no

Font
Theme

ဤသည်မှာ ကျန်းကျဲလျိုအတွက် သေမျိုးတစ်ယောက်ကဲ့သို့ ပထမဆုံးအကြိမ် ခရီးထွက်ခြင်းပင်။

အေးခဲကာ နှင်းဝေနေသော ကျုံးနန်တောင်မှ စိမ်းလန်းစိုပြေသော တောင်တန်းများကိုဖြတ်၍ အမျိုးသမီးများပြည့်နေသော လောကနံပါတ်တစ် ပြည့်တန်ဆာအိမ်ကိုကျော်ဖြတ်ကာ အုံ့မှိုင်းနေသောရေလမ်းကို ကျော်ဖြတ်သွားခဲ့သည်။

ဝိန်းရမ်ယဲ့က ငယ်ရွယ်သော်လည်း ကျန်းကျဲလျိုအား သူ့ကိုယ်သူ ဂရုမစိုက်နိုင်ဟု အမြဲခံစားရသောကြောင့် အခြားသူများထက် ပို၍စိုးရိမ်ခဲ့၏။

သို့သော် အမှန်တကယ်မှာ ကျန်းကျဲလျိုက သူ့ကိုယ်သူ မည်သို့ဂရုမစိုက်ရမှန်းမသိပေ။ သူက အတိတ်နှင့် ပစ္စုပ္ပန်ကို နားလည်နိုင်ပြီး အလွန်ဗဟုသုတကြွယ်ဝသူပင်။ သူက ဓားတစ်လက်ဖြင့် အတုမရှိကောင်းကင်ကို တုန်လှုပ်စေရန် စွမ်းဆောင်နိုင်ခဲ့သော်လည်း ယခုအချိန်၌ ဥယျာဥ်ကို ပေါင်းမသင်တတ်သလို ပန်းမျိုးစေ့အတွက် သင့်တော်သည့် ရာသီဥတုနှင့် အလေ့အထတို့ကို မသိခဲ့ပေ။ သူ့ကိုယ်အပူချိန်က အမြဲတမ်း အေးစက်နေသောကြောင့် အမြဲလိုလို ပြင်ပအပူချိန်ကို မေ့သွားခဲ့၏။

ဤအမျိုးသားက အပူချိန်အပေါ် အာရုံခံနိုင်စွမ်း အလွန်နည်းပါးသည်။ ဝိန်းရမ်ယဲ့ ထိုသူ့လက်ကို ကိုင်လိုက်တိုင်း အေးခဲသွားသလိုခံစားရပြီး ဝိန်းရမ်ယဲ့မှာ မယုံကြည်နိုင်လောက်အောင် စိိတ်အနှောင့်အယှက်ဖြစ်ရသည်။ သို့သော်လည်း ဤလူက စာရွက်တစ်ရွက်လိုဖြစ်နေ၍ မကြာခင်တွင်ပင် မီးခိုးငွေ့များလို ပျောက်ကွယ်သွားတော့မည့်ပမာ၊ သူ့ခမျာ ရိုက်နှက်ဆုံးမခြင်း၊ ဆူပူကြိမ်းမောင်းခြင်းမျိုးလည်း မပြုလုပ်နိုင်ပေ။

ကျန်းကျဲလျို၏ခန္ဓာကိုယ်က အလွန်ပေါ့ပါးပေ၏။ ဝိန်းရမ်ယဲ့၏မျက်လုံးထဲတွင် ထိုသူက အလွန်ပေါ့ပါးသဖြင့် ဘာကိုမှမနိုင်သလိုပင်။ သူ၏ခါးကျဉ်းကျဉ်းက သွယ်လျပြီး ထူထဲသော ၀တ်ရုံကိုခြုံထားတာတောင် လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ရစ်ပတ်နိုင်၏။

သို့သော် ၎င်းက သူ့ခန့်မှန်းချက်သာဖြစ်ပြီး သူ့အတွက် လက်တစ်ဖက်တည်းနှင့် ပွေ့ဖက်ရန် အခွင့်အရေးမရှိခဲ့ပေ။

သမ်းရှင်းဘုရားကျောင်းက ရှေးဟောင်းသစ်သားဘုတ်တံတားငယ်များဖြင့် ဝိုင်းရံထားသော အပြာရောင်ရေအိုင်ကြီး၏အလယ်တွင် တည်ရှိသည်။ တံတားက အင်မတန်မှ ဟောင်းနွမ်းနေပုံပေါ်ကာ ခြေတစ်လှမ်းကိုပင် ခံနိုင်ရည်ရှိပုံမရပေ။ နှစ်ဖက်စလုံးတွင် ဆိုက်ကပ်ထားသော လှေများပင်မရှိဘဲ အညစ်အကြေးများသာ ရှိနေပြီး ပူဖောင်းများထနေ၏။

ကန်အလယ်ရှိ ကုန်းမြေပေါ်တွင် သမ်းရှင်းဘုရားကျောင်းကို တည်ဆောက်ထားသည်။

ကျန်းကျဲလျိုက ယွီကျင်းနျန်ကို မြင်ဖူးသော်လည်း သမ်းရှင်းဘုရားကျောင်းကိုတော့ မရောက်ဖူးချေ။ သူက လက်ဆန့်၍ ဝတ်ရုံရင်ဘတ်ကို စေ့လိုက်ပြီး အဆုံးမရှိသော ကြေးမုံမှန်လိုမျိုးရေကန်ကိုကြည့်၍ ရှင်းမပြနိုင်သလို သက်ပြင်းချလိုက်၏။ "ဝိညာဥ်သမားတော်ရဲ့နေအိမ်က လှပတဲ့တောင်တန်းတွေ၊ ကြည်လင်တဲ့မြစ်တွေနဲ့အတူ ခမ်းနားလိုက်တာ။"

မွဲခြောက်ခြောက်တောင်များနှင့် ရေဆိုးများတွင် နေထိုင်ခဲ့သည့် တစ်စုံတစ်ယောက်သောနတ်ဆိုးအရှင်မှာ စော်ကားခံလိုက်ရသလို အနည်းငယ် ခံစားလိုက်ရသည်။

ကျန်းကျဲလျိုက ဤကိစ္စကို အများကြီးမပြောခဲ့ပေ။ သူ တံတားဆီသို့ လျှောက်သွားမည့်အချိန်မှာ ဘေးနားရှိ ဝိန်းရမ်ယဲ့က သူ့ကိုတားဆီးလာခဲ့၏။

နတ်ဆိုးအရှင်က သူ့ကို တင်းမာသောမျက်နှာဖြင့် ကြည့်ကာ သူ့ခါးကိုပွေ့ဖက်၍ ခရီးလမ်းတစ်လျှောက်လုံး သူတွေးခဲ့သမျှကို ဖြည့်ဆည်းလိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့ပြောလာသည်။ "ဒီတံတားက သွားလိုက်တာနဲ့ ပြိုကျသွားမဲ့ပုံပဲ၊ ကျွန်တော် ခင်ဗျားကို သယ်သွားပေးမယ်။"

သူက ကျန်းကျဲလျို၏ အဖြေကိုစောင့်မနေဘဲ ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး တစ်ဖက်လူကို ခါးမှပွေ့ချီ၍ ရေကန်ကို ကျော်ဖြတ်လိုက်၏။

၎င်းက ကျင့်ကြံရေးလိုအပ်သော သယ်ယူပို့ဆောင်ရေးလမ်းစဥ်နှင့် ကွဲပြားပေ၏၊။ ယင်းမှာ ရိုးရိုးရှင်းရှင်း သူ့ကိုပွေ့ချီထားရုံသာ။ တစ်ဖက်ကမ်းသို့အရောက်တွင် ကျန်းကျဲလျိုက ခိုင်မာစွာ မတ်တတ်ရပ်ပြီးနောက် တစ်ဖက်လူ၏လက်ဖမိုးကိုပုတ်ကာ ပြောလိုက်၏။ "မပြီးသေးဘူးလား။"

နတ်ဆိုးအရှင်လေးက သူ့လက်ကို ဖြည်းညင်းစွာ ဖယ်ခွာလိုက်သည်။

ကျန်းကျဲလျို၏ခန္ဓာကိုယ်တွင် အလွန်ကောင်းသော အနံ့ရှိသော်လည်း ၎င်းက အေးစိမ့်ဖျော့တော့ကာ အနည်းငယ် အေးစက်နေ၏။ သို့သော် ပူပြင်းသော ခန္ဓာကိုယ်နှင့် ခြောက်သွေ့ခြင်းတို့ဖြင့် မွေးဖွားလာသော နတ်ဆိုးများအတွက် ၎င်းက နွေရာသီပူပူတွင် သင့်လျော်သော အပူချိန်ပေးသည့် လေအေးပေးစက်နှင့်တူပြီး ပွေ့ဖက်ထားရန် အလွန်သက်တောင့်သက်သာရှိလှသည်။

ဝိန်းရမ်ယဲ့က သူ့လက်ကို ဆုပ်ကိုင်ထားချင်သော်လည်း နောက်တစ်ကြိမ် လွတ်ထွက်သွားသည်။ သူက အချစ်ဦးနှင့် တိုးတက်မှုအချို့ပြုလုပ်ပြီးနောက် ပုတ်ထုတ်ခံလိုက်ရသည့် လူငယ်လေးတစ်ယောက်ကဲ့သို့ပင်။ သူ စိတ်အားထက်သန်မှုအပြည့်ရှိသော်လည်း ကျန်းကျဲလျိုကိုပြောပြရန် အလွန်ရှက်နေမိ၏။ ထို့ကြောင့် ပုံမှန်အတိုင်းဖြစ်နေသော ကျန်းကျဲလျို၏မျက်နှာကိုသာ စိုက်ကြည့်နေနိုင်ခဲ့သည်။ နတ်ဆိုး၏နှလုံးသားက တွန့်လိမ်ရှုံ့တွသွားပြီး အချဥ်ပေါက်သွားသော ပေါင်မုန့်ကြော်လိုပင်။

ကျန်းကျဲလျို တံခါးကိုဖွင့်လိုက်ရာ ဆေးကြိတ်ဆုံများကို အတန်းလိုက်တွေ့လိုက်ရ၏။ တာအိုကျင့်ကြံသူကလေးနှစ်ဦးက ကြမ်းခင်းပေါ် ထိုင်ကာ မြင်းမြီးကျာပွတ်ကိုကိုင်ထားရင်း ဆေးဝါးပြုလုပ်ရန် စက္ကူရုပ်သေးများကို ညွှန်ကြားနေကြသည်။ မီးခိုးပြာရောင် တာအိုအင်္ကျီဆင်တူ ဝတ်ထားသော ကလေးများထဲမှတစ်ဦးက ကျန်းကျဲလျိုကို ဦးစွာမြင်လိုက်ရာ သူ့မျက်လုံးများ တောက်ပသွားပြီး ဘေးနားရှိ တစ်ယောက်ကို တံတောင်နှင့်တွတ်ထိုးကာ တိုးတိုးလေးပြောလိုက်၏။ "ကြည့်စမ်း၊ အလှလေးကွ!"

အခြားတစ်ဖက်တွင် မီးခိုးပန်းရောင် တာအိုအင်္ကျီဝတ်ထားသော မိန်းကလေးက အိပ်ငိုက်နေရာမှ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ရုတ်တရက်နိုးသွား၏။ စိတ်လှုပ်ရှားမှုကြောင့် သွားရည်များက ပါးစပ်ထောင့်မှ ကျဆင်းလာခဲ့သည်။ သူ(မ)က တစ်ရေးတစ်မောအိပ်ရာမှ ကျလာသောတံတွေးများကိုသုတ်ရန် လက်မြှောက်လိုက်ပြီး မျက်တောင်ခတ်ကာမေးလိုက်၏။ "*ကုန်းကျစ်က ဘယ်သူ့ကို ရှာနေတာလဲ။"

(*သခင်လေး)

ကျန်းကျဲလျိုတွင် ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ မရှိရာ တာအိုကျင့်ကြံသူနှစ်ဦးက သူ့အား သာမန်သေမျိုးတစ်ယောက်ဟု ယူဆသောကြောင့် ကုန်းကျစ်ဟုခေါ်ခြင်းပင်။

သို့သော် မကြာခင်တွင် ဤကုန်းကျစ်ဟူသော အခေါ်အဝေါ်က မမှန်ကန်ကြောင်း သိလိုက်ရသည်။ ကျန်းကျဲလျို၏အနောက်မှ အနက်ရောင်အဝတ်အစားနှင့် ခရမ်းရောင်မျက်လုံးအစုံဖြင့် နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းထားသော အမျိုးသားက မကြာမီတွင်ပင် ကျင့်ကြံရေးလောကရှိ လောကကြီးတစ်ခုလုံးကို ဖျက်ဆီးလိုသော နတ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားတော့မလို တစ်ကိုယ်လုံးမှ 'ငါက ရက်စက်တယ်၊ ငါနဲ့ လာမရှုပ်နဲ့' ဟူသော ရောင်ဝါများကိုထုတ်လွှတ်နေ၏။

တာအိုကျင့်ကြံသူမိန်းကလေးမှာ ပြောလိုသည့်စကားများက လည်ချောင်းမှာတစ်နေပြီး သူ(မ)ဘေးနားရှိ လူငယ်လေးအား တိုးတိုးလေးပြောလိုက်၏။ "... အာ... သူတို့၊ သူတို့က လက်စားချေဖို့လာတာလား။"

တာအိုကျင့်ကြံသူလူငယ်က ခဏမျှစဉ်းစားလိုက်ပြီး ရိုးသားစွာ ပြောလိုက်၏။ "လှပတဲ့သေမျိုးတစ်ယောက်ကို ကျင့်ကြံရေးမီးဖိုလိုသုံးတဲ့ နတ်ဆိုးကြီးကို နင်မြင်ဖူးတယ်မလား။"

"အဲ့ဒီကုန်းကျစ်လေး လုံးဝဖျက်ဆီးခံရတော့မယ်ဆိုတာ တကယ်သနားစရာပဲ။"

ကောင်မလေးက အလျင်အမြန် ခေါင်းညိတ်ပြီး သဘောတူလိုက်၏။ "သူတို့က ဟယ့်ဟွမ်အချစ်ဆေးအကြောင်းမေးဖို့ လာခဲ့တာဖြစ်မယ်။ ကျောင်းထိုင်ကိုယ်တော် ဒီမှာမရှိဘူးလို့ပြောရင် သူက နင်နဲ့ ငါ့ကို သတ်မှာတော့ မဟုတ်ဘူးမလား။"

သူတို့နှစ်ယောက်ကြားရှိ စကားဝိုင်းက မြန်ဆန်ပြီး လျှို့ဝှက်ထားပုံပေါက်သော်လည်း ဝိန်းရမ်ယဲ့၏ အကြားအာရုံကိုတော့ မဖုံးကွယ်နိုင်ပေ။ သူက ကျန်းကျဲလျိုကို တိတ်တဆိတ်ကြည့်ကာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်၏။ အချိန်အတော်ကြာ တွေးပြီးနောက်မှာတောင် သူ ဘယ်မှာ ထိုသို့ဆိုးရွားနေကြောင်းကို မတွေးနိုင်တော့ချေ။

ထို့အပြင် ကျန်းကျဲလျို၏ အသက်အရွယ်နှင့် အဆင့်အတန်းအရ "ကုန်းကျစ်လေး" ဟုအခေါ်ခံရသည်မှာ... ခွီး၊ နူးနူးညံ့ညံ့နဲ့ မွေးဖွားလာတာက သာလွန်ထူးကဲတာပဲ။

ဆန့်ကျင်ဘက်တွင် ကျန်းကျဲလျိုက ကျင့်ကြံရေးအဆင့်လုံးဝမရှိရာ ကလေးနှစ်ယောက် ဘာပြောနေကြသည်ကို မကြားလိုက်ပေ။ သူက မေးလိုက်၏။ "ကျောင်းထိုင်ကိုယ်တော် ယွီကျင်းနျန်ဆီ လာလည်တာပါ၊ မင်းတို့နှစ်ယောက် သူ့ကို အသိပေးလို့ ရမလား။"

ကောင်မလေးက စိတ်ကိုပြင်ဆင်၍ ပြောလိုက်၏။ "ကုန်းကျစ်လေး ဒီမှာလာရှာတာ ကံမကောင်းတာပဲ။ ကျောင်းထိုင်ကိုယ်တော်က အခု ဒီမှာမရှိပါဘူး"

ကျန်းကျဲလျိုက သူ(မ)ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်၏။

"ကျောင်းထိုင်ကိုယ်တော်က ဒီမှာမရှိပေမဲ့ မင်းတို့လို နှစ်နှစ်ထောင်အရွယ် ဂျင်ဆင်းဝိညာဥ်ကလေးတွေကို ဒီနေရာမှာ ဒီအတိုင်းထားဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ။"

မူလပုံစံကို ဖော်ထုတ်ခံလိုက်ရသော ကလေးနှစ်ယောက်မှာ သူ့အား ကြောင်အမ်းစွာ စိုက်ကြည့်နေပြီး ငြင်းတော့မည်ပြုရာ တစ်ဖက်လူ၏ ဖြည်းညင်းစွာ ပြောသံကို ကြားလိုက်ရသည်။ "သူငယ်ငယ်တုန်းက မင်းတို့ကို လင်းရှောင်ကျောင်းအနောက်ဘက် တောင်ပေါ်ကနေ တူးခဲ့တာ။ ငါသာ အဲ့ဒီတုန်းက စိတ်ကောင်းမရှိဘဲ သူ့ကို အသက်ရှင်ခွင့်မပေးဘူးဆိုရင် မင်းတို့နှစ်ယောက်က လင်းရှောင်ကျောင်းအနောက်က ငှက်ပျောပင်အောက်မှာ ရှိနေတုန်းပဲဖြစ်မှာ။"

တာအိုကျင့်ကြံသူကလေးနှစ်ဦးက ၎င်းကိုကြားလိုက်ရသောအခါ ကျောရိုးထဲမှ ချမ်းတုန်သွားသလို ခံစားလိုက်ရသည်။ သူ၏ နှင်းရောင်ဆံပင်ရှည်ကြီးကို ကြည့်လိုက်ရာ သူမည်သူဖြစ်ကြောင်း ရုတ်တရက် မှတ်မိသွားကြပြီး နှလုံးသားများ တုန်ရီသွားကာ အလျင်စလို ထ၍ ဦးညွတ်လိုက်ကြ၏။ "ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ လေးစားရတဲ့ ကျန်း...ကျန်းရှန်းဇွင်း... ကျောင်းထိုင်ကိုယ်တော်က အထဲမှာရှိ..."

ကလေးများ စကားမဆုံးခင် အမျိုးသားတစ်ဦး၏ အသံက ဖြတ်ဝင်လာသည်။ "ခင်ဗျား စိတ်ကောင်းထားပြီး ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးခဲ့တာဟုတ်လို့လား။ ခင်ဗျားဒဏ်ရာရနေလို့ ကျွန်တော့်ကို လျစ်လျူရှုခဲ့ရုံပါ။"

ကျန်းကျဲလျိုက ဆေးကြိတ်ဆုံကို ဖြတ်ကျော်သွားပြီး လက်ဆန့်၍ ဝါးကန့်လန့်ကာကို ပင့်လိုက်ရာ ဆေးမီးဖိုရှေ့တွင် အစိမ်းရောင် တာအိုဝတ်စုံနှင့် လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ဤတာအိုကျင့်ကြံသူက လျော့ရိလျော့ရဲ ၀တ်ဆင်ထားသောကြောင့် အဝတ်များက ဟပြဲနေကာ နှင်းဖြူရောင်ရင်ဘတ်နှင့် သူ၏နို့သီးခေါင်းများကိုပင် ရေးရေးလေးမြင်တွေ့နေရသည်။ သူက အမှန်တကယ်ကို ကြည့်လို့မသင့်တော်ပေ။

ကျန်းကျဲလျိုက ၎င်းကိုထည့်မတွေးသော်လည်း သူ့ဘေးနားရှိ နတ်ဆိုးငယ်က ဒေါသအလွန်ထွက်ပြီ ခေါင်းငုံ့၍ သူ့နားရွက်နား ကပ်ကာ ပြောလာသည်။ "အဲ့ အောက်တန်းကျတဲ့ လူယုတ်မာက ခင်ဗျားရဲ့မျက်လုံးတွေကို ညစ်ညမ်းသွားစေလိမ့်မယ်။ သူ့ကို မကြည့်နဲ့။"

ကျန်းကျဲလျိုက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ "သူက ကိုယ်တုံးလုံးဖြစ်နေရင်တောင် ငါ့အမြင်မှာတော့ သူက အသွေးအသားနဲ့ အရိုးစုပဲ၊ ဘာကြောက်စရာရှိလို့လဲ။"

ကျန်းရှန်းဇွင်းက မိမိကိုယ်ကို ယုံကြည်မှုရှိရှိ အေးဆေးစွာ ချဉ်းကပ်သွား၏။ ထို့နောက် ထိုသူ၏နောက်တွင် ကျောက်စိမ်းချောင်းများ*၊ ကာမအားတိုးဆေးများနှင့် နှစ်ကိုယ်တူကျင့်ကြံသည့်ပုံများကို တွေ့လိုက်ရသည်။

(*ဟိုဟာအတုတွေကို ဆိုလိုချင်တာပါ။ You know what I mean 🌚)

ကျန်းကျဲလျို၏အမူအရာမှာ တောင့်ခဲသွားပြီး ခဏအကြာတွင် မေးလိုက်၏။ "မင်း..."

ယွီကျင်းနျန်က ကာမအားတိုးဆေးပုလင်းပေါ်တွင် အနီရောင်စာရွက်ကို ကပ်နေခဲ့သည်။ ထိုအချိန်တွင် သူက ခေါင်းမော့ကာ တစ်ချက်ကြည့်၍ သဘာဝကျကျ ပြောလိုက်၏။ "ကိုယ်ရေးကိုယ်တာ ဝါသနာပါ။ ကျန်းချန်းပေ့၊ ထိုင်လေ။"

ကြမ်းပြင်တစ်ပြင်လုံး ဆေးအိုးများနှင့်ပြည့်နှက်နေပြီး ထိုင်စရာနေရာတစ်စုံတစ်ခုရှိလျှင် ကောင်းလိမ့်မည်ဖြစ်သော််လည်း မြင်ကွင်းထဲမှာ နေရာအလွတ်တောင်မရှိပေ။

ကျန်းကျဲလျိုက သူ့ကိုခဏမျှကြည့်လိုက်ပြီး သူ့အမူအရာမှတစ်ဆင့် အတည်ပြုလိုက်သည်။ "ဖြစ်ပျက်သွားတာတွေကို ကျင့်ကြံရေးလောကတစ်ခုလုံး သိပြီးတဲ့ပုံပဲ။"

ယွီကျင်းနျန်က ပြောလိုက်၏။ "အဲ့ဒါသာမကသေးဘဲ မြေအောက်လောကပါ ဒီအကြောင်းကို အားလုံးသိသွားမှာ ကျွန်တော်စိုးရိမ်မိတယ်။ အဲ့ဒီတုန်းက နယ်နိမိတ်အလွှာပျက်စီးတဲ့သတင်းက မြန်မြန်ဆန်ဆန်ကြီး မပြန့်သေးဘူးလေ။ ဒီတော့ ချန်ပေ့ရှိတုန်းက ကောင်းကင်ကြီးပြိုကျရင်တောင် ခံထားပေးမယ်ဆိုတာ လူတိုင်းသိကြတယ်။ အခု ချန်ပေ့က ထပ်မထိန်းထားဘူးဆိုတော့ လူဘယ်နှယောက်လောက် ညဘက် အိပ်ပျော်နိုင်တော့မှာလဲ။"

သူက နံဘေးကိုရွှေ့လိုက်ပြီး ကျန်းကျဲလျိုအတွက် အခင်းတစ်ခု ဆွဲထုတ်ပေးလိုက်ကာ အနောက်က ဝိန်းရမ်ယဲ့ကို မျက်လုံးစွေကြည့်၍ အသံနက်နက်ဖြင့် ပြောလိုက်၏။

"ချန်ပေ့... ကျင့်ကြံရေးအဆင့်တွေ ဆုံးရှုံးသွားတယ်ဆိုရင်တောင် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့တစ်ယောက်ယောက်ကို ခင်ဗျားဘေးမှာ ထားထားသင့်တယ်လို့ မဆိုလိုဘူးလေ၊ ဒီနတ်ဆိုးလိုလူမျိုးပေါ့..."

သူစကားတစ်ခွန်းပြောပြီးသည်နှင့် သူ့အား နတ်ဆိုးစွမ်းအင်တစ်ခုက အကျဉ်းချလိုက်ရာ စကားများက အချိန်မီရပ်တန့်သွားပြီး အလွန်သတိရှိစွာ ပြောလိုက်၏။

"တစ်ဂိုဏ်းချင်းစီတိုင်းက သူတို့အခက်အခဲတွေကို သူတို့ပဲသိတယ်။ လင်းရှောင်ဂိုဏ်းကို အကူအညီတောင်းကြတော့မှာ။ ချန်ပေ့ရဲ့ ရှစ်တိက ဘယ်လောက်ခံနိုင်ရည်ရှိမယ်ဆိုတာ ချန်ပေ့ရဲ့စိတ်ထဲမှာ ခန့်မှန်းပြီးသားဖြစ်မှာပါ..."

ကျန်းကျဲလျိုက သူ့ရှေ့တွင်ထိုင်ကာ ဘာမှမထူးခြားသလို လေသံနှင့် ပြောလိုက်၏။ "အဲ့ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး။"

ယွီကျင်းနျန်က အနီရောင်စာရွက်ကို ကပ်လိုက်ပြီး သူ့အား အပေါ်အောက်မော့ကြည့်ကာ ပြောလိုက်၏။ "တကယ်သာ ဘာမှမဆိုင်ရင် ချန်ပေ့ ဒီအချိန် ကျွန်တော့်ဆီလာမှာ မဟုတ်ဘူးလေ။ ချန်ပေ့သာ တကယ်လွှတ်ထားမယ်ဆိုရင် လုံးဝဂရုမစိုက်မှာမဟုတ်ဘူး။ ကျန်းချန်ပေ့ရဲ့ဂရုစိုက်မှုက အရိုးတွေထဲအထိ စီးဝင်နေပြီးတော့ အလေ့အထတစ်ခုလိုတောင် ဖြစ်နေပြီမလား။"

ကျန်းကျဲလျိုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "မင်းက စကား အရမ်များတာပဲ။"

ယွီကျင်းနျန်မှာ အမြဲလိုလို ပြောစရာစကားလုံးများစွာရှိပေ၏။ သူ့လက်ထဲမှ ဆေးပုလင်းကိုလှည့်ရင်း ဆက်ပြောလာသည်။ "ချီးကျူးပေးတာ ကျေးဇူးပါ၊ ကျန်းချန်ပေ့က အရင်လိုလှနေတုန်းပဲ။ ကျွန်တော် အစက ခင်ဗျားကို လုံးဝပြန်မလာတော့ဘူးလို့ထင်ခဲ့တာ၊ ခင်ဗျားပြောသလိုပဲ ပြန်သွားဖို့အကောင်းဆုံးနေရာက ကျုံးနန်တောင်ရဲ့ နှင်းတွေနဲ့ ရေခဲတွေအောက်ကလွဲရင် တခြားဘယ်နေရာမှ မရှိဘူးလေ..."

သူ့စကားများက အခြေအမြစ်မရှိသည်မဟုတ်။ သူ ငယ်စဉ် ဂျင်ဆင်းသွားတူးတုန်းက ကျန်းကျဲလျို ဒဏ်ရာရသွားသည်ကို တွေ့ဖူးခဲ့၏။ အတိုင်းအတာတစ်ခုအထိ သူက ကျူဝူရှင်းနှင့် ကျင်းယွီကျဲထက် သူ့ (ကျန်းကျဲလျို) ကို ပိုသိသည်။

ထိုအချိန်တွင် ကျူဝိန်းယွမ်က မသေဆုံးသေးဘဲ ကျန်းကျဲလျိုက လင်းရှောင်ဂိုဏ်း၏ သာ့ရှစ်ရှုန်းဖြစ်နေဆဲပင်။ ထိုအချိန်၌ ကျန်းကျဲလျိုက တာဝန်တစ်ခုကနေ ပြန်လာခါစဖြစ်သည်။ သူက တည်ငြိမ်နေပြီး ဘာမှမပြောခဲ့သဖြင့် သူ ဒဏ်ရာရသွားသည်ကို မည်သူမျှ မသိခဲ့ကြပေ။

ယွီကျင်းနျန်တစ်ယောက်သာ ထိုအကြောင်းကို သိခဲ့သည်။ ကျန်းကျဲလျိုက ခေါင်းငုံ့ကာ အဝတ်လဲရန် ပိတ်ကျဲစကို ဖယ်ရှားလိုက်သည့်အခိုက်အတန့်အား သူစောင့်ကြည့်ခဲ့သည်။ နတ်ဆိုးစွမ်းအင်က ထိုသူ့လက်မောင်းကို ထိုးဖောက်လုနီးပါး ဒဏ်ရာနက်နက်ရသွားစေခဲ့၏။ နတ်ဆိုးစွမ်းအင်၏အာရုံခံစားမှုက လေထုကိုဖြတ်သန်းသွားသော သွေးနံ့နှင့်အတူပေါင်းစပ်နေရာ လင်းရှောင်ဂိုဏ်းမှ သူထွက်လာရသည့်အကြောင်းအရင်းကို ယွီကျင်းနျန် သဘောပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျန်းကျဲလျိုအကြောင်း မြှောက်ပင့်ပြောဆိုမှုများကို သူ မုန်းတီးလာ၏။

မီးဖိုက ဆက်လက်လောင်ကျွမ်းနေသည်။ အထဲမှဆေးများက တဖျစ်ဖျစ်ဆူပွက်နေသည်။

ကျန်းကျဲလျိုက သူ့ကို မထူးဆန်းသလို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "ကျုံးနန်တောင်ရဲ့ နှင်းတွေနဲ့ ရေခဲတွေက အေးလွန်းတယ်။ နောက်ဆို ငါ တခြားနေရာတွေကို ပိုကြိုက်မိသွားလောက်တယ်။"

"ဒါ ဘယ်လိုဟာသမျိုးလဲ။" ယွီကျင်းနျန်၏နှုတ်ခမ်းများ ကွေးညွတ်သွားကာ ထိုသူပြောသည်ကို လုံးဝမယုံကြည်သော်ငြား တစ်ဖက်လူအနေနှင့် ဒီကိုလာဖို့ဆန္ဒရှိသည် ဆိုကတည်းက ကုသမှုခံယူဖို့ဆုံးဖြတ်ထားကြောင်း ပေါ်လွင်ပေ၏။ သူကိုယ်တိုင်က စေတနာကောင်းကောင်းနှင့် ကုသပေးချင်သူဖြစ်ရာ ထုံးစံအတိုင်း တော်တော်လေးပျော်ရွှင်နေသည်။

ယွီကျင်းနျန်က ကျန်းကျဲလျို၏ လက်ကောက်ဝတ်ပေါ် လက်တင်၍ အစိမ်းရောင်ဝိညာဉ်စွမ်းအင်အစအနလေးကို ထည့်သွင်းလိုက်၏။

နှစ်ယောက်သားက တိတ်ဆိတ်နေရာ ဝိန်းရမ်ယဲ့ခမျာ သူ့ဘေးမှာ မျက်ကန်းသဖွယ် စိုးရိမ်နေရင်း ယွီကျင်းနျန် မျက်ခုံးကျုံ့လိုက်သည်ကို စောင့်ကြည့်ကာ မအောင့်နိုင်ဘဲ ပြောလိုက်မိသည်။ "ဘာဖြစ်တာလဲ။ သူ့ကို ဘယ်လိုကုသလို့ရနိုင်လဲ။"

ယွီကျင်းနျန်က လက်ကို ဖြည်းညင်းစွာပြန်ဆုတ်၍ ကျန်းကျဲလျိုကိုကြည့်ကာ ပြောလိုက်၏။

"အရင်ဘဝတုန်းက ခင်ဗျား ဘယ်လောက်တောင် ကုသိုလ်တွေ စုဆောင်းထားတာလဲ။ အဲ့ဒါတွေက ခင်ဗျားကို သေမင်းရဲ့ စံနှုန်းအောက်ကနေ အရမ်း လိမ္မာပါးနပ်စွာနဲ့ ကပ်သီးလေးလွတ်သွားစေခဲ့တာ၊ တကယ့်ကို သဘာဝရဲ့ မှော်ဆန်မှုပဲ။"

ကျန်းကျဲလျိုက ပြောလိုက်၏။ "အတိတ်ဘဝတုန်းက ငါက အသိတရားကင်းမဲ့ပြီး နှလုံးသားမရှိတဲ့သူလည်း ဖြစ်နိုင်တာပဲလေ။ ငါတို့အနေနဲ့ အတိအကျပြောလို့မှ မရတာ။"

"အဲ့ဒါလည်း ဖြစ်နိုင်ပါတယ်။" ယွီကျင်းနျန်က ပြောလိုက်၏။ "မဟုတ်ရင် အဲ့ဒီလူယုတ်မာတွေအတွက် ခင်ဗျားက ဘာလို့ ပေးဆပ်နေရမှာလဲ။"

ယွီကျင်းနျန်က မတ်တတ်ထရပ်ပြီး တစ်ဖက်ဆေးစင်ရှိ ဆေးပုလင်းများထဲမှ တစ်ပုလင်းကိုယူ၍ ကျန်းကျဲလျိုရှေ့မှာချကာ ပြောလိုက်သည်။ "အရင်သောက်လိုက်။"

"...အရင်သောက်ရမယ်?"

"အင်း။ နာကျင်မှုကို သက်သာစေတယ်။"

နောက်ဆုံးတော့ ကျန်းကျဲလျိုတစ်ယောက် ဤခရီးက အလဟဿမဖြစ်ဟု ခံစားလိုက်ရပြီး ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

"ပျောက်ကင်းအောင် ကုသနိုင် မကုသနိုင်ဆိုတာကို မမေးနဲ့။ ခင်ဗျားရဲ့အသက်ကို ဘယ်လောက်အထိ ဆွဲဆန့်ထားနိုင်မလဲဆိုတာကိုပဲ မေးသင့်တယ်။ ခင်ဗျားရဲ့ကျင့်ကြံရေးက အဆင့်တစ်ခုကို ရောက်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်နေသရွေ့တော့ ဆယ်စုနှစ်နဲ့ချီပြီး ဆွဲဆန့်ထားလို့ရလိမ့်မယ်။ ခင်ဗျား ကျောက်စိမ်းဝိညာဉ်ပျိုးဆေးလုံးသုံးထားတာကို သတိထားမိတယ်။ အဲ့ဒါကို ဆက်သုံးလို့အဆင်ပြေတယ်... ပြီးတော့ တခြားတစ်ခုလည်းရှိသေးတယ်။ ခင်ဗျားရဲ့မျက်လုံးတွေ..."

ယွီကျင်းနျန်က ဖြည်းညင်းစွာလှည့်လိုက်ပြီး အေးစက်နက်မှောင်နေသော သူ့မျက်လုံးများကိုကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားကိုယ်တိုင် အဲ့ဒါကို ခံစားမိတယ်မလား။"

သူပြောသည်မှာ လျင်မြန်လွန်း၍ ကျန်းကျဲလျို သူ့ကို တားချင်လျှင်ပင် မတားနိုင်ဘဲ ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့၏။ "အင်း။"

ယွီကျင်းနျန်က ဆေးစင်ပေါ် မှီလိုက်ကာ လက်ထဲ၌ အရက်တစ်ခွက်ကိုင်ထားပြီး အတော်ကြာသည်အထိ သူ့ကို လက်ပိုက်ကြည့်ကာ လက်နှစ်ချောင်းကို သူ့ရှေ့ဆန့်တန်းပြီး မေးလိုက်၏။ "ခင်ဗျား ဘယ်လောက်များများမြင်ရလဲ။"

ကျန်းကျဲလျိုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး "နှစ်" ဟု ဖြည်းညင်းစွာ ပြောလိုက်သည်။

"ခင်ဗျား ရှင်းရှင်းလင်းလင်းမြင်ရလား။"

"ထင်တာပဲ။"

ယွီကျင်းနျန် :"...ဒါက တကယ် အရေးကြီးကိစ္စနော်။ ခင်ဗျား အလေးအနက်ထားပေးလို့မရဘူးလား!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment