အပိုင်း (၀၉၇)
ကျောက်ရှီ၏ ပူလောင်နေသည့် လက်ချောင်းများက သူ(မ)ခါးပေါ် တရွေ့ရွေ့ ဆင်းလာပြီး အတားအဆီးဖြစ်နေသောခါးပတ်ကို ကတိုက်ကရိုက် ဆွဲချွတ်ကာ သူ(မ)၏စကတ်အနားစကို အလွယ်တကူ လှန်တင်လိုက်သည်။
မင်ကျူး၏ခေါင်းက ခေါင်းအုံးနှင့် ခပ်ကြမ်းကြမ်းထိမိသွားသော်လည်း သူ(မ) မည်သည့်နာကျင်မှုကိုမှ မခံစားရပေ။ မှင်သက်နေရာမှနေ သတိပြန်ဝင်လာသည့်အခိုက်မှာတော့ စူးရှပြင်းပြသည့် အပူလှိုင်းတစ်ခုကို ရင်ဆိုင်လိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်ရာ ပြင်းပြသော ဆန္ဒတို့နှင့်အတူ ပြန်လည်ရုန်းကန်နေဟန်ရသည့် အနည်းငယ်နီရဲနေသော အေးစက်စက် မျက်ဝန်းတစ်စုံနှင့် သွားဆုံ၏။
လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရသည်ကြောင့် မင်ကျူးမှာ လှုပ်ရှားရန် ခက်ခဲနေ၏။ အဝတ်အစားများကလည်း အနည်းငယ် လျော့တိလျောရဲဖြစ်နေပြီပေ။ ကျောက်ရှီတစ်ယောက် ယခုလက်ရှိတွင် အသိကောင်းကောင်းမရှိနေသည်ကို သူ(မ)သိပေသည်။
သူ(မ)က : “အရင်ထရအောင်”
ကျောက်ရှီသည် သူ့ခံစားချက်များကို အလွန်အမင်းဖိနှိပ်ထားနေသည့်နှယ် မျက်မှောင်ကြီးကို တင်းတင်းကြုတ်ထား၏။ သူ့အသံမှာ လည်ချောင်းထဲမှနေ အတင်းခြစ်ကုပ်ထုတ်နေရသလို : “ကိုယ် ထလို့မရဘူး”
အပူဒဏ်မှာ မခံမရပ်နိုင်အောင်ပင်။
အနှီအမျိုးသား၏မျက်ဝန်းနက်နက်များက သူ(မ)မျက်နှာကို စူးစူးရဲရဲစိုက်ကြည့်နေ၏။ အစွမ်းထက်သည့်ဆေးက သူ့ရဲ့အာရုံများကို နောက်ကျိစေသော်လည်း တည်ကြည်ပြတ်သားသည့်အမူအရာကိုမူ ထိန်းသိမ်းထားနိုင်နေဆဲပေ။ သူ၏တည်ငြိမ်သည့်အကြည့်တို့က သူ(မ)၏မျက်ခုံးနှင့် မျက်လုံးများကို ဖြတ်ကျော်ပြီး နှုတ်ခမ်းထက်ဆီ ဖြည်းဖြည်းချင်းရွေ့လျားသွား၏။ သူ့မျက်လုံးများက သူ(မ)၏စိုစွတ်နေသည့် နှုတ်ခမ်းသားနီနီရဲရဲကို စိုက်ကြည့်နေရင်း လည်စေ့က အထက်အောက်နှစ်ကြိမ် လှုပ်ရှားသွား၏။ သူက သူ(မ)ရဲ့ခေါင်းနောက်ကို လက်ဖဝါးဖြင့် ထိန်းကိုင်ပြီး ခေါင်းကို ငုံ့ကာ သူ(မ)၏နှင်းဆီရောင် ချယ်ရီနှုတ်ခမ်းကို ကိုက်ချလိုက်သည်။
နှစ်ယောက်သား၏ ဝင်သက်ထွက်သက်တို့က ရောနှောသွားပြီး နှုတ်ခမ်းသားချင်း ထိစပ်သွား၏။ ရှည်လျားပြီး ပြင်းပြမွတ်သိပ်သည့် အနမ်းတစ်ခု ဖြစ်ပေါ်လာပြီးနောက်မှာတော့ အရာရာဟာ အထိန်းအကွပ်မဲ့လို့သွားချေ၏။
မင်ကျူး၏ပါးပြင်နှစ်ဖက်က ရဲတက်လာပြီး မျက်လုံးများ မှေးစင်းသွားရင်း အနမ်းကြောင့် ရစ်မူးထုံထိုင်းသွား၏။ သူ(မ)၏လက်သွယ်သွယ်များက သူ့ရင်ဘက်ပေါ်တွင် ခပ်ဖွဖွ တင်ထားပြီး အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။
သူ့အပေါ်အင်္ကျီရှိ ကြယ်သီးအတော်များများက သူ(မ) မသိလိုက်ပါဘဲ ကျွတ်ထွက်နေ၏။ သူ(မ)ခေါင်းမှာ ချွေးစလေးများဖြင့် စိုစွတ်နေပြီး ဆံပင်အနည်းငယ်လည်း ရွှဲစိုနေ၏။ သူ(မ)အတွက် ကျောက်ရှီကို ခုခံဖို့ရာ အနည်းငယ် ခက်ခဲနေ၏။
သို့ရာတွင် အနှီအမျိုးသားသည် သူ(မ)ကို လုံလောက်အောင် နမ်းပြီးသည်နှင့် သူ(မ)လက်ချောင်းများကို လွှတ်ပေးလိုက်၏။ ချွေးစက်များက သူ့နဖူးမှတစ်ဆင့် ပါးပြင်များပေါ် ဖြည်းဖြည်းချင်း စီးကျလာပြီး မေးရိုးက တင်းမာနေပြီး မြန်ဆန်မောဟိုက်နေသည့် အသက်ရှူသံများဖြင့် : “ကျူးကျူး ကိုယ့်ကို သမားတော်တစ်ယောက် ခေါ်ပေးပါအုံး”
မင်ကျူးတစ်ယောက် ထိုအခါတွင်မှ အသိပြန်ဝင်လာပြီး အဝတ်အစားများကို အမြန်ပြန်ပြင်လိုက်သည်။ အိပ်ရာထဲကနေ ထွက်လိုက်သည့်အချိန်ကျမှ သူ(မ)ဆံပင်များက ရှုပ်ပွနေပြီး ဆံထိုးကပင် မည်သည့်နေရာတွင် ကျလို့ကျမှန်းမသိဘဲ ပျောက်နေချေ၏။ သူ(မ) မျက်နှာက ပုံမှန်မဟုတ်စွာ ရဲတွတ်နေပြီး သူ့ကို ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။
သို့နှင့်ပဲ ညသန်းခေါင်ယံတွင် တော်ဝင်သမားတော်တစ်ယောက် အိမ်ရှေ့စံ၏အိပ်ဆောင်ဆီသို့ အခေါ်တော်ရှိခံလိုက်ရသည်။ သွေးခုန်နှုန်းကို တိုင်းပြီးနောက်မှာတော့ သူ့မျက်နှာအမူအရာမှာ တင်းမာသွားပြီး ကြီးမားသောပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရသကဲ့သို့ စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွား၏။
ကျောက်ရှီ၏အဝတ်အစားများက ချွေးများဖြင့် ရွှဲနစ်နေသောကြောင့် သန့်ရှင်းသော ညဝတ်အင်္ကျီများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။
သူက : “ဖြေဆေးရှိလား”
တော်ဝင်သမားတော်သည် အိမ်ရှေ့စံကို အတော်လေး အခက်တွေ့သွားဟန်ဖြင့် ကြည့်ကာ အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက်မှ မှန်ရာအတိုင်း လျှောက်တင်လိုက်သည်။
“အရှင့်သား၊ ဒီဆေးက အနောက်တိုင်းဒေသက လာတာပါ၊ …. အဲ့ဒါက လွဲလို့ တကယ်ပဲ ကုသဖို့ တခြားနည်းလမ်း မရှိပါဘူး”
ဘာကို အဲ့ဒါက လွဲလို့လဲ.?.
ဟုတ်ပါ၏၊ ယောကျာ်းနဲ့ မိန်းမကြားက ထိုကိစ္စကလွဲလို့ပေါ့…
ဤဆေးက အဆိပ်အတောက်မဖြစ်စေသလို ခန္ဓာကိုယ်ကိုလည်း ကြီးကြီးမားမား ထိခိုက်မှုမရှိစေပေ။ ခုတင်ပေါ်ကကိစ္စ အကြိမ်အနည်းငယ်နှင့်တင် ဘေးကင်းစွာ ကျော်လွှားနိုင်၏။ အနောက်တိုင်းလို ဒေသမျိုးတွင် ဤဆေးကို အဆိပ်ဟုပင် လုံးဝမယူဆကြပေ။
ကျောက်ရှီသည် လက်ကို ဝှေ့ယမ်းကာ : “နားလည်ပြီ၊ မင်း အခု သွားလို့ရပြီ”
တော်ဝင်သမားတော်က ဦးညွှတ်ကာ : “အရှင့်သား၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
သူ့ဘေးနားရှိ မိန်းမစိုးသည် စိုးရိမ်စိတ်ကြောင့် တစ်ချက်တွန့်သွား၏။
သူတို့၏အိမ်ရှေ့စံသည် အလွန်ဗဟုသုတကြွယ်ပြီး အတွေ့အကြုံရှိလှသည့်သူ၊ သူ့ကို ဆေးခပ်ထားမှန်း သဘောပေါက်သည်နှင့် ဘယ်လိုဆေးမျိုးလဲဆိုတာ သူ သိသင့်ပေသည်။ သူသည် တော်ဝင်သမားတော်ကိုပင် အထူးတလည် ပင့်ဆောင်ကာ စစ်ဆေးစေခဲ့သည်။ သိသာထင်ရှားစွာပဲ သူ့စကားများထဲတွင် တခြားရည်ရွယ်ချက်များ ရှိနေ၏။
ဘေးတွင်ရပ်နေသည့် မင်ကျူးသည် အကုန်လုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသော်လည်း ခေါင်းငုံ့ကာ စိတ်လွင့်ချင်ယောင်ဆောင်နေ၏။ သူ(မ)သည် လက်ချောင်းများကို ကစားကာ ဘာလုပ်သင့်လဲဆိုတာ တွေးရင် စိတ်ရှုပ်ထွေးနေ၏။
ကျောက်ရှီ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူ(မ)အပေါ် ခုန်အုပ်လာရင် ဘယ်လိုလုပ်မလဲ.?. သူ(မ) ရှောင်သင့်လား မရှောင်သင့်ဘူးလား.?.
မင်ကျူးတစ်ယောက် အတွေးများဖြင့် အကျပ်ရိုက်နေစဉ် ကျောက်ရှီက အခြားလူများအားလုံးကို အခန်းထဲကနေ ထွက်သွားခိုင်းပြီးသွားပြီပေ။ အခန်းထဲရှိ လေထုက တမျိုးတမည်နှင့် မရေမရာဖြစ်လာသယောင်ပေ။
မင်ကျူးမှာ ကွန်ထဲတွင် ပိတ်မိနေသလို၊ လွတ်မြောက်စရာနေရာ… ဆုတ်ခွာစရာနေရာ မရှိတော့သလို ခံစားလိုက်ရသည်။
ကျောက်ရှီမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်နေရုံမျှဖြစ်ပြီး လျှာကိုပင် ကိုက်မိလုနီးနီး။
“တံခါးပိတ်လိုက်တော့လေ၊ ကိုယ် ဘေးဆောင်မှာ အိပ်လိုက်မယ်”
မင်ကျူးသည် ‘အမ်း’ ဟူ၍ တိုးတိုးလေး ရေရွတ်လိုက်သည်။ ကံကောင်းထောက်မစွာပဲ သူသည် သူ(မ)ဆီက အကူအညီ မတောင်းခဲ့ပေ။ သူ ဆေးအာနိသင်ကို မည်သို့ ကုစားမလဲဆိုသည်က သူ(မ) စိုးရိမ်ရမည့်အပိုင်း မဟုတ်ပေ။
ကျောက်ရှီ ထွက်သွားပြီးနောက်တွင် မင်ကျူးလည်း အိပ်ရာထဲ သွားလိုက်သည်။ သူ(မ)ကိုယ်သူ(မ) လုံလုံခြုံခြုံ စောင်ခြုံပြီး အပြင်က မိန်းမစေတစ်ဦးကို ခေါ်လိုက်သည်။
“မင်းသမီး ပြန်ရောက်လာပြီလား”
မိန်းမစေက ရိုးသားစွာ ခေါင်းခါကာ : “ကျွန်တော်မျိုးမ မသိပါဘူး ထိုက်ကျစ်ဖေး ဒါပေမဲ့ တခြားဘာသတင်းမှ မကြားရသေးတော့ မင်းသမီး ပြန်မရောက်သေးတာ ဖြစ်လောက်မယ်”
မင်ကျူးက : “ဒါဆို သူတို့ ဘယ်မှာ အိပ်ကြမှာလဲ”
မိန်းမစေက : “အနောက်တောင်မှာ ပစ္စည်းအားလုံး အပြည့်အစုံရှိတဲ့ ပြင်ဆင်ဖို့ ထားထားတဲ့ အိမ်တစ်လုံးရှိပါတယ်”
မင်ကျူး အနည်းငယ် စိတ်အေးသွားပြီး : “ကောင်းပြီ၊ တို့ မနက်ဖြန်ကျမှပဲ ကလေးကို သွားခေါ်လိုက်တော့မယ်”
သူ(မ)သည် မိန်းမစေလေးကို အခန်းထဲမှ ဖယောင်းတိုင်တွေအားလုံး မှုတ်ခိုင်းလိုက်သည်။ ညက သိပ်မမှောင်သော်လည်း တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားသည့်အခါ အခန်းက ပိတ်ပိတ်မှောင်နေ၏။
အမှောင်ထုထဲတွင် သူ(မ)တစ်ယောက် မျက်စိပွင့်လျက်သား ရှိနေ၏။ ညဉ့်နက်နေပြီ ဖြစ်သော်လည်း အိပ်ချင်စိတ်မရှိဘဲ ဟိုလှိမ့်သည်လှိမ့် လူးလှိမ့်ရင်း အိပ်မပျော်နိုင်ဖြစ်နေသည်။
မင်ကျူးသည် အနေအထားပြောင်းအိပ်ပြီး မျက်လုံးများမှိတ်ကာ ကိန်းဂဏန်းများ ရေတွက်နေလိုက်သော်လည်း ဂဏန်းမြင့်လာလေလေ သူ(မ) ပို၍ နိုးကြားလာလေလေ။ စောင်ကို ဖယ်ကာ ငုတ်တုတ်ထထိုင်လိုက်ပြီး လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်များကို သွားဖွင့်လိုက်သည်။
အဝကျယ်လက်ရှည်များဖြင့် သူ(မ)၏ ရိုးရိုးရှင်းရှင်း အဖြူရောင်ဝတ်စုံ လေထဲတွင် ယိမ်းနွဲ့နေသည်မှာ နံနက်ခင်း နှင်းမှုန်တို့ ခြုံလွှမ်းထားဆဲဖြစ်သော လတ်လတ်ဆတ်ဆတ် ဖူးပွင့်လာသည့် အဖြူရောင်နှင်းဆီကဲ့သို့ပေ။
ညလေအေးက အနည်းငယ် ချမ်းစိမ့်စိမ့်နိုင်ပြီး လှစ်ဟနေသော ခန္ဓာကိုယ်အစိတ်အပိုင်းကနေ အေးစက်မှုကို သိသိသာသာ ခံစားလိုက်ရသည်။
မင်ကျူးတစ်ယောက် သက်ပြင်းအသာချမိရင်း ပြတင်းပေါက်ကို တစ်ဖန်ပြန်ပိတ်လိုက်သည်။ မှိန်ဖျော့ဖျော့မီးရောင်ကို အားပြုပြီး မီးခြစ်ဆံကို ထုတ်ကာ ဖယောင်းတိုင်နီနှစ်ချောင်းကို ထွန်းညှိလိုက်သည်။
ဖယောင်းတိုင်မီးစတောက်သည်နှင့်တစ်ပြိုင်နက် တံခါးမှနေ တံခါးခေါက်သံထွက်လာ၏။ မိန်းမစိုး၏အသံသည် စူးရှကျယ်လောင်ပြီး သေချာနားထောင်ကြည့်လျှင် အနည်းငယ်ကြမ်းတမ်းနေ၏။
“ထိုက်ကျစ်ဖေး၊ အိပ်ပြီလားခင်ဗျ”
မင်ကျူးသည် အသံတိတ် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး မကြားချင်ယောင်ဆောင်ရကောင်းနိုးနိုး တွေးလိုက်မိ၏။
မိန်းမစိုးများ၏ လူကို အကဲခတ်၊ အရိပ်အခြေ ကြည့်နိုင်စွမ်းက ထိပ်တန်းအရည်အချင်းဖြစ်သည်။ တခဏအကြာတွင် သူတို့ထဲမှ တစ်ယောက်က အသံခပ်စူးစူးဖြင့် တီးတိုးဆိုလာ၏။
“ထိုက်ကျစ်ဖေးခင်ဗျ၊ မင်းအခန်း မီးလင်းနေသေးတာ ကျွန်တော်မျိုး သတိထားမိပါတယ်”
မင်ကျူးသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တခဏရပ်ကာ : “ဘာကိစ္စလဲ”
မိန်းမစိုးက : “ကျွန်တော်မျိုးမှာ ရွေးချယ်စရာမရှိတော့လို့ ရောက်လာခဲ့ရတာပါ၊ အရှင့်သားအိမ်ရှေ့စံ… သူ့အခြေအနေက တော်တော်လေး ဆိုးရွားနေပါတယ်”
ဧကရာဇ်နှင့် ဧကရာဇ်၏မိဖုရားတို့ကာ တစ်ယောက်အပေါ်တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးကြပြီး နန်းတော်၌ တခြားကိုယ်လုပ်တော်များ မရှိပေ။
အရှင့်သားအိမ်ရှေ့စံ၏ အိပ်ရာပေါ် တက်လိုသည့် နန်းတွင်းအစေခံများ မရှိခြင်း မဟုတ်၊ သို့သော်လည်း ဖြစ်လာမည့် အကျိုးဆက်က သူတို့ ခေါင်းခံနိုင်သည့်အရာ မဟုတ်ပေ။ သေးနုပ်သည့်အသက်ကို ဂုဏ်ကျက်သရေ၊ စည်းစိမ်ဥစ္စာတို့နှင့် နှိုင်းယှဉ်ပါက သဘာဝတိုင်းပဲ အသက်က ပို၍အရေးကြီးသည်မဟုတ်ပါလား။
မင်ကျူးက : “သမားတော်ကို ထပ်ပင့်ပေးလိုက်ပါ”
မိန်းမစိုးမှာ ခေါင်းကိုက်လာပြီး သူ့အသံမှာ စိတ်ပျက်မှုတို့ဖြင့် : “ခုနက သမားတော်ပြောတာ ထိုက်ကျစ်ဖေးကိုယ်တိုင် ကြားခဲ့တာပဲဟုတ်လား၊ ဒီဆေးက… ထိုက်ကျစ်ဖေး ဖြေဆေးပေးဖို့ လိုပါတယ်”
မင်ကျူးမှာ ချိတုံ့ချတုံဖြစ်မိရင်း ထိုကိစ္စများအကြောင်း တွေးမိသည့်အချိန် နှုတ်ခမ်းကို အလိုလိုကိုက်မိလိုက်သည်။
နာကျင်သွားသည့်အခါတွင်မှ အသိပြန်ဝင်လာတော့သည်။
သူ(မ)သည် အချိန်အတော်ကြာသည်အထိ နှုတ်ဆိတ်နေ၏။
မိန်းမစိုးသည် ချော့ကာမော့ကာဖျောင်းဖျကာ ဆိုလာတော့သည်။
“ထိုက်ကျစ်ဖေးခင်ဗျ မင်း အရှင့်သားကို စိတ်ဆိုးနေတယ်ဆိုရင်တောင်မှ ဒီလိုသေရေးရှင်ရေးကိစ္စမျိုးမှာ သူ သေသွားမှာကို ဒီတိုင်း ရပ်ကြည့်နေလို့မဖြစ်ဘူးလေ”
မင်ကျူးက : “မင်းပဲ တစ်ယောက်ယောက် ရှာပေးလိုက်ပါ”
မိန်းမစိုးသည် အိမ်ရှေ့မင်းသားနှင့် ထိုက်ကျစ်ဖေးတို့၏ ဆက်ဆံရေးက ဤမျှအထိ တင်းမာနေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။
သူက : “ထိုက်ကျစ်ဖေးခင်ဗျ၊ အရှင့်သားကို တစ်ချက်လောက် လာကြည့်ပေးဖို့ ကျွန်တော်မျိုး အနူးအညွတ်တောင်းဆိုပါရစေ၊ အရှင့်သားက နဂိုကတည်းက ကျွန်တော်မျိုးကို ဒီအကြောင်း မင်းကို မပြောခိုင်းထားဘူး”
မိန်းမစိုးဆိုသည်မှာလည်း အကြံနှင့် ဉာဏ်နှင့်။ သူသည် အလွန်ကိုမှ နှိမ့်ချပြီး ကောင်းကင်ပဲ ပြိုကျတော့မလိုလို အလျင်လိုနေသောအသံဖြင့် အမှားရှာစရာမရှိအောင် ဆိုသွား၏။
သူသည် တံခါးအပြင်ဘက်တွင် ရပ်ကာ ပါးစပ်ညောင်းသည်အထိ တောင်းဆိုတောင်းပန်နေ၏။
မင်ကျူးမှာ သူ၏ပူညံပူညံအသံကို သည်းမခံနိုင်တော့သည့်အဆုံး တံခါးကို သွားဖွင့်လိုက်သည်။
သူ(မ)သည် မျက်ခုံးများကို အနည်းငယ် ကြုတ်ကာ : “ကျွန်မကို ခေါ်သွား”
မိန်းမစိုးက မပြီးနိုင်မစီးနိုင် ဖော်လံဖားတော့သည်။
“ကောင်းပါပြီ ကောင်းပါပြီ၊ ထိုက်ကျစ်ဖေးက အရှင့်သား ခံစားနေရတာကို ဒီတိုင်းကြည့်နေမှာမဟုတ်ဘူးဆိုတာ ကျွန်တော်မျိုး သိတာပေါ့၊ ထိုက်ကျစ်ဖေးက အကြင်နာတတ်ဆုံးပါပဲ”
မင်ကျူးသည် မျက်နှာကို တည်ကာ : “ရှင် ဒီစကားတွေပဲ ဆက်ပြောနေအုံးမယ်ဆိုရင် ကျွန်မ သွားတော့မယ်”
မိန်းမစိုးသည် ဦးနှောက်ရှိရှိ ပါးစပ်ပိတ်လိုက်ပြီး မီးအိမ်ကို ဆွဲရင်း ဘေးခန်းမဆောင်ရှိ အိပ်ခန်းဆီ ဦးဆောင်ခေါ်သွား၏။
မင်ကျူးသည် တံခါးအပြင်ဘက်တွင် ခဏလောက် တွန့်ဆုတ်နေပြီး၊ နောက်တွင် စိတ်ကို ပြင်ဆင်ကာ အံကို ကြိတ်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးဖွင့်သံက တိတ်ဆိတ်နေသည့် ညအမှောင်ယံထဲတွင် ရုတ်ခြည်း အနည်းငယ် ကျယ်လောင်ထွက်နေ၏။
အခန်းသည် မီးတိုင်တစ်တိုင်ပင် မထွန်းညှိထားဘဲ မှောင်မိုက်နေ၏။
မင်ကျူး တံခါးဘောင်ကို ခြေလှမ်းလှမ်းပြီးချိန်မှာပင် အမျိုးသား၏ ထိန်းချုပ်ထားပြီး အက်ကွဲနေသည့်သြရှရှအသံက နူးညံ့စွာ ပဲ့တင်ထွက်လာ၏။
“ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ၊ ဘာဖြစ်လို့လဲ”
အခန်းထဲသို့ ခြေချသည်နှင့် မင်ကျူးသည် ပြင်းထန်ပြီး ချိုအီလွန်းသည့်ရနံ့တစ်ခုကို ဦးဆုံး ရလိုက်သည်။
သူ(မ)က မျက်မှောင်ကြုတ်ကာ : “ရှင် နေလို့မကောင်းနေဘူးလို့ သူတို့ ပြောလို့”
ကန့်လန့်ကာများက ကျောက်
ရှီ၏မျက်နှာကို ကွယ်ထားပြီး အလွှာပါးပါးစများမှတစ်ဆင့် မင်ကျူးသည် သူ၏ အေးစက်ပြီး ချောမောနေသည့် အသွင်အပြင်ကိုသာ ခပ်ရေးရေး မြင်နိုင်၏။
ကျောက်ရှီ၏လက်များက သွေးကြောများ ဖောင်းထွက်နေပြီး သူ့လက်ချောင်းငါးချောင်းက ခုတင်စွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ သူသည် အစိုးမရသော မောဟိုက်သံများကို ဖိနှိပ်ပြီး : “ဘာမှမဖြစ်ဘူး၊ မင်း ပြန်သွားလို့ရပြီ”
မင်ကျူးလည်း ထွက်သွားချင်နေသော်ငြား သူ(မ)ထွက်သွားသည်နှင့် မိန်းမစိုးများနှင့် အစေခံများက သူ(မ)ကို ပြန်လာခေါ်ကြဖို့ များသည်။
သူ(မ)သည် တခဏ ရပ်တန့်ကာ နှုတ်ခမ်းကို စေ့တင်းပြီး : “ဒါကို ဘယ်လိုအဆိပ်ဖြေဖို့ စီစဉ်ထားလဲ”
ကျောက်ရှီသည် အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီး နောက်ဆုံးတွင်မှ ဩရှသောအသံဖြင့် : “ကိုယ့်မှာ နည်းလမ်းရှိပါတယ်”
မင်ကျူးက ဆက်မေးလာ၏။
“ဘာနည်းလမ်းလဲ”
သူ(မ)နှလုံးသားထဲမှ ဒေါသက ဘယ်ကနေရောက်လာမှန်း မင်ကျူးမသိ။
သို့သော်လည်း သူ(မ)က : “ကျွန်မ သမားတော်ပြောသွားတာ ကြားတယ်၊ ရှင် တစ်ယောက်ယောက်ကို မရှာရင်… အဆိပ်ကို ဖြေနိုင်မှာမဟုတ်ဘူး”
“ရှင်က အသေခံမလို့လား.?.ရှင် သေချင်သပါ့ဆိုလည်း ကျွန်မ မတားဘူး”
“တကယ်တော့ ကျွန်မ အစကထင်တာ ရှင် ရှင့်ကို အဆိပ်ဖြေဖို့ ကူညီပေးမယ့် ဆန္ဒရှိတဲ့မိန်းကလေးတစ်ယောက်ကို ရှာမယ်ပေါ့ ဒါပေမဲ့ သူတို့ပြောတာ ရှင်နဲ့အိပ်ဖို့ ဘယ်မိန်းကလေးကမှ ဆန္ဒမရှိဘူးတဲ့ ကျွန်မလည်း ဆန္ဒမရှိဘူး”
ကျောက်ရှီက တိုးတိုးလေး ခပ်သောသောရယ်လိုက်ပြီး သူ၏ကွေးတက်လာသော နှုတ်ခမ်းများကို ဖိနှိပ်လိုက်သည့်အခါ ရယ်သံများက ပျောက်ကွယ်သွား၏။ သူသည် ခုတင်ကန့်လန့်ကာများကို မ,လိုက်ပြီး သွေးနီရောင်မျက်လုံးများဖြင့် သူ(မ)ကိုစိုက်ကြည့်ကာ : “အဆိပ်တွေကို ဘယ်လိုဖြေရမလဲဆိုတာ မင်း သိလား”
သူသည် ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး ကျောတစ်ပြင်လုံးမှာ ချွေးများ စိုရွှဲနေရင်း မထိန်းချုပ်နိုင်သော ရယ်သံများနှင့်အတူ သူ(မ)ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လာခဲ့သည်။
“တံခါးကို သော့ခတ်ပြီး မထွက်လာတော့ဖို့ ကိုယ် ပြောထားတယ်မဟုတ်လား”
မင်ကျူး ပြန်မဖြေနိုင်ခင်မှာပဲ သူသည် သူ(မ)၏လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး လက်ချောင်းများဖြူဖျော့သွားသည်အထိ သူ(မ)ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
“မင်း ကိုယ့်ကို ကူညီဖို့ ရောက်လာပြီးပြီဆိုမှတော့ ဒီည ထွက်သွားလို့မရတော့ဘူး”
မင်ကျူးသည် သူ့ကို ကြည့်လိုက်ပြီး နှလုံးသား ပျော့ညံ့ပြီး သူ့ကို ကယ်တင်ရန် အပြေးရောက်လာမိသည့်အပေါ် ရုတ်တရက် နောင်တရသွားတော့သည်။
ကျောက်ရှီက တံခါးကို သော့ခတ်လိုက်ပြီး သူ့ကိုယ်သူ ထိန်းချုပ်ရန် အကောင်းဆုံးကြိုးစားရင်း သူ(မ)၏မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“နောက်မှ ကိုယ့် ရှေ့မှာ မငိုရဘူးနော်”
တစ်စစီကွဲကြေသွားပုံရသည့် ထိုမျက်ရည်တွေကို သူ မကြည့်ရက်ပေ။
ပြောရမည်ဆိုလျှင် သူသည် ယနေ့ညတွင် အထင်အမြင်သေးစရာကောင်းသည့်လုပ်ရပ်ကို လုပ်ခဲ့သည်။
သူ(မ) သနားတတ်သည့်အပေါ် အခွင့်ကောင်းယူကာ တမင်ရည်ရွယ်၍ အလိုက်သင့် ဇာတ်ဝင်ကခဲ့ပြီး သူ(မ)ကို ကြံစည်ခဲ့သည်။ သို့သော် သူ့တွင်လည်း ရွေးချယ်စရာမရှိပေ၊ သူ ဒီလိုမှမလုပ်လျှင် သူ(မ)နှင့် သူ ဘယ်တော့မှ ပြန်မနီးစပ်နိုင်တော့မှာကို ကြောက်မိသည်။
သူ(မ)၏အမုန်းတွေ၊ မသိကျိုးကျွန်ပြုမှုတွေ၊ ယဉ်ယဉ်ကျေးကျေးနှင့် စည်းတားထားသည့် အခြေအနေမျိုးတွေကို သူ မလိုချင်ပေ။
သူဟာ လောဘသိပ်ကြီးသည့်သူ၊ သူ(မ)၏အကြွင်းမဲ့အချစ်ကိုသာ တောင်းတသည်။
သူ(မ)ရဲ့အပြုံးတွေကိုသာ လိုချင်သည်။
ကျောက်ရှီ၏လက်များက အနည်းငယ်တုန်ရီသွားပြီး ကံကောင်းထောက်မစွာပဲ သူ့အောက်ရှိလူသည် ၎င်းကို သတိမထားမိလိုက်ပေ။
မင်ကျူးမှာ နှလုံးသားတစ်ခုလုံး လည်ချောင်းထဲမှ ခုန်ထွက်လာတော့မည်ဟု ခံစားလိုက်ရပြီး အိပ်ယာခင်းကို တင်းတင်းဆုပ်ကိုင်ကာ မျက်နှာမှာ ရဲရဲနီသွား၏။ သူ(မ)သည် မျက်နှာလွှဲပြီး စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ မေးလိုက်သည်။
“ဘယ်သူ ရှင့်ကို ဆေးခပ်ခဲ့တာလဲ”
ကျောက်ရှီသည် သူ(မ)၏နားရွက်ဖျားကို အသာအယာကိုက်ကာ : “ကိုယ် မသိဘူး”
သူ ပထမက တကယ်လည်း မသိခဲ့ပေ။
သို့သော်လည်း အနောက်ဘက်ဒေသမှ မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို ဝိုင်ထဲ ထည့်ထားကြောင်း သူ သိခဲ့ပေသည်။
အနံ့တစ်ချက်ရလိုက်ရုံကတည်းက တစ်ခုခု မှားနေကြောင်း သူ သိခဲ့သည်။
သူကိုယ်၌က ထိုဝိုင်ကို ဆန္ဒအလျောက် သောက်ခဲ့တာ။
~~~~~~~~~~~~
ဇာတ်သိမ်းရန် (10) ပိုင်း ကျန်♡