြီးကနေ ဘာမှမဟုတ်သလို ကြည့်ရလိမ့်မယ်လို့ တစ်ခါမှ ထင်မှတ်မထားခဲ့ဖူးပါဘူး။
ဟာယွန်းရဲ့မျက်နှာထားက ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့တယ်။
“…ထားလိုက်တော့၊ ဂျီယွန်း။”
ဂျီယွန်း တီဗွီပိတ်ဖို့ လျှောက်သွားချိန်မှာ ဟာယွန်းက လက်မြှောက်ပြလိုက်တယ်။
“ဟာယွန်း။”
“အဆင်ပြေပါတယ်။ တစ်သက်လုံး တီဗွီမကြည့်ဘဲ နေသွားလို့မှမရတာ…ဒီလိုမျိုး ဖြစ်နေရင်တောင် သူ့ကို ကြည့်ချင်တယ်။”
လမ်းခွဲခဲ့ကြပေမဲ့ သူ အောင်မြင်သွားတာကို ဟာယွန်း တွေ့ချင်ပါတယ်။ အဲ့ဒါက ဟာယွန်းရဲ့အိပ်မက်လည်း ဖြစ်တယ်လေ။ ဂျီယွန်းက တစ်ချက် ချီတုံချတုံဖြစ်နေပြီးမှ တီဗွီရီမုတ်ကို ချလိုက်တယ်။
တီဗွီဖန်သားပြင်ပေါ်မှာတော့ ထယ်ဝမ်က လေးလံတဲ့ သူ့ရဲ့ထရိုဖီကို ငုံ့မိုးကြည့်နေခဲ့တယ်။ အဲ့ဒီနောက် သူက မိုက်ခရိုဖုန်းဆီ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့တယ်။
မျက်လုံးတွေအားလုံးက သူ့အပေါ်မှာ စူးစိုက်လျက် ရှိနေကြတယ်။ သူ့နှုတ်ခမ်းတွေ ဟသွားချိန်မှာ အရာအားလုံး တိတ်ဆိတ်သွားတော့တယ်။ အဲ့ဒီနောက်မှာ တိတ်ဆိတ်မှုက ရှည်ကြာစွာ ပါလာခဲ့တယ်။ ထယ်ဝမ်က မိုက်ခရိုဖုန်းအရှေ့မှာ အကြာကြီးရပ်နေပြီး ဘာမှမပြောခဲ့ပါဘူး။ အချိန်က တရွေ့ရွေ့ ဆက်ကုန်လာခဲ့တယ်။ လူတွေက စတင်ပြီး တီးတိုးတီးတိုး ပြောကုန်ကြတယ်။
“ဂန်ထယ်ဝမ် ဘာဖြစ်နေတာပါလိမ့်။”
ဂျီယွန်းက အံ့ဩတကြီးနဲ့ တီးတိုးရေရွတ်ခဲ့တယ်။
[ကြည့်ရတာ ဂန်ထယ်ဝမ်က တအားရှော့ခ်ဖြစ်သွားတဲ့ပုံပါပဲ။ ဒါက ထင်မှတ်မထားတဲ့အရာတော့ မဟုတ်ပါဘူး။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရတဲ့ ဘယ်သူမဆို အခုလို ခံစားရမှာပါပဲ။]
MC က တိတ်ဆိတ်မှုကို ဖြိုခွဲခဲ့တယ်။
[ကိစ္စမရှိပါဘူး၊ ဂန်ထယ်ဝမ်ခင်ဗျ။ သက်သောင့်သက်သာ ပြောပါ။]
MC က အားပေးလိုက်ပေမဲ့ ထယ်ဝမ်က ဒီအတိုင်း တံတွေးသာမျိုချခဲ့ပြီး ဘာစကားမှ မပြောခဲ့ပါဘူး။ သူက အရှေ့ကိုကြည့်လိုက်ပြီးမှ အောက်ကို တစ်ဖန်ငုံ့ကြည့်ခဲ့ပြန်တယ်။ သူ့မျက်လုံးတွေ ထရိုဖီပေါ် ကျရောက်သွားတဲ့ အခိုက်အတန့်မှာ သူ့နှုတ်ခမ်းတွေက တင်းတင်းစေ့ပိတ်သွားတော့တယ်။ ဆုပေးပွဲခန်းမက တစ်ခါထပ်ပြီး တိတ်ဆိတ်မှုသို့ ကျရောက်ခဲ့ရပြန်တယ်။
ခဏနေတော့ သူ့မျက်လုံးတွေကနေ မျက်ရည်တွေ စပြီးစီးကျလာပါတော့တယ်။
တောက်…တောက်…
မျက်ရည်တွေက ထရိုဖီပေါ်ကနေ ကြမ်းပြင်ပေါ် ကျသွားခဲ့တယ်။ ကင်မရာက သူ့မျက်နှာကို အနီးကပ် ရိုက်ပြခဲ့တယ်။ သူက မျက်ရည်တွေကို လက်နဲ့သုတ်လိုက်ပြီး အဲ့ဒီတော့မှပဲ သူ့ကိုယ်သူ ငိုနေမိမှန်း သိလိုက်တဲ့ပုံပါပဲ။
အဲ့ဒီနောက် သိပ်မကြာခင်မှာ သူ့မျက်နှာက ဝမ်းနည်းကြေကွဲနေတဲ့ မျက်နှာထားအဖြစ် ပျက်ယွင်းသွားခဲ့တယ်။ အင်မတန်ပြောင်မြောက်တဲ့ဆုကြီး ရထားသူရဲ့မျက်နှာပါလို့ လူတွေ ယုံရခက်ခက် ဖြစ်ခဲ့ကြရတော့တယ်။
ဒီအခိုက်အတန့်ကို ဖုံးဖုံးဖိဖိလုပ်ဖို့အတွက် အံ့ဩတကြီးဖြစ်နေတဲ့ MC က စကားတွေ စပြောခဲ့တယ်။ ဟာယွန်းက ဘာတစ်ခုမှ မကြားနိုင်ခဲ့ပါဘူး။ တိတ်ဆိတ်တဲ့ သူ့ကမ္ဘာမှာ ငိုနေတဲ့ ထယ်ဝမ့်မျက်နှာ တစ်ခုတည်းကိုသာ မြင်နိုင်ခဲ့ပါတယ်။
တခြားလူတွေကတော့ အပျော်လွန်သွားလို့ ငိုတာပဲဖြစ်မယ်လို့ ထင်ကြလောက်မယ်ဆိုပေမဲ့ ဟာယွန်းက ကောင်းကောင်းကြီး ပိုသိပါတယ်။
သူ ပင်ပန်းခက်ခဲနေတယ်ဆိုတာကိုပေါ့။
နင် ပျော်နေတာကို မြင်ချင်ခဲ့တာလေ။ အဲ့ဒါကို ဘာဖြစ်လို့ အဲ့ဒီမျက်နှာမျိုး လုပ်ရတာလဲ။
ထယ်ဝမ် မျက်လုံးမှိတ်လိုက်ချိန်မှာ သူ့လက်ထဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တဲ့ ထရိုဖီပေါ်ကို မျက်ရည်တွေ ပိုလို့တောင် ကျလာခဲ့တယ်။ သူ့ပုံစံက ကြေကွဲဖွယ်အတိပါပဲ။
“…ဟာယွန်း။”
ဂျီယွန်းက သူ့နာမည်ကို ညင်ညင်သာသာလေး ခေါ်ခဲ့တယ်။ ဟာယွန်းက တစ်ချက်နောက်ကျပြီးတော့မှ သူ့ကို ကြည့်လိုက်မိတယ်။ ပြန်ထူးသင့်တယ်ဆိုပေမဲ့ ဟာယွန်း စကားမပြောနိုင်ခဲ့ပါဘူး။ ဂျီယွန်းရဲ့ အလန့်တကြားမျက်နှာထားကို တွေ့လိုက်ရတယ်။
“နင်…ဘုရားရေ၊ ငါ့နှယ်။”
ဂျီယွန်းက တစ်ရှူးတစ်ရွက် ကမ်းပေးခဲ့တယ်။ ‘ဘာလို့ ငါ့ကို ဒါကမ်းပေးရတာလဲ’ လို့ ဟာယွန်း မေးဖို့ပြင်လိုက်ချိန်မှာ တစ်စုံတစ်ရာက သူ့ရဲ့လက်ခုံပေါ် ကျလာခဲ့တယ်။ ဟာယွန်းက အဲ့ဒီအရာကို အကြောင်သားမျက်လုံးတွေနဲ့ ငုံ့ကြည့်နေခဲ့ပြီးမှ အဲ့ဒီအရာဟာ သူ့ဆီက ကျလာတာမှန်း သိသွားတော့တယ်။
“ငါ…”
“ငါ ဘာမှမဖြစ်ဘူး။”
အဲ့ဒီစကားတွေ ထွက်မလာနိုင်ခင်မှာ ဆို့နင့်ကြေကွဲဖွယ် ငိုသံက သူ့နှုတ်ဖျားကနေ ထွက်လာခဲ့တယ်။ ဘဝမှာ တကယ်ကို ပတမဆုံးအကြိမ် ငိုဖူးခြင်းဖြစ်တဲ့အလား ငိုကြွေးခဲ့တယ်။
“အို၊ ဟာယွန်းရယ်။ နင်နဲ့တော့ ဘယ်လိုလုပ်ရမလဲနော်။”
ဂျီယွန်းက စားပွဲကို ပတ်လျှောက်လာပြီး ဟာယွန်းကို ဆွဲယူပွေ့ဖက်ထားပေးခဲ့တယ်။ ဟာယွန်းက ဂျီယွန်းရဲ့ရင်ခွင်ထဲမှာ မျက်နှာကိုအပ်ထားရင်း ဆက်ပြီးမျက်ရည်တွေကျနေခဲ့တယ်။
ထပ်ငိုမိတော့မှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာပါ။ အခု အဆင်ပြေပြီလို့ ထင်ထားခဲ့တာပါ။
ဒါပေမဲ့ ငိုဖို့ မျက်ရည်တွေကျန်နေသေးတာပဲ။
****
နောက်ဆုံးတော့ ဂန်ထယ်ဝမ်က စင်ပေါ်မှာ ဘာစကားမှ မပြောခဲ့ပါဘူး။ မျက်ရည်တွေကျပြီးတဲ့နောက်မှာ သူက ဒီအတိုင်း ခေါင်းတစ်ချက်ဆတ်ပြပြီး သူ့နေရာသူ ပြန်လာခဲ့တယ်။
ဒါပေမဲ့လည်း အခမ်းအနား ပြီးဆုံးတဲ့အထိ ကင်မရာက ဂန်ထယ်ဝမ်ကို ရိုက်ပြခဲ့တယ်။ သူက အနည်းငယ် ခေါင်းငုံ့ထားပြီး တစ်ချက်လေးတောင် မလှုပ်ခဲ့ပါဘူး။
အဲ့ဒီနောက်မှာ ဖန်သားပြင်က နှစ်သစ်ကူး ခေါင်းလောင်းဘက်ကို ပြောင်းသွားခဲ့တယ်။ သတင်းတင်ဆက်သူတွေက အပျော်ကြူးနေတဲ့အသံနဲ့ နှစ်သစ်ကိုရောက်တော့မှာဖြစ်ကြောင်း ကြေညာခဲ့တယ်။ သတင်းကိုကြားတဲ့အခါ လူတွေက လက်တွေကိုဆန့်တန်းပြီး တုံ့ပြန်တဲ့အနေနဲ့ အော်ခဲ့ကြတယ်။ သူတို့တွေရဲ့ ရင်ခွင်ထဲမှာ ရောင်စုံပူဖောင်းတွေ အပြည့်ဖြစ်နေခဲ့တယ်။ သူတို့ပုံစံက ဒီကမ္ဘာမှာ အပျော်ဆုံးလူတွေလိုပါပဲ။
စောစောတုန်းက ဖန်သားပြင်မှာ တကယ်ပဲ ဂန်ထယ်ဝမ်ရဲ့မျက်နှာရှိခဲ့တာ ဟုတ်ရဲ့လားလို့ တွေးမိရတဲ့ အတိုင်းအတာအထိပေါ့။
ဒေါင်…ဒေါင်…ဒေါင်…
နှစ်သစ်ကူးခေါင်းလောင်း မြည်ခဲ့တယ်။ သတင်းတင်ဆက်သူတွေက အားလုံးပဲ ပျော်ရွှင်စရာနှစ်သစ်ပါလို့ စိတ်လှုပ်ရှားရင်ခုန်စွာ ဆုတောင်းပေးခဲ့ကြတယ်။ တီဗွီဖန်သားပြင်က အင်မတန် ရင်ခုန်ပျော်ရွှင်စရာကောင်းတာတွေကို ပြနေတာမို့ မူးရိပ်ရိပ်ဖြစ်တော့မတတ်ပါပဲ။ ဟာယွန်းရဲ့အိမ်က မွန်းကျပ်စရာ တိတ်ဆိတ်မှုနဲ့ ပြည့်နေတာကြောင့်ပဲ ဖြစ်လေမလား။
ရီမုတ်ထဲက ဓာတ်ခဲကို လဲပြီးတော့မှပဲ နောက်ဆုံးမှာ တီဗွီပိတ်လို့ ရသွားတော့တယ်။ အဲ့ဒီနောက်မှာ ဂျီယွန်းက နောက်ထပ် ဘီယာ ၃ဘူး ထပ်သောက်ခဲ့တယ်။
အရေးကြီးကိစ္စရယ်လို့ ဘာမှ ထွေထွေထူးထူး မပြောဖြစ်ခဲ့ကြပါဘူး။ ဟာယွန်းက ဘာမှမဖြစ်ခဲ့တဲ့အလား သူ့ရဲ့နဂိုပုံစံဆီ ပြန်ရောက်သွားခဲ့တယ်။ ဂျီယွန်းက စောစောတုန်းက ဟာယွန်း မျက်ရည်ကျခဲ့တဲ့အကြောင်းကို တမင်တကာ မပြောဘဲနေခဲ့တယ်။
မနက်တစ်နာရီ ကျော်သွားချိန်မှာတော့ ဂျီယွန်းတစ်ယောက် နောက်ဆုံးမှာ အိမ်ပြန်ဖို့ ထခဲ့တယ်။ ဟာယွန်းက ကုတ်အင်္ကျီ ထူထူကြီးကြီးတစ်ထည်ဝတ်ပြီး ဂျီယွန်းနောက်က လိုက်လာခဲ့တယ်။
“အထဲဝင်စမ်းပါ။ ငါပဲဟာကို။ လိုက်ပို့စရာ မလိုပါဘူး။”
“နင်မို့လို့ လိုက်ပို့ချင်တာပေါ့။”
ဂျီယွန်းကို ပြုံးပြနေတုန်းမှာ ဟာယွန်းရဲ့ မျက်လုံးလေးတွေက အနည်းငယ် ရီဝေဝေရှိနေခဲ့တယ်။
“နင့်မျက်နှာကို ကြည့်ရပုံထောက်ရင် ငါကမှ နင့်ကို အိမ်ပြန်လိုက်ပို့သင့်တဲ့သူထင်တယ်နော်။”
“မလိုပါဘူး။ ဒီအတိုင်း နင် တက္ကစီပေါ်တက်သွားတာလေး ကြည့်ပြီးမှ အထဲပြန်ဝင်မလို့။”
ဟာယွန်းရဲ့ ခေါင်းမာမှုကို မနိုင်တာကြောင့် ဂျီယွန်းက ခေါင်းခါလိုက်တယ်။
ဂျီယွန်းရဲ့တက္ကစီကို စောင့်နေရင်း သူတို့နှစ်ယောက် ခပ်ကျယ်ကျယ် လမ်းကြားလေးထဲမှာ ရပ်နေခဲ့ကြတယ်။ တက္ကစီရဖို့က ထင်ထားတာထက်ကို တော်တော်လေး ကြာခဲ့ပါတယ်။ ‘ကဲ ဒါဆို ငါ သွားပြီနော်’ လို့ပြောရင်း ဂျီယွန်းက လက်ပြခဲ့ပြီး ဟာယွန်းက လက်ပြန်ပြခဲ့တယ်။
“ကျေးဇူးပဲ။ ပြီးတော့ ဒီနေ့အတွက် အားလည်းနာတယ်။ နင့်ကို မပြသင့်တာ ပြလိုက်မိလို့။”
ဟာယွန်းက နှုတ်ဆက်ရင်း ခေါင်းငုံ့လိုက်တယ်။
“အားနာစရာမလိုပါဘူး။ အဲ့ဒီအတွက် ပူမနေနဲ့။ အိပ်လိုက်ပြီး နိုးလာတာနဲ့ ဘာမှမဖြစ်ခဲ့သလို ဖြစ်သွားမှာ။”
ဂျီယွန်းရဲ့စကားကြောင့် ဟာယွန်းက ပြုံးလိုက်တယ်။
ဂျီယွန်းရဲ့ တက္ကစီက ရှင်းလင်းနေတဲ့လမ်းအတိုင်း အပြေးဆင်းသွားခဲ့တယ်။ တစ်ယောက်တည်း ကျန်နေရင်း ဟာယွန်းက တက္ကစီလေး ဝေးသထက်ဝေးကွာသွားတာကို ငေးကြည့်နေခဲ့တယ်။ မြင်ကွင်းကနေ လုံးဝပျောက်ကွယ်သွားတော့မှပဲ အပေါ်ဝတ်အင်္ကျီကို ရင်ဘတ်နားမှာ တင်းတင်းကျပ်ကျပ် ဆွဲစုပြီး သူ့ရဲ့ ရုံးခန်းတိုက်ခန်းလေးဆီ ဖြည်းဖြည်းချင်း စတင်လျှောက်လှမ်းခဲ့တယ်။
နှစ်သစ်ကူးကို အုံအုံကြွကြွ ကြိုဆိုဆင်နွှဲခဲ့ကြတာတွေအားလုံးက အလိမ်အညာဖြစ်ခဲ့တဲ့အလား လမ်းက လုံးဝ ရှင်းလင်းနေခဲ့တယ်။ ချမ်းချမ်းစီးစီး၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အထီးကျန်လှပါတယ်။
အိမ်နဲ့နီးလာလေ ဟာယွန်းရဲ့ခြေလှမ်းတွေက မြန်လာလေပါပဲ။ ဓာတ်လှေကားထဲရောက်တဲ့အခါ လုပ်ရမဲ့အလုပ်တာဝန်တွေကို တမင်တကာပဲ စိတ်ထဲစထည့်လိုက်တယ်။
စားပွဲရှင်းမယ်၊ ပန်းကန်ဆေးမယ်၊ ဂျီယွန်းရဲ့ လက်ဆောင်တွေကို သိမ်းမယ်၊ ပြီးတော့…
နောက်ထပ်လုပ်စရာတွေကို ထပ်တွေးရင်း ဟာယွန်းက ဓာတ်လှေကားကနေ ထွက်လာလိုက်တယ်။ သူ့ခြေလှမ်းတွေ တုံ့ခနဲရပ်သွားခဲ့တယ်။ သူ့ခေါင်းထဲမှာ ပြည့်နေတဲ့ လုပ်စရာကိစ္စတွေက သဲတွေလိုမျိုး စတင်ပြီး ဝေဝါးပျောက်ကွယ်လာတော့တယ်။
****
Miel's Translations