no

Font
Theme

အခန်း ၇

Translator - D

ဒီနေ့ လေက အေးနေခဲ့တယ်။ သူ့အသားကို လေက ရှပ်ထိတိုက်ခတ်သွားတာကြောင့် ဟာယွန်းက ကုတ်အင်္ကျီကို ရင်ဘတ်မှာ တင်းတင်းဆွဲစုပြီး ခေါင်းမော့လိုက်တယ်။

ဆောင်းဦးရဲ့ကောင်းကင်က အပြာရောင်တောက်ပနေဆဲဆိုပေမဲ့ ဆောင်းတွင်းလိုမျိုး ခံစားရပါတယ်။ ရာသီတွေက တိတ်တဆိတ် ပြောင်းလဲသွားကြတာပဲ။

အချိန်ရပ်တန့်သွားရင် ကောင်းမှာပဲလို့ ဆုတောင်းလိုက်မိတယ်။

ဟာယွန်း အဲ့ဒီလိုတွေးနေချိန်မှာ ဖုန်းမြည်လာခဲ့တယ်။ သူ့ရဲ့ အေဂျင်စီကပါ။

"ဟယ်လို။"

-သွားနေပြီမဟုတ်လား။ ဒီနေ့ လာမကြိုပေးနိုင်လို့ တောင်းပန်ပါတယ်။

"ကိစ္စမရှိပါဘူး။"

-ပြဿနာတစ်စုံတစ်ရာရှိရင် ဖုန်းဆက်လိုက်နော်။ နောက်ကျလို့မရဘူးဆိုတာကို သိပြီးသားမဟုတ်လား။ အဲ့ဒီ ဒါရိုက်တာက စိတ်ရင်းကောင်းတဲ့ပုံပေါ်ပေမဲ့ လူတွေ အချိန်မတိကျရင် တကယ်မုန်းတာ။

ဟာယွန်းရဲ့ အေဂျင်စီ ကိုယ်စားလှယ်က ကြောင့်ကြစွာ ပြောခဲ့တယ်။ ဟာယွန်းတစ်ယောက် ဒီအတိုင်း ထွက်ပြေးသွားပြီး ကြိုတင်ချိန်းဆိုထားရာကနေ လွတ်မြောက်ချင်နေတာကို သိနေတဲ့အလားပေါ့။

"မပူပါနဲ့ ကိုယ်စားလှယ်ကြီး။ ကျွန်မ အခု သွားနေတဲ့လမ်းမှာပါ။"

-ဟုတ်ပါပြီ၊ နင့်ကိုပဲ အပ်ထားလိုက်မယ်။ ရိုက်ကူးရေးပြီးသွားရင် ဖုန်းဆက်လိုက်နော်။

"ဟုတ်ကဲ့။"

-အဆင်ပြေပါစေ။

ဖုန်းချပြီးတဲ့နောက်မှာ ဟာယွန်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးမှ ဖုန်းကို အိတ်ကပ်ထဲ အတွင်းကျကျနေရာအထိရောက်အောင် ထည့်လိုက်တယ်။ အဲ့ဒီနောက် လမ်းစလျှောက်ခဲ့ပြန်တယ်။

စတူဒီယိုဆီ ကားမောင်းလာတုန်းမှာ ပြင်းပြင်းထန်ထန် ခေါင်းကိုက်လာတာကြောင့် ဆေးဆိုင်တစ်ဆိုင်ကိုဝင်ပြီး ဆေးဝင်ဝယ်ခဲ့တာပါ။ ဆေးနှစ်လုံးလောက် သောက်ပြီးတဲ့နောက်မှာ ရိုက်ကွင်းထဲကို ဝင်ခဲ့လိုက်တယ်။ ဝန်ထမ်းတွေကို နှုတ်ဆက်နေတုန်း ကျောဘက်ကနေ စူးစူးရဲရဲအကြည့်ကို ခံစားမိတာကြောင့် လှည့်ကြည့်လိုက်မိတယ်။

ဒီနေ့ရိုက်ကူးရေးမှာ ပါဝင်သွားမဲ့ အမျိုးသားသရုပ်ဆောင်က ဟာယွန်းအနောက်မှာ ရပ်နေတယ်လေ။

သူက မော်ဒယ်လ်တစ်ယောက်အလား အရပ်မြင့်တဲ့သူပါ။ သူ့ရဲ့ ခြေတံလက်တံရှည်ရှည်တွေ၊ တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်နေဟန်ထား၊ စူးစူးရှရှရှိတဲ့ သူ့မျက်လုံးတွေနဲ့ နှာတံ။ အဲ့ဒီမျက်နှာက ပြုံးလိုက်ရင် ဘယ်လောက်အထိ ပြောင်းလဲသွားတတ်မှန်း ဟာယွန်း ကောင်းကောင်းသိပါတယ်။ မျက်လုံးတွေမှိတ်ထားရင်တောင်မှ အဲ့ဒီမျက်နှာကို ရှင်းလင်းထင်ရှားစွာ မြင်နိုင်ဆဲပါ။ ကိုယ့်မျက်နှာကိုယ် မြင်ရသလောက်နီးပါး အဲ့ဒီမျက်နှာကို ခဏခဏ တွေ့မြင်ခဲ့ရတာလေ။

ထယ်ဝမ့်ကို တွေ့လိုက်ရတဲ့အခါ ခေါင်းထဲက တဆစ်ဆစ်နာကျင်ကိုက်ခဲမှုက ပျောက်ကင်းသွားခဲ့တယ်။ သူ့ရဲ့ခေါင်းကိုက်မှုက ဖြစ်လာတော့မဲ့ ဒီတွေ့ဆုံမှုအတွက် အကြိုသတိပေးမှုများလား မှတ်ရပါတယ်။ အဲ့ဒီနောက် နောက်နေတဲ့အလား ထယ်ဝမ့်ကို တွေ့လိုက်တယ်ဆိုရင်ပဲ ပျောက်ကင်းသွားတော့တယ်။ အားလုံးက ရယ်ချင်စရာပါပဲ။ ရယ်ပစ်လိုက်ချင်ပေမဲ့ ဟာယွန်း နေရာမှာတင် မလှုပ်မယှက် ရပ်နေခဲ့မိတယ်။

ထယ်ဝမ့်ကို နောက်ဆုံးတွေ့ခဲ့ရတာ တစ်လကြာသွားခဲ့ပါပြီ။ အနုပညာရှင်တို့ရဲ့လောကဟာ အပြောကျယ်သလောက် တစ်ဖက်ကလည်း ကျဉ်းကျဉ်းလေး ဖြစ်နေပြန်တာမို့ ထယ်ဝမ်နဲ့ တစ်နေ့နေ့တော့ ဆုံဖြစ်မှာပဲလို့ အမြဲတမ်း စိတ်ထဲရှိနေခဲ့တယ်။ ဒါပေမဲ့ ဒီလောက်ကြီး မြန်မြန်ပြန်တွေ့ရလိမ့်မယ်လို့ လုံးဝ ထင်မှတ်မထားခဲ့ပါဘူး။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်းမှာ သူတို့နှစ်ယောက်ရဲ့ အချိန်ဇယားချင်း တစ်ခါမှ မတိုက်ခဲ့ဖူးဘူးလေ။

အလုပ်ပိုလုပ်ချင်စိတ်ပေါက်နေတာမို့ ဟာယွန်းက သူ့အချိန်ဇယားကို အပြည့်ဖြည့်ပေးဖို့ အေဂျင်စီ ကိုယ်စားလှယ်ကို ​ပြောထားခဲ့တာပါ။ ဘယ်သူနဲ့ပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဟာယွန်းက အသေးစိတ်အချက်အလက်ကို လုံးဝမမေးဘဲ ပါးစပ်ပိတ်ပြီး အလုပ်သာလုပ်ခဲ့တယ်။ ဒီအလုပ်အပ်မှုကလည်း အတူတူပါပဲ။

မဂ္ဂဇင်းတစ်ခုအတွက် ဓာတ်ပုံရိုက်ကူးရေးပဲလို့သာ သိထားခဲ့တာပါ။ ဘယ်သူနဲ့ အလုပ်တွဲလုပ်မယ်ဆိုတာကိုလည်း မစစ်ဆေးခဲ့ပါဘူး။ အဲ့ဒါက သူ့အမှားပါပဲ။ ဂန်ထယ်ဝမ်နဲ့အတူ မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူးလေ။

"သရုပ်ဆောင် ဂန်ထယ်ဝမ်နဲ့ ပထမဆုံးအကြိမ် ဆုံဖူးခြင်းပဲမဟုတ်လား။"

ဒါရိုက်တာက ဟာယွန်းဆီလျှောက်လာပြီး ပြောခဲ့တယ်။ ဟာယွန်းက ပြန်မဖြေနိုင်ဘဲ ပြုံးရုံသာ ပြုံးပြခဲ့တယ်။ ဒါရိုက်တာက ဟာယွန်းကို ထယ်ဝမ့်ဆီ ခေါ်သွားခဲ့တယ်။

ထယ်ဝမ့်မျက်လုံးတွေက ဟာယွန်းရဲ့မျက်နှာပေါ် ကျရောက်လာခဲ့တယ်။ ဟာယွန်းက တစ်ချက်အချိန်ယူပြီးမှ သူ့ကို မော့ကြည့်လိုက်တယ်။ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားတဲ့အခါ ဂန်ထယ်ဝမ်ရဲ့မျက်လုံးတွေ အနည်းငယ် ကျုံ့သွားခဲ့တယ်။ သူက ဟာယွန်းလာမယ်ဆိုတာကို သိထားနှင့်ပြီးသားပါ။

"...မင်္ဂလာပါ။"

တိတ်ဆိတ်မှုကို သည်းမခံနိုင်တာကြောင့် ဟာယွန်းက အရင်စပြီး သူ့ကို နှုတ်ဆက်လိုက်တယ်။ ထယ်ဝမ်က ဒီအတိုင်း 'မင်္ဂလာပါ' လို့သာ ပြန်ပြောခဲ့တယ်။ အဲ့ဒါကတော့ တစ်လအတွင်းမှာ အချင်းချင်း ပထမဆုံး ပြောဖြစ်ခဲ့ကြတဲ့ စကားတွေပါပဲ။

တိတ်ဆိတ်မှု ဆက်လက်ကြာရှည်လာတဲ့ အတောအတွင်းမှာ ဟာယွန်းကိုကြည့်နေခဲ့တဲ့ ထယ်ဝမ့်မျက်လုံးတွေက တစ်ချက်လေးတောင် မျက်တောင်မခတ်ခဲ့ပါဘူး။ ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် ဟာယွန်းက ထယ်ဝမ့်ဆီကနေ အကြည့်လွှဲလိုက်တယ်။

"ပြင်ဆင်ကြရင် ကောင်းမယ်ထင်တယ်။"

ရုတ်တရက် ဝန်ထမ်းတစ်ယောက်က သူတို့ဆီ ချဉ်းကပ်လာခဲ့တယ်။

"ဟုတ်ပါပြီ။"

ရိုက်ကူးရေးဝန်ထမ်းရဲ့ ကျေးဇူးကြောင့် ဟာယွန်းတစ်ယောက် ပြင်ဆင်တဲ့အခန်းဆီ ဦးဆောင်ခေါ်သွားခြင်းခံခဲ့ရတယ်။ ကျောဘက်မှာ ထယ်ဝမ့်မျက်လုံးတွေကို ခံစားမိနေရဆဲဆိုပေမဲ့ မသိချင်ယောင်ဆောင်ထားလိုက်တယ်။

အမျိုးသမီးဝန်ထမ်းတွေက ဟာယွန်းကို ဓာတ်ပုံရိုက်ကူးရေးအတွက် ပြင်ဆင်ပေးနေကြရင်း ဂန်ထယ်ဝမ်အကြောင်း မနားတမ်း ပြောခဲ့ကြတယ်။

"အခု အပြင်မှာ တွေ့ဖူးသွားတော့ သူက တကယ်ချောတာပဲ။"

"အဲ့ဒါပြောတာ။ အမှန်တော့ ကင်မရာက သူ့ရဲ့ချောမောခံ့ညားမှုကို ပြည့်ပြည့်ဝဝ မပြပေးနိုင်ဘူးလို့ထင်တယ်။"

"အခုလေးတင် ဆယ်လ်ဖီလ် အတူတူရိုက်လို့ရမလားဆိုပြီး မေးကြည့်တာ အသာတကြည် လက်ခံပါတယ်ဆို။"

"အိုမို၊ ဒါရိုက်တာကြီးက ဓာတ်ပုံအတူတူတွဲရိုက်ခွင့်မပြုဘူးလို့ ပြောထားတာကို..."

"ခိုးရိုက်တာပေါ့။"

"ကောင်းလိုက်တာ။ ငါလည်း တိုးတိုးတိတ်တိတ် ခိုးရိုက်ခဲ့ရမှာကို။"

ဘေးပတ်လည်မှာ ဝန်ထမ်းတွေရဲ့စကားတွေ ပျံ့နှံ့နေချိန်မှာ ဟာယွန်းက အသာလေးပဲ နားထောင်နေခဲ့တယ်။ သူတို့တွေက ထယ်ဝမ် အခုလက်ရှိရိုက်နေတဲ့ ဒရာမာအကြောင်း စပြောကြပါတော့တယ်။

ဟာယွန်း သူ့ကို ထားခဲ့တာတောင် သူကတော့ ဘာမှပြောင်းလဲမသွားတဲ့အလား သူ့ဘဝသူ ဆက်လျှောက်နေခဲ့တာပဲ။ မျှော်လင့်ထားပြီးသား ဖြစ်ရမဲ့အရာဆိုပေမဲ့ ဟာယွန်းရဲ့နှလုံးက နင့်ခနဲဖြစ်သွားခဲ့တယ်။

"ဟာယွန်းကရော ဘယ်လိုလဲဟင်။ ဂန်ထယ်ဝမ်ကို သဘောကျလား။"

စတိုင်လ်လစ်ထ်က စိတ်လှုပ်ရှားနေတဲ့အသံနဲ့မေးရင်း ဟာယွန်းရဲ့ဆံပင်ကို ကိုင်ခဲ့တယ်။

ငါ သူ့ကို သဘောကျလား...

အဲ့ဒီစကားမှာ ခံစားချက်တွေ ဘယ်လောက်နက်နက်ရှိုင်းရှိုင်းပါမလဲဆိုတာကို သိချင်ခဲ့မိတယ်။ တစ်စုံတစ်ယောက်ကို 'သဘောကျတယ်' ဆိုတဲ့နေရာမှာ အိပ်ရာထဲလှဲရင်း တစ်ညလုံးအိပ်မရတာ၊ နှလုံးသားက နာကျင်ရတာတွေ ပါသလားလို့ မေးကြည့်ချင်မိပါတယ်။

သင့်တော်တဲ့စကားကို ရှာမတွေ့တာကြောင့် ဟာယွန်းက ပြုံးရုံသာ ပြုံးခဲ့တယ်။ ဟာယွန်းရဲ့အပြုံးကို အတည်ပြုတဲ့သဘောလို့ မှတ်ယူပြီး စတိုင်လ်လစ်ထ်က ဂန်ထယ်ဝမ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဆက်ပြောခဲ့တယ်။

လတ်တလော ဂန်ထယ်ဝမ် ဘာဒရာမာတွေ ရိုက်နေတယ်ဆိုတာ၊ သူ ဘာတွေလုပ်နေသလဲဆိုတာ။ ဂန်ထယ်ဝမ်ရဲ့ ကာလရှည်ကြာ ပရိတ်သတ်တစ်ယောက်ဖြစ်ကြောင်း ဖော်ပြရင်း သူ့မျက်နှာက နီရဲလာခဲ့တယ်။ သူက ဂန်ထယ်ဝမ်အတွက် စိုးရိမ်ပူပန်မှုတွေကိုတောင် ပြောပြခဲ့ပါသေးတယ်။ အခုနောက်ပိုင်း ဂန်ထယ်ဝမ် တော်တော်ပိန်လာတဲ့ပုံပဲတဲ့လေ။

သူ ဝိတ်ကျသွားတာလား။ ဟာယွန်း မမှတ်မိခဲ့ပါဘူး။ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားတုန်းက သူ့ခန္ဓာကိုယ် မလှုပ်မယှက်နိုင်ဖြစ်သွားတာကိုသာ ခံစားခဲ့ရတယ်လေ။

ပြင်ဆင်လို့ပြီးသွားတဲ့နောက်မှာ ဟာယွန်းက ပြင်ဆင်တဲ့အခန်းထဲကနေ ထွက်လာခဲ့တယ်။ ထယ်ဝမ် မီးရောင်တွေအောက်မှာ ရပ်နေတာကို မြင်နေရတယ်။ သူက ဟာယွန်းကို ကြည့်နေပြီးသားဖြစ်နေတာကြောင့် နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားကြတော့တယ်။

ဟာယွန်း သူ့ဆီလျှောက်သွားချိန်မှာ သူ့မျက်လုံးတွေက ဟာယွန်းဆီကနေ လုံးဝ ဖယ်ခွာသွားခြင်း မရှိခဲ့ပါဘူး။ ရိုက်ကူးရေးဝန်ထမ်းတွေ တစ်ခုခုလွဲနေတယ်လို့ ထင်ကုန်ကြရင် ဘယ်လိုလုပ်မလဲ။ သူ့အကြည့်က သိပ်သိသာလွန်းတာမို့ ဟာယွန်း မစိုးရိမ်ဘဲမနေနိုင်ခဲ့ပါဘူး။

ထယ်ဝမ့်ဘေးရောက်တဲ့အခါ ဟာယွန်း ရပ်လိုက်တယ်။

"ဟုတ်ပြီ၊ နည်းနည်းလေးထပ်ပြီးတော့ နီးနီးကပ်ကပ် ရပ်လိုက်ပါဦး။ ဒီနေ့ sexy look ကို သွားမယ်နော်။ ကိုယ်ကြိုက်တဲ့ pose လုပ်ပြီး စရိုက်ကြမယ်ဆိုရင်ရော။"

ဒါရိုက်တာရဲ့စကားကြောင့် ဟာယွန်းက တောင့်တောင့်ကြီးဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်သူ ဖြေလျှော့ဖို့ပြင်ရုံရှိသေးတယ် ရုတ်တရက် သူ့အနောက်ကို လူတစ်ယောက် လျှောက်လာပြီး သူ့တင်ပါးပေါ် လက်တင်လိုက်တာကို ခံစားမိလိုက်ရတယ်။ အဲ့ဒါက ဂန်ထယ်ဝမ်ရဲ့လက်မှန်း နောက်လှည့်ကြည့်စရာမလိုဘဲ သိလိုက်တယ်။ သူက ဆက်တင်အဖြစ်ချထားတဲ့ သစ်သားသေတ္တာပေါ်မှာ ထိုင်လိုက်တယ်။

ရွှပ်...

ထယ်ဝမ်က ဟာယွန်းရဲ့ပခုံးပေါ်မှာ နဖူးကိုမှီခဲ့တယ်။

လေးတော့မလေးပေမဲ့ ရှိနေမှန်းသိသာအောင် လုံလောက်ပါတယ်။

ဟာယွန်း အနည်းငယ် မူးရိပ်ရိပ်ဖြစ်လာခဲ့တယ်။

ထယ်ဝမ်က ပင်ပန်းစရာ တစ်စုံတစ်ရာ ကြုံတွေ့ရတိုင်း အမြဲတမ်း ဟာယွန်းကို ဒီအတိုင်း မှီတတ်လေ့ရှိတယ်လေ။ သူ့အဘွားရဲ့ ဈာပန ပြီးသွားတဲ့အချိန်တုန်းက။ သူသရုပ်ဆောင်ရမဲ့အခန်းကို အကြောင်းမဲ့ လုယူခံလိုက်ရတုန်းက။

သူက ဟာယွန်းကို ဒီလိုလေးမှီပြီး လေးလေးပင်ပင် သက်ပြင်းချတတ်လေ့ရှိတယ်။ ပြီးရင် ခေါင်းမော့လာပြီး ဟာယွန်းကို ရွှန်းရွှန်းစားစား ပြုံးပြပြီးတော့ 'အားသွင်းလို့ပြီးပြီ' ဆိုပြီး ပြောပါလိမ့်မယ်။

သူ အဲ့ဒီလိုလုပ်တဲ့အခါတိုင်းမှာ ဟာယွန်းက လက်ကလေးလှမ်းပြီး သူ့ဆံပင်လေးတွေကို အသာအယာ ပွတ်သပ်ပေးမယ်။ သူ့မျက်ဝန်းထဲ အကြာကြီးစိုက်ကြည့်ပြီး အဲ့ဒီနောက် သူ့နှုတ်ခမ်းတွေအပေါ် ဟာယွန်းရဲ့နှုတ်ခမ်းလေးတွေ ဖိလိုက်မယ်။ နှစ်သိမ့်စကားတွေ ပြောမဲ့အစား သူ့ရဲ့ကိုယ်ငွေ့ကို ထယ်ဝမ်နဲ့ ဝေမျှခံစားချင်တာကြောင့်ပါ။ သူတို့နှစ်ယောက်စလုံးအတွက် ကိုယ်ငွေ့နွေးနွေးကိုပဲ ပိုပြီးလိုအပ်တာလေ။

အဲ့ဒါကို သိတဲ့အလား သူက ဟာယွန်းကို ဖက်တွယ်ထားမယ်။ ဟာယွန်းက အနောက်ကိုယိုင်သွားပြီး သူ့ကို တင်းတင်းကျပ်ကျပ် ပြန်ပွေ့ဖက်ပေးမယ်။ အဲ့ဒီနောက် သူက ရင်ခွင်ထဲကို ပိုလို့တောင် နက်နက်ရှိုင်းရှိုင်း တိုးဝင်လာမယ်။ ဟာယွန်းကသာ သူ့ရဲ့ တစ်ခုတည်းသော နားခိုရာအရင်းအမြစ်တစ်ခု ဖြစ်သလိုမျိုးပေါ့။ အရမ်းဝန်လေးရရင်တောင်မှ ဟာယွန်းက ထယ်ဝမ် လိုအပ်သလောက် သူ့ကို ထွေးပွေ့ထားတာကို ဆက်လက်လက်ခံပေးမှာပါ။

ခံစားသိရှိနေတဲ့ ထယ်ဝမ့်အသား၊ သူ့ဝင်သက်ထွက်သက်ရဲ့ ပွတ်သပ်ကျီစယ်မှု၊ ကြေကွဲဆွေးမြည့်ဖွယ် သူ့ရဲ့ အထိအတွေ့...

ဒိတ်...

မှတ်ဉာဏ်တွေ ဝေဝါးပျောက်ကွယ်လာတာနဲ့အမျှ ခေါင်းကိုက်မှုက ပြန်ရောက်လာခဲ့တယ်။ ဂျီယွန်းပြောခဲ့တဲ့ ဖန်ကွဲစတစ်ခုကို တက်နင်းမိလိုက်ခြင်းဖြစ်ကြောင်း ဟာယွန်း သဘောပေါက်နားလည်လိုက်ရတော့တယ်။

"ဂန်ထယ်ဝမ်၊ ကြည့်လို့ကောင်းပေမဲ့ အဲ့ဒီပုံစံအတိုင်း ခေါင်းလေးနည်းနည်းပင့်ပေးပါ။ မျက်နှာလေး ပြရမှာပေါ့။"

ဒါရိုက်တာက ထပ်ပြီးနှုတ်ဆိတ်မနေနိုင်တော့ဘဲ ပြောခဲ့တယ်။ ထယ်ဝမ်က မပင့်ချင်ပင့်ချင်နဲ့ ခေါင်းပင့်ခဲ့တယ်။

"ဟာယွန်းက pose ကို နည်းနည်းလောက်ပိုပြီး သဘာဝကျအောင် လုပ်ပေးပါ။"

ဒါရိုက်တာရဲ့စကားကို ကြားပြီးတဲ့နောက်မှာ ဟာယွန်းတစ်ယောက် နောက်ဆုံးတော့ ကိုယ်နေဟန်ထားကို သက်သောင့်သက်သာ ဖြေလျှော့လိုက်တယ်။ သူက ထယ်ဝမ့်ပခုံးကို လက်တွေနဲ့ ဖက်လိုက်တယ်။ အရင်က ထယ်ဝမ့်ကို အကြိမ်ကြိမ် ထိတွေ့ဖူးပေမဲ့ သူ့ကို ပထမဆုံးအကြိမ် ထိတွေ့ဖူးသလိုမျိုး ခံစားခဲ့ရတယ်။ ရုတ်တရက် ထယ်ဝမ်က ဟာယွန်းရဲ့ရင်ခွင်ထဲ ပိုလို့တောင် နက်နက်ရှိုင်းရှိုင်း တိုးဝင်လာခဲ့တယ်။

"အင်း၊ အားလုံးကောင်းတယ်၊ ဒါပေမဲ့...ထယ်ဝမ်၊ မျက်နှာထားက ဘယ်လိုဖြစ်နေတာလဲ။"

"ဘယ်လိုပြောရမလဲ...အရမ်းဝမ်းနည်းနေသလားလို့။ သာသာယာယာရှိနေတာကို အမူအရာက မှိုင်နေသလိုပဲ။"

ဒါရိုက်တာရဲ့စကားကြောင့် ဝန်ထမ်းတချို့ ပြုံးဖြီးဖြီးဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ ဟာယွန်းနဲ့ ထယ်ဝမ်တို့ကတော့ တစ်ချက်မပြုံးခဲ့ကြပါဘူး။

ချပ်...

တိတ်ဆိတ်နေတဲ့ ရိုက်ကွင်းမှာ ကင်မရာသံ တချပ်ချပ်က အတိလွှမ်းနေခဲ့တယ်။ ဓာတ်ပုံရိုက်နေတဲ့တစ်လျှောက်လုံးမှာ ထယ်ဝမ်က ဟာယွန်းကို တစ်ချက်လေးတောင် မလွှတ်ခဲ့ပါဘူး။ ဟာယွန်းက နှစ်ယောက်ကြားက အကွာအဝေးကို နည်းနည်းခြားဖို့ကြိုးစားတိုင်း သူက ဟာယွန်းဘက်ကို ပိုပြီးမှီကပ်လာခဲ့တယ်။

နောက်ထပ် နှစ်ပုံ၊ သုံးပုံ ထပ်ရိုက်ပြီးတဲ့နောက်မှာ ထယ်ဝမ်က ဟာယွန်းကိုကိုင်ပြီး ဆွဲလှည့်လိုက်တယ်။ အခုတော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ဖြစ်သွားကြပြီပေါ့။ သူ့မျက်နှာက ဟာယွန်းမျက်နှာဆီ တိုးကပ်လာတာကို တွေ့လိုက်ရတယ်။

ထယ်ဝမ်က သူ့လက်တွေကို ဆန့်တန်းပြီး ဟာယွန်းရဲ့ပခုံးတွေပေါ် တင်ထားခဲ့တယ်။ အဲ့ဒီနောက် သူ့နဖူးနဲ့ ဟာယွန်းရဲ့နဖူးကို မှီလိုက်တယ်။ သူ့ရဲ့ ရဲတင်းတဲ့ pose ကြောင့် အမျိုးသမီးဝန်ထမ်းတွေ သူတို့နှုတ်ခမ်းတွေသူတို့ လက်နဲ့အုပ်မိသွားကြတော့တယ်။

ဟာယွန်းက ထယ်ဝမ့်ကို မျက်လုံးပင့်ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်ဝန်းနက်တွေမှာ အတွေးစတို့ မရေမတွက်နိုင် ရှိနေခဲ့တယ်။ အရင်ကတော့ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူဘာပြောချင်မှန်း ချက်ချင်းတန်းသိပေမဲ့ အခုတော့ ဟာယွန်း ဘာတစ်ခုကိုမှ မဖတ်နိုင်ခဲ့ပါဘူး။

သူတို့နှစ်ယောက်ကြားမှာ ပြောလေ့ရှိတဲ့ ဘာသာစကားကို မေ့သွားပြီဖြစ်ကြောင်း အဲ့ဒီအခိုက်အတန့်မှာပဲ ဟာယွန်း သိလိုက်ရပါတော့တယ်။

****

"ဒီနေ့ ပင်ပန်းသွားခဲ့ပါပြီ။"

ဓာတ်ပုံရိုက်ကူးရေးက သုံးနာရီအတွင်းမှာ ပြီးသွားခဲ့တယ်။ ဟာယွန်းက အိမ်ပြန်ဖို့ပြင်ဆင်ရင်း ဒါရိုက်တာဆီ လျှောက်သွားလိုက်တယ်။ သူက ဟာယွန်းကို ဒီနေ့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ပြခဲ့တယ်။

ဒါရိုက်တာက ဟာယွန်းကို ချီးမွမ်းနေချိန်မှာ ချီးကျူးစကားကို မချန်မလှပ်ပြောခဲ့တာပါ။ သူက ဓာတ်ပုံတွေအားလုံး ကောင်းကောင်းထွက်လာကြတယ်လို့ ပြောခဲ့တယ်။ ဟာယွန်းက မော်နီတာကိုကြည့်ရင်း ပြုံးတစ်ဝက် မဲ့တစ်ဝက် ရှိနေခဲ့တယ်။ သူတစ်ယောက်တည်းရိုက်ထားတဲ့ ပုံတွေကို ကြည့်ပြီးတဲ့နောက်မှာ ထယ်ဝမ်နဲ့ရိုက်ထားတဲ့ပုံတွေကို ကြည့်လိုက်တယ်။ ဓာတ်ပုံထဲမှာ ထယ်ဝမ်က ဟာယွန်းရဲ့ပခုံးပေါ် နဖူးလေး မှေးတင်ထားလျက်သား ရှိနေခဲ့တယ်။

ငါ ပင်ပန်းနေတယ်။ တော်တော်လေး ပင်ပန်းနေတာ။

ဓာတ်ပုံထဲမှာ သူ့ခန္ဓာကိုယ်က အဲ့ဒီစကားတွေကို ဖော်ပြနေခဲ့တယ်။ ဟာယွန်းက အမှတ်တမဲ့ လက်သီးဆုပ်လိုက်မိတယ်။

"တကယ် ကောင်းကောင်းထွက်လာတာပဲ။ ပင်ပန်းသွားခဲ့ပါပြီ။"

ဟာယွန်းက စခရင်န်ဆီကနေ မျက်လုံးခွာဖို့ ရှိသမျှအားအကုန်စုစည်းလိုက်တယ်။ သူက ဒါရိုက်တာကို တစ်ခါထပ်ပြီး နှုတ်ဆက်လိုက်ပြန်တယ်။

"အထီးကျန်သလို မျက်နှာထားက ဒီနေ့ concept နဲ့ ကောင်းကောင်းလိုက်တယ်...ဒါပေမဲ့ နောက်တစ်ခါကျရင် ဒီမျက်နှာထားမျိုးကိုပဲ တခြား concept တစ်မျိုးနဲ့ ရိုက်ချင်မိသေးတယ်။ ထူးဆန်းတယ်ဆိုပေမဲ့ ဟာယွန်းကို ကြည့်လိုက်တဲ့အချိန်မှာ ခေါင်းထဲကို စိတ်ကူးပေါင်းစုံ ဝင်လာတာပါဆို။ ဟာယွန်းနဲ့ပတ်သက်ပြီး အဲ့ဒီအချက်ကို သဘောကျမိတယ်။ ဟာယွန်းက နာမည်ကြီးမော်ဒယ်လ်တစ်ယောက်ဖြစ်နေတာ အလကားတော့မဟုတ်ဘူးပဲလို့ ပြောချင်တာပါ။"

ဟာယွန်းက သူ့ကို အမြင့်ကြီး ချီးကျူးပေးတဲ့အတွက် ဒါရိုက်တာကို ကျေးဇူးတင်စကားပြောလိုက်တယ်။ ဝန်ထမ်းတစ်ယောက်က မက်ခွက် ၂ခွက်ကိုင်ပြီး သူတို့ဆီ လျှောက်လာခဲ့တယ်။

"မသွားခင် လက်ဖက်ရည်လေး သောက်သွားလိုက်ပါဦး။ အပြင်မှာ ရာသီဥတုက အေးနေတယ်မဟုတ်လား။ လက်ဖက်ရည်လေးသောက်ပြီးတော့ နွေးအောင်နေပြီးမှ သွားပါ။"

ဟာယွန်းက ဒါရိုက်တာ ကမ်းပေးလာတဲ့ခွက်ကို ယူလိုက်တယ်။ ရင်းနှီးနေတဲ့ အနံ့ပါပဲ။ လက်ဖက်စိမ်းလေ။ ဟာယွန်းက လက်ဖက်စိမ်း မသောက်ပါဘူး။ ကော်ဖီကတော့ အဆင်ပြေပေမဲ့ လက်ဖက်စိမ်းသောက်ပြီးရင် တစ်နေ့လုံး နှလုံးခုန်တွေမြန်ပြီး ဖြောင့်ဖြောင့်မတွေးနိုင်မှာ ဖြစ်တာကြောင့်ပါ။ ညဘက်လည်း အိပ်လို့ရမှာမဟုတ်ဘူးလေ။ အပြင်မှာထွက်စားတိုင်း ဟာယွန်းက ပါဝင်ပစ္စည်းတွေထဲမှာ လက်ဖက်စိမ်း ပါမပါ အမြဲတမ်း စစ်ဆေးတတ်ပါတယ်။

"အင်း၊ ကောင်းသားပဲ။ မသောက်ဘူးလား။"

ဒါရိုက်တာက တိုက်တွန်းတဲ့အခါ ဟာယွန်းလည်း မငြင်းနိုင်တော့ဘဲ ခွက်ကို ပင့်လိုက်တယ်။ ဒီအတိုင်း ခွက်အနားသပ်မှာ နှုတ်ခမ်းလေးတေ့ရုံတေ့ပြီး ဒါရိုက်တာကြီးရဲ့ စေတနာကို လက်ခံကြောင်းပြမလို့ဆိုတဲ့ အတွေးနဲ့ပါ။ ဒါပေမဲ့ နှုတ်ခမ်းနဲ့တောင် မထိရသေးခင်မှာ ခွက်က လက်ထဲကနေ ပျောက်သွားခဲ့တယ်။ ပြီးခဲ့တဲ့ သုံးနာရီလုံးလုံး ရနေခဲ့တဲ့ တရင်းတနှီး မွှေးရနံ့က သူ့နှာခေါင်းထဲ ဝေ့ဝဲတက်လာခဲ့တယ်။ ဒါရိုက်တာရဲ့ မျက်လုံးတွေက ဟာယွန်းရဲ့ဘေးမှာရှိနေတဲ့ တစ်စုံတစ်ရာကို ကြည့်နေခဲ့တယ်။

"နာဟာယွန်းက လက်ဖက်စိမ်းသောက်လို့ မဖြစ်ပါဘူး။"

ထယ်ဝမ်က မက်ခွက်ကိုယူပြီး ပြောခဲ့တယ်။

"ဟုတ်လား...တောင်းပန်ပါတယ်ဗျာ။ ဒါနဲ့ ဂန်ထယ်ဝမ်က အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ။"

ဒါရိုက်တာက အထစ်ထစ်အငေါ့ငေါ့နဲ့ မေးခဲ့တယ်။

"ကျွန်တော်က နာဟာယွန်းရဲ့ ပရိသတ်တစ်ယောက်မို့လို့ပါ။"

"အာ၊ ဟုတ်လား။"

ဒါရိုက်တာကြည့်ရတာ အံ့ဩသွားတဲ့ပုံပါပဲ။ သူက ဟာယွန်းတို့နှစ်ယောက်ကြားက ကိုးရိုးကားရား အနေအထားကို စနည်းနာနေခဲ့တယ်။

အဲ့ဒါနဲ့ပြောင်းပြန်ဖြစ်ရမှာမဟုတ်ဘူးလား။

သူ့မျက်နှာမှာ အဲ့ဒီလိုရေးထားတဲ့အတိုင်းပါပဲ။ ဟာယွန်းကလည်း လူသိများတဲ့ မော်ဒယ်လ်ဆိုပေမဲ့ ထယ်ဝမ်ရဲ့ ကျော်ကြားမှုနဲ့ ယှဉ်လိုက်ရင် အဲ့ဒါက မှေးမှိန်သွားတယ်မဟုတ်လား။ တစ်ခုခုက လွဲနေသလိုပဲလေ။

"ကျေးဇူးတင်ပါတယ် ဂန်ထယ်ဝမ်ရှင့်။ ကျွန်မကလည်း ဂန်ထယ်ဝမ်ရဲ့ ပရိသတ်ပါ။"

ဟာယွန်းက ဂန်ထယ်ဝမ်ကိုကြည့်ရင်း တောင့်တောင့်ကြီး ပြန်ပြောလိုက်တယ်။ ထယ်ဝမ့်မျက်ခုံးတွေ တွန့်သွားတာကို တွေ့လိုက်ရတယ်။ အဲ့ဒါက သူစိတ်ထိခိုက်သွားမှသာ ပေါ်လာတတ်တဲ့ မျက်နှာထားပါ။

"ဒါရိုက်တာကြီး နောက်မှပဲ တွေ့ကြတာပေါ့။ ဒီနေ့ တာဝန်ကျေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ဟာယွန်းက ဒါရိုက်တာကြီးကို အသာအယာ နှုတ်ဆက်စကားပြောပြီး လှည့်ထွက်ခဲ့တယ်။ စတူဒီယို ထွက်ပေါက်တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အေးစက်စက် လေတစ်ဝှေ့က ဟာယွန်းကို တွန်းဖိတိုက်ခတ်ခဲ့တယ်။

ဟာယွန်းက ကားဆီကို လျှောက်သွားပြီး ယာဉ်မောင်းသူနေရာမှာ ဝင်ထိုင်လိုက်တယ်။ ကားစက်နှိုးလိုက်တယ်ဆိုရင်ပဲ ခရီးသည်နေရာဘက်က တံခါးပွင့်သွားခဲ့တယ်။ အဲ့ဒါကတော့ ထယ်ဝမ်ပါပဲ။ သူက သူရဲ့ကားပဲဖြစ်သလိုလိုနဲ့ ကားထဲဝင်ခဲ့တယ်။

"ဘာလုပ်တာလဲ။"

ဟာယွန်းက ဘေးဘီဝဲယာကို ကြည့်လိုက်တယ်။ တော်သေးလို့ ထောင့်နားမှာ ပါကင်ထိုးခဲ့တာကြောင့် ဝန်ထမ်းတွေ တစ်ယောက်မှ ထယ်ဝမ့်ကို မမြင်လိုက်ကြပါဘူး။

"မောင်းတော့။"

ထယ်ဝမ်က အရှေ့တည့်တည့်ကိုကြည့်ရင်း အမိန့်ပေးခဲ့တယ်။

"ဂန်ထယ်ဝမ်။"

"မမောင်းချင်ဘူးဆိုရင် ဒီမှာပဲ စကားပြောလိုက်ကြမလား။"

ထယ်ဝမ်က တစ်ဖက်လှည့်လာပြီး ဟာယွန်းကို ကြည့်ခဲ့တယ်။ သူ့မျက်နှာက လူတွေမြင်လည်း ဂရုမစိုက်ဘူးလို့ ပြောနေခဲ့တယ်။ သူ့ခေါင်းထဲမှာ ချင့်ချိန်နိုင်စွမ်း တစ်စက်မှမရှိတော့တာကို တွေ့လိုက်ရတဲ့အခါ ဟာယွန်းက ဘာမှမပြောဘဲ ပါကင်ကနေ ကားကိုထုတ်ပြီး မောင်းထွက်လိုက်တယ်။

"အဲ့ဒါဆိုလည်း ခေါင်းငုံ့ထား။ နင့်ကို တခြားလူတွေ မမြင်စေနဲ့။"

ဟာယွန်းက စတီယာရင်ဘီးကိုလှည့်ရင်း အေးစက်စက်အသံနဲ့ ပြောခဲ့တယ်။

****

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment