no

Font
Theme

ယွီကျင်းနျန်ခမျာ ယနေ့မှ ထိုသူနှင့် ပထမဆုံးအကြိမ်တွေ့ဆုံရသလို ခံစားလိုက်ရ၏။

ကျန်းကျဲလျို ရာထူးကြီးချိန်တွင် သူ့ထံ၌ ပေါ့ပေါ့ပါးပါး ဟာသများမရှိခဲ့ပေ။ သူ၏ ရေခဲသဖွယ်အေးစက်မှုက သူ့ခွန်အားကဲ့သို့ ကျော်ကြားပေသည်။ ထို့ကြောင့် ယွီကျင်းနျန် သူ့အား အလေးအနက်ထားပေးလို့မရဘူးလားဟု ပြောခဲ့သော်ငြား အမှန်တကယ်တော့ စိတ်သက်သာရာ ရသွားခဲ့၏။

သူ၏နှလုံးသားက ထိုလူတစ်စုကြောင့် မပျက်စီးသွားသေးသည်မှာ ဝမ်းသာစရာပင်။

ကျန်းကျဲလျို၏ဒဏ်ရာများက ဝိန်းရမ်ယဲ့စစ်ဆေးချိန်ကလို အရှင်းကုသရန် အလွန်ပြင်းထန်ပြီး သူ၏နတ်ဆိုးစွမ်းအင်ဖြင့် စစ်ဆေးလိုက်ချိန်တိုင်း ကျန်းကျဲလျို၏မရီဒန်များက သိုးမွေးချည်မျှင်ကဲ့သို့ ရှုပ်ယှက်ခတ်ကာ ကြေမွနေသည်။ ဤအခြေအနေတွင် သူ့ကျန်းမာရေးပြဿနာမှန်သမျှက သူ့ခန္ဓာကို နှိပ်စက်နေသည်က သာမန်ဖြစ်ပြီး သူ့အမြင်အာရုံမှာလည်း အနည်းငယ်မျှသာ မှုန်ဝါးသွားသည်။

ယွီကျင်းနျန်က ထိုစကားများကို ပြောလိုက်ချိန် ကျန်းကျဲလျိုက တုံ့ပြန်မှုမရှိဘဲ မှောင်မိုက်အေးစက်သော မျက်လုံးတစ်စုံဖြင့် တိတ်တဆိတ် ကြည့်နေပြီး နည်းနည်းလေးမှ စိတ်အခြေအနေ ပြောင်းလဲမသွားခဲ့ပေ။ သို့သော် ဝိန်းရမ်ယဲ့က လေးလေးနက်နက်နှင့် စိုးရိမ်တကြီး နားထောင်နေခဲ့သည်။ သူက ကျန်းကျဲလျိုကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် အကြည့်ချင်းဆုံသွားကာ နည်းနည်းလေးမှ မလှုပ်ရှားနိုင်တော့ပေ။

ယွီကျင်းနျန်က ပြောလိုက်၏။ "ကျန်းရှန်းဇွင်း၊ ခင်ဗျား မျက်မမြင် မဖြစ်ချင်ရင် ဒီမှာ ခဏလောက်နေသင့်တယ်။ ခင်ဗျားလို ကုလို့မရတဲ့ရောဂါအတွက် ကျွန်တော် ဆေးအများကြီး ဖော်စပ်ထားတယ်။ သိပ်မကြာခင်ကပဲ ဆေးညွှန်းစာအုပ်ကို ကျွန်တော်ရေးပြီးခဲ့တာ။ ဂျင်ဆင်းကလေးတွေကို ခင်ဗျားအတွက် ဆေးကြိုခိုင်းလိုက်မယ်။ အခကြေးငွေအကြောင်းပြောရရင် ... ဒီမျိုးဆက်သစ် လူငယ်လေးက အမတအရှင်ဆီကနေ ဘယ်လိုလုပ်တောင်းဆိုဝံ့ပါ့မလဲ။ ဒါက ကျွန်တော့်ရဲ့ ဆေးပညာအရည်အချင်းတွေက အထွတ်အထိပ်ရောက်နေပြီဆိုတာ သက်သေပြနိုင်တဲ့ အဓိကဖြစ်ရပ်ပဲလေ။"

ကျန်းကျဲလျို ခေါင်းညိတ်ပြလိုက်သည်။ ယွီကျင်းနျန်အနေနှင့် ရှားပါးပြီး ကုသရခက်ခဲသောရောဂါများစွာကို ကြုံတွေ့ဖူးကြောင်း သူသိ၏။ သူ့အား ကုသနိုင်သည်ဖြစ်စေ၊ မကုသနိုင်ဘူးဖြစ်စေ ယွီကျင်းနျန်အတွက်တော့ အကျိုးကျေးဇူးတစ်ခုပင်။ ထို့ကြောင့် သူပြောလိုက်သည်။ "ဂျင်ဆင်းကလေးတွေ... သူတို့က မီးဖိုကိုမီလောာက်အောင်ထိ အရပ်မရှည်ဘူးလေ။"

"စိတ်မပူပါနဲ့။" ယွီကျင်းနျန်က ပြောလိုက်၏။ "ကျန်းချန်ပေ့က သူတို့ရဲ့ဟင်းချက်စွမ်းရည်တွေကို အထင်ကြီးလေးစားသွားပြီး ဒီမှာတောင် အချိန်တွေအကြာကြီး နေချင်သွားလိမ့်မယ်။"

သူက ယုံကြည်မှုရှိရှိ ပြောလာ၏။ သို့သော် ကျန်းကျဲလျိုက နှစ်ပေါင်းများစွာ အစာရှောင်နေခဲ့ပြီး လူသားများ၏ အစားအစာအရသာအပေါ် မှတ်ဉာဏ်မရှိ၍ ဤစကားကို အထူးတလှယ် အယုံအကြည်မရှိပေ။

ထို့နောက် နတ်ဆေးသမားတော်က နောက်ထပ်နှစ်နာရီကြာ စကားစမြည်ပြောခဲ့ပြီး ဆေးလုံးနှင့် သူအသုံးပြုမည့် ကုသမှုအစီအစဉ်အမျိုးမျိုးကို သေချာစွာရှင်းပြခဲ့သည်။ နောက်ဆုံးတွင် ကျန်းကျဲလျိုတစ်ယောက် နားထောင်ရသည်မှာ အလွန်ပင်ပန်းနေချေပြီ။

သူက မေးထောက်ကာ အိပ်ငိုက်နေသောကြောင့် သာမန်ကာလျှံကာ အသံနှစ်ချက်မျှသာ ပြုနိုင်သော်လည်း ရံဖန်ရံခါ မျက်လုံးပင့်လိုက်ချိန် ဝိန်းရမ်ယဲ့၏ တောက်ပသောမျက်လုံးများဖြင့် နားထောင်နေပြီး လေးလေးနက်နက် အမူအရာဖြင့် ခေါင်းညိတ်နေသည်ကို တွေ့လိုက်ရသည်။

... သူ ဘယ်လိုတောင် အာရုံစူးစိုက်ပြီး နားထောင်နေတာပါလိမ့်။

နတ်ဆိုးငယ်လေး၏ ခရမ်းရောင်မျက်လုံးများက အလင်းရောင်နှင့် စိတ်ခံစားမှုများပေါ်မူတည်၍ အရောင်ပြောင်းလဲလေ့ရှိသည်။ ကျန်းကျဲလျို သူ့ကို ကြည့်လိုက်ချိန်တိုင်း အနှီနတ်ဆိုးမျက်လုံးများက အလွန်လှပသည်ဟု ခံစားရသည်။ အလွန်သန့်စင်ပြီး အာရုံခံစားမှုရှိသော ရှားပါးရတနာလိုပင်။

ကျန်းကျဲလျိုတစ်ယောက် တစ်ဖက်လူကို ခဏကြည့်ပြီးနောက် ဝိန်းရမ်ယဲ့၏အင်္ကျီလက်ကို ညင်သာစွာဆွဲလိုက်ရာ တစ်ဖက်လူက သူ့ဘက်သို့ ခေါင်းလှည့်လာသည်ကို မြင်လိုက်ရ၍ မေးလိုက်သည်။ "မင်း နားလည်လား။"

ဝိန်းရမ်ယဲ့က အခိုင်အမာပြောလာ၏။ "သူရှင်းပြတာ ရှုပ်ထွေးနေပေမဲ့ ကျွန်တော် နားလည်ပါတယ်။"

"အဲ့ဒါဆို သူက ဘာတွေပြောနေတာလဲ။"

"သူပြောတာက။" ဝိန်းရမ်ယဲ့က လေးနက်စွာ ဆိုလာ၏။ "ခင်ဗျားက ပူဖောင်းတစ်ခုဖြစ်နေရင်တောင် ပူဖောင်းရဲ့အပြင်ဘက်မှာ အလွှာတစ်ခုပြီးတစ်ခု ကာကွယ်ထားသရွေ့ ခင်ဗျား ပြိုကွဲပျက်စီးသွားမှာမဟုတ်ဘူးတဲ့။"

ကျန်းကျဲလျို: "... မင်းရဲ့တင်စားမှုစွမ်းရည်က တော်တော်အားကောင်းတယ်နော်။"

ဤအခိုက်အတန့်တွင် ယွီကျင်းနျန်က စကားအားလုံးကို အဆုံးသတ်လိုက်ပြီး လည်ချောင်းစိုစွတ်သွားအောင် ရေတစ်ငုံသောက်လိုက်သည်။ ထို့နောက် တာအိုကျင့်ကြံသူနှစ်ဦးကို အခန်းသန့်ရှင်းရေးလုပ်ရန် ဘုရားကျောင်းထဲ ဝင်ခွင့်ပေးလိုက်ပြီး တစ်ဖက်မှ ကျန်းကျဲလျိုဘက်သို့လှည့်၍ ပြောလိုက်သည်။ "သမ်းရှင်းဘုရားကျောင်းအနောက်မှာ ဆေးရေကန်တစ်ခုရှိတယ်၊ အဲ့ဒါက ခင်ဗျားအတွက် ကျောက်စိမ်းဝိညာဉ်ပျိုးဆေးလုံးကို ဆက်သုံးဖို့ သင့်တော်တယ်။ ဒါ့အပြင်..."

ဤသို့ပြောလိုက်ချိန် ကျောက်စိမ်းဝိညာဉ်ပျိုးဆေးလုံးက နတ်ဆိုးနယ်မြေ၏ အဖိုးတန်ရတနာဖြစ်ကြောင်း သူသတိရသွားသည်။ သူက ဝိန်းရမ်ယဲ့ကို ထပ်ကြည့်လိုက်ပြီး စဉ်းစားကာ ပြောလိုက်၏။ "မင်းက... နတ်ဆိုးနယ်မြေတော်ဝင်မိသားစုထဲက ဘယ်တစ်ယောက်လဲ၊ မင်း နတ်ဆိုးအရှင်ကိုသိလား။"

ယွီကျင်းနျန်က တစ်နှစ်ပတ်လုံး သမ်းရှင်းဘုရားကျောင်းတွင် ဆေးဝါးအသစ်များကို ရှာဖွေနေပြီး အများအားဖြင့် ရံဖန်ရံခါသာ လေကောင်းလေသန့်ရှူရန် လူ့လောကသို့ သွားလေ့ရှိ၍ နတ်ဆိုးလောက၏ အရှင်သခင် ပြောင်းလဲခြင်းကဲ့သို့သော အလွှာပေါင်းစုံမှ အကြောင်းများစွာကို မသိဘဲ ထိုသူ့အမည်ကို ကြားဖူးခဲ့သော်လည်း အမှန်တကယ် မမှတ်မိပေ။ ရုပ်ရည်သွင်ပြင်ကို မှတ်မိဖို့အတွက်တော့ လုံးဝကို မဖြစ်နိုင်ချေ။

သို့သော်လည်း ကျန်းကျဲလျိုက နတ်ဆိုးလောက၏ ရတနာများကို အသုံးပြုခဲ့ပြီး ဝိန်းရမ်ယဲ့၏ခရမ်းရောင်မျက်လုံးများက အလွန်ထင်ရှားသောကြောင့် ယွီကျင်းနျန်က သူ့အား အဆင့်မြင့်နတ်ဆိုးကြီးဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ ဤနတ်ဆိုးကြီးက ရှန်းဇွင်း၏အလှကြောင့် ယစ်မူးသွားသည်ဟု ကောက်ချက်ချလိုက်သည်။ နတ်ဆိုးမျိုးနွယ်ကို မဆိုထားနှင့် ကျန်းကျဲလျိုထံသို့ ချဉ်းကပ်မိချိန် ယွီကျင်းနျန်ကိုယ်တိုင်ပင်လျှင် ၎င်းက သူ့ခွန်အားကို အများကြီး စမ်းသပ်နေသည်ဟု ခံစားမိပေ၏။

ဝိန်းရမ်ယဲ့က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ငါက နတ်ဆိုးအရှင်ပဲ။"

"အိုး... မင်းက... အာ?" ယွီကျင်းနျန်ခမျာ အလွန်နှေးကွေးစွာ ပြန်ပြောလိုက်ပြီး အသိစိတ်ပြန်ကပ်ဖို့ အချိန်တချို့ယူလိုက်ရသည်။

သူခဏမျှတွေးလိုက်ပြီး ကျန်းကျဲလျိုကို ဖြည်းညင်းစွာ ခေါင်းလှည့်ကြည့်၍ လေးစားမှုအပြည့်နှင့် ပြောလိုက်၏။ "...ချန်ပေ့က ဒီလိုအခြေအနေရောက်နေတာတောင် နတ်ဆိုးလောကကို တည်ငြိမ်အောင်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်တောင် စတေးချင်နေသေးတယ်။ ဒီလို ကိုယ်ကျိုးစွန့်တဲ့အချစ်ရဲ့လုပ်ရပ်က တကယ်ကိုအထင်ကြီးစရာပါပဲ။"

ကျန်းကျဲလျိုက ဝိန်းရမ်ယဲ့ကို ကြည့်နေရင်း အနည်းငယ် အံ့အားသင့်သွားပုံပေါက်သော်လည်း တစ်ချိန်တည်းမှာပင် အလွန်ထိတ်လန့်ပုံမပေါ်ပေ။ သူက ထိုအကြောင်းစဉ်းစားပြီး ပြန်ဖြေလိုက်၏။ "အင်း… ငါမျှော်လင့်ထားသလိုပါပဲ။"

ဝိန်းရမ်ယဲ့၏အောင်မြင်မှုများကို ထိုစဉ်အချိန်က သူ့အဖေပင် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။ ခေါင်းဆောင်အပြောင်းအလဲနှင့် မျိုးဆက်သစ်၏ဆက်ခံခြင်း - ဤအကြောင်းအရာများက ထူးထူးခြားခြား အံ့အားသင့်စရာမဟုတ်ဘဲ တကယ်တမ်း အံ့အားသင့်မိသည်မှာ...

"နတ်ဆိုးအရှင်။" ကျန်းကျဲလျို တစ်ဖက်လူ၏နာမည်ကို သွက်သွက်လက်လက် ပြောင်းခေါ်လိုက်ပြီး မျက်ခုံးပင့်လိုက်၏။ "ဒီကျန်းကျဲလျိုက အရှင့်ရဲ့ ကိုယ်ကျိုးမဖက်တဲ့ ကြင်နာမှုအတွက် တကယ်ကို အားနာမိပါတယ်။"

ဝိန်းရမ်ယဲ့က သူ၏ နက်မှောင်သော မျက်လုံးများကို စိုက်ကြည့်ကာ အနားတိုးလာသည်။ သူ့ထံမှ ထင်းရှူးပန်းရနံ့ သင်းပျံ့နေပြီး နတ်ဆိုးစွမ်းအင်များနှင့် ရောနှောကာ ကျန်းကျဲလျိုကို ဝန်းရံလုနီးပါးပင်။

နတ်ဆိုးငယ်လေး၏အသက်ရှူသံက နားလည်မှုအရိပ်အမြွက်ဖြင့် နှစ်သိမ့်ပေးနေပြီး နှုတ်ခမ်းပါးများကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားသည်။ ကျန်းကျဲလျို မရှောင်နိုင်သည့် အလွန်တိကျသောအကွာအဝေးကို ထိန်းသိမ်းကာ သူ့နားချဉ်းကပ်သွားပြီးနောက် တိုးတိုးလေးပြောလိုက်လေ၏။ "ဒါက ကိုယ်ကျိုးမငဲ့တဲ့ ကြင်နာမှုမဟုတ်ဘူး။ ကျွန်တော်က ခင်ဗျားနဲ့အတူနေချင်တာ၊ ခင်ဗျားကို ဂရုစိုက်ပေးချင်တာ။"

ကျန်းကျဲလျိုက သူ့ကိုစိုက်ကြည့်ရင်း မေးလိုက်သည်။ "ပြီးတော့ရော?"

ဝိန်းရမ်ယဲ့က တံတွေးမျိုချလိုက်ပြီး တင်းမာမှု အနည်းငယ်ပါသောလေသံဖြင့် ဆက်ပြောလိုက်သည်။ "... ပြီးရင် ခင်ဗျားကို နတ်ဆိုးလောကဆီ အတင်းအဓမ္မ ခေါ်သွားမယ်။"

ကျန်းကျဲလျိုမှာ အနည်းငယ် ရယ်ချင်နေသော်ငြား ပြန်ထိန်းလိုက်ပြီး လက်ဆန့်၍ နတ်ဆိုးငယ်လေးကို ခေါင်းပုတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ။"

ဝိန်းရမ်ယဲ့က ထိုသူသဘောတူမည်ဟု မမျှော်လင့်ထားသောကြောင့် ခဏမျှကြောင်အမ်းသွားပြီး တစ်ဖက်လူ၏ အေးစက်စက် ရှည်သွယ်သွယ် လက်ချောင်းလေးများကို သူ့လက်ဖဝါးထဲ ဆုပ်ကိုင်ရင်း အခြားလက်တစ်ဖက်ဖြင့် နဖူးကိုတောက်ကာ ပြောလိုက်သည်။

"...ကျွန်တော်က နတ်ဆိုးအရှင်နော်။ မျက်တောင်တစ်ချက်မခတ်ဘဲ လူတွေကိုသတ်ပြီး ဆားမပါဘဲ လူသားတွေကိုစားတာ။ ခင်ဗျား ကျွန်တော့်ကို နည်းနည်းလေးတောင် ကြောက်ပေးလို့မရဘူးလား။"

သူတို့နှစ်ဦးက ချောမွေ့စွာပြောဆိုနေသဖြင့် ယွီကျင်းနျန်ခမျာ ကြားဖြတ်ရန်အခွင့်အရေးကို ရှာမတွေ့နိုင်ခဲ့သောကြောင့် လိုအပ်သောပမာဏကို စာရွက်ပေါ်တွင်သာ ရေးမှတ်ပြီး ဝိန်းရမ်ယဲ့ထံသို့ လွှဲပြောင်းပေးခဲ့၏။ ယခုလေးတင် သူ၏လေ့လာတွေ့ရှိချက်အရ ဝိန်းရမ်ယဲ့က နတ်ဆိုးလောက၏အဖိုးထိုက်ရတနာကို ကျန်းရှန်းဇွင်းအား သကြားလုံးများလိုစားရန် ထုတ်ပေးခဲ့သည်ကို တွေ့ခဲ့ရသည်။

နောက်အနည်းငယ်အကြာတွင် ယွီကျင်းနျန်တစ်ယောက် ဤနတ်ဆိုးအရှင်၏ ဝါသနာအသစ်ကို မျက်မြင်ကြုံတွေ့ခဲ့ရတော့သည်။

သူက ကျန်းကျဲလျို၏အခန်းကို ပြန်လည်ပြင်ဆင်ခဲ့သည်။

မူလက သမ်းရှင်းဘုရားကျောင်းရှိအခန်းတိုင်းက သန့်ရှင်းပြီး ရိုးရှင်းသော သာမန်ပရိဘောဂများသာ ရှိ၏။ သို့သော် ဝိန်းရမ်ယဲ့ဆိုသော ဤနတ်ဆိုးက ဇီဇာကြောင်လွန်းသည်။ သူက အရာအားလုံးကို အစားထိုးခဲ့ပြီး ကြမ်းပြင်ကိုပင် ရွှေချည်ငွေချည်များ အနားသတ်ထားသော ကော်ဇောတစ်ထည်ဖုံးအုပ်ထားသည်။ တံခါးဖွင့်လိုက်သည်နှင့် ဇိမ်ကျပြီး စိတ်ကူးယဉ်ဆန်ဆန်ပုံစံက ထွက်ပေါ်လာခဲ့၏။

ကျန်းကျဲလျိုက အခန်းထဲတွင်ထိုင်နေပြီး ထိုအခန်းထဲမှာ သူက အဖိုးအတန်ဆုံးအရာ၊ အစစ်မှန်ဆုံး အံ့သြဖွယ်အလှလေးပင်။

သို့သော် ဤသည်မှာ ယွီကျင်းနျန်တစ်ယောက် အဝတ်များထည့်ထားသော ဗီရိုတစ်ခုကို ရှာဖွေတွေ့ရှိသည့် အချိန်အထိသာ။

၎င်းမှာ တားမြစ်ထားသော အမတဝတ်ရုံများအပြင် အဖိုးတန်သားမွေးများဖြင့် ပြုလုပ်ထားသည့် ခြုံထည်များ၊ တောက်ပသောအရောင်နှင့်၀တ်ရုံများ၊ ပုလဲနှင့် ကျောက်မျက်များကို ကျောက်စိမ်းကြယ်သီးအဖြစ် ပြုလုပ်ထားသည့် တာအိုကျင့်ကြံသူဝတ်ရုံများ၊ စသည့် အမျိုးအစားအမျိုးမျိုးနှင့် မရေမတွက်နိုင်အောင်ပင်။

ထိုနေ့က ပုံမှန်အတိုင်း သွေးခုန်နှုန်းစစ်ဆေးရန်ရောက်လာချိန် ကျန်းချန်ပေ့ကိုခစားနေသော သမင်လေး ဗီရိုကိုဖွင့်လိုက်သည်အား ကြည့်နေခဲ့ပြီး ကျင့်ကြံရေးလောကတွင် ပြောမပြနိုင်လောက်အောင် ဈေးကြီးသည့် အနက်ရောင်ကတ္တီပါဝတ်ရုံတစ်ထည်အား ယူဆောင်လာသည်ကိုကြည့်ပြီး အမှတ်မထင် ပြောလိုက်မိသည်။

"ဒီနေ့ရဲ့ အံ့ဖွယ်လျိုလျိုကို ကြည့်ပါရစေဦး..."

...အခန်းတစ်ခုလုံးလည်း ကျောက်စိမ်းဝိညာဉ်ပျိုးဆေးလုံး၏ အငွေ့အသက်များဖြင့် နေရာအနှံ့ ပြည့်နှက်နေပေသည်။

ကျန်းကျဲလျိုက လက်ရှိအနေအထားကို တည်ငြိမ်စွာ လက်ခံခဲ့သည်။ ဝိန်းရမ်ယဲ့က သူ့အနားတွင် အသိုက်ကဲ့သို့သော တစ်စုံတစ်ခုဆောက်လုပ်ခြင်းက ပထမဆုံးအကြိမ်မဟုတ်သလို အာချူးကလည်း သူ့ကို အဝတ်ဆင်ပေးချင်သည့် အကျင့်နည်းနည်းရှိ၍ လက်ခံပေးရန် သိပ်မခက်ချေ။ ၎င်းက အဆင်ပြေ၏။ သူ့စိတ်နေစိတ်ထားက ၎င်းအပေါ် သိပ်ဂရုမစိုက်သည်မှာ ကြာပြီဖြစ်ကာ သူ မနက်ဖြန် သေရတော့မည်ဆိုလျှင်တောင် သူ့အနေနှင့် ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ချန်းချန်နှင့် အာချူးတို့နှစ်ယောက်လုံး သူ့နောက်ကို လိုက်လာကြသော်လည်း ၎င်းတို့က ဒုတိယရထားလုံးတွင် စီးကာ သူနှင့်အတူမစီးချေ။ ချန်းချန်ရောက်လာသည်နှင့် ဂျင်ဆင်းကလေးများ၏ ဟင်းချက်ကျွမ်းကျင်မှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ၎င်းတို့၏မီးဖိုချောင်ထဲကနေ အချက်အလက်များကို ခိုးယူခဲ့လေသည်။

အာချူးကတော့ သူနှင့်မတူပေ။ အာချူးက ကျန်းကျဲလျိုအနားတွင် ကပ်နေရခြင်းကိုသဘောကျသည်။ အာချူးက အမြဲတမ်းလိုလို သူ့ကိုယ်ပေါ်မှ အရသာရှိသောအနံ့အသက်ကိုရှူရှိုက်ပြီးမှ အခြားအရာများကို ပျော်ရွှင်စွာ လုပ်ဆောင်တတ်၏။ သို့သော် သူက ကျင့်ကြံရေးကို လုံးဝစိတ်မဝင်စားဘဲ သူ့အနားကပ်ရခြင်းကိုသာ အချိန်ပြည့်အလုပ်တစ်ခုအဖြစ် သတ်မှတ်ထားပုံရသည်။

အာချူးက ပြတင်းပေါက်မှာထိုင်ပြီး သမားတော်၏ ညွှန်ကြားချက်အတိုင်း ဆေးများကိုခွဲခြားနေသည်။ သူက ဆေးပုလင်းများနှင့် ဆေးအိုးများစွာကို စုဆောင်း၍ စက္ကူဖြင့်ထုပ်ကာ အစားအသောက်အနပ်တိုင်းအတွက် အပိုင်းတစ်ခုစီခွဲထား၏။ ထို့နောက် လက်ဆန့်၍ ဆေးပန်းကန်ကို ထိကြည့်လိုက်ပြီး အပူချိန်ကို ခံစားလိုက်ပြီးနောက် ကျန်းကျဲလျိုဘက်သို့ ယိမ်း၍ ပန်းကန်လုံးကို ပေးလိုက်သည်။

ကျန်းကျဲလျို၏ အမြင်အာရုံက ယခင်ကလောက် မကောင်းတော့သော်လည်း စာအုပ်ဖတ်ရတာကို သဘောကျနေဆဲပင်။ အထူးသဖြင့် ဘုရားကျောင်းမှာရှိသော အချစ်ရေးဝတ္ထုများကို သဘောကျနေပြီး သူ့အတွက် ပျော်စရာများကို မဆုံးရှုံးသေးချေ။

ကျန်းကျဲလျိုက ဆေးများပါဝင်သော အစားအသောက်ကိုစားလိုက်ပြီး ပမာဏကိုကြည့်လိုက်သည်။ ထို့နောက် အနှီဂျင်ဆင်းကလေးနှစ်ယောက်က သူ့ကို ဝလာအောင်လုပ်နေသည်လားဟု တွေးလိုက်မိ၏။ အဘယ့်ကြောင့် ပမာဏများက တစ်ကြိမ်ထက်တစ်ကြိမ် ပိုများလာရသနည်း။

သို့သော် ၎င်းတို့က အရသာရှိအောင် ချက်တတ်ကြသည်။ ကျန်းကျဲလျိုက အာချူး၏ နေ့ရက်များ ရေတွက်သံကိုနားထောင်ရင်း ဖြည်းညင်းစွာ စားသောက်နေ၏။ သူက ရေတွက်ပြီးသွားချိန်တွင် တစ်စုံတစ်ခုကို သတိရသကဲ့သို့ မေးလာခဲ့သည်။ "အမတကောကော၊ ဒီနေ့ ဆေးရေစိမ်ဖို့ အချိန်ကျပြီမဟုတ်လား။"

ကျန်းကျဲလျိုက ခေတ္တရပ်လိုက်ပြီး မော့ကြည့်လိုက်ရာ သူ့မျက်တောင်များက ဖြူဖွေးသွယ်လျပြီး အနည်းငယ် တုန်ရီနေသည်။

ဝိန်းရမ်ယဲ့ ဒီနေ့ သူ့အနားမှာ ရှိမနေပုံကိုထောက်ရင်...

"ဝိန်းရမ်ကောကောက ဆေးရေကန်မှာ ကောကောကို စောင့်နေပုံပဲ။" အာချူးက မျက်နှာကို လက်နှစ်ဖက်ဖြင့်ထောက်၍ သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလာသည်။ "ကောကောတို့တွေ ဟိုဟာဒီဟာလုပ်လို့ရနိုင်လား၊ ပြီးရင် ကျွန်တော်က...အာ့!"

ကျန်းကျဲလျိုက သူ့ကို ခေါင်းခေါက်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်း ဒီကစာအုပ်တွေကို လျှော့ဖတ်သင့်တယ်။"

ကျန်းကျဲလျှိုက ထိုသို့ပြောနေစဥ် သူလှန်ကြည့်နေသော ညစ်ညမ်းရုပ်ပြစာအုပ်ကို အားချူးကကြည့်၍ စူပုတ်ပုတ်ဖြင့် တိုးတိုးလေးပြောလေသည်။ "ကောကောကျတော့ ဖတ်နေပြီးတော့။"

"ငါက ဗဟုသုတယူနေတာ။" ကျန်းကျဲလျိုက မျက်နှာတည်ကြီးဖြင့် ပြောလိုက်သည်။

အာချူး: "ဟမ်... အဲ့ဒါက၊ ကျွန်တော်၊ ကျွန်တော်က ကာမစိတ်ကြွနေလို့... ဟာ... မရိုက်နဲ့လေ။ ကျွန်တော့်ကို ထပ်မရိုက်နဲ့ပါတော့ဆို QAQ..."

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment