no

Font
Theme

ဝိန်းရမ်ယဲ့က "တံခါးပြင်ပေး" ဆိုသည့် ဆင်ခြေကို မယုံကြည်ပေ။ သူက ကျန်းကျဲလျို၏ နှုတ်ခမ်းပေါ်ရှိ သွေးစွန်းရာကို စိုက်ကြည့်ကာ လက်ကိုဆန့်တန်းပြီး သတ္တုချိတ်ကိုဖြုတ်လိုက်ရာ သွေးစွန်းနေသော ခြုံထည်က မြေပေါ်သို့ပြုတ်ကျသွားခဲ့သည်။

ဝိန်းရမ်ယဲ့ လက်ကိုဆန့်တန်းကာ သွေးမပေကျံသော လက်ချောင်းထိပ်များဖြင့် တစ်ဖက်လူ၏ နှုတ်ခမ်းပေါ်ရှိ အနီရောင်အမှတ်အသားများကို သုတ်ပစ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ခင်ဗျား လေးလေးနက်နက်လေး နေပေးလို့မရဘူးလား။"

ကျန်းကျဲလျို၏နှုတ်ခမ်းများက အလွန်နူးညံ့ပြီး အေးမြသော အထိအတွေ့ရှိကာ ထိလိုက်သည်နှင့် ဆီးနှင်းလိုအေးမြသောအသက်ရှူသံကိုပင် ခံစားရနိုင်ပေသည်။

ကျန်းကျဲလျိုက တစ်ဖက်လူလက်မောင်းပေါ်ရှိ စိုစွတ်သောသွေးကို လုံးဝလျစ်လျူရှုကာ ထိုသူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရန် လက်ကိုဆန့်တန်းလိုက်သည်။ သူ့မျက်လုံးများက တစ်ဖက်လူ၏လက်ကောက်ဝတ်ကို အကဲခတ်ကြည့်ရှုပြီး ဒဏ်ရာများ မတွေ့သောကြောင့် ဘာမှမမေးဘဲ မျက်လုံးများပင့်ကာ တစ်ဖက်လူ၏ဦးခေါင်းပေါ်မှဦးချိုကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောလိုက်၏။ "နတ်ဆိုးလေး၊ ငါ့ရဲ့ရှစ်တိက တံခါးကို ဖျက်ဆီးပြီး မတော်တဆ လက်ကောက်ကို ထိမိသွားတာ။"

ဝိန်းရမ်ယဲ့ မျက်ခုံးများကို စုကျုံ့လိုက်သည်။ "ဒီလောက် ပေါ့ဆတာ ဘယ်မှာရှိနိုင်မှာလဲ။"

သူ၏မျက်လုံးများသည် ကျန်းကျဲလျိုဆီမှ အကြည့်လွှဲသွားသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ကနေ ပြင်းထန်သည့် အငွေ့အသက်များက မဆင်မခြင် တိုးပွားလာတော့သည်။ လူသတ်လိုသည့်အငွေ့အသက်များက ဝတ္ထုထဲရှိ မိစ္ဆာနတ်ဆိုးများအတိုင်း မိမိတို့၏လမ်းပေါ် ပိတ်ဆိုနေသူမှန်သမျှကို သနားညှာတာမှု အလျဉ်းမရှိဘဲ သတ်ပစ်တော့မလိုပင်။

ဝိန်းရမ်ယဲ့ လှည့်ကြည့်ကာ ကျိုးပဲ့နေသော တံခါးကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူ၏အကြည့်များက ဆီးနှင်းများထဲရှိ လမ်းကြောင်းတစ်ခုနောက်သို့လိုက်သွားရင်း မြေပြင်ထက်တွင် ခက်ခက်ခဲခဲထနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ကျူဝူရှင်းက သူ၏ဓါးကိုထောက်ကန်ကာ ထရပ်လိုက်၏။

ဝိန်းရမ်ယဲ့ ထိုဓားနှင့် ဓားအိမ်ကို မှတ်မိသည်။

လင်းရှောင်ဓား၏ဓားအိမ်တစ်ခုလုံးက အပြာရောင်နုရောင်ဖြစ်ပြီး နှစ်တစ်ထောင်ရေခဲဖြင့် ပြုလုပ်ထားသည်။ ထိုအပေါ်မှာ ရှားပါးပြီး ထူးခြားဆန်းပြားသော တိရစ္ဆာန်များ၊ အရပ်လေးမျက်နှာစောင့် သတ္တဝါများနှင့် အမည်များ၊ လင်းရှောင်ဂိုဏ်းကို တည်ထောင်သူကိုယ်တိုင် ထွင်းထုထားသော "လင်းရှောင်" ဟူသော စကားလုံးပင် ပါရှိသည်။ ၎င်းသည် ရှုပ်ထွေးပြီး ခမ်းနား၏။

ဝိန်းရမ်ယဲ့ ဤဓားကို ပထမဆုံးမြင်ဖူးခဲ့ချိန်က လင်းရှောင်ဓားသည် ကျန်းကျဲလျို၏လက်ထဲတွင် နာခံစွာ ရှိနေပြီး ရေခဲဓားအိမ်သည် အလွန်ပေါ့ပါးကာ နက်ရှိုင်းသော အေးစိမ့်မှုကို ထုတ်လွှတ်နေသည်။ ဓားသွားပေါ်တွင် တောက်ပသော အနီရောင်သွေးစွန်းရာတစ်ခုရှိပြီး ၎င်းမှာ သူ၏ရင်ဘတ်ပေါ်တွင် စွဲထင်နေသော အမာရွတ်နှင့် သူ့နှလုံးသားမှ သွေးဖြစ်ပေ၏။

ထိုစဉ်အချိန်က ကျန်းကျဲလျိုက သူ၏လက်ကောက်ဝတ်ကိုလှည့်ကာ ဓားကို ဓားအိမ်ထဲပြန်ထည့်ခဲ့သည်။ လောကကြီး၌ ဖော်ပြလို့မရသော ဓားစွမ်းရည်သည် အနှီရေခဲဓားအိမ်ထဲ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

ဝိန်းရမ်ယဲ့ သူ့လက်ချောင်းများကို တင်းတင်းဆုပ်လိုက်ပြီး အရိုးများကျိုးသည့်အသံက ကြည်လင်စွာ ထွက်ပေါ်လာသည်။ သူ၏ လူသတ်ချင်သော ခရမ်းရောင်မျက်လုံးများသည် တဖြည်းဖြည်း ပို၍မှောင်မိုက်လာပြီး စိုစွတ်သောသွေးများက သူ၏လက်ချောင်းထိပ်များမှ စီးကျလာသည်။

သူ ပြန်လာစဉ်အတွင်း သူ၏နတ်ဆိုးခန္ဓာကိုယ်ကို အလျင်အမြန် ပြောင်းလဲခဲ့သည်။ နတ်ဆိုးမျိုးနွယ်စု၏ ခန္ဓာကိုယ်များက အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။ သူ အလျင်အမြန် စုစည်းခဲ့ရသဖြင့် လူအသွင်သို့ လုံးလုံးမပြောင်းလဲသေးချေ။ ယခုအချိန်၌ ဝိန်းရမ်ယဲ့၏ နတ်ဆိုးအမှတ်အသားများ ဖုံးလွှမ်းထားသော ဦးချိုများသည် ဘာမျှမရှိခဲ့သကဲ့သို့ အစအနပင်မကျန်ဘဲ မှေးမှိန်သွားလေပြီ။

သို့သော် သူ ကျူ၀ူရှင်းဆီသို့ လျှောက်သွားနေစဉ် ကျန်းကျဲလျိုက ညင်သာစွာ တားဆီးလာခဲ့၏။

သူ့လိုနတ်ဆိုးအရှင်အား တားဆီးနိုင်သူမှာ ထိုသူမှလွဲ၍ ဤလောက၌ မရှိချေ။ သို့သော် ဝိန်းရမ်ယဲ့၏ အမျက်ဒေါသက ထိုအချိန်တွင် ကောင်းကင်အထိ ထိုးတက်နေပြီး သူ ဘာပြောသည်ကိုပင် နားထောင်လိုစိတ်မရှိဘဲ ကျန်းကျဲလျိုကို ကျောခိုင်းကာ အေးစက်စွာ ပြောလိုက်သည်။

"ခင်ဗျားက မွေးရာပါ နာကျင်မှုကိုကြိုက်တဲ့သူဆိုတာ ကျွန်တော် မသိဘူးလို့များထင်နေလား။ ခင်ဗျားက အရိုက်ခံရတဲ့အချိန် ပြန်မရိုက်ဘူး၊ ဆဲဆိုခံရတဲ့အချိန်လည်း ပြန်မချေပဘူး။"

သူ ကျန်းကျဲလျိုကို မည်သို့ဖြင့် ထိုကဲ့သို့စကားပြောနိုင််မည်နည်း။ ထိုစကားလုံးများကို ပြောရခြင်းမှာ လက်ရှိအခိုက်အတန့်၌ သူ အမှန်တကယ်ဒေါသထွက်နေကြောင်း ပြသရန်ဖြစ်သည်။

ဝိန်းရမ်ယဲ့ လက်ကိုဆန့်တန်းကာ လေထဲမှ မှောင်မိုက်သော ဓားရှည်တစ်လက်ကို စုစည်းလိုက်သည်။ ဓားသွားသည် အလွန်ရှည်ပြီး ပါးလွှာကာ အများဆုံးမှ လက်နှစ်လုံးစာသာကျယ်သည်။ သတ္တုတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားပြီး အဖျားကောက်သောဓါးသွားထိပ်ကနေ မှောင်မိုက်သော အရည်တစ်မျိုး ထွက်လာပြီး ဓားသွားမှ ဖြည်းညင်းစွာ စီးဆင်းလာသည်။

သူ၏လူသတ်ချင်စိတ်က အလွန်အမင်း ပြင်းထန်ပြီး အနက်ရောင်ဓားကိုကိုင်ကာ လျှောက်လှမ်းလာသောအခါ ကျူ၀ူရှင်းတစ်‌ယောက် ယနေ့ သူသေချာပေါက် သေလိမ့်မည်ဟု ခံစားလိုက်ရသည်။

ဝိန်းရမ်ယဲ့က ဓားနှစ်လက်ကို အသုံးပြုသည်၊ တစ်လက်မှာ အနက်ရောင်နှင့် တစ်လက်မှာ အနီရောင်ဖြစ်၏။ အနက်ရောင်ဓားက အရိုးများကို ဖြတ်တောက်နိုင်ပြီး အနီရောင်ဓားက ဝိညာဥ်ကိုဖြတ်တောက်နိုင်သည်။ တစ်လက်က ခန္ဓာကိုယ်ကိုဖျက်ဆီးပြီး အရိုးများကိုတောင် အပိုင်းပိုင်းခုတ်ထစ်နိုင်ပြီး အခြားတစ်လက်မှာ မူလဝိညာဉ်ကို တိုက်ရိုက်သက်ရောက်နိုင်ကာ ဝိညာဉ်က အစိတ်အပိုင်းပေါင်း သိန်းချီကွဲထွက်သွားနိုင်ပြီး ယင်းမှာ အရက်စက်ဆုံး ညင်းပန်းမှုတစ်ခုပင်။

ကျူ၀ူရှင်းက လင်းရှောင်ဓါးကိုကိုင်ကာ သူ့ကို မာန်တင်းစွာ စိုက်ကြည့်နေခဲ့သည်။ ထိုဓါးထဲတွင် ပါရှိသော ပြင်းထန်သည့် နတ်ဆိုးစွမ်းအင်က သူ့အရှေ့ကို ချဉ်းကပ်လာချိန်၌ သူ့ရှစ်ရှုန်း၏ တည်ငြိမ်အေးစက်သော အသံကို ကြားလိုက်ရသည်။

"ဝိန်းရမ်ယဲ့။" ကျန်းကျဲလျိုက ပြောလာသည်။ "မင်း သူ့ကို သတ်လိုက်ရင် ငါ မြေအောက်လောကမှာ ငါ့ရှစ်ဖူကို မျက်နှာပြဝံ့ရဲမှာမဟုတ်ဘူး။"

ဝိန်းရမ်ယဲ့ကို တားဆီးနိုင်သူမှာ သူတစ်ဦးတည်းသာရှိသည်။ ကျန်းကျဲလျိုက ဤစကားတစ်ခွန်းသာ ပြောလိုက်ပြီး သူ၏အဆုတ်များကို ဆွဲဖြဲသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရကာ ပြင်းထန်စွာ ချောင်းဆိုးခဲ့သော်လည်း သူသည် မျက်မှောင်ကြုတ်ကာ ဆက်ပြောခဲ့သည်။ "ဒါပေမဲ့ မင်း တကယ်လုပ်မယ်ဆိုရင်လည်း ရပါတယ်။ ငါ မင်းကို အတင်းအကျပ် မပြောပါဘူး၊ ဒါပေမဲ့..."

သူ၏စကားများ အနည်းငယ်တုံ့ဆိုင်းသွားသည်။

"ရှစ်ဖူ သေလုမျောပါးဖြစ်နေတုန်းက ငါ့လက်ကို ကိုင်ပြီး ငါ့ဘဝတစ်လျှောက်လုံး သူ့ကို ကာကွယ်ပေးပါလို့ ပြောခဲ့တယ်။" ကျန်းကျဲလျိုက သူ၏နောက်ကျောကို ကြည့်ကာ ပျော့ပျောင်းနူးညံ့သောလေသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်သည်။ "မိုင်တစ်ရာ ခရီးသွားသူက ကိုးဆယ်ကိုးဆယ်မိုင်ကို ရောက်ရှိပြီး ဒီဘဝကနေ ငါ ထွက်ခွာရဖို့ ခြေတစ်လှမ်းပဲ ကျန်တော့တယ်။"

ကျူဝူရှင်းရှေ့မှ နတ်တိုးစွမ်းအင်က ပျောက်ကွယ်မသွားခဲ့ပေ။

နောက်ထပ် အနည်းငယ်ကြာသောအခါ လူပေါင်းများစွာကို သတ်ခဲ့သော မင်နက်ရောင်ဓားသည် သူ့ဘာသာသူပြန်ဆုတ်ကာ နှင်းထဲသို့ ထိုးစိုက်သွားပြီး ပတ်ဝန်းကျင်ရှိ နှင်းများကို ပြန့်ကျဲသွားစေခဲ့သည်။

ဝိန်းရမ်ယဲ့က နှစ်ဦးကြားတွင်ရပ်ကာ ကျန်းကျဲလျိုကို လှည့်ကြည့်ပြီး သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်၏။ "ဘာလို့ ခြေတစ်လှမ်းပဲကျန်တော့တယ်လို့ ပြောရတာလဲ။ ကျွန်တော် ခင်ဗျားကို ဘယ်တုန်းက သေခွင့်ပြုလိုက်လို့လဲ။"

ကျန်းကျဲလျို ခဏတာ အံ့အားသင့်သွားပြီး တစ်ဖက်လူ၏ အလွန်ဇွဲကောင်းသော အသံကို ကြားလိုက်ရသည်။

"ကျွန်တော် သူ့ကို မသတ်ဘူး၊ ဒါပေမဲ့ သမားတော်နဲ့ပြဖို့ ခင်ဗျား ကျွန်တော်နဲ့လိုက်ခဲ့ရမယ်။ ဒီတစ်ခါ ငြင်းရင် ကျွန်တော် သူ့ကို ချက်ချင်း သတ်ပစ်မှာ!"

နတ်ဆိုးအရှင်သည် ဖြည်းညင်းစွာဖြင့် လက်သီးဆုပ်ကိုဖြည်လိုက်ပြီး သူ၏လက်ချောင်းများ လွတ်သွားသည်နှင့် ပါးလွှာသော မင်နက်ရောင်ဓားသည်လည်း လေထဲတွင် ဝင်ရောက်ပျောက်ကွယ်သွားသည်။

"ခင်ဗျားရဲ့ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို လွတ်လွတ်လပ်လပ် ရွေးချယ်ချင်တယ်လို့ လာမပြောနဲ့။ ကျန်းကျဲလျို၊ ခင်ဗျား တကယ်တမ်း ကိုယ့်အတွက်ကိုယ် မရှင်သန်ခဲ့ဖူးဘူး။ ဘယ်လိုလုပ်ပြီး ခင်ဗျားအသက်ရှင်ဖို့အတွက် လိုအပ်တဲ့အရာမရှိဘူးလို့ ပြောရဲရတာလဲ။"

ဝိန်းရမ်ယဲ့က သူ့ဆီ လျှောက်လာပြီး သူ၏လည်ပင်းပေါ်ရှိ နီရဲသော နတ်ဆိုးအမှတ်အသားက မှိန်ဖျော့စွာ တောက်ပနေကာ အမျက်ဒေါသက ပျောက်ကွယ်မသွားသေးပေ။

"ကျွန်တော် ခင်ဗျားကို သက်သာလာစေချင်တယ်၊ ခင်ဗျား ကျွန်တော့်စကားကို နားထောင်ရမယ်။"

ကျန်းကျဲလျိုက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "...ငါက နောက်ဆုံးအဆင့် ရောဂါသည်လေ၊ ဆေးနဲ့ ကုလို့ မရတော့ဘူး။"

"ဒါတွေအားလုံး အဓိပ္ပာယ်မရှိဘူး!" ဝိန်းရမ်ယဲ့က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား ကျွန်တော့်စကားကို နားထောင်ပြီး ကုသမှုခံယူပါ့မယ်လို့ ကျွန်တော့်ကို ကတိပေး။ သေချာပေါက် နည်းလမ်းရှိကိုရှိရမယ်။"

ကျန်းကျဲလျိုသည် သူ့ကို အချိန်အကြာကြီးစိုက်ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ "ငါ့ကို ဖိအားပေးနေတာ ဘာအကျိုးရှိမှာလဲ။ ငါ့မှာ အသက်ရှင်ဖို့အတွက် ဘာမှမရှိဘူး..."

"ကျွန်တော့်အတွက်လုပ်ပေး။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment