အပိုင်း (၀၉၈)
မင်ကျူးမှာ ဒီကိုမလာခင် ရဲဆေးတင်နိုင်ရန် အမူးမသောက်ခဲ့မိသည့်အတွက် နောင်တရချင်သွား၏။
ကျောက်ရှီ၏ သွယ်လျသည့်တိုင် သန်မာသည့်လက်ချောင်းများက သူ(မ)၏ပိန်ပိန်ပါးပါးပုခုံးများကို ဖိဆုပ်ကိုင်ထားပြီး သွက်လက်သည့်လက်ချောင်းများက သူ(မ)၏အတွင်းဝတ်ကြယ်သီးများကို ကျွမ်းကျင်စွာ ဖြုတ်နေသော်ငြား သူသည် ဟန်ချက်ညီအောင်ထိန်းထားပြီး အလျင်စလိုမလုပ်ပေ။
သူ့လက်ချောင်းများက အပေါ်သို့ဖြည်းဖြည်းချင်း တက်လာပြီး သူ(မ)၏ခေါင်းထက်မှ ကျောက်စိမ်းဆံထိုးကို အလွယ်တကူဖယ်ရှားလိုက်သည်၊ နူးညံ့ပျော့ပျောင်းသည့်ဆံနွယ်များ ရေတံခွန်လို ကျဆင်းလာသည်မှာ အသက်ရှူမဝလောက်သည်အထိ လှပနေ၏။
မင်ကျူးက သူ(မ)မျက်နှာကို တစ်ဖက် လှည့်ထားလိုက်သည်၊ သူ(မ)၏နှင်းလိုဖြူဖွေးနေသည့် လည်တိုင်က အချိုးအစားကျကျနှင့် ကြည့်၍ကောင်းသည့် ညှပ်ရိုးကို ဖော်ပြထားပြီး မျက်နှာငယ်ငယ်မှာ ရှက်သွေးများ တရိပ်ရိပ်ပေါ်လာ၏။
မင်ကျူး သူ(မ)ကိုယ်သူ(မ)ပူထူလာသလို ခံစားလိုက်ရသည်။
သူ(မ) အမှန်တကယ် စိတ်မဆိုးဒေါသထွက်မနေသည့်အခါမျိုးတွင် သူ(မ)၏စကားသံများက များသောအားဖြင့် အလွန်နူးညံ့နေတတ်ပြီး အထေ့အငေါ့ကင်း၏။
သူ(မ)က : “ဖယောင်းတိုင်ကို အရင်မှုတ်”
ကျောက်ရှီသည် အသံခပ်နက်နက်ဖြင့် “အမ်း” ဟူ၍ တုံ့ပြန်ကာ ဖရိုဖရဲဖြစ်နေသည့်ပုံစံဖြင့် ဖယောင်းတိုင်ကို မီးထမှုတ်သည်။
မင်ကျူးသည် ယခင်ကဆိုလျှင် အနည်းငယ် စိတ်အတက်အကျမြန်တတ်သော်ငြား ကျောက်ရှီရှေ့တွင်တော့ ဘယ်သောအခါမှ စိတ်ရှိလက်ရှိ ထင်တိုင်းမကြဲရဲခဲ့၊ သို့သော် ယခုနောက်ပိုင်းတွင် သူ(မ)သည် သူ့ရှေ့တွင် သူ(မ)၏စိတ်အခြေအနေကို လုံးဝချုပ်တည်းမထားတော့ပေ။ သူ(မ) စိတ်အဆင်မပြေဖြစ်လာသည့်အခါတိုင်း သူ့စိတ်ခံစားချက်များကို ဂရုမစိုက်နေတော့ဘဲ သူ(မ) ပြောချင်တာမှန်သမျှ ပြောပြီး စိတ်ရှိလက်ရှိ ဒေါသထွက်ပေါက်ကွဲတတ်လာသည်။
မင်ကျူးမှာ စဉ်းတီတုံးပေါ်မှ ငါးတစ်ကောင်ပမာ ခံစားလိုက်ရသည်။ သူ(မ) အနည်းငယ် မသက်မသာဖြစ်လာပြီး မျက်လုံးထဲတွင်မူ အမှောင်ထုနှင့်အတူ အပြစ်ကင်းစင်သည့် အရိပ်အယောင်များ ရောယှက်နေ၏။
သူ(မ)သည် နှုတ်ခမ်းကို သပ်ကာ : “ကျွန်မ ဝိုင်သောက်ချင်တယ်”
သူ(မ) မသိလိုက်ခင်မှာပဲ ကျောက်ရှီက သူ(မ)စကပ်ကြိုးစကို ဖြည်ထားပြီး သူ၏ပူလောင်နေသည့် လက်ချောင်းထိပ်များက သူ(မ)ခါးထက်တွင် နေရာယူထား၏။ မင်ကျူးမှာ ကျောက်ရှီကို မီးခွက်ငြိမ်းပေးရန် တောင်းဆိုမိသည်ကို ရုတ်တရက် နောင်တရသွားသည်။ ယခုတော့ သူ(မ)တို့နှစ်ယောက်ကြားတွင် အလွှာပါးပါးတစ်ခု ရှိနေသလို သူ့အမူအရာများကို ရှင်းရှင်းလင်းလင်း မမြင်ရတော့၊ ရေပြင်ထဲရှိ လ၏ပုံရိပ်ကို ငေးကြည့်နေရသလို မှုန်ရီဝေဝါးစွာနှင့် မြင်ကွင်းမှာ မရှင်းမလင်း။
အမျိုးသားသည် သူ(မ)၏မအီမသာဖြစ်နေသည့် မျက်နှာကို တိတ်တဆိတ် ကြည့်ရင်း နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွား၏။ ခဏအကြာတွင် သူ(မ)ပါးကို အားအလွန်အကျွံ မသုံးဘဲ ခပ်ဖွဖွ ဆွဲညှစ်လိုက်သည်။
သူက : “ဝိုင်မှ မရှိတာ”
မင်ကျူးကတော့ မယုံပါလေ။
နန်းတော်မှာ ဝိုင်မရှိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား.?. နန်းတော်ဆိုတာ ဘာပဲလိုလို အကုန်လုံး ရှိနေသင့်တာမဟုတ်ဘူးလား.?.
သူ(မ)က မျက်မှောင်ကြုတ်ကာ : “ရှင့်ကို မယုံဘူး”
ကျောက်ရှီတစ်ယောက် သူ(မ)၏ပုံစံကြောင့် သဘောတကျဖြစ်သွားပြီး : “တကယ်ပဲ အခန်းထဲမှာ ဘာဝိုင်မှမရှိဘူးလေကွာ”
မင်ကျူးသည် ကသိကအောက်နိုင်စွာဖြင့် တစ်ဖက်သို့ ခေါင်းလှည့်ကာ : “အို့”
ယခုနောက်ပိုင်းတွင် သူ(မ)သည် စိတ်အေးလက်အေးရှိနေပြီး အနည်းငယ် ပြည့်ပြည့်လေးဖြစ်လာသော်လည်း ခန္ဓာကိုယ်က ကောင်းမွန်နေဆဲ၊ အသားအရေက ဖြူဥနေဆဲဖြစ်ပြီး မွှေးရနံ့သင်းသင်းလေးလည်း ထုံးစံအတိုင်း သင်းပျံ့နေဆဲပေ။
ကျောက်ရှီသည် သူ(မ)၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ : “မင်း ဒါကို တကယ်မလုပ်ချင်ရင် ကိုယ် မင်းကို ပြန်ပို့ခိုင်းလိုက်မယ်”
မင်ကျူးကတော့ သူတော်ကောင်းယောင်ဆောင်နေသည့် သူ၏စကားကို နည်းနည်းလေးမှ မယုံပေ။
ထို့အပြင် ကျောက်ရှီ၏အမိန့်စကားတစ်ခွန်းမပါဘဲ မိန်းမစိုးက သူ(မ)ထံ တကူးတက လာပြီး အကူအညီတောင်းရဲလိမ့်မည်ဟုလည်း သူ(မ) မထင်ပေ။
သူ(မ)က သဘောတကျ ရယ်လိုက်ရာ မျက်လုံးများက ပြိုးပြိုးပြက်ပြက်လင်းလက်သွား၏။
သူ(မ)သည် သူ့ကို တွန်းထုတ်ချင်ယောင်ဆောင်ကာ : “ဒါဆို ကျွန်မ သွားတော့မယ်”
ကျောက်ရှီက သူ(မ)၏ပုခုံးကို ဖိထားပြီး မျက်လုံးများကို စူးစူးရဲရဲ စိုက်ကြည့်၏။
ချုပ်နှောင်းခံထားရသည့် မင်ကျူး၏ခြေထောက်သေးသေးက သူ၏ညို့သကျည်းကို ကန်မိရာ သူ(မ)၏ခြေအိတ်ဖြူဖြူလွှလွှကို မတော်တဆ ကျွတ်အောင် ဆွဲချသလို ဖြစ်သွားစေ၏။ သူ(မ)သည် ခြေထောက်ကို စောင်အောက်သို့ အလျင်အမြန် ထိုးထည့်ကာ ခပ်သွက်သွက် ပြန်ပြင်ဝတ်လိုက်သည်။ ပြီးနောက် သူ(မ)၏မျက်ဝန်းများထဲတွင် ညစ်ကျယ်ကျယ်အပြုံးတို့ ထင်ဟပ်နေ၏။
“ရှင်ပဲ ကျွန်မကို ပြန်ပို့ပေးမယ်လို့ပြောတာ မဟုတ်ဘူးလား”
ကျောက်ရှီသည် သူ(မ)၏ အနည်းငယ် ဖရိုဖရဲဖြစ်နေသည့် ဆံစတို့ကို သပ်တင်ပေးပြီး တည်တည်ငြိမ်ငြိမ်နှင့် ဆိုလာသည်မှာ : “ကိုယ် နောင်တရသွားပြီ”
မင်ကျူးတစ်ယောက် ပါးစပ်ကနေ ‘လူညာ’ ဟူ၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။
ကျောက်ရှီသည် သူမ၏ ချိုမြိန်ပြီး ရနံ့သင်းသည့် စမ်းရေပမာ တီးတိုးသံချိုချိုကို သူ့နှုတ်ခမ်းတို့ဖြင့် ပိတ်ဆို့လိုက်သည်။
သူ(မ)၏ခြေချောင်းနုနုတို့က ကွေးကျုံ့သွားပြီး…
အဆက်မပြတ် ရိုက်ခတ်လာသော လှိုင်းလုံးများက ဤငါးငယ်ကို အသက်ရှူရှိုက်ခွင့် မပေးသလို…
အနည်းငယ် မော့တက်သွားသည့် ရွှေလည်တိုင်နှင့် နူးညံ့လှသည့် မျက်နှာအမူအရာက ငြင်းဆိုရက်စရာမရှိအောင်ကို သနားချင့်စဖွယ်ကောင်းလိုက်လေခြင်း။
အမျိုးသားသည် အစပိုင်းမှာ ဆင်ခြင်တုံတရားရှိသေးသော်ငြား နောက်ပိုင်းမှာတော့ တကယ့်ကို တရားလွန်လာချေ၏။
မင်ကျူးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး နေ့လယ်ထိတိုင်အောင် မည်သူတစ်ဦးတစ်ယောက်မှ သူ(မ)ကို လာမနှိုးရဲကြပေ။ သူ(မ)သည် ဖြည်းဖြည်းချင်း နိုးလာပြီး ခုတင်ပေါ်မှာပဲ ဆက်လှဲလျောင်းနေရင်း လက်ချောင်းတစ်ချောင်းတောင် မလှုပ်ချင်သလို လည်ချောင်းကလည်း ယားယံခြောက်သွေ့နေသလို ခံစားလိုက်ရသည်။
အခန်းအတွင်းမှ အသံကြားသည်နှင့် အစေခံမလေးက မြင်ရခဲလှသည့် သူ(မ)တို့၏အိမ်ရှေ့စံမင်းသမီးကို ခစားရန် အထဲသို့ ဝင်လာ၏။ သူ(မ)က ရေနွေးနွေးတစ်ခွက် ငှဲ့ပေးပြီး သူ(မ)တို့၏အိမ်ရှေ့စံမင်းသမီး ကြည့်ရအဆင်ပြေနေသည်ကို မြင်ကာမှ စိတ်သက်သာရာ ရသွား၏။
သူ(မ)က : “ထိုက်ကျစ်ဖေး ဘာများသုံးဆောင်ချင်ပါသလဲ”
မင်ကျူးလည်း အလွန်ဗိုက်ဆာနေပြီပေ။
“ဖက်ထုပ် စားချင်တယ် အစပ်များများနဲ့ ရှာလကာရည်နည်းနည်း ထည့်ခဲ့ပေး”
ထိုအခါမှာတော့ အစေခံမလေးမှာ ခေါင်းကိုက်ရချေတော့သည်။ အိမ်ရှေ့စံမင်းသမီး၏ကျန်းမာရေးက သာမန်လူများလောက် မကောင်းသဖြင့် အစားအသောက်နှင့်ပတ်သက်ပြီး ပိုပြီးအသေးစိတ်ဂရုပြုရန် လိုကြောင်း အရှင့်သားအိမ်ရှေ့စံက သူမတို့ကို ညွှန်ကြားထား၏။
“ဟုတ်ကဲ့ပါ”
သို့သော်လည်း အစေခံမလေး ယူလာပေးသည့် ဖက်ထုပ်များမှာ အရည်ကျဲကျဲစွပ်ပြုတ်ပမာ ပေါ့ရွှတ်ရွှတ်နှင့် နည်းနည်းလေးမှ အရသာမရှိနေပေ။
မင်ကျူးသည်တော့ နန်းတော်တွင် ငရုတ်သီးနှင့် ရှာလကာရည်တောင် မရှိရလောက်အောင်အထိ ပြတ်လပ်လှချည်လားဟူ၍ ခပ်ရိုးရိုးပင် တွေးလိုက်သည်။
အစေခံမလေးကို ဒုက္ခမပေးလိုသဖြင့် ဖက်ထုပ်တစ်ပန်းကန် စားပြီးနောက် မုန့်ချိုအနည်းငယ်ကိုလည်း ထပ်စားလိုက်သည်။
ထိုအခါမှပဲ မင်ကျူးတစ်ယောက် မေးရန် သတိရတော့သည်။
“ကျောက်ရှီ ဘယ်သွားလဲ”
အစေခံမလေးခမျာ နှလုံးခုန်နှုန်းများပင် လွဲချော်ကုန်၏။
အရှင့်သားရဲ့နာမည်အရင်းကြီးကို ခေါ်လိုက်တာလေ!
ထိုက်ကျစ်ဖေးရဲ့ပစားပေးခံထားရပုံက သူ(မ)ထင်ထားတာထက်တောင် ကျော်လွန်နေသေးတယ်!
သူ(မ)တစ်သက်နှင့်တစ်ကိုယ် အရှင့်သားအိမ်ရှေ့စံ၏နာမည်အရင်းအား ဤမျှအထိ ပေါ့ပေါ့တန်တန် ခေါ်ရဲသည့် လူစားမျိုးကို တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။
သူ(မ)သည် ကတုန်ကယင်ဖြင့် : “အရှင့်သားအိမ်ရှေ့စံက မင်းသမီးလေးကို သွားခေါ်ပါတယ်”
မင်ကျူး ရိုးရှင်းသည့် ပြောင်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည်မှာ မကြာသေးခင်ကမှ ခင်ပွန်းသည်ကို ဆုံးရှုံးထားရသည့် မုဆိုးမတစ်ယောက်လိုပေ။ သို့သော်လည်း မှန်ထဲတွင် မြင်နေရသည့် သူ(မ)ကိုယ်သူ(မ)အား နတ်သမီးတစ်ပါးလို ထင်မိသည်။
အစေခံမလေးက ချိုချိုသာသာဖြင့် အကြံဉာဏ်အနည်းငယ် ပေးသော်လည်း မင်ကျူးက လျစ်လျူရှုလိုက်သည်။
ကျောက်ရှီ မပေါ်လာသည့်အဆုံး သူ(မ)ကိုယ်တိုင်ပဲ မင်းသမီး၏နန်းဆောင်သို့ လိုက်သွားလိုက်သည်။
ကျောက်ရှင်းသည် မင်ကျူးကို တွေ့သည်နှင့် တရှုတ်ရှုတ် ရှိုက်ငိုတော့သည်။ ငိုလို့ဝပြီးနောက်မှာတော့ တစ်ဖန် ပြုံးသွားပြန်ကာ မင်ကျူးလက်ကို ကိုင်ပြီး တခဏချိတုံချတုံဖြစ်နေပြီးနောက်တွင်မှ ‘ယောင်းမတော်’ ဟူ၍ ခပ်တိုးတိုးခေါ်လာ၏။
“ကျူးကျူး ရှောင်မန်ကို လာခေါ်တာလားဟမ်၊ ခုလေးတင်ပဲ အစ်ကိုကြီး လာခေါ်သွားတယ်”
မင်ကျူးက ခေါင်းညိတ်ကာ : “အို့”
မင်ကျူးက ငြိမ့်ငြိမ့်ညောင်းညောင်းရှိလှသော အသံဖြင့် ညင်ညင်သာသာ ပြန်ဖြေ၏။
သူ(မ) ပြန်ရန် မတ်တတ်ရပ်လိုက်သော်လည်း ကျောက်ရှင်းက သူ(မ)လက်ကို လှမ်းဆွဲထားပြီး မလွှတ်ပေးတော့ချေ။
“ရှောင်မန်က အစ်ကိုကြီးနဲ့ တကယ်တူတာနော်၊ စကားနည်းပြီး တည်တည်ငြိမ်ငြိမ်လေးနဲ့ ဒါပေမဲ့ ရှောင်မန်က သူ့ထက် ပိုချစ်ဖို့ကောင်းတယ်”
မင်ကျူးသည် နှုတ်ခမ်းတွ့န်ကာ ပြုံးလိုက်ပြီး : “ရှောင်မန်က အရမ်းရှက်တတ်တာ ဒါပေမဲ့ ညီမလေး သူနဲ့ ရင်းနှီးသွားတာနဲ့ သူ ညီမလေးကို သဘောကျသွားလိမ့်မယ်”
မနေ့ညက သူ(မ)၏မမောနိုင်မပန်းနိုင် အားထုတ်မှုအပြီးတွင် ကျောက်ရှင်းတစ်ယောက် သူ(မ)၏တူမလေးနှင့် အောင်မြင်စွာ သူငယ်ချင်းလုပ်နိုင်ခဲ့သည်။ သူ(မ)က အမြီးမြှောက်မတတ် ဂုဏ်ယူစွာ ပြုံးလိုက်ပြီး : “အခုတောင် သူ သဘောကျနေပြီလေ ထုတ်မပြောတာပဲ ရှိတာ”
ကျောက်ရှင်းသည် မင်ကျူးကို အိမ်ရှေ့စံအိမ်တော်၏ မီးလောင်မှုနောက်ကွယ်က အမှန်တရားအကြောင်း စကားမဟခဲ့သလို သူ(မ)၏ အတိတ်အကြောင်းကိုလည်း မမေးခဲ့ပေ။ ကျူးကျူး သူ(မ)အစ်ကိုနှင့် အတူမနေချင်သည်ကို သူ(မ) သိနေရာ အခြေအနေအရပ်ရပ်ကြောင့်သာ သူ(မ)ကံကြမ္မာကိုသူ(မ) ခေါင်းငုံ့လက်ခံလိုက်သည်ပဲ ဖြစ်ရမည်။
ကျောက်ရှင်းမှာ မည်သူ့ဘက် ပါရမလဲ မသိတော့၊ အစက သူ(မ)အစ်ကို ကျူးကျူးကို အမှန်တကယ် မချစ်ဘူးဟု သူ(မ) ထင်ခဲ့သည်၊ သို့သော်လည်း နောက်ပိုင်းတွင် သူ(မ)အတွေးတွေ ပြောင်းလဲသွားခဲ့သည်။
ကိစ္စတိုင်းဟာ သူ(မ)ထင်ထားသလောက် မရိုးရှင်နေခဲ့ပေ။
သူ(မ)၏အစ်ကိုသည် အဝကို အသေချုပ်ပိတ်ထားသည့် ဘူးသီးတောင်းလိုပင်၊ သူ့ခံစားချက်တွေကို ဘယ်သောအခါမှ အလွယ်တကူ မထုတ်ပြတတ်၊ တစ်သက်လုံး နှလုံးသားထဲ မျိုသိပ်ထားပြီး ထိုခံစားချက်တွေ သူ့ကို ဝါးမျိုသွားသည့်တိုင်အောင် နှုတ်ဆိတ်နေအုံးမည့်လူစား ဖြစ်သည်။
တည်ငြိမ်လှပြီး သိုသိပ်တတ်လွန်းသည့် အမျိုးသားကာ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြဖို့ရာ အမြဲမဝံ့မရဲဖြစ်နေတတ်သည်။
မင်ကျူးမှာ သူ(မ)သမီးကို တနေကုန် မတွေ့ရပြီး သူ(မ)စိတ်တို့ကလည်း ပျံ့လွင့်နေ၏။ ကျောက်ရှင်းနှင့် စကားအနည်းငယ် စမြည်းပြောပြီးနောက်တွင် ပြန်ချင်နေပြီဖြစ်သည်။
ကျောက်ရှင်းသည် သူ(မ)ကို မလွှတ်ပေးချင်စွာဖြင့် သူ(မ)အစ်ကို၏နန်းဆောင်ဆီ သူ(မ)၏လူများဖြင့် ပို့ဆောင်စေလိုက်သည်။
“အစ်ကိုကြီး ကျူးကျူးကို ဝမ်းနည်းအောင်လုပ်ရင် ကျွန်မဆီ လာခဲ့ပြီး ဒီမှာ ကျွန်မနဲ့ လာနေ”
ဘယ်လိုကိစ္စတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မင်ကျူး၏မျက်လုံးများက အမြဲဖြူစင်ပြီး စွဲမက်ဖွယ်ကောင်းနေဆဲပေ။
သူ(မ)က မျက်တောင်တစ်ချက်ခပ်ကာ : “အဲ့လိုဆို အဆင်ပြေရဲ့လား”
“သေချာပေါက် ပြေတာပေါ့”
ကျောက်ရှင်းက သူ(မ)ကို အခိုင်အမာအကြံပေးလာ၏။
“နန်းတော်ထဲမှာ သူက အိမ်ရှေ့စံဆိုရင်တောင်မှ စိတ်ရှိတိုင်းလာလုပ်လို့မရဘူး”
မင်ကျူးသည် အလေးအနက်စဉ်းစားကြည့်ပြီးနောက် : “ကောင်းပြီ၊ အစ်မ မှတ်ထားလိုက်မယ်”
ကျောက်ရှီက နောက်လအနည်းငယ်အထိ နန်းတော်တွင် နေရန် စီစဉ်နေပုံပေ။ မင်ကျူးမှာ ယင်းနှင့်ပတ်သက်ပြီး အလွန်စိတ်ဘဝင်မကျသော်လည်း ကျောက်ရှီသည် သူ(မ)ကို အပြင်မှာလည်း တစ်ယောက်တည်း နေဖို့ ခွင့်မပြုပေ။
မင်ကျူးတစ်ယောက် ထိုကိစ္စကြောင့် ဒေါသထွက်သောင်းကြမ်းပြသော်လည်း ကျောက်ရှီသည် သူ(မ) ဘယ်လောက်ပင် ထုထုရိုက်ရိုက် အပြုံးမပျက်ဘဲ အမြဲ လျစ်လျူရှုလိုက်သည်ချည်းသာ။
ကျောက်ရှီ အလွန်စိတ်ရှည်တတ်မှန်းသာ သူ(မ) သိထားခဲ့သော်လည်း ဘယ်ချိန်ကတည်းက ဤမျှအထိ သဘောကောင်းလာမှန်း သူ(မ) မသိပေ။
မင်ကျူး ပြန်ရောက်သည့်အချိန် ကျောက်ရှီက ကလေးနှင့်အတူ ခြံထဲတွင် ပန်းခူးရင်း ရှိနေ၏။ အိမ်တွင် ပျိုးထားသည့် ပန်းများက နောက်ဆုံးတွင် ပွင့်ဖူးလာခဲ့သော်ငြား အနှီအမျိုးသားက အလွယ်တကူ ချိုးပစ်နေလေ၏။
ကလေးမလေးသည် နွေးနွေးထွေးထွေးဝတ်စားထားပြီး မျက်နှာဝိုင်းဝိုင်းပြည့်ပြည့်လေးနှင့် မျက်ဝန်းနက်နက်ဝိုင်းဝိုင်းတို့က စိတ်လှုပ်ရှားမှုတို့ဖြင့် ရွှင်မြူးနေဟန်၊ သူ(မ)က အားပါးတရ လက်ဟန်ပြလာ၏။
“သမီး ချမ်းသာချင်တယ်”
[ဒီမှာ ကလေးပြောချင်တာက ‘သမီး ပန်းပန်း(ဟွားဟွား) လိုချင်တယ်’ လို့ပါ စကားမပီတော့ ‘ဟွားဟွား’ အစား ‘ဖားဖား’ အသံထွက်သွားတာ]
ကျောက်ရှီတစ်ယောက် မျက်ခုံးတစ်ဖက် မြင့်သွားပြီး သူ(မ)၏အသံထွက်ကို အမှန်ပြင်ပေးလိုက်သည်။
“ပန်း(ဟွား)”
ကလေးမလေးက တခဏ စဉ်းစားကြည့်ပြီး တစ်ဖန်ကြိုးစားပြောကြည့်သော်လည်း အသံထွက်က မှားနေဆဲပေ။
ကျောက်ရှီသည် သူ(မ)ကို အမှန်မပြင်ပေးနိုင်တော့သည့်အဆုံး လွှတ်ထားပေးလိုက်တော့သည်။
မင်ကျူးသည် သမီးဖြစ်သူ၏လက်ထဲမှ ပန်းကိုင်းကို ကြည့်ပြီး အနားသို့ လျှောက်သွားကာ သူ(မ)ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။
“ပန်းတွေကို လက်လွတ်စပယ် မခူးရဘူးလို့ မေမေ သမီးကို ပြောထားတယ်မလား”
အမေဖြစ်သူကို တွေ့သည့်အချိန် အားပါးတရ ပြုံးရယ်လိုက်သည့် ကလေးမလေး၏မျက်လုံးများက ပျောက်လုနီးနီး။ သူ(မ)သည် အလွန်ပျော်ရွှင်သွားပြီး သူ(မ)၏အမေကို ပန်းကိုင်းအား ရတနာတစ်ခုလို လက်ဆောင်ပေးလိုက်သည်။
“ပန်း(ဖားဖား)ဆိုတာက ကြိုက်ရင် ခူးလိုက်လို့ရတယ်တဲ့လေ”
မင်ကျူးက သက်ပြင်းချကာ : “ပန်းလေးတွေက ခူးလိုက်ရင် သေသွားမှာလေ သမီးရဲ့”
ကလေးမလေးက မကျေမနပ်ညည်းညူးလာ၏။
“ရေထဲမှာ ထည့်ထားရင် မသေတော့ဘူးလေ! မေမေကလည်း ဘာမှမသိဘူး!”
မင်ကျူး : “ရေထဲမှာ ထည့်ထားရင်တောင်မှ တစ်ရက်နှစ်ရက်နေရင် သေသွားမှာ”
သုံးနှစ်ကျော်ကာစ ဤကလေးမလေးသည် သေချာပေါက် ယင်းကို မသိပါပေ။ သူ(မ)သည် အမေဖြစ်သူ၏ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး အလွန်ဝမ်းနည်းသွားသကဲ့သို့ အားလျော့စွာ ပြန်မေးလာ၏။
“တကယ်လား’
မင်ကျူးသည် မျက်ရည်ဝဲနေသည့် သမီးဖြစ်သူကို မြင်သည့်အခါ စိတ်မကောင်းဖြစ်သွားရပြန်၏။
“နောက်တစ်ခါဆို မေမေတို့ မခူးကြတော့ဘူးနော် ဟုတ်ပြီလား”
ကလေးမလေးက လိမ္မာစွာဖြင့် တီတီတာတာဆို၏။
“ဟုတ်ကဲ့”
ကျောက်ရှီသည် သူ(မ) သမီးဖြစ်သူကို ဆုံးမနေသည့်အချိန် ဝင်မနှောင့်ယှက်ခဲ့ပေ။ သို့သော် လူတစ်ယောက်၏ဗီဇကိုက မွေးရာပါဖြစ်သည့်အတွက် ပြောင်းလဲရန် မလွယ်ကူချေ။ သူ့သမီး သူနှင့်တူတာနှင့်ပတ်သက်ပြီး ဘာမှမမှားချေ။ နောင်တွင် သူ(မ) ပြဿနာရှာခဲ့လျှင်ပင် သူ(မ)ကို ကာကွယ်ပေးရန်အတွက် သူတစ်ယောက်လုံး ရှိနေမှာပင်။
မင်ကျူးသည် သူ(မ)သမီးကို ချော့သိပ်ပြီးနောက် မျက်နှာတည်တည်တင်းတင်းဖြင့် ပြန်ထွက်လာပြီး ကျောက်ရှီကို ဒေါသထွက်စွာ ဆိုတော့သည်။
“နောက်နောင် ကလေးကို အကျင့်ပျက်အောင် မသင်ပေးပါနဲ့”
ကျောက်ရှီသည် မျက်ခုံးလှုပ်သွားပြီး : “ကောင်းပြီ”
မင်ကျူး၏ဒေါသက သူ၏အလေးအနက်မထားမှုဖြင့် တွေ့သည့်အချိန် အတော်လေး မချင့်မရဲဖြစ်သွားရသည်။
ထိုနေ့ညနေခင်းတွင် ကျောက်ရှီ သူ(မ)အနား ချဉ်းကပ်လာသည်နှင့် မင်ကျူးသည် သူ့မျက်နှာကို ရိုက်ပြီး တွန်းထုတ်လိုက်သည်။
ကျောက်ရှီသည် သူ(မ)ကို တည်ငြိမ်စွာ ကြည့်ပြီး : “စိတ်ဆိုးနေတုန်းပဲလား”
မင်ကျူးက : “မဆိုးဘူး”
သူ(မ) ဒေါသထွက်လာသည့်အခါ တစ်ကိုယ်လုံး အမွေးများထောင်နေသည့် ကြောင်လေးတစ်ကောင်လိုပေ၊ သူ(မ)၏မမြင်ရသည့် အမြီးက ထောင်တက်နေပြီး နားရွက်များကို မတ်မတ်ထောင်ကာ သတိဝီရီယရှိရှိနှင့် နိုးနိုးကြားကြားဖြစ်နေ၏။
ကျောက်ရှီသည် မနေနိုင်စွာဖြင့် သူ(မ)၏မျက်နှာကို ပွတ်သပ်ပြီး : “စိတ်မဆိုးနဲ့တော့နော်”
မင်ကျူးမှာ ကလေးတစ်ယောက်လို အချော့ခံနေရသည်ဟု ခံစားလိုက်ရပြီး သူ့ထံ ခေါင်းအုံးကို ပစ်ထုတ်ကာ : “အပြင်မှာ ထွက်အိပ်”
ကျောက်ရှီသည် သူ့ဘေးရှိ ခေါင်းအုံးကို တစ်ချက်ကြည့်ပြီး ဘာဖြစ်သွားသလဲကို စဉ်းစားနေသကဲ့သို့ တုပ်တုပ်မလှုပ်ဘဲ ရှိနေ၏။
မင်ကျူးသည် စောင်ကို ပိုက်ကာ အိပ်ရာမှ ထပြီး : “ကျွန်မ အပြင်မှာ ထွက်အိပ်လည်း ရတယ်”
ကျောက်ရှီသည် သူ(မ)ဒေါသ လွယ်လွယ်နှင့် ပြေလျော့မည်မဟုတ်ကြောင်း သိနေသည့်အတွက် သူ(မ) ဒေါသထွက်ပြနေသည်ကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေ၏။
သူက သူ(မ)နောက်ကနေ လိုက်သွားပြီး : “ဘယ်ကို သွားမလို့လဲ”
မင်ကျူးက : “ကျွန်မ မင်းသမီးနဲ့ သွားအိပ်မလို့”
ကျောက်ရှီက လေးနက်စွာဖြင့် : “ကျောက်ရှင်းက အိပ်ရင်း လမ်းလျှောက်တတ်တယ်နော်”
မင်ကျူးသည် တစ်ချက်တွန့်သွားပြီး ခြေလှမ်းများကပင် ယိုင်နဲ့သွား၏။
သူ့စကားများက တော်တော်လေး ထိရောက်သွားသည်ကို ကြည့်ပြီး ကျောက်ရှီသည် ဆက်၍ : “မနေ့ညက ကိုယ့်ကို ဆေးခပ်တာ ဘယ်သူလဲဆိုတာ မသိချင်ဘူးလား”
“ဒီကို လာခဲ့၊ ကိုယ် ပြောပြမယ်”
မင်ကျူး မနေ့ညကအဖြစ်အပျက်ကို တကယ် ပြန်မတွေးချင်ပေ။ အတွေးလေး တစ်ချက်နှင့်တင် သူ(မ)၏ခြေထောက်များကို တုန်ယင်စေ၏။ အမြဲတည်ငြိမ်သပ်ရပ်နေမြဲနေဆဲဖြစ်သည့် ထိုအမျိုးသားကို သူ(မ) လှမ်းကြည့်လိုက်သည်။
ဒီလူက အိပ်ရာထဲမှာဆို လုံးဝ တခြားတစ်ယောက်လိုပဲ!
သူ့ကို သားရဲတစ်ကောင်လို့ခေါ်ရင်တောင် ချဲ့ကားရာကျမနေဘူး!
~~~~~~~~~~~~
ဇာတ်သိမ်းရန် (9) ပိုင်း ကျန်♡