ဤစကားလုံးများက အတားအဆီးများနှင့် တုံ့ဆိုင်းမှုအမျိုးမျိုးကို ဖောက်ထွက်ကာ အေးစက်သောလေထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းကျဲလျို ဘာပြောရမှန်း မသိတော့ပေ။ သူ ဝိန်းရမ်ယဲ့၏မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် သူ့လိုလူတစ်ယောက်ကတောင် ထိုသူ၏ စိတ်ရင်းမှန်ကို မခုခံနိုင်ဟု ခံစားလိုက်ရသည်။ ထို့ပြင် ဤလောင်မြိုက်ဆူပွက်နေသော စိတ်ရင်းအမှန်ကို သူ၏ရှေ့တွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသထားလေ၏။
သူ ဝိန်းရမ်ယဲ့၏လက်ချောင်းများကို ဆုပ်ကိုင်ရန် လက်ကိုဆန့်တန်းလိုက်ပြီး ညင်သာသောအသံဖြင့် ချော့မြှူလိုက်သည်။ "မင်းကို ကတိပေးတယ်။ စိတ်မဆိုးပါနဲ့တော့၊ ဟုတ်ပြီလား။ နတ်ဆိုးသခင်လေး၊ ငါ သူ့ကို နောက်ထပ် ထပ်မတွေ့တော့ပါဘူး။"
နတ်ဆိုးအရှင်ကား ဆူးရှိသောတိရစ္ဆာန်တစ်ကောင်ဖြစ်သည့်တိုင် ထိုစကားက သူ၏ဆူးများကို ပျောက်ကွယ်သွားစေခဲ့၏။ ကျန်းကျဲလျိုက ထိုသို့ပြောလာသောအခါ သူ၏အသံက ညင်သာကာ မသိသာသော သည်းခံမှု၏ အဓိပ္ပာယ်ကို ထုတ်ဖော်ပြသနေသည်။
ဝိန်းရမ်ယဲ့မှာ ထိုသူ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ကျူ၀ူရှင်းကို ရုတ်တရက် မနာလိုဖြစ်သွားသည်။
ကျူဝူရှင်းသည် ကျန်းကျဲလျို၏ အကန့်အသတ်မဲ့သော သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရသည်အား သူ မနာလိုဖြစ်မိ၏။ ဤအခြေအနေမှာတောင် တစ်ဖက်လူက "တာဝန်" ဟူသော အမည်အောက်မှာ သူ့ကိုကာကွယ်ပေးနေဆဲပင်။ သို့သော် ယင်းမှာ တာဝန်မဟုတ်ဘဲ သူ၏အကျင့်ပင်။
သူက တခြားသူများကို ကာကွယ်ပေးခြင်းအား အကျင့်ဖြစ်နေလေပြီ။
ဝိန်းရမ်ယဲ့ ထိုသူ့အနားသို့ချဉ်းကပ်ကာ ပွေ့ဖက်လိုက်ပြီး မျက်လုံးများကိုမှိတ်၍ တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်တော့်နှလုံးသားနဲ့ အနီးကပ်ဆုံးရှိနေတဲ့သူကို ဘယ်လိုလုပ်ပြီး တခြားသူတွေဆီမှာ ထိခိုက်ခွင့်ပေးနိုင်မှာလဲ။"
ကျန်းကျဲလျို အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ့ကိုနှစ်သိမ့်ရန်နှင့် ထိုသူ၏နောက်ကျောကို ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ ဒေါသထွက်နေသော ဤခြင်္သေ့ကို ချော့မြှူပြီးနောက် ညင်သာစွာ ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ငါ့ကို ဘယ်သူမှအနိုင်မကျင့်ပါဘူး။ ပြီးတော့ ငါလည်း ဘာမှမထိခိုက်ပါဘူး။"
ဝိန်းရမ်ယဲ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဤသူသည် သူဘာကို စိတ်ဆိုးနေသည်အား နားမလည်ကြောင်း သိလိုက်ရသည်။ သူပြောလေလေ ဝိန်းရမ်ယဲ့ ပို၍စိတ်ဓါတ်ကျလာလေလေပင်။ သူ လက်ကိုဆန့်တန်းကာ တစ်ဖက်လူ၏ နှင်းဖြူရောင် ဆံပင်ရှည်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။ "... အရင်ဆုံး ခင်ဗျား ဆေးသောက်လိုက်ဦး။"
~~~
ဝိန်းရမ်ယဲ့ ကျူ၀ူရှင်း ဘယ်အချိန်ထွက်သွားကြောင်း မသိသလို သိချင်စိတ်လည်းမရှိချေ။ သူနှင့် ကျန်းကျဲလျိုကြားက စကားပြောဆိုမှုများနှင့် ကတိကဝတ်များသည် အမြဲတမ်း လေးလံပေ၏။ သူ သတ်ချင်စိတ်များ ပြည့်နှက်နေသည့်တိုင် ကျန်းကျဲလျိုက သူ့ကို စိတ်ပျက်လိမ့်မည်ဟု တွေးမိသောအခါ အတင်းအကျပ် သည်းခံရုံသာ ရှိတော့သည်။
တံခါးကို ပြန်လည်ပြုပြင်ပြီးလေပြီ။ ဤတစ်ကြိမ်တွင် ထင်းရှူးသားအဆောင်၏ ပုံစံနှင့် နောက်ဆုံးတွင် တစ်သားတည်းဖြစ်သွားသော်လည်း အရောင်မှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲ၏ပါးစပ်ကဲ့သို့ မှောင်မိုက်သွားခဲ့သည်။ ယင်းမှာ မိစ္ဆာကျင့်ကြံသူ သို့မဟုတ် ကြီးမြတ်သောနတ်ဆိုး၏ နေထိုင်ရာကဲ့သို့ပင်။
သို့သော် ကျန်းကျဲလျိုက ဤအရာများကို ဂရုမစိုက်ပေ။ သူက လဲ့ကျန်း၏ တောက်ပြောင်သော အနီရောင်ကျောက်တံခါးကို မကြိုက်ကြောင်းမပြောခဲ့ဘဲ သဘာဝကျကျ ဤတံခါးသစ်ကိုလည်း မကြိုက်ဟန်မပြပေ။
ဝိန်းရမ်ယဲ့က ဆေးကို ပြန်ကျိုပြီး အအေးခံရန် စားပွဲပေါ်တွင် တင်ထားလိုက်သည်။ ချန်းချန်က တောင်ခြေတွင် ဈေးဝယ်ထွက်ပြီး ပြန်လာခဲ့သည်။ သူ့ခမျာ တံခါးအသစ်ကို ရှာမတွေ့နိုင်လုနီးပါးဖြစ်နေပြီး အံ့အားသင့်စွာ အကြာကြီး စိုက်ကြည့်နေခဲ့မိသည်။
ကျန်းကျဲလျိုက နှင်းဖြူရောင်ခြုံထည်ဖြင့် ခြေထောက်များကို ဖုံးအုပ်ထားကာ ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူက လက်ကိုဆန့်တန်းကာ သူ့ရှေ့တွင် မျက်ရည်များလည်နေသော သမင်လေး အာချူး၏ ဦးချိုများကို ဆေးလိမ်းပေးနေ၏။
အာချူး၏ ဦးခေါင်းပေါ်ရှိ ဦးချိုများသည် အက်ကွဲနေပြီး အလင်းဖောက်ထွင်းမြင်ရသော ဦးချိုနုလေး၏ထိပ်မှ အနီရောင်အက်ကွဲကြောင်းအချို့ ကွဲထွက်နေသည်။ အတွင်းရှိ ဆံချည်မျှင်သွေးကြောများနှင့် အနီရောင်သွေးကြောမျှင်များက ပေါက်ပြဲသွားပြီး နာကျင်ပုံရသည်။
သူက ကျန်းကျဲလျို၏ပေါင်ပေါ် လဲလျောင်းကာ ခါးသီးစွာ ပြောလာသည်။ "ထင်တဲ့အတိုင်း သူက ဗီလိန်ပဲ။ လာမဲ့ဇာတ်ကွက်ကို မကြည့်ရင်တောင် အဲ့လိုပဲဖြစ်လာမယ်လို့ ကျွန်တော် ခံစားရတယ်။ သူက အမတကောကောအတွက် သေချာပေါက် ပြဿနာတွေပဲ ဖြစ်လာစေမှာ။"
ကျန်းကျဲလျိုက အက်ကွဲနေသော နေရာကို ဆေးလိမ်းပေးကာ ညွှန်ပြလိုက်သည်။ "လေ့ကျင့်ပြီးရင် ဦးချိုတွေကို မပွတ်နဲ့ဦးနော်။ မင်းရဲ့ဦးချိုလေးတွေက အရမ်းနူးညံ့ပြီး အပြင်က ဖိအားပေးရင် အတွင်းကမရီဒန်တွေ ပျက်စီးသွားလိမ့်မယ်။"
အာချူးက သနားစရာကောင်းစွာ ခေါင်းညိတ်ကာ ကျန်းကျဲလျိုကို ပွတ်သပ်ပြီး မေးလိုက်သည်။ "ဘာလို့ ကောကောက သူ့ကို မသတ်ခဲ့တာလဲ။ အဲ့လိုသာဆို နောက်ကျရင် ဘာပြဿနာမှ မရှိတော့ဘူးလေ။"
ကျန်းကျဲလျို ခဏတာ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "ဒါဆို လင်းရှောင်ဂိုဏ်းကရော ဘယ်လိုဖြစ်သွားမှာလဲ။"
အာချူးက ထိုအကြောင်းကိုတွေးလိုက်ချိန်တွင် ခဏတာ ငြိမ်သက်သွားခဲ့သည်။
"အခု ငါက ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ။ လင်းရှောင်ဂိုဏ်းကို ဆက်ပြီး တာဝန်မယူနိုင်တော့ဘူးလေ။" ကျန်းကျဲလျိုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ထောင်စုနှစ်တာ သွေးချွေးတွေ၊ မျိုးဆက်များစွာရဲ့ သွေးတွေကို ဖျက်ဆီးဖို့ မထိုက်တန်ဘူး။ ငါ တည်ဆောက်ပြီး ကာကွယ်ပေးဖို့ ကုန်ဆုံးခဲ့တဲ့ နှစ်ပေါင်းထောင်ချီက တစ်ချက်တည်းနဲ့ ပျက်စီးသွားလိမ့်မယ်။"
"ဒါပေမဲ့၊ ဒါပေမဲ့၊ တခြားလူတွေကို တာဝန်ယူခိုင်းလို့ရတယ်လေ..."
"အကျိုးအမြတ်ကို တပ်မက်တဲ့လူတွေက အများကြီးပဲ။ ဦးဆောင်တဲ့သူ ပြောင်းလဲသွားရင်တောင် ဒါက ပြောင်းလဲမှာမဟုတ်ဘူး။" ကျန်းကျဲလျို ပြောလိုက်သည်။ "ဝူရှင်းက ကိုယ့်စိတ်တိုင်းကျလုပ်တတ်တဲ့သူဖြစ်ရုံပဲ။ သူ့အပြစ်ကလည်း သေလောက်တဲ့အထိမှ မကြီးတာ။ နောက်ဆုံး သူ့ကို ကာကွယ်ပေးတဲ့သူက ငါဖြစ်ပြီး သူ့ကို သတ်တဲ့သူက ငါဆိုရင် အဆုံးသတ်မှာ အားထုတ်မှုတွေက အချည်းနှီးဖြစ်သွားပြီး ရယ်စရာကောင်းနေမှာမဟုတ်ဘူးလား။"
အာချူးက နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူက စာအုပ်ကို အစအဆုံး မဖတ်ဖူးသော အပြစ်ကင်းစင်သည့် စာအုပ်ထဲကူးပြောင်းလာသူတစ်ဦးမျှသာ။ ထို့ကြောင့် သဘာဝကျကျ ဇာတ်လိုက်၏ပေါင်ကို ရိုးသားစွာဖက်ထားပြီး သူပြောသမျှကို ခေါင်းညိတ်ကာ လက်ခုပ်တီးလိုက်သည်။
သို့သော် ကျန်းကျဲလျိုက သူ့အကျိုးအတွက် ပြောနေခြင်းမဟုတ်ဘဲ ဘေးတွင်ရှိနေသော ဝိန်းရမ်ယဲ့အတွက်သာဖြစ်သည်။
သူ အကြည့်လွှဲလိုက်ကာ စူပုတ်သော နတ်ဆိုးငယ်လေးက သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ ဆေးမီးဖိုကိုသာ စိုက်ကြည့်နေသည်အား ကြည့်နေခဲ့သည်။
ဖယောင်းတိုင်မီးက တဖျပ်ဖျပ်လက်နေ၏။ ကျန်းကျဲလျိုက သူ့ကို ခဏတာစိုက်ကြည့်ပြီးနောက် မေးလိုက်သည်။ "ဒီနေ့ ဒီကို ပြန်မလာခင် ဘာလုပ်နေတာလဲ။ အားလုံး အဆင်ပြေရဲ့လား။"
ဝိန်းရမ်ယဲ့ အလျင်အမြန် ပြန်မလာခင် နတ်ဆိုးလောကသည် ရွှမ်ထုန်းကျွိဂိတ်တံခါးကိုဖွင့်၍ အထဲမှသတ္တဝါများကို သုတ်သင်ဖို့ကြိုးစားနေကြသည်။ စစ်ပွဲက အရှိန်ရလာချိန်မှာ မင်နက်ရောင်လက်ကောက်၏ တုန်ခါနေသောအသံက ရုတ်တရက်ပေါ်လာသဖြင့် သူ မဆိုင်းမတွဘဲ ကျန်းကျဲလျိုနံဘေးသို့ ပြန်လာခဲ့သည်။
ရွှမ်ထုန်းကျွိဂိတ်တံခါးသည် တကယ်တော့ တံခါးမဟုတ်ဘဲ မြေပြင်ရှိ အက်ကွဲကြောင်းတစ်ခုဖြစ်သည်။ နတ်ဆိုးလောကသည် ခြောက်သွေ့ကာ မြေသြဇာမကောင်းပေ။ သဘာဝအတိုင်း ဖြစ်ပေါ်လာသောရွှမ်ထုန်းကျွိဂိတ်တံခါးသုံးခုကို အားကိုးခြင်းဖြင့်သာ အရင်းအမြစ်များနှင့် ဘဏ္ဍာများစွာကို ရရှိနိုင်သည်။ အက်ကွဲကြောင်းများအောက်တွင် ဉာဏ်ရည်မဖွံ့ဖြိုးသေးဘဲ ရက်စက်ကြမ်းကြုတ်သော မဖော်ပြနိုင်သည့် သတ္တဝါမျိုးစုံ အများအပြားရှိသည်။
ထိုအချိန်၌ စစ်ပွဲအခြေအနေက ၎င်းတို့ဘက်မှာအားသာနေပြီး ပြဿနာမရှိသင့်ချေ။
ဝိန်းရမ်ယဲ့က ဆေးရည်ကို ကြည့်ကာ ပြောလိုက်သည်။ "အဆင်ပြေပါတယ်။"
သူ စကားပြောပြီးနောက် ခေါင်းကိုလှည့်ကာ တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ရာ ကျန်းကျဲလျိုက ဆေးအိုးကို ငုံ့ကြည့်နေပြီး မျက်တောင်များက အနည်းငယ်တုန်ယင်နေပြီး မျက်ခွံအောက်တွင် မှိန်ပျပျအရိပ်တစ်ခုကို ဖြစ်ပေါ်နေကြောင်း တွေ့လိုက်ရ၏၊။ သူ ခဏရပ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။ "...ကျွန်တော် သွေးတွေရွှဲနေတာက ခင်ဗျားကို မထိတ်လန့်သွားစေပါဘူးနော်?"
ကျန်းကျဲလျို အံ့အားသင့်စွာဖြင့် သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးရွှင်စွာဖြင့် နောက်ပြောင်ကာ မေးလိုက်သည်။ "ငါ နတ်ဆိုးလောကရဲ့ နယ်နိမိတ်ကို နှိမ်နင်းတုန်းကလည်း သွေးတွေပေကျံနေတာပဲ။ အဲ့တုန်းကရော မင်း ငါ့ကို ကြောက်ခဲ့လို့လား။"
ထိုအခါမှသာ ဝိန်းရမ်ယဲ့တစ်ယောက် သူ မိုက်မဲသောမေးခွန်းတစ်ခုကို မေးလိုက်မိမှန်း သိလိုက်၏။ သို့သော် ကျန်းကျဲလျို နတ်ဆိုးလောကနယ်နိမိတ်ကို နှိမ်နင်းတုန်းက သူသည် ငယ်ရွယ်လွန်းသောကြောင့် ထိုအကြောင်းကို ကြားသာကြားဖူးပြီး ကိုယ်တိုင်မမြင်ခဲ့ပေ။
ဆေးက အေးသွားပြီးနောက် ကျန်းကျဲလျို အနည်းငယ် သောက်လိုက်ချိန်တွင် တစ်ဖက်လူ၏အသံကို ကြားလိုက်ရသည်။
"နှစ်ရက်အတွင်း သမ်းရှင်းဘုရားကျောင်းကို သွားကြမယ်။"
'သမ်းရှင်းဘုရားကျောင်း'ဟူသော စကားလုံးများက သူနှင့် မစိမ်းသက်ပေ။ ယခုရှာဖွေမည့် သမားတော်အား နယ်ပယ်အသီးသီးကလူတိုင်း ရင်းနှီးကြပေ၏။
"ယွီကျင်းနျန်ကို သွားရှာမလို့လား။" ကျန်းကျဲလျိုက ပြောလိုက်သည်။ "သူက မသန်စွမ်းနဲ့ သေခါနီးတွေကို မကယ်ဘူးလေ။"
"ခင်ဗျားက အဲ့လိုမှ မဟုတ်တာ။"
"ကောင်းပြီလေ၊ ငါက မဟုတ်ဘူးပေါ့။" ကျန်းကျဲလျိုမှာ သူ့အကြိုက်လိုက်ကာ ချော့မြှူရုံသာ တတ်နိုင်တော့သည်။ "ငါ အသက်ရှင်ဖို့ အကောင်းဆုံးကြိုးစားပြီး မင်းပြောတာကိုလည်း နားထောင်ပေးမယ်။"
***
Aurora Novel Translation Team