အခန်း ၈
Translator - D
ဟာယွန်းတစ်ယောက် ကားမောင်းနေရင်း တွေးရုံသာ တွေးနိုင်ခဲ့တယ်။
သူ့မန်နေဂျာကရော။ ဒီအကြောင်း သူ သိရောသိရဲ့လား။ ထယ်ဝမ် သူ့ကို ဘာပြောခဲ့တာဖြစ်မလဲ။ တခြားလူတွေ သူ့ကို မြင်သွားကြသေးလား။
ခေါင်းထဲမှာ ထယ်ဝမ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေသာ ပြည့်နေခဲ့တယ်။ ဒါပေမဲ့ ဟာယွန်း ဘာစကားတစ်ခွန်းမှ မပြောနိုင်ခဲ့ပါဘူး။ ထယ်ဝမ်က ဟာယွန်းရဲ့ ဘေးတစောင်းမျက်နှာထားကို စိုက်ကြည့်နေခဲ့တယ်။ ဟာယွန်း တစ်ခုခုပြောလာမှာကို စောင့်နေတဲ့အလားပေါ့။
ဟာယွန်းက လူသူကင်းမဲ့တဲ့ လမ်းပခုံးမှာ ကားရပ်လိုက်တယ်။
ရွှပ်...ရွှပ်...
လမ်းဘေးမှာရှိတဲ့ သစ်ပင်ပုလေးတွေဆီကနေ သစ်ရွက်ခြောက်လေးတွေက တရွှပ်ရွှပ်အသံမြည်ရင်း ကြွေကျလာကြတယ်။ သစ်ရွက်လေးတွေ ကားကိုတစ်ဆင့်ထိပြီး မြေပေါ်ကျသွားရာက ပုံစံအကွက်လေး ပေါ်လာခဲ့တယ်။ ဟာယွန်းတို့နှစ်ယောက်က ကြည့်ကြမဲ့ မျက်လုံးတွေရဲ့ကွယ်ရာမှာ ရှိနေခဲ့ကြတယ်။ အထီးကျန်ပေမဲ့ လှပတဲ့နေရာလေးပါပဲ။
"ဘာဖြစ်လို့ ဒီလိုတွေလုပ်ရတာလဲ။ နင်နဲ့မတူဘူးလေ။"
ဟာယွန်းက အရှေ့တည့်တည့်ကိုကြည့်ရင်း ခြောက်ကပ်ကပ်အသံနဲ့ ပြောခဲ့တယ်။
"မင်းနဲ့တွေ့နိုင်ဖို့ ဒီတစ်နည်းအပြင် မရှိလို့။"
"..."
"အိမ်ပြောင်းသွားပြီး ဖုန်းနံပါတ်လည်း ပြောင်းလိုက်တယ်မဟုတ်လား။"
ဟာယွန်း ပါးစပ်ပိတ်နေခဲ့တယ်။ ထယ်ဝမ်ရဲ့ အကြွင်းအကျန် အပိုင်းအစတွေကို ဖယ်ရှားပစ်ဖို့အတွက် ထွက်ပြေးတဲ့အလား တိုက်ခန်းကနေ ပြောင်းလာခဲ့တာပါ။ ဖုန်းနံပါတ်ပါ ပြောင်းပစ်လိုက်ပါသေးတယ်။ ထယ်ဝမ့်ဖုန်းကို မျှော်နေမိတဲ့ ကိုယ့်ကိုယ်ကိုယ် တွေ့ရမှာ မကြိုက်လို့လေ။
ဒါပေမဲ့ ထယ်ဝမ်က ဒါကို သိတယ်ဆိုတော့ သူ့တိုက်ခန်းကိုလာပြီး သူ့ကို ဖုန်းဆက်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့သဘောပေါ့။ ဘာကြောင့်မှန်းမသိ ဟာယွန်း စိတ်အေးသွားသလို ခံစားလိုက်ရတယ်။ ချစ်ခဲ့တာက သူတစ်ယောက်တည်းမဟုတ်တဲ့အကြောင်း အဲ့ဒီအချက်က သက်သေပြနေတဲ့အလားပေါ့။
"အဲ့ဒီတော့ ဘာဖြစ်လဲ။"
ဒါပေမဲ့ ဟာယွန်းက အေးစက်စွာ ပြောခဲ့တယ်။ သူ အိမ်ပြောင်းတာတို့ ဖုန်းနံပါတ်ပြောင်းတာတို့က ထယ်ဝမ်နဲ့ ဘာမှမဆိုင်တဲ့အလားပေါ့။
"ငါတို့ ဝေးကွာသွားတဲ့ တစ်လလုံး အဲ့ဒီအကြောင်း အများကြီး တွေးခဲ့တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ အဖြေရှာလို့မရဘူး။"
"..."
"ငါတို့ လမ်းခွဲရတဲ့ အကြောင်းရင်းကို။"
သူ့အသံက တိုးရှရှ ရှိနေခဲ့တယ်။ အကြောင်းရင်းကို သိရတဲ့အခါ ဟာယွန်းနဲ့တွေ့ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အချိန်အကြာကြီး ကုန်လွန်သွားခဲ့တာတောင် အကြောင်းရင်းကို ရှာမတွေ့ဘဲရှိနေဆဲလေ။ ဂျယ်ဝန်း ပြောခဲ့သလိုမျိုး တစ်နေရာရာမှာပဲ ဟာယွန်းကို ကျကျန်ခဲ့တာများလား။ သူ တွေးမိခဲ့တယ်။ ဟင့်အင်း၊ သူက ပြေးရင်းနဲ့ နာဟာယွန်းကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားခဲ့တာပါ။ ဟင့်အင်း၊ သူက နာဟာယွန်းအတွက် နေခဲ့တာ။ သူကြောင့်နဲ့ ဟာယွန်း ခေါင်းငုံ့စရာမလိုအောင်လို့လေ။
အဲ့ဒါကြောင့် သူတို့နှစ်ယောက် ဘာလို့ လမ်းခွဲကြရတာလဲဆိုတာကို ထယ်ဝမ် စဉ်းစားလို့မရခဲ့ပါဘူး။ လုံးဝကို စဉ်းစားမရခဲ့တာပါ။
"အကြောင်းရင်းက ဘာလဲဆိုတာ ပြောပြရင် ငါ ပြန်ပြင်ပါ့မယ်။ ဘာမှန်းတော့မသိပေမဲ့ ပြန်ပြင်မယ်၊ အဲ့ဒါကြောင့်...ဒါကို ပြန်စဉ်းစားပေး။"
ထယ်ဝမ့်အသံက ခံစားချက်တို့နဲ့ အက်ရှရှ ဖြစ်နေခဲ့တယ်။ ဟာယွန်းက ဖြည်းဖြည်းချင်း တစ်ဖက်လှည့်လိုက်တယ်။
"တစ်လကြာသွားတာတောင်မှ စဉ်းစားလို့မရဘူးဆိုရင် ငါပြောပြရင်တောင် သိမှာမဟုတ်ဘူး။"
"အဲ့ဒါတော့ ပြောလို့ဘယ်ရမလဲ။ ငါ နားလည်ချင်လည်း နားလည်မှာပေါ့။"
ထယ်ဝမ်က တစ်ဖက်လှည့်ပြီး ဟာယွန်းကို ကြည့်လိုက်တယ်။
"ပြောပြီးပြီလေ။ နင့်ကို ဆက်ချစ်ဖို့ ယုံကြည်ချက်မရှိဘူးလို့။"
ဒီနေ့ကို ကျော်ဖြတ်နိုင်ရင်တောင်မှ နောက်တစ်နေ့ကို သည်းခံကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်မရှိပါဘူး။ ပြီးတော့ အချစ်က မှေးမှိန်ပျောက်ကွယ်သွားမှာကို မကြည့်ချင်ပါဘူး။
"အဲ့ဒီတော့ ဘာကြောင့်လဲလို့။"
ထယ်ဝမ့်အသံက စူးစူးရှရှ ရှိလာခဲ့တယ်။ သူက ဒေါသသံနဲ့ ဆက်ပြောခဲ့တယ်။
"ငါတို့တွေ ခက်ခဲနေတဲ့အချိန်မှာ တွေ့ခဲ့ကြတယ်။ ငါက မင်း သက်သောင့်သက်သာ နေနိုင်မဲ့အိမ်အထိ ရအောင်လုပ်ပေးခဲ့တယ်။ တခြားမိန်းမကို လုံးဝစိတ်မဝင်စားဘဲ မင်းတစ်ယောက်တည်းကိုပဲ ကြည့်ခဲ့တယ်။ နောက်ဆုံးတော့ မင်းလုပ်ချင်တာမှန်သမျှ ပေးလုပ်နိုင်တော့မှာကို ဘာဖြစ်လို့ ငါနဲ့ လမ်းခွဲရတာလဲ။ ဘာများထပ်လိုသေးလို့လဲ။ မင်းပြောသမျှ အားလုံးလုပ်မယ်လို့ ပြောထားတယ်လေ။ ငါ့မှာရှိသမျှ အားလုံးပေးနိုင်တယ်၊ အဲ့ဒါကို ဘာကြောင့်များလဲ...။ ဘာကြောင့် လမ်းခွဲရတာလဲ။"
ခံစားချက်တွေ နှုတ်ဖျားကနေ ပွင့်အံထွက်ကျလာတာနဲ့အမျှ သူက အက်ရှရှအသံနဲ့ ပြောခဲ့တယ်။
"ထယ်ဝမ်။"
"ငါ့နာမည်ကို အဲ့ဒီလိုမခေါ်နဲ့။"
ဟာယွန်းက သူ့ကို ချော့မော့နှစ်သိမ့်ဖို့ကြိုးစားနေတဲ့အလား ပြောလိုက်မိတာပါ။ ဟာယွန်းသက်ပြင်းချလိုက်တယ်။ ကားထဲမှာ ခြောက်ကပ်ကပ် တိတ်ဆိတ်မှုက နေရာယူသွားခဲ့တယ်။
ငါတို့တွေ တစ်နေရာတည်းမှာနေပြီး၊ ဒီလေကိုပဲ ရှူနေကြတာကို ဘာကြောင့်များ တစ်ကမ္ဘာစီခြားနေသလို ခံစားရတာလဲ။
ဟာယွန်းက အထီးကျန်နေတဲ့စိတ်ကို အားတင်းပြီး စကားစလိုက်တယ်။
"နင်က ငါ့အတွက် တာဝန်ရှိသလို ခံစားနေရတာ။"
"အဲ့ဒါက ဘာစကားလဲ။"
ထယ်ဝမ်က အေးစက်စက် ပြန်မေးခဲ့တယ်။ ပြဿနာက ဘာလဲဆိုတာကို သူ မမြင်ပါဘူး။
"နင့်မှာကျန်တာ အဲ့ဒါအကုန်ပဲ။ တာဝန်ဝတ္တရား။ နင် အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်နေရတုန်းမှာ အတူတူရှိခဲ့တဲ့သူမို့လို့ ငါ့ကို လက်မလွှတ်နိုင်ဖြစ်နေတာ။"
"အဲ့ဒီလိုမဟုတ်ဘူး။"
ထယ်ဝမ်ရဲ့ ငြင်းဆိုစကားကို ကြားလိုက်ရချိန်မှာ ဟာယွန်းရဲ့ မျက်နှာထားက ဝမ်းနည်းကြေကွဲမှုအဖြစ်ကို ပြောင်းသွားခဲ့တယ်။ သူမပြောရင်တောင်မှ ဟာယွန်း ကြားနိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘူးလို့ ပြောလိုက်တဲ့အချိန်မှာ ထယ်ဝမ့်မျက်ခုံးတစ်ဖက် တွန့်သွားခဲ့တယ်လေ။ လိမ်ပြောတဲ့အခါမှသာ ပေါ်လာတတ်တဲ့ အကြောလှုပ်ရှားမှုကို မြင်ရတာ ဟာယွန်း မုန်းပါတယ်။
ထယ်ဝမ်က တာဝန်သိစိတ် ပြင်းထန်တဲ့သူမှန်း ဟာယွန်းသိတယ်လေ။ အကြွေးတစ်ပုံနဲ့ သူ့ကို ချန်ထားခဲ့တဲ့ မိဘတွေအပေါ် မုန်းတီးသလောက်ပါပဲ။ အဲ့ဒီတာဝန်က သူမလျှောက်ချင်တဲ့လမ်းကို လျှောက်ဖို့ဦးဆောင်သွားမယ်ဆိုရင်တောင်မှပေါ့။
ပြီးတော့ အခု ဟာယွန်းက သူ တာဝန်ရှိတယ်လို့ ခံစားရတဲ့ အရာအများကြီးထဲက တစ်ခုပါ။ အဲ့ဒါက အချစ်မဟုတ်ပါဘူး။ တာဝန်ပါပဲ။
သူက သူ ရုန်းကန်နေရချိန်မှာ ဟာယွန်း ကြုံတွေ့ခဲ့ရတဲ့ အရာတွေအားလုံးအတွက် ပြန်ပေးဆပ်ချင်နေတာပါ။ အဲ့ဒီလိုမှမဟုတ်ရင် 'နောက်ဆုံးတော့ မင်းလုပ်ချင်တာမှန်သမျှ ပေးလုပ်နိုင်တော့မယ်' ဆိုတဲ့စကားကို ဘာကြောင့်ပြောတာဖြစ်မလဲ။
'မင်းကို အရမ်းလွမ်းလို့ သည်းမခံနိုင်ဘူး။ ဒီအတိုင်း ဒီလိုဖြစ်ခဲ့တာကို မေ့ပစ်ပြီး နောက်တစ်ခါ ပြန်စတွဲရကြအောင်။'
အဲ့ဒီအစား ဒီလိုစကားတွေသာ ပြောခဲ့မယ်ဆိုရင်။ 'ငါ မင်းကို သဘောကျတုန်းပဲ' လို့သာ ပြောခဲ့မယ်ဆိုရင် ဟာယွန်း စိတ်ယိုင်ချင်ယိုင်မိလောက်ပါတယ်။
ဒီတော့ ငါက နင့်အတွက် အဲ့ဒီလိုအရာ ဖြစ်ခဲ့တာကိုး။
ဟာယွန်းက မျက်လုံးတွေထဲမှာ မျက်ရည်တို့ ပြည့်တက်လာတာကို ခံစားလိုက်ရပြီး စတီယာရင်ဘီးကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ နောက်ဆုံးမှာ သူ့နှလုံးသားရဲ့ နောက်ဆုံးလက်ကျန် ကြိုးလေး ပြတ်တောက်သွားတော့တယ်။
ဟာယွန်းက ထယ်ဝမ့်ကို ကြည့်လိုက်တယ်။
"အမှန်အတိုင်း ပြောရမလား။"
"..."
"ထယ်ဝမ်၊ ငါ...ငါ ပင်ပန်းတယ်။"
တိတ်ဆိတ်နေတဲ့ ကားထဲမှာ ဟာယွန်းရဲ့အသံက တိမ်ဝင်သွားခဲ့တယ်။
"ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင်...ငါ အထီးကျန်တယ်။ တစ်ယောက်တည်း ရှိနေရတာထက်တောင် ပိုပြီးတော့ အထီးကျန်တယ်။"
ဟာယွန်း ဒီစကားပြောလာလိမ့်မယ်လို့ ထင်မှတ်မထားတဲ့အလား ထယ်ဝမ်ရဲ့ မျက်မှောင်ကြုတ်ထားတဲ့ မျက်နှာက ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားတော့တယ်။ သူပြောချင်တဲ့စကားတွေကိုပါ မေ့သွားခဲ့တယ်။ တစ်ယောက်တည်း ရှိနေရတာထက်တောင် ပိုပြီးအထီးကျန်တယ်တဲ့လား။ ဟာယွန်း ဒီလိုပြောလိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး။
"နင့်ဘေးမှာ ရှိနေရတာ မပျော်မရွှင်ဖြစ်ရတယ်။"
အဲ့ဒီစကားတွေ ပြောပြီးတဲ့နောက်မှာ ဟာယွန်းက တစ်ဖက်လှည့်လာပြီး ထယ်ဝမ့်ကို တည့်တည့်ကြည့်လိုက်တယ်။ ငြိမ်သက်နေတဲ့ သူ့မျက်လုံးတွေမှာ မျက်ရည်တွေ စတင်ပြည့်လျှံလာတော့တယ်။
လမ်းခွဲပြီးတဲ့နောက်မှာ ဟာယွန်း တစ်ခါမှ မျက်ရည်မကျခဲ့ပါဘူး။ မျက်ရည်ဝဲလာသလို ခံစားရတိုင်း အဲ့ဒီခံစားချက် ပျောက်သွားတဲ့အထိ မျက်လုံးတွေကို မှိတ်ထားလိုက်လေ့ရှိပါတယ်။
ဒါပေမဲ့ အခုလက်ရှိ အသည်းအသန် ချုပ်တည်းထားချင်ပါတယ်ဆိုတဲ့ အခိုက်အတန့်မှာမှ မျက်ရည်တွေက စီးကျလာခဲ့တယ်လေ။ အဲ့ဒီစကားတွေ ပြောလိုက်ပြီးမှပဲ ဟာယွန်း နားလည်လိုက်ရတယ်။ အချစ်က ပင်ပန်းတယ်ဆိုတာကိုပေါ့။
အေးစက်လာတဲ့ ဒီအချစ်၊ သူ သည်းခံထားမှဖြစ်မဲ့ ပတ်သက်မှု၊ သူက ထယ်ဝမ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာတာကို မြင်တွေ့ရတာ။
"အဲ့ဒါက အကြောင်းရင်းပဲ။"
"...ဟာယွန်း။"
ထယ်ဝမ် နောက်ဆုံးမှာ သတိပြန်ဝင်လာပြီး သူ့ကို တစ်ခုခုပြောဖို့ ပြင်လိုက်ချိန်မှာ။
"ငါ့ကို လက်လွှတ်ပေးပါတော့ ထယ်ဝမ်။"
ဟာယွန်းက မြန်မြန်ပဲ ဖြတ်ပြောလိုက်တယ်။
"နင် တစ်ခုခုလုပ်ခဲ့တာကြောင့်လည်း မဟုတ်သလို ငါ တစ်ခုခုလုပ်ခဲ့တာကြောင့်လည်း မဟုတ်ဘူး။ ငါတို့နှစ်ယောက်စလုံး အကောင်းဆုံး ကြိုးစားခဲ့ကြတာပဲ။ ဒီအတိုင်း...ငါတို့ရဲ့ အချစ်က အဆုံးသတ်ဖို့ ဖန်လာလို့ပါ။"
"..."
"အဲ့ဒါကြောင့် ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ ကျေးဇူးပြုပြီးတော့။"
အဲ့ဒါမှ ငါတို့မှာ လှပတဲ့ အမှတ်တရတွေချည်းပဲ ကျန်နေရအောင်လို့ပါ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ရူးရူးမိုက်မိုက် ဖက်တွယ်ထားကြမှာကို ဆက်ပြီးမမြင်ချင်တော့ပါဘူး။
ပြောချင်တာကို ပြီးအောင်ပြောပြီးတဲ့နောက်မှာ ဟာယွန်း ခေါင်းငုံ့လိုက်တယ်။ ထယ်ဝမ်က ဟနေတဲ့ သူ့နှုတ်ခမ်းတွေသူ ပြန်စေ့လိုက်တယ်။ ဘာစကားမှ ထွက်မလာခဲ့ပါဘူး။ ရုတ်တရက် အရာအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရတယ်။ အချိန်။ လေ။ သူတို့ရဲ့ ဝင်သက်ထွက်သက်တွေ။
တောက်....
တိတ်ဆိတ်မှုရဲ့အလယ်မှာ ဟာယွန်းရဲ့မျက်ရည်တွေက ထိုင်ခုံပေါ်ကျလာခဲ့တယ်။ ထယ်ဝမ်က လက်သီးဆုပ်ထားလိုက်တယ်။ အတိတ်မှာတုန်းက ဟာယွန်းမှာ ငိုစရာအကြောင်းတစ်စုံတစ်ရာရှိခဲ့ရင် အမြဲတမ်း သူ့အရှေ့မှာပဲ ငိုခဲ့တာပါ။ အဲ့ဒီအခါတွေဆို သူ့အလုပ်က ဟာယွန်းကို ရင်ခွင်ထဲဆွဲသွင်းပြီး နှစ်သိမ့်ပေးဖို့ပေါ့။
ပြီးရင် အားလုံးအဆင်ပြေသွားမှာလို့ ပြောပေးမယ်။ အခက်အခဲတွေရှိရင် သူက အမြဲတမ်း ကာကွယ်ပေးဖို့ ရှိနေမယ်ဆိုပြီးတော့လေ။
ဒါပေမဲ့ အခုလက်ရှိမှာတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ဟာယွန်းက သူ့ကြောင့် ငိုနေတာမဟုတ်လား။
ဒီလိုဖြစ်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက်ပါ။ ငါတို့နှစ်ယောက် ဒီလိုဖြစ်သွားကြတာပါလားဆိုတဲ့ အချက်က သူ့အတွက် အင်မတန် သဘာဝမကျသလို ခံစားခဲ့ရတယ်...
ထယ်ဝမ် အကြည့်လွှဲလိုက်တယ်။ ဟာယွန်း ငိုနေတာကို ဆက်ပြီးမကြည့်ရက်နိုင်တော့ဘဲ သူ့မျက်လုံးတွေသူ လက်နဲ့အုပ်ထားလိုက်မိတော့တယ်။
****
ကလစ်...
ထယ်ဝမ်တစ်ယောက် တံခါးဖွင့်ပြီး အိမ်ပြန်ရောက်လာခဲ့တယ်။ ဒယီးဒယိုင်နဲ့ အိမ်ထဲဝင်လိုက်ပြီး နံရံကို မှီထားခဲ့တယ်။ သူက လုံးဝမူးနေခဲ့တာပါ။
နံရံကိုမှီထားရင်း အိမ်ထဲရောက်အောင် မနည်းဝင်ခဲ့ရတယ်။ နံရံပေါ်ကို လက်နဲ့လိုက်စမ်းပြီးမှ မီးခလုတ်ကို ရှာတွေ့ခဲ့တယ်။
ချောက်....
အဲ့ဒီအသံနဲ့အတူ မီးတွေပွင့်သွားပြီး တိုက်ခန်းတစ်ခုလုံး လင်းထိန်သွားတော့တယ်။
လုံးဝရှင်းလင်းနေတဲ့ တိုက်ခန်းကို တွေ့လိုက်တော့မှပဲ တိုက်ခန်းမှားဝင်လာခဲ့မိမှန်း ထယ်ဝမ် နောက်ဆုံးမှာ သဘောပေါက်လိုက်ရတယ်။ တံခါးသော့နဲ့ လျှို့ဝှက်နံပါတ်က အတူတူပဲဖြစ်ပြီး ဒီကို မကြာမကြာလာတတ်တာမို့ အဲ့ဒီအစား ဟာယွန်းရဲ့ တိုက်ခန်းအဟောင်းဆီ ရောက်လာခဲ့တာပါ။
တစ်လွှာသာခြားပေမဲ့ မူးလာတိုင်းမှာ အမြဲတမ်း ဒီကိုပဲ ပြန်ရောက်လာမှန်း သူ့ကိုယ်သူ တွေ့ရတတ်ပါတယ်။ သူ့တိုက်ခန်းမှာထက် ဒီမှာပဲ မကြာမကြာ ပိုအိပ်ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်လေမလား။ ဒီနေရာကို သူ့အိမ်လို့ သဘောထားတဲ့အတွက်ကြောင့်ပဲ ဖြစ်လေမလား။
ထယ်ဝမ်က ဧည့်ခန်းထဲကို ဒယီးဒယိုင် ဝင်လာပြီး ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။ သူက နံရံကို ကျောမှီထားပြီး မျက်လုံးတွေ မှိတ်ထားလိုက်တယ်။
ဒီနေ့လည်း သူ့ရဲ့ဇာတ်ဝင်ခန်းတွေသူ သေချာမရိုက်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂ရက်လုံးလုံး 'ကောင်းပြီ၊ လမ်းခွဲကြတာပေါ့။' ဆိုတဲ့ နေရာမှာ တစ်နေခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့တော့ သူ အဲ့ဒါကို ရအောင်ပြောနိုင်ခဲ့တယ်။
ပုံနှိပ်စာအုပ်ကို ဖတ်ပြနေသလိုပဲဆိုပေမဲ့ အချိိန်မရှိတော့တာကြောင့် ရိုက်ကူးရေးအဖွဲ့က လက်ခံပေးခဲ့တယ်။ ထယ်ဝမ်က သူ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ တွေ့ရအောင် မော်နီတာကိုတောင် ပြန်မကြည့်ခဲ့ပါဘူး။ ဒါရိုက်တာကလည်း သူ့ကို ခေါ်ပြီးတော့တောင် မမေးခဲ့ပါဘူး။
ထယ်ဝမ့်မျက်လုံးတွေ လုံးဝခြောက်သွေ့နေတာကို တွေ့ရတော့ အားလုံး အံ့ဩနေခဲ့ကြတယ်။ ဘယ်လောက်ပဲ ကြိုးစားပါစေ ရလဒ်က အမြဲတမ်း အတူတူပါပဲ။ ပထမဆုံးအကြိမ်အဖြစ် သူ သရုပ်ဆောင်နိုင်တော့မှာမဟုတ်ဘူးလို့ တွေးလိုက်မိတယ်။
သူက အကြောင်သားမျက်နှာနဲ့ ဒီအတိုင်း ရပ်နေမိချိန်မှာ ရိုက်ကွင်းထဲမှာတော့ တီးတိုးစကားသံတွေ ပြည့်နေခဲ့တယ်။
"သူ ဘာဖြစ်နေတာလဲ။"
"နေမကောင်းဖြစ်နေတာလား။ အခုတလော သရုပ်ဆောင်တဲ့နေရာမှာ အာရုံမစိုက်နိုင်သလိုပဲနော်။"
"အဲ့ဒါပြောတာလေ။ လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ..."
အဲ့ဒီတီးတိုးစကားတွေက သူ့နားထဲရောက်လာပြီးမှ ပျောက်ကွယ်သွားခဲ့တယ်။ သူ့မန်နေဂျာက သူ့ဆီအပြေးလာပြီး 'မျက်လုံးထဲ မျက်ရည်တုထည့်ချင်လား။ ပုံမှန်ဆို မင်းက အငိုဒီလောက်ကောင်းရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုသရုပ်ဆောင်နေတာလဲ။' လို့ မေးခဲ့တယ်။ နောက်ဆုံးတော့ ဂျယ်ဝန်းက 'ကတ်' လို့ အော်ပြီး သူ့ကို ရိုက်ကွင်းရဲ့ လူရှင်းတဲ့နေရာဆီ ခေါ်သွားခဲ့တယ်။
"ဂန်ထယ်ဝမ်။ မင်း တကယ်ပဲ ဒီအတိုင်း ဆက်သွားတော့မှာလား။ တစ်ရက်နှစ်ရက်လောက်တော့ လွှတ်ပေးထားပေမဲ့ ငါ့မှာလည်း အကန့်အသတ် ရှိတယ်ကွ။ ဒီမှာ၊ ဟေ့ကောင်။ မင်းက ပရိုတစ်ယောက်လေ။ တကယ်ပဲ ဘယ်လောက်ကြာအောင် ဒီအတိုင်း ဆက်သွားမလို့လဲ။ မင်းတစ်ယောက်တည်း ပင်ပန်းစရာကိစ္စရှိတာလား။ ဘာဖြစ်လို့ ဒီလောက်အထိ လုပ်ရတာလဲ။ ဟင်။"
ဆက်ပြီးသည်းမခံနိုင်တော့တာကြောင့် ဂျယ်ဝန်းက စတင်အော်ငေါက်ပါတော့တယ်။ ဂျယ်ဝန်းရဲ့ စကားတွေက သူ့မာနကို ထိပါးသင့်တယ်ဆိုပေမဲ့ ထယ်ဝမ်က ဘာမှမခံစားခဲ့ရပါဘူး။ သူက ရေအောက်မှာရှိနေသလို ခံစားရပြီး စကားတွေအားလုံးမှာ ဘာအလေးချိန်မှ ရှိမနေပါဘူး။ ရေမှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေသလိုပါပဲ။
"တခြားသရုပ်ဆောင် ရှာလိုက်ပါ။"
"...ဘာ။"
"ကျွန်တော့်ကို ထုတ်လိုက်ပါတော့။ ကျွန်တော် မလုပ်တော့ဘူး။"
သူ့နှုတ်ဖျားကနေ စကားတွေ ထွက်လာခဲ့တယ်။
"...ဟေ့၊ မင်း။ ဟေ့ကောင်။ ဘာစကားပြောလိုက်တာလဲ။ အဲ့ဒီစကားတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်က ဘယ်လောက်ကြီးမှန်း သိရဲ့လား။ အကျိုးဆက်ကို နားမလည်လို့ အဲ့ဒီလိုပြောနေတာလား။"
ဂျယ်ဝန်းရဲ့ဒေါသက မယုံနိုင်မှုအဖြစ်သို့ မြန်မြန်ပြောင်းလဲသွားခဲ့တယ်။ သူက သူ့နဖူးသူ လက်နဲ့အုပ်လိုက်တယ်။ အခုမှ မင်းသား လူစားထိုးမယ်ဆိုရင် သူတို့ရဲ့ပရောဂျက်က နှောင့်နှေးသွားမှာဖြစ်ပြီး ကုန်ကျစရိတ်ကလည်း ဒီအတိုင်း ရယ်လိုက်လို့ရတဲ့အရာ မဟုတ်ပါဘူး။
ဖျက်သိမ်းကြေးအတွက် ထယ်ဝမ်ရဲ့ အေဂျင်စီကို တောင်းလို့ရပေမဲ့ အဲ့ဒါက ထယ်ဝမ်ရဲ့ပုံရိပ်နဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်နိုင်ပါတယ်။
"တောင်းပန်ပါတယ်။"
"ဟေ့ကောင်၊ မင်း ငါနဲ့ ထပ်မတွေ့တော့ဘူးလား။ သရုပ်ဆောင်အလုပ်ကနေ ထွက်တော့မယ်ပေါ့လေ။"
"..."
ထယ်ဝမ် ဘာမှပြန်မပြောတဲ့အခါ ဂျယ်ဝန်းက မယုံနိုင်သလို မော့ကြည့်ခဲ့တယ်။
"မင်း တကယ်ကြီး..."
"တောင်းပန်ပါတယ်။"
ထယ်ဝမ်က ဂျယ်ဝန်းကို ဦးညွှတ်နှုတ်ဆက်ပြီး ရိုက်ကွင်းကနေ လျှောက်ထွက်သွားဖို့ ပြင်လိုက်တယ်။
"အခု သွားလိုက်ရင် ခွင့်မဲ့ပျက်ကွက်မှုလို့ ယူဆလိုက်မှာနော်။ ဟေ့၊ ဟေ့ကောင်။"
ဂျယ်ဝန်းက အော်လိုက်ပေမဲ့ ထယ်ဝမ့်ခြေလှမ်းတွေက နှေးမသွားခဲ့ပါဘူး။ ရင်တထိတ်ထိတ်နဲ့ ကြည့်နေခဲ့တဲ့ ထယ်ဝမ့်မန်နေဂျာက သူ့နောက်ကို လိုက်ခဲ့ပေမဲ့ မမီခဲ့ပါဘူး။
ကားထဲဝင်ပြီးတော့ မောင်းထွက်လာပြီးတဲ့နောက်မှာ ထယ်ဝမ်က အရက်တွေအများကြီး သွားသောက်ပြီး အိမ်ပြန်လာခဲ့တယ်။ ဟင့်အင်း၊ အိမ်ပြန်မလို့ကို အဲ့ဒီအစား ဟာယွန်းရဲ့တိုက်ခန်းဆီ ရောက်လာခဲ့တာပါ။
ကြမ်းပြင်ပေါ်မှာ သူ့ဖုန်းက တရစပ် တုန်ခါနေခဲ့တယ်။ သူ့အေဂျင်စီရဲ့ ဒါရိုက်တာတောင် ဖုန်းဆက်ထားပါသေးတယ်။ ကြည့်ရတာ ဂျယ်ဝန်းက သူတို့ကို ဆက်သွယ်လိုက်တဲ့ပုံပါပဲ။ ထယ်ဝမ် ဖုန်းမကိုင်တဲ့အခါ သူ့ဖုန်းမှာ မက်ဆေ့ဂ်ျတွေ ပြည့်လျှံလာပါတော့တယ်။
[ဘယ်မှာလဲ။ အခု တွေ့ကြရအောင်။]
မန်နေဂျာအစ်ကိုရဲ့စာကို ဖတ်ပြီးတဲ့နောက်မှာ ထယ်ဝမ်က သူ့ဖုန်းကို ပိတ်လိုက်တယ်။ အဲ့ဒါနဲ့တင် မလုံလောက်တာကြောင့် ဖုန်းကို ခပ်ဝေးဝေး တွန်းပို့လိုက်တယ်။ သူ့ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတော့တယ်။
"ဘာကြောင့်များလဲ..."
ထယ်ဝမ်က သူ့နဖူးသူ လက်နဲ့အုပ်ထားရင်း တိုးညင်းညင်းအသံနဲ့ ရေရွတ်လိုက်တယ်။ ဒီအတိုင်းသာဆို သူ ဘယ်တော့မှ သရုပ်ပြန်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။
သရုပ်ဆောင်ခြင်းဟာ သူ့အရည်အချင်းတွေထဲက တစ်ခုပါ။ ဒါပေမဲ့ အခုလက်ရှိမှာ အဲ့ဒါကို ဘာတစ်ခုမှ မလုပ်နိုင်တာတောင်မှ ဘာမှမခံစားခဲ့ရပါဘူး။
သူက ဒီအတိုင်း မျက်လုံးတွေ မှိတ်လိုက်တယ်။ ဒါပေမဲ့ မျက်လုံးဖွင့်ထားလျက်သားတောင်မှ သူမြင်နိုင်တာဆိုလို့ ဟာယွန်းရဲ့ ငိုနေတဲ့ပုံစံလေးတစ်ခုသာ ရှိပါတယ်။
ငါ ပင်ပန်းတယ်။
ဟာယွန်း အဲ့ဒီစကားတွေပြောရင်း သူ့အရှေ့မှာ ပြိုလဲနေတာကို သူ ကြည့်ခဲ့ရတယ်။
မင်း ဆက်ပြီးမပင်ပန်းရအောင် ငါ လုပ်ပါ့မယ်။
သူ အဲ့ဒါကို မပြောနိုင်ခဲ့ပါဘူး။ ဒီတစ်လျှောက်လုံး ဟာယွန်း ပင်ပန်းနေခဲ့တယ်ဆိုတာကို မသိခဲ့တဲ့အတွက်ပါ။ ဟာယွန်း ရှေ့ဆက်ပြီး မပင်ပန်းရအောင် ဘာလုပ်ပေးနိုင်မလဲဆိုတာကို မသိတဲ့အတွက်ပါ။ သူတို့နှစ်ယောက်စလုံး ဘာသာစကားတစ်ခုတည်းကိုပဲ ပြောကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် နားမလည်နိုင်သလို ခံစားမိရတယ်။
ထယ်ဝမ်က ကြမ်းပြင်ကိုကိုင်ပြီး ထရပ်ဖို့ ပြင်လိုက်ပေမဲ့ ပြန်လဲကျသွားခဲ့ပြန်တယ်။ အရင်ကလည်း ဒါမျိုးဖြစ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲ့ဒီတုန်းက သူ့အောက်ကနေ ထိန်းပေးမဲ့ ဆိုဖာအိအိလေး ရှိတယ်လေ။ အခု ကြမ်းပြင်နဲ့ဆောင့်မိသွားတဲ့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းက နာကျင်လာခဲ့တယ်။ ပြန်ထိုင်ချလိုက်ပြီးတဲ့နောက်မှာ သူ့အရှေ့က နေရာလွတ်ကို ကြည့်လိုက်တယ်။
အဲ့ဒီတုန်းက သူ ဆိုဖာပေါ်လဲကျပြီး ဟာယွန်းရဲ့ကိုယ်နဲ့ တိုက်မိခဲ့တာပါ။ ဟာယွန်းက တစ်ချက် လန့်သွားခဲ့ပြီးမှ 'ရရဲ့လား' လို့ ရယ်ပြီးမေးခဲ့တယ်။ သူက အခုလေးတင် ရေချိုးခန်းထဲက ထွက်လာတာဖြစ်ပြီး သန့်စင်နေတဲ့ သူ့မျက်နှာလေးက အင်မတန် ချစ်ဖို့ကောင်းနေခဲ့တယ်။ အဲ့ဒါကြောင့် ထယ်ဝမ်လည်း ဟာယွန်းရဲ့နှုတ်ခမ်းလေးပေါ်ကို အနမ်းတစ်ပွင့်ခြွေလိုက်မိတယ်။
"ရုတ်တရက်ကြီး ဘာလို့ ဒီလိုဖြစ်နေတာလဲ။"
ဟာယွန်းက ရယ်နေတဲ့မျက်နှာလေးနဲ့ မေးခဲ့တယ်။ သူ့ရဲ့ နှုတ်ခမ်းရဲရဲလေးတွေက တော်တော့်ကို ချစ်ဖို့ကောင်းတာပါ။ ဟာယွန်းကို ဒီအတိုင်းလေး မြင်တွေ့ရတာ သိပ်သဘောကျတာမို့ သူ့နှုတ်ခမ်းတွေနဲ့ ဟာယွန်းရဲ့အသားလေးအပေါ်မှာ ဆက်တိုက် အနမ်းမိုးရွာခဲ့မိတယ်။
သူတို့ရဲ့ နှုတ်ခမ်းတွေကြားကနေ တခစ်ခစ်ရယ်သံ တိုးတိုးလေး ထွက်ပေါ်လာခဲ့တယ်။ ထယ်ဝမ့်နှုတ်ခမ်းတွေ ယားကျိကျိ ဖြစ်သွားခဲ့တယ်။ ပရမ်းပတာခုန်နေတဲ့ သူ့နှလုံးက ပိုလို့တောင် ကလိကလိဖြစ်နေပါသေးတယ်။
တစ်ဝက်ဖွင့်ထားတဲ့ ဝရန်တာပြတင်းပေါက်ကနေ လေညင်းလေးတစ်ဝှေ့ ဝင်လာခဲ့တယ်။ သူတို့အသားချင်း ထိနေတဲ့နေရာတွေက ပူတက်လာခဲ့တယ်။ သူတို့ရဲ့ အနမ်းဖွဖွလေးက ခဏနေတော့ စတင်ပြီး ပြင်းထန်လာပါတော့တယ်။
သူတို့ရဲ့လျှာတွေ တွယ်ယှက်သွားကြပြီး ထယ်ဝမ်ရဲ့လက်က ဟာယွန်းရဲ့ တီရှပ်အောက်ကို အလိုလို လျှောဝင်သွားခဲ့တယ်။ ဟာယွန်းက တစ်ချက်လေး တွန့်သွားခဲ့ပြီး အဲ့ဒီနောက် ထယ်ဝမ့်လည်တိုင်ကို သူ့လက်တွေနဲ့ ပေါ့ပေါ့ပါးပါး သိုင်းဖက်ခဲ့တယ်။
သူတို့နှစ်ယောက် ဆိုဖာပေါ်မှာ ချစ်တမ်းကစားခဲ့ကြတယ်။ ဟာယွန်း အိမ်ပြောင်းလာပြီးကတည်းက ဆိုဖာပေါ်မှာ ချစ်ကြတာဟာ အဲ့ဒါ ပထမဆုံးအကြိမ်ပါပဲ။ အိပ်ရာပေါ်မှာ မဟုတ်တဲ့အတွက် တစ်မျိုးကြီးပဲလို့ ဟာယွန်းက ပြောခဲ့တယ်။ ထယ်ဝမ်က ဟာယွန်းရဲ့ပုံစံလေးကို ချစ်စရာကောင်းတယ်လို့ ထင်မိတာမို့ အဲ့ဒီနေ့က သူတို့တွေ ဆိုဖာကနေ လုံးဝမခွာဖြစ်ခဲ့ကြပါဘူး။
အမှတ်တရတွေက အင်မတန် ထင်ထင်ရှားရှား ရှိနေပေမဲ့ ဘာအထောက်အထားမှ ကျန်မနေခဲ့ပါဘူး။ ထယ်ဝမ်က ကြမ်းပြင်ပေါ်မှာ ပုံလျက်သား လှဲချပြီး မျက်လုံးတွေ မှိတ်ထားလိုက်တယ်။
သူက သူ့မှာရှိသမျှအားလုံးနဲ့ ဟာယွန်းကို ချစ်နေဆဲပါ။ ဒါပေမဲ့ ဟာယွန်းက သူတို့အချစ်ဟာ အဆုံးသတ်ဆီ ရောက်လာခဲ့ပြီလို့ ပြောခဲ့တယ်လေ။ အချစ်ဆိုတာ ဘာလဲလို့ ထယ်ဝမ် တွေးလိုက်မိတယ်။
ဟာယွန်းအတွက် အချစ်က ဘာလဲ။ ပြီးတော့ သူ့အတွက်ရော အချစ်ဆိုတာ ဘာလဲ...
အခုထိ မသိသေးပါဘူး။
အချစ်။ အဲ့ဒါက အဖြေပဲလို့ ထင်ခဲ့မိပေမဲ့ အခုတော့ အဲ့ဒါက မေးခွန်းတစ်ခုသက်သက်သာဖြစ်ကြောင်း နားလည်လိုက်ရတော့တယ်။
****
"ဂန်ထယ်ဝမ်။ မင်း တကယ်ပဲ ဒီလိုလုပ်နေတော့မှာလား။ မင်းကတော့ ငါ့ကို ရူးအောင်လုပ်နေတာပဲ။"
ထယ်ဝမ် ပွဲဦးစထွက်ကတည်းက သူ့မန်နေဂျာလုပ်ခဲ့တဲ့ ယောင်ရှစ်တစ်ယောက် စိတ်တိုတိုနဲ့ ဆံပင်တွေကို နောက်ပြန်သပ်တင်လိုက်တယ်။ အဲ့ဒါနဲ့တင် မလုံလောက်တဲ့အလား သူက ခပ်ကြမ်းကြမ်း သက်ပြင်းချလိုက်တယ်။
သူက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထယ်ဝမ့်တိုက်ခန်းတံခါးကို စောင့်ကြည့်နေခဲ့တာပါ။ ထယ်ဝမ်တစ်ယောက် ညကြီးမိုးချုပ် ဒယီးဒယိုင် လှေကားကနေ တက်လာတာကို သူတွေ့ခဲ့ရတယ်။
'ဘာတွေလုပ်နေတာလဲ၊ ကောင်စုတ်ရ။' သူကသာ အော်ပြောခဲ့ပေမဲ့ ထယ်ဝမ်က ဘာမှပြန်မပြောခဲ့ပါဘူး။ ဒီအတိုင်း အော်ပြောလိုက်တဲ့မျက်နှာကို တစ်ချက် မျက်လုံးပင့်ကြည့်ပြီး အဲ့ဒါဟာ ကိစ္စမရှိတဲ့အလား ယောင်ရှစ်ကို ကျော်သွားခဲ့တယ်။
"အစ်ကို၊ အိမ်ပြန်လိုက်ပါတော့။ ကျွန်တော့်မှာ ဘာမှပြောစရာမရှိဘူး။"
အဲ့ဒီစကားတွေကိုသာပြောပြီး လျှောက်ထွက်သွားခဲ့တယ်။
ထယ်ဝမ် တံခါးပိတ်လိုက်ချိန်မှာ ယောင်ရှစ်က သူ့ကိုတားပြီး အထဲကို ရောက်အောင်ဝင်ခဲ့တယ်။ ဒါပေမဲ့ နာရီဝက် ကုန်သွားတာတောင်မှ ဖြစ်ဖြစ်မြောက်မြောက် စကားပြောလို့မရခဲ့ပါဘူး။
အထဲဝင်လိုက်တယ်ဆိုရင်ပဲ ထယ်ဝမ်က အပေါ်ဝတ်အင်္ကျီကိုချွတ်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားခဲ့တယ်။ ရေချိုးပြီးတဲ့နောက်မှာ ဆံပင်ရေစိုစိုနဲ့ပဲ ဆိုဖာပေါ် လှဲအိပ်ခဲ့တယ်။
ယောင်ရှစ်က ဂန်ထယ်ဝမ်ကိုကြည့်ရင်း ဒေါသထွက်လာခဲ့တယ်။
"တကယ်ပဲ ပြဿနာက ဘာလဲလို့။ ဟင်။ ဘာဖြစ်လို့လဲ။ မင်းနဲ့ငါက ၁နှစ်၊ ၂နှစ်လေးပဲ အလုပ်တွဲလုပ်ခဲ့တာမို့လို့လား။ ဘာဖြစ်လို့ ရုတ်တရက်ကြီး အခုလိုလုပ်နေရတာလဲ။ အရင်က မင်း တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူးလေ။ နေမကောင်းလို့လား။ ဒါမှမဟုတ်..."
ယောင်ရှစ်က တစ်ချက် တုံ့ဆိုင်းသွားခဲ့တယ်။ ထယ်ဝမ်က မိဘမဲ့တစ်ယောက်ဖြစ်တာကြောင့် ဘာမိသားစုပြဿနာမှ မရှိပါဘူး။ ဒါက မိသားစုပြဿနာ မဟုတ်ဘူးဆိုတဲ့သဘောပဲပေါ့။
"...ဒါဆို ဟာယွန်းနဲ့ တစ်ခုခု ဖြစ်ခဲ့လို့လား။"
အခုအချိန်အထိ ဘာမှတုံ့ပြန်မှုမရှိခဲ့တဲ့ ထယ်ဝမ်က တစ်ဖက်လှည့်လာခဲ့တယ်။
"ဟာယွန်းနဲ့ တွဲနေတုန်းပဲဆိုတာကို ဘယ်လိုလုပ်သိတာလဲ။"
ထယ်ဝမ်က တိုးရှရှအသံနဲ့ မေးခဲ့တယ်။
"ဟူး။"
ထယ်ဝမ့်တုံ့ပြန်စကားကြောင့် ယောင်ရှစ်က နောက်တစ်ခါ သက်ပြင်းချလိုက်တယ်။
"မဟုတ်မှ...ဟာယွန်းနဲ့ ထပ်တွေ့ခဲ့ပြန်ပြီလား အစ်ကို။ သူ့ကို ကျွန်တော်နဲ့ လမ်းခွဲပေးဖို့ ထပ်ပြောလိုက်တာလား။"
ထယ်ဝမ့်မျက်လုံးထဲက ရုတ်တရက်ဆန်တဲ့ အပြောင်းအလဲကြောင့် ယောင်ရှစ်က လက်မြှောက်လိုက်မိတယ်။
"ငါ မရူးသေးပါဘူးနော်။ ဘာဖြစ်လို့ ဟာယွန်းကို သွားတွေ့ရမှာလဲ။ တကယ်ပဲ ငါမသိဘူးများ မှတ်နေတာလား။ မင်းတို့တွေ လမ်းခွဲပြီးပါပြီဆိုပြီး ငါ့နောက်ကွယ်မှာ ခိုးတွေ့နေကြတာကို သိပြီးတာ ကြာလှရောပေါ့။ သိပေမဲ့ မင်းတို့က သိုသိုသိပ်သိပ် လုပ်တဲ့နေရာမှာ တော်ကြလို့ မသိချင်ယောင်ဆောင်ပေးထားတာ။ ငါလည်း လူငယ်တွေကို လမ်းခွဲဖို့ပြောရတာ နေသာထိုင်သာရှိမနေပါဘူးကွာ၊ အဲ့ဒါကြောင့် အလုပ်ဖြုတ်ခံရမှာတောင် အရဲကိုးစွန့်စားပြီး မင်းတို့နှစ်ယောက် ပြတ်သွားတာ သေချာတယ်လို့ ကိုယ်စားလှယ်ကြီးကို ပြောထားတာ။ နာဟာယွန်းက အောက်ထပ်တင် နေတာမဟုတ်လား။"
"..."
"ငါက မင်းနဲ့ အတူတူရှိလာတာ အခုဆိုတော်တော်လေး ကြာခဲ့ပြီလေ။ သတိမထားမိဘူးဆိုရင် ကျိန်းသေပေါက် ငါက ကိုယ့်အလုပ်ကိုယ် သေသေချာချာ မလုပ်လို့ပဲပေါ့။ ဒီနယ်ပယ်မှာ အလုပ်လုပ်ဖို့ဆိုရင် အဆတစ်ရာလောက်ပိုပြီး မျက်စိလျင်ရတယ်ကွ။ ဒီတော့ မင်းတို့နှစ်ယောက် တကယ်ပဲ အကြီးအကျယ် ရန်ဖြစ်ထားကြတာလား။ ဘာမဟုတ်တဲ့ စကားများတာလေးအတွက်ကြောင့် ဒီလိုတွေ လုပ်နေတာလား။ ဧကန္တ...မင်းတို့ ပြတ်သွားကြပြီလား။"
ယောင်ရှစ်ရဲ့အသံက ပိုပြီးတော့ သတိရှိရှိ ဖြစ်လာခဲ့တယ်။ ထယ်ဝမ်က ပြန်မဖြေဘဲ မျက်လွှာချထားလိုက်တယ်။ သူက မေးခွန်းကို မဖြေဘဲ ရှောင်လွှဲလိုက်ပေမဲ့ ယောင်ရှစ်က ချက်ချင်း တန်းသိလိုက်တယ်။
အခုတလော ထယ်ဝမ်က စိတ်နဲ့ကိုယ်နဲ့မကပ် ဖြစ်နေတာမို့ တစ်ခုခုတော့ ဖြစ်ထားတယ်လို့ ယောင်ရှစ် ခံစားမိနေတာပါ။ သူက သရုပ်ဆောင်ရာမှာလည်း ကောင်းကောင်းအာရုံမစိုက်နိုင်ဘဲ အချိိန်အအားရတိုင်းမှာလည်း ကိုယ်ထဲကနေ စိတ်ဝိညာဉ် ထွက်သွားသလိုမျိုး ခုံမှာ မှိုင်မှိုင်ငိုင်ငိုင်ကြီး ထိုင်နေတတ်ပါတယ်။
စကားနည်းသထက်နည်းလာပြီး အခုဆိုရင် လုံးဝ စကားမပြောတော့သလောက်ပါပဲ။ တော်တော်လေး အလေးအနက်ဖြစ်နေတာမို့ ယောင်ရှစ်က ထယ်ဝမ့်အချိန်ဇယားမှာရှိတဲ့ ပွဲတွေအားလုံးကို တတ်နိုင်သလောက် ဖျက်ပေးခဲ့တယ်။ ထယ်ဝမ် သူ့ဒရာမာကိုပဲ အာရုံစိုက်နိုင်အောင်လို့ပါ။ ဒါပေမဲ့ မနေ့တုန်းက ထယ်ဝမ်တစ်ယောက် ဒါရိုက်တာကို အနားယူတော့မယ်လို့ပြောပြီး ထွက်လာခဲ့တယ်လေ။
"ဟုတ်ပါပြီ။ မင်းတို့နှစ်ယောက် အကြာကြီး တွဲခဲ့ကြမှန်း ငါ သိပါတယ်။ မင်းတို့တွေ ဘယ်လောက်ချစ်ကြမှန်း သိတယ်၊ ဒါပေမဲ့...ဒါပေမဲ့..."
ယောင်ရှစ် ပါးစပ်ပိတ်သွားခဲ့တယ်။
ထယ်ဝမ့်မှာ ဘာမိသားစုဝင်မှ မရှိပါဘူး။ ဟာယွန်းကသာ ထယ်ဝမ် တွယ်တာလို့ရတဲ့ တစ်ဦးတည်းသောသူပါ။ ထယ်ဝမ် ပွဲဦးစထွက်တုန်းက ဟာယွန်းနဲ့ လမ်းခွဲဖို့ ဘယ်လိုသဘောရလဲလို့ ယောင်ရှစ် မေးကြည့်ခဲ့ဖူးပါတယ်။ ထယ်ဝမ်က ချက်ချင်းပြန်ဖြေခဲ့တယ်။ 'အဲ့ဒါဆို ဒီအသက်မွေးဝမ်းကြောင်းအလုပ်ကနေ ထွက်မယ်' တဲ့။ အဲ့ဒီအချိန်မှာပဲ ဟာယွန်းက ထယ်ဝမ့်အတွက် ဘယ်လိုလူမျိုးလဲဆိုတာကို သိလိုက်ရတာပါ။
ဂန်ထယ်ဝမ်အတွက် ဟာယွန်းက သူ့ရဲ့ ဗဟိုဝင်ရိုးပါပဲ။ သူ့ကို ဗဟိုပြုပြီး ဂန်ထယ်ဝမ်ရဲ့ဘဝ လည်ပတ်နိုင်ဖို့အတွက် ဟာယွန်း ရှိနေမှဖြစ်မှာပါ။ ပထမဆုံးအကြိမ် တွေ့ပြီးတဲ့နောက်ပိုင်း ထပ်မတွေ့ဖြစ်ပေမဲ့ ဟာယွန်းအတွက်လည်း အဲ့ဒီလိုပဲဖြစ်လိမ့်မယ်လို့ ယောင်ရှစ် ခံစားမိခဲ့ရတယ်။
သူတို့နှစ်ယောက် လမ်းခွဲခဲ့ကြတယ်ဆိုတာက...
ယောင်ရှစ်ရဲ့ရင်ထဲမှာ ခါးသီးတဲ့ခံစားချက်တစ်မျိုး မြင့်တက်လာခဲ့တယ်။ ထယ်ဝမ့်ကို ဒီအတိုင်း လွှတ်ပေးထားချင်ပေမဲ့ လောလောဆယ် သူက နေရာမှန်မှာ ရှိနေတဲ့ပုံမပေါ်ပါဘူး။ ယောင်ရှစ်က ခြောက်သွေ့လာတဲ့ သူ့နှုတ်ခမ်းတွေသူ သပ်လိုက်ပြီး နောက်တစ်ခါ ထပ်ပြောခဲ့တယ်။
"ဂန်ထယ်ဝမ်၊ မင်း ပင်ပန်းနေမှန်းသိပေမဲ့ တစ်ခါလေးပဲ ဒါကို ကျော်ဖြတ်ကြရအောင်။ ဒီနေ့ ဆုပေးပွဲကိုတော့ သွားမှဖြစ်မယ်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို တက်မယူဘဲ နေလိုက်မယ်ဆိုရင် ဒီလောကထဲ ဘယ်တော့မှ ပြန်လာလို့မရတော့တာတောင် ဖြစ်သွားမလားမသိဘူး။"
"..."
"အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ဆန်ကာတင်က ဘယ်လိုများ ဒီလိုနေနိုင်ရတာလဲ။ ဟင်။ ဒီအတိုင်း ရိုးရိုးထူးချွန်ဆုလေးဆိုရင်တော့ ဒီလို မတောင်းဆိုပါဘူးကွာ။ မင်းလို သစ္စာရှိတဲ့ကောင်က ဒီလိုအခြေအနေမျိုး ဖြစ်နေတယ်ဆိုရင် ဘယ်လောက်တောင် နာကျင်နေရမှန်း သိပါတယ်။ ဒါပေမဲ့ မင်းက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်လေ။ ပြီးတော့ ဒီနေ့က ဆုပေးပွဲလို့။"
"..."
"ဂန်ထယ်ဝမ်။"
ယောင်ရှစ်က သူ့အသံ အော်သံပေါက်လာတဲ့အထိ တောင်းတောင်းပန်ပန် ပြောခဲ့တယ်။ သူက ခါးထောက်ထားပြီး ထယ်ဝမ့်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။
"မင်း...မင်း ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါ နာဟာယွန်းကို ဖုန်းဆက်လိုက်မှာ။"
ဒါက သူ့ရဲ့ နောက်ဆုံးခြိမ်းခြောက်မှုပါပဲ။ ထယ်ဝမ့်မျက်လုံးတွေက ချက်ချင်းပဲ သူ့ဘက်လှည့်လာခဲ့တယ်။
"...အစ်ကိုက ဟာယွန်းဖုန်းနံပါတ်ကို သိလို့လား။"
"သိအောင်လုပ်ဖို့ဆိုတာ ငါ့အတွက် မခက်ပါဘူး။ သူ့ကို ဖုန်းဆက်ပြီးတော့ မင်းကြောင့် ငါရူးတော့မယ်ဆိုပြီး ပြောလိုက်မှာ။ ဒီကိုလာပြီး မင်းကို ဆုပေးပွဲဆီ ဆွဲခေါ်သွားပေးပါလို့။ သူမလာရင် ငါက သူ့အိမ်အထိပါ လိုက်လာမှာလို့။ အကုန်ပြောပြပစ်မှာ။ မင်း ဘယ်လို ဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ ရှိနေတယ်ဆိုတာရော။ သရုပ်ဆောင်ရတာကို အပြစ်တင် စောဒကတက်နေတဲ့အကြောင်းရော။ အကုန်လုံးပဲ။ တကယ်ပဲ ငါ့ကို အဲ့ဒီလိုလုပ်စေချင်နေတာလား။ ဒီအကြောင်းကြားရင် နာဟာယွန်းတော့ ပျော်သွားမှာကျိန်းသေတယ်။ ဟုတ်တယ်မဟုတ်လား။"
"အစ်ကို။"
ထယ်ဝမ်က ယောင်ရှစ်ကို မျက်နှာအပျက်ပျက်နဲ့ ကြည့်ခဲ့တယ်။
"ဘာလဲ။ နောက်ဆုံးတော့ အသိပြန်ဝင်သွားပြီလား။ ငါကရော ဒါမျိုးလုပ်ချင်တယ်လို့ ထင်နေလား။ ပြီးသွားရင် ခဏပေးနားမှာမို့လို့ ဆုပေးပွဲလေးသာ တက်ပေး။"
"..."
"ဒါက ငါ့ရဲ့ နောက်ဆုံးတောင်းဆိုမှုပဲ ဂန်ထယ်ဝမ်။ ဒါက အလုပ်မဖြစ်ဘူးဆိုရင် ခြိမ်းခြောက်ထားတဲ့အတိုင်း လုပ်မှာနော်။ အဲ့ဒါဆို နှိပ်စက်သလို ခံစားရမဲ့သူက မင်းမဟုတ်ဘဲ နာဟာယွန်းဖြစ်သွားမှာ။"
ထယ်ဝမ်က ယောင်ရှစ်ကို အေးစက်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်။ ရုတ်တရက်ဆန်တဲ့ သူ့ရဲ့ အပြောင်းအလဲကြောင့် ယောင်ရှစ် မျက်နှာမဲ့လိုက်မိပေမဲ့ သည်းခံထားခဲ့တယ်။ သူ့အလုပ်အတွက်လည်း တစ်စိတ်တစ်ပိုင်းပါတယ်ဆိုပေမဲ့ ဂန်ထယ်ဝမ်ရဲ့ အနာဂတ်အတွက် ပိုပြီးတော့ အဲ့ဒီလို လုပ်ရတာပါ။ အဲ့ဒါကြောင့် ဘာတွေပဲဖြစ်နေပါစေ ထယ်ဝမ် ဒီဆုပေးပွဲကို တက်မှဖြစ်ပါမယ်။
နောက်ဆုံးတော့ ထယ်ဝမ်က ယောင်ရှစ်ကို အကြာကြီး စိုက်ကြည့်နေခဲ့ပြီးမှ ထလိုက်တယ်။ ထယ်ဝမ် ပြင်ဆင်ဖို့ သူ့အခန်းထဲသူ ဝင်သွားတာကို မြင်တော့မှပဲ ယောင်ရှစ်လည်း စိတ်အေးစွာ သက်ပြင်းချနိုင်တော့တယ်။
သူ့စကား နားမထောင်ရင်တောင်မှ နာဟာယွန်းနဲ့ ပတ်သက်လာရင် ထယ်ဝမ်က ဘယ်တော့မှ နိုင်မှာမဟုတ်ပါဘူး။ အမြဲတမ်း အဲ့ဒီအတိုင်းပဲ ဖြစ်ခဲ့တာလေ။
****
Miel's Translations